အပိုင်း ၁၂၇
Viewers 15k

Chapter 127


ယခင်ဘဝတွင် ဖြစ်ပွားခဲ့ရသည့် ကူးစက်ရောဂါက နန်းတွင်းညီလာခံ၏ မှတ်တမ်းများအရဆိုလျှင် ကျင်းလင်တွင်ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်၊ လူများ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းနှင့် အငတ်ဘေး‌တို့ကြောင့်သာ ကူးစက်ရောဂါကြီး ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ဤဘဝတွင်မူ သူ ဂရုတစိုက်နှင့် နေထိုင်ခဲ့ပြီး ထိုသို့ဖြစ်ခွင့်မပြုခဲ့ပေ။ ဆည်ပျက်စီးသွားသည့်နေ့က သေဆုံးသွားခဲ့သည့်လူများကိုပင် ရှန်းကျီဖုကိုပြောပြီး လူလွှတ်၍ ချက်ချင်းမြှုပ်ပစ်စေခဲ့သည်။


ကူးစက်ရောဂါက လူသေရုပ်အလောင်းတွေကြောင့်ပဲ  အမြဲဖြစ်တတ်တာပါ... ဒီလို အေးအေးချမ်းချမ်းရှိနေတဲ့အချိန်မှာ ဘာလို့ ရုတ်တရက်ကြီး ထဖြစ်ရတာလဲ...


အားလုံး၏ပါးစပ်ဖျားတွင်မူ ထိုရောဂါက ကောင်းကင်ဘုံမှ အပြစ်ပေးခြင်းဖြစ်ပြီး တာ့ယံကို ပျက်စီးမှုများယူဆောင်လာမည့်နိမိတ်ဟုသာ ပြောဆိုကြမည်ဖြစ်သည်။ သို့ရာတွင် ကျန်းနန်တွင် ဖြစ်ပျက်သမျှကိစ္စတိုင်းက ကောင်းကင်ဘုံကြောင့်မဟုတ်ပဲ လူသားများ၏လုပ်ကြံထားမှုဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။


သို့ဖြစ်၍ ရုတ်ချည်းဖြစ်ပေါ်လာရသော ကူးစက်ရောဂါသည်လည်း လူများကြောင့်သာဖြစ်ရမည်။


ဖျား‌နာမှုကြောင့် မူးဝေနေသည်ကို မနည်းတောင့်ခံထားပြီး ယခင်ဘဝမှ အကြောင်းအရာများကို ပြန်လည်စဉ်းစားနေမိသည်။


သမိုင်းမှတ်တမ်းများအရဆိုလျှင် ဤကူးစက်ရောဂါတွင် ကူးစက်ခံရသူတိုင်းက ဆက်တိုက်ဖျားနာကြပြီး ပြန်ကောင်းလာရန် ခက်ခဲလွန်းလှသည်။ ထို့အပြင် ဤရောဂါမျိုးကအလွန်မင်းကူးစက်မြန်ပြီး ရောဂါဖြစ်သူနှင့် ထိတွေ့မိသူတိုင်းက ကူးစက်ခံရရန် ၅၀% အခွင့်အရေးရှိသည်။


ကူးစက်ရောဂါက ၇လပိုင်းလကုန်ထိ တစ်လနီးပါးကြာမြှင့်ခဲ့သည်။ ချန်အန်းမှ နာမည်ကြီးသမားတော်များကို စေလွှတ်လိုက်သော်လည်း သူတို့အားလုံးကူကယ်ရာမဲ့ကုန်ကြသည်။ ယန်ဇီမြစ်၏တောင်ပိုင်း ကျန်းနန်ဒေသတွင် ဆောင်းဦးရာသီသို့ ရောက်ရှိလာမှသာ ကူးစက်ရောဂါက အလိုလိုကွယ်ပျောက်သွားခဲ့သည်။


ထိုနောက်ပိုင်းတွင် ကျန်းနန်က ဤသို့ ထူးဆန်းသည့်ရောဂါမျိုး မဖြစ်ပွားတော့ပေ။


သို့ရာတွင် ယခုက ၇လပိုင်းကိုပင် မရောက်သေး၍ အဖျားကြီးသူများက လဝက်အတွင်း သို့မဟုတ် အနည်းဆုံး ခုနစ်ရက်အတွင်း သေဆုံးသွားနိုင်သည်။


ယခင်ဘဝတွင် ဤတစ်လအတွင်း ကျင်းလင်၌ ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး မရေမတွက်နိုင်သောလူများ သေဆုံးခဲ့ရသည်။ ဤဘဝတွင်လည်း ထိုသို့ဆက်ဖြစ်နေပါက ကျွင်းဟွိုင်လန်သည်ပင် အသက်ရှင်နိုင်မည်ကို မသေချာပေ။ 


ထိုအချိန်တွင် အရာရှိတစ်ယောက် ဝင်လာသည်။


" အရှင်..."

သူ့လေသံက အနည်းငယ်တုန်ယင်နေသည်။


ကျွင်းဟွိုင်လန်သည်လည်း ဤမနက်တွင် နေမကောင်းဖြစ်နေသည့်အကြောင်းကို မိန်းမစိုးထံမှ သူကြားသိပြီးပြီဖြစ်သည်။  အကြောင်းပြချက်ကလည်း ရိုးရိုးအအေးမိခြင်းသာမဟုတ်ပဲ ကူးစက်ခံထားရခြင်းဖြစ်ရန် အခွင့်အရေးကပိုများနေသည်။

    

အချို့လေးနက်သော အခြေအနေများရှိနေ၍ ကိုင်တွယ်ရသည်က ပိုမိုခက်ခဲလာတော့မည်ဖြစ်သည်။


ကျွင်းဟွိုင်လန်က သူ့အသံကိုကြားသည့်အခါ ပြန်ဖြေပြီး မေးလိုက်သည်။

" အခု အခြေအနေတွေ ဘယ်လိုဖြစ်နေလဲ..."

   

 

ထိုအရာရှိက လျင်မြန်စွာဖြေလိုက်သည်။


" သမားတော်အများစုနဲ့ အလုပ်သမားတွေလည်း အရင်ရက်တွေက နေမကောင်းဖြစ်နေကြပြီး ဒီနေ့အထိ မသက်သာလာပါဘူး ဒါပေမဲ့ ကူးစက်မှုက ပျံ့သွားပြီထင်ပါတယ်အရှင်...  ဖြစ်ပြီး နှစ်ရက်ကြာမှ တစ်ခုခုမှားနေမှန်းသိလို့ သမားတော်ကို မေးကြည့်ကြတာပါ... ကျွန်တော်မျိုး အခုမှ အရှင့်ကိုလာပြီး သတင်းပို့မိတယ် ကျွန်တော်မျိုး အချိန်ဖြုန်းမိပါတယ်... သေသင့်တဲ့အပြစ်ကြီး ကျူးလွန်မိပါပြီ..."


သူ့စကားလုံးများက မိမ်ကိုယ်ကို အပြစ်တင်နေသည်များဖြင့်သာ ပြည့်နေသည်။


ကျွင်းဟွိုင်လန်က ပြောလိုက်သည်။


" ဒီကိစ္စက ခင်ဗျားနဲ့ မဆိုင်ပါဘူး...  တစ်ခုမေးရဦးမယ် ဒီရောဂါက ကူးစက်မြန်တယ်ဆိုတော့ နေမကောင်းဖြစ်နေကြတဲ့လူတွေကို အခုဘယ်မှာထားထားလဲ..."


တစ်စုံတစ်ယောက်က အဖျားကြီး၍ နေမကောင်းဖြစ်နေလျှင်ပင် အခြားလူများနှင့် နီးကပ်စွာမထားပါက ကူးစက်မှု‌လျော့ကျသွားစေပြီး အခြားအရာရှိများ၏ အာရုံစိုက်မှုကို မရရှိနိုင်ပေ။ ဤသို့သော ကူးစက်ရောဂါမျိုးက ပြင်းထန်ပြီး ကြိုတင်၍ မရသော်လည်း မြန်ဆန်စွာမပျံ့နှံ့သွားအောင် ထိန်းချုပ်၍ ရနိုင်သေးသည်။ 


ယခုလက်ရှိအချိန်တွင်မူ ကုသရန်နည်းလမ်းရှာဖွေရုံသာ တတ်နိုင်တော့သည်။


အရာရှိက အလျင်စလိုပြောလာသည်။

" အကုန်လုံးကို တစ်နေရာတည်းမှာ စုထားလိုက်ပါပြီ..."


ကျွင်းဟွိုင်လန် အင်းဟုသာ ပြန်ဖြေလိုက်သည်။


" ရှန်းကျီဖုဆီကိုသွားပြီးတော့ သတင်းပို့လိုက်ပါ... သူတို့အတွက် ထမင်းသုံးနပ်နဲ့ ဆေးတွေ သေချာပြင်ဆင်ပေးထားပြီး နေ့စဉ်လိုအပ်ချက်တွေပါ ဖြည့်ဆည်းပေးလိုက်ပါလို့... အဲ့လိုမှမဟုတ်ပဲ ဖျားနေတဲ့လူတစ်ယောက်ယောက်က နေရာကနေ ထွက်ပြေးသွားမယ်ဆိုရင် ရောဂါက ပျံ့သွားဦးမှာပဲ..."


အရာရှိက သူပြောသည်များကို ချက်ချင်း ချရေးထားလိုက်သည်။


ကျွင်းဟွိုင်လန်က ဆက်ပြောသည်။


" သမားတော်တွေရော ဆေးဝါးတွေရော ရှိနေတာပဲဆိုတော့ အဖျားကျဆေးနဲ့အဆိပ်ပြေဆေးတွေကို ဆေးညွှန်းရေးပေးပြီး တိုက်ခိုင်းလိုက်ပါ နည်းနည်းတော့ အသုံးဝင်လိမ့်မယ်..."


အဘယ့်ကြောင့်ဆိုသော် ယခင်ဘဝက ကပ်ဘေးကြီးဖြစ်ပေါ်ချိန်အကြောင်း ရေးသားခဲ့သည့် မှတ်တမ်းများအရ အဖျားကျဆေးက ဤကူးစက်ရောဂါကို သက်ရောက်မှုအချို့ ရှိခဲ့သည်။ လုံးဝ အရှင်းမပျောက်ကင်းနိုင်လျှင်ပင် အချိန်ဆွဲထားပေးနိုင်သေးသည်။


" ပြီးတော့ အခြေအနေအကြောင်း ကျွန်တော့်ကိုနေ့တိုင်းသတင်းလာပို့ပါ...ကူးစက်ရောဂါမပြန့်အောင် တားရမယ့်အကြောင်း ကျွန်တော့်အဖေကိုလည်းပြောလိုက်ပါ... ပြီးတော့ လူတွေ ထိတ်လန့်တကြားမဖြစ်အောင်လည်း ထိန်းချုပ်ရမယ်... ပြီးရင်တော့ ဒီကိစ္စကို ချန်အန်းကို အမြန်ဆုံးသတင်းပို့ရမယ်... နေရာအနှံ့က သမားတော်တွေကိုရှာပါ လုံးဝပျောက်နိုင်မယ့် ဖြေဆေးရှာဖို့ အခွင့်အရေးကိုလည်း လက်မလျှော့ပါနဲ့..."


အရာရှိက သူပြောသည်များကို နာခံလိုက်သည်။


" လူနာတွေထားထားတဲ့နေရာကို စစ်သည်တွေကိုစောင့်ရှောက်ခိုင်းတာပါ ဒါပေမဲ့ ခပ်ဝေးဝေးကပဲနေခိုင်းပါ ရောဂါမကူးစေနဲ့...  မဖြစ်မနေ အနားကပ်ရမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကို အင်္ကျီတွေနဲ့ အထပ်ထပ်ပတ်ပြီး မျက်နှာကိုလည်း သေချာအုပ်ထားရမယ် တိုက်ရိုက်မထိတွေ့ပါနဲ့..."

    

ဤနည်းလမ်းက အလုပ်ဖြစ်မည်မဖြစ်မည်ကို သူ မသိပေ။ သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤနည်းလမ်းမှလွဲ၍ အခြားတစ်ခု မရှိပေ။


သို့ဖြစ်၍ ကြိုးစားကြည့်ရုံသာ တတ်နိုင်သည်။


ကျွင်းဟွိုင်လန်ပြောလိုက်သည်။

" လောလောဆယ် မှာစရာရှိတာတော့ ဒီလောက်ပါပဲ..."


" ဒါဆိုရင် အရှင်ရော ဘယ်လိုလုပ်မလဲ..."


ကျွင်းဟွိုင်လန် လိုက်ကာကိုကြည့်လိုက်သည်။


" ကျွန်တော်က အဆင်ပြေပါတယ်... ‌နေ့တိုင်း ထမင်းသုံးနပ်နဲ့အတူ သောက်ရမည့်ဆေးတွေ ယူလာပေးရင်ရပြီ..."


အရာရှိက တွန့်ဆုတ်နေပြီးမှ မဝံ့မရဲဖြင့် ‌ပြောလိုက်သည်။


" အရှင် အပြင်ဘက်က သမားတော်ကို ဝင်ကြည့်ခိုင်းပါလား... အရှင်က ကူးစက်ရောဂါဖြစ်နေတာမဟုတ်ပဲ အအေးမိနေတာလည်း ဖြစ်နိုင်တာပဲ..."


ကျွင်းဟွိုင်လန် ခပ်တိုးတိုးရယ်လိုက်သည်။


" ကူးစက်ရောဂါလား အအေးမိတာလားဆိုတာ ကြည့်ရုံနဲ့ ပြောနိုင်မယ်တဲ့လား... အအေးမိရုံပဲဆိုရင်တော့ ကျွန်တော်ပြန်ကောင်းသွားမှာပါ စိတ်မပူပါနဲ့..."


ထိုစကားများပြောပြီးနောက် ရပ်တန့်သွားတော့သည်။


သူ့စိတ်ထဲ၌ ပရမ်းပတာဖြစ်နေမိသည်။ အရေးကြီးကိစ္စများအားလုံး စီစဉ်ပေးပြီးသည့်အခါ သူ့စိတ်ထဲတွင် လူတစ်ယောက်သာ ရှိတော့သည်။


" နေဦး..."


ထို အရာရှိက အပြင်ထွက်တော့မည့်အချိန်တွင် ကျွင်းဟွိုင်လန်က ရုတ်ချည်းပြောလိုက်သည်။


ထိုအရာရှိက ရပ်သွားသည်။


" တော်ဝင်အမိန့်တော်ရတဲ့နေ့တည်းက ရှန်တုန်းကို ထွက်သွားမယ်ဆိုရင် အခုချိန်ဆို ဘယ်နေရာကို ရောက်နေလောက်ပြီလဲ..."


သူ အဘယ့်ကြောင့် ထိုမေးခွန်းမေးလိုက်ခြင်းကို အရာရှိက မသိသော်လည်း ဂရုတစိုက်စဉ်းစားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။


" အမြန်သွားမယ်ဆိုရင်တော့ ဒီနေ့ဆိုရင်ရောက်ပါပြီ အရှင်..."


ကျွင်းဟွိုင်လန်က တွေးတောနေပြီး  ခဏအကြာမှ ပြန်ဖြေလိုက်သည်။


" ကျွန်တော် နေမကောင်းဖြစ်နေတဲ့အကြောင်း  သတင်းမပျံ့ပါစေနဲ့... တကယ်လို့ တစ်ယောက်ယောက်က စာပို့ဖို့လုပ်နေရင်လည်း တားလိုက်ပါ..."


ထိုအရာရှိက ကြောင်အသွားမိသည်။

" ဒါ..."


ကျွင်းဟွိုင်လန်က အကြည့်ပြန်လွှဲလိုက်ပြီး လိုက်ကာအောက်တွင် ဖြာကျနေသည့် နေရောင်ခြည် လက်တစ်ဆုပ်စာခန့်ကို ကြည့်နေသည်။


" မေးခွန်းတွေအများကြီးမမေးပါနဲ့ ကျွန်တော်ပြောတဲ့အတိုင်းပဲ လုပ်ပေးပါ..."


ယခုလက်ရှိအချိန်တွင် သူ့စိတ်ထဲ၌ ရွှယ်ယန့်အကြောင်းများဖြင့်သာ ပြည့်နေသော်လည်း သူ့ကို မမြင်တွေ့ချင်ပေ။


အဘယ့်ကြောင့်ဆိုသော် သူ့အမိန့်က အရာအားလုံးကို တားမြစ်နိုင်သော်လည်း ရွှယ်ယန်တစ်ယောက်တည်းကို မတားနိုင်ပေ။


သူက မိုးကောင်းကင်အောက်မှ မည်သို့သောကိစ္စမျိုးကိုဖြစ်စေ လုပ်ဆောင်နိုင်သည့်စွမ်းရည်ရှိသော်လည်း သေမျိုးတစ်ယောက်သာဖြစ်၍ ပြင်းထန်သော ကူးစက်ရောဂါကို ဟန့်တားနိုင်မည်မဟုတ်ပေ။ သူ ပြန်လည်မွေးဖွားလာခဲ့သော်လည်း ထိုကူးစက်ရောဂါကို တားမြစ်နိုင်မည်ဟု တပ်အပ်မပြောနိုင်ပေ။ သူကြိုးစားဆောင်ရွက်ပြီး နည်းလမ်းရှာဖွေရုံသာ တတ်နိုင်သည်။


ထို့အပြင် ရွှယ်ယန့်ကိုလည်း ကျန်းကျန်းမာမာဖြင့်သာ ရှိနေစေချင်သည်။


 


ကျွင်းဟွိုင်လန်၏ ပြင်းထန်သောအဖျားမှာ သုံးရက်ထိတိုင်ရှိနေပြီး အခြေအနေတိုးတက်လာခြင်းမရှိသေးပေ။


အဖျားဟူသည်မှာ ရှည်ကြာလေလေ သတိလစ်ရန်လွယ်ကူလေလေဖြစ်ရာ သုံးရက်မြောက်နေ့တွင် ကျွင်းဟွိုင်လန်၏ဦးနှောက်ထဲတွင် ပေါက်ကွဲမတတ်လောင်ကျွမ်းနေပြီး အရှေ့နောက်တောင်မြောက်ပင် မခွဲခြားနိုင်ဖြစ်နေကာ တစ်ခါတရံတွင် အာရုံလွဲမှားမှုများကို ကြုံတွေ့နေရသည်။


သို့သော်လည်း ကျင်းပေါင် အပြင်ဘက်မှယူလာပေးသည့် အစာနှင့်ဆေးများသောက်သုံးရန်အတွက် သူအချိန်ခဏမျှ နေရဦးမည်ဖြစ်သည်။ ဆေးသောက်ပြီးချိန်တွင်မူ အပြင်ဘက်မှ အရာရှိများက တင်ပြလာသည့် ထိုနေ့၏မြို့တော်အတွင်းဆောင်ရွက်ချက်များကို နားထောင်ရလေသည်။


ကံကောင်းစွာဖြင့် သူတို့အချိန်နှင့်အမျှ ဆောင်ရွက်နိုင်ခဲ့ကြသည်။ ရောဂါမှာ မြို့ထဲတွင် ပြန့်နှံ့နေသေးသည့်တိုင် ဖျားနာနေသည့်လူများကို တစ်နေရာထဲတွင် စုထားခဲ့ပြီး ကျင်းလင်စံအိမ်မှ ဆည်ကိုပိတ်ဆို့ပြီးချိန်တွင် ကျန်ရှိသော ရွှေငွေများအားလုံးကို ကပ်ဘေးအတွက်အသုံးပြုခဲ့လေရာ မြို့ထဲတွင် အထိဂရုန်းကြီးကြီးမားမား ဖြစ်လာနိုင်ချေမရှိတော့ချေ။


သို့သော်လည်း ယခုအချိန်တွင် လူအများအပြားမှာ နေ့စဉ်ဖျားနာနေသေးပြီး ကျင်းလင်စံအိမ်မှ အချို့သော အရာရှိများသည်ပင်ရောဂါကူးစက်ခံထားရသည်။ ယ‌မန်နေ့တွင် နယ်စားအိမ်တော်မှ ဖျားနာနေသည့် အစေခံအနည်းငယ်ကို ထုတ်ပစ်ခဲ့ရသည်။ ကျင်းလင်စံအိမ်အတွင်း ရုန်းရင်းဆံခတ်မဖြစ်နိုင်သေးသော်လည်း လူများမှာ ကြောက်လန့်နေဆဲဖြစ်ကာ အန္တရာယ်ရှိနေဆဲပင်။


အချို့လူများမှာမူ နတ်မေးခြင်းများကို ပြုလုပ်ကြပြီး လျို့ဝှက်စွာဖြင့် နတ်ဝင်သည်များရှာဖွေပင့်ဆောင်ခဲ့ကြသည်။ မိသားစုတစ်ခုနှစ်ခုမှ စတင်လုပ်ဆောင်ခဲ့ပြီးနောက်တွင် အခြားသူများသည်လည်း လိုက်ပါလုပ်ဆောင်လာကြသည်။


လူများစွာက ထိုနည်းလမ်းများကို လုပ်ဆောင်ကြသည်နှင့် ကောလဟာလများသည်လည်း စတင်ပြန့်နှံ့လာလေသည်။


အဘယ့်ကြောင့် ကျင်းလင်မှ ယခုလို ကပ်ဆိုက်ခဲ့ရသည်နည်း။ ယခုနှစ်တွင် နတ်ဆိုးကြယ်မှာ ကျင်းလင်သို့ရောက်ရှိလာခြင်းကြောင့်ပင်။ နတ်ဆိုးကြယ်ဆိုသည်မှာ အမြဲလို မိသားစုနှင့်မောင်နှမသားချင်းများကို ဒုက္ခပေးတတ်သည်ဖြစ်ရာ ထိုအရာသွားမည့်လမ်းတစ်လျှောက်တွင် ကပ်ဘေးအန္တရာယ်များ မြင့်တက်လာမည်သာ။


မူလအစပိုင်း သူယန်ယွင်တွင် နေထိုင်ခဲ့စဉ်အခါက ယန်ဘုရင်မှာ နားမလည်နိုင်စွာဖြင့် ကျရှုံးသွားကာ တူရကီများ၏လက်တွင်းသို့ ကျဆင်းသွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ချန်အန်းမှာမူ မြို့တော်တွင် နဂါးစင်စစ်တည်ရှိနေခြင်းကြောင့် ပြသနာကြီးကြီးမားမားမရှိခဲ့ချေ။ ယခု ကျင်းလင်သို့ ရောက်ရှိလာချိန်တွင်မူ သဘာဝကျစွာဖြင့် ကျင်းလင်မှာ ကပ်ဘေးသင့်ခဲ့ရလေသည်။


ကောလဟာလများမှာ ကျယ်ပြန့်စွာ ပြန့်ကြဲနေပြီး ကပ်ဘေးမှာ ကွမ်းလင်ဘုရင်ခံဖြစ်သည့် ရွှယ်ယန်ကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု တိုက်ရိုက်မပြောရုံသာရှိတော့သည်။


မည်သို့ပင်ဖြစ်စေ ကော‌လ‌ဟာလများမှာ ယုံနင်မြို့စား၏ဖိနှိပ်ခြင်းကြောင့် အချိန်ကြာသည်အထိ မတည်ရှိလိုက်ပေ။


ထိုအချိန်တွင် ရွှယ်ယန်မှာ ယန်ဇီမြစ်၏ မြောက်ဘက်မြစ်ကြောင်းအနီးသို့ ရောက်ရှိလာပြီဖြစ်သည်။


သူတွေးထားသည့်အတိုင်းပင် သူတို့ရှန်တုန်းသို့ရောက်ချိန်တွင် ချက်ချင်းဆိုသလို ဒေသတွင်းအရာရှိများကို အံ့ဩသွားစေခဲ့သည်။ သူတို့၏စစ်ကြောင်းမှာ အလျှင်အမြန်ချီတက်လာခဲ့ကြကာ ပုံမှန်ရောက်ရမည့်အချိန်ထက် နှစ်ရက်ပိုစောကာ ရှန်တုန်းသို့ရောက်ရှိခဲ့ကြသည်။


ထိုအချိန်တွင် ကုန်စည်လှည်းများသည်လည်း ရှန်တုန်းသို့ရောက်ရှိလာခဲ့ပြီး ရှန်တုန်းဘုရင်ခံမှာမူ အနားယူရန်နှင့် စစ်ဆေးရန်အမည်ခံ၍ အပြည့်အဝလွှဲစေကာ လှည်းထဲမှ ရိက္ခာနှင့် မြက်များကို ရှန်တုန်းဘဏ္ဍာတိုက်ထဲသို့ သွင်းစေပြီးနောက် လှည်းများကို ကောက်ရိုးများဖြင့် ဖြည့်နေခဲ့သည်။

ရွှယ်ယန် ရောက်ရှိသွားချိန်တွင် သူတို့ထဲမှ သူတစ်ဦးကို ဖမ်းမိလိုက်ပြီးနောက် ရှန်တုန်းရုံးတော်ကို အသိပေး၍ သူတို့အားလုံးကို ဖမ်းဆီးလိုက်ကာ ရိက္ခာနှင့် သက်သေအထောက်ထားများကို စောင့်ရှောက်ရန်အတွက် အရာရှိများကို ကိုယ်တိုင်ကိုယ်ကျစေလွှတ်၍ ညတွင်းချင်း ချန်အန်းသို့သွားစေလိုက်သည်။


ရွှယ်ယန်မှာ မြင်းနှစ်ကောင်သေဆုံးသွားရသည်အထိ တစ်ညတာလုံးပြေးလွှားနေခဲ့ပြီး အာရုံတက်ချိန်တွင် ပုန်ကန်ခဲ့ကြသည့်အရာရှိများကို ချုပ်နှောင်ကာ နန်းတော်သို့ ပို့ဆောင်လိုက်သည်။ ထို့နောက် အထောက်အထားနှင့်တကွ အရပ်ဘက်နှင့် စစ်ရေးအရာရှိများ၏ရှေ့‌တွင် ဧကရာဇ်ချင်းဖျင်ထံသို့ အပ်နှံလိုက်လေသည်။


လုံလောက်စွာပင် ဧကရာဇ်ချင်းဖျင်၏ဒေါသများ ဆူပွက်သွားရသည်။


Xxxxxxx