အပိုင်း ၁၃၀
Viewers 15k

Chapter 130


ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှယ်ယန် မြင်းစီး၍ ရှန်းကျီဖု၏အိမ်တော်ရှိရာသို့ ထွက်လာသည်။


ရှန်းကျီဖု သူ့ကိုတွေ့ချိန် မည်သည့်စကားမျှ မဆိုလိုက်နိုင်ခင်မှာပင် ရွှယ်ယန်မေးလာသည်ကို ကြားလိုက်ရသည်


 " ရှန်းလျှိုဖုန်းဘယ်မှာလဲ သူ့ကိုထွက်လာခိုင်းလိုက်ပါ…"


ရှန်းကျီဖုလည်း မနာခံဘဲမနေရဲသဖြင့် အစေခံတစ်ဦးကိုခေါ်ကာ ရှန်းလျှိုဖုန်းကို ခေါ်ခိုင်းလိုက်သည်။


" မင်းပြောတဲ့နတ်ဆေးဆရာက ယန်ကျိုးမှာဆိုတာ ဟုတ်လား…." ရွှယ်ယန်မေးလိုက်သည်။


အိမ်တွင်အပိတ်ခံထားရသော ရှန်းလျှိုဖုန်းမှာ ထိုစကားကို ကြားချိန်တွင် အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။


ရွှယ်ယန် သူ့ကိုကြည့်လိုက်ပြီး " သွား…မင်းအိမ်ထဲကအမြန်ဆုံးကိုယူပြီး ပြင်ဆင်လာခဲ့…ငါ မင်းနဲ့အတူသွားရှာမယ်…"


ရှန်းလျှိုဖုန်းမှာ အံ့ဩသွားပြီး နီးကပ်စွာ လိုက်ပါလာသည့် ရှန်းကျီဖုကို လှမ်းကြည့်လိုက်သည်။


ဤတစ်ကြိမ်တွင် ရှန်းကျီဖု သူ့ကို မတားဆီးရဲတော့‌ပေ။


ရှန်းလျှိုဖုန်း မြင်းပေါ်သို့တက်သွားလိုက်သည်။ ရွှယ်ယန် တစ်စုံတစ်ခုကို ပြောချင်ပုံရသဖြင့် အနည်းငယ်တုံ့ဆိုင်းနေသော ရှန်းကျီဖုကို ကြည့်ကာ " စိတ်မပူပါနဲ့ ပန်ဝမ်ခေါ်သွားတဲ့လူအတိုင်း ပြန်ခေါ်လာခဲ့မှာပါ…"


ရွှယ်ယန်မှာ ပြောသည့်အတိုင်း လုပ်တတ်သည်ကို ရှန်းကျီဖုသိလေသည်။


တစ်ရှီချန်၏လေးပုံတစ်ပုံအတွင်း ရှန်းလျှိုဖုန်း မြင်းကိုစီးကာ အလျင်အမြန်ရောက်ချလာသည်။


ရွှယ်ယန် ရှန်းကျီဖုကို စကားများများ မပြောတော့ဘဲ လှည့်ကာ ရှန်းလျှိုဖုန်းကိုသာ ခေါ်ဆောင်သွားလိုက်သည်။


သူတို့မှာ တောင်များဘက်သို့ လူရှာရန် ထွက်ခွာလာခြင်းဖြစ်သောကြောင့် လူအများကြီးမခေါ်ဆောင်ဘဲ ပေါ့ပေါ့ပါးပါးသာ ခရီးနှင်လာကြသည်။


ရှန်းလျှိုဖုန်းမှာ ရွှယ်ယန်၏နောက်မှလိုက်ပါလျက် သူ၏နှလုံးသားထဲတွင် အနည်းငယ်မျှသော လေးစားအားကျမှုများ မြင့်တက်နေသည်။


ကွမ်းလင်ဘုရင်မှာ အေးစက်ကာ ရက်စက်ကြမ်းကြုတ်သော်လည်း သစ္စာအရှိဆုံးလူတစ်ဦးဖြစ်သည်။ အရင်တစ်ကြိမ် ဆည်ကျိုးကျချိန်ကလည်း ကျွင်းဟွိုင်လန်ကို ကယ်တင်ပေးခဲ့ပြီး ယခု ရောဂါဘေး‌ကြောင့် အပိတ်ခံနေရချိန်တွင်လည်း ကျွင်းဟွိုင်လန်ကို လာရောက်ကယ်ဆယ်ပေးပြန်သည်။


သူ၏နှလုံးသားထဲတွင် ရွှယ်ယန်ကို သူ၏ညီအစ်ကိုအရင်းအဖြစ် အချိန်အတော်ကြာကပင် မှတ်ယူထားပြီးဖြစ်သောကြောင့် ပေါ်တင်ပင် အရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ရွှယ်ယန်ပုခုံးပေါ် လက်တင်၍‌ ကျေးဇူးတင်စကားပြောချင်ခဲ့သည်။


ရွှယ်ယန်မှာမူ နောက်ကျောတွင် မျက်လုံးပါနေသကဲ့သို့ ရှန်းလျှိုဖုန်း မထိလိုက်ခင်မှာပင် သူ၏ပုခုံးကို လက်တစ်ချောင်းဖြင့် ပုတ်ထုတ်ကာ အားသုံး၍ အနောက်သို့ပြန်ဆုတ်စေလိုက်သည်။


ထို့နောက် ရွှယ်ယန်ရပ်လိုက်ပြီး ဘေးဘက်မှ ရှန်းလျှိုဖုန်းကို အသာအယာကြည့်ကာ " ငါနဲ့ဝေးဝေးနေ… ငါးပေအတွင်း ဝင်မလာနဲ့…"


ထို့နောက် ရှန်းလျှိုဖုန်းမှာ အံ့ဩသွားသော်လည်း ရွှယ်ယန်လှည့်ထွက်သွားကာ ပြောလိုက်သည်ကို ကြားလိုက်ရသည်


 " ငါကလူနာနဲ့အနီးကပ်ထိလာတဲ့အတွက် အန္တရာယ်များတယ်…"


ရှန်းလျှိုဖုန်းမှာ ထိုမျှ ပင်ပန်းရသည့် ခရီးမျိုးကို မသွားခဲ့ဖူးပေ။


ရွှယ်ယန်မှာ မြင်းကို အလွန်လွန်မြန်စွာစီးနင်းခဲ့ပြီး မူလက ယန်ကျိုးသို့သွားသည့်ခရီးမှာ နေ့ဝက်မျှကြာမြင့်မည်ဖြစ်သော်လည်း ယခုအချိန်တွင် နှစ်ရှီချန်မျှသာ အချိန်ယူခဲ့သည်။


ပုံမှန်အချိန်တွင် မြင်းစီးလေ့ရှိသော ရှန်းလျှိုဖုန်းသည်ပင် ရွှယ်ယန်၏နောက်မှ ခက်ခဲစွာ လိုက်ပါလာရပြီး ယန်ကျိုးနယ်မြေသို့ရောက်ချိန်တွင် နေမကောင်းဖြစ်တော့မလို ဖြစ်သွားရသည်။


သို့သော်လည်း ရွှယ်ယန်မှာမူ အချိန်တစ်ခဏတွင်ပင် မနားခဲ့ဘဲ မြင်းကိုလှည့်ကာ တောင်များဘက်သို့ ဦးတည် လိုက်သည်။


ရှန်းလျှိုဖုန်း သူ့ကို တားလိုက်ချင်မိသော်လည်း သေရေးရှင်ရေးဖြစ်နေသူကို တွေးလိုက်ချိန်၌ ပါးစပ်ဖျားသို့ရောက်နေသော သူ၏စကားများကိုသာ ပြန်မြိုချလိုက်ရသည်။


မည်သို့ပင်ဖြစ်စေ သူအမှီလိုက်ကာ ချောင်းဟန့်လိုက်ပြီး " ဝမ်ရယ် နောက်နှစ်နာရီလောက်ဆို မှောင်တော့မှာ.. တောင်ထဲကို ဝင်ဦးမှာလား…"


ရွှယ်ယန် လှည့်ပင်မကြည့်လာပေ 


" ဝင်မှာ..မနက်ဖြန် နေထွက်ချိန်က နတ်ဆေးဆရာကို ခေါ်ဆောင်ဖို့အတွက် အကောင်းဆုံးအချိန်ပဲ…"


သူတို့ပင်ပန်းနေစေကာမူ ကျင်းလင်၏အရေးကိုသာ ဦးစားပေးရမည်ပင်။


မည်သည့်ကိစ္စဖြင့်မဆို ရွှယ်ယန် ကျွင်းဟွိုင်လန်ကို အကြာကြီးမစောင့်ခိုင်းရဲပေ။ ယနေ့ ကျွင်းဟွိုင်လန်ကို သူ၏လက်မောင်းများအတွင်း ပွေ့ဖက်ထားစဉ်က ပူလောင်နေသောခန္ဓာကိုယ်ကြောင့် ရွှယ်ယန်၏နှလုံးသားထဲတွင် နာကျင်နေခဲ့ရသည်။


သူလက်တစ်ချောင်းပင် မတင်နိုင်သော ထိုလူသားအား အဘယ့်ကြောင့် ထိုသို့ခံစားစေလိုသည့် နှလုံးသားရှိနိုင်မည်နည်း….


အချိန်ခဏမျှ ကုန်လွန်ပြီးနောက် ရွှယ်ယန် စိတ်ဓာတ်ကျမှုကြောင့် သေချင်စိတ်ပင် ပေါ်လာခဲ့သည်။


ရွှယ်ယန်၏စကားနှင့် နောက်သို့ပင်လှည့်မကြည့်ဘဲ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည့် အပြုအမူကို မြင်လိုက်ရချိန်တွင် ကျွင်းဟွိုင်လန်ကို ကယ်တင်ချင်နေသည့် ရှန်းလျှိုဖုန်းသည်ပင် မနေနိုင်ဘဲ ညည်းညူမိသည်။


အဘယ့်ကြောင့်များ ထိုသူမှာ ပုံမှန်နေ့ရက်များတွင် ရက်စက်ကြမ်းကြုတ်တတ်ရုံသာမက လူကယ်မည့်အချိန်တွင်လည်း ထိုမျှရူးသွပ်နေရသည်နည်း။


အကယ်၍သာ သူစောစီးစွာ သိနိုင်မည်ဆိုပါလျှင် မနက်ခင်းအလျင်စလိုမထွက်လာခင်က ပေါက်စီများကို သူ၏ဝတ်ရုံအတွင်းသို့ ထည့်ယူလာမည်ပင်။


ရှန်းလျှိုဖုန်း နှလုံးသားအတွင်းမှ ခါးသီးမှုကို ဖိနှိပ်ကာ တဂွမ်ဂွမ်အော်မည်နေသည့်ဗိုက်ကို ကိုင်လျက် မြင်းကို ကြိမ်တို့လိုက်ပြီး ရွှယ်ယန်၏နောက်မှ လိုက်သွားလိုက်သည်။


တောင်လမ်းမှာ လမ်းလျှောက်ရလွယ်ကူသော နေရာမဟုတ်ချေ။


ယခင်အကြိမ် သူကျွင်းဟွိုင်လန်နှင့်လာရောက်စဉ်အခါက သူတို့နှစ်ဦး မြင်းကိုဖြည်းဖြည်းချင်းစီးနင်းကာ ရယ်မောစကားပြောရင်း လာရောက်ခဲ့ကြသော်လည်း ယခုအကြိမ်တွင်မူ နေလုံးကြီးမှာ အနောက်ဘက်အရပ်သို့ တဖြည်းဖြည်းကျဆင်း‌လာပြီး တိတ်ဆိတ်နေသည့် တောင်ကြားတွင် သူတို့နှစ်ဦး၏မြင်းခွာသံများကိုသာ ကြားရလေသည်။


ကံကောင်းစွာဖြင့် ယခင်အကြိမ်က ပြိုပျက်နေသည့် တောင်ပတ်လမ်းမှာ ပြင်ဆင်ထားပြီဖြစ်နေခဲ့သည်။


ထိုအချိန်က တောင်ကြားအတွင်း ဧကရာဇ်၏အနှစ်သက်ဆုံးသားဖြစ်သူ ကွမ်းလင်ဘုရင်ကို ဆုံးရှုံးတော့မလို ဖြစ်သွားခဲ့ရသဖြင့် သူတို့ထွက်ခွာသွားသည်နှင့် ယန်ကျိုး၏ခရိုင်တရားသူကြီးမှာ လူအားနှင့်အရင်းအမြစ်မြောက်များစွာကို အသုံးပြုကာ လမ်းများကို ချက်ချင်းပြုပြင်ခဲ့သည်။


ထို့ကြောင့် သူတို့တိုက်ရိုက်ပင် မြင်းကိုနှင်သွားနိုင်ပြီး အတားအဆီးမရှိဘဲ တောင်အတွင်းသို့ ဝင်နိုင်ခဲ့သည်။


သို့သော်လည်း ထိုတောင်တန်းမှာ ယန်ကျိုးမြို့၏အပြင်ဘက် ကျယ်ပြောသောနေရာတွင်ရှိကာ အကြည့်တစ်ချက်နှင့်ပင် အဆုံးထိမမြင်နိုင်ပေ။ ယခင်အကြိမ် ရှန်းလျှိုဖုန်း နေရာရှာတွေ့ကာ ထိုနတ်ဆေးဆရာကို ခေါ်ဆောင်နိုင်ခြင်းမှာ မတော်တဆသာဖြစ်သောကြောင့် ယခုတစ်ကြိမ်တွင် ထိုကံကောင်းခြင်းမျိုး ရှိနိုင်မည်မဟုတ်ချေ။


တောင်တွင်းသို့ ဝင်လိုက်သည်နှင့် လမ်းခွဲကိုတွေ့လိုက်ရသောကြောင့် ရှန်းလျှိုဖုန်းမြင်းကိုအရှိန်လျော့ကာ မည်သည့်နေရာသို့သွားရမည်မသိ ဖြစ်နေသည်။


အကယ်၍ သူတို့သာအပျော်တမ်းလာရောက်ခဲ့မည်ဆိုပါက ရှန်းလျှိုဖုန်း ကျောက်ခဲကို ကောက်ကာ လမ်းကိုကျပန်းရွေးလိုက်မည်ဖြစ်သော်လည်း ယခုအကြိမ်တွင်မူ မတူညီဘဲ သူတို့မှာ လူကယ်ရန်ရောက်လာခြင်းသာဖြစ်သည်။


ရှန်းလျှိုဖုန်း ရွေးချယ်စရာမရှိတော့သဖြင့် ရွှယ်ယန်ကို လှမ်းကြည့်လိုက်သည်။


ရွှယ်ယန်သည်လည်း ရပ်တန့်သွားသည်ကို မြင်လိုက်ရပြီး လှည့်ပတ်ကြည့်ကာ မြင်းကိုနှင်၍ လမ်းခွဲတစ်ခုကို လျှောက်ဝင်လာခဲ့သည်။


ရှန်းလျှိုဖုန်းလည်း အလျင်အမြန်အမှီလိုက်သွားရသည်။


" ဝမ်ရယ် သွားရမဲ့နေရာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ…" သူမေးလိုက်သည်။


ရွှယ်ယန် ဘေးဘက်အခြားသောဦးတည်ရာကို ကြည့်လျက် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည် " တောင်ရဲ့အခြေအနေ…"


" ဟင်…" ရှန်းလျှိုဖုန်း နားမလည်ခဲ့ပေ။


တောင်ပတ်လမ်းတစ်လျှောက် ရွှယ်ယန် မြင်းစီး၍လှည့်ပတ်ကြည့်နေကာ စကားပြောနေရင်းမှ လမ်းအသစ်ကို ရှာဖွေနေသည်။


" သူ့ကို အရင်တစ်ခေါက်က လူတွေတွေ့သွားခဲ့တယ်ဆိုတော့ အခုတစ်ကြိမ်ကျရင် ပိုပြီး လျှို့ဝှက်တဲ့နေရာကိုသွားမှာပဲ..ဒါပေမယ့် သူကတစ်ယောက်တည်းနေပြီး စားဖို့သောက်ဖို့ရှိသေးတဲ့အတွက် နေရာက လျှို့ဝှက်ရုံတင်မကဘူး ကျယ်ပြန့်ပြီး ပြန့်ပြူးရမဲ့အပြင် ရေတွင်းတူးနိုင်ပြီး သီးပင်စားပင်တွေစိုက်ပျိုးလို့ရမဲ့နေရာလည်း ဖြစ်ရမယ်…"


ရှန်းလျှိုဖုန်းတွေးကြည့်လိုက်ချိန်တွင် ထိုအရာမှာ ဟုတ်မှန်နေကြောင်းကို သိလိုက်ရသည်။


ယခင်တစ်ကြိမ် နတ်ဆေးဆရာကြီးအိမ်သို့ရောက်စဉ်အခါက သူ့ထံတွင် သေးငယ်သော ခြံဝန်းလေးရှိနေပြီး လူများကို ထိုးဆိတ်နိုင်သည့် ငှက်အနည်းငယ်မွေးမြူထားကာ အိမ်နောက်ဖေးတွင် ရှုပ်ပွနေသော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်။


အမှန်ကိုပင် နတ်ဆေးဆရာကြီးမှာ ဆန်းကြယ်လှသည့်တိုင် သူသည်လည်း စားသောက်ရန်လိုအပ်သေးသည်။


သို့သော်လည်း ရှန်းလျှိုဖုန်းမှာ အံ့ဩတကြီးဖြစ်နေရဆဲပင်။ ယခင်တစ်ခေါက် သူရောက်ခဲ့စဉ်က ဆေးဆရာကြီး၏အိမ်မှာ မည်သို့ဖြစ်သည်ကို သူမေ့လျော့သွားခဲ့သော်လည်း ဝမ်ရယ်မှာ မည်သို့သိသွားပြီး ကောက်ချက်ချနိုင်ခဲ့သည်နည်း။


ရှန်းလျှိုဖုန်း ပဟေဠိ‌ဖြစ်နေခဲ့သော်လည်း အဆုံးတွင် နိဂုံးချုပ်နိုင်လိုက်သည်။ ရွှယ်ယန်မှာ အမှန်တကယ်ပင် နဂါးသားတော်တစ်ပါးဖြစ်ကာ သူသည်အလွန်တော်လှသည်။


ထို့ကြောင့် သူ၏အတွေးများကို လွှတ်ချလိုက်ပြီး ရွှယ်ယန်၏အနောက်သို့လိုက်ကာ တောင်တွင်းရှိ တောင်ကြားတစ်လျောက် လှည့်ပတ်သွားလာနေသည်။ သူတို့နှစ်ဦး အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လေလေ သူတို့လာခဲ့သည့်နေရာမှာ တဖြည်းဖြည်း မမြင်ရတော့လေလေဖြစ်သည်။


ထိုအချိန်၌ ရွှယ်ယန် မြင်းကိုရပ်တန့်ကာ ကြည့်လိုက်သည်။


သူ၏ရှေ့တွင် တိမ်များအကြားသို့ တိုးထွက်နေသည့် တောင်နံရံကြီးရှိနေကာ တောင်စောင်းပေါ်မှ နေဝင်ချိန်နေရောင်အောက်တွင် အိမ်ငယ်ကလေးကို လှမ်းမြင်လိုက်ရသည်။


ရှန်းလျှိုဖုန်း အံ့အားသင့်သွားသဖြင့် အော်ပြောလိုက်လေသည် " ဟိုမှာပဲ…"


သို့သော်လည်း မကြာမီအချိန်တွင် ရှက်ရွံ့နေသည့်အမူအယာတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့ပြီး " ဒါက.. ဘယ်လိုအပေါ်ကိုတက်ရမှာလဲ.." 


ရွှယ်ယန် တစ်ချက်ကြည့်ကာ မြင်းပေါ်မှ သပ်ရပ်စွာ ဆင်းလိုက်ပြီး မြင်းဇက်ကြိုးကို ရှန်းလျှိုဖုန်းထံလှမ်းပေးလိုက်သည်။


" အနောက်ဘက်တောင်ပတ်လမ်းတစ်လျောက် တန်းတန်းသွားရင် တောင်ပေါ်ကိုရောက်လိမ့်မယ်.."ရွှယ်ယန်မှ ပြောလာခဲ့သည် " မင်းရှာတွေ့နိုင်မှာပါ…"


ရှန်းလျှိုဖုန်း ဇက်ကြိုးကို ဝေဝေဝါးဝါးဖြင့် လှမ်းယူလိုက်ကာ " ဝမ်ရယ်ကကော ဘယ်ကိုသွားမလို့လဲ…"


ရွှယ်ယန်မှ " အဲ့ဒီလမ်းကဝေးလွန်းအားကြီးတယ်…ပြီးတော့ တောင်ပတ်လမ်းကလည်း မက်စောက်တဲ့အတွက် ဒီနှုန်းနဲ့ဆိုရင် မင်းမှောင်သွားမှပဲရောက်နိုင်လိမ့်မယ်…"


ရှန်းလျှိုဖုန်းမှာ ကြောင်အမ်းနေပြီး " အဲ့ဒီတော့ ဘာဖြစ်လို့လဲ…"


ရွှယ်ယန် သူ့ကိုကြည့်ကာ " အဲ့လိုဆိုတော့ ငါအရင်သွားလိုက်မယ်… မင်းရောက်တဲ့အခါကျ ကျင်းလင်ကို တိုက်ရိုက်ပြန်ကြတာပေါ့…"


သူရောက်မည့်အချိန်တွင် သူ၏ရည်ရွယ်ချက်ကို နတ်ဆေးဆရာကိုရှင်းပြရမည်ဖြစ်ကာ မြင်းနှင့်သူ့ကိုယ်သူအတွက်ပါ ပစ္စည်းများထုတ်ပိုးပြင်ဆင်ရမည်ဖြစ်သောကြောင့် ရှီချန်အချို့ ကြာမြင့်နိုင်လိမ့်မည်။


ဤသို့ အချိန်ဆွဲနေပါက သူတို့မနက်ဖြန်မနက်တွင် ပြန်ရန်မှာ မဖြစ်နိုင်တော့ချေ။


ရွှယ်ယန် အချိန်အနည်းမျှပင် မစောင့်ဆိုင်းချင်ခဲ့ပေ။


ရှန်းလျှိုဖုန်း ခေါင်းကိုမော့ကာ ထပ်မံ၍ ကြည့်လိုက်သည်။


တောင်မှာ အလွန်မြင့်မားသည်ဖြစ်ရာ ပေရာပေါင်းများစွာပင် ကွာဝေးမည့်ပုံပေါ်နေသည်။


ထို့နောက် ရွှယ်ယန်ကို ပြန်ကြည့်လာကာ စိတ်မရှည်စွာဖြင့် မေးလိုက်သည် 


" အဲ့ဒါဆို ဝမ်ရယ်ကဘယ်လိုသွားမှာလဲ.."


ရွှယ်ယန် သူ့ကိုပြန်ကြည့်မလာခဲ့ပေ။


" လမ်းသာမပျောက်စေနဲ့.." ရွှယ်ယန်မှ ပြောလာခဲ့သည်။


စကားပြောဆိုပြီးနောက် နေဝင်ချိန် နေရောင်အောက်တွင် အရပ်ရှည်ကာ ဖြောင့်မတ်နေသော ကိုယ်ဟန်တစ်ခုမှာ ခုန်ပျံလိုက်ကာ မြေကြီးကို တစ်ကြိမ်ထိ၍ တစ်ကြိမ်ပြီးတစ်ကြိမ် မြေကြီးကို ထိလိုက် ခုန်လိုက်ဖြင့် တောင်စောင်းတစ်ခုနှင့် တစ်ခုကြား ခုန်ပျံကျော်လွှားသွားသည်ကို မြင်လိုက်ရသည်။


ရွှယ်ယန်မှာ တောင်စောင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အသက်ရှုချိန်အနည်းငယ်အတွင်း နောက်ထပ်ခြေလှမ်းကိုလှမ်းလိုက်ကာ ည၏အလင်းရောင်အောက်တွင် ပျံသန်းလျက် ပျောက်ကွယ်သွားလေသည်။


ရှန်းလျှိုဖုန်း : "...."


သူမမေးခဲ့သင့်ပေ။


ထိုဘိုးဘေးကြီးတွင် တောင်စောင်းများကို ခုန်ပျံကျော်လွှားနိုင်မည့်စွမ်းရည်ရှိနိုင်မည်ကို သူအစောပိုင်းထဲက သိထားသင့်သည်။


အတိအကျပင် ရှန်းလျှိုဖုန်း မြင်းစီးကာ တောင်ပေါ်သို့တက်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီဖြစ်သည်။


တောင်စောင်း၏အစွန်းဘက်တွင် အိမ်ငယ်လေးတစ်ခုရှိပြီး ရှန်းလျှိုဖုန်း တံခါးကိုတွန်းကာ ဝင်သွားချိန်တွင် အရှေ့ဘက်ခြံဝန်း၌ ကြက်ကောင်ရေအနည်းငယ်ရှိနေပြီး သူဝင်သွားသည်နှင့် ထိုးဆိတ်ရန်ဟန်ပြင်လာကြသည်။


အကြည့်တစ်ချက်မှာပင် သံသယဝင်စရာပင်မရှိ ဤသည်မှာ နတ်ဆေးဆရာကြီး၏အိမ်ဖြစ်လေသည်။


ရှန်းလျှိုဖုန်း ယခင် မျှော်မှန်းထားသည့်အချိန်အရ ရွှယ်ယန်မှာ ယခုအချိန်တွင် နတ်ဆေးဆရာနှင့်အတူ တံခါးဝ၌ သူ့ကိုစောင့်‌ဆိုင်းနေသင့်သည်။ အဆုံးတွင် ထိုနတ်ဆေးဆရာမှာ လိုက်ပါရန်မလိုလားစေကာမူ ရွှယ်ယန်ကဲ့သို့ အကြမ်းဖက်တတ်သူမှာ သူ့အားချုပ်နှောင်၍ ခေါ်ဆောင်လာမည်သာဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ခြံဝန်းအတွင်းတွင် တိတ်ဆိတ်နေခဲ့ပြီး စကားပြောသံဟူ၍ပင် မကြားရချေ။


ရှန်းလျှိုဖုန်း အနည်းငယ်ထူးဆန်းနေသည်ဟုခံစားလိုက်ရပြီး မည်သည့်အရာမှာ မှားယွင်းနေသည်ကို မသိနိုင်သော်လည်း ကြက်များကိုရှောင်ကာ  မြင်းကိုချည်၍ နတ်ဆေးဆရာ၏အိမ်တံခါးရှိရာသို့ ပြေးဝင်လာခဲ့သည်။


သူ သတိတကြီးဖြင့် အနားသို့တိုးကာသွားကာ အထဲတွင် အချင်းများနေသည့်အသံ ပေါ်ထွက်လာမည်လားဆိုသည်ကို သိချင်နေသည်။


Xxxxxxx