Chapter 119
ကျွင်းဟွိုင်လန် ချက်ချင်းသဘောပေါက်သွားသည်။ ကောရုန်ဝမ်က ဤမျှစွန့်စား၍ ငွေပမာဏများစွာကို ယူသွားသည်မှာ သခင်လေးရှုက အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ကို ဝယ်ရန်အတွက်ဖြစ်သည်။
သို့ဖြစ်၍ ကောရုန်ဝမ် အလွဲသုံးစားပြုလုပ်လိုက်သည့်ငွေများ မည်သည့်နေရာသို့ ရောက်သွားသည်ကို ရှင်းလင်းစွာ သိရှိသွားရပြီဖြစ်သည်။
ကျွင်းဟွိုင်လန် ရွှယ်ယန့်ကိုကြည့်လိုက်သည်အခါ သူက နှုတ်ခမ်းများကွေးညွတ်၍ ပြုံးပြနေသည်။
သူ၏ ပယင်းရောင်မျက်ဝန်းများထဲတွင် အပြုံးများဖြင့်ပြည့်နေပြီး အနည်းငယ် ကြွားဝါချင်သည့်ပုံပေါ်နေကာ ဝံပုလွေကြီးတစ်ကောင်က အမြီးနန့်၍ သခင်ဆီမှ ချီးကျူးခံချင်သည့် ပုံစံမျိုးဖြစ်နေသည်။
ကျွင်းဟွိုင်လန် သူ့ခေါင်းကို ပုတ်ပေးချင်စိတ်များပင် ဖြစ်လာမိသည်။
ထိုအချိန်တွင် အောက်ထပ်မှ အမျိုးသမီးကြီး၏အသံ ထွက်ပေါ်လာသည်။
" ရှုသခင်လေးက ငွေစငါးထောင်အထိ ပေးနေပါပြီ... ငွေစငါးထောင်ပါ... ဒီထက်ပိုပေးချင်တဲ့ လူကြီးမင်းတို့ ရှိပါသေးလား..."
ကျွင်းဟွိုင်လန် စိတ်ဝင်တစားဖြင့် လှည့်ကြည့်လိုက်သည်။
ရှုစုန့်အန်းနှင့်အတူ ငွေစ ၃၅၀၀အထိ ပြိုင်ပေးခဲ့သောကုန်သည်က ယခုအခါ အရေးနိမ့်သွားသည့်ပုံပေါ်သည်။ ရှုစုန့်အန်းက ယခုချိန်တွင် ခန်းမထဲ၌ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ရင်ကော့၍ထိုင်နေသည်။
ဘေးနားမှ ဧည့်သည်များကလည်း အသံမထွက်ရဲကြတော့ပေ။ အားလုံးက လက်ခုပ်တီး၍ အားပေးနေကြပြီး ယနေ့တွင် ယွီကျင်းဟူသော မိန်းမလှလေးက သခင်လေးရှု၏လက်ထဲ ရောက်သွားမည့်အကြောင်းသာ ပြောဆိုနေကြသည်။
အမျိုးသမီးကြီးက ဒုတိယတစ်ကြိမ် ထပ်ပြောလိုက်သည်။
ယခုချိန်ထိ တိတ်ဆိတ်နေဆဲဖြစ်သည်။
ရှုစုန့်အန်း၏ မျက်နှာထက်မှ အပြုံးက ဖုံးထိမရနိုင်အောင် ဖြစ်လာသည်။
ထိုအချိန်တွင် ရွှယ်ယန် သူ့လက်ဖက်ရည်ခွက်ကို ချလိုက်သည်ကို ကျွင်းဟွိုင်လန်မြင်လိုက်သည်။
သန်မာလှသည့် လက်ချောင်းရှည်များက စားပွဲပေါ်မှကတ်ကို ပျင်းရိပျင်းတွဲကိုင်ပြီး တဖြည်းဖြည်းမြှောက်လိုက်သည်။
" ငွေစ ၆၀၀၀ ...."
ရွှယ်ယန်၏ အသံထွက်ပေါ်လာချိန်၌ အဆောက်အဦးတစ်ခုလုံးတွင် အပ်ကျသံပင် ကြားနိုင်သည်အထိ တိတ်ဆိတ်သွားသည်။
ကျွင်းဟွိုင်လန် သူ့ကို တအံ့တဩ ကြည့်လိုက်သည်။
ထိုအသံကို အားလုံးကြားလိုက်သည့်အခါ အုတ်အော်သောင်းနင်းဖြစ်သွားပြီး အပေါ်ထပ်သို့ မော့ကြည့်လိုက်ကြသည်။
ငွေစ ၅၀၀၀ကတောင် တော်တော်များတဲ့ပမာဏဖြစ်နေပြီကို အဲ့ထက် တစ်ထောင်ပိုပေးတဲ့သူ ရှိသေးတာလား...
အားလုံးက ငွေပမာဏများစွာ ပေးလိုက်သည့်လူက မည်သူဖြစ်ကြောင်းကို မမြင်ချင်ပဲ မနေကြတော့ပေ။ လူအုပ်ထဲတွင် သူ့ကိုယ်သူကျေနပ်အားရနေသည့်ဟန်ဖြင့် ထိုင်နေသောရှုစုန့်အန်းက မျက်နှာပျက်သွားပြီး တစ်ဖက်ကိုလှည့်ကာ မော့ကြည့်လိုက်တော့သည်။
သို့ရာတွင် ထိုအခန်းက အနည်းငယ်မြင့်သောအပေါ်ထပ်တွင် ရှိနေသည်။ ကြီးမားပြောင်မြောက်သည့် ပြတင်းပေါက်များ ရှိသော်လည်း ထိုနေရာတွင်ထိုင်နေသည့်လူနှစ်ယောက်ကို ဝိုးတဝါးသာမြင်ရပြီး မျက်နှာအစစ်ကို မမြင်ရပေ။
ထိုလူနှစ်ယောက်ကို ပို၍ မမြင်ရလေ၊ ပို၍ လျှို့ဝှက်ဆန်းကြယ်လေ ဖြစ်သွားရသည်။
အားလုံးက တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။
သို့ရာတွင် ထိုအချိန်၌ စင်မြင့်ပေါ်မှ အမျိုးသမီးကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အိုး လူကြီးမင်းယန်ပါလား... လူကြီးမင်းယန်က ငွေစ ၆၀၀၀ပေးပါတယ် အဲ့ထက်ပိုပေးချင်တဲ့ လူကြီးမင်းများ ရှိဦးမလား..."
ထိုအမျိုးသမီးကြီး၏လေသံနှင့် အမူအရာပြောင်းလဲသွားသည်ကို အားလုံးသတိပြုမိကြသည်။
အစောပိုင်းတည်းက သူမမျက်နှာက ပြုံးနေသော်လည်း ယခုချိန်တွင်မူ ဖော်လံဖားနေသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားကာ ရှေ့နှစ်လှမ်းတိုးပြီး အပေါ်ထပ်ကိုကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် အပေါ်ထပ်တွင် ထိုင်နေသူက သာမန်မဟုတ်ကြောင်း ပြောနိုင်ပေသည်။
ရှုစုန့်အန်းက အချိန်အတန်ကြာအထိ စိုက်ကြည့်နေသော်လည်း အပေါ်ထပ်တွင် ထိုင်နေသည့်လူနှစ်ယောက်ကို မမြင်ရပေ။ ထိုအချိန်တွင် သူ့ဘေးနားတွင်ထိုင်နေသည့်လူနှစ်ယောက်က အသံတိုးတိုးဖြင့် ပြောနေသည်ကို ကြားလိုက်ရသည်။
" လူကြီးမင်းယန်တဲ့... မြို့ထဲမှာ ကြွေထည်တွေရောင်းတဲ့ ကုန်သည်လား..."
" ဟုတ်လောက်မယ်ထင်တယ်... ကျင်းလင်မြို့ထဲမှ သူ့ထက်ချမ်းသာတာ ရှိသေးလို့လား..."
ဘေးမှ လူကလည်း ထောက်ခံလိုက်သည်။
" လူကြီးမင်းယန်က ချန်အန်းက အရာရှိတွေနဲ့ အဆက်အသွယ်ရှိလို့ ဒီလောက်ကြီးတဲ့စီးပွားရေး လုပ်နိုင်တာလို့ ကြားဖူးတယ်... ချန်အန်းက ရာထူးကြီးတွေနဲ့သာသိကျွမ်းလို့ကတော့ ငွေကိုရေလိုသုံးနိုင်မယ့်ပုံပဲ..."
တစ်ဖက်လူကလည်း သူ့စကားများကြားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုစကားများကြောင့် ရှုစုန့်အန်း၏ခေါင်းပေါ်တွင် မီးတောက်မတတ်ဖြစ်လာသည်။
အပေါ်ထပ်မှာထိုင်နေတာ ဘယ်သူပါလိမ့်... သူတို့ပြောပုံအရဆိုရင်တော့ ကြွေထည်တွေရောင်းတဲ့ကုန်သည်ထင်တယ်... အဆင့်နိမ့်တဲ့ စီးပွားရေးသမားတစ်ယောက်ကများ ငါ့ဆီကနေ လာလုရဲသေးတယ်ပေါ့...
"ချန်အန်းက ရာထူးကြီးတွေနဲ့သာသိကျွမ်းလို့ကတော့" ဆိုတာက ဘယ်သဘောလဲ... ချန်အန်းက အရာရှိမင်းတွေထဲမှာ သူ့အဖိုးလောက် အာဏာရှိတာ ဘယ်သူများရှိလို့လဲ... အပေါ်ထပ်က လူကြီးမင်းယန်ဆိုတဲ့သူကိုတော့ ပြောမနေပါနဲ့တော့... အဲ့လူသာ ချန်အန်းကို သွားမယ်ဆိုရင် သူတင်မကဘူး သူ့နောက်ကလူကပါ ငါ့အဖိုးရှေ့ ဒူးထောက်နေရမှာ...
ထိုစကားများကြောင့် ရှုစုန့်အန်း ပို၍ဒေါသထွက်လာသည်။ ထိုလူ၏အိတ်ထဲတွင် ငွေမည်မျှရှိသည်ဖြစ်စေ သူ့ထက်ပို၍ နိမ့်ကျသောလူတစ်ယောက်ကိုအကြောမပေးနိုင်ဟု တွေးလိုက်မိသည်။
သူ့အမူအရာကိုမြင်သောအခါ သူ့ဘေးနားတွင် စကားပြောနေခဲ့သည့် လူနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်သည်ကို သူသတိမပြုမိလိုက်ပေ။
" ငွေစ ၆၂၀၀..."
ရှုစုန့်အန်းက ကတ်ကိုမြှောက်ပြီး အော်ပြောလိုက်သည်။
အဆောက်အဦးထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွားပြန်သည်။ ဤအခြေအနေကိုကြည့်ပြီး လူအများ၏ဆွေးနွေးသံများ တစ်ဖန်ထွက်ပေါ်လာပြန်သည်။
အမျိုးသမီးကြီးက အလျင်အမြန်ပြောလိုက်သည်။
" ရှုသခင်လေးက ငွေစ ၆၂၀၀အထိ ပေးထား..."
" ငွေစ ၇၀၀၀ ..."
သူမ စကားမဆုံးမီမှာပင် အပေါ်ထပ်မှ ကတ်ပြားကိုနောက်တစ်ခါ ထောင်ပြလိုက်သည်။
အသံက မတိုးမကျယ်ဖြစ်သော်လည်း ထိုအသံထွက်ပေါ်လာချိန်တွင် အားလုံးတိတ်ဆိတ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စကားမပြောနိုင်ကြတော့ပေ။
ဒါ... ဒီလူက အသုံးအဖြုန်းကြီးလိုက်တာ...
အပေါ်ထပ်မှ ကျွင်းဟွိုင်လန်ကလည်း ရွှယ်ယန်ကို တအံ့တဩကြည့်လိုက်ကြသည်။
ရွှယ်ယန်က ပရိသတ်ကိုကြည့်နေစဉ်တွင် သူ၏ပယင်းရောင်မျက်ဝန်းထဲ၌ သားကောင်ကိုကစားနေသကဲ့သို့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ရွှယ်ယန်က ထိုမိန်းကလေးကို ရှုစုန့်အန်း၏လက်ထဲမှလုရန်ပြုလုပ်နေခြင်းမဟုတ်သည်ကို သိသော်လည်း ရွှယ်ယန်က ထိုကတ်ကိုမြှောက်၍ ဈေးပြိုင်ပေးလိုက်ချိန်တွင် သူ့စိတ်ထဲ မသက်မသာဖြစ်သွားသည်။
စိတ်ထဲတွင် နေရခက်ပြီး ကသိကအောက်ဖြစ်သွားခြင်းပင်။
သူက အမြဲတစေ တည်ငြိမ်စွာနေသူဖြစ်၍ ဤကဲ့သို့သောခံစားချက်မျိုးက သူ့ထံတွင် မြင်တွေ့ရခဲသည်။
ထိုအချိန်တွင် အောက်ထပ်၌ ပရိသတ်အားလုံး၏အကြည့်များက ရှုစုန့်အန်းဆီသို့သာ ကျရောက်လာသည်။
ရှုစုန့်အန်းက ဤတစ်ကြိမ်တွင် ယွီကျင်းကို အိမ်ခေါ်သွားရန် တွေးထားခြင်းဖြစ်သည်။ ကျင်းလင်မြို့ထဲတွင် အရသာရှိသော အစားအသောက်များနှင့် အပျော်ရှာစရာနေရာများရှိသည်ကို သူသိသည်။ ယွီကျင်း ပထမဆုံးအကြိမ် သူမ မျက်နှာကို ပြလိုက်ချိန်တွင်လည်း သူက ထိုနေရာတွင် ရှိနေခဲ့သည်။
သူကိုယ်တိုင် ဒီနေရာမှာ ရှိနေမှတော့ အဲ့လိုမိန်းမလှလေးကို တခြားလူလက်ထဲ အပါခံနိုင်ပါ့မလား...
သို့ဖြစ်၍ ငွေစနှစ်ရာ တိုးလိုက်သည့်အချိန်တိုင်းတွင် အမှန်တကယ်၌ ငွေပမာဏက ၂၂၀၀၀ယွမ် တိုးသွားခြင်းဖြစ်သည်။
သူ့ဘက်မှကြည့်လျှင် ၎င်းက သေးငယ်သည့်ငွေပမာဏမဟုတ်သော်လည်း အပေါ်ထပ်မှလူအတွက် ငွေရေးကြေးရေးက ပြဿနာမဟုတ်သည့်ပုံပင်။
သို့ဖြစ်၍ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူတို့နှစ်ယောက်အကြား ကွာဟချက်က ပိုတိုးလာပြီး ဈေးပြိုင်ပေးလေ ရှုစုန့်အန်းက သနားစရာကောင်းလေ ဖြစ်လာနိုင်သည်။
" ငွေစ ၇၂၀၀..."
ရှုစုန့်အန်း ကတ်ကိုထပ်မြှောက်လိုက်ချိန်တွင် သူ့အသံက တုန်ယင်နေပြီဖြစ်သည်။
" ငွေစ ၈၀၀၀..."
သူ့စကားဆုံးသည်နှင့် အပေါ်ထပ်မှလူက ကတ်ကိုထောင်လိုက်ပြန်သည်။
ရှုစုန့်အန်းမှာ သူ့အနားမှလူများ၏ တီးတိုးပြောသံကို ကြားလိုက်ရပြန်သည်။
" လူကြီးမင်းယန်ကတော့ ထင်ထားတဲ့အတိုင်းပဲ..."
" လူကြီးမင်းယန် လေလံဆွဲတာကို လာကြည့်ရတာ တကယ်တန်တယ်..."
ရှုစုန့်အန်းက ငယ်စဉ်ကလေးဘဝတည်းက လူအများ၏ ချီးကျူးခြင်းခံခဲ့ရသူဖြစ်သည်။ သူ့မိသားစုက ရာထူးကြီးသူဖြစ်၍ အများကလည်း သူတို့ကိုရှိန်ကြသည်။ သို့ရာတွင် အပေါ်ထပ်မှ လူချမ်းသာကုန်သည်က သူ့ကိုသိမ်ငယ်မှုခံစားရအောင်လုပ်ဖူးသည့် ပထမဆုံးလူဖြစ်သည်။
သခင်လေးက ပထမအကြိမ်တွင် သည်းခံနိုင်သော်လည်း ဒုတိယအကြိမ်၌ မရတော့ပေ။
" ငွေစ ၉၀၀၀..."
သူ အကြောမခံရရန်အတွက် ကတ်ပြားကို ထပ်မြှောက်လိုက်သည်။
မူလက မိန်းကလေးယွီကျင်းကို အလိုရှိသောကြောင့်သာ ဈေးပြိုင်ပေးနေသော်လည်း ယခုအချိန်တွင် အပေါ်ထပ်မှလူကို အနိုင်ယူချင်၍သာ လေလံဆက်ဆွဲနေခြင်းဖြစ်သည်။
" ငွေစတစ်သောင်း..."
အပေါ်ထပ်မှ ရွှယ်ယန်က ဈေးထပ်တင်လိုက်ပြန်သည်။
ရှုစုန့်အန်း အံကြိတ်ထားရသည်။
" ငွေစ ၁၂၀၀၀..."
ယခုချိန်တွင် ထိုလူကိုအနိုင်ရမှသာ အခြားလူများ၏ချီးကျုးသံများက သူ့အပေါ်သို့ ပြန်လည်ရောက်ရှိလာမည်ဟု သူ့စိတ်ထဲတွေးနေမိသည်။
သူက လက်ယာအမတ်ကြီး၏မြေးဖြစ်ပြီး အပေါ်ထပ်မှလူက ချန်အန်းမှ အရာရှိများကိုကပ်၍ ကြွေထည်ရောင်းရသည့် ကုန်သည်တစ်ယောက်သာဖြစ်သည်။
သူလိုလူကများ ငါ့ရှေ့လာပြီး ဘဝင်မြင့်ပြရဲတယ်ပေါ့...
သို့ရာတွင် သူ မသိလိုက်သည်မှာ သူ့ဘေးနားမှ လူအားလုံး၏မျက်လုံးထဲတွင် အရူးသာသာဖြစ်နေသည်ကိုပင်။
ထိုအချိန်တွင် အပေါ်ထပ်မှ ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။
" လူကြီးမင်းယန် " ဆိုသူက ဈေးပြိုင်မပေးတော့ပေ။
အမျိုးသမီးကြီးက စင်မြင့်ရှေ့တွင် သုံးကြိမ်တိတိ အော်ပြောပြီးသည့်နောက် တူကိုစားပွဲပေါ် ထုလိုက်ပြီး ယွီကျင်းမိန်းကလေး၏ ပထမဆုံးညကို ရှုသခင်လေးထံသို့ ငွေစ ၁၂၀၀၀ဖြင့် ရောင်းချလိုက်ကြောင်း ကြေညာလိုက်သည်။
——
လူအုပ်ကြီး တဖြည်းဖြည်းလျော့ပါးသွားချိန်တွင် ချင်းယွဲ့ဖန်း၏အပေါ်ဆုံးထပ်မှ အိပ်ခန်းတစ်ခုထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။
အမျိုးသမီးကြီးက စားပွဲတွင်ထိုင်ကာ ယပ်တောင်တဖျတ်ဖျတ်ခတ်နေပြီး ရှုစုန့်အန်းကို အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်။
" ရှုသခင်လေး... ကျွန်မကိုပေးဖို့ ငွေစ ၉၃၀၀ ကျန်သေးတယ်နော်... ဒီဈေးကို ကိုယ်တိုင်ပေးခဲ့တာဆိုတော့ အခုမှ ကတိဖျက်လို့ မရတော့ပါဘူး..."
သူမ ရှေ့တွင် ငွေစာရွက်အထပ်လိုက်ကြီးရှိနေပြီး စုစုပေါင်းငွေပမာဏမှာ ငွေစ ၁၁၀,၇၀၀ ဖြစ်သည်။
၎င်းက ကောရုန်ဝမ်သူ့ကိုပေးလိုက်သမျှငွေအားလုံး ဖြစ်သော်လည်း မလုံလောက်သေးပေ။
အကယ်၍ ဤလေလံပွဲကို ချန်အန်းတွင် ပြုလုပ်ခဲ့ပါက ငွေ ၉၃၀၀ ဟူသည့် ပမာဏက သူ့အတွက် ဘာမှမဟုတ်ပေ။ သို့ရာတွင် ယနေ့၌ ဤမျှငွေပမာဏလေးဖြင့် အကြွေးတင်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။
သူ အလွန်ရှက်နေ၍ အချိန်အတန်ကြာသည်အထိ စကားမပြောနိုင်ပေ။
အမျိုးသမီးကြီးက သူ့ကိုစိုက်ကြည့်နေပြီးနောက် ညုတုတုအသံဖြင့် ရယ်လိုက်သည်။
ယပ်တောင်ကို လက်တစ်ဖက်ထဲတွင် ကိုင်ထားလိုက်ပြီး ဘဏ်စာရွက်ထဲမှ ငွေစ ၁၂၀၀၀ကိုယူထားလိုက်ပြီးနောက် ကျန်ရှိနေသောငွေများကို ပြန်ပေးလိုက်သည်။
" ထားလိုက်ပါတော့... ယွီကျင်းမိန်းကလေးက အခန်းထဲမှာ စောင့်နေပါပြီ... ဒီနေ့က သာယာတဲ့နေလေးဆိုတော့ သခင်လေး မနှောင့်နှေးသင့်တော့ပါဘူး..."
ထို အမျိုးသမီးက ပြောလိုက်သည်။
သူမ ဆိုလိုသည်မှာ ရှုစုန့်အန်းက ယွီကျင်းမိန်းကလေးကို အပိုင်ဝယ်၍ မရဟူသည့်သဘောပင်။
( T/N - ဂဏန်းတွေ ရှုပ်သွားမှာစိုးလို့ ရှင်းပြချင်လို့ပါ။ လေလံကို ငွေစ ၁၂၀၀၀နဲ့ ရသွားတာဆိုပေမယ့် အဲဒါက ယွီကျင်းနဲ့ တစ်ညတာကုန်ဆုံးဖို့ပါပဲ၊ အဲ့ငွေပမာဏရဲ့ ဆယ်ဆပေးနိုင်မှ သူ့ကိုအပိုင်ဝယ်လို့ရမှာပါ၊ အခု သူက ငွေစ ၁၁၀,၇၀၀ပဲ ပေးနိုင်တော့ ၁၂၀,၀၀၀ ပြည့်ဖို့ ၉၃၀၀ လိုနေပါတယ်၊ အဲ့တော့ ယွီကျင်းကိုဝယ်မရတော့ပဲ တစ်ညတူတူအိပ်လို့ပဲ ရမှာပါ )
ရှုစုန့်အန်းမှာ တွန့်ဆုတ်နေဆဲဖြစ်သော်လည်း ထိုအမျိုးသမီးကြီး၏ လှောင်ပြောင်သရော်သံနှင့် ခပ်ထေ့ထေ့အပြုံးကို မြင်လိုက်ရသည့်အခါ " လူကြီးမင်းယန် " ဆိုသူကို ဖားလျားပြီး အရိုအသေပြုခဲ့သည့် သူမမျက်နှာကို ပြန်တွေးမိသွားသည်။
ရှုစုန့်အန်းက သူ့စိတ်သူ ထိန်းထားလိုက်ရသည်။
သူ ရွေးချယ်စရာမရှိတော့ပဲ ညှိနှိုင်းရတော့သည်။
" ခင်ဗျား ကျုပ်ကို အချိန်ထပ်မပေးနိုင်တော့ဘူးလား... ကျုပ်မိသားစုက လတိုင်း ငွေစသောင်းချီပြီး ပို့ပေးနေကျပဲ... သိပ်မကြာခင် နောက်လရောက်တော့မှာပဲကို... ငွေရလာတာနဲ့ ကျုပ်ချက်ချင်းလာပေးပါ့မယ်..."
ငွေစသောင်းချီဟူသောစကားက အမှန်တွင် ပိုပိုသာသာပြောလိုက်ခြင်းဖြစ်သည်။
ရှုမိသစုက ငွေကြေးမချို့တဲ့သော်လည်း ရှုစုန့်အန်းက သောက်စားပျော်ပါးရသည်ကို နှစ်သက်ကြောင်း သူ့မိသားစုက သိသည်။ ယခုအခါတွင် သူကအိမ်ပြန်မလာပဲ ကျင်းလင်တွင်ရောက်နေ၍ သူ့အဖေက စရိတ်များဖြတ်တောက်ပြီး ချန်အန်းကို ဤနည်းဖြင့်ပြန်ခေါ်ရန် တွေးထားခြင်းဖြစ်သည်။
Xxxxxxxx