Chapter 116
ဆည်ကို ပြန်လည်ပြုပြင်ရမည့်ကိစ္စက ယခုအချိန်တွင် အရေးကြီးဆုံးဖြစ်နေပြီး ထိုကိစ္စအပြင် မြို့ထဲတွင်လည်း သောင်းနှင့်ချီသော ဒုက္ခသည်များရှိနေပြန်သည်။
ထွက်ပြေးလွတ်မြောက်လာသူများနှင့် ကယ်ဆယ်ခံရသည့်လူဦးရေများက အရေအတွက်ကြီးလာသဖြင့် မြို့ထဲတွင်နေထိုင်ရန် အဆင်မပြေဖြစ်လာသောကြောင့် တောင်ပိုင်းဒေသများသို့ ပြောင်းရွှေ့နေရနေထိုင်ရတော့သည်။ ဤရက်ပိုင်းအတွင်း ကျင်းလင်မှအရာရှိများက အလွန်အလုပ်များနေကြ၍ ရုံးတော်တွင် မရှိကြပေ။
ရေလွှမ်းခံရသည့် အိမ်များက ပျက်စီးသွားပြီဖြစ်၍ သူတို့၏ပိုင်ဆိုင်မှုများက ရေမြုပ်သွားပြီဖြစ်သည်။ သို့ဖြစ်၍ အစားအစာ၊ အဝတ်အထည် ၊ နေထိုင်ရေးနှင့် ရွှေ့ပြောင်းရေးကိစ္စများက ကျင်းလင်မြို့တော်တွင် ပြဿနာဖြစ်လာသည်။
မြို့ထဲမှ အစားအသောက်ဈေးနှုန်းများက မြင့်တက်သွား၍ ယခုချိန်တွင် သာမန်ပြည်သူများက အန္တရာယ်ကျရောက်နေကြသည်။
သို့ရာတွင် ထိုသို့ဖြစ်ခြင်းက အထက်တန်းလွှာများနှင့် လူချမ်းသာကုန်သည်များအတွက် ဝမ်းသာစရာဖြစ်နေသည်။
ဤရက်ပိုင်းအတွင်း ရေလွှမ်းမိုးမှု ငြိမ်သက်သွားသည့်အခါ သတင်းတစ်ပုဒ်က ကျင်းလင်မှ အထက်တန်းလွှာမိသားစုများအကြားတွင် ပျံ့နှံ့လာသည်။
မြို့တောင်ဘက်ပိုင်းမှ ချင်းယွဲ့ရင်ပြင်တွင် အထက်တန်းစားပြည့်တန်ဆာတစ်ယောက်၏ ပထမဆုံးညအတွက် ရက်အနည်းငယ်အတွင်း လေလံပွဲပြုလုပ်မည်ဟူသော သတင်းဖြစ်သည်။
ယန်ဇီမြစ်တောင်ပိုင်းမှ ပန်းပွင့်လမ်းတွင် ထိုလေလံပွဲပြုလုပ်ခြင်းက အထူးအဆန်းဖြစ်နေသည်။ ပြည့်တန်ဆာအိမ်မှ သာမန်မိန်းကလေးတစ်ယောက်နှစ်ယောက်၏ ပထမဆုံးညကို လေလံဆွဲ၍ ရောင်းချခြင်းကမူ ဖြစ်ရိုးဖြစ်စဉ်မျိုးဖြစ်သည်။
ဤတစ်ကြိမ်တွင် ထူးခြားနေသည်မှာ လေလံဆွဲရမည့်မိန်းကလေးက ချင်းယွဲ့ရင်ပြင်မှ နာမည်ကြီးဖြစ်သည့် ယွီကျင်းဟူသော မိန်းကလေးဖြစ်နေသောကြောင့်ပင်။
မိန်းကလေးယွီကျင်းက ယခုချိန်တွင် ၁၅နှစ်ပြည့်သွားပြီဖြစ်သည်။ သူမက သဘာဝအလှဖြင့် မွေးဖွားလာခဲ့သည့်လူဖြစ်ပြီး လွန်ခဲ့သည့်တစ်လခန့်က ရင်ပြင်တွင် ကပြဖျော်ဖြေခဲ့ပြီးသည့်နောက် မြို့ထဲတွင် နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ ချင်းယွဲ့ရင်ပြင်က သူမကို တန်ဖိုးထားဆက်ဆံသည်။ တစ်လကြာပြီးသည့်အချိန်ထိ သူမက အပြင်ဘက်တွင် အကြိမ်များစွာမပေါ်လာခဲ့ဖူးပေ။
သို့ဖြစ်၍ ဤတစ်ကြိမ်တွင် ချင်းယွဲ့ရင်ပြင်သို့ ဝင်ခွင့်လက်မှတ်ရရှိရန်က ပို၍ခက်ခဲလာခဲ့သည်။ အထက်တန်းလွှာများနှင့် ချမ်းသာသောကုန်သည်များက မိန်းကလေးယွီကျင်းကိုကြည့်ရရန်အတွက်ဖြင့် ငွေကြေးများစွာ သုံးစွဲကြတော့သည်။
ယခုအခါတွင် ဤမိန်းကလေးကို လေလံပစ်၍ ရောင်းချတော့မည်ဖြစ်သည်။
ပို၍မမျှော်လင့်ထားကြသည့်အရာမှာ ဤတစ်ကြိမ်တွင် ချင်းယွဲ့ရင်ပြင်က ကောလဟာလများ ဖြန့်ထားခြင်းပင်။ အမြင့်ဆုံးလေလံဆွဲသူက ဈေး၏ဆယ်ဆကိုပေးမည်ဆိုပါက မိန်းကလေးယွီကျင်းကို အိမ်သို့ ကိုယ်တိုင်ခေါ်သွားနိုင်မည်ဟူသောသတင်းဖြစ်သည်။
ချင်းယွဲ့ရင်ပြင်၏ပိုင်ရှင်က ကျင်းလင်တွင်ကြာကြာနေချင်စိတ်မရှိ၍ ထိုမိန်းကလေးကို ငွေဖြင့်လဲလှယ်နေခြင်းဟု လူအများစုက ပြောနေကြသည်။ ထိုသို့ဖြစ်သော်လည်း လူအများစုက မိန်းမလှလေးကို မြင်တွေ့နေချင်ကြဆဲဖြစ်သည်။
မိန်းကလေးယွီကျင်းကြောင့် အချိန်တစ်ခုအထိ ခြောက်ကပ်နေခဲ့သောကျင်းလင်မြို့က ပြန်လည်စည်ကားပြီးစီးပွားရေးများ ပြန်လည်ဖြစ်ထွန်းလာသည်။
သို့ရာတွင် ကျင်းလင်ရုံးတော်က ထိုလူများထဲတွင် မဝါဝင်ခဲ့ပေ။
အစားအစာများ၊ ဆေးဝါးများနှင့် ရွှေငွေများကို ဤဟို့သောကပ်ဘေးမျိုးတွင် ဝေခွဲပေးရန် ရုံးတော်၏ နေရာအနှံ့တွင် သိမ်းဆည်းထားခြင်းဖြစ်သည်။
ယခုအခါ စားစရာနှင့် ဆေးဝါးများကို ကပ်ဘေးဒုက္ခသည်များကို ဝေခွဲပေးလိုက်ပြီဖြစ်၍ ကျန်ရှိနေသော ရွှေငွေများကို ကုန်သည်များထံမှ အစားအသောက်နှင့် ဆေးဝါးများဝယ်ရန် အသုံးပြုရတော့မည်ဖြစ်သည်။ သို့ဖြစ်၍ ဘဏ္ဍာငွေများအားလုံးကို သုံးရတော့မည်သာ။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကအထိ ရှန်းကျီဖုက ဤကိစ္စများကို ဆောင်ရွက်ခဲ့သည်။ ဘဏ္ဍာတိုက်မှ ငွေကြေးများကိစ္စများကို မည်သူ့ကို တာဝန်ယူခိုင်းရမည်ကိုလည်း ရွှယ်ယန့်ကို မေးကြည့်ခဲ့သည်။
" ဒီလို အသေးအဖွဲ့ကိစ္စတွေကို ခင်ဗျားကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်တာမလား... ပုံမှန်ဆိုရင် ဘယ်သူလုပ်လဲ..."
ရွှယ်ယန် မျက်လုံးလှန်ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းထဲမှ စိတ်မရှည်မှုများကို မြင်တွေ့လိုက်ရသည်။
ရှန်းကျီဖုက အလျင်အမြန် ပြန်ဖြေလိုက်သည်။
" မြို့စားမင်းယုံနင်ရဲ့လက်အောက်က ကောရုန်ဝမ်ပါအရှင်..."
" ဒါဆိုလည် သူ့ပဲလုပ်ခိုင်းလိုက်လေ..."
ရွှယ်ယန်က သူ့မျက်ဝန်းထဲမှ တွက်ချက်နေမှုများကို ဖုံးကွယ်ထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ပုံမှန်အချိန်တွင် ငွေရေးကြေးရေ၊ အစားအစာနှင့် ဆေးဝါး ထိုကိစ္စအားလုံးကို ကောရုန်ဝမ်တစ်ယောက်တည်းသာ စီစဉ်ရခြင်းဖြစ်သည်။ အရာရှိများထဲတွင် သူလျှိုက မည်သူဖြစ်နေကြောင်းကို ရှန်းကျီဖုက မသိ၍ ဤကိစ္စက အရေးကြီးသည်ထင်သောကြောင့် ရွှယ်ယန့်ကို လာရောက်လျှောက်တင်ခြင်းဖြစ်သည်။
ရွှယ်ယန် ခွင့်ပြုသည်ကိုကြားသောအခါ သူက နှုတ်ဆက်ပြီး ပြန်ထွက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ရွှယ်ယန်က သူ့ကိုတားလိုက်သည်။
" နေဦး..."
ရှန်းကျီဖု ရပ်သွားသည်။
ရွှယ်ယန်က မေးလိုက်သည်။
" ငွေတွေနဲ့ ဆန်တွေကို သပ်သပ်စီခွဲထားတာမလား..."
" မှန်လှပါအရှင်..."
" တစ်ယောက်တည်းလုပ်ရင် နှေးပြီးတော့ မြန်မြန်မပြီးပဲနေမယ်... စားနပ်ရိက္ခာတွေကိုရေတွက်ရတာ ပြဿနာများတယ် အဲဒါကိုလူကြီးမင်းရှန်းလည်း လုပ်လိုက်ပါ ငွေကိစ္စအတွက်ကတော့ မပူပါနဲ့... ဒုက္ခသည်တွေကို နေရာချဖို့တွေကတော့ မြို့စားမင်းယုံနင်ကိုပဲ လက်လွှဲထားလိုက်တော့..."
ရှန်းကျီဖုက အမိန့်နာခံပြီးနောက် အမြန်ပြန်ထွက်သွားသည်။
သို့ဖြစ်၍ ရွှယ်ယန်၏စီစဉ်ပေးမှုအရ သူနှင့် ကောရုန်ဝမ်က ဘဏ္ဍာတိုက်ထဲမှ အစားအစာ၊ စားနပ်ရိက္ခာနှင့် ရတနာများကို ရေတွက်ရတော့မည်ဖြစ်သည်။ ယနေ့တွင် ရွှယ်ယန်၏စားပွဲပေါ်သို့ လျှို့ဝှက်စာတစ်စောင် ရောက်နေခဲ့သည်။
သူ မှန်းဆထားသည့်အတိုင်းဖြစ်သည်။
ရှုစုန့်အန်းဟူသောကောင်လေးက ယွီကျင်းကို လေလံဆွဲရောင်းချတော့မည်ကိုသိ၍ အရေးတကြီး ငွေလိုအပ်လာခဲ့သည်။ သို့ရာတွင် သူ့လက်ထဲ၌ ငွေပိုလျှံနေခြင်းမရှိပေ။ ဤနေရာက မြို့တော်နှင့် ဝေးကွာနေသည်ဖြစ်၍ သူ့မိသားစုကိုလည်း ငွေတောင်းခံ၍ မရပေ။ အထက်တန်းစားပြည့်တန်ဆာတစ်ယောက်အတွက်နှင့် သူ့အဖေထံမှ ငွေတောင်းရန်က ပို၍ပင် မဖြစ်နိုင်ပေ။
သို့ဖြစ်၍ သူ ကောရုန်ဝမ်ကို ချက်ချင်းရှာဖွေရတော့သည်။
ရှုမိသားစုမျိုးဆက်သုံးဆက်လုံး၏ အဖိုးတန်မြေးလေးကသူ့ကို ငွေတောင်းနေ၍ ကောရုန်ဝမ်တွင်လည်း ငွေမရှိသော်လည်း ထိုကိစ္စကိုလည်း သူ မပြောရဲပေ။ ကျင်းလင်မှ နာမည်ကြီး အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ကိုဝယ်ရန် ငွေပမာဏများစွာကိုလည်း မည်သည့်နေရာမှ သွားယူရမည်မသိဖြစ်နေသည်။
ထိုအချိန်တွင် ကျင်းလင်၏ ဘဏ္ဍာတိုက်ကို စီမံပိုင်ခွင့်က သူ့လက်ထဲရောက်လာသည်။
သူက ဆန်စပါးများကို ပထမဆုံးတစ်ကြိမ် ပေးပို့ခဲ့ဖူးသူဖြစ်၍ ကျင်းလင်တွင် ဆန်ဈေးများတက်နေသည်ကို အခွင့်အရေးယူလိုက်သည်။ သို့ဖြစ်၍ ရုံးတော်မှပိုင်ဆိုင်သည့် ဆန်စပါးများကို ကုန်သည်များထံရောင်းလိုက်ပြီး ထိုကိစ္စကိုဖာထေးရန်အတွက် တစ်ညတွင်းချင်း ငွေစာရင်းအတုတစ်ခု စီမံထားလိုက်သည်။
သို့ရာတွင် သူ မသိလိုက်သည်မှာ သူရှာတွေ့ခဲ့သော ကုန်သည်က ရွှယ်ယန်လွှတ်ထားသည့်လူဖြစ်နေခဲ့သည်။
ထိုကုန်သည်က ကောရုန်ဝမ်၏ စာချုပ်နှင့်အတူ အခြားစာချုပ်တစ်ခုကို ပုံတူကူး ပြုလုပ်ထားခဲ့ပြီး ဆန်မည်မျှကို ယူဆောင်လာပြီး ရောင်းချကာ မည်မျှပို့ဆောင်ပေးခဲ့သည်ကိုလည်း အတိအကျမှတ်ထားခဲ့သည်။
ကောရုန်ဝမ်က ငွေအရေးတကြီးလိုအပ်နေသည်ဖြစ်၍ သူနှင့် ရှုပ်ရှုပ်ရှက်ရှက် မဖြစ်လိုတော့ပေ။ အရာရှိများနှင့် ကုန်သည်များအကြားတွင် ကွာခြားချက်များ ရှိသည်ကို သူသိသည်။ သာမန် ဆန်ရောင်းဝယ်သူများက အရာရှိများ၏နာမည်ကို မသိသည်ကများ၍ ယုံကြည်ချက်အပြည့်ဖြင့် လက်မှတ်ထိုးပြီး တံဆိပ်တုံးနှိပ်ပေးခဲ့သည်။
သို့ရာတွင် ထိုလက်မှတ်နှင့် တံဆိပ်တုံးနှိပ်လိုက်သည်က လျှို့ဝှက်စာနှင့်အတူ ရွှယ်ယန်၏ စားပွဲပေါ်သို့ ရောက်သွားနှင့်သည်ကို သူ မသိလိုက်ပေ။
ရွှယ်ယန်က လျှို့ဝှက်စာကိုကိုင်ပြီး ထေ့ငေါ့စွာ ပြုံးလိုက်သည်။
ယခုအခါတွင် ကောရုန်ဝမ်က ဒုက္ခသည်များကိုဝေမျှရမည့် အစိုးရပိုင် ဆန်စပါးများကို အလွဲအသုံးစားလုပ်သည့်အကြောင်းကို အတည်ပြုပြီးပြီဖြစ်သည်။ ရှုမိသားစု၏ မြေးဖြစ်သူကလည်း အထက်တန်းစားပြည့်ဆန်ဆာတစ်ယောက်ကို အများပိုင်ငွေကြေးများစွာဖြင့် ဝယ်ယူတော့မည်ဖြစ်သည်။ ထိုငွေများကို ခြေရာခံလိုက်ပါက အားလုံးပေါ်သွားတော့မည်သာဖြစ်သည်။
ကောရုန်ဝမ်က ရှုရှန်း၏မြေးကို လာဘ်ထိုးရန် ငွေကြေးများစွာ ပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ဧကရာဇ်ချင်းဖျင်က မျက်စိကန်းနေလျှင်ပင် သူတို့အကြားမှ ဆက်နွယ်မှုများကို မမြင်ပဲနေတော့မည်မဟုတ်ပေ။
ရွှယ်ယန်က စာကို ဖြည်းဖြည်းသာပြန်ချထားလိုက်သည်။
သူ စာဖတ်ပြီးသွားသည်ကို မြင်ဟောအခါ ဘေးနားမှ ကျင်းပေါင်က အလျင်အမြန်ပြောလိုက်သည်။
" သခင် ဆန်ကုန်သည်က နောက်ထပ်ဘာလုပ်ရမလဲ မေးနေပါတယ်..."
ရွှယ်ယန် ခဏရပ်တန့်သွားသည်။
ထိုကိစ္စအတွက်ကိုမူ သူ မဆုံးဖြတ်ရသေးပေ။ သူလုပ်စရာလိုသည်က ကောရုန်ဝမ် ငွေကြေးအလွဲသုံးစားလုပ်ထားသည့်အကြောင်း သက်သေတစ်ခုကျန်ရန်သာဖြစ်သည်။ ဆန်ကုန်သည်ကိုမူ ကောရုန်ဝမ်ယူသွားသည့်ဈေးထက် ၁၀%သာ လျှော့ပေးလိုက်သော်လည်း အမြတ်ကျန်နေဆဲဖြစ်သည်။ ယခုကျန်ရှိနေသည်မှာ ထိုလူက ဘာတစ်ခွန်းမှ မဟပဲ မသိချင်ယောင်ဆောင်နေရန် ဖြစ်သည်။
ထိုဆန်များ မည်သည့်နေရာသို့ ရောက်သွားပြီး မည်သူ့ကိုရောင်းမည်ကို သူ ဂရုမစိုက်ပေ။
သို့ရာတွင် ရွှယ်ယန် တွန့်ဆုတ်နေမိသည်။
ဒုက္ခသည်တွေကို ဝေပေးရမယ့်ဆန်တွေကို ကောရုန်ဝမ်ကိုမျှားဖို့အတွက်သုံးလိုက်တာကို ကျွင်းဟွိုင်လန်သိသွားရင် ဘယ်လိုလုပ်မလဲ...
သူက မြို့ထဲကလူတွေအားလုံးရဲ့ နာမည်တွေ မျက်နှာတွေကို မသိတာတောင်မှ သူတို့ကိုတော်တော်ဂရုစိုက်နေတာ...
ရွှယ်ယန် ခဏရပ်နေပြီးမှ မေးလိုက်သည်။
" ဒီနေ့ ကျွင်းဟွိုင်လန်ဘယ်သွားလဲ..."
ကျင်းပေါင် အမြန်ပြန်ဖြေလိုက်သည်။
" သခင်လေးက မနက်စောစောကတော့ မြစ်ကမ်းနားကိုသွားပါတယ်... ပြီးတော့ တောင်ပိုင်းက ဒုက္ခသည်စခန်းတွေဆီသွားနေလို့ ညနက်မှ ပြန်ရောက်တယ်လို့ ကြားပါတယ်..."
သူ ထင်တဲ့အတိုင်းပဲ...
ရွှယ်ယန် သက်ပြင်းချလိုက်သည်။
" နောက်ထပ် ငွေ ၂၀%လောက်သုံးပြီး ကုန်သည်တွေဆီကနေ ဆန်ထပ်ဝယ်လိုက်... ဒီညပဲ အဲဒါတွေကို မြို့ထဲဝေပေးလိုက်ပြီး ငါလှူတယ်လို့ပြောလိုက်..."
ရွှယ်ယန် လျှို့ဝှက်စာကို ချထားပြီးပြောလိုက်သည်။
သူက ငယ်ရွယ်စဉ်ကလေးဘဝတည်းက အအေးဒဏ်နှင့်အတူ ဒုက္ခပေါင်းစုံကို ခံစားခဲ့ရဖူးပြီး သူ့ကိုသင်ကြားပေးမည့် မိဘလည်းမရှိ၍ ကိုယ်ချင်းစာတရားထားရမည်ကိုမသိပဲ အကျိုးအမြတ်ရအောင် မည်သို့လုပ်ဆောင်ရမည်ကိုသာ စိတ်ဝင်စားသူဖြစ်သည်။
ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ...
သူက မကြင်နာတတ်ပေမယ့် သူအချစ်ဆုံးလူက ကြင်နာတတ်ပြီးတော့ နှလုံးသားလေးက နူးညံ့တယ်လေ...
ယနေ့တွင် ကျွင်းဟွိုင်လန် မြို့တောင်ပိုင်းသို့ရောက်ချိန်၌ ကောင်းကင်တစ်ခွင်လုံး မည်းမှောင်နေပြီဖြစ်သည်။
ဆည်ကိုပြုပြင်ခြင်းကိစ္စများကို ယနေ့မှ စတင်ခြင်းဖြစ်သည်။ ထိခိုက်ပျက်စီးမှုက အတော်အတန်ကြီးမားလှပြီး နေရာက ကျယ်လွန်းနေ၍ ပတ်ဝန်းကျင်မှမြို့များ မြေမြုပ်သွားပြီး ပြင်ဆင်မှု ပိုကြာသွားစေသည်။
သို့ရာတွင် မပြင်ပဲနေပါက မြစ်ရေများ တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး ကျင်းလင်တစ်မြို့လုံးကိုပင် ရေဖုံးလွှမ်းသွားနိုင်သည်။
သို့ဖြစ်၍ ကျွင်းဟွိုင်လန်မနက်စောစောတည်းက ထွက်သွားပြီး ညနက်မှပြန်ရောက်လာရသည်။ ဆည်ကို ပြင်ဆင်ရန်အတွက် အကြမ်းဖျင်းအစီအစဉ်ရေးဆွဲပြီးမှသာ အသက်ရှုချောင်သွားနိုင်ခဲ့သည်။
မြင်းလှည်းက ဘုရင်ခံအိမ်တော်ဘက်သို့ ဦးတည်သွားသည့်အခါ မြင်းလှည်းမောင်းသူကို ပြောလိုက်သည်။
" တောင်ပိုင်းက ဒုက္ခသည်တွေကို နေရာချထားတဲ့ဆီကိုသွားပါ... တစ်ချက်သွားကြည့်မှဖြစ်မယ်..."
လှည်းမောင်းသူက ကြိမ်တံဖြင့် မြင်းကိုရိုက်လိုက်ပြီးနောက် အနောက်ဘက်ဂိတ်ရှိရာသို့ ဦးတည်သွားသည်။
ဤရက်ပိုင်းအတွင်း နေရာချထားမှုများကြောင့် မြို့က ရေကြီးသည့်နေ့ကထက်ပို၍ အစီအစဉ်ကျနလာပြီး လမ်းပေါ်တွင်လည်း ပစ္စည်းမျိုးစုံရောင်းချသည့် ဈေးဆိုင်ငယ်လေးများ ဖွင့်လှစ်ထားတော့သည်။
လမ်းမပေါ်မှ ဖြတ်သွားချိန်တွင် လေတိုက်ခတ်မှုကြောင့် မြင်းလှည်းမှ လိုက်ကာစလွင့်သွားချိန်တွင် လမ်းထောင့်တစ်နေရာတွင် စီတန်းနေကြသော လူတန်းရှည်ကြီးကို မြင်လိုက်ရသည်။
၎င်းက ဆန်ဆိုင်ဖြစ်သည်။
လူတန်းကြီးက ရှည်သော်လည်း လူအချို့ကသာ ဆန်ဝယ်နိုင်ကြသည်။ လူအများစုမှာ ဗလာကျင်းနေသည့် အဝတ်အိတ်များကိုကိုင်လျက်ပြန်ထွက်သွားရသည်။ အဝတ်များစုတ်ပြဲနေသည့် ဒုက္ခသည်အချို့မှာ နေ့တစ်ဝက်ခန့် တန်းစီ၍ စောင့်ဆိုင်းခဲ့ရသော်လည်း လက်ဗလာဖြင့်သာ ပြန်သွားကြရသည်။
ကျွင်းဟွိုင်လန် မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။
အစိုးရဘက်မှ ဤကိစ္စများကို လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကတည်းက ပြုလုပ်နေသည်ကို သူသိသည်။ သို့ရာတွင် သာမန်ပြည်သူများကို အစားအစာများ ဖြန့်ဝေပေးရန်အတွက် ၎င်းတို့ကို မှတ်တမ်းထံတွင် စာရင်းသွင်းထားရပြီး ဒုက္ခသည်အရေအတွက်နှင့် ကပ်ဘေးအခြေအနေပေါ်မူတည်၍ စီစစ်ရသေးသည်။ ထိုအရာများကို သက်ဆိုင်ရာဒေသ၏အစိုးရကိုယ်တိုင် စာရင်းသွင်းထားသည်နှင့် မပြီးသွားသေးပဲ နန်းတွင်းညီလာခံသို့ လျှောက်တင်ရသေးသည်။
အစိုးရ၏ လုပ်ငန်းစဉ်များအရဆိုလျှင် ဤလူများကို အစားအသောက်များ ဝေငှပေးရန်အတွက် ရက်အနည်းငယ် လိုအပ်နေဦးမည်ဖြစ်သည်။
အရာရှိများ၏ဆုံးဖြတ်ချက်က အလုံးစုံသော အခြေအနေများအပေါ် မူတည်နေသေးသည်။ ငွေနှင့် ဆန်ကို ပြည်သူများထံ ခွဲဝေပေးရန်အတွက် ရုံးတော်၏ အစီအစဉ်အတိုင်း တစ်ခုမှ မလွဲချော်ပဲ ဆောင်ရွက်ပေးရခြင်းဖြစ်သည်။
ထိုသို့သောကိစ္စများ ဆောင်ရွက်နေရ၍ အစားအစာဝေငှပေးခြင်းက နှေးသွားပြီး လူအများ ငတ်ပြတ်သေဆုံးသွားပါက အစိုးရဘက်မှသာ ထိန်းမနိုင်သိန်းမရ ဖြစ်လာဦးမည်။
ဒီရက်ပိုင်းအတွင်း သာမန်ပြည်သူတွေ ဘယ်လိုများ နေရမလဲမသိဘူး...
ကျွင်းဟွိုင်လန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မြင်းလှည်း၏လိုက်ကာစကို တဖြည်းဖြည်း ပြန်ချထားလိုက်သည်။
Xxxxxx