အပိုင်း ၁၁၃
Viewers 15k

Chapter 112


သို့သော်လည်း ကျွင်းဟွိုင်လန်၏ဖိအားမှာ အနည်းငယ်ကျဆင်းသွားရသည်။ ခဏအကြာတွင် သူ၏ရှေ့ရှိ လူအနည်းငယ်ကို တွန်းထုတ်လိုက်ပြီး အစောင့်များကို တံခါးအနီးသို့ ပြန်လည်နေရာချလိုက်သည်။


" လူတိုင်းဂရုစိုက်ကြ.. အသက်ကိုမထိခိုက်စေနဲ့…" ကျွင်းဟွိုင်လန် အော်ပြောလိုက်သည်။


ကံကောင်းစွာဖြင့် ဓားပြများမှာ ဒုက္ခသည်အဖြစ် ရုပ်ဖျက်လာကြသောကြောင့် ဓားလှံလက်နက်ဟူ၍ များများစားစားသယ်ဆောင်လာခြင်းမရှိချေ။ နံရံပေါ်သို့ကျော်တက်နေသည့်လူများမှာ တဖြည်းဖြည်းနည်းပါးလာပြီး လူတိုင်းမှာ တစ်နေရာထဲတွင် တိုက်ခိုက်နေကြကာ ကျွင်းဟွိုင်လန် တံခါးရှေ့တွင် အစောင့်ချထားလိုက်ကာ စာသင်သားများကို ကာကွယ်ရန် ဆုတ်လာခဲ့သည်။


အနားသို့ရောက်လာကြသည့် လူအနည်းငယ်လည်းရှိနေပြီး ကျောင်းတော်တွင်းရှိ တိုက်ခိုက်သံများကြောင့် ထိုသူများမှာ သေချာပေါက် ရုံးတော်သို့ သတင်းပို့ပေးပေလိမ့်မည်။


ထိုစဉ် ခြံစည်းရိုးဘက်မှ သတိပေးသံထွက်ပေါ်လာသည်။


ကျွင်းဟွိုင်လန် လှမ်းကြည့်လိုက်ချိန်တွင် လူကောင်ကြီးကြီးဖြင့် လူတစ်ယောက်မှာ ဓားကိုခါးတွင် ချိတ်ဆွဲကာ ခြံစည်းရိုးကို ခုန်ကျော်၍ တံခါးနားရှိအစောင့်တစ်ဦးကို ဓားဖြင့် ခုတ်ချလိုက်သည်။


ထိုအစောင့်မှာ ဆယ်နှစ်အရွယ်ကလေးတစ်ဦးသာဖြစ်သည်။


ကလေးမှာ အလွန်ထိတ်လန့်‌မှုကြောင့် နေရာတွင်ပင် ကြောင်အနေသည်ကို ကျွင်းဟွိုင်လန်မြင်လိုက်ရသဖြင့် သူဂရုမစိုက်နိုင်တော့ဘဲ အရှေ့သို့ အမြန်ပြေးတက်သွားကာ ကလေးနှင့်ခြေလှမ်းဝက်မျှအကွာတွင်သာ ရှိနေသည့် ဓားကို သူ၏ဓားဖြင့် လှမ်းကာလိုက်သည်။


တွန်းကန်အား၏အလေးချိန်ကြောင့် ကျွင်းဟွိုင်လန်၏လက်ကောက်ဝတ်မှာ ထုံကျင်သွားရကာ သူ၏ဓားတွင်းရှိ သံဓားရှည်မှာ လွတ်ကျတော့မလို ဖြစ်သွားရသည်။


သူလှမ်းကြည့်လိုက်ချိန်တွင် ထိုသူမှာ ရက်စက်တတ်သော မျက်နှာထားရှိပြီး ထို့နေ့က မိုးရေထဲတွင် သူမေးခွန်းထုတ်ခဲ့သော အလုပ်သမား‌ခေါင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ဒီလူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ…


ကျွင်းဟွိုင်လန်ကော ထိုဓားပြပါ သူတို့နှစ်ဦး ကြောင်အနေကြလေသည်။


ထိုနေ့က လမ်းခင်းရာတွင် ပါဝင်ခဲ့သည့် အလုပ်သမားခေါင်းမှာ အဘယ့်ကြောင့် ယနေ့၏ဓားပြဖြစ်နေရသည်နည်း။ ထို့ကြောင့်ပင် လမ်းခင်းရာတွင် ထူးဆန်းသည့်အရာတစ်ခုခုရှိရပေမည်။ မဟုတ်ပါက လစာအမြဲရနေသည့်လုပ်သားများမှာ ယနေ့ကဲ့သို့ အရာမျိုးတွင် ပါဝင်ကြမည်မဟုတ်ကြချေ။


သို့သော်လည်း သူ၏အ‌တွေးမဆုံးလိုက်ခင်တွင် ဓား‌ပြ၏မျက်လုံးထဲမှ လူသတ်ချင်စိတ်ကလင်းလက်သွားသည်။


နောက်ထပ်ခဏတွင် သူအရှေ့သို့ တိုးကာ ကျွင်းဟွိုင်လန်၏နှလုံးဘက်သို့ တိုက်ရိုက်ပင်ထိုးချလိုက်သည်။


ထိုသူမှာ သူ့ကိုသတ်ရန်သာလာကြောင်းကို ကျွင်းဟွိုင်လန်သိရှိသွားခဲ့ပြီဖြစ်သည်။


သူ၏ဓားကိုမြောက်ကာ ကာကွယ်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် ဘေးဘက်မှ နောက်ထပ်ဓားတစ်ချောင်းထပ်မံရောက်ရှိလာပြန်သည်။


ထိုသူမှာ ယခင်ဓားပြနှင့်မတူညီဘဲ လှုပ်ရှားမှုအနည်းငယ်နှင့်ပင် သေချာပေါက် သိုင်းသမားတစ်ဦးဖြစ်သည်ကို ကျွင်းဟွိုင်လန်သိရှိသွားရပြီး သူ၏သိုင်းမှာလည်း အတော်အတန်သန်မာလှသည်။


ထိုသူမှာ ဓားပြခေါင်းဆောင်တစ်ဦးဖြစ်ရပေမည်။


တိုက်ကွက်ကိုတားဆီးရင်းမှ ခြံဝန်းတွင်းရှိ မငြိမ်မသက်ဖြစ်မှုမှာ အလွန်ကြာလွန်းနေပြီဟု သူတွေးလိုက်မိသည်။


အကယ်၍ ဤတစ်ကြိမ်တွင် ထိုသူတို့အောင်မြင်သွားပါက ခြံဝန်းတွင်းရှိ မည်သူမျှ အသက်ရှင်နိုင်မည်မဟုတ်ပေ။


ထိုအချိန်တွင် သူတို့နှစ်ဦးတိုက်ခိုက်နေသည်ကို မြင်လိုက်ရသော မျက်လုံးမှေးမှေးဖြင့် ဓားပြတစ်ဦးမှ ကူညီချင်သည့်ပုံဖြင့် အရှေ့သို့ တက်လာခဲ့သည်။


ကျွင်းဟွိုင်လန်မှာ သူ၏ရှေ့မှ ဓားပြခေါင်းဆောင်ကို ရင်ဆိုင်ရင်းဗျာများနေရသဖြင့် တစ်ခဏဖြင့် သတိမပြုမိဘဲ ရုတ်တရက်တိုးဝင်လာသည့် ဓားပြ၏တုတ်ဖြင့် သူ၏လက်ကို အရိုက်ခံလိုက်ရသည်။


ကလန်ဟူသော အသံနှင့်အတူ ကျွင်းဟွိုင်လန်၏ဓား မြေကြီးပေါ်သို့ လွတ်ကျသွားလေသည်။


တစ်ချိန်ထဲမှာပင် အရှေ့ဘက်မှ ဓားပြက သူ၏ခေါင်းကို ဓားဖြင့် ခုတ်ချလာပြန်သည်။


လက်ထဲတွင် မည်သည့်အရာမှ မရှိတော့သဖြင့် ကျွင်းဟွိုင်လန် သူ၏ပင်ကိုယ်သိစိတ်ကိုသာသုံးကာ ရှောင်တိမ်းလိုက်ရသည်။


သို့သော်လည်း ဓား၏အစွန်းမှာ အလွန်လျင်မြန်ကြမ်းတမ်းလှသဖြင့်  ကျွင်းဟွိုင်လန်၏လှုပ်ရှားမှုများမှာ မည်မျှပင် သွက်လက်နေပါစေ အပြည့်အဝရှောင်တိမ်းနိုင်ရန်အတွက်မူ ခက်ခဲနေသေးသည်။


ထိုအရာကိုမြင်လိုက်ချိန်တွင် ဓားသွား၏အစွန်းမှာ ကျွင်းဟွိုင်လန်၏ ပုခုံးကိုဖောက်ထွန်းတော့မလိုဖြစ်သွားလေသည်။


ထိုစဉ် အနက်ရောင်အရိပ်တစ်ခုမှ နံရံပေါ်သို့ကျော်တက်ကာ လေးမှလွှတ်တင်လိုက်သည့် မြှားတစ်ချောင်းကဲ့သို့ အုံ့မှိုင်းနေသည့် မိုးရေထဲတွင် ကောင်းကင်ပေါ်မှ တစ်ဟုန်ထိုး ကျဆင်းလာသည်။


ဓားမှာ ဓားပြ၏ခေါင်းကိုမဖောက်သွားခင် တစ်စုံတစ်ယောက်မှ တံခါးကို ပြင်းပြင်းထန်ထန်ဆောင့်ကန်လိုက်ကာ ထိုသူမအော်လိုက်နိုင်ခင်မှာပင် ပေအနည်းငယ်မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာကျသွားခဲ့သည်။


ပြီးနောက် ကျွင်းဟွိုင်လန်၏အရှေ့၌ လူတစ်ဦးရပ်လာလေသည်။


နောက်ကျောကို မြင်ရရုံနှင့်ပင် ကျွင်းဟွိုင်လန် ထိုသူမှာ မည်သူဖြစ်ကြောင်းကို သိလိုက်ရသည်။


ရွှယ်ယန်ပင်..


ထိုအခိုက် ရွှယ်ယန်မှာ သူ့ကိုစိုက်ကြည့်နေခဲ့သည်။


သူ၏ပယင်းရောင်မျက်လုံးများမှာ ထိုအချိန်တွင် ကြောက်မက်ဖွယ်အေးစက်နေပြီး ကျွင်းဟွိုင်လန်အား ထိန်းချုပ်မရနိုင်အောင် တုန်ယင်လာစေသည်။


ထို့နောက် ရွှယ်ယန် လက်ကိုမြောက်၍ လက်တစ်ဖက်ဖြင့် ဓားကိုယမ်းကာ တစ်ဖက်မှ ကျွင်းဟွိုင်လန်၏မေးကိုကိုင်လျက် သူ၏အကြည့်ကို အတင်းအကြပ်ဘေးသို့ရွှေ့လိုက်သည်။


ခဏအကြာတွင် ဓားသွားမှ အသားကိုဖောက်ထွင်းသွားသည့်အသံထွက်ပေါ်လာသည်။


နွေးထွေးနေသည့်သွေးများက ကျွင်းဟွိုင်လန်၏အဝတ်ပေါ်သို့ ဖြန်းပက်သွားပြီး လေထဲတွင် သွေးနံ့များပြန့်နှံ့သွားကာ မိုးရေဖြင့်ရွှဲနစ်နေသည့်မြေပြင်ပေါ်၌ ကြီးမားသော သွေးကွက်ကြီးဖြစ်ပေါ်လာသည်။


ဤသည်မှာ ယခုပင် ကျွင်းဟွိုင်လန်၏ဓားကို ဖြုတ်ချလိုက်သူပင်ဖြစ်၏။


သူ၏ခေါင်းကိုပြန်လှည့်လိုက်ချိန်တွင် ရွှယ်ယန်မှ သူ၏ဓားကိုဆွဲထုတ်ကာ ကန်ချက်တစ်ချက်ဖြင့် အခြားဓားပြကို ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရပြီး သည်းထန်စွာရွာသွန်းနေသည့် မိုးရေစက်များမှ သူ၏ဓားကို ချက်ချင်းဆိုသလို ဆေးကြောပေးသွားခဲ့သည်။


လှည့်ကြည့်ခြင်းပင် မရှိဘဲ ထိုဓားပြ၏ခေါင်းရှိရာသို့ တည်ငြိမ်စွာလျှောက်သွားလေသည်။


ယခုပင် ကန်ထုတ်လိုက်သော ခြေကန်ချက်မှာ ထိုသူ၏နှာခေါင်းရိုးကို ကျိုးသွားစေခဲ့ပြီး ထရန်ခက်ခဲနေစဉ်တွင် ကောင်းကင်မှ ကျဆင်းလာသည့် ရွှယ်ယန်မှာ သူ့ဆီသို့ တစ်လှမ်းခြင်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။


၎င်းမှာ အသူရာနတ်ဆိုးက ငရဲမှတွားတက်လာသကဲ့သို့ပင်…


ထိုသူမှာ အရှေ့သို့တိုးလာသော်လည်း အလျင်လိုနေခြင်းပင်မရှိဘဲ မြေပြင်ပေါ်မှ ဓားပြ၏နောက်ကျောကိုထပ်ကန်လိုက်ပြန်သည်။


ကန်ချက်တစ်ချက်နှင့်ပင် ထိုသူမှာ အသံမရှုနိုင်တော့ပေ။ သူ၏ရင်ဘတ်ထဲရှိ အတွင်းကလီစာငါးခုမှာ ပြောင်းပြန်လန်သွားသကဲ့သို့ နာကျင်သွားကာ မျက်လုံးမှာ မှောင်မိုက်သွားပြီး သတိလစ်မလိုဖြစ်သွားရသည်။


ထိုစဉ် အသူရာနတ်ဆိုးမှ အရှေ့သို့တိုးကာ လက်တစ်ဖက်မှဓားကိုင်စွဲလျက် သူ့ကိုငုံ့ကြည့်နေသည်အား မြင်လိုက်ရသည်။


ဓားပြခေါင်းဆောင်၏မျက်လုံးများပြူးကျယ်သွားပြီး သူ၏မျက်နှာတစ်ခုလုံး သွေးလွှမ်းနေကာ လည်ချောင်းထဲမှညည်းသံဖြင့် ထရပ်နိုင်ရန် ခက်ခဲနေသည်။


ထိုသူမှာ သူ့ကို မသတ်နိုင်သည်မဟုတ်ဘဲ တိုက်ရိုက်သတ်မည်မဟုတ်ကြောင်းကို သိရှိနေခဲ့သည်။ ၎င်းမှာ သိမ်းငှက်မှာ သူ၏သားကောင်ကို မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ပစ်ပေါက်ကာ သေသည်အထိ နှိပ်စက်နေခြင်းကဲ့သို့ပင်။


သူအနည်းငယ် ထနိုင်လာသည်နှင့် ထိုနတ်ဆိုးမှခြေထောက်ကို မြှောက်ကာ ထပ်ကန်လိုက်ပြန်သည်။


ထိုအချိန် တံခါးမှ အသံထွက်ပေါ်လာသည်။


တံခါးမှာ အပြည့်အဝပွင့်ဟသွားခဲ့သော်လည်း ဝင်ရောက်လာသူများမှာ ဓားပြများမဟုတ်ဘဲ အနက်နှင့်ရွှေရောင်ငါးပျံပုံထိုးထားသည့်ဝတ်စုံဖြင့်အစောင့်များဖြစ်နေခဲ့သည်။


ခြံဝန်းထဲရှိ ပြန့်ကျဲနေသည့် ဓားပြများမှာ နေရာတွင် ချက်ချင်းပင် ထိန်းသိမ်းခံလိုက်ရသည်။


ထိုစဉ် ငါးပျံပုံဝတ်စုံဖြင့် လူငယ်လေးတစ်ဦးထွက်ပေါ်လာကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး အသံကူးအပြောင်းကာလကြောင့် အနည်းငယ်အက်ကွဲနေသည့်အသံဖြင့် " အရှင် အကုန်လုံးကို ထိန်းသိမ်းပြီးပါပြီ… သတ်ရမလား ဒီတိုင်းထားထားရမလား…"


ရွှယ်ယန် ခေါင်းကိုငုံ့ကာ ဓားပြ၏ခန္ဓာကိုယ်ကို မည်သည့်အမူအယာမျှမပြဘဲ စိုက်ကြည့်လိုက်သည်။


" ပြန်တော့…" ရွှယ်ယန်ပြောလိုက်သည် " င့ါဘာသာပဲရှင်းလိုက်မယ်…"


လူငယ်လေးမှ အရိုအသေပေးကာ ပြန်ဆုတ်သွားလေသည်။


ထို့နောက် ရွှယ်ယန်၏ဓားမှာ မြောက်တက်သွားပြီး ထိုသူ၏ရင်ဘတ်ပေါ်တွင် ရပ်တန့်နေခဲ့သည်။


အေးစက်သည့် ဓားသွား၏အလင်းရောင်မှာ မိုးရေထဲတွင် ရောင်ပြန်ဟပ်နေသည်။


ရွှယ်ယန်မှ " နောက်ဘဝမှာ မင်းမထိသင့်တဲ့သူလား ထိသင့်တဲ့သူလားဆိုတာကို သေချာကြည့်…."


ချက်ချင်းဆိုသလိုပင် ဓားသွားမှာ ကျဆင်းလာသည်။


ထိုအချိန်၌ အေးစက်ကာ ဖြူလျော်နေသည့် လက်တစ်ဖက်မှ ရွှယ်ယန်၏လက်ကိုကိုင်ကာ တားဆီးလိုက်သည် " ရွှယ်ယန် သူ့ကိုမသတ်နဲ့ဦး…"


သိသိသာသာပင် ထိုလက်မှာ အားအများကြီးမသုံးထားချေ။ ထို့အပြင် အချိန်အတန်ကြာ ခက်ခဲစွာဆင်နွှဲခဲ့ရသည့် ရန်ပွဲကြောင့် အနည်းငယ်တုန်ယင်နေခဲ့သည်။ သို့သော်လည်း ရွှယ်ယန် ခေါင်းကိုငုံ့ကာ အမှန်တကယ်ပင် ရပ်တန့်သွားပြီး ဓားကိုင်ထားသည့်လက်မှာ နေရာတွင်သာ ရှိနေသေးသည်။


အသူရာနတ်ဆိုး၏ခေါင်းလှည့်သွားချိန် အနောက်တွင်ရပ်နေသည်မှာ ထိုနေ့က သူ့ကို ထီး‌လှမ်းပေးခဲ့ပြီး ယနေ့တွင်တားဆီးခဲ့သည့် လူငယ်လေးဖြစ်ကြောင်းကို ဓားပြခေါင်းဆောင်မှ မြင်လိုက်ရသည်။


ရွှယ်ယန်မည်သည့်စကားမျှမပြောခဲ့ဘဲ ကျွင်းဟွိုင်လန်၏စကားသံကိုသာ နားထောင်နေသည်။


ကျွင်းဟွိုင်လန်မှ " ဒီလူတွေမှာ ပြသနာရှိတယ်…ဒီတစ်ယောက်က ခေါင်းဆောင်ဖြစ်နေတော့ ခေါ်သွားပြီး စစ်မေးရမယ်လေ…"


ရွှယ်ယန် မရွေ့လျားဘဲ ထိုနေရာတွင်ရှိနေသော်လည်း သူ၏အမူအယာမှာ ကြောက်မက်ဖွယ်ကောင်းစွာအေးစက်နေခဲ့သည်။


ရွှယ်ယန် သွားခွင့်မပေးသည်ကို မြင်လိုက်သည့်အခါ ကျွင်းဟွိုင်လန် တီးတိုးပြောလိုက်သည် " ရွှယ်ယန် စိတ်မြန်လက်မြန်မလုပ်လိုက်နဲ့…"


ရွှယ်ယန်မှာမူ စကားပြောမလာသေးပေ။


ခဏအကြာတွင် သူလှည့်လာကာ ဓားသွားမှာပြန်မ‌ဆုတ်သွားသော်လည်း ဓားပြခေါင်းဆောင်၏ခေါင်းကိူ ပြင်းပြင်းထန်ထန် ပိတ်ကန်လိုက်သည်။


ထိုသူ၏မျက်လုံးများမှောင်မိုက်သွားကာ သတိလစ်သွားလေသည်။


မိုးမှာ သည်းထန်စွာ ရွာသွန်းနေဆဲပင်ဖြစ်ပြီး ကျောင်းဆောင်တွင်းရှိ စာသင်သားများကို ကျင်းယီဝေ့အစောင့်များမှ တားဆီလိုက်ကြကာ ဒဏ်ရာရသည့် စာသင်သားနှင့်အစောင့်များကိုမူ ‌ဖယ်ထုတ်လိုက်ကြသည်။ ခြံဝန်းတွင်းတွင် ရုပ်သေးကဲ့သို့ မသိချင်ယောင်ဆောင်နေကြသည့် ကျင်းယီဝေ့အစောင့်များမှလွဲ၍ လူဟူ၍ ကျွင်းဟွိုင်လန်နှင့်ရွယ်ယန်တို့သာ ကျန်ရစ်ခဲ့လေသည်။


ဓားပြခေါင်းဆောင်မှာမူ ထိုအရာကိုမမြင်ခဲ့ရပေ။ သူသတိလစ်သွားသည်မှာ သေချာသည်အထိ အကန်ခံလိုက်ရပြီးနောက် ရွှယ်ယန်ဓားကိုသိမ်းကာ ‌နောက်ပြန်လှည့်ပြီး ကျွင်းဟွိုင်လန် စကားမပြောနိုင်ခင်မှာပင် အေးစက်နေသည့်အသံဖြင့် " ကိုယ် မင်းကို အိမ်မှာနေပြီး လျောက်ပြေးမနေဖို့ မပြောထားဘူးလား…"


ကျွင်းဟွိုင်လန် ခေတ္တခဏမျှ ကြောင်အသွားပြီး " ငါ…"


ခဏအကြာတွင် ယခုပင် ဒေါသတကြီးဖြစ်နေသည့် အသူရာနတ်ဆိုးမှာ အရှေ့သို့တိုးလာကာ သူ၏ရှေ့မှကောင်ငယ်‌ကလေးကို လက်မောင်းတွင်းသို့ ဆွဲသွင်းလိုက်လေသည်။


ထို့နောက် အံကိုကြိတ်ကာ သည်းခံထားရသောအသံနိမ့်နိမ့်ဖြင့် " မင်းကတော့ ကိုယ့်ကိုသေအောင်ခြောက်လှန့်နေတော့တာပဲ.. ဟုတ်တယ်မလား…"


ကျွင်းဟွိုင်လန် သူ့ကို အကြိမ်ပေါင်းများစွာ တွန်းနေခဲ့သော်လည်း တွန်းမထုတ်နိုင်ခဲ့ပေ။


ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး လက်ကိုမြောက်ကာ ရွှယ်ယန်၏ပုခုံးကိုသာ ပုတ်ပေးလိုက်လေသည်။


သူတို့နှစ်ဦးမှာ အလွန်နီးကပ်လှသောကြောင့် တစ်ဖက်လူမှ တင်းကြပ်စွာပွေ့ဖက်ထားသည်ကို ခံစားမိနေပြီး ထိုသူ့ထံမှ တဒိန်းဒိန်းခုန်နေသည့် နှလုံးခုန်သံကိုပင် ကြားနေရသည်။ 


သူ၏လက်မှာ တုန်ယင်နေပြီး အသက်ရှုသံမှာ အနည်းငယ်ယိမ်းယိုင်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသည်။ သိသိသာသာပင် ရွှယ်ယန်ကဲ့သို့သောသူက သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသော်လည်း သူတစ်စုံတစ်ရာမှားယွင်းနေသည့်ပုံပင်။


ယခုပင် ကြမ်းရမ်းနေခဲ့သောလူမှာ သူမဟုတ်သလိုဖြစ်နေသည်။


ကျွင်းဟွိုင်လန် စိတ်ကိုပြင်ဆင်ထားကာ ရွှယ်ယန်၏အကြောင်းတွေးနေသည်ကို ရပ်ချင်သော်လည်း မနေနိုင်ဘဲ သူ၏နှလုံးသားမှာ နူးညံ့သွားရသည်။


" အင်းပါ…" သူပြောလိုက်သည် " ကောင်းပါပြီ…"


ရွှယ်ယန် စကားပြန်‌မပြောခဲ့သော်လည်း သူ့ကို လွှတ်မပေးခဲ့ပေ။


သူရောက်ရှိလာချိန်တွင် ကျွင်းဟွိုင်လန်၏အခြေအနေမှာ မည်မျှ အန္တရာယ်များနေကြောင်းကို သူသာသိလေသည်။


သူသည် မနက်ခင်းစောစောအချိန်တွင် ယုံနင်မြို့စားနှင့်အတူ မြို့မှထွက်လာခဲ့ပြီး သွမ့်ရှီးရှီးသည်လည်း သူနှင့်အတူလိုက်လာကာ မြို့ထဲတွင် ကျင်းယီဝေ့အဖွဲ့သားအနည်းငယ်ကိုသာ ချန်ထားခဲ့သည်။


မြို့မှ ထွက်ခွာပြီး မကြာခင်အချိန်တွင် လှည်းမှာ မြို့အပြင်လမ်းပေါ်တွင် နွံနစ်နေသောကြောင့် အစောင့်များမှာ လှည်းကို တွန်းတင်ရင်း အလုပ်ရှုပ်နေကြရသည်။ မြင်းလှည်း လမ်းမပေါ်ပြန်ရောက်သွားချိန်တွင် ကျင်းယီဝေ့မှ မြောက်ဘက်ရှိဆည်ကျိုးပေါက်သွားကြောင်းကို အလျင်အမြန် သတင်းပေးပို့လာခဲ့ပြီး ကျင်းလင်မြောက်ဘက်၏ အစိတ်အပိုင်းငယ် တစ်ဝက်ခန့်မှာ ရေနစ်မြုပ်သွားပြီဖြစ်ကြောင်း ပြောကြားလာခဲ့သည်။


ရွှယ်ယန် ထိုသတင်းကို ကြားလိုက်သည်နှင့် တစ်စုံတစ်ခုမှာ မှားယွင်းနေကြောင်းကို သိရှိလိုက်သည်။


Xxxxxxx