Chapter 117
မြင်းလှည်းနှင့် ဓားလွယ်ခုတ်နေရာတွင် အမျိုးသမီးတစ်ယောက်က ခြင်းတောင်းအလွတ်တစ်ခုကိုကိုင်ထားပြီး သူမဘေးနားတွင် ကလေးနှစ်ယောက် ရပ်နေသည်။ ကလေးနှစ်ယောက်ထဲမှတစ်ယောက်က ပြောစကားနားမထောင်ပဲ လမ်းအလယ်သို့ ပြေးဝင်လာသည်။
မှောင်နေသည့်အချိန်ဖြစ်၍ မြင်းလှည်းမောင်းသူကလည်း လမ်းပေါ်တွင် ကလေးတစ်ယောက်ရှိနေကြောင်း မမြင်လိုက်ပဲ အနားကပ်လာသည့်အခါမှ မြင်းဇာတ်ကြိုးကို အမြန်ဆွဲထားလိုက်ရသည်။
မြင်းလှည်းက လမ်းအလည်တွင် ဝုန်းခနဲရပ်လိုက်ရ၍ မြင်းကလန့်သွားပြီး ကလေးကိုခွာဖြင့်ပေါက်လုနီးပါး ဖြစ်သွားရတော့သည်။
လှည်းမောင်းသူက ဇောချွေးပြန်သွားပြီး ဒေါသတကြီးအော်ဟစ်တော့သည်။
" ကလေးရဲ့မိဘတွေ ဘယ်မှာလဲ... ကိုယ့်ကလေးကိုယ် သေချာဂရုမစိုက်ကြဘူး..."
အမျိုးသမီးကြီးက အသည်းအသန်ပြေးလာပြီး ကလေးလက်ကိုဆွဲထားကာ ထပ်ခါထပ်ခါ တောင်းပန်ရတော့သည်။
" ကျွန်မ တောင်းပန်ပါတယ်လူကြီးမင်း... အိမ်က သားက ခြေထောက်ဒဏ်ရာရသွားလို့ ကျွန်မကိုယ်တိုင်ကလည်း ဆန်ဝယ်ဖို့ တန်းစီနေရတာနဲ့ ကလေးကို သေချာမကြည့်လိုက်မိတုန်း ပြေးထွက်သွားတာပါ... ခွင့်လွှတ်ပေးပါ..."
" ရပါတယ်..."
မြင်းလှည်းမောင်းသူက တစ်ခုခုပြောတော့မည့်အချိန်တွင် အထဲတွင်ထိုင်နေသည့် ကျွင်းဟွိုင်လန်က တားမြစ်လိုက်သည်။
လှည်းမောင်းသူ ချက်ချင်းငြိမ်ကျသွားသည်။
ဖြူဖွေးနေသည့် လက်ချောင်းသွယ်သွယ်လေးများဖြင့် လိုက်ကာကို မ'တင်လိုက်ပြီး ကျွင်းဟွိုင်လန်က မေးလိုက်သည်။
" ကလေးကို ထိခိုက်သွားသေးလား..."
ထိုအမျိုးသမီးကြီးက အလျင်အမြန်ပြောလိုက်သည်။
" မထိခိုက်ပါဘူး... ကျေးဇူးတင်ပါတယ် သခင်လေး..."
" မြို့ထဲက စားစရာတွေရဲ့ဈေးက ဘယ်လောက်ဖြစ်နေပြီလဲ..."
ထိုအမျိုးသမီးကြီး၏မျက်နှာတွင် ခါးသက်သည့်အမူအရာတချို့ ဖြစ်ပေါ်သွားသည်။
" အရင်ထက် ၈၀%လောက် တက်သွားပါတယ်..."
ကျွင်းဟွိုင်လန် မျက်လွှာချလိုက်ပြီးမြင်းလှည်း၏အကန့်ငယ်လေးထဲမှ ငွေအိတ်တစ်အိတ်ထုတ်ပေးကာ မြင်းလှည်းမောင်းသူကို ကမ်းပေးလိုက်သည်။
" သူတို့ကိုပေးလိုက်..."
ထိုလူက သူပြောသည့်အတိုင်း နာခံလိုက်သည်။ ထိုအမျိုးသမီးက အထုပ်ကို ဂရုတစိုက်ဖြင့်ယူလိုက်ပြီး လက်ထဲရောက်မှ ငွေအိတ်ဖြစ်နေကြောင်း သိသွားသည်။
" ဒါ..."
ကျွင်းဟွိုင်လန် ပြောလိုက်သည်။
" အရေးပေါ် အခြေအနေမို့ ဒါကို ခဏယူထားလိုက်ပြီး ကလေးတွေအတွက် ဆန်ဝယ်ပေးလိုက်ပါ... အစိုးရက နှစ်ရက်အတွင်း အစားအသောက်တွေ ဝေပေးတော့မှာပါ... အဲ့နှစ်ရက်အတွင်းပဲ အသက်ရှင်အောင်နေလိုက်ပါ စိတ်မပူပါနဲ့..."
ထိုအမျိုးသမီးကြီးက သူ့စကားများကြားသည့်အခါ ကျေးဇူးတင်လွန်း၍ မျက်ရည်ဝဲလာသည်။ သူမ မျက်ရည်များကိုသုတ်ပြီး ကျွင်းဟွိုင်လန်ကို ဒူးထောက်အရိုအသေပေးလိုက်ကာ ဘေးနားမှ ကလေးနှစ်ယောက်ကိုလည်းခေါ်၍ ဦးညွှတ်ခိုင်းလိုက်သည်။
ကျွင်းဟွိုင်လန်၏မျက်နှာမှ တိမ်မည်းများက ပျောက်ကွယ်မသွားသေးပေ။
သူက လူတစ်ယောက်ကို ကယ်နိုင်သော်လည်း အားလုံးကို မကယ်နိုင်ပေ။ သူ့ရှေ့မှအမျိုးသမီးကြီးကို ငွေစအနည်းငယ်ပေး၍ ကယ်တင်နိုင်ခဲ့သော်လည်း လူပေါင်းမည်မျှက ငတ်ပြတ်နေဆဲဖြစ်ကြောင်းကို သူ မသိပေ။
" သွားကြမယ်..."
ခဏအကြာတွင် ကျွင်းဟွိုင်လန်က လိုက်ကာကိုတဖြည်းဖြည်း ပြန်ချထားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သူက လှည်းမောင်းသူကိုပြန်ရန် ပြောတော့မည့်အချိန်တွင် အနောက်ဘက်မှ မြင်းလှည်းသံတစ်သံကြားလိုက်ရ၍ ရပ်သွားသည်။
ထို့နောက် ချက်ချင်းပင် လှည်းပေါ်မှ လူတစ်ယောက်ဆင်းလာပြီး ကျွင်းဟွိုင်လန်၏မြင်းလှည်းအနားသို့ သုတ်ခြေတင်၍ ရောက်လာသည်။
" သခင်လေး..."
မိန်းမစိုးတစ်ယောက်၏ စူးရှရှအသံကိုကြားလိုက်ရ၍ ထိုလူက ကျင်းပေါင်ဖြစ်ကြောင်း သိလိုက်ရသည်။
ကျွင်းဟွိုင်လန်က လိုက်ကာဖွင့်၍ ကြည့်လိုက်သည့်အချိန်တွင် ကျင်းပေါင်က အပြင်ဘက်မှ အမျိုးသမီးကြီးကို စကားပြောနေသည်။
သူ၏ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသောရင်ဘတ်ကို ကိုင်ထားကာ အမှတ်ယူသကဲ့သို့ တမင်တကာဖြင့် အသံကျယ်လောင်စွာ ပြောလိုက်သည်။
" ဆန်မဝယ်ပဲ အိမ်မြန်မြန်ပြန်ကြတော့... အခုပဲ ဆန်တွေလိုက်ဝေပေးတော့မယ်... ငါရဲ့သခင်က သူ့ကိုယ်ပိုင်ငွေတွေနဲ့ ဆန်တွေဝယ်ထားလိုက်ပြီ မင်းတို့အားလုံးကို ခုပဲဝေပေးတော့မှာ..."
စကားဆုံးသည့်အခါ ကျွင်းဟွိုင်လန်ကိုလှမ်းကြည့်ပြီး မျက်လုံးပင် မပေါ်တော့သည်အထိ အားပါးတရပြုံးလိုက်သည်။
" တိုက်ဆိုင်လိုက်တာသခင်လေး... ကျွန်တော်နဲ့ တူတူသွားကြမလား..."
——
ကောင်းကင်ယံတွင် လုံးဝမည်းမှောင်သွားပြီဖြစ်ကာ တောင်ဘက်ပိုင်းရှိ ဒုက္ခသည်စခန်းမှ ချက်ပြုတ်သည့်မီးခိုးများထွက်ပေါ်လာပြီး အစားအသောက်များ၏ရနံ့များ နောက်ဆုံးတွင် ပျံ့နှံ့လာသည်။
ကျင်းယီဝေ့အစောင့်များ၏ လှုပ်ရှားမှုများက မြန်ဆန်လှသည်။ မြို့တောင်ပိုင်းတွင် သောင်းနှင့်ချီသည့် ဒုက္ခသည်များရှိသော်လည်း သူတို့အားလုံးက မမှောင်ခင်အချိန်တည်းက ဆန်များကို ဝေပေးပြီးဖြစ်သည်။
ကျွင်းဟွိုင်လန်က စခန်း၏အစွန်တွင်ထိုင်နေပြီး ဒုက္ခသည်စခန်းများဘက်မှ မီးခိုးနှင့် မီးအိမ်များကို ကြည့်နေသည်။
ထိုအချိန်တွင် လူတစ်ယောက် ရောက်လာသည်။
ထိုလူက အရပ်ရှည်ရှည် ခခန္ဓာကိုယ်တောင့်တောင့်နှင့် ရွှေရောင်ဝတ်ရုံပေါ်တွင် အနက်ရောင်လိုင်းများနှင့် ဝတ်ရုံကို ဝတ်ဆင်ထားသူဖြစ်၍ အဝေးမှကြည့်လိုက်သည်နှင့် ရွှယ်ယန်ဖြစ်ကြောင်း သိနိုင်သည်။
ကျွင်းဟွိုင်လန် လှမ်းကြည့်လိုက်သည့်အခါ ရွှယ်ယန်က တလှမ်းချင်းလျှောက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ရသည်။
" အကုန်လုံးကို ပို့ပေးပြီးသွားပြီလား..."
ကျွင်းဟွိုင်လန် မေးလိုက်သည်။
ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည့်အခါမှ သူ သက်ပြင်းချနိုင်တော့သည်။
" ဆန်တွေအများကြီးဆိုပေမယ့် တစ်နပ်လောက်ပဲ ရမယ်ထင်တယ်..."
တောင်ပိုင်းတွင် ဒုက္ခသည်ပေါင်း သောင်းနှင့်ချီရှိနေပြီး လူအမျာစုမှာ သက်ကြီးရွယ်အိုများ၊ အားအင်ချိနဲ့နေသူများ၊ အမျိုးသမီးများ၊ ကလေးများနှင့် ဒဏ်ရာရထားသည့်လူများဖြစ်သည်။ ထိုဆန်များက ပမာဏများပြားသော်လည်း အားလုံးကိုဝေမျှလိုက်ချိန်တွင် မိသားစုတစ်စုလျှင် အနည်းငယ်စီသာရတော့သည်။
" နောက်အကျဆုံးဆိုရင်တောင် သက်ဘက်ခါကျရင် အစိုးရက အစားအစာတွေ ဝေပေးလိမ့်မယ်..."
ရွှယ်ယန် ပြောလိုက်သည်။
သူ ခဏရပ်ပြီးနောက် ဆက်ပြောပြနေသည်။
" ဒါပေမဲ့ မလုံလောက်သေးဘူး ... ကျင်းလင်ရဲ့ ဘဏ္ဍာငွေက ချန်အန်းလောက်တော့မများလို့ ငွေတိုက်ထဲမှာ ငွေတွေတော့ ရှိသေးပေမယ့် စားစရာတွေဝယ်မယ်ဆိုရင် ဆယ်ရက်လောက်ကြာရင် ငွေတွေကုန်သွားဦးမှာပဲ..."
ကျွင်းဟွိုင်လန် နားထောင်နေလျက်နှင့် သူ့အမူအရာက စိတ်ဓာတ်ကျသွားသည့်ပုံဖြစ်သွားသည်။
" ဒါဆိုရင်တော့ မဖြစ်သေးဘူး... ဆည်ကိုပြန်ပြင်ရတာ အနည်းဆုံး ရက် ၄၀ ကနေ ၅၀ လောက်အထိ ကြာဦးမှာ... ပြီးတော့ မြို့မြောက်ပိုင်းကိုလည်း အခြေကျဖို့ ဆောက်လုပ်ရေးတွေ ပြန်လုပ်ရဦးမှာလေ... လူတွေက အစိုးရရဲ့ စားစရာတွေကိုပဲ မှီခိုပြီး ငတ်သေအောင်စောင့်နေလို့ မရတော့ဘူးပဲ..."
ရွှယ်ယန်က ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
" မင်းအဖေက အခြေအနေတွေကို လျှောက်တင်ပြီးပြီထင်တယ်... လဝက်အတွင်းမှာ ချန်အန်းကနေ ဘဏ္ဍာငွေနဲ့ ရိက္ခာတွေ ပို့လိုက်လိမ့်မယ်..."
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်ပြီး အတွေးနက်နဲစွာဖြင့် ပြောလိုက်သည်။
" ဒါပေမဲ့ မြို့တော်ကနေ ဘဏ္ဍာငွေနဲ့ စားစရာတွေကို ဒီဒေသကို ပို့ပေးဖို့က အမတ်တွေက အဆင့်ဆင့်စီစဉ်ဆောင်ရွက်ပြီးမှ အစိုးရဌာနတွေကို အလွှာတစ်ထပ်ချင်းစီ ပို့ရမှာဆိုတော့ အချိန်က တူတူလောက်ပဲဖြစ်နေမယ်ထင်တယ်..."
ရွှယ်ယန်ကလည်း သူပြောသည်ကို သဘောတူလိုက်သည်။
" ဟုတ်တယ်..."
သူတို့အားလုံးကို တစ်ဆင့်ချင်းဆောင်ရွက်ရမည်သာမက ချန်အန်းမှပို့မည့်အချိန်တွင် ပစ္စည်းများကို ရှန်တုန်းလိုဏ်ခေါင်းမှစ၍ ပို့ဆောင်ရမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ရှန်တုန်းမှ အောက်ရုံးတော်တရားသူကြီးကို ရှုမိသားစုက သူတို့လူဖြင့် အစားထိုးထားသောကြောင့်ဖြစ်သည်။
ဤသို့သောအပြောင်းအလဲကာလမျိုးတွင် သူတို့အမိန့်ကိုနာခံမည့် အရေးမပါသောအရာရှိတစ်ယောက်ကို ပြောင်းလဲခန့်ထားလိုက်ခြင်းဖြစ်သည်။ ၎င်းက ထိုလူကို စတေးခံပြီး အန္တရာယ်ရှိသည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ထိုရုံးတော်တရားသူကြီးက အကြောင်းအမျိုးမျိုးပြပြီး ချန်အန်းမှပို့လိုက်သည့် ရိက္ခာများကို ထိန်းသိမ်းထားပါက ယန်ဇီမြစ်တောင်ပိုင်းမှ ကပ်ဘေးက ပိုမိုဆိုးဝါးသွားလိမ့်မည်ဖြစ်သည်။ သူက ရိက္ခာတစ်ဝက်ကိုသိမ်းယူထားပြီး ကျန်ရှိနေသည့်တစ်ဝက်ကိုသာ ကျင်းလင်သို့ ပို့ပေးလိမ့်မည်ဖြစ်သည်။ ကောရုန်ဝမ်က ၎င်းကိုလက်ခံထားပြီး မူလအရေအတွက်အတိုင်း စာရင်းသွင်းထားလိုက်လိမ့်မည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် ရိက္ခာများကို တာဝန်ခံ၍ သယ်ဆောင်လာမည့်လူများကလည်း ရှုမိသားစုဘက်မှသာဖြစ်သည်။
သူတို့က ကြားထဲမှ ရိက္ခာနှင့် ငွေများကို လူသိမခံပဲ ဖြတ်ယူထားလိုက်ကြမည်သာဖြစ်သည်။
ထိုအချိန်တွင် ကျင်းလင်ဘက်မှ ကပ်ဘေးအတွက် စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အပြစ်အားလုံးကို မြို့စားမင်းယုံနင်နှင့် ရှန်းကျီဖုအပေါ်သို့သာ ပုံချခံရမည်ဖြစ်သည်။
ရှုမိသားစုဘက်မှ လုပ်ရန်ရှိသည်က ရိက္ခာများကို သယ်ဆောင်သွားမည့် ခရီးလမ်းတစ်လျှောက်တွင် သူတို့ဘက်မှလူများကို နေရာချထားရန်သာဖြစ်သည်။
ကျွင်းဟွိုင်လန် စိုးရိမ်လာသည်။
" ဒါဆို ဘယ်လိုလုပ်ကြမလဲ..."
သူတို့ထံတွင် ဘဏ္ဍာငွေများနှင့် ရိက္ခာများ အလုံအလောက်မရှိသောကြောင့် ဧကရာဇ်ကပို့ဆောင်ပေးရမည်သာဖြစ်သည်။ ယခုချိန်မှ ထိုကိစ္စကို လျှောက်တင်ရန်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ ကပ်ဘေးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ကိစ္စများကို အချိန်မီ မထိန်းချုပ်နိုင်ပါက ကျန်းနန်မှ အမှုထမ်းများအပေါ် ပြဿနာဖြစ်လာစေနိုင်သည်။
သူ ရွှယ်ယန်ကိုလှမ်းကြည့်လိုက်သည့်အခါ ရွှယ်ယန်ကလည်း သူ့ကိုငုံ့ကြည့်နေသည်။
ပတ်ဝန်းကျင်တွင်လည်း မီးရောင်မှိန်ပျပျသာရှိနေသော်လည်း မနီးမဝေးရှိ မီးအိမ်မှ အလင်းရောင်က သူ၏ ပယင်းရောင်မျက်ဝန်းများထဲတွင် တောက်ပနေသည်။
ရွှယ်ယန်က ပြုံးလိုက်သည်။
" မင်း ဘာမှလုပ်စရာမလိုပါဘူး..."
သူ လက်မြှောက်လိုက်ပြီး ကျွင်းဟွိုင်လန်ကို သူ့ဘက်ဆွဲယူလိုက်ပြီး ပခုံးပေါ် မှီစေလိုက်သည်။
ကျွင်းဟွိုင်လန်၏ မျက်ဝန်းထဲမှ အပြာရင့်ရောင်မျက်ဆံများကို ရှင်းလင်းစွာမြင်နေရသည်။
ကလေးဘဝတည်းက ကောင်းမွန်စွာနေထိုင်ခဲ့ရပြီး လောကဓံကို မခံစားခဲ့ရဖူးသည့် ချန်အန်းမှသခင်လေးက ဤနေရာတွင် စိတ်ဒုက္ခရောက်ပြီး နေနေရသည်က မဖြစ်သင့်ပေ။
ထိုသို့ဖြစ်ရန်လည်း မထိုက်တန်ပေ။
ကျွင်းဟွိုင်လန်က အကြိမ်အနည်းငယ်ရုန်းလိုက်သော်လည်း ရွှယ်ယန်က သူ့ကို ပြန်ဖိထားလိုက်သည်။ သူ ယခုချိန်တွင် အလွန်ပင်ပန်းနေပြီဖြစ်၍ ရုန်းကန်နေရန်လည်း အားမရှိတော့၍ နောက်ဆုံးတွင် မရုန်းတော့ပဲ ငြိမ်ငြိမ်လေးနေလိုက်သည်။
ထိုပခုံးများက သန်မာတောင့်တင်းလှပြီး စန္ဒကူးနံ့သင်းသင်းလေး ထွက်ပေါ်နေ၍ ခဏအကြာတွင် ကျွင်းဟွိုင်လန် မျက်ခွံများလေးလံပြီး အိပ်ငိုက်လာမိသည်။
သူ့ဘေးနားမှလူက ရက်စက်ကြမ်းကြုတ်ပြီး အလွယ်တကူ လူသတ်နိုင်သည့်လူမျိုးဖြစ်သော်လည်း သူ့အနားတွင်နေရသည်မှာ စိတ်သက်တောင့်သက်သာဖြစ်လှသည်။
၎င်းက ငြင်းဆို၍မရနိုင်သည့် လုံခြုံစိတ်ချမှုမျိုးဖြစ်သည့်အပြင် ငြင်းဆန်ရန်လည်း မဖြစ်နိုင်ပေ။
" ဘာမှ လုပ်စရာမလိုဘူးဆိုတော့ သေမှာကိုထိုင်စောင့်နေရမှာလား..."
သူ သက်ပြင်းချလိုက်ပြီးနောက် မျက်ခွံများက ပိတ်လုဆဲဆဲဖြစ်သွားသည်။
သူ့ရှေ့တွင် မြင်နေရသောမီးခိုးများက တဖြည်းဖြည်းဝေဝါးလာသည်။
ရွှယ်ယန်ကပြုံးလိုက်သည်။
" မင်း ဘာမှလုပ်စရာမလိုပါဘူး... မင်းကြီးအမိန့်တော်ချမှတ်ပြီးတာနဲ့ ကိုယ် ကိုယ်တိုင် လူတွေကိုခေါ်ပြီး ရိက္ခာတွေ သွားပြန်ယူမှာပါ... ဆန်တစ်စိမှ မကျန်ခဲ့စေရဘူး..."
ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။
" ကျွန်တော် ယုံပါတယ်..."
ရွှယ်ယန်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ ကျွင်းဟွိုင်လန်ကို ငုံ့ကြည့်လိုက်ချိန်၌ သူ့မျက်ဝန်းများထဲ၌ နူးညံ့နွေးထွေးမှုများဖြင့် ပြည့်နေသည်ကို သူကိုယ်တိုင် သတိမပြုမိလိုက်ပေ။
ခဏအကြာတွင် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဦးစွာပြောလိုက်သည်။
" ဒီနေ့ ကောရုန်ဝမ်ဆီကနေ သက်သေတွေရလာတယ်..."
သူ့စကားကြောင့် ကျွင်းဟွိုင်လန် တအံ့တဩဖြစ်သွားသည်။
" ဟမ်..."
ရွှယ်ယန်က ခေါင်းငြိမ့်ပြနေသည်။
" ဟုတ်တယ် သူ့ကို ဘဏ္ဍာတိုက်ကို စီမံခိုင်းလိုက်တာ ဆန်တွေကိုခိုးထုတ်သွားပြီး မတန်တဆဈေးနဲ့ ရောင်းလိုက်တယ်လေ..."
ကျွင်းဟွိုင်လန် အိပ်ငိုက်နေရာမှ လန့်နိုးလာသည်။
" ဒါဆို ငွေတွေ ဘယ်ရောက်သွားတာလဲ... မြို့တော်ကို ပို့လိုက်ပြန်တာလား... ဒါဆိုရင်တော့ ငွေတွေမပို့ခင် အမိဖမ်းမှရမယ်... မဟုတ်ရင် ဘာသက်သေမှမရှိပဲ လက်ဗလာဖြစ်သွားလိမ့်မယ်..."
ရွှယ်ယန်က သူ့ကိုကြည့်ပြီး နူးညံ့စွာဖြင့် ရယ်လိုက်သည်။
" ငွေက တကယ်တော့ သူ့လက်ထဲမှာ မရှိတော့ဘူး... ဒါပေမဲ့ သက်သေမရှိတော့တာတော့ မဟုတ်ပါဘူး..."
ကျွင်းဟွိုင်လန် ကြောင်အသွားသည်။
" ဒါဆိုရင် ငွေတွေ ဘယ်ရောက်သွားတာလဲ..."
ရွှယ်ယန်။အကြည့်ချင်းဆုံသွားသည့်အခါ ကျွင်းဟွိုင်လန်၏မျက်လုံးထဲမှ လေးနက်မှနှင့် စိုးရိမ်ကြောင့်ကြမှုများကို မြင်လိုက်ရသည်။
သူ အသံကျယ်ကျယ်ဖြင့်ရယ်လိုက်ပြီး ကျွင်းဟွိုင်လန်၏ပါးကို လက်ခုံဖြင့် ခပ်ဖွဖွပွတ်လိုက်သည်။
" နောက်နှစ်ရက်နေရင် ကိုယ်မင်းကို နေရာတစ်ခုကို ခေါ်သွားမယ်... အဲ့ကိုရောက်ရင် သိသွားမှာပါ..."
ခြောက်လပိုင်း ၁၃ရက်နေ့က အားလုံးအတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သည်။
ယနေ့တွင် ကျင်းလင်၌ ကိစ္စကောင်းများစွာဖြစ်ပေါ်ခဲ့သည်။
ယနေ့မနက်တွင် ရုံးတော်မှ ဂိုထောင်ကိုဖွင့်ပြီး ဆန်များကိုထုတ်ကာ မြို့တော်ပိုင်းတွင် ဆန်ပြုတ်များဝေငှလိုက်၍ မြို့၏ လက်ရှိပြဿနာကို ဖြေရှင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ ယနေ့တွင် ချန်အန်းမှ ကျင်းယီဝေ့များကလည်း မတန်တဆဈေးမြှင့်ရောင်းချနေသည့် ဆန်ဆိုင်များကို သွားရောက်စုံစမ်းပြီး ဈေးများလျှော့ခိုင်းစေခဲ့သည်။ ယခုချိန်တွင် ဈေးသည်များက ကပ်ဘေးမဖြစ်မီအချိန်မှဈေးထက် ၂၀%သာ ဈေးတင်ရောင်းနိုင်တော့သည်။ ထိုပမာဏက နည်းသည်ဟု မဆိုသာသော်လည်း လူအချို့က တတ်နိုင်သည့်အနေအထားဖြစ်သည်။
ထို့အပြင် မြို့မြောက်ပိုင်းမှ ဆည်ကို ပြန်လည်ပြုပြင်ရန်အတွက် အလုပ်သမားခေါ်ယူသည့်စာကို မြို့ထဲတွင် ကပ်ထားခဲ့သည်။ လုပ်အားခငွေကိုလည်း တစ်နေ့တစ်ခါ ရှင်းပေးခြင်းဖြစ်သည်။ လစာက မများသော်လည်း တစ်မိသားစုလုံး နှစ်ရက်ခန့်စားရန် လုံလောက်ပေသည်။
အချိန်တစ်ခုအထိ ကျင်းလက်မြို့တွင် သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။
Xxxxxx