အပိုင်း ၁၂၃
Viewers 15k

Chapter 123


ကျွင်းဟွိုင်လန် အမှတ်တမဲ့ဖြင့် ကျောက်စိမ်းပြားလေးကို လက်ထဲတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။

 

ရွှယ်ယန်က သူ့ကို အတင်းအကြပ်ဖိအားပေး၍ ပြောခဲ့ခြင်းမဟုတ်သော်လည်း သူ့နှလုံးခုန်သံများကို ပိုမိုမြန်ဆန်လာစေခဲ့သည်။


ချည်နှောင်ထားရာမှ လွတ်ထွက်သွားတော့မည့် မြင်းရိုင်းတစ်ကောင်နှင့်ပင် တူနေသည်။


ထိုအချိန်တွင် သူ့အိပ်ရာပေါ်မှ လိုက်ကာစကို မ'လိုက်သည့်အသံကြားလိုက်ရသည်။


" သခင်လေး နိုးလာပြီလား..."

ထိုအသံက အနည်းငယ်စိုးရိမ်ပူပန်နေပုံရသည်။


ကျွင်းဟွိုင်လန်က အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီး ကျောက်စိမ်းပြားလေးကို ခေါင်းအုံးအောက်သို့ထည့်ထားလိုက်သည်။


" အခုမှနိုးတာ ဘာဖြစ်လို့လဲ..."


" အပြင်ဘက်ကလူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတာ ဒီအစေခံတွေ့လိုက်ရလို့ပါ တစ်ချက်လောက် လာကြည့်ကြည့်ပါလား..."


"ချန်အန်းကနေ အမိန့်တော်ချမှတ်လိုက်လို့ သခင်ကြီးနဲ့ အရှင့်သားနှစ်ယောက်လုံးက အိမ်တော်အပြင်ဘက်ကိုထွက်ပြီး အမိန့်တော်လက်ခံနေရပါတယ်..."


ကျွင်းဟွိုင်လန် ခဏရပ်သွားသည်။


ရွှယ်ယန် ယမန်နေ့ညကပြောသည်ကို သူအမှတ်ရသွားသည်။


အမိန့်ကျလာသည်နှင့် သူက ရှန်တုန်းသို့ ချက်ချင်းသွားရောက်ရမည်ဟု ပြောခဲ့သည်။


——


ကျွင်းဟွိုင်လန်က အမြန်ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲကာ ခြံဝင်းထဲသို့ထွက်လာသည်။


သူ အလျင်လိုနေရသည့်အကြောင်းရင်းကို ဖုရိမသိသော်လည်း မမေးရဲသဖြင့် သူနှင့်အတူ လမ်းတစ်လျှောက်လုံးလိုက်လာပြီး ဘုရင်ခံအိမ်တော်၏အဝင်ဝသို့ ဦးတည်သွားကြသည်။


အဝေးမှကြည့်လိုက်လျှင်ပင် ကျင်းယီဝေ့အစောင့်များက အပြင်ဘက်တွင် မြင်းစီး၍ အသင့်စောင့်ဆိုင်းနေကြသည်ကို မြင်လိုက်ရသည်။


သူ့ခြေလှမ်းများကို မြန်လိုက်ပြီးနောက် တံခါးဝသို့ အမြန်ဆုံးလျှောက်သွားလိုက်တော့သည်။


ရွှယ်ယန်က မြင်းတစ်စီးပေါ်တွင်ထိုင်ကာ ခေါင်းငုံ့ပြီး ဘေးတွင်ရပ်နေသည့် ယုံနင်မြို့စားမင်းကို စကားပြောနေသည်။ ခြေသံများကြား၍ ခေါင်းမော့ကြည့်လိုက်သည့်အခါ  ကျွင်းဟွိုင်လန်ကို မြင်လိုက်ရသည်။


သူ၏အနက်ရောင်ဆံပင်များကို စုချည်ထားပြီး မိုးပြာရောင်ဝတ်ရုံလေးကိုဝတ်ထားကာ လမ်းလျှောက်လိုက်တိုင်းတွင် ပိုးထည်စလေးက တဖျပ်ဖျပ်လွင့်နေသည်။


သူက မွေးဖွားလာစဉ်တည်းက နူးညံ့စွာ နေထိုင်ခဲ့ရသူ‌ဖြစ်သော်လည်း ယခုချိန်တွင် သူ့မျက်နှာပေါ်တွင် အမူအရာကင်းမဲ့နေ၍ ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာပြီး သေမျိုးတို့၏လောကကြီးနှင့် လုံးဝမစွန်းထင်းထားသည့်ပုံပေါ်နေသည်။ သို့ရာတွင် ကျွင်းဟွိုင်လန်၏ခြေလှမ်းများက မတည်မငြိမ်ဖြစ်နေကာ အရမ်းငယ်စိုးရိမ်နေပုံရသည့်အကြောင်းကို ရွှယ်ယန်မြင်လိုက်သည်။


သူ့ကိုတွေ့ချင်လို့ အမြန်ပြေးလာသလိုမျိုးပဲ...


ရွှယ်ယန်၏နှုတ်ခမ်းများ မသိမသာကွေးညွတ်သွားသည်။ သူ့မျက်နှာထက်မှ အမူအရာက သိသိသာသာမပြောင်းလဲသွားသော်လည်း အေးစက်နေမှုများက အနည်းငယ် ပြေလျော့သွားသည်။


နွေဦးလေပြည်လေးက ရေခဲတမျှအေးစက်နေသည့်ဓားအပေါ် ဖြတ်သန်းသွား၍ ဓားသွားထက်တွင် နွေးထွေးမှုအချို့ ချန်ထားရစ်ခဲ့သည်နှင့်ပင် တူနေသည်။


ရွှယ်ယန်နှင့် စကားပြောနေသည့် ယုံနင်မြို့စားမင်းကလည်း သူ့အမူအရာပြောင်းလဲသွားသည်ကို မြင်လိုက်သည်။


သူ့ကို ကွမ်းလင်ဘုရင်ခံက အေးစက်စက်မျက်နှာနှင့် လေသံတိုးတိုးဖြင့် စကားပြောနေခြင်းဖြစ်သော်လည်း  တစ်ခုခုကို မြင်လိုက်ပုံဖြင့် စကားပြောနေသည်ကိုရပ်လိုက်ပြီး တစ်နေရာကို လှမ်းကြည့်လိုက်သည်။


သူနှင့် တစ်လတာခန့် အလုပ်တူတူလုပ်ပြီးသည့်နောက်တွင် ထိုသို့သောအမူအရာမျိုးကို ယုံနင်မြို့စားမင်း ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်သည်။


ယုံနင်မြို့စားမင်းက အာရုံခံနိုင်စွမ်းအနည်းငယ်နှေးကွေးသူဖြစ်၍ ရွှယ်ယန်၏အမူအရာက  သာမန်အချိန်နှင့်ကွဲပြားသည်ကိုသာ သတိပြုမိပြီး ယခုချိန်တွင် ထိုမျက်ဝန်းများထဲတွင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နေသည်ကို သတိမပြုမိပေ။ 


တအံ့တဩဖြစ်သွား၍ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ သူ့သားဖြစ်သူက အပြင်ထွက်လာသည်ကို မြင်လိုက်ရသည်။


" ဟွိုင်လန်... သား ဘာလို့ အပြင်ထွက်လာတာလဲ..."


သူ အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။


ကျွင်းဟွိုင်လန်က ထိုအခါမှသာ သူ့အဖေလည်း ဘေးတွင်ရှိနေကြောင်း သတိပြုမိ၍ ရပ်သွားသည်။


ခြံဝင်းထဲမှထွက်လာစဉ်က ကျင်းယီဝေ့အစောင့်များအားလုံး မြင်းပေါ်သို့ရောက်နေပြီဖြစ်၍ လိုက်မမီတော့မည်စိုး၍ စိုးရိမ်တကြီးဖြင့် အမြန်လျှောက်လာခြင်းဖြစ်သည်။


တံစက်မြိတ်အောက်မှ ထွက်လာချိန်တွင်လည်း ပယင်းရောင်မျက်ဝန်းများနှင့် ချက်ချင်းပင် အကြည့်ချင်းဆုံသွားရ၍  တစ်ခဏတာခန့် အကြည့်မလွှဲနိုင်အောင် ဖြစ်သွားရသည်။


သူ့အဖေကိုမြင်လိုက်သည့်အခါ ကျွင်းဟွိုင်လန်က အကြောင်းပြချက်မရှိပဲ ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။


" အာ ဖုရိက မင်းကြီးအမိန့်တော် ရောက်လာပြီလို့ပြောတာကြားလို့..."


သူ ခဏရပ်ပြီး လေသံတောင့်တောင့်ကြီးဖြင့် လိမ်လိုက်သည်။


" အဲဒါကြောင့်မို့ အရေးကြီးကိစ္စတစ်ခုခုများလားလို့ လာကြည့်တာပါ..."


ထိုစကားများကိုကြားသည့်အခါ မြင်းပေါ်တွင်ထိုင်နေသည့်ရွှယ်ယန်က ခပ်တိုးတိုးရယ်လိုက်သည်။


ထိုရယ်သံကြောင့် ကျွင်းဟွိုင်လန်၏နားရွက်များ နီရဲသွားသည်။


သို့ရာတွင် ယုံနင်မြို့စားမင်းက သတိမထားမိပဲ ခေါင်းငြိမ့်ပြလိုက်သည်။


" တခြားတော့မဟုတ်ပါဘူး... ဧကရာဇ်က ကျန်းနန်ကို ရိက္ခာတွေပို့လိုက်ပြီလေ... အရှင့်သားက အမိန့်တော်ကိုလက်ခံပြီးပြီဆိုတော့ မြောက်ဘက်ကိုသွားပြီး ရိက္ခာတွေနဲ့ ဘဏ္ဍာငွေတွေ လက်လွှဲယူရလိမ့်မယ်... ဒီကိုရောက်လာမှတော့ တစ်လက်စတည်း အရှင့်သားကို နှုတ်ဆက်လိုက်ပါဦး..."


ယုံနင်မြို့စားမင်းက မည်သူအိမ်ရှေ့စံမင်းသားဖြစ်လာမည်နှင့် နန်းတွင်းမှ မင်းသားများ၏ကိစ္စကို ကြားဝင်ခြင်းမရှိသော်လည်း ရွှယ်ယန့်ကို သူ လေးစားသည်။


ရွှယ်ယန်နှင့် ရက်အနည်းငယ်ကြာအောင် အလုပ်တူတူလုပ်ပြီးသည့်နောက်တွင် သူက ညီလာခံထဲတွင် မျက်နှာသာပေးခံရအောင်ပြုလုပ်ပြတတ်သည့် မင်းသားများနှင့် လုံးဝကွဲပြားကြောင်း သိလိုက်ရသည်။


ရွှယ်ယန့်ကို ရိုးသားသူတစ်ယောက်အဖြစ် သူ့စိတ်ထဲတွက် သတ်မှတ်ထားလိုက်ပြီး ပို၍ လေးစားတန်ဖိုးထားလာသည်။ တစ်ချိန်တည်းမှာပင် သူ့သားဖြစ်သူက ရွှယ်ယန်နှင့်ပို၍ ရင်းနှီးအောင်နေပြီး များစွာသင်ယူနိုင်စေရန် မျှော်လင့်နေမိသည်။


သု့အဖေ၏စကားကိုကြားသည့်အခါ ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို မော့ကြည့်လိုက်သည်။


ရွှယ်ယန်က သေသပ်သည့် အနက်ရောင်ဝတ်ရုံကိုဝတ်ထားပြီး မြင်းပေါ်တွင်ထိုင်နေလျက်နှင့် သူ့ကိုပြုံးပြနေသည်။


ကျွင်းဟွိုင်လန် မတော်တဆအကြည့်လွှဲလိုက်မိသည်။


ယုံနင်မြို့စားမင်းက ရွှယ်ယန့်ကို သူပြောစရာရှိသည်များအားလုံးပြောပြီးပြီဖြစ်၍  အနောက်ဆုတ်သွားပြီး ကျွင်းဟွိုင်လန်ကို ရှေ့ထွက်လာပြီး ရွှယ်ယန့်အား နှုတ်ဆက်ရန် အချက်ပြလိုက်သည်။


ကျွင်းဟွိုင်လန် အနားကပ်လာချိန်တွင် ရွှယ်ယန်၏ရယ်သံကို ကြားလိုက်ရသည်။


" ဘေးနားမှာ အပြင်လူတွေမရှိပါဘူး ကိုယ့်ကို ယဉ်ယဉ်ကျေးကျေးမဆက်ဆံလည်းရတယ်... ပုံမှန်အတိုင်းပဲနေပါ..."


ရွှယ်ယန့်လေသံထဲတွင် ကျွင်းဟွိုင်လန်သာ သိနိုင်သည့် နောက်ပြောင်ကျီစယ်မှုများပါဝင်နေ၍ သူ့နားရွက်များ ပူနွေးသွားရသည်။


ဒီလူက ပိုရဲတင်းပြီးတော့ ပိုဆိုးလာတာပဲ...


ကျွင်းဟွိုင်လန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့အဖေမမြင်ချိန်တွင် ရွှယ်ယန့်ကို စိုက်ကြည့်လိုက်သည်။


ရွှယ်ယန့် ရယ်သံကို ထပ်ကြားလိုက်ရပြန်သည်။


ထို့နောက် သူက ခေါင်းငုံ့လာပြီး ကျွင်းဟွိုင်လန်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။


" ဘာလို့ အိပ်ရာအစောကြီး ထလာတာလဲ... ခဏနေရင်လည်း ဆည်ဘက်ကိုသွားရဦးမှာပဲကို ပင်ပန်းနေမှာပေါ့...  နေ့ခင်းကျရင် ကျင်းပေါင်ကိုစောင့်ခိုင်းထားပြီး တစ်ရှီချန်လောက်တော့ ပြန်အိပ်လိုက်ဦး..."


ကျွင်းဟွိုင်လန်က ပြန်မဖြေပေ။ 


ရွှယ်ယန်က ထွက်သွားတော့မှာမို့ သူ မသွားခင် မမြင်လိုက်ရမှာစိုးလို့ ပြေးလာတယ်လို့ ပြောလို့မှမရတာ...


တစ်ခုခုပြောချင်တာ၊ အရေးကြီးကိစ္စတစ်ခုခုရှိနေလို့ မဟုတ်ပဲ ဒီတိုင်း သူ့ကိုတွေ့ချင်ရုံလေးပါပဲ...


ကျွင်းဟွိုင်လန် စကားပြန်မပြောသည့်အတွက် ရွှယ်ယန်က ထပ်မမေးတော့ပေ။


သူ့မျက်နှာထက်မှ အပြုံးကသာ ပိုပြီးလေးနက်သွားသည်။


" အဆင်ပြေပါတယ် ဘာမှ စိုးရိမ်နေစရာမလိုပါဘူး..."


သူ ရှေ့တိုးလာပြီး ကျွင်းဟွိုင်လန်နားသို့ကပ်လာ၍ ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က သူ၏ကြည်လင်နေသောမျက်လုံးများကို မော့ကြည့်လိုက်သည်။


" ကိုယ် ပြန်လာမှာကို စောင့်နေနော်..."


ရွှယ်ယန် သူ့ကိုကြည့်ကာပြောလိုက်သည်။

    

——


ကျွင်းဟွိုင်လန်က ဆည်သို့ နေ့တိုင်းသွားနေဆဲဖြစ်သည်။


ယခုလက်ရှိအချိန်တွင် ကျင်းလင်မြို့က အစားအစာနှင့် ငွေကြေးပြတ်လပ်နေသည်မှလွဲ၍ အရာအားလုံးက မူလလမ်းကြောင်းပေါ် ပြန်ရောက်လာပြီဖြစ်သည်။


မြို့တောင်ပိုင်းမှ ကပ်ဘေးဒုက္ခသည်စခန်းကိုလည်း ပြင်ဆင်လုပြီးပြီဖြစ်၍ ကျွင်းဟွိုင်လန်နှင့် ရှန်းကျီဖုက အကောင်းဆုံးကြိုးစားပြီး အခြားအလုပ်အကိုင်များကို ရှာဖွေပေးနေကြသည်။ သို့မှသာ ထိုလူများက လုပ်အားခငွေကို ဆေးဝါး၊ အစားအသောက် စသည်တို့ဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။ ကျန်ရှိနေသူများအတွက်မူ ကျင်းလင်းရုံးတော်က မြို့တောင်ပိုင်းတွင် တစ်နေ့တစ်ခါ ဆန်ပြုတ်ဝေသည်။ မြို့ထဲမှ လူချမ်းသာများကလည်း ရံဖန်ရံခါတွင် စားနပ်ရိက္ခာများ လှူဒါန်းကြသေးသည်။


ယခုလက်ရှိအချိန်တွင် အရေးကြီးဆုံးအရာမှာ မြို့မြောက်ပိုင်းမှ ပြုပြင်နေဆဲဖြစ်သော ဆည်ဖြစ်သည်။


ဆည်ကိုပြန်ပြင်ရန်အတွက် အနည်းဆုံး တစ်လမှ နှစ်လအတွင်း ကြာမြင့်မည်ဖြစ်သည်။ ပျက်စီးသွားသည့်နေရာကို ယာယီပိတ်ဆို့ထားပြီး ထိုနေရာမှမြေများကို ရှင်းလင်းရမည်ဖြစ်သည်။ ရှင်းလင်းသန့်စင်ခြင်း ပြီးဆုံးသွားသည့်အခါမှသာ နေရာကို အစီအစဉ်ချပြီး လုံလောက်သည့် လူအင်အားနှင့် ပစ္စည်းကိရိယာများဖြင့် ပြန်လည်ပြင်ဆင်ပြီး တည်ဆောက်ရမည်ဖြစ်သည်။


အရာအားလုံးက ကျွင်းဟွိုင်လန်၏ စီစဉ်မှုအောက်တွင် စနစ်တကျပြုလုပ်နေသည်။ ယခုအခါတွင် ချန်အန်းမှနေ၍ ပစ္စည်းများကို ရေလမ်းကြောင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်သောကြောင့် ကျင်းလင်တွင် ကပ်ဘေးကြောင့် ဒုက္ခရောက်နေရသည့်ကိစ္စအများစု ပြေလည်သွားမည်ဖြစ်သည်။


ရွှယ်ယန်ထွက်သွားသည့်နေ့မှစ၍ ကျင်းပေါင်က ကျွင်းဟွိုင်လန်၏ဘေးတွင်သာ နေသည်။


ကျင်းပေါင်က နန်းတွင်းတွင် ခစားခဲ့ရသည့် မိန်းမစိုးဖြစ်၍ အရာအားလုံးကို အပြစ်အနာအဆာကင်းစွာပြုလုပ်နိုင်ပြီး စကားပြောတတ်ဆိုတတ်သည်။

 

ကျွင်းဟွိုင်လန်၏ နေ့စဉ်အချိန်ဇယားများကို ကျင်းပေါင်က ဂရုစိုက်ပေးပြီး ရွှယ်ယန်မှာထားခဲ့သည်များကိုလည်း အတိအကျ လိုက်နာသည်။


မည်သည့်အချိန်တွင် အိမ်ကထွက်သည်၊ အနားယူသည်၊ နေ့လယ်စာစားပြီး တစ်ရေးတစ်မော အိပ်ရမည် အစရှိသည်များကို ရွှယ်ယန်ရှိနေချိန်ကအတိုင်း စီမံပေသည်။ ညရောက်သည်နှင့် အလုပ်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ ကျွင်းဟွိုင်လန်ကိုအိမ်ပြန်ခိုင်းပြီး သူက ဆက်လက်စောင့်ကြည့်ပေးသည်။


တစ်ခါတစ်ရံတွင် အလုပ်များလွန်းနေသော်လည်း ရွှယ်ယန်က သူ့အနားတွင် ရှိနေသည်ဟုသာ ခံစားမိသည်။


ထိုသို့တွေးမိခြင်းက ယနေ့မတိုင်မီအထိသာ ဖြစ်သည်။


ယနေ့မနက်တွင် ဆည်ပြုပြင်ရာ၌ အမှားအယွင်းအချို့ဖြစ်ပေါ်နေခဲ့သည်။ အလုပ်သမားခေါင်းဆောင်က အသေးစိတ်ပုံစံကို ပြန်လည်မွမ်းမံရမည်ဟု အကြံပြုခဲ့သည်။

    

အဘယ့်ကြောင့်ဆိုသော် ယခင်ဘဝနှင့် ယခုဘဝတွင် ဆည်ကျိုးပေါက်ခဲ့သည့်အချိန်က တစ်လခန့်ကွာခြားနေခဲ့ပြီး ယခင်ဘဝတွင်လည်း ဆည်က ပြဿနာများစွာဖြစ်ခဲ့သည်။ ဆည်ကို ပြန်လည်ပြင်ဆင်ပြီးသည့်အချိန်တွင် ဆောင်းဦးရာသီသို့ရောက်တော့မည်ဖြစ်သည်။ ယခင်နှင့်ယခုအချိန်တွင် မြေဆီလွှာအနေအထားနှင့် ရေစီးဆင်းမှုတွင်လည်းကွာခြားချက်များ ရှိနေ၍ ပြင်ဆင်ရာတွင် ညှိယူရမည်ဖြစ်သည်။


ပြန်လည်မွမ်းမံသည်က နေ့လည်ခင်းအထိ ကြာမြင့်ခဲ့သည်။

    

ကျွင်းဟွိုင်လန်က နေ့လည်စာအမြန်စာပြီးနောက် ဆည်၏အသေးစိတ်ပုံစံကို ပြန်ကြည့်နေသည်။ သူ့ပုံစံက အနားယူမည့်ပုံမပေါ်၍ ကျင်းပေါင်၏မျက်နှာက ရှုံ့တွနေပြီဖြစ်သည်။


ဒီသခင်လေးနဲ့တော့ ဒုက္ခပါပဲ... ခဏလေးအိပ်ပြီး အနားယူတာမဟုတ်ဘူး... သူ့သခင်ပြန်လာလို့ ဒီကိစ္စကို သိသွားရင်တော့ သူ့ခေါင်းနဲ့ ခန္ဓာကိုယ်က ကပ်နေပါတော့မလား မသေချာဘူး...


သို့သော်လည်း ကျွင်းဟွိုင်လန်၏လက်ထဲမှ အသေးစိတ်ပုံကြမ်းက အလွန်တရာအရေးကြီးသည်ကို ကျင်းပေါင်သိသည်။ ဆည်ကို ယနေ့မနက်တွင် ပြင်ဆင်နေချိန်၌ မြေသားကပျော့နေပြီး ကြီးကြပ်သူများက သတိမထားလိုက်သောကြောင့် ဆည်ပေါ်တွင် မတော်တဆမှုတစ်ခုဖြစ်ကာ လူအချို့ ဒဏ်ရာရခဲ့သည်။


သို့ဖြစ်၍ ကျင်းပေါင် သူ့ကို မနှောင့်ယှက်ရဲပေ။


ကျင်းပေါင် စကားတစ်ခွန်းမှလည်းမပြောရဲ၍ ကျွင်းဟွိုင်လန်ကို လက်ဖက်ရည်သာ တိတ်တဆိတ်ထည့်ပေးနေပြီး ဘေးနားတွင် အဖော်ပြုပေးနေသည်။


ထိုအချိန်တွင် အပြင်ဘက်၌ ရုတ်ရုတ်သဲသဲဖြစ်နေသံအချို့ ကြားလိုက်ရသည်။


ကျွင်းဟွိုင်လန်က ခေါင်းမော့၍ အပြင်ကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


" မိန်းမစိုးကျင်းပေါင်... ကျွန်တော့်ကိုကူပြီး အပြင်ကိုတစ်ချက်ကြည့်ပေးပါဦး... အပြင်မှာ ဘာတွေဖြစ်နေတာလဲမသိဘူး..."


ကျင်းပေါင်က အမြန်ဖြေလိုက်ပြီး အပြင်ထွက်ကြည့်ရန် ပြင်လိုက်သည်။


ထိုအချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုက သိမ်းငှက်တစ်ကောင်ကဲ့သို့ ပြတင်းပေါက်နားရောက်လာသည်။ 


ကျင်းပေါင်ထိတ်လန့်သွားပြီး ခဏကြာမှသာ  ထိုလူက သွမ့်ရှီးရှီးဖြစ်နေကြောင်း သိလိုက်ရသည်။


သူက မျက်နှာ‌ထက်တွင် အမူအရာတစ်ခုမှ မရှိပဲ ရှေ့တိုးလာပြီး ဓားကိုထုတ်၍ ကျွင်းဟွိုင်လန်ကို အရိုအသေပြုလိုက်သည်။


၁၃နှစ်အရွယ်ကောင်လေးက ကျွင်းဟွိုင်လန်၏ပခုံးထိသာ အရပ်မြင့်သည်။


" ယုံနင်မင်းသားလေ ကျွန်တော်မျိုးနဲ့လိုက်ခဲ့ပါ..."


" ဘာတွေဖြစ်နေတာလဲ..."

ကျွင်းဟွိုင်လန် မေးလိုက်သည်။


ထိုအချိန်တွင် သွမ့်ရှီးရှီးက ခံစားချက်မဲ့နေသောမျက်နှာဖြင့် ပြန်ဖြေလိုက်သည်ကို ကြားလိုက်ရသည်။


" တစ်ယောက်ယောက်က ပြဿနာရှာလိုက်ပါတယ်... ကျွန်တော် သခင်လေးကို ဘေးကင်းတဲ့နေရာ အရင်ဆုံးပို့ပေးပါ့မယ်..."


Xxxxxxx