အပိုင်း ၁၂၀
Viewers 15k

Chapter 120


သို့ရာတွင် အမေဖြစ်သူက သူခံစားနေရသည်ကို မကြည့်ရက်၍ ငွေများခိုးပို့ပေးနေခြင်းဖြစ်သည်။ 


သို့ဖြစ်၍ ရှုစုန့်အန်းမှာ တစ်လတွင် ငွေစနှစ်ထောင်၊ သုံးထောင်ခန့်သာ ရရှိခြင်းဖြစ်သည်။


ငွေစ နှစ်ထောင်၊ သုံးထောင်ဟူသည့်ပမာဏက ဤနေရာတွင် သောက်စားပျော်ပါးနေရန် လုံလောက်သော်လည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ကို ဈေးမြင့်မြင့်ပေး၍ဝယ်ရန် မလုံလောက်ပေ။


ဒါပေမဲ့ ပြဿနာမရှိပါဘူး... ကောရုန်ဝမ် ဒီမှာ ရှိနေတာပဲလေ...


ထိုလူက သူ့အဖေနှင့် အဖိုးဖြစ်သူကိုယ်တိုင် မွေးထားသောခွေးဖြစ်၍ အလွန်နာခံမှုရှိသည်။ သူပြောလိုက်သမျှကို ထိုလူ မလွန်ဆန်ရဲပေ။ မကြာသေးမီအချိန်က ငွေစ ရှစ်သောင်း တောင်းလိုက်ခဲ့စဉ်ကလည်း ပြောလိုက်သည်နှင့် ချက်ချင်းရလာခဲ့သည်။ 


ယခုအချိန်တွင် ကျင်းလင်မြို့တွင် ကပ်ဘေးဆိုက်နေသည်ဖြစ်၍ ငွေပမာဏများစွာကို ထုတ်ယူသုံးစွဲနေရချိန်လည်းဖြစ်သည်။ ကောရုန်ဝမ်က ထိုငွေစာရင်းများကိုကိုင်တွယ်ရသူဖြစ်၍ အရေးပေါ်သုံးရန် ငွေစထောင်ဂဏန်းခန့်ယူထားခြင်းက ပြဿနာဖြစ်နိုင်မည်မဟုတ်ဟု တွေးနေမိသည်။


သို့ဖြစ်၍ ရှုစုန့်အန်းက ထိုစကားကို ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်ခြင်းဖြစ်သည်။


အမျိုးသမီးကြီးက ထိုစကားကိုကြားသည့်အခါ သူ့ကိုပြုံးပြလိုက်ပြီး ယပ်တောင်ခတ်နေသည်ကို ရပ်လိုက်ပြီး အားပါးတရ ရယ်မောတော့သည်။


" သခင်လေး ဘာတွေပြောနေတာလဲ... ဒီအစေခံရဲ့မိသားစုက စီးပွားရေးလုပ်စားနေရတာပဲမလား... မိန်းကလေးယွီကျင်းက ကျွန်မတို့မိသားစုရဲ့ နှလုံးသားလေးဆိုရင်လည်းမမှားပါဘူး... တကယ်လို့ သူ့အတွက် ယောက်ျားကောင်းတစ်ယောက် ရှာပေးနိုင်မယ်ဆိုရင် ဒီ‌အစေခံရဲ့မိသားစုက နည်းနည်းလောက် ခံစားရမယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး..."


ပြောနေလျက်နှင့် စားပွဲခုံကိုခေါက်လိုက်သည့်အခါ အစေခံမလေးတစ်ယောက်က စာရွက်နှင့် စုတ်တံ ယူလာပေးသည်။


" ကျွန်မတို့မိသားစုက မိန်းကလေးယွီကျင်းကို သခင်လေးဆီ ပေးလိုက်ပါ့မယ်... ဒါပေမဲ့ အဲဒီဈေးကို ထပ်ဆစ်လို့ မရတော့ပါဘူး... ပြီးတော့ ဒီငွေကို သုံးလအတွင်း ပြန်မပေးဘူးဆိုရင် ယွီကျင်းကို တခြားလူဆီပေးလိုက်မှာပါ... အဲဒါကြောင့် စာချုပ်တစ်ခုတော့ ရေးထားရပါမယ်... ဒီအစေခံက အတိုးတစ်ပြားတစ်ချပ်မှ မယူပဲ ကျန်တဲ့ ငွေပမာဏနဲ့ပဲ ပေးလိုက်ပါ့မယ်..."


ရှုစုန့်အန်းက အတိုးကို ဂရုမစိုက်ပေ။ ထိုအမျိုးသမီးက သူ့ကို အကြွေးယူခွင့်ပေးလိုက်မည်ကိုသာ အာရုံရှိသည်။


သူ အပြည့်အဝ သဘောတူလိုက်ပြီးနောက် သဘောတူစာချုပ်တစ်စောင်ရေး၍ ထိုအမျိုးသမီးနှင့်အတူ လက်မှတ်ထိုးလိုက်သည်။


အမျိုးသမီးကြီးက စာရွက်ကိုယူ၍ အစအဆုံးတစ်ခေါက်ဖတ်လိုက်ပြီးသည့်နောက် အစေခံမလေးကို ယွီကျင်း၏ ပြည့်တန်ဆာလုပ်ငန်းစာရွက်ကိုယူခိုင်းလိုက်ပြီး ရှုစုန့်အန်းက ယွီကျင်းကိုခေါ်သွားနိုင်ရန် သူမအခန်းသို့ လိုက်ပို့ခိုင်းလိုက်သည်။


ရှုစုန့်အန်းထွက်သွားပြီး တံခါးပိတ်လိုက်သည့်အချိန်တွင် သူမ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။


နောက်ထပ်အစေခံမလေးတစ်ယောက် အခန်းထဲမှထွက်လာကာ သေတ္တာဘူးလေးတစ်ဘူးကို ယူလာပြီး ထိုစာရွက်ကို ဘူးထဲ ထည့်လိုက်သည်။


" အမေ ဒီကိစ္စပြီးသွားပြီမလား... အဲဒီလူကြီးမင်းရော၊ သူပို့လိုက်တဲ့ လက်အောက်ငယ်သားတွေအားလုံး‌‌က‌ရော ကြောက်စရာကောင်းလွန်းလို့ အစေခံတွေ တစ်နေကုန် စိတ်ပူနေကြတာ..."


ရှုစုန့်အန်းက စာရွက်ကို အမြန်လက်မှတ်ထိုးသွား၍ ‌ရှင်းလင်းစွာရေးထားသည့်စာလုံးများကို သတိမပြုမိလိုက်ပေ။ ထိုမိန်းကလေးကိုဝယ်ရန် မည်သည့်နေရာတွင်ပြုလုပ်ခဲ့သည်၊ ငွေပမာဏမည်မျှပေးခဲ့ပြီး မည်မျှ အကြွေးကျန်နေသည်ကိုပါ စာရွက်ပေါ်တွင် ရှင်းလင်းစွာရေးသားထားခဲ့သည်။


စာချုပ်က အသေးစိတ်ကျကျ ရေးသားထားရန် မလိုအပ်ပေ။ သို့ရာတွင် ထိုစာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်သည်နှင့် ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည်များကို အတည်ပြုပြီးသား ဖြစ်သွားခဲ့သည်။ အနာရတ်တွင် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါက ထိုစာချုပ်က ထုတ်ပြန်ရန်အတွက် အကောင်းဆုံးသက်သေဖြစ်သည်။


အမျိုးသမီးကြီးက စာရွက်ကို ဂရုတစိုက်ဖြင့်ထည့်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

" ဟုတ်တယ် နောက်ဆုံးတော့ ပြီးသွားပါပြီ..."


သူမ စကားပြောနေလျက်နှင့် ငွေစာရွက်များထဲမှ အချို့ကိုသာ ခွဲယူထားလိုက်ပြီး ကျန်ရှိနေသည်များကို ဘူးထဲထည့်လိုက်သည်။


" အမေ ဘာဖြစ်လို့..."

အစေခံမိန်းကလေးက ပဟေဠိဖြစ်သွားသည်။


" အဲ့ဒီလူကြီးမင်းက လက်မှတ်ထိုးထားတဲ့ စာချုပ်ပဲလိုတယ်လို့ ပြောတယ်မလား... ကျန်တဲ့ငွေတွေက အမေ့အတွက်ပဲဆို..."


အမျိုးသမီးကြီးက  သူမကို တစ်ချက်ကြည့်လိုက်သည်။


" ယွီကျင်းက ဘယ်လောက်ပဲတန်လဲဆိုတာ မသိဘူးလား..."


ယွီကျင်းက လှပသော်လည်း အရည်အချင်းရှိသူတစ်ယောက်မဟုတ်ပေ။ ယန်ဇီတောင်ပိုင်းတွင် ပြည့်တန်ဆာတစ်ယောက်လုပ်ရန်အတွက် ရုပ်ရည်သွင်ပြင်တစ်ခုတည်းကို အားကိုး၍မရပေ။ အထက်တန်းစားပြည့်တန်ဆာဖြစ်ရန်ဆိုပါက ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ အဆိုအကနှင့် ကဗျာရေးစပ်တတ်ခြင်း အစရှိသည့် ပညာရပ်များပါ တတ်မြောက်ရမည်ဖြစ်သည်။


အကယ်၍ ထိုလူကြီးမင်းက တစ်လစော၍ရောက်လာပြီး ယွီကျင်းကို ဗုံအကနှင့် မယ်ဒလင်တီးတတ်ရန် သင်ကြားမပေးခဲ့ပါက ဤမျှ ဈေးမြင့်မြင့်နှင့် ရောင်းနိုင်မည်မဟုတ်ပေ။


ထိုလူကြီးမင်း မရောက်လာခဲ့ပါက ယွီကျင်း ဤအဆောက်အအုံထဲတွင်သာ အချိန်ကုန်နေခဲ့လျှင် ငွေစသောင်းချီနှင့်ပင် ရောင်း၍ရနိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် သူမကို သာမန်ကုန်သည်တစ်ယောက်ထံသို့သာ ရောင်းချလိုက်ရမည်ဖြစ်သည်။


အဲ့လိုမှမဟုတ်ခဲ့ရင် သူလည်း ငွေများများရပြီး ယွီကျင်းလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုးထည်တွေဝတ်ပြီး ကောင်းကောင်းနေ ကောင်းကောင်းစားရမှာမဟုတ်ဘူး...


သူမက ငွေစသုံးသောင်းကိုသာ ယူထားလိုက်ပြီး ကျန်ရှိနေသည်များကို ဘူးထဲအကုန်ထည့်ပြီး ပိတ်လိုက်သည်။


" ကျင်းလင်မြို့က အခုချိန်မှာ ‌ကပ်ဘေးဒဏ်ခံနေရတာ... ငွေသုံးဖို့လိုနေတာ နေရာတိုင်းမှာပဲလေ... ပိုနေတဲ့ ငွေစတွေ မယူထားသင့်ပါဘူး... အမေ့လက်ထဲမှာဆို ဒီငွေတွေက အသုံးဝင်မှာမဟုတ်ဘူး... ဒါပေမဲ့ အရာရှိတစ်ယောက်ယောက်ရဲ့လက်ထဲရောက်သွားမယ်ဆိုရင်တော့ အသက်တွေကို ကယ်နိုင်လိမ့်မယ်..."


ပြောနေလျက်နှင့်ပင် သူမယပ်တောင်ကိုဖြန့်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။


ညက မှောင်မိုက်နေသော်လည်း ချွန်းရွှေလမ်းမထက်တွင် မီးရောင်စုံများဖြင့် ပြည့်နေသည်။ ဗျပ်စောင်းသံ၊ မယ်ဒလင်သံများနှင့် မျက်နှာချေရနံ့၊ ဝိုင်ရနံ့များကလည်း လေထဲတွင် ရစ်ပတ်နေပေသည်။


မီးအလင်းရောင်များအောက်တွင် ကုန်သည်များ၊ လူချမ်းသာများက အဆုံးမရှိ ဝင်ထွက်သွားလာနေကြသည်။


အမျိုးသမီးကြီးက နူးညံ့စွာ ပြုံးလိုက်သည်။


" ငါတို့က အဆင့်နိမ့်တဲ့ ဘဝတွေဆိုပေမယ့်လည်း တစ်ခါတစ်ရံတော့ သူတော်ကောင်းတွေလို နေကြည့်ရတာပေါ့ ..."


.......


ချင်းယွဲ့ဖန်းအနောက်ဘက်ရှိ မည်းမှောင်နေသော လမ်းကြားလေးထဲတွင် မြင်းလှည်းကို တိတ်ဆိတ်စွာရပ်ထားသည်။


ကျင်းပေါင်က သူတို့နှစ်ယောက်လုံးအတွက် လက်ဖက်ရည်ကြမ်းငှဲ့ပေးပြီးနောက် မြင်းလှည်းအပြင်ကို ပြန်ထွက်သွားသည်။ သွမ့်ရှီးရှီးက ချင်းယွဲ့ဖန်းခေါင်မိုးပေါ်တွင် ရှိနေပြီး အတွင်းဘက်မှ အချက်ပြမည်ကို စောင့်ဆိုင်းနေသည်။


ရွှယ်ယန်က လက်ဖက်ရည်ခွက်ကို ကျွင်းဟွိုင်လန်ရှေ့သို့ တိုးပေးလိုက်ပြီး သူ့ကိုမော့ကြည့်လိုက်သည်။


ကျွင်းဟွိုင်လန်က သူ့ဘေးနားတွင် တိတ်ဆိတ်စွာထိုင်နေပြီး တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောနေသကဲ့သို့ စကားတစ်ခွန်းမှ မပြောပေ။ 


ရွှယ်ယန်က စကားစလိုက်သည်။

" ဘယ်လိုလဲ..."


ယနေ့ညတွင် ရှုစုန့်အန်းက အထက်တန်းစားပြည့်တန်ဆာကို ဝယ်ယူလိုက်သည့်အကြောင်းအား မေးလိုက်ခြင်းဖြစ်သည်။


ရှုစုန့်အန်းက မည်သူမည်ဝါဖြစ်ကြောင်းကို ရှာတွေ့သွားပြီးနောက် သူနှင့် ကောရုန်ဝမ်အကြားမှဆက်ဆံရေးကို သိရှိပြီးသွားသည်နှင့် ဤကိစ္စကိုစီစဉ်လိုက်ရခြင်းဖြစ်သည်။ သူ ဤကိစ္စကို ဂရုတစိုက် အစီအစဉ်ချထားခဲ့ပြီး သွမ့်ရှီးရှီးကို ဤနေရာသို့ အကြိမ်ကြိမ်အခါခါ အသွားအပြန်လုပ်ခိုင်းပြီးနောက်မှ ယနေ့ညတွင် ကိစ္စကို အပြီးသတ်လိုက်ခြင်းဖြစ်သည်။


ယနေ့ညတွင် ဖြစ်ပျက်ခဲ့သည်အားလုံးက သူ၏ထိန်းချုပ်မှုနှင့် အစီအစဉ်အရဖြစ်သည်။ ကျန်ခဲ့သည့်ကိစ္စလည်းမရှိပေ။ 


ယခုချိန်တွင် ဖုန်မှုန့်များ ရှင်းလင်းသွားပြီဖြစ်၍ သူ့စိတ်ထဲ၌ ယားကျိကျိဖြစ်လာမိသည်။


ကိစ္စပေါင်းများစွာ ဆောင်ရွက်ပြီးသွားချိန်တွင် ကျွင်းဟွိုင်လန်က သူ့ကိုချီးကျူးသည်ကို ကြားချင်နေမိသည်။


ယခင်ကဆိုလျှင် သူကိုယ်တိုင် ကိစ္စတစ်ခုခုကို အောင်မြင်အောင် ပြုလုပ်ခဲ့လျှင်ပင် အခြားလူများကိုပြောပြခြင်း၊ ကြွားဝါခြင်းများ မပြုလုပ်ခဲ့ဖူးပေ။ 


သူက အရွယ်နှင့်မလိုက်အောင် ရင့်ကျက်ခဲ့သူဖြစ်သော်လည်း ကျွင်းဟွိုင်လန်၏ရှေ့သို့ရောက်ချိန်တွင် ကလေးဆန်သည့် အမူအရာများ ပြန်ပေါ်လာသည်။


ကိစ္စကောင်းတစ်ခုကိုပြုလုပ်ခဲ့သည့် ကလေးတစ်ယောက်က ဆုလဒ်အနေဖြင့် သကြားလုံးစားချင်နေသကဲ့သို့ သူလည်း ကျွင်းဟွိုင်လန်ထံမှ ချီးကျူးခံချင်မိသည်။


သူ အချိန်ကြာသည်အထိ စောင့်ဆိုင်းနေပြီး နောက်ဆုံးတွင်မှ စကားစပြောလိုက်ရတော့သည်။


သို့ရာတွင် သူ့ဘေးတွင်ထိုင်နေသော  ကျွင်းဟွိုင်လန်က ယခုချိန်တွင် စိတ်ကသိကအောက်ဖြစ်နေသည်။


သူက အမြဲတစေ တည်ကြည်ပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်တတ်ကာ အကျိုးသင့်အကြောင်းသင့် နေထိုင်တတ်သူဖြစ်သညိ။

သူ ဘာလို့ ဒီလိုမျိုး စိတ်မတည်မငြိမ် ဖြစ်နေရတာလဲ... ရွှယ်ယန်က ရှုစုန့်အန်းကို မျှားခေါ်ဖို့  ဒီကိစ္စကိုလုပ်တယ်ဆိုတာသိပေမယ့် သူ့စိတ်ထဲ ဘာလို့ သဝန်တိုနေမိတာလဲ...


ကျွင်းဟွိုင်လန်က စိတ်ထဲတွင် သူ့ကိုယ်သူ အပြစ်တင်နေတော့သည်။


သို့ဖြစ်၍ ရွှယ်ယန်မေးသည့်စကားကိုမကြားပဲ အတွေးထဲနစ်မျောကာ ပြတင်းပေါက်အပြင်ကို ကြည့်နေမိသည်။


ရွှယ်ယန်က အတန်ကြာသည်အထိ စောင့်ဆိုင်းနေသော်လည်း သူ့ထံမှ တုံ့ပြန်မှုကို မရလာပေ။ 


စကားနည်းလှသည့်ကလေးက ပထမဦးဆုံးအကြိမ်အဖြစ် လက်ဖြန့်လိုက်သော်လည်း သူအလိုရှိသည့် သကြားလုံးကို မရလာပေ။ 


ရွှယ်ယန် ခဏအကြာတွင် မေးလိုက်သည်။

" မင်း ဘာတွေတွေးနေတာလဲ..."


ထိုအခါမှသာ ကျွင်းဟွိုင်လန်က အသိစိတ်ပြန်ဝင်လာသည်။


" မဟုတ်ပါဘူး... မြို့မြောက်ပိုင်းက ဆည်အကြောင်းတွေးနေမိလို့ပါ..."

သူ့ခံစားချက်ကို ဖုံးကွယ်ထားပြီး လိမ်ညာပြောလိုက်သည်။

    

သဝန်တိုနေခဲ့သည်ဟု တဲ့တိုးသွားပြော၍လည်း မဖြစ်ပေ။


ပြုံးယောင်သန်းနေသောရွှယ်ယန်၏ နှုတ်ခမ်းများက ချက်ချင်းမဲ့သွားသည်။


ရွှယ်ယန် စိတ်မကျေမနပ်ဖြစ်သွားသည်ကို ကျွင်းဟွိုင်လန် အာရုံရလိုက်သည်။


ထိုလူက စိတ်မပျော်ရွှင်ပါကလည်း ‌အောင့်အည်းသည်းခံပြီး ထုတ်မပြောတတ်သူဖြစ်သည်။ သို့ဖြစ်၍ အသိစိတ်ပြန်ကပ်သွားသော ကျွင်းဟွိုင်လန်က တဲ့တိုးမမေးတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။


" ဒီနေ့ လေလံပွဲအတွက်ကို အစောကြီးတည်းက ပြင်ဆင်ထားတာလား..."


အံ့အားသင့်စွာဖြင့် ရွှယ်ယန်မှာ အချော့ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


ကျွင်းဟွိုင်လန်က အခြားအရာများကိုတွေးနေ၍ သူ  စိတ်မပျော်မရွှင်ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ ကျွင်းဟွိုင်လန်ဘက်မှ ဦးစွာမေးလာသည်ကို ကြားလိုက်ရသည့်အခါ ဝံပုလွေကြီး၏အမြီးက ခွေးလေးတစ်ကောင်ကဲ့သို့ အကြိမ်အနည်းငယ် ဝှေ့ယမ်းသွားသည်။


သူ အကြည့်လွှဲလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။


" အရင်တစ်ခါကလည်း အရှေ့ဘက်ရေကန်မှာ ပြဿနာရှာလိုက်တာဆိုတော့ ဒီလူနဲ့ ပြဿနာဖြစ်ရဖို့က လွယ်တယ်လို့ တွေးလိုက်မိတာ..."


ကျွင်းဟွိုင်လန်ကလည်း ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။


" ရှုမိသားစုက ဒီကိစ္စကို သဲလွန်စတွေမကျန်ခဲ့အောင် လုပ်ချင်နေသလိုပဲ... ဒါပေမဲ့ သူတို့အိမ်တော်က သခင်လေးက သောက်စားပျော်ပါးနေတော့ ကျင်းလင်က သူတို့လူကို စောင့်ကြည့်ခိုင်းထားရတဲ့ပုံပဲ... သူတို့သခင်လေးကို တစ်ခုခုလုပ်နိုင်မယ်ဆိုရင် နှစ်ဖက်လုံးက ခြေရာလက်ရာပြလာဖို့ ပိုလွယ်တာပေါ့..."


ရွှယ်ယန် ခပ်တိုးတိုး ရယ်လိုက်သည်။

" တော်လိုက်တာ..."


သူ့စကားကြောင့် ကျွင်းဟွိုင်လန်၏နားရွက်များ နီရဲသွားရသည်။


ရွှယ်ယန်က သူ့ကို တစ်ခုမှ မဖုံးကွယ်ထားသည့်အပြင် ယနေ့ညတွင်လည်း ပွဲကြီးပွဲကောင်းကိုကြည့်ရန် ခေါ်ဆောင်လာပေးခဲ့ခြင်းဖြစ်သည်။ ဤအဖြစ်အပျက်နှင့် နော်ဆက်တွဲကိစ္စများကို သူကိုယ်တိုင်က အကွက်ကျကျစီစဉ်ထားကြောင်း သိသာလှသည်။


ဘာလို့ တော်လိုက်တာလို့ ပြောမိတာပါလိမ့် သူ့ပုံစံက ကလေးကိုချော့နေသလိုပဲ...


ကျွင်းဟွိုင်လန် အကြည့်လွှဲလိုက်သည်။


ထိုအချိန်တွင် မြင်းလှည်းအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။


သွမ့်ရှီးရှီး ပြန်ရောက်လာပြီဖြစ်ကြောင်း ရွှယ်ယန် သိလိုက်သည်။


သူ့မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားပြီး ပိုးလိုက်ကာကို မ'၍ အပြင်ဘက်မှပေးသည့် ဘူးကို လှမ်းယူလိုက်သည်။


" အလေးချိန်က နည်းနည်းများနေသလိုပဲ..."


သွမ့်ရှီးရှီးက အပြင်ဘက်မှ လှမ်းပြောလိုက်သည်။


သူ့အသံက သာယာနေခြင်းမရှိပဲ ညအချိန်တွင် ပုန်းလျှိုးကွယ်လျှိုးနေတတ်သည့် ဇီးကွက်တစ်ကောင်နှင့် တူနေသည်။


ရွှယ်ယန်က အင်းဟုသာ ပြန်ဖြေလိုက်သည်။


အလေးချိန်က သူထင်ထားသည်ထက် ပိုလေးနေသည်ကို သူသိသော်လည်း ထိုပြည့်တန်ဆာခေါင်းအမျိုးသမီးကြီးက ဉာဏ်ကောင်းပြီး ရိုးသားသူဖြစ်၍ ဤသို့သောအချိန်တွင် သူ့ကို ပြဿနာရှာမည်မဟုတ်ပေ။ 


ဘူးကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။


ဘူး၏အပေါ်လွှာတွင် သဘောတူစာချုပ်တစ်ခု ပါရှ်ိပြီး အောက်ဘက်တွင် ငွေစာရွက် အထပ်လိုက်ကြီးဖြစ်သည်။ 


အရေအတွက်က အလွန်များလွန်းသဖြင့် ဘူးက လေးနေရခြင်းဖြစ်သည်။


" ဘာတွေ ထည့်ပေးလိုက်လို့လဲ..."


ကျွင်းဟွိုင်လန်က ရှေ့တိုးလာပြီး ဘူးထဲမှ ပစ္စည်းများကို လှမ်းကြည့်သည်။


" ဒါ..."

သူ အနည်းငယ် ကြောင်အသွားမိသည်။


ရွယ်ယန်ကလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


" ကိုယ် သူ့ကို ငွေတွေ ပြန်ပေးဖို့ မပြောလိုက်ပါဘူး..."


ပြဿနာပဲ... သူက ငွေမလိုဘူး စာချုပ်ပဲလိုတာလေ... ဘာလို့ သူ့သဘောနဲ့သူ ဆုံးဖြတ်ချက်ချလိုက်တာလဲ...


Xxxxxxxxx