အပိုင်း ၁၁၈
Viewers 15k

Chapter 118


ယနေ့ညတွင် မြို့တောင်ပိုင်းမှ ချွန်းရွှေလမ်းမထက်တွင် မီးရောင်စုံများဖြင့် ပြည့်နေခဲ့သည်။


မမှောင်မီအချိန်မှာပင် ချွန်းရွှေလမ်းမထက်မှ ပြည့်တန်ဆာအိမ်တစ်ခုရှေ့တွင် ဝတ်ကောင်းစားလှဝတ်ထားသည့် လူများဖြင့် ပြည့်နေခဲ့သည်။ ဝင်ကြေးကို နှစ်ဆပိုမိုကောက်ခံထားသော်လည်း မရေမတွက်နိုင်သည့် လူပေါင်းများစွာက တဖွဲဖွဲ လာရောက်နေကြဆဲဖြစ်သည်။


ကျွင်းဟွိုင်လန် ရွှယ်ယန့်နောက်မှလိုက်လာပြီးနောက် မြင်းလှည်းပေါ်မှ ဆင်းလိုက်သည့်အချိန်တွင် ခမ်းနားလှသည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။


ပြည့်တန်ဆာအိမ်ရှေ့တွင် မီးရောင်စုံများဖြင့် အလှဆင်ထားပြီး ထိုမီးအိမ်များက လမ်းမကြီးတစ်ဝက်နီးပါးကို နေရာယူထားသည်။ အပေါ်ထပ်တွင်လည်း ရောင်စုံဖဲကြိုးများစွာ ချိတ်ဆွဲထားသောကြောင့် တောက်ပနေသည်။


ထိုအဆောက်အဦးရှေ့မှ သစ်သားဆိုင်းဘုတ်တွင် ချင်းယွဲ့ဖန်း ( ချင်းယွဲ့ရင်ပြင် ) ဟူသည့် စာလုံးကြီးသုံးလုံးကို ရေးထွင်းထားသည်။


" ဒီကုန်သည်တွေက ဒုက္ခသည်တွေအတွက် စားစရာတို့ ရွှေ၊ငွေတို့ လာလှူသင့်တယ်..."


ကျွင်းဟွိုင်လန်က ခမ်းနားသည့်အပြင်အဆင်များကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


" သူများတွေ ကပ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့အချိန် သူတို့က ဘာလို့ပျော်နေပါလိမ့်..."


သူ့ဘေးမှ ရွှယ်ယန်က ခပ်တိုးဆိုးရယ်လိုက်သည်။

" သူတို့ကို ပျော်ခွင့်ပေးလိုက်ပါ..."


ကျွင်းဟွိုင်လန်က ထိုအဆောက်အဦးမှ အကြည့်လွှဲလိုက်ပြီးနောက် သူ့ကို သင်္ကာမကင်းဖြင့် မေးလိုက်သည်။


" ကျွန်တော်တို့ဒီမှာ ဘာလာလုပ်ကြတာလဲ..."


ကောရုန်ဝမ် အလွဲသုံးစားလုပ်ထားသည့်ငွေများက တစ်နေရာသို့ ရောက်သွားသည်ဟု ထိုနေ့ကပြောပြခဲ့ပြီးသည့်နောက်တွင် ရွှယ်ယန်က တစ်ခွန်းမှ မဟတော့ပေ။ ယနေ့တွင်လည်း မြောက်ပိုင်းမှ ဆည်ကို ပြင်ဆင်နေသည်အား သွားရောက်စစ်ဆေးနေချိန်တွင် သူ့ကိုဤနေရာသို့ ဆွဲခေါ်လာခြင်းဖြစ်သည်။


ရွှယ်ယန် သူ့နှုတ်ခမ်းတွင် လက်ညှိုးကိုကပ်ထားပြီး "ရှူး" ဟူသောအသံ ပြုလုပ်လိုက်သည်။


ကျွင်းဟွိုင်လန် သံသယမကင်းဖြစ်နေသော်လည်း ဘာမှဆက်မပြောတော့ပေ။


ရွှယ်ယန်က ကျင်းပေါင်ကို မေးငေါ့ပြလိုက်သည်။ ကျင်းပေါင်က ဝင်ပေါက်တွင် ဧည့်သည်များကို ခေါ်နေသည့် အမျိုးသမီးကြီးအား သွားခေါ်လိုက်သည်။ 


ထိုအမျိုးသမီးကြီးက ပြည့်ဆန်ဆာခေါင်းဖြစ်သည်။ ကျင်းပေါင်ကို မြင်သည့်အခါသူမ၏မျက်နှာက အပြုံးများဖြင့် ဝေဆာသွားသည်။ ဝင်ပေါက်တွင် အခြားလူများကို ထားခဲ့ပြီးနောက် သူကိုယ်တိုင် ရွှယ်ယန့်ကို လာနှုတ်ဆက်သည်။ 


" သခင်လေး ရောက်လာပြီပဲ..."


ထိုအမျိုးသမီးကြီးက အသက်ကြီးနေပြီဖြစ်သော်လည်း သူမ၏ အလှက ကျန်ရှိနေဆဲဖြစ်ကာ ပြုံးလိုက်ချိန်တွင်လည်း ဆွဲဆောင်မှုရှိနေသည်။


ရွှယ်ယန် သူမကို တစ်ချက်ကြည့်လိုက်သည်။


အမျိုးသမီးကြီးက ပြုံးပြလိုက်ပြီး ပြောလာသည်။

" သခင်လေးအတွက် အားလုံးပြင်ဆင်ထားပြီးပါပြီ ကျေးဇူးပြုပြီး နောက်က လိုက်လာခဲ့ပါ..."


သူမက ရှေ့မှဦးဆောင်၍ သူတို့နှစ်ယောက်ကို အပေါ်ထပ်မှ သီးသန့်ခန်းထဲခေါ်သွားသည်။


ထိုသီးသန့်ခန်း၏ နံရံဘက်တွင် ပြတင်းပေါက်များဖြင့် ပြည့်နေသည်။ ယခုချိန်တွင် ထိုပြတင်းပေါက်အားလုံးကိုဖွင့်ထား၍ အောက်ထပ်ရှိ စင်မြင့်ကိုအတိုင်းသားမြင်နေရသည်။ သူတို့နှစ်ယောက် ထိုင်ပြီးသည့်အခါ အမျိုးသမီးကြီးက ကိုယ်တိုင်လက်ဖက်ရည်ကြမ်းငှဲ့ပေးပြီးနောက် သူတို့နှစ်ယောက်အနားတွင် ချပေးလိုက်သည်။


" ဘာမှလုပ်စရာမရှိရင် အောက်ထပ်ပြန်သွားလို့ရပြီ..."

ကျင်းပေါင်က ရုပ်တည်ဖြင့် ပြောလိုက်သည်။

    

အမျိုးသမီးကြီးက အစေခံမိန်းကလေးနှစ်ယောက်ကိုသာ ထားခဲ့ပြီး ပြန်ထွက်သွားသည်။


အောက်ထပ်တွင် လူများဖြင့်စည်ကားနေပြီး ဧရာမခန်းမဆောင်ကြီးက လူအပြည့်ဖြစ်နေသည်။


ဤသို့ဖြင့် လူပေါင်းများစွာက အဆောက်အဦးထဲ ဝင်နေဆဲဖြစ်၍ စားပွဲခုံများ ထပ်ဖြည့်နေရပြီး ပြည့်လျှံနေ၍ အလယ်မှ လူသွားလမ်းမှ ဖြတ်ရန်ပင် ခက်ခဲနေသည်။


ကျွင်းဟွိုင်လန် အကြည့်လွှဲ၍ ရွှယ်ယန့်ကိုကြည့်လိုက်သည့်အခါ ရွှယ်ယန်က လက်ဖက်ရည်ကြမ်းကို ဖြည်းညင်းစွာသောက်နေပြီး သူ့မျက်နှာကိုကြည့်ကာ ပြုံးနေသည်။


ကျွင်းဟွိုင်လန်က သူဆိုလိုချင်သည်ကို ရိုးတိုးရိပ်တိတ် သဘောပေါက်လာပြီဖြစ်သည်။


" ပြောချင်တာက..."


သူ ရွှယ်ယန့်ကို စစ်မေးနေသကဲ့သို့ တစ်ချက်ကြည့်လိုက်သည်။ 


ရွှယ်ယန်က လက်ဖက်ရည်ကြမ်းခွက်ကို ချထားလိုက်ပြီး ခေါင်းငြိမ့်ပြကာ ဆုံးဖြတ်ချက်ပြတ်သားသည့် အကြည့်တစ်မျိုးဖြင့် ကြည့်နေသည်မှာ ‌ဝံပုလွေတစ်ကောင်က သူ့သားကောင်ကိုကြည့်နေသကဲ့သို့ပင်။


" ကောရုန်ဝမ်အလွဲသုံးစားလုပ်လိုက်တဲ့ငွေတွေ ဘယ်ရောက်သွားတယ်ဆိုတာ ခဏနေရင် မြင်ရတော့မှာပါ..."

    

——

  

ကောင်းကင်ကြီး မှောင်မည်းလာချိန်တွင် စက်မြင့်ပေါ်၌ ဗုံသံများထွက်ပေါ်လာ၍ လူအုပ်ကြီးက ရုတ်ချည်း ငြိမ်ကျသွားသည်။


ကျွင်းဟွိုင်လန် မော့ကြည့်လိုက်သည့်အခါ အဆောင်၏ထိပ်ဆုံးမှ ဖဲကြိုးရှည်ကြီးတစ်ချောင်း တွဲလောင်းကျလာပြီး လရောင်ကဲ့သို့သော ဝတ်ရုံကိုဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးက မယ်ဒလင်ကိုလက်တစ်ဖက်မှကိုင်ကာ ဖဲကြိုးကို အခြားလက်တစ်ဖက်မှကိုင်ပြီး လေထဲတွင် ပျံဝဲနေသည်။


ဖဲကြိုးကို ထိုမိန်းကလေး၏ကိုယ်ဖြင့်ချည်နှောင်ထားခြင်းဖြစ်၍ လေထဲတွင် သူမဝတ်ရုံက ပျံဝဲနေသည်။ ထိုအချိန်တွင် ပန်းပွင့်ဖတ်များကို ကြဲချလိုက်သည့်အခါ သူမက စင်မြင့်ပေါ်သို့ တဖြည်းဖြည်းဆင်းသက်လာသည်။


ထိုမိန်းကလေးစင်မြင့်ပေါ် ရောက်လာသည့်အခါ ဗုံသံများ စတင်ထွက်ပေါ်လာသည်။


သူမက ပရိသတ်ကို ကျောပေးထားခြင်းဖြစ်၍ ရှည်လျားသောဆံနွယ်များကို ခပ်မြင့်မြင့်စုချည်ထားပြီး နှင်းကဲ့သို့ဖြူဖွေးပြီး ကြော့ရှင်းနေသည့်လည်တိုင်လေးကိုသာ မြင်နေရသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားက ကျက်သရေရှိသည့်ပုံပေါ်ပြီး ခါးလေးကလည်း သေးသွယ်လွန်းလှသည်။

    

မယ်ဒလင်ကို တီးခတ်လိုက်ပြီးသည့်နောက်တွင် ထိုအမျိုးသမီးလေးက ကျောပေးထားလျက်နှင့် စတင်ကပြဖျော်ဖြေတော့သည်။


သူမက မယ်ဒလင်ကို လက်ထဲတွင်ပိုက်ထားလျက် ကျက်သရေရှိရှိကပြဖျော်ဖြေနေသည်။ ဗုံသံတစ်ချက်ထွက်ပေါ်လာတိုင်း ခြေတစ်လှမ်း ရွေ့သွားသည်မှာ ကြည့်ရှု့နေသူများ၏ နှလုံးသားထဲ ခြေလှမ်းသွားသည်ဟုပင် ထင်ရသည်။


ထိုနေရာမှလူတိုင်းက သူမ၏ အလှအပကြောင့် ယစ်မူးသွားကြသည်။ ကျွင်းဟွိုင်လန်သည်ပင် လက်ဖက်ရည်ခွက်ကို ကိုင်ထားလျက် စင်မြင့်ပေါ်ကို ကြည့်နေမိသည်။


ထိုမိန်းကလေးက ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည့်လူမျိုးဖြစ်သည်။ မယ်ဒလင်စွမ်းရည်နှင့် အကစွမ်းရည်များကို ငယ်စဉ်ကတည်းက လေ့ကျင့်ထားပုံရသည်။ ဤအဆောက်အအုံက သူမကို အားစိုက်ထုတ်ပြီး လေ့ကျင့်ပေးထားသည့်ပုံပေါ်သည်။


ကောရုန်ဝမ်က ငွေအလွဲသုံးစားလုပ်လိုက်တာ ဒီမိန်းကလေးကို ဝယ်ဖို့အတွက်များလား...


သို့ရာတွင် သူက ကောရုန်ဝမ်နှင့် တစ်နှစ်ခွဲခန့်သိလာခဲ့သူဖြစ်သည်။ ထိုလူက မကောင်းသည့် ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသူဖြစ်သော်လည်း ပြည့်တန်ဆာအိမ်ကို အဝင်အထွက် လုပ်နေတတ်သည့်လူမျိုး မဟုတ်ပေ။ 

ရွှယ်ယန်က ဒီနည်းလမ်းသုံးပြီး သူ့ကို ဆွဲဆောင်လိုက်တာများလား...

 

ဒီလောက် ငွေပမာဏအများကြီးကို မိန်းကလေးတစ်ယောက်ကို ဝယ်ဖို့အတွက်သုံးတာတော့ မဟုတ်လောက်ဘူးထင်တယ်...


သူက ထိုမိန်းကလေးကိုစိုက်ကြည့်နေသော်လည်း စိတ်က အခြားနေရာသို့ရောက်ပြီး အတွေးလွန်နေခြင်းဖြစ်သည်။


သူ့ဘေးမှ လူက အစမှ အဆုံးထိ စင်မြင့်ထက်ကို ကြည့်မနေပဲ သူ့မျက်ဝန်းများနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ကျွင်းဟွိုင်လန် သတိမပြုမိပ။


ရုတ်တရက် ထိုအမျိုးသမီးက မယ်ဒလင်ကို တစ်ချက်တီးလိုက်သည့်အခါ ကြိုးလေးကြိုးက လှုပ်ရှားသွားသည်။ သူမက မယ်ဒလင်ကိုပိုက်လျက် ခါးကိုလှုပ်ပြီး တဖြည်းဖြည်းလှည့်လာသည်။


ချက်ချင်းပင် စင်မြင့်အောက်မှ အမျိုးသားထုကြီးက လည်ပင်းများဆန့်၍ ကြည့်ကြတော့သည်။


ကျွင်းဟွိုင်လန်က စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသည်များကို သတိမပြုမိပေ။ သူ့မျက်လုံးများက တစ်နေရာတည်းတွင် ရှိနေသော်လည်း စိတ်ထဲတွင် ကောရုန်ဝမ်က ထိုမိန်းကလေးကို ငွေပမာဏများစွာဖြင့်ဝယ်ခြင်း ဟုတ်မဟုတ်ကိုသာ တွေးနေမိသည်။


ရုတ်တရက် သူ့အမြင်အာရုံတစ်ခုလုံး မှောင်မှိက်သွားသည်။


ချက်ချင်းပင်  အောက်ထပ်မှ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သံများကို ကျွင်းဟွိုင်လန်ကြားလိုက်ရသည်။ အဆောက်အဦးတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ဆူညံပွက်လောရိုက်သွားခြင်းဖြစ်သည်။


ကျွင်းဟွိုင်လန် ခဏတာ အံ့အားသင့်သွားမိပြီး ခဏအကြာမှ လက်တစ်ဖက်က သူ့မျက်လုံးများကို လာအုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်သည်။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ မျက်တောင်ခတ်လိုက်ချိန်တွင် သူ့မျက်တောင်ရှည်များက ထိုလက်ကိုပွတ်တိုက်သွားပြီး ရွှယ်ယန်၏ သတိပေးသကဲ့သို့ ဩရှရှအသံကို ကြားလိုက်ရသည်။


" မလှုပ်နဲ့..."


ကျွင်းဟွိုင်လန်အံ့ဩသွားသော်လည်း ရွေးချယ်စရာမရှိပဲ မျက်လုံးမှိတ်ထားလိုက်ရသည်။


" ဘာလို့ ကျွန်တော့်မျက်လုံးကို အုပ်ထားတာလဲ..."

သူ တအံ့တဩဖြင့် မေးလိုက်သည်။


သူ့မျက်လုံးများကို ကာထားသည့်ရွှယ်ယန်က  မျက်နှာမဲ့ပြီး ပရိသတ်များကို လှမ်းကြည့်လိုက်သည်။


 ထိုအချိန်တွင် အောက်ထပ်မှ လူအုပ်ကြီးက ရူးမတတ်ဖြစ်နေကြသည်။


ယနေ့တွငိ ယွီကျင်းဟူသောမိန်းကလေးက စင်မြင့်ထက်တွင် သူ့မျက်နှာကို ပထမဆုံးအကြိမ် ပြသလိုက်ခြင်းဖြစ်သည်။ သူမက မယ်ဒလင်ကို လက်တစ်ဖက်တွင်ပိုက်ထားပြီး သူမမျက်နှာကို အုပ်ထားသည့် ပဝါစကိုဖယ်ပြီး ပရိသတ်များရှိရာသို့ ပစ်လိုက်သည်။


အသက်ရှုမှားလောက်အောင် လှပသည့်မျက်နှာလေးကို ပရိသတ်များရှေ့တွင် ဖော်ထုတ်ပြသလိုက်ခြင်းဖြစ်သည်။


ပရိသတ်များအားလုံး တအံတဩအော်ဟစ်နေကြပြီး သူမနှင့်အနီးဆုံးနေရာမှ လူတစ်အုပ်စုက ပဝါစကို အလုအယက်လှမ်းဆွဲကြသည်။


ရွှယ်ယန်က သူမ၏လှပသောမျက်နှာကိုတစ်ချက်သာကြည့်ပြီး မှောင်မည်းနေသောမျက်နှာကြီးဖြင့် အကြည့်ပြန်လွှဲလိုက်သည်။


ခါးကို အဲ့လောက်ကွေးပြီး ကပြစရာလိုလို့လား... ကျွင်းဟွိုင်လန်က အဲ့မိန်းကလေးကို စိုက်ကြည့်နေတာ လက်ထဲက လက်ဖက်ရည်ကိုတောင် သောက်ဖို့မေ့နေတယ်...


ရွှယ်ယန် သဝန်တိုနေပြီး မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်ကွေးညွတ်ထားသည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန် ပြန်ဖြေမည်ကို အချိန်အတန်ကြာသည်အထိ စောင့်ဆိုင်းနေပြီးနောက်တွင် သူ့လက်ခုံကို ပုတ်လိုက်သည်။


" ဘာဖြစ်လို့လဲ..."

 

ရွှယ်ယန် သူ့မျက်လုံးကို မပိတ်လိုက်ခင်က အောက်မှာ လူသတ်မှု ဖြစ်သွားတာများလား... ဒါပေမဲ့ အောက်ဘက်ကအသံတွေ နားထောင်ကြည့်ရတာတော့ ဘယ်သူမှ မသေဘူးထင်တာပဲ ဟုတ်တယ်မလား...


ထိုအချိန်၌ ရွှယ်ယန်၏ ‌ရန်လိုနေသည့်အသံကြီးကိုကြားလိုက်ရသည်။

    

" ဘာများကြည့်စရာရှိလို့လဲ..."


——


နောက်ဆုံးတွင် ရွှယ်ယန် သူ့မျက်လုံးကိုအုပ်ထားသည့်လက်များကို ဖယ်လိုက်ချိန်တွင် ကပြဖျော်ဖြေနေခဲ့သည့်မိန်းကလေးက စင်မြင့်‌ထက်တွင်မရှိတော့ပေ။ 


သူတို့ကို လာရောက်ကြိုဆိုခဲ့သည့် ပြည့်တန်ဆာခေါင်းအမျိုးသမီးကြီးကသာ စင်မြင့်ရှေ့တွင်ရပ်၍ ဆွဲဆောင်မှုရှိစွာဖြင့် ပြုံးနေခဲ့သည်။


" ဧည့်သည်တော်များ... ကျွန်မတို့ရဲ့ မိန်းကလေးယွီကျင်းက ကပြဖျော်ဖြေပြီး မျက်နှာကို ပြသွားခဲ့ပါတယ်... အခုတော့ ဧည်သည်တော်အရာရှိမင်းတွေက သူ့ကို အားပေးချီးမြှောက်ရမယ့်အလှည့်ပါပဲ..."


သူမက အပြုံးလေးနှင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန် ပြတင်းပေါက်မှတစ်ဆင့် အောက်ထပ်ကို ကြည့်လိုက်ချိန်တွင် အားလုံးက အားတက်သရောဖြစ်နေကြသည်ကို မြင်လိုက်ရသည်။


အားလုံး၏လက်ထဲတွင် ဧည့်သည်နာမည်များရေးထားသည့် ကတ်တစ်ကတ်စီ ရှိကြသည်။ ထိုကတ်က တစ်ဖက်တွင် အနီရောင်ဖြစ်ပြီး အခြားတစ်ဖက်က အစိမ်းရောင်ဖြစ်သည်။


မိန်းကလေးယွီကျင်း၏ ပထမဆုံးညအတွက် လေလံဈေးကို ငွေစ ၅၀၀ဖြင့် စဖွင့်လိုက်သည်။ ကတ်၏ အစိမ်းရောင်ဘက်ခြမ်းက ငွေစတစ်ရာ တိုးပေးရန်အတွက်ဖြစ်ပြီး အနီဘက်ခြမ်းက ငွေစနှစ်ရာ တိုးပေးခြင်းဖြစ်သည်။ အားလုံးက လေလံဆွဲခွင့်ရှိပြီး အမြင့်ဆုံးဈေးပေးနိုင်သူက ယနေ့ညတွင် မိန်းကလေးယွီကျင်းနှင့် အိမ်ပြန်နိုင်မည်ဖြစ်သည်။


ကျွင်းဟွိုင်လန်က မွေးဖွားလာစဉ်တည်းက ချန်အန်းတွင် နေထိုင်ခဲ့ရသူဖြစ်ပြီး မြို့စားမင်းအိမ်တော်ကလည်း အလွန်စည်းကမ်းတင်းကြပ်လှသည်။ ကျန်းနန်တွင် တစ်နှစ်ကျော်ခန့် နေပြီးသော်လည်း ဤကဲ့သို့သော လေလံပွဲမျိုးကို တစ်ကြိမ်မှ မမြင်ဖူးပေ။ 


သို့ရာတွင် အောက်ထပ်တွင်ရှိသော ကျန်းနန်၏ လူချမ်းသာ ကုန်သည်များက ထိုသို့သောလေလံပွဲမျိုးတွင် ဆရာကျနေပြီဖြစ်သည်။


ချက်ချင်းပင် လေလံဈေးပြိုင်ပေးသံများ နေရာအနှံ့တွင် ထွက်ပေါ်လာသည်။ ငွေစငါးရာမှ သုံးထောင်အထိရောက်သွားရန် အချိန်မကြာလိုက်ပေ။


ငွေစသုံးထောင်သို့ရောက်ချိန်တွင် ဈေးပြိုင်ပေးသည့်အသံများက တဖြည်းဖြည်းနည်းပါးလာသည်။

    

ယွီကျင်းက မည်မျှချောမောလှပသည်ဖြစ်စေ မိန်းကလေးတစ်ယောက်သာဖြစ်သည်။ သူမကို တစ်ညတာပိုင်ဆိုင်ရန်အတွက် ငွေစထောင်ပေါင်းများစွာပေးရခြင်းက သာမန်လူများ မတတ်နိုင်သည့်အရာဖြစ်သည်။


ထို့အပြင် ချင်းယွဲ့ဖန်းက ဈေးကို ဆယ်ဆပေးနိုင်ပါက မိန်းကလေးယွီကျင်းကို ဝယ်နိုင်မည်ဟု ကြေညာထားခဲ့သည်။ ငွေစသုံးထောင်ကို ဆယ်ဆဆိုပါကပင် ငွေစသုံးသောင်းဖြစ်နေပြီ ဖြစ်သည်။ အထက်တန်းစားပြည့်တန်ဆာမိန်းကလေးတစ်ယောက်ကို ခေါင်ခိုက်နေသည့်ဈေးဖြင့်ဝယ်ရန်က အလွန်ချမ်းသာသည့် ကုန်သည်မျိုးသာ ပြုလုပ်နိုင်သည့်အရာဖြစ်သည်။


နောက်ဆုံး‌တွင် ဈေးပြိုင်ပေးနေသည့်အသံများက ငွေစ ၃၅၀၀၌ ရပ်တန့်သွားသည်။


ထိုအချိန်တွင် ရင်းနှီးနေသောအသံတစ်သံ ပေါ်ထွကါလာသည်။


" ငွေစ ၃၇၀၀..."

ထိုလူ၏အသံက မိမိကိုယ်ကို ကျေနပ်အားရနေသည့်အသံမျိုးပင်။


ကျွင်းဟွိုင်လန် အံ့အားသင့်သွားပြီးနောက် စင်မြင့်အောက်ကို ငုံ့ကြည့်လိုက်သည်။


ထိုနေရာတွင် ကတ်ပြားကိုကိုင်၍ ထိုင်နေသူက ရှုစုန့်အန်းဖြစ်သည်။


ရှုစုန့်အန်းက မြို့တော်ရှိ ရှုမိသားစုမှ သခင်လေးဖြစ်ပြီး အမတ်ကြီးရှုရှန့်၏ တစ်ဦးတည်းသောမြေးဖြစ်သည်ဟု ရွှယ်ယန် ပြောပြခဲ့ဖူးသည်။


ဒါဆိုရင် ရွှယ်ယန် ဒီနေ့ဖမ်းချင်နေတဲ့ငါးက ကောရုန်ဝမ်မဟုတ်ပဲ ရှုစုန့်အန်းလား...


Xxxxxxxx