Chapter 115
ထို့နောက် ကျွင်းဟွိုင်ဟန် သူ၏စကားကိုဆက်လိုက်သည်
" မင်းကလမ်းခင်းတဲ့ကိစ္စကို ဦးဆောင်ခဲ့ပြီးတော့ အလုပ်သမားတွေအားလုံးကလည်း မင်းရဲ့အမိန့်ကိုနာခံကြတယ်…အရာရှိတွေကလွဲရင် ဘယ်သူကမှ ဆောက်လုပ်ရေးနေရာကို မလာနိုင်ကြဘူး ပြီးတော့ မင်းရဲ့ တူးဖော်ထားတဲ့ ခြေရာလက်ရာတွေကလည်း ကျန်နေခဲ့သေးတာ.. ဒီလောက်ကြီးမားတဲ့ကပ်ဘေးကိုဖြစ်စေခဲ့ပြီး လူတွေအများကြီးသေဆုံးခဲ့ရတယ်ဆိုတော့ မင်းဘာမှမပြောရင်တောင်မှပဲ လမ်းခင်းပေးခဲ့တဲ့ အလုပ်သမားတွေအားလုံးနဲ့ သူတို့ရဲ့မိသားစုတွေက ချွင်းချက်မရှိ ခေါင်းဖြတ်ကွပ်မြက်ခံရလိမ့်မယ်…"
ဓားပြခေါင်းဆောင်၏အကြည့်များ တင်းမာလာခဲ့သည်။
ကျွင်းဟွိုင်လန် သူ၏အကြည့်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ကာ " ဒီတော့ ငါဒီနေ့မင်းကို အခွင့်အရေးတစ်ခုပေးမယ်…မင်းနဲ့မင်းရဲ့အပေါင်းအပါတွေကိုချမ်းသာပေးတာမျိုးတော့မဟုတ်ပေမယ့် မင်းတို့မိသားစုတွေကတော့ အသက်ချမ်းသာရာရသွားလိမ့်မယ်…"
" ငါ့အိမ်မှာ မိန်းမနဲ့ကလေးကျန်ခဲ့တာ မင်းသိနေပြီးသားမလား…" ဓားပြခေါင်းဆောင်မှ ကွဲအက်အက်ဖြင့် ရယ်မောကာ ပြောလိုက်သည်။
ကျွင်းဟွိုင်လန် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ထိုလူမှ ခေတ္တမျှ တိတ်ဆိတ်သွားပြီး " ဒါပေမယ့်လည်း ငါသူတို့ကို မကယ်နိုင်ပါဘူး…မင်းမေးတာကို ငါသိပြီးသားပါ..ငါ့ကိုဘယ်သူခိုင်းစေတာလဲ..ဘယ်လိုအမိန့်တွေပေးထားတာလဲ.. ငါနဲ့အတူတူ ဘယ်သူတွေပါသေးလဲ ဆိုတာပဲ ဟုတ်တယ်မလား…"
ကျွင်းဟွိုင်လန် သိနေပြီးသည့် အမူအယာဖြင့် ပြန်မဖြေခဲ့ပေ။
ဓားပြခေါင်းဆောင်မှ မိမိကိုယ်ကို လှောင်ရယ်လိုက်ကာ " မင်းမေးရင်တောင်မှ ငါဘာမှမသိဘူး…"
ကျွင်းဟွိုင်လန်၏မျက်ခုံးကြုတ်ကာ ဆက်လက်နားထောင်နေလိုက်သည်။
" ငါက ကျင်းလင်မြို့ခံပဲ ပြီးတော့ ငါ့ကိုဘယ်သူအမိန့်ပေးလဲဆိုတာကို ငါမသိဘူး..ငါသိတဲ့တစ်ခုတည်းသောအရာက ငါသာသူတို့အမိန့်ကို မနာခံဘူးဆိုရင် ငါ့မိသားစုခံစားရလိမ့်မယ်ဆိုတာကိုပဲ… ဒါပေမယ့် ငါနာခံခဲ့ရင်တော့ သူတို့ ငါ့ကိုငွေတွေအများကြီးပေးလိမ့်မယ်…သူတို့ခိုင်းစေတဲ့အရာတွေကတော့ မင်းအမြင်ပဲလေ.. ဆည်ကို တူးဖောက်ပြီးတော့ ကျင်းလင်ကိုကပ်စိုက်စေပြီး ကျောင်းတော်ကိုသွားပြီး သတ်နိုင်သမျှ စာသင်သားတွေကိုသတ်ရမှာပဲ…ငါ့လက်အောက်က လူတွေအတွက်ကတော့ သူတို့ငါ့အမိန့်ကိုနာခံရတယ်ဆိုပေမယ့် ငါတို့အချင်းချင်း မသိကြဘူး…တစ်စုံတစ်ယောက်က စောင့်ကြည့်နေပြီးတော့ ငါတို့ထုတ်ဖော်ပြောခွင့်မရှိဘူး…"
ကျွင်းဟွိုင်လန်၏ မျက်လုံးများနစ်မြုပ်သွားသည်။
ထိုသူပြောသွားသည့် စကားများထဲတွင် အကျိုးရှိမည့်အချက်အလက်များ မပါဝင်နေစေကာမူ သူယခင်မှ ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များနှင့် တသမတ်တည်း ကိုက်ညီနေခဲ့သည်။
ထိုသူမှာ လိမ်ညာနေသည့်ပုံမပေါ်ချေ။
သို့သော်လည်း မည်သူသည် ရွှယ်ယန်၏မျက်လုံးအောက်မှ ကျင်းလင်မြို့ထဲတွင် ထိုကဲ့သို့သောအရာမျိုးကို စီစဉ်ရဲသည်နည်း။
" အဲ့လူတွေ မင်းကိုဘယ်အချိန်တုန်းကရှာတွေ့ခဲ့တာလဲ…" ကျွင်းဟွိုင်လန် ခဏကြာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်လေသည်။
" လွန်ခဲ့တဲ့သုံးနှစ်က…" ဓားပြခေါင်းဆောင်မှ ပြန်ဖြေလိုက်သည်။
ကျွင်းဟွိုင်လန် ထိတ်လန့်သွားပြီး " လွန်ခဲ့တဲ့သုံးနှစ်ထဲကလား .."
" အမှန်ပဲ.. " ဓားပြခေါင်းဆောင်မှ ပြန်ဖြေလိုက်သည် " အစကတော့ ငါက သိုင်းလောကသားတစ်ယောက်ပဲ.. လက်ထပ်ပြီးတော့ ကျင်းလင်မှ အခြေချခဲ့တာ..အဲ့အချိန်တုန်းက ငါလူတစ်ယောက်နဲ့စကားများခဲ့ပြီးတော့ သူ့ကိုအတော်လေးထိခိုက်စေမိတဲ့အတွက် ငါ့မိသားစုကို အကြွေးတွေ အများကြီးတင်သွားစေခဲ့မိတယ်..အဲ့ဒီအကြွေးတွေကို သူတို့ဆပ်ပေးခဲ့တာ..အဲ့နောက်မှာမှ အမိန့်တွေစပေးခဲ့တာပဲ…"
ထို့နောက်တွင်မှသာ ကျွင်းဟွိုင်လန် ရုတ်တရက်ဆိုသလို ယခင်ဘဝမှ ကျင်းလင်မြို့၏အဖြစ်ဆိုးနှင့် ကျွင်းမိသားစုအကြောင်းကို သဘောပေါက်သွားခဲ့ရသည်။ ယခင်ဘဝတွင် အခြေအနေများမှာ မခန့်မှန်းနိုင်တော့သည်အထိ ဖြစ်ခဲ့ကာ ရုံးတော်၏အမှုထမ်းများကြားမှ လက်ပါးစေများကိုလည်း ရှာတွေ့နိုင်ရန် အလွန်ပင်ခက်ခဲလှသည်။
၎င်းမှာ နောက်ကွယ်မှလူသည် ထိုအရာကို အချိန်အကြာကြီးထဲကစ၍ ပြင်ဆင်ထားခဲ့ခြင်းကြောင့်ပင်။ သူတို့မရောက်လာခင်မှာပင် ထိုသူများမှာ တင်းကြပ်သည့်ထောင်ချောက်ကို အသင့်ပြင်ထားပြီးဖြစ်နေကာ ခြေချလိုက်သည့်မည်သူမဆို မြုပ်နှံရန် မြေမရှိသည်အထိ ဖြစ်သွားနိုင်ပေသည်။
ကျန်းနန်တွင် မိုးများစွာ ရွာသွန်းလေ့ရှိသော်ငြား မြစ်ရေလျှံကျခြင်းနှင့် ဆည်ကျိုးပေါက်ခြင်းမှာမူ ဖြစ်ပွားလေ့ရှိသော အရာမဟုတ်ပေ။
ထိုအတူ့ နောက်ကွယ်မှ လူစုသည်လည်း ထိုအရာကို အချိန်အတော်ကြာပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့သည် ကျင်းလင်တွင် သူတို့၏လူများကို မြုပ်နှံထားပြီး ပေကျင်းမှအရာရှိများရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မူလစီစဉ်ထားသည့်ပုံစံကို ထုတ်ကာ ထိုသူများကို ချောက်ထဲသို့ ဆွဲချမည်ဖြစ်သည်။
ပထမဦးဆုံး ကပ်ဘေးကို ဖော်ဆောင်ကာ ဒုက္ခသည်များကို ဆူပူအုံကြွစေပြီးနောက် ကျင်းနန်သို့ စာမေးပွဲဖြေရန်လာရောက်သည့် စာသင်သားများအကြားတွင် ကြီးမားသော အထိကရုန်းကိုဖြစ်ပွားစေမည်ဖြစ်သည်။ ပြီးနောက်တွင် ရွှေငွေလာဘ်စားမှုမှ အရှုပ်အထွေးကိုအသုံးချကာ အရာရှိများကို ချောက်ချမည်ပင်။
ဤနည်းအားဖြင့် ထိုသူများမှာ တစ်ဖက်သားကို အန္တရာယ်ဖြစ်စေမည့်အပြင် အကျိုးအမြတ်များလည်း ရရှိနိုင်ပေမည်။
အကယ်၍ လာရောက်သူများမှာ သူတို့အန္တရာယ်ပြုမည့်သူကိုယ်တိုင်မဟုတ်ခဲ့လျှင်ပင် ထိုသူ၏လက်အောက်ငယ်သားဖြစ်နေပါက သူတို့၏အကြံအစည်ကျဆုံးလိမ့်မည်မဟုတ်ချေ။ သူတို့စီစဉ်ထားသည့်လူများမှ အထိကရုန်းများကိုဖန်တီးကာ တစ်ဖက်သူအား ဖြေရှင်းခိုင်းနိုင်သေးသရွေ့ ဇာတ်တိုက်ထားသကဲ့သို့ နိုင်ငံရေးတွင် သဘာဝကျကျ အောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်သည်။
ကျွင်းဟွိုင်လန်၏ နောက်ကျောတွင် အေးစက်သွားလေသည်။
ထိုသူများမှာ ရုံးတော်မှအရာရှိများနှင့် အရပ်သားများကို သူတို့၏ကျားစေ့နှယ်အသုံးချနေကြသည်ပင်။
ထိုသူများမှာ သေသင့်သည်။
ကျွင်းဟွိုင်လန် ထိုင်ခုံမှ ဖြည်းဖြည်းချင်း ထထိုင်လိုက်ကာ အစောင့်များကို လိုက်မလာရန် လမ်းယမ်းပြလိုက်ပြီးနောက် အချုပ်ခန်းအတွင်းမှ တစ်ဦးတည်း လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။
ယခုအချိန်တွင် တစ်ဖက်သူ၏လှုပ်ရှားမှုများကို မြင်နေရသည်မှ ရယ်ဖွယ်ကောင်းလှသော်လည်း ထိုသူမှာ စောစီးစွာစတင်ခဲ့ကာ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားခဲ့သည်။ သူ၏စိတ်ထဲတွင် ယခင်ဘဝမှ အကြမ်းဖျင်းအချက်အလက်များ ရှိနေသေးသည်ဆိုလျှင်ပင် သူထိုအရာကိုမည်သူမှလုပ်ဆောင်ခဲ့သည် သို့မဟုတ် သူမည်သို့ဖြေရှင်းရမည်ကို သိမနေခဲ့ပေ။
ထို့အပြင် သူသိနေခဲ့လျှင်ပင် သူကဲ့သို့ ရုံးတော်တွင် တရားဝင်ရာထူးရာခံမရှိသေးသည့် မြို့စားမင်း၏သားတစ်ယောက်မှာ မည်သို့ဖြင့် ထိုကဲ့သို့သောလူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။
ကျွင်းဟွိုင်လန် သူ၏အတွေးများအတွင်းနစ်မြုပ်လျက် အချုပ်ခန်းအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
ထိုအချိန်တွင် သူ ရင်ဘတ်တစ်ခုနှင့် တိုက်မိသွားလေသည်။
၎င်းမှာ တောင့်တင်းမာကျောနေကာ မွှေးကြိုင်သင်းပျံ့သော စန္ဒကူးအနံ့ရှိနေခဲ့သည်။
" ဘာဖြစ်တာလဲ…" ရွှယ်ယန် သူ၏ခေါင်းကို ငုံ့လျက်မေးလာခဲ့သည်။
သူခေါင်းမော့လိုက်ချိန်တွင် သူ၏မျက်လုံးများနီရဲနေခဲ့သည့်အကြောင်းကို ကျွင်းဟွိုင်လန် မသိခဲ့ပါချေ။
၎င်းမှာ မျက်ရည်များဖြင့် ရစ်သီနေကာ အလွန်ပင် သနားစဖွယ်ဖြစ်နေခဲ့သည်။
ရွှယ်ယန် လက်တစ်ဖက်ဖြင့် ကျွင်းဟွိုင်လန်ကို သူ၏လက်မောင်းများအတွင်း ဆွဲသွင်းလိုက်ကာ " ရပါတယ်.. အဆင်ပြေသွားပြီပဲဟာ…"
သူ၏အခြားလက်တစ်ဖက်မှာမူ ကျွင်းဟွိုင်လန်၏ခေါင်းနောက်ဖက်ကို ကိုင်ကာ သူ၏လည်ပင်းအနီးသို့ဖိချလိုက်ပြီး " စစ်ဆေးတာပြီးသွားပြီမဟုတ်လား.. အခုအရာအားလုံးက ကိုယ့်အပေါ်ပဲ မူတည်တော့တယ်…"
အလုပ်သမားခေါင်းဆောင်က အလောင်းအစားပြုလုပ်လိုက်ခြင်းသာဖြစ်သည်။
မည်သူက သူ့ကိုညွှန်ကြားနေခြင်းအား မသိသော်လည်း သူတို့က ဆည်ကျိုးပေါက်အောင် လုပ်ခဲ့သည့် တရားခံများဖြစ်၍ ဤသက်သေတစ်မျိုးတည်းနှင့် လုံလောက်နေပြီဖြစ်သည်။ ကျွင်းဟွိုင်လန်၏ မှတ်တမ်းနှင့် ရုပ်ပုံများကိုထပ်ပေါင်းလိုက်သည့်အခါ မျက်မြင်သက်သေများနှင့် ပစ္စည်းသက်သေများပါရှိနေပြီဖြစ်သည်။ ဤသို့ဖြင့် တာဝန်ရှိသူများက စတင်ရှင်းလင်းကြတော့သည်။
သို့ရာတွင် ရွှယ်ယန်က သက်သေများကိုသိမ်းထားလိုက်သည်။
" ဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ်... ချန်အန်းနဲ့ ကျန်းနန်ကလူတွေ ဒီကိစ္စမှာ ပါနေတယ်..."
ရွှယ်ယန်က စာရွက်ကိုယူလိုက်ပြီး ကျွင်းဟွိုင်လန်ကိုပြောလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ထို့နောက် ရွှယ်ယန် ဆက်ပြောသည်ကို ကြားလိုက်ရသည်။
" ဒါပေမဲ့ သူတို့က သိုသိုသိပ်သိပ်နဲ့ ပုန်းနေနိုင်ကြတယ်... လူမိသွားမယ့်ကိစ္စတွေကို ကိုယ်တိုင်လုပ်ကြမှာမဟုတ်ဘူး..."
ကျွင်းဟွိုင်လန်က မေးလိုက်သည်။
" အဲဒါဆို ဘယ်လိုလုပ်ကြမလဲ..."
ရွှယ်ယန်က ထိုစကားများကြားသည့်အခါ ပြုံးပြလိုက်သည်။
" သူတို့လုပ်လို့မပြီးသေးတဲ့ကိစ္စတွေ ဆက်လုပ်ခိုင်းလိုက်လေ..."
ရွှယ်ယန်က စားပွဲခုံကိုလက်ဖြင့်တောက်နေသည်။
" အခြေအနေတစ်ခုအထိ တွန်းအားပေးခံရမယ်ဆိုရင် ဆွေစဉ်မျိုးဆက်ကိုးဆက်လောက်အထိ အပြစ်ပေးခံရမယ်ဆိုရင်တောင် လုပ်ဖို့ကြိုးစားမှာပဲ ဟုတ်တယ်မလား..."
ကျွင်းဟွိုင်လန် အနည်းငယ် တအံ့တဩဖြစ်သွားသည်။
ရွှယ်ယန်က ရှေ့သို့တိုးလာပြီးပြောလိုက်သည်။
" သူတို့စီစဉ်ထားတဲ့ ကိစ္စတွေက တော်တော်လေး ရိုးရှင်းပါတယ်... ဒါပေမဲ့ အမှားလုပ်မိရင်တော့ ကိုယ့်ပိုးကောင်အိမ်ထဲ ကိုယ်ပြန်ပိတ်မိနေမှာပဲ..."
သူ ပြောနေလျက်နှင့်ပင် ကျွင်းဟွိုင်လန်ကိုလှမ်းကြည့်လိုက်သည်။
" အဲ့အချိန်ရောက်ရင်တော့ သူတို့အသက်ရှင်ချင်ရင်တောင်မှ ရှင်ဖို့မလွယ်တော့ဘူး..."
သူ့ရှေ့မှရွှယ်ယန်က ထူးဆန်းနေသကဲ့သို့ တစ်ချိန်တည်းတွင် ရင်းနှီးနေသည်။ သူ့မျက်ဝန်းများက အေးစက်ပြီး ကြမ်းကြုတ်ပုံပေါ်နေသော်လည်း ကျွင်းဟွိုင်လန်ကို စိတ်ချသွားစေကာ သူက အားကိုးရသည့်လူတစ်ယောက်ဟု မခံစားရပဲ မနေနိုင်ဖြစ်သွားသည်။
ကျွင်းဟွိုင်လန်၏ အကျိုးသင့်အကြောင်းသင့် တွေးခေါ်တတ်မှုကပင် ထိုခံစားချက်ကို မခုခံနိုင်ပေ။
သူစကားမပြောမီမှာပင် ရွှယ်ယန်က သူ့နဖူးကို ခပ်ဖြည်းဖြည်းပုတ်လိုက်သည်။
" ဒါပေမဲ့ ဒီကိစ္စတွေအားလုံးကို မင်းလုပ်စရာမလိုဘူး... အဲဒါတွေက ပင်ပန်းပြီး ညစ်ပတ်တယ်... မင်း အဖေကိုသတ်ချင်တဲ့လူ ဘယ်လိုသေသွားမလဲဆိုတာပဲ စောင့်ကြည့်နေလိုက်ပါ..."
ရွှယ်ယန် ပြုံးပြလိုက်ချိန်တွင် သူ့မျက်ဝန်းဝန်းထဲမှ အုံ့မှိုင်းနေသည့်အရာများ ပျောက်ကွယ်သွားသည်။
ကျွင်းဟွိုင်လန် ခဏအကြာတွင်မှ စကားပြန်ပြောနိုင်သည်။
" ဒါဆိုရင် ဒီသက်သေတွေက အသုံးမဝင်ဘူးပေါ့..."
ရွှယ်ယန်က ခပ်တိုးတိုးရယ်လိုက်သည်။
" ဘာလို့ အသုံးမဝင်ရမှာလဲ... အသုံးဝင်လို့ ကိုယ်သိမ်းထားလိုက်တာပေါ့..."
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားမိသည်။
ရွှယ်ယန်က ဆက်ပြောလိုက်သည်။
" သူတို့ကိုယ်သူတို့ ပိုက်ကွန်ထဲပြန်ဝင်မိသွားတဲ့အချိန်ရောက်ရင် အဲဒီသက်သေတွေက ဘယ်သူဘယ်ဝါဆိုတာ အတိအကျမပြောနိုင်ရင်တောင် အဲ့ပိုက်ကွန်ကိုပိတ်ဖို့ နောက်ဆုံးကြိုးတစ်ချောင်းဖြစ်လာမှာပဲ..."
" ပြီးတော့ဘုရင်တစ်ပါးရဲ့သံသယက ဘယ်သူဘယ်ဝါဆိုတာ သက်သေတွေနဲ့ ပြနေစရာကိုမလိုဘူးလေ..."
——
ထိုနေ့မှစ၍ ကျွင်းဟွိုင်လန်မှာ ဆည်ကျိုးသွားရသည့်ကိစ္စက လုပ်ကြံထားခြင်းဖြစ်သည်ကို မသိသကဲ့သို့သာနေပြီး ထပ်မပြောတော့ပေ။
ကျင်းလင်က တိမ်ထူထပ်ပြီး မိုးရွာသွန်းနေဆဲဖြစ်သည်။
မြောက်ပိုင်းတွင် မြို့၏ ၃၀%ခန့်က မြစ်ရေလွှမ်းသွားခဲ့သည်။ ဆည်ကျိုးသွားသည်ကို မပြုပြင်ရသေးသည့်အပြင် မြစ်ရေများက မြို့တွင်းသို့စီးဝင်နေဆဲဖြစ်သည်။ ထိုရေများကို အလုပ်သမားများနှင့် စစ်သားများက ကျောက်တုံး၊ သဲတို့နှင့် ယာယီပိတ်ဆို့ထားသော်လည်း မိုးသည်းလာသည်နှင့် ၎င်းတို့က ရေဖြင့်မျောပါသွာကြမည်ဖြစ်သည်။
သို့ဖြစ်၍ ဆည်ကျိုးပေါက်ပြီး ဒုတိယမြောက်နေ့တွင် ကျွင်းဟွိုင်လန်က ရှန်းကျီဖုကို သွားရောက်ရှာဖွေခဲ့သည်။
ကျင်းလင်မှဆည်ကို လွန်ခဲ့သည့်ဆယ်နှစ်ခန့်က အောက်ရုံးတော်တရားသူကြီးက ပြင်ဆင်ခဲ့ပေးပြီးချိန်မှစ၍ မကျိုးပျက်ခဲ့ဖူးပေ။ သို့ဖြစ်၍ ဤသို့သောကပ်ဘေးကြီးက ယခင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
ယခုချိန်တွင် အရာရှိများအားလုံး ကူကယ်ရာမဲ့နေကြသည်။
သို့ရာတွင် ကျွင်းဟွိုင်လန်က ကွာခြားသည်။ ယခင်ဘဝက သူ့ဖခင်၏ ငွေကြေးအလွဲသုံးစားပြုခံရခြင်းစွပ်စွဲချက်၏ မူလအကြောင်းအရင်းကို ရှာဖွေရန်အတွက် ကျန်းနန်တွင်ဖြစ်ပေါ်ခဲ့သည့် ကပ်ဘေးကြီးကို အစဆုံး ပြန်လည်လေ့လာခဲ့သည်။ ယခုအခါတွင် ဆည်များအကြောင်းနှင့် ရေထိန်းသိမ်းမှုများအကြောင်းကို သိရှိနေရုံသာမက ဆည်ကို မည်သို့ပြုပြင်ရမည်ကိုပါ သိနေပြီဖြစ်သည်။
ဤကိစ္စတွင် ကူညီပေးရန်အတွက် ရှန်းကျီဖုကိုရှာခဲ့သည်။
ရွှယ်ယန်ရှိလျှင် ရှုမိသားစုနှင့် ကောရုန်ဝမ်အကြောင်းကို စိတ်ပူနေရန် မလိုအပ်တော့ပေ။ထို့အပြင် သူက ထိုလူများကိုတိုက်ခိုက်ရန် ရွှယ်ယန့်ကဲ့သို့ အာဏာလည်းမရှိပေ။
သို့ဖြစ်၍ သူလုပ်နိုင်သည့်ကိစ္စများကိုသာ လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျင်းလင်မြို့ထဲမှလူများကို ကာကွယ်ရန် အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။
သူ ပြန်လည်မွေးဖွားလာသည့်ကိစ္စကို ရှန်းကျီဖုကို တိုက်ရိုက်ပြောပြ၍မရပေ။ သူက မြစ်ရေထိန်းသိမ်းမှုအကြောင်းကိုသာ စိတ်ဝင်စား၍ စာအုပ်များထဲမှဖတ်ရှု့လေ့လာခဲ့ဖူးသောကြောင့် ဆည်ကိုပြုပြင်ရန်အတွက် သူ့ကိုယ်ပိုင်အမြင်များအား ရှန်းကျီဖုကိုလာရောက်ပြောပြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
သူ့စကားများကြားသည့်အခါ ရှန်းကျီဖုကိုယ်တိုင်ကလည်း သူပြောပြသည့်နည်းလမ်းက ဖြစ်နိုင်ချေရှိသည်ဟုခံစားရ၍ သဘောတူလိုက်သည်။ ထို့နောက် ဆည်ကိုပြန်လည်ပြုပြင်ခြင်းကိစ္စကို မြို့စားမင်းယုံနင်၏နာမည်အောက်တွင်ထားပြီး ကျွင်းဟွိုင်လန်ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်သည်။
ကျွင်းဟွိုင်လန်က အရာရှိများ၊ စစ်သားများနှင့် အထောက်အပံ့များအားလုံးကို ခွဲဝေနေရာချပြီး မနက်စောစောထွက်သွားကာ ညနေဆိုလျှင်လည်း နောက်ကျမှ ပြန်လာသည်။ ထို့နောက် သင့်တော်သည့်မြေနေရာတစ်ခုရှာဖွေကာ မြေတူးပြီးဆည်ကိုပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်တော့သည်။
Xxxxxx