အပိုင်း ၁၂၆
Viewers 15k

Chapter 126


ကျွင်းဟွိုင်လန် သူတို့ကို ဦးစွာထွက်ပြေးခိုင်းလိုက်သည်မှာ သူကိုယ်တိုင်ကလည်း ဤနေရာတွင် လုံခြုံသည်ဖြစ်ပြီး သူတို့ကိုလည်း ဒဏ်ရာမရစေလိုသည့်အပြင် ထိုဓားပြများ၏ အကြံအစည်ကိုလည်း မနှောင့်ယှက်စေချင်သောကြောင့်ဖြစ်သည်။


ထိုနေရာတွင်ရပ်ကာ ချွေးသုတ်နေသည့် သက်လတ်ပိုင်းအရွယ်အရာရှိကိုကြည့်ကာ ကျွင်းဟွိုင်လန်၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။


ထို့နောက် ကျွင်းဟွိုင်လန်၏အကြည့်များက မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ပြဿနာရှာသူများထံ ရောက်ရှိသွားသည်။

 

" အားလုံးက  အနားယူနေတဲ့အချိန်မှာ ကျွန်တော့်နေရာကို တုတ်တွေ လက်နက်တွေယူပြီး ရောက်လာကြတာပဲ ဘာတွေများ ကြံစည်နေကြတာလဲ..."


ကျွင်းဟွိုင်လန်က ထိုလူအုပ်ကြီးရှေ့တွင်ရပ်ကာ ‌ခပ်အေးအေးပင်ပြောလိုက်သည်။


ယခုအချိန်တွင် ထိုလူများကို သေချာစွာလေ့ကျင့်ထားသည့် ကျင်းယီဝေ့အစောင့်များက ထိန်းသိမ်းထားလိုက်ပြီဖြစ်၍ ထွက်ပြေးရန်မ‌ဆိုနှင့် ခေါင်းပင်မမော့ရဲတော့ပေ။


သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်လူက ခေါင်းမော့ပြီး ကျယ်လောင်စွာပြောလိုက်သည်။


" အရာရှိမင်းတို့က ကျွန်တော်တို့လစာတွေကို တစ်ဝက်တိတိဖြတ်ထားတာဆိုတော့ ကျွန်တော်တို့ကို သတ်နေသလိုပါပဲ..."


  ကျွင်းဟွိုင်လန်က အေးစက်စွာပြုံးလိုက်သည်။  


" သတ်တယ်တဲ့လား... ဒါ သင်ခန်းစာပေးလိုက်ရုံပါပဲ... ကျွန်တော် ခင်ဗျားတို့ရဲ့ ဇနီးနဲ့ကလေးတွေကို ဂရုမစိုက်ပေးထားလို့လား..."


နေရာတွင်ရှိနေသူအားလုံးက အံ့အားသင့်သွားကြသည်။


ကျွင်းဟွိုင်လန်၏ဘေးတွင်ရပ်နေသည့် ကျင်းပေါင်က   ‌အလျင်အမြန်အော်ပြောလိုက်သည်။


" ဝံပုလွေလိုနှလုံးသားနဲ့ ကျွန်တွေပဲ..."


သူ့အသံကို ကျယ်လောင်စွာပြောလိုက်၍ စိတ်လှုပ်ရှားစွာဖြင့်ရပ်နေသော အလုပ်သမားများကပါ ရှင်းလင်းစွာကြားလိုက်ရသည်။


" အရှင်က သိမ်းထားတဲ့ငွေတွေ တစ်ပြားတစ်ချပ်ကိုမှ ထိတာမဟုတ်ဘူး... အဒါတွေကို သေချာသိမ်းထားပြီးတော့ အကုန်လုံးကို လူကြီးမင်းရှန်းကျီဖုဆီကို အပ်လိုက်ပြီးတော့ မင်းတို့မိသားစုတွေအတွက် ရိက္ခာဝယ်ခိုင်းပြီး ကျွေးမွေးထားတာပဲ... ကျင်းလင်ရုံတော်ကလည်း အခုချိန်မှာ ခက်ခဲနေတာ မင်းတို့မိသားစုတွေကို ထောက်ပံ့ထားတဲ့ငွေတွေ ဘယ်ကရောက်လာတယ်ထင်လို့လဲ..."


ချက်ချင်းပင် ထိုနေရာမှလူများက ကျွင်းဟွိုင်လန်ကို တအံ့တဩဖြင့် ကြည့်လိုက်ကြသည်။


ကျွင်းဟွိုင်လန်က ခေါင်းမော့ထားသည့် ဓားပြခေါင်းဆောင်ကို ကြည့်လိုက်သည်။


သူက နူးညံ့သိမ်မွေ့စွာဖြင့် ကြီးပြင်းလာခဲ့သူဖြစ်၍ သူအပြုံးဖျော့ဖျော့ဖြင့် ပြုံးလိုက်သည်နှင့် နှင်းများဖုံးလွှမ်းနေသည့် တောင်တန်းပေါ်တွင် ပွင့်လန်းနေသည့် ပန်းပွင့်လေးနှင့်တူနေသည်။


ထို ဓားပြက သဘောပေါက်သွားသည်။


ကျွင်းဟွိုင်လန်၏မျက်ဝန်းများက " စိတ်မကောင်းပါဘူး မင်းတော့ ထောင်ခြောက်မိသွားပြီ" ဟု ရှင်းလင်းစွာ ပြောနေသကဲ့သို့ပင်။

    

——

    

ထိုညက ကျွင်းဟွိုင်လန်က စစ်မေးရန်အတွက် အကျဉ်းထောင်ကိုသွားခဲ့ပြီး ညနက်မှ ဘုရင်ခံအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။


ကျောင်းတော်တွင် ပြဿနာရှာခဲ့ကြသည့် လူများကဲ့သို့ပင် ထိုလူများ၏ပါးစပ်မှ စကားတစ်ခွန်းမှ ထွက်မလာပေ။ သို့ရာတွင် ထိုလူများက ငွေကြောင့်သာ ဤကိစ္စကိုပြုလုပ်ကြသူများဖြစ်၍ ထိုသို့ဖြစ်လာမည်ကို ကျွင်းဟွိုင်လန်ထင်ထားပြီးဖြစ်သည်။ သူတို့က ငွေအလုံအလောက်ရရှိထားပြီဖြစ်၍ လှည့်စားခံလိုက်ရ၍ ဖမ်းမိသွားပါကလည်း အသက်ပါစတေးခံနိုင်ကြသာ့်လူများဖြစ်သည်။


ကျွင်းဟွိုင်လန်ပြုလုပ်လိုသည်က သူတို့ကို အကျဉ်းချထားခြင်းသာဖြစ်သည်။


ရာနှင့်ချီသော ထိုလူများကို အပြစ်ကင်းသည့် သာမန်ပြည်သူများနှင့် ရောထားမည်ဆိုပါက အန္တရာယ်များနိုင်ပေသည်။ သူတို့က ထိုလူအများကို သွေးထိုးလှုံ့ဆော်လိုက်ပါက ကျင်းလင်တွင် ပြဿနာဖြစ်အောင်ပြုလုပ်ရန် လွယ်ကူသွားမည်ဖြစ်သည်။


ယခင်ဘဝတွင်မူ ထိုလူများက ဒုက္ခသည်စခန်းများတွင်ပါ ရောနှောနေ၍ ကြီးမားသောသက်ရောက်မှုကြီး ဖြစ်ပေါ်ခဲ့ခြင်းပင်။ 


ယခုဘဝတွင်မူ ကျွင်းဟွိုင်လန်က သူတို့ကို ဆည်ပြုပြင်သည့်နေရာတွင် စုဝေးထားခဲ့ပြီး အကြောင်းရင်းတစ်ခုရှာ၍ ဖယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ယခုအခါတွင် ဒုက္ခသည်စခန်းများတွင် အုပ်မိုးနေသည့်ပိုက်ကွန်များလည်း မရှိတော့ပေ။


ဤသို့ဖြင့် ကျွင်းဟွိုင်လန်က ဆည်ကို ဆက်လက် ပြုပြင်နေနိုင်ပြီး ရွှယ်ယန် ပြန်ရောက်လာသည်ကို စောင့်နေရန်သာလိုတော့သည်။


ထိုအကြောင်းကိုတွေးမိသွား၍ ကျွင်းဟွိုင်လန်မှာ ထိုနေ့ညက ရှားရှားပါးပါး ကောင်းမွန်စွာအိပ်နိုင်ခဲ့သည်။


သို့ရာတွင် နောက်တစ်နေ့မနက် အာရုဏ်တက်ချိန်မတိုင်မီ ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ၌ တာဝန်ကျသည့် အရာရှိက ဘုရင်ခံ၏အိမ်တော်သို့ ရောက်ရှိလာမည်ဟု မထင်မှတ်ထားမိကြပေ။ 


ဤရက်ပိုင်းအတွင်း ကျင်းပေါင်ကလည်း ကျွင်းဟွိုင်လန်၏ခြံဝင်းထဲတွင်နေရာ သူ့ကို ဂရုစိုက်ပေးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက် ရောက်လာသည်ကို မြင်သည့်အခါ သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။


" ဘာတွေအလျင်လိုနေတာလဲ ခုထိမှောင်နေသေးတာကို အရှင် အနားယူနေတုန်းပဲ..."


ထိုအရာရှိက ကတိုက်ကရိုက် ပြန်ဖြေလိုက်သည်။

" အရမ်းအရေးကြီးတဲ့ကိစ္စမို့ပါ မိန်းမစိုး ကျေးဇူးပြုပြီး လျှောက်တင်ပေးပါဦး... လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက လူတစ်ယောက်က အဖျားကြီးပြီး နေမကောင်းဖြစ်ပါတယ်... သူက အအေးမိရုံပဲလို့ထင်ပေမယ့် ရက်ပေါင်းများစွာကြာတဲ့အထိ ပြန်ကောင်းမလာပါဘူး... သူတစ်ယောက်တည်း ပြန်‌မကောင်းလာတာမဟုတ်ပဲ တခြားလူတွေပါ အဖျားကြီးပြီး နေမကောင်းဖြစ်ကုန်ပါပြီ..."


ကျင်းပေါင် အံ့ဩသွားရသည်။

" ဒါ..."


"လူအိုကြီးတစ်ယောက်ကတော့ ဒါက ရာသီအလိုက် ကူးစက်ရောဂါတစ်မျိုး ဖြစ်နိုင်တယ်လို့ပြောပါတယ်..."


ထူးဆန်းလွန်းနေသည်။


တောင်ပိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ရေကြီးမှုများက ကူးစက်ရောဂါများနှင့် အတူယှဉ်တွဲဖြစ်ပေါ်လေ့ရှိသည်။ သို့ရာတွင် ထိုသို့ဖြစ်ရခြင်းမှာ ရေလွှမ်းမိုးမှုက ‌မြောက်များစွာသော ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေသောကြောင့်ပင်။ အချိန်မီမဖြေရှင်းပါက လူအများသေကြေပျက်စီးစေနိုင်ပြီး ထိုအချိန်တွင် မိုးရွာလိုက်ပါက လူအများအပြားကို ဖျားနာစေနိုင်သည်။


ဒါပေမဲ့ ကျင်းလင်က ပြန်ပြီးနားလန်ထူနိုင်ခဲ့တာကြာပြီလေ ဘာကိစ္စ ကူးစက်ရောဂါဖြစ်ရမှာလဲ..."


ယခုအချိန်တွင် ကျင်းပေါင်လည်း ထိတ်ထိတ်ပျာပျာဖြစ်သွားပြီဖြစ်၍ ကျွင်းဟွိုင်လန်၏အခန်းထဲ အမြန်ပြေးဝင်သွားပြီး သူ့ကိုနှိုးရန်ပြင်တော့သည်။


သို့ရာတွင် အကြိမ်ပေါင်းများစွာခေါ်သော်လည်း တစ်ချက်မှ မလှုပ်လာပေ။


ကျင်းပေါင်၏စိတ်ထဲတွင် မသက်မသာဖြစ်လာမိသည်။


ရှေ့ကိုအမြန်တိုးသွားပြီး ကျွင်းဟွိုင်လန်၏အိပ်ရာထက်မှ လိုက်ကာကို ဖယ်လိုက်သည်။

    

သူမြင်လိုက်ရသည်မှာ အိပ်ရာပေါ်တွင်လှဲနေသော ကျွင်းဟွိုင်လန်၏မျက်နှာက နီရဲကာ ခန္ဓာကိုယ်ကလည်း ကျစ်ကျစ်တောက်ပူနေ‌ပြီး အဖျားတက်နေသည်ကိုပင်။


ကျင်းပေါင် လာနှိုးသဖြင့် ကျွင်းဟွိုင်လန် နိုးလာရသည်။


ယ‌မန်နေ့ညက ညနက်သည်အထိ အလုပ်လုပ်ခဲ့ရ၍ ပြန်ရောက်သည်နှင့် တစ်ချိုးတည်းအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။


အိပ်ပျော်သွားပြီးသည့်နောက်တွင် မှောင်မိုက်နေသောအိမ်မက်ထဲ၌ ပိတ်မိနေခဲ့ပြီး နိုးထမလာနိုင်တော့ပေ။ 


ကျင်းပေါင်က သူ့ကိုနှိုးရန် မနည်းရုန်းကန်နေရသည်။ 


ကျွင်းဟွိုင်လန် မူးဝေစွာဖြင့် နိုးလာပြီး သူ့အမြင်အာရုံများ ဝေဝါးနေသည်။ သူ့ကို သိတ်အားထက်သန်စွာဖြင့်နှိုးနေသော ရှေ့မှလူကို မှုန်တိမှုန်ဝါးသာ မြင်လိုက်ရသည်။


" သခင်လေး မြန်မြန်နိုးလာပါတော့ ဒီအစေခံက သမားတော်သွားခေါ်ဖို့ တစ်ယောက်ယောက်ကိုလွှတ်ထားပြီးပါပြီ မကြာခင်ရောက်လာတော့မှာပါ..."


ကျင်းပေါင် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန် အနည်းငယ် သတိကပ်လာသည်။


" ငါ ဘာဖြစ်နေတာပါလိမ့်..."


ကျွင်းဟွိုင်လန်က မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ကိုအားပြု၍ ထထိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ့နဖူးကို စမ်းကြည့်နေသည်။ သို့ရာတွင် သူ့လက်များကလည်း နဖူးလောက်နီးနီး ပူနေ၍ အပူချိန်ကို မခံစားမိပေ။


ကျင်းပေါင်မှာ စိတ်ပူလွန်း၍ မျက်ရည်များစီးကျလာတော့မည်ဟု ထင်ရသည်။


" သခင်လေး လန့်မသွားပါနဲ့... နည်းနည်း အဖျားတက်နေရုံပါ..."


ကျင်းပေါင်၏အသံက တုန်ယင်နေပြီး သူ့ကို လက်ဖက်ရည်ကြမ်းတစ်ခွက် ယူလာပေးလိုက်သည်။


ကျွင်းဟွိုင်လန် သူ့ကိုမျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။


" အဖျားတက်ရုံတဲ့လား... ဒါဆို မင်းကဘာလို့ ကြောက်နေတာလဲ..."


ကျင်းပေါင်၏တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်လုံးများ နီရဲနေကာ စကားမပြောရဲတော့ပေ။


တကယ်လို့ ဒါသာ ကူးစက်ရောဂါဖြစ်ခဲ့ရင်... ကူးစက်ရောဂါသာဆိုရင် သူ ဘယ်လိုလုပ်ရမလဲ...

    

ဒီရောဂါက လူရွေးမှာမဟုတ်ဘူး... ဘယ်လောက်ပဲ ရာထူးကြီးပြီး မြင့်မြတ်တဲ့သူဖြစ်ပါစေ ကူးစက်ခံရတယ်ဆို လုံးဝ ကုရတော့မှာမဟုတ်ဘူး...


ဤရက်ပိုင်းအတွင်း မြစ်ရေကိုထိန်းချုပ်ရန်အတွက် တောင်ပိုင်းသို့သွားသောအရာရှိများအားလုံး ဤရောဂါကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ဤတစ်ကြိမ်တွင် ကျင်းလင်က ကူးစက်ရောဂါ အမှန်တကယ်ဖြစ်ပွားခဲ့ပါက ကုသစရာနည်းလမ်းမရှိပေ။ ထိုသို့သော ကူးစက်ရောဂါမျိုးက သဘာဝဘေးအန္တရာယ်ထက်ပင် ပိုကြောက်စရာကောင်းလှသည်။


ထိုသို့ဖြစ်သည့်အကြိမ်တိုင်းတွင် ကောင်းကင်ဘုံမှ နတ်ဘုရားများက နန်းတွင်းညီလာခံကို ဖျက်ဆီးတော့မည်ဟူသော သင်္ကေတပင်ဖြစ်သည်။


ကျွင်းဟွိုင်လန်က ကျင်းပေါင်၏ အမူအရာကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ရပ်လိုက်သည်။


" မင်းပုံစံက ဘာလို့ ဒီလိုဖြစ်နေရတာလဲ..."


သူ ခဏတာတိတ်ဆိတ်သွားပြီးမှ တဖြည်းဖြည်းချင်းမေးလိုက်သည်။


" ရာသီအလိုက် ကူးစက်ရောဂါလား..."


ကျင်းပေါင် အလျင်အမြန်ပြန်ဖြေလိုက်သည်။


" မဟုတ်ပါဘူး... သခင်လေးက အဖျားတက်နေရုံပါ... သခင်လေး ဒီနှစ်ရက်အတွင်း ပင်ပန်းလွန်းတော့ နေမကောင်းဖြစ်..."


သို့ရာတွင် သူ့အသံက ငိုရှိုက်သံများပါဝင်လာသည်။


ကျွင်းဟွိုင်လန်က သူ့ခန္ဓာကိုယ်ကို မနည်းထူလိုက်ပြီး အိပ်ရာပေါ်မှထလာသည်။


" နောက်ဆုတ်နေ..."

    

ကျင်းပေါင် ကြောင်အသွားမိသည်။


" ငါမင်းကို နောက်ဆုတ်နေလို့ပြောတယ်လေ မကြားဘူးလား..."


ကျွင်းဟွိုင်လန် ပြောလိုက်သည်။


ကျင်းပေါင်က သူ၏ခက်ထန်နေသောမျက်နှာကို တစ်ခါမှမမြင်ဖူး၍ ထိတ်လန့်သွားပြီး ဒယိမ်းဒယိုင်ဖြင့် ‌ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားသည်။


" အခုကစပြီး ဘယ်သူမှငါ့ကို ခစားစရာမလိုတော့ဘူး ဒါအမိန့်ပဲ... တကယ်လို့ လျှောက်တင်စရာတစ်ခုခုရှိရငါ အဲ့နားကပဲရပ်ပြီး ပြောရမယ် မှတ်ထား..."


ကျွင်းဟွိုင်လန်က မနည်းထထိုင်လိုက်ပြီး အက်ရှရှအသံသံဖြင့် ပြောလိုက်သည်။


ကျင်းပေါင် အံ့အားသင့်သွားပြီးနောက် ကျွင်းဟွိုင်လန်ဆိုလိုသည်ကို သဘောပေါက်သွားသည်။


ကျွင်းဟွိုင်လန်က သူကိုယ်တိုင် ကူးစက်ရောဂါဖြစ်နေကြောင်း သေချာသွား၍ အခြားလူများကိုပါ မကူးစက်စေရန် စည်းကမ်းတင်းကြပ်နေရခြင်းဖြစ်သည်။


ကျင်းပေါင် မျက်ရည်များစီးကျလာသည်။


" ဒီအစေခံက ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ... ကျွန်တော်မျိုးရဲ့သခင်က နေမကောင်းဖြစ်နေတာကို ဘယ်သူ့ကိုမှ မခစားခိုင်းပဲ တစ်ယောက်တည်းထားခဲ့ရမှာလဲ..."


ကျင်းပေါင်က ကြမ်းပြင်နှင့်ခေါင်းကိုထိ၍ ဒူးထောက်လိုက်ပြီး ငိုရှိုက်သံဖြင့် ပြောလိုက်တော့သည်။


" ဘာမှထပ်မပြောနဲ့တော့..."


ကျွင်းဟွိုင်လန်က သူ့နဖူးကိုထောက်ပြီး အဖျားကြောင့် မူးဝေနေသည်ကို မနည်းသည်းခံကာပြောလိုက်သည်။


" တစ်ယောက်ယောက် သတင်းပို့ဖို့ရောက်လာသေးလား... သူ့ကိုအခုချက်ချင်း အထဲဝင်ခိုင်းလိုက်... သမားတော်ကိုတော့ အထဲမဝင်ခိုင်းသေးပဲ အပြင်မှာ ခဏစောင့်နေခိုင်းလိုက်..."


ကျင်းပေါင်က အမြန်မတ်တပ်ရပ်လိုက်သည်။


" ပြီးတော့ မင်းရပ်နေတဲ့နေရာနားမှာ လိုက်ကာတစ်ခု ထားထားလိုက်... အခုကနေစပြီး အဲ့လိုက်ကာကို ဘယ်သူမှ  ခြေတစ်လှမ်းတောင်ကျော်ပြီးဝင်မလာရဘူး..."

    

ကျင်းပေါင် ငိုနေရုံသာတတ်နိုင်တော့သည်။


တကယ်လို့ တစ်ယောက်ယောက်က သခင်လေးကို လုပ်ကြံချင်တာတို့ ဒုက္ခပေးချင်တာတို့ဆို တခြားနည်းလမ်း မရှိတော့လောက်ဘူး...


ဒီလို ကူးစက်ရောဂါတစ်မျိုးတည်းနဲ့တင် ကူကယ်ရာမဲ့နေပြီ... ကျင်းပေါင်မပြောနဲ့ သူ့သခင်ကိုယ်တိုင် ပြန်ရောက်လာရင်ဝောာင် ဘာမှလုပ်နိုင်မယ်မထင်ဘူး...


ပြီးတော့ သခင်လေးက ရောဂါကူးစက်တဲ့လူတွေထဲက ပထမဆုံးတစ်သုတ်မှာ ပါသွားတဲ့ပုံပဲ... ကူးစက်ရောဂါအတွက် ဖြေဆေးရှာတွေ့သွားရင်တောင် ပထမဆုံးတစ်သုတ်ကလူတွေက အဲ့အချိန်လောက်ထိ ဘယ်တုန်းကမှ တောင့်ခံ့နိုင်ခဲ့တာ မဟုတ်ဘူး...


 နတ်ဘုရားတွေက ကပ်ဘေးကြီးကို သယ်ဆောင်လာချင်တယ်ဆိုရင်တောင် သခင်လေးလိုလူကောင်းလေးကိုမှ ဘာလို့ အေးအေးချမ်းချမ်းနေခွင့်မပေးရတာလဲ...


ကျင်းပေါင် ငိုနေဆဲတွင် ကျွင်းဟွိုင်လန်၏အသံကို

ထပ်ကြားလိုက်ရသည်။


" ကျင်းပေါင်..."


သူ့အသံက ပင်ပန်းနွမ်းနယ်ကာ အသက်ရှုမဝသကဲ့သို့ ဖြစ်နေသည်။


" ငါ့အမိန့်အတိုင်းလုပ်ပါ... ငါထပ်ပြီး စကားကြာကြာပြောနိုင်ဖို့ အားမရှိတော့ဘူး..."


ကျင်းပေါင် မျက်ရည်များကိုသုတ်ပစ်ကာ ပြန်ဖြေလိုက်ပြီးနောက် အပြင်သို့ ခပ်မြန်မြန်ထွက်သွားသည်။


ခဏအကြာတွင် လိုက်ကာတစ်ခုကို လာထားကြသည်။


ကျွင်းဟွိုင်လန်က အိပ်ရာပေါ်မှခန်းစီးကိုလှပ်ပြီး ဖြည်းညင်းစွာကြည့်လိုက်သည်။


သူ မွေးဖွားလာချိန်တည်းက အစေခံများစွာ၏ ခစားခြင်းခံခဲ့ရ၍ ကိစ္စအတော်များများကို သူကိုယ်တိုင်လုပ်စရာမလိုအပ်‌ခဲ့ပေ။


သို့ရာတွင် အိပ်ရာပေါ်မှခန်းစီးကိုဖွင့်လိုက်သည်နှင့် သူ့အနားတွင် တစ်ယောက်မှ ရှိမနေပေ။  ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာသည့် နေရောင်ခြည်များကိုလည်း ထိုလိုက်ကာဖြင့် ကာစီးထားသည်ကို တွေ့လိုက်ရသည်။


ကျွင်းဟွိုင်လန် အတွေးထဲ နစ်မျောသွားရသည်။


Xxxxxxx