အပိုင်း ၁၂၈
Viewers 15k

Chapter 128


ချက်ချင်းဆိုသလိုပင် သူ ရုံးတော်မှနေ၍ ပြစ်ဒဏ်စီရင်ရေးဌာန၏အကျဉ်းထောင်တွင်းမှ အရာရှိများကို စောင့်ကြည့်ရန်အတွက် တော်ဝင်အမိန့်စာတစ်စောင်ထုတ်ပြန်လိုက်ပြီး ကျန်းအမတ်နှင့် ပြစ်ဒဏ်စီရင်ရေးဌာန၏ဝန်ကြီးတို့ကို အတူပူးပေါင်းဆောင်ရွက်စေသည်။


၎င်းမှာ ရှုမိသားစု၏အဖွဲ့ခွဲမှ အမှုထမ်းများကို ကျန်းမိသားစု၏လက်အောက်သို့ တိုက်ရိုက်လွှဲပြောင်းလိုက်ခြင်းပင်ဖြစ်သည်။


အရေးကိစ္စများအပြီးတွင် ရွှယ်ယန်အချိန်အကြာကြီး မနေနိုင်ဘဲ ပြန်သွားရန် လောဆော်နေခဲ့သည်။


ဧကရာဇ်ချင်းဖျင်မှာမူ သူ၏သားတော်ကို ဤနေရာတွင်နေစေရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေရသည်။ မူလအစတွင် ရွှယ်ယန်ကို ကျန်းနန်သို့စေလွတ်ခဲ့ခြင်းမှာ ယုံနင်မြို့စားအပေါ်စိုးရိမ်မှုကြောင့်သာဖြစ်သည်။ ယခုအချိန်တွင်မူ ထိုကိစ္စမှာ ပို၍ ရှုပ်ထွေးလာပုံပင်။ ဧကရာဇ်ချင်းဖျင်မှာ မကြာသေးမီအချိန်ကမှ သူ၏အာဏာကို ပြန်လည်ရယူနိုင်ခဲ့ပြီး သူ့ကို ကျန်းမိသားစုနှင့်အတူ ပေါင်းစည်းခံထားရကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။


သို့ဖြစ်ရာ သဘာဝကျစွာပင် သားတော်ဖြစ်သူကို ကပ်ဘေးသင့်နေသည့်အရပ်သို့ မိုင်ထောင်ချီခရီးနှင်၍ မသွားစေလိုတော့ပေ။


" ပြန်မသွားပဲ ဒီမှာပဲနေလိုက်တော့… ဒါနဲ့ မင်း‌ခေါ်လာတဲ့အပြစ်သားတွေကို အရင်စစ်ဆေးသင့်ပြီ…" ဧကရာဇ်မှပြောလိုက်သည်။


ရွှယ်ယန် ဘေး‌တွင်ရပ်နေသော နှိမ့်ချခြင်းကော မာနထောင်လွှားခြင်းပါမရှိသည့် ကျန်းအမတ်ကို လှမ်းကြည့်လိုက်သည်။


ထိုကဲ့သို့ တော်ဝင်အရည်အချင်းစစ် စာမေးပွဲမှနေ၍ လာသည့် ရာထူးကြီးမူးမတ်မျိုးမှာ သာမန်အချိန်တွင် အနည်းငယ်ခက်ခဲတတ်စေကာမူ အုပ်စုဖွဲ့၍ အတိုက်အခံများကို နှိမ်နင်းတတ်သည်ဖြစ်ရာ ယခုအချိန်တွင်မူ ထိုသူမှာ စိတ်အချရဆုံးသူဖြစ်သည်။


ထိုမျှ မြင့်မားသောရာထူးရာခံရှိသည့် ကျန်းအမတ်ကဲ့သို့ လူမျိုးမှာ ထိုကိစ္စကြောင့် အန္တရာယ်ကျရောက်မည့်သူမျိုးမဟုတ်ချေ။ မဟုတ်ပါက ရှုမိသားစုသည် သူ့အား အချိန်အတော်ကြာထဲကပင် ဆွဲချခဲ့လောက်ပြီးဖြစ်သည်။


ထိုနည်းတူစွာပင် ထိုသူမှာ မျက်နှာလိုက်တတ်သည့်သူမျိုး မဟုတ်ပေရာ ရွှယ်ယန်သူ့အတွက် စိုးရိမ်ပူပန်နေရန် မလိုပေ။


" ဖခမည်းတော်က ကျန်းအမတ်ကို ယုံကြည်အပ်နှံထားပြီးပြီပဲ ဒီသားတော်နဲ့ ဝန်မင်းတို့က ဘာမှထပ်ပြီးပြောနေစရာမလိုတော့ပါဘူး.." 


ရွှယ်ယန် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်ပြီး တစ်ညလုံး ခရီးအပြင်းနှင်လာရသဖြင့် သူ၏အသံမှာ အနည်းငယ် အက်ကွဲနေခဲ့သည်


 " ကျန်းနန်ကတော့ အရင်လိုနေပါတယ် ဖခမည်းတော်… အခုကျန်းနန်ကို အုပ်ချုပ်နေတဲ့အရာရှိတွေကလည်း အမှားအယွင်းဖြစ်သွားရတော့ ဒီသားတော် ချန်အန်းမှာ နေရစ်ခဲ့ဖို့အတွက် စိုးရပါတယ်…."


ပုံမှန်အားဖြင့် ရွှယ်ယန် ကျန်းနန်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်မလိုချေ။ သို့သော်လည်း သူအဝေးရောက်နေချိန်၌ ကျွင်းဟွိုင်လန် မစားမသောက်ပဲရှိနေမည်ကို တွေးမိသည့်အချိန်တွင် သူအနည်းငယ်ခက်ခဲလာသကဲ့သို့ ခံစားလိုက်ရသည်။


ဧကရာဇ်မှ ထိုစကားများကို ကြားလိုက်ရချိန်တွင် ခံစားချက်များကြောင့် သူ၏မျက်လုံးများ နီမြန်းသွားလေသည်။


ယနေ့မနက်အစောပိုင်းတွင် ရွှယ်ယန်မှာ ရုတ်တရက်ရောက်ချလာကာ ထိုမျှကြီးမားသောအမှုကို ယူဆောင်လာခဲ့သည်။ ကျန်းနန်မှကပ်ဘေးမှာ တိုင်းပြည်၏လူမှုရေးနှင့်စီးပွားရေးကို လွန်စွာပျက်စီးစေသည်ဖြစ်ရာ အကယ်၍သာ ရွှယ်ယန်မှာ ကျန်းနန်ရှိလူများအတွက် ရိက္ခာနှင့်ငွေကြေးများပေးဝေရန်အတွက် မြောက်ဘက်သို့ ထွက်ခွာရန်စိတ်မရှိခဲ့ပါက သူနတ်ရွာစံသွားသည့်အချိန်၌ ဘိုးဘေးများကို မျက်နှာပြနိုင်တော့မည် မဟုတ်ပေ။


ကံကောင်းစွာဖြင့် ရွှယ်ယန်မှာ ကျန်းနန်သို့ပြန်၍ အရပ်သားများအတွက် အသက်ကယ်အစားအစာနှင့်ငွေကြေးများ သွားရောက်ပေးဝေရန် သဘောတူခဲ့လေသည်။


မည်သို့ဖြစ်စေ ယခုအရေးကိစ္စတွင် အရပ်ဘက်ကော စစ်ဘက်မှ မှုးကြီးမတ်ရာများအားလုံး ဆိတ်ဆိတ်သာနေနေကြပြီး ထိုသဘာဝကပ်ဘေး၏အာလူးပူကြီးကို မကိုင်ဝံ့ကြချေ။ ထို့အတူ ယခုအချိန်တွင် ရှုမိသားစုမှာလည်း ကြွေလွင့်သွားရပြီဖြစ်သည်။


ဧကရာဇ်ချင်းဖျင် ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် အချိန်ခဏကြာအထိ အနည်းငယ် ခက်ခဲနေသလို ခံစားလိုက်ရသည်။


ကျန်းနန်၏ကပ်ဘေးမှာ အလွန်အရေးကြီးလှပြီး ကြုံရာလူတစ်ဦးရွေးချယ်ဦးဆောင်ခိုင်းရန်မှာ အန္တရာယ်ကြီးလှသည်။


မမျှော်လင့်စွာပဲ ရွှယ်ယန်မှ ယခုအချိန်တွင် ထရပ်ပေးခဲ့သည်။


ယခုအချိန်၌ ဧကရာဇ်ထံတွင် စိုးရိမ်ပူပန်နေခြင်းမျိုး မရှိတော့ပေ။


သူ၏သားတော်များအကြားတွင် သူအသုံးအများဆုံးမှာ ရွှယ်ယန်သာဖြစ်ပြီး အရပ်ဘက်နှင့် စစ်ဘက်မှ မှုးမတ်များနှင့် ယှဉ်ပါက ဧကရာဇ်မှာ သူ၏ဤသားတော်ကို ပို၍ယုံကြည်လေသည်။ 


ထို့ကြောင့် ဧကရာဇ်ချင်းဖျင် အထူးအထွေတွေးတောမနေတော့ဘဲ ရွှယ်ယန်ကိုသာ ကျန်းနန်၏ကပ်ဘေးကိုကိုင်တွယ်၍ အာဏာအပြည့်အဝလွှဲပေးကာ ထွက်ခွာရန်အမိန့်ပေးလိုက်သည်။ ရွှယ်ယန်မှာ ကပ်ဘေးအတွက် ရိက္ခာ၊ငွေကြေးနှင့် မြက်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပို့ဆောင်ပေးရမည်ပင်။


ချက်ချင်းဆိုသလိုပင် ညီလာခံတစ်ခုလုံးမှာ ရှော့ရသွားကြပြီး မှုးမတ်များမှာ သူတို့နှလုံးသားထဲမှ မတင်မကျဖြစ်မှုများကို တွေးတောလျက် အချင်းချင်း မသာမယာကြည့်နေကြသည်။


ကွမ်းလင်ဘုရင်မှာ လာဘ်စားခဲ့သည့် အမှုထမ်းများကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးခဲ့ပြီး ယခုအချိန်တွင်မူ တောင်ဘက်ယန်ဇီမြစ်၏အရေးကို ဖြေရှင်းရန်အတွက် အာဏာအပြည့်အဝရရှိသွားပြီဖြစ်သည်။ ရွှယ်ယန် ယခုတစ်ကြိမ်တွင် အမှားမလုပ်ဘဲ ရေဘေးကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်နေသရွေ့ သူ၏ဂုဏ်သတင်းနှင့် ရာထူးမှာလည်း ပို၍ မြင့်မားလာပေတော့မည်။


မူလအစတွင် ချန်အန်း၏စတုတ္ထမင်းသားမှာ သူနှင့်အတူ ယှဉ်ပြိုင်နေခဲ့သော်လည်း ယခုအချိန်တွင်မူ မီးရောင်အောက်တွင် သူ့ကိုယှဉ်ပြိုင်နိုင်မည့် မင်းသားဟူ၍မရှိတော့ချေ။


ထိုအချိန်တွင် လူတိုင်း၏စိတ်ထဲ၌ တွက်ချက်မှုများ ပြည့်နှက်နေသည်။


ရွှယ်ယန်မှာမူ သူတို့၏အတွေးများကို ဂရုစိုက်ရန်အချိန်မရှိပါချေ။ လက်သီးကိုဆုပ်လျက် ဧကရာဇ်ကို ‌အရို‌အသေပေးကာ အနည်းငယ်ကျေးဇူးတင်စကားဆိုလိုက်ပြီး ခေါင်းကိုငုံ့ကာ ထွက်သွားလေသည်။


သို့သော် ထိုအချိန်၌ မိန်းမစိုးတစ်ဦးမှ အရေးပေါ်သတင်းပေးပို့လာသည်။


" သတင်းပို့ပါတယ်… အရှင်မင်းကြီး ကျင်းလင်မှာ ရောဂါကပ်ဆိုက်လာပြီး အရေးပေါ်အခြေအနေသို့ရောက်ရှိသွားပြီဖြစ်သည့်အတွက် အလျင်အမြန်ဆုံးဖြတ်ချက်ချပေးရန်လိုအပ်နေပါပြီ…"


ရွှယ်ယန်၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။


ထို့နောက် ချက်ချင်းဆိုသလိုပင် ဖောင်းကားနေသည့်ပယင်းရောင်မျက်ဝန်းများထဲတွင် ချွန်မြသော အလင်းအချို့ဖြတ်ပြေးသွားကာ တင်းမာသော အကြည့်တစ်ချက်က မိန်းမစိုးထံသို့ ကျရောက်သွားလေသည်။


မိန်းမစိုးမှာမူ ယမမင်းမှ သူ၏လည်ပင်းကို တင်းတင်းညစ်ထားသကဲ့သို့ တစ်ကိုယ်လုံးတုန်ယင်လာပြီး ရွှယ်ယန်ကို သတိတကြီးဖြင့်လှမ်းကြည့်လိုက်ချိန်တွင် ရွှယ်ယန်မှ သူ၏လက်ထဲရှိ စာချွန်လွှာအား စူးစူးစိုက်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။


ထိုမျက်လုံးများထဲတွင် သွေးလွှမ်းနေသကဲ့သို့ နီရဲနေခဲ့သည်။


မည်သူကမျှ လုပ်ဆောင်ရဲခဲ့ခြင်းမရှိသည့် ချန်အန်းမှ ကျင်းလင်သို့ လမ်းခရီးမှာ သုံးရက်သာကြာမြင့်ခဲ့သည်။


သုံးရက်မြောက်နေ့တွင် ရွှယ်ယန်၏မြင်းမှာ ကျင်းလင်မြို့၏မြောက်ဘက် မြစ်ကြောင်းတွင် ပြေးလွှားနေပြီဖြစ်သည်။


သုံးရက်ဆက်တိုက် ရွှယ်ယန်မှာ အနားယူခြင်း အိပ်စက်ခြင်းပင်မရှိဘဲ အပြင်းနှင်လာခဲ့သည်။ ရောဂါဖြစ်ပွားနေသည့် ဒုက္ခသည်များကို ကယ်ဆယ်နိုင်ရန်အတွက် ခေါ်ဆောင်လာသည့် လှည်းအတွင်းမှ ‌တော်ဝင်သမားတော်များနှင့် ပေကျင်းမှသမားတော်များကို မဆိုထားနှင့် သေချာလေ့ကျင့်ပေးထားသော ကျင်းယီဝေ့တပ်သားများသည်ပင် ၎င်းကိုခံနိုင်ရည်မရှိတော့ပေ။


ရွှယ်ယန်မှာမူ ထိုအရာကို သတိပြုမိခြင်းမရှိဘဲ လမ်းတစ်လျှောက်သာ ပြေးလွှားနေခဲ့သည်။


ကျင်းယီဝေ့တပ်သားအများစုမှာ ရှန်တုန်းတွင် ရိက္ခာများကို စောင့်ကြပ်ရန်အတွက်နေရစ်ခဲ့ပြီး ကျန်လူများမှာမူ ရွှယ်ယန်နှင့်အတူ လိုက်ပါလာကာ ရောဂါကပ်ဘေးအတွက် သမားတော်များကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။


လမ်းတစ်လျှောက်တွင် အရှိန်ကိုထိန်းသိမ်းရန်အတွက် မြင်းပေါင်းမြောက်များစွာကို လဲလှယ်ခဲ့ရပြီး လူအများစုမှာမူ ခံနိုင်‌ရည်မရှိတော့ချေ။


မည်သို့ပင်ဖြစ်စေ ထိုအကြောင်းအား မည်သူကမျှ မဟရဲခဲ့ပေ။


အဘယ့်ကြောင့်ဆိုသော် သူတို့မြင်တွေ့နေရသည့် သခင်ကြီး၏ပုံစံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ပင်။


ရွယ်ယန်သည် ရက်ပေါင်းများစွာ အိပ်စက်ထားခြင်းမရှိသော်လည်း ပင်ပန်းနေပုံမရချေ။ သို့သော်လည်း သူ၏မျက်လုံးများမှာမူ သွေးများပန်းထွက်မတတ် နီရဲနေခဲ့သည်။


လမ်းတစ်လျှောက် မည်သည့်စကားကိုမျှ မပြောဘဲ မြင်းကိုသာအပြင်းနှင်နေခဲ့ခြင်းကြောင့် လူမှုရေးကိစ္စတွင် နှေးကွေးတတ်သော ကျင်းယီဝေ့တပ်သားများသည်ပင် နောက်ကွယ်မှ ရည်ရွယ်ချက်ကို အတန်ငယ်မှန်းဆမိနေခဲ့ပြီဖြစ်သည်။


သူတို့ ယန်ဇီမြစ်သို့ရောက်ရှိပြီး မြစ်ကိုဖြတ်ကူးရန် လှေစောင့်နေချိန်တွင် ကျင်းယီဝေ့တပ်သားတစ်ဦးမှ အနီးရှိ အဖွဲ့ခေါင်းဆောင်ကို လှမ်းမေးလိုက်သည်


 " ခေါင်းဆောင် အရှင်နှစ်သက်နေတဲ့မိန်းကလေးက ကျင်းလင်မှာ ရှိနေတယ်လို့ မင်းထင်မိလား.."


ခေါင်းဆောင်မှ သူ့ကို အလျင်အမြန် အကြည့်တစ်ချက်ပေးကာ ပါးစပ်ပိတ်လိုက်သည်။ သို့သော်လည်း ထိုနည်းတူစွာပင် သူသည်လည်း ရွှယ်ယန်ကို လှမ်းကြည့်မိလိုက်သည်။


ရွှယ်ယန်မှာ စကားတစ်ခွန်းမျှ မဆိုဘဲ လူအုပ်ကြီးကို ကျောပေး၍ ယန်ဇီမြစ်ကို ကြည့်နေသည်မှာ ကျယ်ပြောလှသော မြစ်ကိုပင် တစ်ဟုန်ထိုးဖြတ်ကူးတော့မလို ဖြစ်နေခဲ့သည်။


ခေါင်းဆောင်ဖြစ်သူမှာ ခေါင်းကိုသာ အသာအယာငြိမ့်ပြလိုက်ပြီး ကျန်သည့်အဖွဲ့သားများ၏ သံသယများလည်း အလေးအနက်ဖြစ်သွားလေသည်။


ဤမနက်ခင်းတွင် ရွှယ်ယန် မြို့ထဲသို့ဝင်ချိန်၌ ကောင်းကင်မှာ တောက်ပနေခဲ့သည်။


‌မြို့ထဲတွင် အေးချမ်းကာ လင်းထိန်နေသော်ငြား လမ်းမပေါ်တွင် ဖြတ်သွားဖြတ်လာဟူ၍မရှိဘဲ လေထုထဲတွင် ခါးသက်နေသော ဆေးရနံ့များသာ ပြန့်နှံ့နေခဲ့သည်။ နှာခေါင်းစည်းဝတ်ဆင်ထားသော အမှုထမ်းများသည်သာ တစ်အိမ်တက်ဆင်း တံခါးခေါက်၍ တံခါးဝမှ အသပြာငွေကို ယူဆောင်ကာ ဆန်နှင့်ရိက္ခာများကို လိုက်လံချပေးကြသည်။


ဤသည်မှာ ယုံနင်မြို့စားသခင်လေး၏လွန်ခဲ့သောနှစ်ရက်မှ အကြံဉာဏ်ဖြစ်လေသည်။


တိတ်ဆိတ်ငြိမ်သက်နေသည့်လမ်းမထက်တွင် ရွှယ်ယန်နှင့်နောက်လိုက်များ၏မြင်းခွာသံများသည်သာ ထွက်ပေါ်နေပြီး မြို့ဂိတ်တံခါးမှ ကျင်းလင်စံအိမ်အထိ မည်သည့်နေရာတွင်မှ မရပ်နားဘဲ အိမ်တော်သို့သာ တိုက်ရိုက်ချီတက်လာသည်။


မြို့စားအိမ်တော်၏အဓိကခန်းမအတွင်းတွင်မူ ယုံနင်မြို့စားနှင့် ရှန်းကျီဖုတို့မှာ အရေးကိစ္စများအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။


မြို့၏အခြေအနေမှာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ နေ့စဉ်နေ့တိုင်း အဖျားပြင်းထန်နေသည့်လူနာများ မည်မျှရှိသည်၊ ဆေးဝါးရိက္ခာများ မည်မျှကုန်ကျသည်တို့ကို ရေတွက်ကာ တွက်ချက်ထားရမည်ဖြစ်သဖြင့် သူတို့နှစ်ဦးမှာ အချိန်အနည်းငယ်မျှပင် မနားနိုင်ဘဲ တစ်နေကုန် အလုပ်ရှုပ်နေကြရသည်။


ထိုအချိန်၌ ရှန်းလျှိုဖုန်းသည်လည်း ရောက်ရှိလာသည်။


ရှန်းကျီဖုမှ ဒေါသတကြီးဖြင့် " ငါ့ကိုလာရှုပ်မနေနဲ့.. မြို့ထဲက ရောဂါကပ်ဘေးက ဒီလောက်ပြင်းထန်နေတာ ဘယ်အပြင်ကို ထွက်ဦးမလို့လဲ…"


ရှန်းသခင်လေးမှာမူ သူ၏ဦးရီးတော်နှင့်စကားများနေရသည် " ယန်ကျိုးကို သွားခွင့်ပေးပါ…ကျွန်တော် အဲ့ဒီနတ်ဆေးသမားတော်ကို ထပ်သွားရှာရလိမ့်မယ်…"


ရှန်းကျီဖုမှာ အလျင်စလိုဖြင့် " ဘာမဟုတ်တာတွေ လျောက်ပြောနေတာလဲ… ကျန်းနန်ရဲ့ နာမည်ကြီးသမားတော်တွေအကုန်လုံးက ကျင်းလင်ကိုရောက်နေပြီးပြီ… နန်းတော်ကလည်း ပေကျင်းကတော်ဝင်သမားတော်တွေကို ဒီကိုလွှတ်ပေးလိုက်ပြီ.. မင်းဘာပြသနာတွေရှာနေတာလဲ…"


ဘေးတွင်ထိုင်နေသည့်ယုံနင်မြို့စားမှာမူ စာရင်းစာအုပ်ကို ကိုင်ကာ မည်သည့်စကားမျှ ဝင်မပြောခဲ့ပေ။


အကယ်၍သာ အနီးကပ်ကြည့်လိုက်မည်ဆိုပါက သူ၏မျက်လုံးများမှာ နီမြန်းနေပြီး နှုတ်ခမ်းတင်းတင်းကိုက်ထားသည်ကို တွေ့ရပေမည်။


သူ၏သားအရင်းသည်ပင် ရောဂါကပ်ဘေးမှ ကူးစက်ခံထားရသည်ဖြစ်ရာ သဘာဝကျစွာပင် သူသည်အစိုးရိမ်ဆုံးနှင့် စိတ်အညစ်ရဆုံးသူ‌ဖြစ်ပေလိမ့်မည်။


သို့သော်လည်း ကျွင်းဟွိုင်လန်မှာ သူ့ကိုယ်သူသေလူအဖြစ် သတ်မှတ်ထားပြီး မည်သူကိုမျှ တွေ့ခွင့်မပေးခဲ့ပေ။ သူ၏သားမှာ သူ့ရောဂါမှ အခြားသူများကို ကူးစက်သွားမည်အား စိုးရိမ်နေကြောင်းကို ယုံနင်မြို့စားလည်း သိရှိလေသည်။ သူ၏ရာထူးမှာ မြင့်မားပြီး ကျင်းလင်မှ အရာရှိများနှင့်ဆက်ဆံနေရသည်ဖြစ်ရာ အကယ်၍ သူသာကူးစက်ခံရပါက ကျင်းလင်တွင် အုပ်ထိန်းမည့်သူကို ဆုံးရှုံးရပေမည်။


သို့ဖြစ်ရာ ယုံနင်မြို့စားမှာ သည်းခံရင်းဖြင့်သာ ကပ်ဘေးကိုထိန်းချုပ်ရန်နည်းလမ်းနှင့် သူ၏သားကိုကယ်တင်ရန်အတွက် ဖြေဆေးကို ရှာဖွေကာ စောင့်ဆိုင်းနေရသည်။


ကျင်းပေါင်မှာမူ စိုးရိမ်ပူပန်နေခဲ့ရသည့်တိုင် သူသည်လည်း ရှန်းလျှိုဖုန်းပြောသည့် ဆန်းကြယ်သောနတ်ဆေးဆရာအကြောင်းမှာ အခြေအမြစ်မရှိသည့်အပြင် လုံးဝရှာတွေ့နိုင်မည်မဟုတ်ကြောင်းကို သိနေခဲ့သည်။


မည်သို့ပင်ဖြစ်စေ ရှန်းလျှိုဖုန်းမှာ အော်ဟစ်ပြောဆိုနေဆဲပင်။


" မင်းတို့ဘာတွေဖြစ်နေတာလဲ…" သူအော်လိုက်သည်


 " ဟွိုင်လန်က ဒီလောက်အဖျား‌ကြီးနေတာ ဒီလိုသာဆက်သွားနေရင် သူတခြားသူတွေလိုပဲဖြစ်သွားလိမ့်မယ်…"


ထိုအချိန် တံခါးဝမှ အသံတစ်ခုထွက်ပေါ်လာသည်။


သူတို့လှမ်းကြည့်လိုက်ချိန်၌ တံခါးဝတွင်ရပ်နေသည့် ဖုန်များဖြင့် ဖုန်းလွှမ်းနေသော ရွှယ်ယန်ကို လှမ်းမြင်လိုက်ရသည်။


သူ၏ဝတ်ရုံမှာ အနည်းငယ်သာ ရှုပ်ပွနေသော်လည်း မျက်လုံးများနီရဲနေကာ နှုတ်ခမ်းများမှာ ခြောက်သွေ့အက်ကွဲနေခဲ့သည်။ အခန်းတွင်းရှိလူများကို စူးစူးစိုက်စိုက်ကြည့်နေချိန် သူ၏လက်တစ်ဖက်ကိုချထားပြီး လက်တွင် အပြာရောင်သွေးကြောများ ထောင်ထနေသည်။


ခဏအကြာတွင် လူများအားလုံး တိတ်ဆိတ်သွားရသည်။


ကျင်းယီဝေ့တပ်သားများမှာမူ အိမ်ရှေ့တံခါးတွင်သာ ရှိနေ‌သေးပြီး ရွှယ်ယန်သည်သာ ခြံဝန်းတစ်လျှောက် ဧည့်ခန်းမအထိ မြင်းစီးလာခြင်းဖြစ်သည်။


သူ၏အကြည့်တစ်ချက်မှာ လူအုပ်များပေါ်တွင် ပြန့်နှံ့သွားပြီး တစ်ချက်မျှ မလှုပ်ရှားခဲ့သည့်တိုင် ရွှယ်ယန်မှာ လှောင်ချိုင့်အတွင်းမှ သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေခဲ့သည်။


အဆုံးတွင် သူ၏အကြည့်မှာ ရှန်းလျှိုဖုန်းအပေါ်၌ ရပ်တန့်သွားပြီးနောက် မေးလာခဲ့သည် 


" မင်းအခုပြောလိုက်တာက ကျွင်းဟွိုင်လန်ဘာဖြစ်တာလဲ…"


 ရွှယ်ယန်၏အသံမှာ ကျောချမ်းစရာကောင်းလောက်အောင် အက်ကွဲနေသည်


 " သူဘယ်မှာလဲ…"


Xxxxxxxx