Chapter 125
အရှင်က မြင့်မြတ်ပြီး အေးစက်စက်နေတတ်သူဖြစ်သော်လည်း စိတ်ထားကောင်းပြီး လိုက်လျောညီထွေနေတတ်သူဖြစ်သည်။
သို့ရာတွင် ဤတစ်ကြိမ်၌မူ အမည်မသိအကြောင်းပြချက်အချို့ကြောင့် သူပြောသည့်အတိုင်း လုပ်သင့်သည်ဟု သူ့စိတ်ထဲထင်နေသည်။
သူ့ပုံစံက ငရဲမင်းကြီးဖြစ်သော ကွမ်းလင်ဘုရင်ခံနှင့်ပင် တူလာသည်ဟု ထင်ရသည်။
" ကျွန်တော်မျိုးသိပါပြီ ကျေးဇူးပြုပြီး အမိန့်ပေးပါအရှင်..."
သူ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။
" အဲ့လူတွေကို လွှတ်လိုက်တဲ့အခါ ဆည်ပြုပြင်တဲ့နေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်သွားလို့ ကျွန်တော်အရမ်းဒေါသထွက်နေတယ်လို့ သတင်းလွှင့်လိုက်ပါ... ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စစ်ဆေးပြီး ပြဿနာဖြစ်စေတဲ့လူတွေကို အလွတ်ပေးမှာမဟုတ်ဘူး...ဒါပေမဲ့ ကျင်းလင်က လူသားအရင်းအမြစ်နည်းနေတဲ့အချိန်မို့ လူအများကြီးကို ချုပ်ထားဖို့ မဖြစ်နိုင်ဘူး... လက်အောက်ငယ်သားတွေရယ် ကျွန်တော့်အဖေနဲ့ လူကြီးမင်းရှန်းကျီဖုရယ်က ဖိအားပေးလို့ သူတို့ကို မကျေမနပ်နဲ့ လွှတ်ပေးလိုက်ရတယ် အဲ့လိုမျိုးပြောလိုက်ပါ..."
ထိုအရာရှိက အံ့အားသင့်သွားသည်။
သူ... ဘာလို့ ကိုယ့်ဘာသာကိုယ် သိက္ခာချနေတာလဲ...
သို့ရာတွင် ကျွင်းဟွိုင်လန်ကလည်း ထိုသို့သောရလဒ်မျိုးကို အလိုရှိနေခြင်းဖြစ်သည်။
ထိုသတင်းပြန့်သွားသည်နှင့် အဓိကရုဏ်းများအကြားရောက်ရှိနေသည့် သာမန်လူများက ကျိန်းသေပေါက် ထိတ်လန့်သွားမည်ဖြစ်သည်။
တာဝန်ရှိတဲ့ အရာရှိတွေက ဒေါသထွက်နေတယ်ဆိုမှတော့ သူတို့အသက်နဲ့ရင်းပြီး ပြဿနာရှာရဲတော့မယ်တဲ့လား...
သို့ရာတွင် ပြည်သူများအကြားရောက်နေသည့် ပြဿနာရှာသူများကမူ ထိုသို့မဟုတ်ပဲ ကွဲပြားနေလိမ့်မည်။ သူတို့က ကျွင်းဟွိုင်လန်ကိုဒေါသဖြစ်စေသည့်အပြင် သူတို့ကိုလည်း ဖမ်းမထားနိုင်ပဲလွှတ်ပေးလိုက်ရ၍ သူတို့အကြံအစည်က အောင်မြင်သွားပြီး ဆက်လက်လုပ်ဆောင်နိုင်တော့မည်ဟု ထင်ကြလိမ့်မည်။
ထို့နောက် ငါးစာချလိုက်ပြီး သူတို့ ပြဿနာရှာရန် အကြောင်းပြချက်ရအောင် ထပ်လုပ်ရမည်ဖြစ်သည်။
" ပိုဆိုးအောင်ပြောလိုက်ပါ... ကျွန်တော် အရမ်းဒေါသထွက်နေလို့ ဆောက်လုပ်ရေးက အလုပ်သမားတွေရဲ့လစာကို တစ်ဝက်အထိလျှော့လိုက်ပြီး အဲ့ငွေတွေကို ဒီနေ့ဆုံးရှုံးခဲ့တာတွေအတွက် လျော်ကြေးအဖြစ်သုံးလိုက်တယ်လို့ပြောလိုက်... ပြီးရင်တော့ အဲ့ငွေတွေကို လူကြီးမင်းရှန်းကျီဖုဆီပို့ပေးပြီး သူ့နာမည်ကိုသုံးပြီး အမျိုးသမီးနဲ့ ကလေးတွေအတွက် တစ်နေ့ကို တစ်နပ်စာ ပိုကျွေးခိုင်းလိုက်..."
ကျွင်းဟွိုင်လန် ထိုသို့ ဆက်ပြောလိုက်သည်။
သာမန်လူများက အစိုးရအရာရှိများ၏အမိန့်ကို ဖီဆန်ရဲမည်မဟုတ်ပေ။ လုပ်ခများလျှော့ချခံလိုက်ရသော်လည်း သူတို့ထောက်ပံ့ပေးနေရသည့် မိသားစုများအတွက် ဖိအားတစ်ဝက်ခန့်လျော့သွားမည်ဖြစ်သည်။ ဤနည်းဖြင့် သူတို့လည်း အကျိုးကျေးဇူးရရှိမည်ဖြစ်၍ ထပ်ပြီး ပြဿနာရှာတော့မည်မဟုတ်ပေ။
ပြဿနာရှာချင်သည့်လူများအတွက်လည်း အကြောင်းပြချက် လုံလောက်အောင် ဖန်တီးပေးလိုက်ပြီဖြစ်သည်။
ထိုအရာရှိက ခေါင်းငြိမ့်နေသော်လည်း အဘယ့်ကြောင့် ထိုကိစ္စများကိုလုပ်ရခြင်းကို နားမလည်နိုင် ဖြစ်နေသည်။
" ပြီးရင်ဘာဆက်လုပ်ရမလဲ..."
သူ မေးလိုက်သည်။
ကျွင်းဟွိုင်လန်က သူ့ကိုတစ်ချက်ကြည့်၍ ပြုံးပြလိုက်သည်။ ထိုအချိန်တွင် ဆီးနှင်းနှင့် ရေခဲများ အရည်ပျော်ကျသွားပြီး ပထမဆုံးသစ်ခွပန်းက ဖူးပွင့်လာသကဲ့သို့ ခံစားရသည်။
" ပြီးရင် ဒီတိုင်းပဲ စောင့်နေလိုက်ပါ..."
ထို့နောက်တွင်လည်း ကျွင်းဟွိုင်လန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာသို့ နေ့တိုင်းသွားနေဆဲဖြစ်သည်။ ကြောက်စရာကောင်းသည့် ကျင်းယီဝေ့အစောင့်များကိုလည်း သူ့တဲ၏တံခါးဝနားတွင် မစောင့်ကြပ်ခိုင်းတော့ပေ။
ထိုသို့ဖြစ်သော်လည်း ဤရက်ပိုင်းအတွင်း မည်သူမှ သူ့တဲနားသို့ မကပ်ရဲကြပေ။ အလုပ်ကိစ္စတင်ပြရန် ရောက်လာကြသည့် ရာထူးနိမ့်သောအရာရှိများပင် သူ့နားရောက်သည်နှင့် တုန်ယင်နေကြသည်။
ယုံနင်မင်းသားလေးက သဘောကောင်းသည့်လူတစ်ယောက်မဟုတ်သည့် ကောလဟာလများကို အားလုံးက သိရှိပြီးကြသည့်ပုံပေါ်သည်။ ယခင်က ကွမ်းလင်ဘုရင်ခံ မည်မျှရက်စက်ကြောင်းကိုသာ ကြားဖူးကြသော်လည်း ယခုအခါတွင် ယုံနင်မင်းသားကလည်း သူနှင့် ထူးမခြားနားဖြစ်နေသည်။
သူက မင်းမျိုးနွယ်မိသားစုမှ သားများတွင်ရှိတတ်သည့် လွှမ်းမိုးချုပ်ကိုင်လိုသည့် အကျင့်မျိုးရှိသည်ဟုသာ တွေးနေမိကြသည်။ သာမန်နေ့ရက်များတွင်မူ ဘာမှမဖြစ်သော်လည်း တစ်ယောက်ယောက်က သူ့ကို ပြဿနာ ရှာလာပါက ငြိမ်ခံနေမည့်ပုံ မဟုတ်ပေ။
သို့ဖြစ်၍ ဤကာလအတွင်းတွင် သူ့ကို ရန်စမိမည်စိုး၍ အားလုံးက သတိထားနေကြရသည်။
ကျွင်းဟွိုင်လန်က ထိုလူများအကြောင်းကို စိတ်ထဲမထားပေ။
ယခင်ဘဝတွင်မူ သူက အများ၏ချစ်ခင်လေးစားခြင်းခံရသည့် လူတစ်ယောက်ဖြစ်သည်။ သောက်စားပျော်ပါးနေရန်မပြောနှင့် အများ အထင်လွဲစေမည့်ကိစ္စများကိုပါ မပြုလုပ်ပေ။
အဘယ့်ကြောင့်ဆိုသော် ကျောင်းသားများ တန်ဖိုးအထားဆုံးအရာက သမိုင်းစာအုပ်များထဲတွင် နှစ်ရာချီ၍ ကျန်ရစ်နေခဲ့မည့် ဂုဏ်သိက္ခာဖြစ်သည်။
သို့သော်လည်း သူ့ဂုဏ်သိက္ခာက မည်မျှသန့်ရှင်းနေစေကာမူ သူ့အသက်ကိုမကယ်နိုင်သည့်အပြင် အဆိုးဆုံးအခြေအနေတွင် သူ့ကိုပါသတ်ပစ်နိုင်ပေသည်။
တစ်ခါတစ်ရံတွင် မိမိတန်ဖိုးအထားဆုံးအရာများက တန်ဖိုးအမဲ့ဆုံးဖြစ်နေတတ်သည်။
သူ့အဖေက သူကိုတစ်ကြိမ်လာတွေ့သည်။
ယုံနင်မြို့စားမင်းက သူ့တဲထဲဝင်လာပြီး စကားများများမပြောပဲ လက်ဖက်ရည်တစ်ခွက်ကိုသာ အေးဆေးသောက်နေသည်။
လက်ဖက်ရည်သောက်ပြီးသည့်အခါမှသာ သူစကားစပြောလာသည်။
" သား ဒီတစ်ခါ ကောင်းကောင်းလုပ်ခဲ့တာပဲ... ကျင်းလင်မှာ အချိန်အကြာကြီးနေခဲ့ရတော့ တော်တော်လေး ရင့်ကျက်လာပြီပဲ..."
ကျွင်းဟွိုင်လန် သူ့ကိုကြည့်လိုက်သည်။
ယုံနင်မြို့စားမင်းက ဆက်ပြောလိုက်သည်။
" ဒီကိစ္စက ကောင်းလားဆိုးလားဆိုတာ အဖေမပြောတတ်တော့ဘူး..."
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသည်။
" အဖေ..."
ယုံနင်မြို့စားမင်းက စကားကိုခဏရပ်ပြီး သူ့ကိုကြည့်လိုက်သည်။ သူ့လေသံက တည်ကြည်အေးစက်နေသော်လည်း အနည်းငယ် ကိုးရို့ကားယားနိုင်သည့် နူးညံ့မှုများ ပါရှိသည်။
" သားနဲ့ ရှောင်ဝူကို အမြဲတမ်း ကလေးလေးတွေလို့ အဖေ ထင်နေခဲ့တာ... အဖေက မင်းတို့ကို မြို့စားမင်းအိမ်တော်ရဲ့ ကာကွယ်မှုအောက်မှာပဲ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်းနေစေချင်ခဲ့တာပါ ဒါလေးပါပဲ..."
သူ ခဏရပ်လိုက်ပြီး ဆက်ပြောသည်။
" ဒါပေမဲ့ သားတို့က တဖြည်းဖြည်းနှင့် သင်ယူလေ့လာနေပြီးတော့ တချို့ကိစ္စတွေကိုပါ လုပ်ချင်လာတော့ အဖေတစ်ယောက်အနေနဲ့ ဘာကိုရွေးချယ်ရမှန်းမသိ ဖြစ်လာမိတယ်..."
သူ့အဖေကိုယ်တိုင်ကလည်း ရုန်းကန်နေရကြောင်းကို ကျွင်းဟွိုင်လန်သိသည်။
သူတို့၏ ရာထူးဂုဏ်သိမ်များက ထင်ရှားကျော်ကြားပြီးဖြစ်သဖြင့် မင်းမှူထမ်းဖြစ်လာချိန်တွင် အမှားမပြုလုပ်မိအောင် ပို၍ ဂရုစိုက်ရပေသည်။ သူ့အဖေက အရည်အချင်းရှိသူတစ်ယောက်ဖြစ်သော်လည်း ထိုအကြောင်းပြချက်ကြောင့် သူ့တစ်ဘဝလုံး သာမညအဆင့်တွင်သာ နိမ့်ချနေထိုင်ခဲ့သူဖြစ်သည်။ ယခုအခါတွင် ကျင်းလင်မြို့သို့ရောက်လာရန် အခွင့်အရေးရခဲ့၍ သတိထားပြီး ကြောက်လန့်နေခဲ့ရသော်လည်း သူ့အဖေက အလွန်ပျော်ရွှင်နေသည်ကို ကျွင်းဟွိုင်လန်သိသည်။
ဒေသတစ်ခုကိုအုပ်ချုပ်ပြီး လူအများကို ကူညီပေးနေရခြင်းက သူ အမြဲတစေ လုပ်ချင်ခဲ့သော်လည်း မပြုလုပ်ရဲခဲ့သည့်အရာတစ်ခုဖြစ်သည်။
အကယ်၍ ယခင်ဘဝတွင်ဖြစ်ပါက ကျွင်းဟွိုင်လန်ကိုယ်တိုင်ကပင် သူ့အဖေ မှန်သည်မှားသည်ကို ပြောနိုင်မည်မဟုတ်ပေ။ သို့ရာတွင် ယခုချိန်၌ တစ်စုံတစ်ယောက်က သူတို့မိသားစုကို အန္တရာယ်ပြုလိုပါက မည်မျှထင်ရှားသည့် မိသားစုနောက်ခံရှိသူမျိုးဖြစ်စေ သူတို့ကို ရင်ဆိုင်လိုက်တော့မည်ဖြစ်သည်။
ထိုအကြောင်းကိုတွေးမိသောအခါ ကျွင်းဟွိုင်လန်က သူ့အဖေကိုကြည့်ပြီး နူးညံ့ငြင်သာ၍ ဆုံးဖြတ်ချက်ခိုင်မာသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
" အဖေ နောက်ဆုံးတော့ အဖေလုပ်ချင်တာတွေကို လုပ်ခွင့်ရခဲ့ပြီမလား..."
ယုံနင်မြို့စားမင်းက သူ့ကိုကြည့်နေသည်။
ကျွင်းဟွိုင်လန်က ပြုံးပြနေလျက်နှင့်ပင် ခပ်အေးအေးပြောလိုက်သည်။
" ဒါဆိုရင် လုံလောက်ပါပြီ... အဖေ့လိုမျိုးပဲ သားလည်း ကိုယ်လုပ်ချင်တာကို လုပ်နေတာပါပဲ... ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမယ်ဆိုတာမသိသေးပေမယ့် ကြိုးစားပြီး ဖြေရှင်းကြည့်ချင်ပါတယ်...ပြီးတော့ ကျွန်တော် လုပ်နိုင်မယ်လို့လည်း ခံစားရပါတယ်... ကျွန်တော့်အရည်အချင်းနဲ့ ကျွန်တော်တန်ဖိုးထားရတဲ့လူတွေဘက်က မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးချင်ပါတယ်..."
ယုံနင်မြို့စားမင်းက သူ့ကိုကြည့်နေပြီး ငြိမ်ကျသွားသည်။
ထို့နောက် မမြင်နိုင်လောက်သည်အထိ ဖျော့တော့သည့် အပြုံးမျိုးပြုံးလိုက်သော်လည်း ၎င်းက သူ၏အေးစက်သည့် မျက်နှာကို အနည်းငယ်နွေးထွေးသည့်ပုံစံ ဖြစ်သွားစေသည်။
" သား အဲ့လိုတွေးလာနိုင်တာ ကောင်းပါတယ်..."
——
ကျွင်းဟွိုင်လန်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ဤရက်ပိုင်းအတွင်းတွင် ယခင်ရက်က ဖြစ်ပွားခဲ့သည့် မတော်တဆမှုကြောင့် ဆည်ကိုပြင်ဆင်ရသည်က ပိုမိုအလုပ်များလာခဲ့သည်။ အလုပ်သမားများက ညနက်သည်အထိ အလုပ်လုပ်ရသော်လည်း သူတို့၏လုပ်အားခက ယခင်ကထက် တစ်ဝက်သာ ရတော့သည်ကို ကျွင်းဟွိုင်လန်က မသိချင်ယောင်ဆောင်ထားသည်။
သူ ထင်ထားသည့်အတိုင်းပင် အလုပ်သမားများ၏ မကျေမနပ်ဖြစ်မှုများက ဆောက်လုပ်ရေးလုပ်သည့်နေရာတွင် ပဲ့တင်ထပ်လာတော့သည်။
တာဝန်ကျသည့်အရာရှိက ထိုကိစ္စကို ကျွင်းဟွိုင်လန်အား လျှောက်တင်ကြသည်။ အရာရှိငယ်များကလည်း နောက်ထပ် မတော်တဆမှုတစ်ခု ဖြစ်လာမည်စိုး၍ ထိတ်ထိတ်ပျာပျာဖြစ်နေကြသည်။
ကျွင်းဟွိုင်လန်က လုံးဝ စိတ်မပူပေ။
" ပြဿနာမရှိပါဘူး... စောင့်ကြည့်နေလိုက်ပါ... တစ်ခုခုဖြစ်လာရင် ဝေးဝေးမှာနေပြီး သူတို့ကို လုံးဝမတားဖို့ မှတ်ထားပါ..."
ထို အရာရှိမှာ လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
သူ့စိတ်ထဲတွင် ကျွင်းဟွိုင်လန်က အလွန်ရဲတင်းလွန်းသည်ဟု ထင်နေသည်။
သူ ဘာလို့ အဲ့လိုပြောရတာပါလိမ့်... အလုပ်သမားတွေကို ဒေါသထွက်အောင်လုပ်ပြီး မကာကွယ်ပေးနဲ့တဲ့လား... အဲ့နောက်ပိုင်း တစ်ခုခုဖြစ်လာမယ်ဆို ဘယ်လိုလုပ်ကြမလဲ...
သို့ရာတွင် သူကလည်း မမေးရဲသည့်အပြင် ကျွင်းဟွိုင်လန်ကလည်း သူ့ကိုမပြောပြပေ။
သူထွက်သွားပြီချိန်တွင် ကျွင်းဟွိုင်လန်က ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေသည်။
စောဒကတက်သည်မှာ သဘာဝဖြစ်သော်လည်း ဤနေရာတွင်အလုပ်လုပ်နေကြသည့် အလုပ်သမားများက အိမ်အတွက် စိတ်ပူစရာမလိုပေ။
ယခင်ကမူ သူတို့တစ်ရက်စာလုပ်အားခက မိသားစုကို နှစ်ရက်စာမျှသာ ထမင်းကျွေးနိုင်သော်လည်း ယခုအခါတွင် ရုံးဝောာ်မှ အမျိုးသမီးနှင့် ကလေးများအတွက်ကို စီမံပေးထား၍ သူတို့ရရှိသည့် လုပ်အားခများကို စုဆောင်းထားနိုင်ပေသည်။
အဲဒါဆိုရင် အရာရှိတွေကို ဘာဖြစ်လို့များ ပြဿနာရှာနေဦးမှာလဲ...
ရက်အနည်းငယ်အတွင်းတွင် လုပ်ငန်းခွင်နေရာများ၌ စောဒကတက်မှုများရှိခဲ့သော်လည်း ခိုက်ရန်ဖြစ်ပွားမှုများ မရှိခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သာမန်ပြည်သူများက အနည်းငယ်သာ စောဒကတက်ကြပြီး ပြဿနာ မရှာလိုကြသောကြောင့်ဖြစ်သည်။
သို့ရာတွင် ပြဿနာရှာရန်တာဝန်ရှိသူများကမူ ရက်ပေါင်းများစွာကြာအောင် စောင့်နိုင်တော့မည်မဟုတ်ပေ။
သို့ဖြစ်၍ ကျွင်းဟွိုင်လန်က သူတို့သည်းမခံနိုင်တော့သည့်နေ့ ရောက်ရှိလာရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ထိုနေ့က လျင်မြန်စွာကျရောက်လာခဲ့သည်။
ယနေ့ နေ့လယ်ခင်းအချိန် ကျွင်းဟွိုင်လန် တစ်ရေးတစ်မောအနားယူနေချိန်တွင် အပြင်ဘက်မှ ဆူဆူညံညံဖြစ်သံများကို ကြားလိုက်ရသည်။ သူ နိုးလာသည်နှင့် သွမ့်ရှီးရှီးကလည်း သူ့အနားရောက်လာသည်။
ထိုလူများ မစောင့်နိုင်တော့သည့်အကြောင်းကို ကျွင်းဟွိုင်လန်သိသည်။
သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်နေချိန်တွင် ကျင်းပေါင်က သူ့ကိုပြောလိုက်သည်။
" သခင်လေး ဘာကိုမှမကြောက်ပဲ စိတ်အေးလက်အေးနေလို့ရပါတယ်... သွမ့်ရှီးရှီးက တော်တယ်လို့မထင်ရပေမယ့် အရမ်းအားကိုးရပါတယ် ...ဒါမျိုးကိစ္စကို အေးဆေးဖြေရှင်းနိုင်တယ်..."
ကျွင်းဟွိုင်လန်က မရယ်ပဲ မနေနိုင်တော့ပေ။
" ငါ ကြောက်နေတာ ဘယ်လိုသိတာလဲ..."
ကျင်းပေါင် သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။
" သခင်လေး ဒီကိစ္စကို အမြဲ စိတ်ပူနေတယ်ဆိုတာ ဒီအစေခံ ခံစားမိပါတယ်..."
ကျွင်းဟွိုင်လန်က ခေါင်းခါပြလိုက်သည်။
" ကိုယ် ကိုယ်တိုင်အစီအစဉ်ဆွဲထားတဲ့ ပြဿနာအတွက် ဘာကိုများ ကြောက်နေရမှာလဲ..."
သူ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး ကျန်ရှိနေသည့်ကိစ္စများကို မပြောပြတော့ပေ။
သူ့ကိုယ်သူလည်း ထူးဆန်းသည်ဟု ထင်နေမိသည်။ ထိုသို့ အန္တရာယ်များသည်ကို ပြုလုပ်ပြီးသည့်နောက်တွင် အနည်းငယ်စိတ်ပူနေသင့်ပေသည်။
သို့ရာတွင် သူ လုံးဝစိတ်မပူပေ။
သူ စိတ်မပူရသည့် အကြောင်းပြချက်ကလည်း မယုံကြည်နိုင်စရာကောင်းနေသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အနားမှလူများကို ရွှယ်ယန်ကိုယ်တိုင်စီစဉ်ပေးထားသောကြောင့်ဖြစ်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်အချိန်တွင် အပြင်ဘက်မှ ဆူညံသံများ ငြိမ်ကျသွားသည်။ ကျွင်းဟွိုင်လန်အပြင်ဘက်သို့ထွက်လာချိန်တွင် ရာနှင့်ချီသောလူများက ဒူးထောက်နေကြသည်။
ကျွင်းဟွိုင်လန်၏အကြည့်များက အနည်းငယ်အေးစက်နေသည်။
သူတို့က ဆည်ကိုပြုပြင်သည့်အလုပ်သမားများအကြားတွင် ဓားပြများစွာကို ထည့်သွင်းထားသည်မှာ သေချာသွားပြီဖြစ်သည်။
သူ အပြင်သို့ တဖြည်းဖြည်းထွက်သွားသည်။ မနီးမဝေးတွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသော အလုပ်သမားများနှင့် တဖွဲဖွဲရောက်ရှိလာကြသော အလုပ်သမားများဖြင့် ဝန်းရံနေသည်။ ထိုလူများအကြားတွင် ကျွင်းဟွိုင်လန်ထွက်ပြေးခိုင်းလိုက်သည့် အရာရှိလည်း ပါဝင်နေသည်။
Xxxxxx