Chapter 121
ဤပြည့်တန်ဆာအိမ်မှ ကိစ္စက အလွန်အရေးကြီးလှ၍ နောက်ကြောင်းရှင်းပြီး ပြဿနာမဖြစ်စေရန်အတွက် ထိုငွေများကို နှုတ်ပိတ်ခအဖြစ် ပေးခဲ့ခြင်းဖြစ်သည်။
ရွှယ်ယန်က လူသားများ၏ခံစားချက်ကို နားမလည်သူဖြစ်၍ ထိုအမျိုးသမီးကြီးက သူပေးလိုက်သည့် နှုတ်ပိတ်ခများကို အဘယ့်ကြောင့် ပြန်ပေးလိုက်သည်ကို နားမလည်နိုင်ဖြစ်နေမိသည်။
သို့ရာတွင် ကျွင်းဟွိုင်လန်ကမူ တစ်ချက်ကြည့်ရုံဖြင့် ထိုအမျိုးသမီးကြီးက ရွှယ်ယန့်ကို အဘယ့်ကြောင့် ငွေများတိတ်ဆိတ်စွာပေးသည်ကို သိသွားသည်။
သူမက ပြည့်တန်ဆာခေါင်းအလုပ်ကို လုပ်စားနေရသော်လည်း ယောက်ျားများတွင်ပင် မြင်တွေ့ရခဲသည့် ဖြောင့်မှန်မှုမျိုးရှိနေသည်။
ရွှယ်ယန် မျက်မှောင်ကြုတ်နေသည်ကို မြင်သည့်အခါ ကျွင်းဟွိုင်လန်က ပြုံးပြလိုက်သည်။
" ဒီလိုလူမျိုးက တွေ့ရခဲတယ်..."
ရွှယ်ယန်က မျက်လုံးလှန်ကြည့်လိုက်ပြီး သင်္ကာမကင်းစွာဖြင့် ကြည့်လိုက်သည်။
ထို့နောက် ကျွင်းဟွိုင်လန်ဆက်ပြောသည်ကို ကြားလိုက်ရသည်။
" သူက ဒီလိုမျိုးတောင်ပြန်လုပ်ပေးမှတော့ ဒီကိစ္စကို ပေါက်ကြားအောင်လုပ်မှာ မဟုတ်ပါဘူး... ဒါကြောင့်မို့ ဒီငွေကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပေးတာ မဟုတ်လောက်ပါဘူး..."
" ဒါဆို သူ့ရည်ရွယ်ချက်ကဘာလဲ..."
ကျွင်းဟွိုင်လန်က နူးညံ့သောအပြုံးလေးနှင့် ရှင်းပြလိုက်သည်။
" ကျင်းလင်မြို့မှာက ကပ်ဘေးကြီးဖြစ်နေပြီး အစိုးရကလည်း ဘဏ္ဍာငွေတွေလိုနေတာပဲ... မင်းက အရာရှိတစ်ယောက်ဆိုတာကို သူအကြမ်းဖျင်းမှန်းမိလို့ ငွေတွေကို လက်လွှဲပေးလိုက်တာ နေမှာပေါ့..."
ရွှယ်ယန့် စိတ်ထဲတွင် တွေးလိုက်သည်။
အိုး... ဒါဆိုရင် ငါ့ကို လှူလိုက်တာပဲ...
ပြည့်တန်ဆာခေါင်းအမျိုးသမီးတစ်ယောက်ထံမှ ထိုငွေများကို ပြန်တောင်းပါက အထင်သေးခံရမည့်စိုးသည့်အပြင် မလိုအပ်ဟု တွေးမိသောကြောင့် မတောင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျွင်းဟွိုင်လန်ကို ကြည့်လိုက်သောအခါ သူ့မျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့သောအလင်းရောင်လေးများ တောက်ပနေသည်ကို မြင်လိုက်ရသည်။
သူ့ပုံစံက အဲ့လူကို အရမ်းလေးစားသွားတဲ့ပုံပဲ...
ရွှယ်ယန့်စိတ်ထဲတွင် ချဉ်တူးသွားမိသည်။
သူ့စိတ်ထဲမှာ ကိစ္စတွေအများကြီးကို ဘာလို့တွေးနေရတာလဲ... မြို့မြောက်ပိုင်းက ဆည်အကြောင်းလည်း တစ်နေကုန် မတွေးပဲ မနေနိုင်ဘူး... အခုလည်း သူနဲ့မဆိုင်တဲ့ ပြည့်တန်ဆာခေါင်းမိန်းမကြီးအကြောင်း တွေးနေပြန်ပြီ... ကျင်းလင်မှာရှိတဲ့ ကိစ္စတွေအားလုံးက သူ့စိတ်ထဲ ရောက်နေသလိုပဲ... ကျွင်းဟွိုင်လန်ရဲ့ရင်ထဲက အဲ့ကိစ္စတွေကို သူဘယ်လိုဆွဲထုတ်ပစ်ရမလဲမသိဘူး...
သို့ရာတွင် ကျွင်းဟွိုင်လန် မပျော်မရွှင်ဖြစ်မည်စိုး၍ ထိုကိစ္စများကိုလည်း လျစ်လျူရှု့ထား၍ မရနိုင်ပေ။
သူစိမ်းတစ်ယောက်ကို ပို၍ လေးစားနေမိ၍ ရွှယ်ယန်က ကိစ္စကြီးတစ်ခုကို လုပ်ပေးခဲ့သော်လည်း အချီးကျူးမခံရဖြစ်သွားသည်။
" ဒါဆိုရင်တော့ သူ့ငွေတွေကို ဘာမှပြန်မပေးပဲ ယူထားလို့ မဖြစ်တော့ဘူး... ရှုမိသားစုက ကျဆုံးသွားခဲ့ရင် သူတို့မသေခင် ကျိန်းသေပေါက် လက်စားလာချေမှာပဲ... ပြီးတော့ ဒီနေ့တွေ့ခဲ့တဲ့ကောင်မလေးကို ရှုစုန့်က ဇနီးအဖြစ်လက်ထပ်လိုက်မယ်ဆို သူ ထွက်ပြေးလို့ရတော့မှာမဟုတ်ဘူး..."
ကျွင်းဟွိုင်လန်၏ မျက်နှာက စိုးရိမ်ပူပန်သည့်ပုံစံဖြစ်လာသည်။
" ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ..."
ရွှယ်ယန့်စိတ်ထဲတွင် တွေးလိုက်သည်။
ဘယ်လိုလုပ်ကြမလဲတဲ့... မင်းလေးသာ ဒီနေ့ ဒီနေရာမှာ မရှိခဲ့ရင် ကိုယ်သူတို့ကို ကိုယ်ရှင်းလိုက်ပြီ...
အားလုံးက သေရေးရှင်ရေးကို အလေးထားကြသော်လည်း ရွှယ်ယန်က ထိုသို့ ဂရုမဲ့စွာနေတတ်သူမဟုတ်ပေ။
သို့ရာတွင် ယခုချိန်မူ ထိုသို့မဟုတ်တော့ပေ။
ရွှယ်ယန်က အမှောင်ထဲတွင် နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
" မင်း ကိုယ့်ကို ကိစ္စတစ်ခု ကတိပေးမယ်ဆိုရင် သူတို့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်လွှတ်ပေးလိုက်မယ်..."
——
ရွှယ်ယန်က အခြားလူများ၏အသက်နှင့် အလဲအလှယ်လုပ်ရန်အတွက် သူ့ကို ကတိတစ်ခုပေးခိုင်း၍ ကျွင်းဟွိုင်လန် ရယ်ရမည် ငိုရမည်မသိ ဖြစ်သွားသည်။
၎င်းက ဆည်ကိုပြန်ပြင်ချိန်တွင် ရွှယ်ယန်ကသူ့ဘေးတွင်နေပြီး အဖော်ပြုသည်ကို ခွင့်ပြုပေးရန်ဖြစ်သည်။
ယခုအခါတွင် မြို့စားမင်းယုံနင်နှင့် ရှန်းကျီဖုတို့က မြို့ထဲမှ အရာအားလုံးကို ဂရုစိုက်ထားကြပြီဖြစ်သည်။ ရွှယ်ယန်ကလည်း ဤရက်ပိုင်းတွင် ကောရုန်ဝမ်နှင့် ရှုစုန့်အန်းတို့၏လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်နေရခြင်းဖြစ်သည်။ ယခုအခါတွင် အစီအစဉ်က အောင်မြင်သွားပြီဖြစ်၍ ရက်အနည်းငယ်ခန့် အားလပ်သွားပြီဖြစ်သည်။
အမှန်တွင် သူ့သဘောအတိုင်း ရောက်လာပါကလည်း ကျွင်းဟွိုင်လန်က သူ့ကိုမောင်းထုတ်မည်မဟုတ်ပေ။ သို့ရာတွင် သူက ကျွင်းဟွိုင်လန်ကို လူလည်ကျပြီး သဘောတူအောင် လုပ်ခိုင်းခြင်းဖြစ်သည်။
ကျွင်းဟွိုင်လန်က ရွေးချယ်စရာမရှိတော့၍ ခေါင်းငြိမ့်ပြီး သဘောတူရုံသာ တတ်နိုင်သည်။
ထိုနေ့မှစ၍ ဘုရင်ခံကွမ်းလင်၏ မြင်းလှည်းကို မြို့မြောက်ပိုင်းမှ ဆည်ပြုပြင်သည့်နေရာတွင် နေ့တိုင်းရပ်ထားပြီး အနက်ရောင်နှင့်ရွှေရောင်ငါးပျံဝတ်ရုံများ ဝတ်ထားသည့် ကျင်းယီဝေ့အစောင့်များက မြောက်ပိုင်းမှ တည်ဆောက်ရေးပြုလုပ်နေသည့်နေရာတွင် စောင့်ကြပ်နေတော့သည်။
ဘုရင်ခံကွမ်းလင်က ကြောက်စရာကောင်းပြီး စည်းကမ်းတင်းကြပ်သူဖြစ်၍ ဆည်ပြုပြင်နေသည်ကို ကိုယ်တိုင်စောင့်ကြပ်နေပြီး အမှားပြုလုပ်မိသူတိုင်းက ထိုနေရာတွင်ပင် ခေါင်းဖြတ်ခံရမည်ဟု ပြောနေကြသည်။
သို့ဖြစ်၍ ထိုနေရာတွင် အလုပ်လုပ်ကြသူတိုင်းက အန္တရာယ်ကို အာရုံခံမိနေ၍ မခိုမကပ်ရဲကြတော့သောကြောင့် ဤနှစ်ရက်အတွင်းတွင်း လုပ်ငန်းများက ယခင်ထက်နှစ်ဆပို၍ ပြီးစီးသွားတော့သည်။
အမှန်တွင် ဘုရင်ခံကွမ်းလင်က ဆည်သို့ နေ့တိုင်းရောက်လာရသည့်အကြောင်းမှာ ဆည်ပြုပြင်နေသည်ကို တာဝန်ယူထားရသည့်သခင်လေးအနားတွင် နေချင်ပြီး သူ့ကိုကူညီပေးချင်သောကြောင့်ဖြစ်သည်။
လက်ဖက်ရည်များလည်း အမြဲမပြတ်ပြင်ဆင်ထားပြီး တစ်နေ့တွင်လည်း ထမင်းသုံးနပ်မှန်မှန်လာပို့ခိုင်းထားသည်။ ထို့အပြင် နေ့လယ်စာစားပြီးချိန်တွင်လည်း ကျွင်းဟွိုင်လန်ကို တစ်ရေးတစ်မောအနားယူခိုင်းထားပြီး ထိုအချိန်တွင် သူကိုယ်တိုင် လုပ်ငန်းများကို ကြီးကြပ်ခြင်းဖြစ်သည်။
ထိုအခါမှသာ ဤရက်ပိုင်းအတွင်း သူပင်ပန်းနေသည်ကို သတိပြုမိ၍ ရွှယ်ယန်က ထိုသို့ကတိတောင်းခြင်းဖြစ်ကြောင်း ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။ သို့ဖြစ်၍ ဖိအားများဖြေလျှော့ပေးရန်အတွက် သူကိုယ်တိုင် ဆည်ပြုပြင်နေသည်များကို လာရောက်ကြီးကြပ်ပေးနေခြင်းပင်။
ဤလူက တစ်ခါတစ်ရံတွင် ကလေးဆန်သော်လည်း တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲတွင် နွေးထွေးသည့် စမ်းချောင်းတစ်ခု စီးဆင်းသွားစေပြီး အသွေးအသားများကိုပါ နွေးထွေးမှုများ လွှမ်းခြုံသွားအာင် ပြုလုပ်ပေးနိုင်သည်ဟု ကျွင်းဟွိုင်လန်ခံစားမိသည်။
သူ ကလေးဘဝတည်းက ယောကျာ်းတစ်ယောက်က အခြားလူများ၏ ကောင်းကျိုးအတွက် လိုအပ်လာပါက အသက်ပင်စွန့်ရမည်ဟု သူ့အဖေ၏ သင်ကြားပေးခဲ့သည်။
သို့သော်လည်း ရွှယ်ယန်က သူ့အတွက် စိတ်ပူပေးနေခဲ့ပြီး ထိုစကားများကို ထုတ်မပြောသော်လည်း တိတ်တဆိတ် ဂရုစိုက်ပေးခဲ့သည်။
ကျွင်းဟွိုင်လန်က ထိုအရာအားလုံးကို သူ့မျက်ဝန်းထဲမှတစ်ဆင့် မြင်တွေ့နိုင်ပေသည်။
ညအချိန်ရောက်လာသောအခါ ဆောက်လုပ်ရေးမှလူအားလုံးက တစ်နေ့တာလုပ်ငန်းများ ပြီးဆုံးသွားကြပြီဖြစ်သည်။ ကျွင်းဟွိုင်လန်က တစ်နေရာတွင်ထိုင်ပြီး အတွေးထဲ နစ်မျောနေသည်။
ရွှယ်ယန်က အလွန်နူးညံကြင်နာပြီး ဂရုစိုက်တတ်သူဖြစ်သော်လည်း ယခင်ဘဝက အဘယ့်ကြောင့် ထိုသို့သောကိစ္စများ ပြုလုပ်ခဲ့သည်ကို တွေးနေမိသည်။
စာအုပ်ထဲမှရွှယ်ယန်နှင့် ယခု သူ့မျက်စိရှေ့မှရွှယ်ယန်က လုံးဝပင်ကွဲပြားသည့်လူမျိုးဖြစ်နေ၍ သူ့စိတ်ထဲတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေမိသည်။
ထိုစာရွက်အပိုင်းလေးကို ပြန်တွေ့ခဲ့သည့်ရက်မှစ၍ ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ထိုအတွေးတစ်ခုတည်းသာ ကြီးစိုးနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ရွှယ်ယန့်အပေါ် သူ့ခံစားချက်များက ပို၍ရှင်းလင်းလာသည်ဖြစ်၍ စာအုပ်ထဲမှအကြောင်းအရာများနှင့်အတူ ကံကြမ္မာကိုပါ အမှတ်တမဲ့ဖြင့် မေးခွန်းထုတ်လာမိသည်။
ကျွင်းဟွိုင်လန်က ဆည်အောက်ဘက်မှ မီးအိမ်များနှင့် လူအုပ်ကြီးကိုကြည့်ပြီး အတွေးထဲနစ်နေသည်။ အကြောင်းအရင်းတစ်ခုမှကို မတွေးမိသော်လည်း ရွှယ်ယန်၏ အမူအကျင့်နှင့် စကားလုံးများက သူ့မျက်စိရှေ့တွင် ရစ်ဝဲနေဆဲဖြစ်သည်။
အချိန်ရသည်နှင့် သူ့အကြောင်း မတွေးပဲ မနေနိုင်အောင်ဖြစ်နေသည်။
ထိုအကြောင်းတွေးနေလျက်နှင့် ကျွင်းဟွိုင်လန် အိပ်ငိုက်လာမိသည်။ ဤရက်ပိုင်းများတွင် ရွှယ်ယန်၏ အကူအညီဖြင့် ဆည်ကိုပြုပြင်ရသည့်ကိစ္စများက ပို၍အားစိုက်ထားရသည်။ အလုပ်များနေချိန်တွင် မသိသာသော်လည်း အနားယူလိုက်သည်နှင့် ပင်ပန်းနွမ်းနယ်မှုများက အလုံးအရင်း ဝင်ရောက်လာသည်။
ကျွင်းဟွိုင်လန်၏ အမြင်အာရုံများ ဝေဝါးလာပြီး နောက်ဆုံးတွင် ခေါင်းငိုက်စိုက်ကျလာသည်။
အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေချိန်တွင် မီးရောင်မှိန်မှိန်တစ်ခုနှင့် စန္ဒကူးနံ့သင်းသင်းလေးက သူ့အနားသို့ ရောက်ရှိလာသည်ကို သတိမထားလိုက်မိပေ။
တစ်စုံတစ်ယောက်က သူ့ဘေးနားတွင်ထိုင်လိုက်ပြီး ကျွင်းဟွိုင်လန်ကို သူ့ပခုံးတွင် မှီစေလိုက်သည်။
ကျွင်းဟွိုင်လန်က သေချာသတိမထားမိသော်လည်း ရုတ်တရက် သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရ၍ ချက်ချင်းအိပ်မောကျသွားတော့သည်။
သူ့ကို ထိုသို့သော လုံခြုံစိတ်ချမှုမျိုးကို ပေးစွမ်းနိုင်သူက တစ်ဦးတစ်ယောက်တည်းသာရှိသည်။
ကျွင်းဟွိုင်လန် မသိရှိသေးသည့်အရာတစ်ခုမှာ တုန်းချန်မှ အရေးကြီးစာတစ်စောင်က ယမန်နေ့ညတွင် ရွှယ်ယန်၏ခုံပေါ်သို့ ရောက်ရှိလာခဲ့ခြင်းကိုပင်။
ထိုစာထဲတွင် ဧကရာဇ်ချင်းဖျင်က ယုံနင်မြို့စားမင်းလျှောက်တင်သည့် ကိစ္စများကို သိရှိရ၍ အမတ်များကို စုဝေးထားပြီး ဤပြဿနာကို ဆွေးနွေးနေသည့်အကြောင်းပါရှိသည်။
ကျင်းလင်က ဤတစ်ကြိမ်တွင် ကပ်ဘေး ခံစားခဲ့ရသည်ဖြစ်၍ ဘဏ္ဍာငွေ၊ အစားအစာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရမည်မှာ သဘာဝပင်ဖြစ်သည်။ ၎င်းကို အားလုံးက နားလည်ထားပြီးသားဖြစ်၍ ဆွေးနွေးနေရန် မလိုအပ်တော့ပေ။ ဧကရာဇ်ချင်းဖျင် အမတ်များကို ဆင့်ခေါ်လိုက်သည့်ကိစ္စက ထိုပစ္စည်းများကို ကပ်ဘေးဖြစ်ပေါ်နေသည့် တောင်ပိုင်းသို့ပို့ဆောင်ရန် မည်သည့်အရာရှိကို စေလွှတ်ရမည့်အကြောင်း ဆွေးနွေးလို၍ဖြစ်သည်။
ယုံနင်မြို့စားမင်းက ရာထူးကြီးပြီး ထူးခြားပြောင်မြောက်သည့်စွမ်းရည်များရှိသူဖြစ်၍ ထိုကိစ္စအတွက် သူ့ကိုတာဝန်ပေးလျှင်လည်း တစ်စုံတစ်ရာမှားယွင်းမည်မဟုတ်ပေ။
သို့ရာတွင် ယုံနင်မြို့စားမင်းတို့က မျိုးရိုးစဉ်ဆက်အလိုက် အကျိုးဆောင်ခဲ့သူများဖြစ်သည်။ ယခုအခါတွင် ကျင်းလင်၌ ကပ်ဘေးဖြစ်ပေါ်ခဲ့သော်လည်း ထိုကိစ္စကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့ပြီး အချိန်မီလျှောက်တင်နိုင်ခဲ့သည်။ ဤတစ်ကြိမ် ရေလွှမ်းမိုးမှုကိစ္စကို အပြည့်အဝ တာဝန်ယူခဲ့၍ အားလုံးပြီးဆုံးသွားပါက ချီးမြှောက်ခံရတော့မည်ဖြစ်သည်။
အချိန်တန်လျှင် ယုံနင်မြို့စားမင်းကို ရာထူးဂုဏ်ထူးကြီးသည့် တစ်နေရာကို ခန့်အပ်ရတော့မည်ဖြစ်သည်။
ဒါပေမဲ့ ရာထူးကြီးပြီးတော့ လစာငွေများများရလာရင် လူတွေရဲ့ နှလုံးသားက ပြောင်းလဲသွားမလား မပြောင်းလဲသွားဘူးလားကို ပြောနိုင်မှာမဟုတ်ဘူး...သူတို့က မျိုးရိုးစဉ်ဆက်အလိုက် သူကောင်းမျိုးဖြစ်ခဲ့ကြတဲ့သူတွေ... တကယ်လို့ အောင်မြင်မှုတွေ ဆက်တိုက်ရလာပြီဆိုရင် စွမ်းအားကြီးအောင်လုပ်ပြီး အတိုင်းအတာတစ်ခုအထိ ချုပ်ကိုင်လာနိုင်ရင် အအခြေခံအုတ်မြစ်မရှိတဲ့ အမတ်တွေထက်ပိုပြီး ကိုင်တွယ်ရ ခက်ခဲလာနိုင်တယ်...
သို့ဖြစ်၍ ဧကရာဇ်ချင်းဖျင်က သူ့အတွက် ပြဿနာမဖြစ်စေရန် အမတ်များအားလုံးကိုစုဝေးပြီး တောင်ပိုင်းမှ ကပ်ဘေးဖြစ်နေသည့်နေရာသို့ စားနပ်ရိက္ခာများပို့ဆောင်ရန် မည်သူ့ကို ရွေးချယ်ရမည်အား တမင်တကာဆွေးနွေးခြင်းဖြစ်သည်။
ထို့အပြင် ဤကိစ္စကို ယုံနင်မြို့စားမင်း၏ မိတ်ဆွေများသိသွားမည်စိုး၍ ဧကရာဇ်ချင်းဖျင်က အခြားမင်းမျိုးနွယ်မိသားစုမှ အမတ်အချို့ကိုသာ စုဝေးစေခဲ့သည်။ ထိုအမတ်များထဲတွင် မည်သည့်ဘက်မှမလိုက်သော အမတ်အုပ်စုမှလွဲလျှင် ကျန်လူများအားလုံးက ရှုမိသားစုဘက်မှလူများသာဖြစ်သည်။
အားလုံးက ကျင်းလင်မှ ယုံနင်မြို့စားမင်းအကြောင်း တစ်ခွန်းမှမဟပဲ နေ့တစ်ဝက်အထိ ဆွေးနွေးခဲ့ကြပြီးနောက် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကမှ ညီလာခံတွင် နေရာရလာသည့် အမတ်ငယ်တစ်ယောက်ကို ရွေးချယ်လိုက်ကြသည်။
ထိုလူက သေချာပေါက် ရှုမိသားစုဘက်မှဖြစ်သည်။
သင့်တော်သူကို ရွေးချယ်ပြီးသွားသည့်အခါ တော်ဝင်အမိန့်တော် ထုတ်ပြန်လိုက်ပြီးသည့်နောက် ဧကရာဇ်ချင်းဖျင်က ဘဏ္ဍာငွေနှင့် ရိက္ခာများကိုစုစည်းပြီး ထိုအမတ်ကို ကျန်းနန်သို့ ချက်ချင်းထွက်ခွာခိုင်းလိုက်သည်။
ကပ်ဘေးကပ်ဆယ်ရေးအဖွဲ့က ချန်အန်းမှစ၍ အနောက်ဘက်လမ်းတစ်လျှောက် ဦးတည်သွားမည်ဖြစ်သည်။ ရှန်တုန်းသို့ရောက်ချိန်တွင် မြစ်ဝါမြစ်အတိုင်း စုန်ဆင်းသွားပြီး အစားအသောက်နှင့် ဆေးဝါးများကို ယန်ဇီမြစ်နှင့် မြစ်ဝါမြစ်ကိုဆက်ထားသည့် လိုဏ်ခေါင်းမှတစ်ဆင့် ပို့ဆောင်ပေးမည်ဖြစ်သည်။
ရေလမ်းဖြင့်သွားလာခြင်းက ချောမွေ့မြန်ဆန်ပြီး မြို့များနှင့် ဒေသပေါင်းများစွာကိုလည်း ဖြတ်သန်းသွားရန်မလိုအပ်ပေ။ သို့ဖြစ်ရန် ပြဿနာဖြစ်ရန်လည်းနည်းပါးပြီး လျှို့ဝှက်လုပ်ဆောင်ချက်များလုပ်ရန်လည်း ခက်ခဲလှသည်။
သို့ဖြစ်၍ ထောက်ပံ့မည့်ပစ္စည်းများကို တစ်ခုခုလုပ်ထားမည်ဆိုပါက ရေလမ်းကြောင်းဖြင့်ပြောင်း၍ မသွားမီအချိန်တွင် ပြုလုပ်ထားမည်ကို ရွှယ်ယန်သိလိုက်သည်။
ပစ္စည်းများကို အရွှေ့အပြောင်းပြုလုပ်မည့်ရှန်တုန်းက အဆင်အပြေဆုံးနေရာဖြစ်နေသည်။
ဤခရီးတွင် ထိုလူများ၏တာဝန်ကအလျင်စလိုပြုလုပ်မည်ဖြစ်သည်။ ရိက္ခာပစ္စည်းများကို အတင်အချပြုလုပ်ရမည်ဖြစ်၍ ခြေလက်များကိုအသုံးပြုမှသာ မြန်ဆန်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရှန်တုန်းမှ ရုံးတော်တရားသူကြီးအသစ်က ရှုမိသားစုဘက်မှလူဖြစ်နေသည်။ ရိက္ခာများနှင့် ဘဏ္ဍာငွေများကို အလွှဲသုံးစားပြုလုပ်ပြီးပါက ရှန်တုန်းမှ ဘဏ္ဍာတိုက်ထဲထည့်ထားလိုက်ပြီး ကျန်ရှိနေသည်များကိုသာ ကောရုန်ဝမ်၏လက်ထဲ ထည့်ပေးလိုက်မည်ဖြစ်သည်။
ရိက္ခာများနှင့် ဘဏ္ဍာငွေများက သယ်ယူပို့ဆောင်နေသည့် လုပ်ငန်းစဉ်အတွင်းတွင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ ကျင်းလင်သို့ရောက်ချိန်မှ ၎င်းတို့အားလုံးပျောက်ဆုံးသွားပါက ယုံနင်မြို့စားမင်းနှင့် ရှန်းကျီဖုတို့ကို ထောင်နှင့်ချီသောနည်းလမ်းများဖြင့် အပြစ်ပုံချ၍ ရနိုင်သည်။
ရွှယ်ယန်က ကျွင်းဟွိုင်လန်၏ဘေးတွင်ထိုင်ပြီး သူအိပ်ပျော်နေသည်ကိုကြည့်ကာ အတွေးထဲ နစ်မျောနေမိသည်။
Xxxxxxxx