အပိုင်း ၁၁၄
Viewers 15k

Chapter 114


သူအလုပ်ထဲတွင် ဈာန်ဝင်သွားသည်နှင့် အရာအားလုံးမှာ နောက်တွင်ကျန်သွားလေသည်။ ရွှယ်ယန် သူ၏ဘေးတွင် ထီးမိုးလျက် တိတ်ဆိတ်စွာရပ်နေပြီး သူ့ထံ တိုးဝင်လာသည့် ငါးကြီးများကို မောင်းထုတ်နေသည်။


အသေးစိတ်ကို ရေးဆွဲလို့ ပြီးသွားချိန်၌ ကျွင်းဟွိုင်လန် သူ၏နာကျင်နေသောလည်ပင်းကိုပွတ်ကာ ထရပ်လိုက်လေသည်။


ထိုအချိန်မှသာ ရွှယ်ယန်မှာ သူ၏ဘေးတွင်ရှိနေသေးသည်ကို သတိပြုမိသွားပြီး ဆီစိမ်စက္ကူထီးမှာ သူ၏ခေါင်းပေါ်တွင်သာရှိနေကာ ရွှယ်ယန်၏ပုခုံးတစ်ဝက်ကျော်ခန့်သည် မိုးရေများကြောင့် ရွှဲနစ်နေသည်ကို မြင်လိုက်ရသည်။


" ရွှယ်ယန်…"


ကျွင်းဟွိုင်လန် စကားပြောသည်ကိုပင် မစောင့်တော့ဘဲ သဘာဝကျကျပင် ရွှယ်ယန် သူ၏လက်ထဲမှ လက်ရေးစာမူကို လှမ်းယူလိုက်သည်။


" ပြီးသွားပြီလား…" ရွှယ်ယန်မှ ပြောလာခဲ့သည် " ပြီးသွားရင် လှည်းဆီပြန်တော့…"


ထိုသို့ပြောပြီးနောက် သူ ကျွင်းဟွိုင်လန်ကို လှည်းဆီ သွားစေရန် ဦးဆောင်လိုက်သည်။


ကျွင်းဟွိုင်လန်သည်လည်း သူ့နောက်လိုက်ကာ လှည်းတွင်းသို့ဝင်လိုက်ချိန် သူလိုက်ကာစကိုမလိုက်သည်နှင့် အတွင်းဘက်မှာ နွေးထွေးမှုနှင့် ရေနွေးကြမ်း၏မွှေးရနံ့မှာ သင်းပျံ့လာလေသည်။


သူသည် ယနေ့တစ်နေကုန် မိုးရေထဲတွင် အချိန်ကြာမြင့်စွာနေမိခဲ့လေသည်။ ထိုစဉ်ကာ သူသတိမဝင်နိုင်ဘဲ ရှိနေသော်လည်း ယခုအချိန်တွင်မူ သူ၏တစ်ကိုယ်လုံးမှ အေးစက်ကာ ချမ်းတုန်လာခဲ့သည်။


သူ၏ဘေးမှ လိုက်ကာစကိုကိုင်ထားပေးသည့် ကျင်းပေါင်မှလည်း မီးထဲသို့ လောင်စာလောင်းထည့်ပေးလိုက်ပြန်သည် " သခင်လေးမသိလို့ အရှင်က အခုပဲ အစေခံတွေကို ရေနွေးကြမ်းပြင်ထားပေးဖို့ အမိန့်ပေးခဲ့တာ…သခင်လေးအအေးမိသွားမှာကို စိုးရိမ်နေပုံပဲ…"


ကျွင်းဟွိုင်လန် ကျင်းပေါင်ကို လှမ်းကြည့်လိုက်ချိန်တွင် ကျင်းပေါင်မှာ အလိုက်တသိဖြင့် လိုက်ကာစကိုချကာ ပြန်လည်ဆုတ်ခွာသွားလေသည်။


ရွှယ်ယန်ဆီသို့ လှမ်းကြည့်လိုက်ချိန်၌ ထိုသူမှာမူ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ထိုင်ကာ သူ့အတွက် ရေနွေးလောင်းထည့်ပေးနေခဲ့သည်။


သေးငယ်သည့် ရေနွေးကြမ်းခွက်မှ အငွေ့များကြောင့် ကျွင်းဟွိုင်လန်၏အေးခဲနေသော အရိုးများသည်လည်း အတန်ငယ်နွေးထွေးသွားရလေသည်။


၎င်းမှာ သူ၏နှလုံးသားကို အထိန်းအချုပ်မရှိ ခုန်ပေါက်တုန်ယင်စေခဲ့သည်။


ကျွင်းဟွိုင်လန် မသိစိတ်ကြောင့် သူ့ကိုယ်သူအပြစ်တင်နေသကဲ့သို့ နူးညံ့စွာ ပြောလိုက်မိသည်


 " ငါ မင်းနဲ့ အတူမနေနိုင်ဘူး…"


ရွှယ်ယန် သူ့ကို လှမ်းကြည့်လိုက်ကာ ခဏအကြာ၌ နွေးထွေးနေသည့် ရေနွေးကြမ်းခွက်ကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။


" ကိုယ်က မင်းနဲ့အတူရှိဖို့ ဖိအားပေးခဲ့တာလား…" ရွှယ်ယန် အနောက်သို့ တဖြည်းဖြည်းမှီချလိုက်ကာ သူ၏နှုတ်ခမ်းထောင့်တစ်ဖက်မှာ ကော့တက်သွားပြီး " ကိုယ်မင်းကို ကိုယ်နဲ့အတူရှိနေခိုင်းတာမဟုတ်ဘူး.. ရေနွေးပဲသောက်ခိုင်းနေတာလေ…"


......


သူတို့နှစ်ဦး ကျင်းလင်မြို့သို့ ပြန်ရောက်ချိန်တွင် သဘာဝဘေးအန္တရာယ်မှာ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားပြီဖြစ်ပြီး မိုးမှာလည်း တဖြည်းဖြည်းနှင့်စဲလာခဲ့သည်။


အနောက်ဘက်တောင်တန်းတွင် နေလုံးမှာ ထွက်စပြုနေပြီး တိမ်များမှာ မိုးကုပ်စက်ဝိုင်းတွင် ဖြစ်ပေါ်နေကာ ရွှေညိုရောင်သန်းနေသည့် နေဝင်ချိန်မှာ တိမ်‌များမှတစ်ဆင့် ကန်ရေပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။


သူတို့နှစ်ဦး ချက်ချင်းဆိုသလိုပင် ရုံးတော်သို့အပြေးသွားလိုက်ကြသည်။


မမျှော်လင့်စွာဖြင့် ရှန်းကျီဖုသည်လည်း ရုံးတော်၏အပြင်ဘက်တွင်စောင့်‌ဆိုင်းနေခဲ့သည်။ ကျွင်းဟွိုင်လန် လှည်းပေါ်မှ ဆင်းလာချိန်တွင် လှည်းပေါ်မှ ဦးစွာဆင်းသွားခဲ့သော ရွှယ်ယန်၏ရှေ့တွင် ရှက်ရွံ့နေသောအမူအယာဖြင့် ရပ်နေသည့် ရှန်းကျီဖုကို တွေ့လိုက်ရသည်။


" အရှင် ဒီနိမ့်ကျတဲ့မှုးမတ်က အရှင့်ရဲ့အလုပ်ကို ဝင်စွက်ဖက်တာတော့မဟုတ်ပါဘူး.. ဒါပေမယ့် ရုံးတော်မှာရှိတဲ့အရာရှိအများစုက ရေဘေးကယ်ဆယ်ရေးဆီကို သွားနေကြတာဆိုတော့ လူတွေဒီလောက်အများကြီးကို တစ်ခါတည်းအကျဉ်းချဖို့အတွက် စောင့်ကြည့်မဲ့လူမရှိနေပါဘူး…"


ရွှယ်ယန် ပေါ့ပေါ့ပါးပါးဖြင့် ပြန်ပြောလိုက်သည် " မောင်မင်းရဲ့လူတွေကို သုံးဖို့မလိုပါဘူး… ပန်ဝမ်မှာ ကိုယ့်လူကိုယ် ရှိပြီးသားပါ…"


ရှန်းကျီဖု၏မျက်နှာပေါ်မှ အမူအယာမှာ ပို၍ပင် ဆိုးရွားသွားလေသည်။


" ဒါက ဒီအတိုင်း အဲ့လူတွေက..အရှင် သူတို့ကို အကျဉ်းချထားချင်တယ်ဆိုရင် အဲ့လူတွေ ဓားပြတကယ်ဟုတ်မဟုတ်ကို ခွဲခြားပေးရပါလိမ့်မယ် .."


ရွှယ်ယန်ထံမှ စကားပြန်သံကိုပင်မစောင့်ဘဲ သူဆက်ပြောလိုက်သည် 


" မြို့တော်က ရုတ်တရက် ကပ်ဘေးဒဏ်ခံလိုက်ရတာဆိုတော့.. ဒုက္ခသည်အများကြီးက အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ထွက်ပြေးတိမ်းရှောင်နေရတာပါ…အခု မြို့ထဲမှာ အရှင်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီးတော့ ဓားပြအဖြစ် သက်မှတ်ကာ ရိုက်နှက်နေတယ်ဆိုပြီး ကောလဟာလတစ်ခုထွက်နေတဲ့အတွက် မြို့ကလူတိုင်းက ကြောက်ရွံ့နေကြပါတယ်…"


ကျွင်းဟွိုင်လန် ထိုစကားကိုကြားလိုက်ချိန်တွင် ရွှယ်ယန်၏ယနေ့ဆုံးဖြတ်ချက်ကြောင့် ကောလဟာလများဖြစ်ပွားစေခဲ့ရသည်ကို သိလိုက်လေသည်။


ယခုအချိန်တွင် မြို့တော်မှာ ရေလွှမ်းမိုးမှုဒဏ်ကိုခံစားနေရပြီး အတားအဆီးအဖြစ်ဆုံးအရာမှာ လူများ၏နှလုံးသားထဲရှိ မသေချာမှုပင်။ တစ်စုံတစ်ယောက်မှ တမင်ရည်ရွယ်၍ ထိုကောလဟာလကို ဖြန့်ခဲ့သည့်လား သို့မဟုတ် ယနေ့ဖမ်းဆီးလာသည့် လူအုပ်ကြီးကြောင့်များ ဂရုပြုမိကြသည်လား သို့မဟုတ် ထိုသူများထဲတွင် အမှန်တကယ်ပင် သာမန်အရပ်သားများ ရောနှောနေသည်လား ဆိုသည်ကို ကျွင်းဟွိုင်လန် မသိနိုင်တော့ပေ။


ကပ်ဘေးဖြစ်ပွားနေချိန်တွင် အနည်းငယ်မျှသော သွေးထိုးမှုသည်ပင် လူများကို ဆွဲဆောင်နိုင်သည်ဖြစ်ရာ ယနေ့ဖမ်းဆီးလာသည့် လူအုပ်ကြီးထဲတွင် အမှန်တကယ်ပင် အရပ်သားများ ရောပါနေပြီး ဓားပြဟုခေါင်းစဉ်တပ်ခံလိုက်ရပါက လူထုအုံကြွမှုများ ဖြစ်ပွားလာနိုင်ပေသည်။


နောက်ကွယ်မှ လူမှာ အချိန်အကြာကြီးယူကာ ပြင်ဆင်ခဲ့မည်ဖြစ်ကြောင်းကို ကျွင်းဟွိုင်လန် သဘောပေါက်သွားခဲ့သည်။


ရွှယ်ယန်မှာမူ ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်ခုံးများ တွန့်ချိုးသွားသော်လည်း အလေးအနက်မှတ်ယူခြင်းမရှိပေ


 " ပန်ဝမ်တို့ ပြသနာဖြစ်အောင်မလုပ်သရွေ့ ဘာအရေးရှိမှာမလို့လဲ…"


ရွှယ်ယန်မှာ အထင်လွဲမှားမှုများနှင့် အချိန်အတော်ကြာ ရင်ဆိုင်ခဲ့ရသဖြင့် သူ့အတွက် အလေ့အကျင့်တစ်ခုပင်ဖြစ်နေပြီဖြစ်ပြီး နိုင်လိုမင်းထက်ပြုမူတတ်ပုံနှင့်အသားကျနေကာ အခြားသူများ၏စကားသံများကို ဂရုစိုက်တတ်ခြင်းမရှိပေ။


သူသည် ရှန်းကျီဖုကို ရှင်းပြရန်ပင် ပျင်းရိနေပြီဖြစ်သည်။


ရှန်းကျီဖုမှာ စကားပြောရန် တုန့်ဆိုင်းနေသော်လည်း သူတို့၏အရှေ့တွင် ပိတ်နေဆဲဖြစ်ကာ သွားခွင့်မပေးသေးပေ။


ကျွင်းဟွိုင်လန် အလျင်အမြန် အရှေ့သို့တိုးသွားလိုက်ရသည်။


" အရာရှိမင်း…ဝမ်ရယ်က လူတွေကို မလွှတ်ပေးနိုင်ဘူးဆိုတာ ဒီနေ့ကျောင်းတော်ကိစ္စမှာ တစ်စုံတစ်ယောက်က ကြိုတင်ကြံစည်ထားခဲ့တာကြောင့်ပါ…"


ရှန်းကျီဖု အလျင်အမြန်ပင် မေးလာခဲ့သည်


 " သခင်လေးဘယ်လိုလုပ်ပြီး သိလာတာပါလဲ.."


ကျွင်းဟွိုင်လန် လက်ရေးစာမူကို ရှန်းကျီဖုလက်တွင်းသို့ ထည့်ပေးလိုက်သည်။


" ဒါကိုကြည့်ပါဦး.. ဒီနေ့ ဆည်ကျိုးပေါက်တဲ့နေရာရဲ့အခြေအနေပါ.. သိသိသာသာကိုပဲ ‌ဒီနေ့ ဆည်ကျိုးပေါက်သွားရတာ မြစ်ရေစီးဆင်းမှုကြောင့်မဟုတ်ဘဲနဲ့ တစ်ယောက်ယောက်က တမင်တကာကို မြို့ဘက်ကနေပြီးတော့ ဆည်ကို ထိုးဖောက်ခဲ့တာပါ…"


ရှန်းကျီဖုမှာ ထိတ်လန့်သွားရကာ " ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…"


ကျွင်းဟွိုင်လန် ဆက်ပြောလိုက်သည် 


" ဆည်ထိုးဖောက်ခံထားရတဲ့နေရာက အရင်နေ့တုန်းက ရုံးတော်က တရားဝင်လမ်းပြင်ခဲ့တဲ့နေရာပဲ…ပြီးတော့ အဲ့နေ့ ကျွန်တော်ကျောင်းတော်ကနေပြန်လာတော့ ဆုံခဲ့တဲ့ အလုပ်သမားအုပ်စုက ဒီနေ့ ကျောင်းတော်မှာဖြစ်ပွားခဲ့တဲ့ အထိကရုန်းကို ဦးဆောင်ခဲ့တဲ့သူတွေပဲ…"


ရှန်းကျီဖု နေရာတွင်ပင် တောင့်ခဲသွားရသည်။


ကျွင်းဟွိုင်လန်မှ ဆက်ပြောလာခဲ့သည်


 " အရာရှိမင်း ဒီအရေးက လုံးဝကို တိုက်ဆိုင်မှုမဟုတ်ပါဘူး…တစ်စုံတစ်ယောက်က ဆည်ကိုဖျက်ဆီးပြီးတော့ ကျောင်းတော်က စာသင်သားတွေကို အန္တရာယ်ပြုစေဖို့အတွက် ခိုင်းစေခဲ့တာပါ..ဒီလိုလူမျိုးကသာ တကယ်ရုံးတော်မှာ အမှုထမ်းနေတဲ့သူသာဆိုရင်… အရာရှိမင်းလည်း ဝမ်ရယ်က ဘာလို့လူတွေအကုန်လုံးကို အကျဉ်းချတာလဲဆိုတာကို သိသင့်နေပါပြီလေ…"


ရှန်းကျီဖု တဖြည်းဖြည်းချင်းပြောလိုက်လေသည် " ရုံးတော်က လူတွေလား…"


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်ကာ " ဒီအရေးက တကယ်ကိုပဲ ဝမ်ရယ်ကိုပဲ ကိုင်တွယ်ခိုင်းသင့်တယ်… မဟုတ်ရင်တော့ အမြဲတမ်းအခြားသူတွေကို အန္တရာယ်ဖြစ်စေတော့မှာပဲ…"


ခဏအကြာတွင် ရှန်းကျီဖုလည်း ခေါင်းငြိမ့်လာခဲ့သည်။


ဤနည်းအားဖြင့် ရွှယ်ယန်၏ကျော်ကြားမှုမှာ အကာအကွယ်ထီးတစ်ချောင်းဖြစ်လာခဲ့သည်။ သူသည် လူအများအပြားကို ရည်ရွယ်ချက်တိတိကျကျမရှိဘဲ ကြမ်းတမ်းစွာ ဖမ်းဆီးခဲ့ခြင်းသော်လည်း ထိုအရာမှာ နောက်ကွယ်မှ လူများအား သူတို့၏ခြေထောက်များကို မထုတ်ဖော်မိခဲ့ကြောင်း (အမှားမလုပ်မိကြောင်း) ကို စိတ်ချနေစေသည်။


" ဒါကြောင့် ဒီကိစ္စကို အခြားလူတွေသိလို့မရဘူး…" ကျွင်းဟွိုင်လန်မှ ပြောလိုက်သည်


 " ကျေးဇူးပြုပြီး အရာရှိမင်းကပဲ အပြင်ကိုထွက်ပြီးတော့ လူထုကို ပြောကြားပေးပါ..ဒီလူတွေက ကျောင်းတော်ကစာသင်သားတွေကို ‌ထိခိုက်စေပြီးတော့ အခြေအနေက ဆိုးရွားတာကြောင့် စာသင်သားတွေရဲ့ဒေါသပြေဖို့အတွက် ကွမ်းလင်ဘုရင်ခံက လာရောက်ဖမ်းဆီးပေးရတာပါဆိုပြီး ပြောပေးပါ…"


ရှန်းကျီဖု လေးလေးနက်‌နက်စဉ်းစားလိုက်ကာ " ဝမ်ရယ်ရဲ့ ဂုဏ်သတင်းကို ဆေးကြောမဲ့အစား ဓားပြတွေရဲ့ အကြောင်းကို ကျော်ကြားအောင်လုပ်ပေးလိုက်တာက လူထုရဲ့စိတ်ကို နှစ်သိမ့်ပေးလိုက်ရုံမကဘဲ နောက်ကွယ်က ပုဂ္ဂိုလ်ကိုလည်း သူ့ရဲ့သတိရှိမှုကို ဖြေလျော့စေလိုက်တာပေါ့…"


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


ခဏအကြာတွင် ရှန်းကျီဖု သက်ပြင်းချလိုက်ကာ " ယုံနင်မြို့စားက မင်းကိုတကယ်ပဲ ကောင်းကောင်းသင်ကြားပေးထားတာပဲ…"


ရှန်းကျီဖုမှာ သူ၏စကားကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ကျွင်းဟွိုင်လန် သိရှိလိုက်ပြီဖြစ်သည်။


ထို့ကြောင့် သူဆက်ပြောလာခဲ့သည် " ဒါဆိုရင် ကျေးဇူးပြုပြီး ဒီအရေးကို ဘယ်သူ့ကိုမှမပြောဖို့ ကတိပေးပေးပါ.. ကျွန်တော့်ရဲ့ဖခင်ကိုတောင်မှပဲ မပြောပါနဲ့…"


အဘယ့်ကြောင့်ဆိုသော် နောက်ကွယ်မှစီစဉ်ခဲ့သူမှ ဖခင်ဖြစ်သူ၏လက်အောက်မှ ဖြစ်နိုင်ကြောင်းကို သူသိနေခြင်းကြောင့်ပင်။


ရှန်းကျီဖု သဘောတူသည့်အမူအယာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ခဏအကြာတွင် ပြောလိုက်လေသည် 


" တကယ်လို့သာ ရုံးတော်မှ ဒီလိုလူတွေရှိနေတယ်ဆိုရင်… ကျင်းလင်က တကယ့်ကို ကပ်ဘေးဆိုက်တာပဲ..အရာရှိတွေရဲ့မျက်နှာအစစ်ကို မမြင်နိုင်ခဲ့တာ ဒီအမတ်ရဲ့အမှားပါပဲလေ…"


ကျွင်းဟွိုင်လန် ခေါင်းယမ်းလိုက်ကာ " အရာရှိမင်းက မှန်ကန်တဲ့သူပါ.. ဒါက ဒီအတိုင်း နောက်ကွယ်က အကောက်ကြံခဲ့တဲ့ လူတစ်စုကြောင့်ပါပဲ…"


ရှန်းကျီဖု အသံတစ်ချက်သာ ပြန်ပေးလိုက်သည်။ ခဏအကြာ၌ ရုံးတော်မှ အမှုထမ်းများရောက်ရှိလာကာ ဒုက္ခသည်များကို နေရာချထားပေးရေးအတွက် ရှန်းကျီဖုကို မေးမြန်းနေကြသည်။


ရှန်းကျီဖုသည်လည်း စကားဆက်မပြောနိုင်တော့သဖြင့် ဦးစွာပင် နှုတ်ခွန်းဆက်စကားဆိုလိုက်ရသည်။


ကျွင်းဟွိုင်လန် ရှန်းကျီဖုကို အဝေးသို့ ပို့ဆောင်လိုက်သည်။ သူပြန်လှည့်လာချိန်ကာ ရွှယ်ယန်အား စကားပြောမည်အပြုတွင် ရွှယ်ယန် သူ့ကို မည်သည့်အချိန်မှစ၍ပင် မသိအောင် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။


ထိုတောက်ပနေသည့်မျက်လုံးများနှင့် ပျင်းတိပျင်းရွဲ့အပြုံးကြောင့် ကျွင်းဟွိုင်လန် နှလုံးမှာ တင်းကြပ်သွားရသည်။


" ဘယ်တွေကြည့်နေတာလဲ.." ကျွင်းဟွိုင်လန် မသိစိတ်ကြောင့် အသံပင်တိုးသွားခဲ့သည်။


ထိုစကားကို ကြားလိုက်ချိန်၌ ရွှယ်ယန်မှ ပေါ့ပေါ့ပါးပါးပြုံးကာ ကျွင်းဟွိုင်လန်၏ပါးပြင်ကို သူ၏လက်ချောင်းကလေးများဖြင့် အသာအယာတို့ထိလိုက်ပြီး " ဘာမှမကြည့်ပါဘူး… အဲ့မှာ ရူးချင်စရာကောင်းတဲ့ အကြံတွေအများကြီးပဲနော်…"


ကျွင်းဟွိုင်လန် အကျဉ်းထောင်တွင်းရှိ ထိုင်ခုံပေါ်တွင် ထိုင်မချလိုက်ခင်အထိ သူ၏မျက်မှာပေါ်မှ လောင်ကျွမ်းနေမှုမှာ ပျောက်ကွယ်မသွားခဲ့ပေ။


ကျင်းယီဝေ့အစောင့်များမှ သူ့ကို ထူထဲသော ဖော့များခုထားသည့် ကျွန်းထိုင်ခုံတစ်ခုကို ယူလာပေးခဲ့ပြီး ကျွင်းဟွိုင်လန် ထိုင်ချလိုက်ချိန်တွင် နွေးထွေးသော လက်ဖက်ရည်ကြမ်းတစ်ခွက်ပို့ဆောင်ပေးလာသည်။


သူမော့ကြည့်လိုက်ချိန်တွင် သူ၏ရှေ့၌ ကြိုးဖြင့်တုပ်ထားသော ဓားပြခေါင်းဆောင်ကို မြင်လိုက်ရသည်။


ကျွင်းဟွိုင်လန်၏ ယခင်ပြောဆိုချက်များကြောင့် ဓားပြခေါင်းဆောင်မှာ များစွာခံစားရခြင်းမရှိချေ။ ထိုအချိန်တွင် သူ့ကို တိုင်တွင်ချည်နှောင်ထားပြီး ရွှယ်ယန် ပြုလုပ်ထားသည့် ဒဏ်ရာများသာရှိလေသည်။


အခြားသော ဒဏ်ရာများမှာ သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း နှာခေါင်းရိုးမှာမူ ကျိုးနေခဲ့သည်။


" ငါက နှိပ်စက်ရတာတွေကို သဘောမကျတတ်ဘူး…" ကျွင်းဟွိုင်လန် လက်ဖက်ရည်တစ်ငုံမျှ သောက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်


 " ဘယ်လိုပဲဖြစ်ဖြစ် အခုငါ့မှာ မင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအကုန်ရှိနေပြီပဲလေ…"


ဓားပြခေါင်းဆောင်မှ ခေါင်းကိုဖြည်းညင်းစွာ မော့ကြည့်လာသည်။


Xxxxxxxx