Chapter 63
Viewers 2k

ရွှမ်မင်က သူ မေ့လျော့နေသည့် အမှတ်ရစရာ တစ်ခုကမူ အလွန်အရေးပါသည်ဟု ထင်မြင်မိသော်လည်း မည်သို့မျှ ပြန်လည်အမှတ်ရနိုင်ခြင်း မရှိခဲ့ပေ။

ကောင်းကင်၏ အဆင့်သုံးဆယ့်ခြောက်တွင်ရှိသော နတ်ဘုရားများကလည်း တိတ်ဆိတ်နေကြပြီး သူ့အန္တရာယ်အကြောင်းကို မသိခဲ့ကြပေ။

ကောင်းကင်ဘုံ ဧကရာဇ်ကမူ ထိုအရာကား ကောင်းကင်ဘုံ ဘေးအန္တရာယ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်ဟု ဆိုကာ မေ့ဖျောက်သင့်ကြောင်း ပြောခဲ့သည်။ အလွန်အမင်း စွဲလမ်းနေခြင်းသည် စိတ်ဝိဉာဉ်ဆိုင်ရာ ကျင့်ကြံခြင်းကို ထိခိုက်စေရုံသာမက နာကြည်းမှုကိုလည်း အလွယ်တကူ ဖြစ်ပေါ်စေနိုင်၏။ ကံကြမ္မာရှိခဲ့မည်ဆိုလျှင် အရာရာကို အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပြီးသားဖြစ်သည်။

ထို့အပြင် ကျင့်ကြံသူတစ်ဦးအတွက် အရေးကြီးဆုံးအရာကမူ စိတ်ထားဖြူစင်ခြင်းနှင့် လောဘနည်းပါးခြင်းဖြစ်သည်။

ယခု သူက နတ်ဘုရားအဖြစ်သို့ တက်လှမ်းပြီး နတ်ဘုရားစာရင်းတွင် နတ်ဆိုးလောက၏ ဧကရာဇ်အဖြစ် ဂုဏ်ပြုခံထားရချိန်တွင် အရေးအကြီးဆုံးအရာမှာ သူ့၏ ပျက်စီးနေသော ဝိညာဉ်ကို အမြန်ဆုံး ပြုပြင်ပြီး တာဝန်ထမ်းဆောင်ရန်အတွက် နတ်ဆိုးလောကသို့ ပြန်သွားရန်ဖြစ်သည်။

ရွှမ်မင် ကောင်းကင်ဘုံ ဧကရာဇ်၏ ဆုံးမစကားကို ဂရုတစိုက် နားထောင်ခဲ့ပြီး ထိုက်ရှနယ်ပယ်တွင် မိမိကိုယ်ကိုယ်ပိတ်၍ နေ့စဉ် အာရုံစိုက်ကာ ကျင့်ကြံခဲ့သည်။ ရှုပ်ထွေးနေသောစိတ် တဖြည်းဖြည်း ကြည်လင်လာသောအခါ သူနှင့် မခွဲခွာခဲ့သော ထိုမှန်က မည်သည့်အရပ်သို့ ရောက်သွားသည်ကို နောက်ဆုံးတွင် ပြန်လည်သတိရမိတော့သည်။

၎င်းက ကောင်းကင်ဘုံ ဧကရာဇ်မှ သူ့အားပေးခဲ့သော မှော်လက်နက်ဖြစ်ပြီး ထိုက်ရှနယ်ပယ်မှ ရတနာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

မှန်က သူ့အနားမှ အကြောင်းမဲ့ ထွက်ခွာသွားမည်မဟုတ်သလို ဤမျှလောက်ကြာအောင်လည်း သူနှင့် ခွဲခွာခဲ့ဖူးခြင်းမရှိပေ။

၎င်းသည် မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။

.

နတ်ဆိုးလောကသို့ တာဝန်ထမ်းဆောင်ရန် ပြန်လာသည့်နေ့တွင် ရွှမ်မင်က အချိန်အတော်ကြာပြီးမှ မြွေရဲတိုက်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့သည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်က ရေအနက်ပိုင်းတွင် တည်ရှိသော မြွေရဲတိုက်ကား မိုင်ထောင်ချီအထိ ကျယ်ဝန်းခဲ့ပြီး သူ မထွက်ခွာမီက အတိုင်းပင်။

မှန်မရှိခဲ့သည့်အတွက်သာ စိတ်မကောင်းစရာ ဖြစ်ခဲ့သည်…

ရွှမ်မင်က သူ့နောက်တွင်ရှိသော နန်းတွင်းအစေခံများကို လက်ဝှေ့ယမ်းပြပြီး သူ့၏ ဘွဲ့ခံအခမ်းအနားအတွက် ပြင်ဆင်ရန် ယောင်ရှန်ဘုရားကျောင်းသို့ ပြန်သွားခိုင်းလိုက်သည်။

ခဏတာ တိတ်ဆိတ်မှုနှင့် သူတစ်ယောက်တည်းသာ ကျန်ရှိသောအခါ သူက စိတ်အပန်းဖြေပြီး မြွေလျှာကို ထုတ်လိုက်ကာ ခမ်းနားထည်ဝါသော မြွေနက်ကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် မြွေရဲတိုက်၏ နောက်ဘက်ဥယျာဉ်တွင် သူ့နယ်မြေကို လှည့်လည်ကြည့်ရှုနေခဲ့သည်။

ထိုအခါ သူ့မြွေအမြီးဖျားသည် အမြဲလိုလို ကွေးနေပြီး အရာတစ်ခုခုကို ချိတ်ဆွဲထားသလို ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူ ထူးဆန်းစွာ တွေးလိုက်၏။

[အမြီး၊ အမြီးက ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ? သယ်စရာလူလည်း မရှိဘူးလေ]

မေးပြီးနောက် တစ်ခုခု မှားနေသည်ဟု သူခံစားလိုက်ရသည်။

သူကား ခန့်ညားထည်ဝါသော မြွေနတ်ဆိုးတစ်ကောင် ဖြစ်သည်၊ မဟုတ်ဘူး... နတ်ဆိုးလောက၏ ခန့်ညားထည်ဝါသော ဧကရာဇ်ဖြစ်သည့် သူက သူ၏ လှပပြီး မြင့်မြတ်သော မြွေအမြီးကို တစ်စုံတစ်ယောက်အား သယ်ဆောင်ရန် မည်သို့ အသုံးပြုနိုင်မည်နည်း?

ထို့နောက် သစ်သီးပင်များနှင့် ဖုံးလွှမ်းနေသော သစ်ကိုင်းများကို မြင်သောအခါ သူက သူ့အမြီးဖြင့် ၎င်းတို့ကို အဘယ်ကြောင့် အမြဲတစေ ဆွတ်ခူးချင်နေရသနည်း။ သူ ထိုအရာများကို မစားခဲ့ပေ။

ရွှမ်မင် မှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက် ထူးဆန်းနေသည်ဟု အမြဲတစေ ခံစားနေခဲ့သည်။ သူ မြွေရဲတိုက်သို့ ပြန်ရောက်သောအခါ သူ့အချစ်ဆုံးညီလေးကို မတွေ့ခဲ့ရပေ။ မေးမြန်းသောအခါ တံခါးစောင့်နေသော အစေခံအိုကြီးက မျက်ရည်စိုနေသော သူ့မျက်လုံးများကို သူ့အမြီးဖြင့် သုတ်လိုက်ပြီး မျက်ရည်ကျနေသောအသံဖြင့် ပြောပြခဲ့၏။ “အရှင်မင်းကြီး၊ အရှင်မသိပါဘူး။ အရှင် အန္တရာယ်ကို ရှင်သန်အောင် ဖြတ်ကျော်ဖို့အတွက် လူသူမရှိတဲ့ ကျွန်းကို သွားပြီးကတည်းက ပိုင်ထျန်းရှန်းက ပျင်းရိနေပြီး သေသေချာချာ မကျင့်ကြံတော့ပါဘူး။ အရှင့်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော်က သူ့ကို နေ့တိုင်း ကြိုးစားကျင့်ကြံဖို့၊ ပိုကြိုးစားဖို့…”

ရွှမ်မင်က မြွေလျှာကို ထုတ်လိုက်သည်။ သူက အလွန်စိတ်ရှည်သည်မဟုတ်သောကြောင့် အစေခံအိုကြီးကို ဖြတ်ပြောလိုက်သည်။ “အဓိကအချက်ကို ပြော”

အစေခံအိုကြီးက ပြောပြခဲ့သည်။ “ကပ်ဘေးကို ရှောင်ရှားဖို့အတွက် ပိုင်ထျန်းရှန်းက တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ကို ပင်လယ်ထဲကို တွန်းချခဲ့ပြီး သူ့ရဲ့ နေရာကို ခိုးယူခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ပေမယ့် မိသားစုကတော့ သူ့ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတယ်… နောက်ပိုင်းမှာတော့ သူက ပင်လယ်ထဲကို တွန်းချလိုက်တဲ့ လူက ထူးဆန်းတဲ့ အတွေ့အကြုံတချို့ ရရှိခဲ့ပြီး ပိုင်ထျန်းရှန်းက ကောင်းကင်ဘုံ ဧကရာဇ်ကို ဒီကိစ္စကို သွားအစီရင်ခံခဲ့ပြီး ကောင်းကင်ဘုံ ဧကရာဇ်က သူ့ကို အပြစ်ပေးလိုက်တယ်...”

ရွှမ်မင် မျက်မှောင်ကြုတ်ကာ အလျင်အမြန် မေးလိုက်သည်။ “ဘယ်လိုလဲ?”

အစေခံအိုကြီးက “ကောင်းကင်ဥပဒေအရ ပိုင်ထျန်းရှန်းကို အာဏာစွန့်လွှတ်စေပြီး သူ့ရဲ့နတ်ဆိုးအရိုးတွေကို ဖယ်ရှားလိုက်ပြီဖြစ်လို့ သူက မြွေသေဥ ဖြစ်သွားခဲ့ပြီ။ အခုတော့ နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်မှာ ပိတ်မိနေပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာမဟုတ်တော့ဘူး။ အို... အရှင်မင်းကြီး... သူ့အတွက် အသနားခံပြီး ကယ်တင်ဖို့ နည်းလမ်းရှာပေးပါအုံး...” ဟု ရှိုက်ကြီးတငင် ပြောပြခဲ့သည်။

အို…

ရွှမ်မင်၏ မြွေနှလုံးသားကား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ ဥပဒေမဲ့ဖြစ်လောက်အောင်ပင် သူ အလိုလိုက်ခဲ့သော သူ့ညီလေးက မကြာမီအချိန်အတွင်းဝယ် တစ်နေ့တွင် ပြဿနာတက်လိမ့်မည်ဟု သူ ကြိုတင်သိခဲ့ရသော်လည်း သူက အန္တရာယ်ကို ရှောင်ရှားရန်အတွက် ကောင်းကင်ဥပဒေကိုပင် ချိုးဖောက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

ထိုကဲ့သို့ ယုတ်ညံ့သိမ်ဖျင်းသော နည်းလမ်းဖြင့်—

ရွှမ်မင်၏ ရင်ထဲတွင် နောင်တများ ပြည့်နှက်နေသော်လည်း အခြေအနေက ဤမျှအထိ ဆိုးရွားလာခဲ့လေပြီ။ သူက မည်မျှပင် စွမ်းအားကြီးစေကာမူ အချိန်ကို ပြန်လှည့်၍မရနိုင်ပေ။ ထို့အပြင် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်အား ခွင့်ပြုချက်မရှိဘဲ ဖွင့်ကာ ညီဖြစ်သူကို အပြင်သို့ ထုတ်ခေါ်၍လည်း မရနိုင်တော့ပေ။

တစ်စုံတစ်ယောက်က မှားယွင်းစွာ ပြုလုပ်ခဲ့ပါက အပြစ်ပေးခံသင့်သည်မှာ လူတိုင်းသိသော အမှန်တရားပင်။

ထိုအချိန်တွင် ပိုင်ထျန်းရှန်းက သူ”ဘာလုပ်နေသည်”ကို သိနေခဲ့ပြီး ကောင်းကင်ပြိုကျသွားခဲ့လျှင်ပင် သူ့အစ်ကိုကြီး ရွှမ်မင်က ခံနိုင်ရည်ရှိလိမ့်မည်ဟု တွေးနေခဲ့ခြင်း ဖြစ်နိုင်၏။

သို့သော် ကောင်းကင်ဥပဒေက ရှင်းလင်းနေပြီး ကံကြမ္မာအကျိုးပေးသည်လည်း ရှောင်လွှဲ၍မရပေ။

ပိုင်ထျန်းရှန်းက အန္တရာယ်ကို ရှောင်ရှားရန်အတွက် အခြားသူများ၏ ကံကောင်းခြင်းများကို ခိုးယူရန် ဆုံးဖြတ်ခဲ့သည့်အချိန်ကတည်းက ရလဒ်ကား ဖြစ်ပေါ်လာပြီးသား ဖြစ်သည်။

နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်သည် မိုင်ထောင်ချီ ကျယ်ဝန်းပြီး တစ်နှစ်ပတ်လုံး နာကြည်းမှုများဖြင့် ပြည့်နေခဲ့၏။ နတ်ဆိုးတစ်ကောင်က ၎င်း၏ အနားသို့ လာခဲ့ပါက နာမကျန်းဖြစ်ကာ လပေါင်းများစွာ အိပ်ရာထဲ လဲနေစေနိုင်သည်။ ထိုနေရာတွင် စောင့်ကြပ်နေသော ရှေးဟောင်းသားရဲ လေးကောင်မှလွဲ၍ မည်သူမျှ တစ်လှမ်းပင် ဝင်ရန် မရဲခဲ့ကြပေ။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရွှမ်မင်က သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားကာ နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်၏ အဆင့် ၄၈ တွင် ခြေဗလာဖြင့် ရပ်နေပြီး လက်ချောင်းများဖြင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။

မြေပြင်ပေါ်တွင် အိပ်ပျော်နေသော နတ်သားရဲ လေးကောင်က ချက်ချင်း မျက်လုံးများကို ဖွင့်လိုက်ပြီး မည်သည့်အချိန်က ရောက်လာသည်ကိုမသိသော ဧကရာဇ်အား အလွန်သတိကြီးစွာ ကြည့်နေကြသည်။ ၎င်းတို့က ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားကာ တောင်းပန်လိုက်ကြ၏။ “အရှင်မင်းကြီး၊ ခွင့်ပြုချက်မရှိဘဲ နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်ကို ဖွင့်လိုက်မယ်ဆိုရင် ကောင်းကင်ဥပဒေကို ချိုးဖောက်မိပြီး လောကခြောက်ပါးကို ထိခိုက်စေနိုင်ပါတယ်။ ကျေးဇူးပြု၍ သေချာစဉ်းစားပါ”

ရွှမ်မင် သူ့မျက်လုံးများကို ကျဉ်းလိုက်ပြီး မျှော်စင်အတွင်းတွင် နတ်ဆိုးများက ဘောလုံးကဲ့သို့ ကစားနေသော မြွေဥအဖြူလေးတစ်လုံးကို တွေ့လိုက်ရသည်။ ဥခွံအတွင်းတွင် ကွေးနေသော မြွေဖြူလေးကမူ ကြောက်ရွံ့စွာ ငိုနေပြီး သူ့အစ်ကိုကို ကြောက်လန့်တကြားနှင့် အကူအညီမဲ့စွာ ဆက်တိုက် ခေါ်နေခဲ့သည်။

အဆက်မပြတ် လှုပ်ယမ်းနေသော နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်သည် ရုတ်တရက် တုန်ခါသွားပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားခဲ့၏။

ဧကရာဇ် သူ့ရာဇပလ္လင်သို့ ပြန်လာခဲ့ပြီးကတည်းက ယောင်ရှန်ဘုရားကျောင်းတွင် အမွှေးတိုင်များ ဆက်လက်ထွန်းညှိနေခဲ့ပြီး များစွာသော တည်ကြည်ပြီး သနားကြင်နာတတ်သော ရုပ်တုများကိုလည်း ထုလုပ်ထားခဲ့သည်။

နတ်ဆိုးပေါင်းများစွာက ကိုးကွယ်ပူဇော်နေသော ဧကရာဇ်သည် ရာထူးရပြီးနောက်တွင် အလွန်ကြိုးစားခဲ့သည်။ သူက ရုံးစားပွဲနောက်တွင် နေ့စဥ် ထိုင်နေခဲ့ပြီး အုပ်ချုပ်ရေးစာရွက်စာတမ်းများကို စစ်ဆေးခြင်းအပြင် ရေပင်သောက်ရန် အားမထုတ်ခဲ့ပေ။

နတ်ဆိုးအရာရှိများက မကြာခဏပင် မျက်ရည်ကျကာ စိတ်ထိခိုက်နေခဲ့ကြသည်။ ၎င်းတို့ကမူ ဘုရားကျောင်းအပြင်ဘက်တွင် တန်ဖိုးရှိသော သစ်သီးများနှင့် ဂျယ်လီများဖြင့် ဒူးထောက်ကာ စေတနာထား၍ တိုက်တွန်းခဲ့ကြသည်။ “အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... အလုပ် အရမ်းမကြိုးစားပါနဲ့... အရှင်မင်းကြီး~”

ဘုရားကျောင်းတွင် ဝတ်ပြုနေသော နန်းတွင်းသူများသည် တစ်ဦးကိုတစ်ဦး တုန်တုန်ရီရီ ပွေ့ဖက်ထားပြီး “အရှင်မင်းကြီး၊ မြန်မြန်ပြန်လာပါတော့~ အရှင်မင်းကြီး~ ကျွန်မတို့ တကယ်မခံနိုင်တော့ဘူး~ ဝူးဝူး~” ဟု တိုးတိုးလေး ဆုတောင်းနေကြသည်။

တစ်ဖက်တွင်မူ ခွင့်ပြုချက်မရှိဘဲ ရာထူးမှ ထွက်ခွာသွားသော မြွေနက်ကြီးက လူ့လောကတွင် သူ့မှန်၏ ခြေရာများကို လိုက်လံရှာဖွေနေလေပြီ။

.

လမ်းမများပေါ်တွင် လူများပြည့်နှက်နေပြီး အသွားအလာ များပြားနေသည်။

ရွှမ်မင်က လမ်းဘေးတွင် ထိုင်လျက် ထမင်းဘူးကိုင်ပြီး အငမ်းမရ စားနေသော လူတစ်ဦးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တွေ့လိုက်သည်။

ထိုလူသည် ငယ်ရွယ်ပြီး အသားဖြူကာ မြေခွေးထက်ပင် ပို၍လှပ၏။ သူ့မျက်နှာက ပြဿနာဖြစ်စေနိုင်သည်ကို သူသိပုံရသည်။ ထိုသူက ဦးထုပ်ဆောင်းထားပြီး ခေါင်းငုံ့ထားသည်။ သူ့လက်ထဲမှ အစားအစာကို အမြန်စားပြီးနောက် ရေသောက်နေစဉ် နှာခေါင်းစည်းကို ဝတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သောအခါ သူ့ဦးထုပ်အနားကို ဖိချလိုက်သည်။ သူ့ခန္ဓာကိုယ်ပုံစံကလည်း အလွန်ကောင်းမွန်၏။

ရွှမ်မင်က ထိုသူ့နောက်မှ လိုက်ခဲ့သည်။

ထိုလူ၏ လှပသော မျက်နှာကို သဘောကျပြီး နတ်ဆိုးလောကသို့ ပြန်ခေါ်သွားကာ နမ်းရှိုက်ပွေ့ဖက်ရန် ဆန္ဒရှိခြင်းအပြင်၊ ထိုလူ၏ လည်ပင်းတွင် ရွှမ်မင်၏ မှန်ဆွဲကြိုးကို ဆွဲထားပြီး ပြင်းထန်သော နတ်ဆိုးစွမ်းအင်များ ထိုသူ့တွင် ရှိနေသောကြောင့်လည်း ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ထိုလူ၏ ခေါင်းတွင် ဝိညာဉ်လိုက်ဖမ်းသော သော့ခလောက်တစ်ခု တပ်ဆင်ထားခြင်းပင်…

ရွှမ်မင်က ထိုအလှလေးသည် သူ မေ့ပျောက်နေသော အမှတ်ရစရာအစိတ်အပိုင်းနှင့် ပတ်သက်နေနိုင်သည်ဟု ခံစားခဲ့ရသောကြောင့် ထိုလူ့နောက်ကို လိုက်၍ ပန်းအိုးများပြည့်နေသော ဗင်ကားထဲသို့ ဝင်ခဲ့သည်။

သူက မြွေလျှာကို ထုတ်လိုက်ပြီး ဝမ်ကျုံး၏ ပခုံးပေါ်တွင် နေကာ အော်ဒါယူသည့် မျက်နှာပြင်ကို ကြည့်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် ထိုလူ၏ ဓာတ်ပုံနှင့်အတူ အမည်တစ်ခုကိုလည်း တွေ့လိုက်ရသည်။

-ဝမ်ကျုံး

၎င်းက အလွန် ရင်းနှီးသည့်နာမည်ပင်။

ရွှမ်မင်က မြွေလျှာကို ထုတ်လိုက်ပြီး သူ့အမြီးဖျားဖြင့် ဝမ်ကျုံး၏ လည်ပင်းမှ ဆွဲကြိုးကို ကောက်လိုက်သည်။ ၎င်းက သူ့ကိုယ်ပိုင်မှန် အမှန်ပင်ဖြစ်သည်။

ထိုအလှလေး မည်သူဖြစ်မည်နည်းဟု သူ အံ့ဩနေခဲ့သည်။

မှန်က သူ့သခင်ကို စွန့်ပယ်ပြီး ထိုသူ့နောက်သို့ အဘယ်ကြောင့် ဆန္ဒအလျောက် လိုက်ခဲ့ရသနည်း။

ရွှမ်မင်က မှန်ကို သူ့လက်ထဲသို့ ပြန်ဆွဲယူလိုက်ပြီး ကျဉ်းမြောင်းနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

[မှန်ကြီး‌ရေ၊ မှန်ကြီးရေ]

[မင်း ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် ပေးနိုင်ရင် ကောင်းမယ်]

[မဟုတ်ရင်တော့…]

[ဟားဟား~ မင်း သိပါတယ်လေ]

.

ဝမ်ကျုံး ထိုနေ့က ကားအတွင်း၌ အလွန်အေးမြနေသည်ဟု ရုတ်တရက် သတိပြုမိလိုက်သည်။

သူက ကားထဲရှိ လေအေးပေးစက်ခလုတ်ကို တစ်ချက်ကြည့်လိုက်ပြီး လူ့လောကသို့ ပြန်ရောက်ပြီးကတည်းက တိတ်ဆိတ်နေသော သူ့ဗိုက်ကို ထိလိုက်ကာ သက်ပြင်းချလျက် ကားကို စတင်မောင်းနှင်လိုက်သည်။

ပန်းဆိုင်သို့ ရောက်သောအခါ ဗိုက်ကြီးနှင့် မာနကြီးသော ဆိုင်ပိုင်ရှင်အမျိုးသမီးက "ဒီပန်းအိုးတွေကို ဆိုင်ထဲကို ရွှေ့ပေး" ဟု ပြောလာသည်။

ညအချိန်တွင် ကားမရပ်ခဲ့သော ဝမ်ကျုံးက ပြောလိုက်သည်။ “တင်ခ/ချခက ယွမ် ၁၀၀ ပါ” 

ဆိုင်ပိုင်ရှင်အမျိုးသမီးက မျက်မှောင်ကြုတ်ကာ အော်ခဲ့သည်။ “မင်းက ယာဉ်မောင်းမဟုတ်ဘူးလား? တင်တာ ချတာလေးတောင် မလုပ်ပေးဘူးလား?” 

ဝမ်ကျုံးက ပြန်ပြောလိုက်သည်။ “ကျွန်တော်က ယာဉ်မောင်းပါ။ အလုပ်သမားမဟုတ်ဘူး။ ဒီလို ပလက်ဖောင်းကနေ အော်ဒါ မှာတာ ဒါ ပထမဆုံးအကြိမ်လား?” 

ဆိုင်ပိုင်ရှင်အမျိုးသမီးက ဤအရာကို အဘယ်သို့ မသိဘဲ နေပါ့မည်နည်း။ သူမက ကိုယ်ဝန်ရှိနေခြင်းကို အခွင့်ကောင်းယူ၍ စော်ကားနေခြင်းပင်ဖြစ်သည်။ သူမက သူမ၏ နှုတ်ခမ်းများကို တွန့်လိမ်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ “ငါ့မှာ ကိုယ်ဝန်ရှိနေတယ်လေ။ ဆိုင်မှာလည်း ငါတစ်ယောက်တည်းပဲ ရှိတယ်။ ကျေးဇူးပြုပြီး ရွှေ့ပေးပါအုံး”

ထိုသို့သော အရှက်မရှိသည့် အလုပ်ရှင်များ နေ့တိုင်း ရှိနေခဲ့သည်။

ဝမ်ကျုံးသည်လည်း ကိုယ်ဝန်ရှိနေပြီး ဗိုက်ထဲတွင် ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရမည် ဖြစ်သော်လည်း သူ၏ စေတနာကောင်းကို အသုံးချခံရခြင်းကို မနှစ်သက်ခဲ့ပေ။

သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျွန်တော် သတိပေးပါရစေ၊ ပလက်ဖောင်းမှာ စည်းမျဉ်းတွေ ရှိပါတယ်။ အော်ဒါရောက်ဖို့ မိနစ်လေးဆယ် ကြာပါတယ်။ အချိန်ပိုကို သီးသန့် တွက်ချက်ပါတယ်။ ကျွန်တော် ရောက်လာတဲ့အချိန်မှာ မိနစ်သုံးဆယ်ကျော်နေပါပြီ။ အခုကစပြီး မိနစ်ငါးဆယ်ပဲ အချိန်ပိုကုန်နိုင်ပါတယ်။ အကယ်၍ ကျွန်တော့်ကို ပစ္စည်းတွေ ချခိုင်းချင်ရင် ပိုက်ဆံပိုပေးရပါလိမ့်မယ်” 

ဝမ်ကျုံး၏ ခက်ထန်သော သဘောထားကြောင့် ထိုအမျိုးသမီးက အနိုင်မကျင့်နိုင်ခဲ့ပေ။ ထို့ကြောင့် ဗိုက်ပူနေသော အလုပ်ရှင်အမျိုးသမီးက လှည့်ထွက်သွားပြီး ပြောလိုက်သည်။ “ဒါဆို ငါ့ယောက်ျား ပြန်လာတဲ့အထိ မင်းစောင့်နေပေါ့”

ဝမ်ကျုံးက ‘ဘာလို့ အဲ့ဒါကို အစကတည်းက မပြောခဲ့တာလဲ’ ဟု တွေးလိုက်သည်။ သူ ချက်ချင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ အချိန်ပိုခသည် ငါးမိနစ်အတွင်း တွက်ချက်သွားမည်ဖြစ်သောကြောင့် သူက အိပ်ရေးဝစေရန် စတီယာတိုင်ပေါ်တွင် မှီ၍ အိပ်လိုက်သည်။

ရွှမ်မင်ကမူ သူ့မျက်လုံးများကို ဖုံးထားပြီး ဝမ်ကျုံး၏ ပခုံးပေါ်တွင် မှီ၍ မှန်ထဲတွင် ရန်ပွဲထဲ၌ ရှုပ်ထွေးနေသော လူနှင့် မြွေနတ်ဆိုးကို ကြည့်နေသည်။ သူက ထိုသူနှင့် ဤသို့ ပြင်းထန်သော ဆက်ဆံရေးမျိုး ရှိခဲ့သည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ…

နောက်ပိုင်းတွင် ထိုပန်းဆိုင်၏ ပိုင်ရှင်အမျိုးသား ပြန်ရောက်လာသောအခါ နှစ်နာရီတိတိ ကြာသွားခဲ့သည်။

ရွှမ်မင်က မှန်ထဲတွင် မျက်ရည်များသုတ်နေသော ဝမ်ကျုံးကို ကြည့်လိုက်သောအခါ သူ့နှလုံးသားက နာကျင်ပြီး မသိစိတ်မှပင် မွန်းကျပ်နေသည်ဟု ခံစားခဲ့ရသည်။

ဝမ်ကျုံးက ထိုအမျိုးသားကို အချိန်ပိုခဖြစ်သော ယွမ် ၂၈၆ ကို ပေးပါ သို့မဟုတ်လျှင် ရဲစခန်းတွင် တွေ့မည်ဟု ပြောခဲ့သည်။

ပိုက်ဆံယူပြီး ထွက်သွားသောအခါ ထိုအမျိုးသားနှင့် အမျိုးသမီးက တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြပြီး အငြင်းပွားနေခဲ့ကြသည်။

.

ဝမ်ကျုံး ထိုထူးဆန်းသော ပန်းဆိုင်ကို အမည်ပျက်စာရင်းတွင် ထည့်လိုက်သည်။ လမ်းဘေးဈေးသည်တစ်ဦးကို ဖြတ်သွားသောအခါ သူက သူ့ဗိုက်ထဲတွင်ရှိသော မြွေသန္ဓေသားအတွက် နာနတ်သီးအရသာရှိသော ရေခဲချောင်းတစ်ချောင်းကို ဝယ်လိုက်သည်။ သူက လမ်းဘေးရှိ ခုံတန်းလျားပေါ်တွင် ထိုင်၍ သူ့ဖုန်းပေါ်ရှိ မဖတ်ရသေးသော မက်ဆေ့ချ်ကို ကြည့်ကာ စားနေခဲ့သည်။

၎င်းတို့ထဲမှ ငါးခုသည် ဆေးရုံများမှ အကြောင်းကြားစာများ ဖြစ်၏။

ကျောင်းအုပ်ဆရာမထံမှ မက်ဆေ့ချ်တစ်ခုလည်း ရောက်နေသည်။

[ဒီနှစ်ဝက်မှာ မင်း အတန်း ၅၀ ကျော်ပျက်ထားပြီးပြီနော်... မင်း မနက်ဖြန် ကျောင်းမလာဘူးဆိုရင်... ငါ ကျောင်းကို ထပ်ပြီး အသနားခံတော့မှာမဟုတ်ဘူး... ကျောင်းထုတ်ခံရဖို့သာ စောင့်နေတော့... မင်းရဲ့ မိသားစုအခြေအနေကို ငါသိတယ်... ဒါပေမယ့် တခြားသူတွေကို ဂရုမစိုက်ခင် မင်းကိုယ်မင်း အရင်ဂရုစိုက်... မင်းရဲ့ ပညာရေးကိုတောင် မထိန်းသိမ်းနိုင်ဘူးဆိုရင်... မင်းဘဝ ဆုံးသွားပြီ... စိတ်ရှုပ်မခံနဲ့...]

စိတ်ရှုပ်နေတာလား?

ဝမ်ကျုံး သူ့စိတ်ကား ယခင်ကထက်ပင် ပိုမိုကြည်လင်နေသည်ဟု ခံစားရ၏။

ယခုသူ့အတွက်ဆိုလျှင် သူက တက္ကသိုလ်တက်ချင်ပါက စာမေးပွဲကို ထပ်ဖြေနိုင်ပေသည်။ သို့သော် သူ့အဘိုး၏ နှလုံးရောဂါနှင့် သူ့အစ်ကို၏ ခြေထောက်ကို မခွဲခြားဘဲ ထားမည်ဆိုပါက သူတို့နှစ်ဦးစလုံးသည် အချိန်မီ ကုသမှု မခံယူရ၍ သေဆုံးကြရပေမည်။

သူ ရေခဲချောင်းကို ကိုက်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ဗိုက်ကို ထိလိုက်ပြီး သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ “ရွှမ်မင်၊ ခင်ဗျား ကျွန်တော့်နဲ့ ဒီမြွေသန္ဓေသားလေးဆီကို မလာဘူးဆိုရင်၊ ကျွန်တော် အသက်ဆက်ရှင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ရောင်းစားရလိမ့်မယ်။ ကျွန်တော့်ကို လိုချင်တဲ့လူက ဘယ်လောက်အထိ ပေးဖို့ ဆန္ဒရှိလဲဆိုတာ ခင်ဗျား သိလား?”

“ဘယ်လောက်လဲ?”

ရင်းနှီးသောအသံတစ်သံက သူ့နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုသူက သူ့ကို စကားလုံးတစ်လုံးချင်းစီဖြင့် မေးနေခဲ့၏။

“မင်းနဲ့ လိင်ဆက်ဆံဖို့ ဘယ်လောက်ကုန်မှာလဲ?”