Chapter 131
သို့သော် သူအနီးသို့ တိုးကပ်သွားသည်နှင့် အတွင်းမှ လူ၏စကားပြောသံကိုကြားလိုက်ရသည်။
" တံခါးခေါက်နေဖို့မလိုပါဘူး.. ဒီတိုင်းဝင်လာခဲ့…"
ဤသည်မှာ နတ်ဆေးဆရာ၏အသံပင်ဖြစ်သည်။
သူထုတ်ဖော်ခံလိုက်ရသည့်အတွက် ရှန်းလျှိုဖုန်းအနည်းငယ် ရှက်ရွံ့သွားသဖြင့် ခြေဖျားထောက်ကာ တံခါးကိုဖွင့်၍ ဝင်လာလိုက်သည်။
အိမ်အတွင်း နတ်ဆေးဆရာမှာ သာမန်ခေါင်းဆောင်းကိုသာ ဝတ်ဆင်ထားပြီး စားပွဲပေါ်၌ ရေနွေးခွက်နှစ်ခွက်ရှိနေခဲ့သည်ကို မြင်လိုက်ရသည်။
နတ်ဆေးဆရာမှာ ထိုင်ခုံပေါ်တွင်ထိုင်နေကာ စာအုပ်တစ်အုပ်ကိုဖတ်ရှုနေပြီး သူဝင်လာချိန်၌ မေးကိုငေ့ါ၍ သူ၏ဘေးမှ နေရာလွတ်ကို ညွှန်ပြလိုက်သည်
" လာ ဒီမှာထိုင်ချည်…"
ရှန်းလျှိုဖုန်းမှာမူ ရှုပ်ထွေးသွားရသည်။
ဤသည်မှာ ဝမ်ရယ်၏နေရာမဟုတ်ပေလော…
သူမလှုပ်ရဲဘဲ နတ်ဆေးဆရာကြီးကိုသာကြည့်ကာ စကားပြောမည်အပြုတွင် နတ်ဆေးဆရာမှ ပြောလာသည်ကို ကြားလိုက်ရသည်
" အိုးး အစောနကရောက်လာတဲ့သူကို မေးတာလား…"
ရှန်းလျှိုဖုန်း အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် နတ်ဆေးဆရာကြီးမှ ဆက်ပြောလာခဲ့သည်
" သူကင့ါကို လူကယ်ဖို့အတွက်တောင်းဆိုခဲ့တာမဟုတ်ဘူးလား…အဲ့ဒါကြောင့် ငါသူ့ကို ကိစ္စတစ်ခုလုပ်ခိုင်းခဲ့တာ.. ဒါပြီးရင် ငါမင်းတို့နဲ့အတူ ကျင်းလင်ကို ပြန်လိုက်ခဲ့မယ်…"
ရှန်းလျှိုဖုန်းမှာ အလွန်အံ့ဩသွားရကာ " ဆရာကြီးက တစ်ခုခုလုပ်ဖို့လိုသေးတာလား…"
နတ်ဆေးဆရာမှ သူ့ကိုကြည့်ကာ ထိုင်ခုံလွတ်ကို ညွှန်ပြလိုက်ပြီး " ထိုင်ပါဦး မင်းကငါ့ရဲ့အလင်းရောင်ကိုကွယ်နေတယ်…"
ရှန်းလျှိုဖုန်း ရွေးချယ်စရာမရှိတော့ဘဲ ဦးစွာထိုင်ချလိုက်ရသည်။
ထို့နောက် နတ်ဆေးဆရာမှ ပြောလာသည်ကို ကြားလိုက်ရသည် " သေချာတာပေါ့ ငါလည်းကိစ္စအချို့ကိုလုပ်ရဦးမယ်လေ…မင်းကိုဘယ်နှစ်ခါပြောရမလဲ..ငါကပုန်းအောင်းနေတာကို မင်းတို့က တစ်ကြိမ်ပြီးတစ်ကြိမ်လာရှာနေတာကို…ငါ့အတွက်ပြန်ပေးဖို့ကော မဖြစ်နိုင်ဘူးလား…"
ရှန်းလျှိုဖုန်း မငြင်းပယ်နိုင်တော့ပေ။
" အဲ့ဒါဆို ဘယ်လိုကိစ္စမျိုးလဲ.." သူထပ်မေးလိုက်သည်။
ပုံမှန်ကိစ္စများမှာ လုပ်ဆောင်ရန်လွယ်ကူသော်လည်း အကယ်၍ ထိုအရေးမှာ သုံးရက်သို့မဟုတ် ငါးရက်မျှ ကြာမြင့်နေပါက ကျွင်းဟွိုင်လန်မှာ တောင့်ခံထားနိုင်မည်မဟုတ်တော့ပေ။
နတ်ဆေးဆရာမှ စာရွက်တစ်ရွက်ကို လှန်လိုက်ပြီး " ဘာလို့မေးခွန်းတွေအဲ့လောက်များနေတာလဲ..အဲ့ဒါက မင်းလုပ်နိုင်မဲ့အရာမဟုတ်ဘူး…"
ထိုနတ်ဆေးဆရာ၏အပေါက်ဆိုးပုံမှာ ရှန်းလျှိုဖုန်း ယခင်အကြိမ်ကပင် သိရှိခဲ့သောအရာဖြစ်သည်။
သို့သော် သူပြောစကားကို နားထောင်ပြီးချိန်တွင် ရှန်းလျှိုဖုန်း စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ထိုနတ်ဆေးဆရာကြီးတွင် ထူးဆန်းသောဒေါသရှိသည့်တိုင် သူသည်အလွန်အမင်းဒေါသကြီးတတ်သူမဟုတ်သဖြင့် ရွှယ်ယန်အရှက်ရသည်ထိ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
သူ၏စိတ်မှာအေးချမ်းသွားသည်နှင့် ရှန်းလျှိုဖုန်း၏ခန္ဓာကိုယ်မှ အချက်ပြလာသည်။
သူသည် နေ့လည်ခင်းအချိန်မှစ၍ ရွှယ်ယန်၏နောက်သို့လိုက်ခဲ့ရပြီး တစ်ချိန်လုံးမြင်းစီးနေခဲ့ရကာ ရေတစ်ပေါက်မှပင် မသောက်ခဲ့ရသေးချေ။ ရှန်းလျှိုဖုန်း၏လည်ချောင်းမှာ လောင်မြိုက်နေပြီး အလွန်ဆာလောင်နေသောကြောင့် သတိပင်လွတ်မလို ဖြစ်နေရသည်။
စားပွဲပေါ်တွင် ရေနွေးကြမ်းခွက်တစ်ခွက်ကို မြင်လိုက်သည်နှင့် ရှန်းလျှိုဖုန်း မသိစိတ်၏လှုံ့ဆော်မှုကြောင့် သွားရောက်ယူဆောင်လိုက်သည်။
" ဒါကဘယ်သူ့ခွက်လဲမသိပေမဲ့ ကျွန်တော်တစ်လမ်းလုံး ဘာမှမစားခဲ့ရသေးတော့ ဒါလေးအရင်သောက်လိုက်မယ်နော်.."
သူ၏လည်ချောင်းအတွင်းရေများစီးဆင်းသွားပြီးနောက် ရှန်းလျှိုဖုန်း အကြမ်းခွက်ကို ကြည့်လိုက်ရာ အဖြူရောင်ကြွေခွက်ပေါ်၌ သွေးစွန်းကွက်များကို မြင်လိုက်ရသည်။
" ခင်ဗျား… ခင်ဗျားဝမ်ရယ်ကို ဘာလုပ်လိုက်တာလဲ…" ရှန်းလျှိုဖုန်းမှာ ထိတ်လန့်သွားသည်။
ချက်ချင်းဆိုသလိုပင် သူ၏စိတ်တွင်း၌ တောင်ပေါ်မှ ထူးဆန်းသည့်သမားတော်မှာ ရွှယ်ယန်ကိုသတ်ဖြတ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကိုလည်း ပစ်ထုတ်လိုက်သည့် ပုံရိပ်ပေါင်းထောင်ပေါင်းများစွာက ဖြတ်ပြေးသွားသည်။
အံ့ဩစရာမရှိဘူး… ဒီမှာ အရမ်းတိတ်ဆိတ်နေတာ အံ့ဩစရာမရှိဘူးပဲ…
ရှန်းလျှိုဖုန်း၏မျက်လုံးများမှာ ခွက်တွင် မြံမြဲစွာ စွဲကပ်နေရာမှ နတ်ဆေးဆရာ၏မျက်နှာစီသို့ ပြောင်းရွေ့လာသည်။
သို့သော်လည်း နတ်ဆေးဆရာ၏မျက်နှာတွင် သိသာနေသည့် မလိုလားမှုကို မြင်လိုက်ရသည်။
" မင်းမှာ ဦးနှောက်သေးသေးလေးပဲရှိတာ အဆင်ပြေရဲ့လား…ငါမင်းကို စမ်းကြည့်ဖို့ ဆေးညွှန်းရေးပေးလို့ရတယ်နော်…"
နတ်ဆေးဆရာကြီးမှ ပြောလိုက်သည်။
ရှန်းလျှိုဖုန်း၏ပြန်ဖြေသံကိုပင် မစောင့်ဘဲ လက်ထဲမှ စာအုပ်ကိုချကာ ခွက်ကို ကောက်ကိုင်လိုက်ပြီး " ဒါက သူ့လက်ကသွေးတွေ…"
ရှန်းလျှိုဖုန်းမှာမူ မယုံကြည်ခဲ့ပေ " ဘာလို့ ဝမ်ရယ်ရဲ့လက်မှာ သွေးတွေရှိနေတာလဲ…"
နတ်ဆေးဆရာမှာ သူ့ကိုကြည့်ကာ " သူရဲ့သိုင်းပညာကဘယ်လောက်ကောင်းနေပါစေ သူကသေမျိုးပဲလေ… ဒီလောက်မတ်စောက်တဲ့တောင်စောင်းကို အချိန်တိုအတွင်း အမြန်တက်လာတဲ့အခါ ဘယ်လိုလုပ်ပြီး လက်ကိုမထိခိုက်မိဘဲနေမှာလဲ…"
နတ်ဆေးဆရာမှာ ရှန်းလျှိုဖုန်းကို ကြည့်နေခဲ့သည်။
ရှန်းလျှိုဖုန်း၏အသံမှာမူ အနည်းငယ်ပို၍ပင် ယုံကြည်ချက်များပျောက်ဆုံးလာပြီး " အဲ့ဒါဆိုရင်တောင်မှပဲ ခင်ဗျားက သူ့ကိုအလုပ်ခိုင်းလိုက်သေးတာလား…"
အဆုံးတွင် နတ်ဆေးဆရာကြီးသည် ထိုအရူးနှစ်ယောက်ကြောင့် သည်းခံနိုင်စွမ်းများကုန်ဆုံးလာပြီဖြစ်သည်။
" သူ့ကိုခိုင်းလိုက်တဲ့ကိစ္စက အရေးကြီးဆုံးကိစ္စကွ… နားလည်ရဲ့လား…"
ရှန်းလျှိုဖုန်း ရှက်ရွံ့နေသည့်အမူအယာဖြင့် ခေါင်းငြိမ့်ပြလိုက်ရသည်။
" ဒီအတိုင်းပဲ စောင့်နေစမ်းပါ…" နတ်ဆေးဆရာကြီးမှ စကားတစ်ခွန်းပြောပြီးနောက်တွင် ရှန်းလျှိုဖုန်းကို လုံးလုံးသာ လျစ်လျူရှုထားလိုက်သည်။
ရှန်းလျှိုဖုန်းမှာ ရွေးချယ်စရာမရှိသဖြင့် ရေနွေးခွက်ကိုသာ စိုက်ကြည့်နေလိုက်သည်။
ညမှာနက်လာပြီဖြစ်သည်။
ရှန်းလျှိုဖုန်းမှာ စားပွဲနားတွင် နောက်ကျိနေသောစိတ်ဖြင့်ထိုင်နေခဲ့ပြီး ထိုအချိန်၌ သစ်သားတံခါးမှ အသံတစ်ခု ထွက်ပေါ်လာသည်။
သွေး၏ရနံ့မှာ ပျံ့လွင့်လာသည်။
ရှန်းလျှိုဖုန်း အိပ်ရာထကာ တံခါးဝသို့ အလျင်အမြန်လှမ်းကြည့်လိုက်ချိန် ရွှယ်ယန်မှာ တံခါးဝတွင်ရပ်နေပြီး သွေးများဖြင့် ရွှဲနစ်နေသည်ကို မြင်လိုက်ရသည်။
သူ၏ဆံပင်တစ်ဝက်ခန့်မှာ ရှုပ်ပွနေပြီး ဝတ်ရုံမှာ သွေးများဖြင့် ရွှဲနစ်နေကာ တံခါးဝတွင်ရပ်လျက် မောဟိုက်နေခဲ့သည်။
သူ၏လည်ပင်းပေါ်တွင် နက်ရှိုင်းသောဒဏ်ရာတစ်ချက်ရှိနေပြီး အနည်းငယ်ပေပွနေသော်လည်းသူ၏မျက်လုံးများမှာမူ ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပနေခဲ့သည်။
သူ၏လက်တစ်ဖက်တွင် လေးလံသည့် သားရေအိတ်တစ်အိတ်ကို ကိုင်စွဲထားပြီး တစ်ဖက်မှ လူတစ်ရပ်ခန့်ရှိသည့် ဝံပုလွေအသေကောင်ကြီးကို တရွတ်တိုက်ဆွဲယူလာသည်။
လက်ကိုလွှတ်လိုက်ချိန် ဝံပုလွေ၏အလောင်းမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။
ရွှယ်ယန်၏အသံမှာ အက်ကွဲနေပြီး " ခင်ဗျားတောင်းဆိုထားတဲ့ဟာကို ယူလာပြီးပြီ…"
ထိုမြင်ကွင်းကြောင့် နတ်ဆေးဆရာကြီးမှာမူ ခေတ္တခဏမျှ တောင့်ခဲသွားပြီးနောက် ရယ်မောလာကာ ပြောလိုက်သည်
" ငါထင်ထားတာထက် အတော်လေးပိုမြန်တာပဲ… လိုအပ်တဲ့အရာကို ရပြီဆိုတော့ ကျင်းလင်ကို သွားကြတာပေါ့…"
ထို့နောက်တွင်မှသာ သားရေအိတ်ထဲတွင် မည်သည့်အရာပါသည်ကို ရှန်းလျှိုဖုန်းသိသွားခဲ့သည်။
ထိုအရာမှာ ဝံပုလွေ၏သွေးပင်ဖြစ်သည်။
ထိုကဲ့သို့သော သက်ရှိမျိုးမှာ ရုတ်တရက်အသတ်ခံလိုက်ရပါ ချက်ချင်းဆိုသလိုပင် သွေးစီးဆင်းမှုရပ်တန့်သွားသောကြောင့် သွေးများပြစ်ခဲသွားမည်ဖြစ်ကာ သွေးအမြောက်အများထုတ်ယူရန် မဖြစ်နိုင်ပေ။ ရွှယ်ယန်မှ ဤမျှအထိ ထုတ်ယူနိုင်ခြင်းမှာ သူသည် ဝံပုလွေ၏လည်ပင်းကိုဖြတ်တောက်လိုက်သော်လည်း ချက်ချင်းမသေစေဘဲ သွေးလုံလောက်စွာရသည်အထိ တဖြည်းဖြည်းအသက်ထွက်စေပြီးမှသာ သတ်ပစ်ခဲ့ခြင်းကြောင့်ပင်။
သေဆုံးနေသည့် ဝံပုလွေကောင်မှာ ရက်စက်အကြမ်းကြုတ်ဆုံးသော သားရဲတစ်ကောင်ပင်ဖြစ်သည်။
ရှန်းလျှိုဖုန်း အနီးသို့ တိုးကပ်မသွားခင်အထိ ရွှယ်ယန်၏ဝတ်ရုံသည်လည်း အနည်းငယ်စုတ်ပြဲနေသည်ကို သေသေချာချာမမြင်ခဲ့ရပေ။ စုတ်ပြဲနေသည့် ဝတ်ရုံလက်များကြားမှ သူ၏အသားပေါ်တွင် နက်ရှိူင်းသည့်ပြတ်ရှရာများကို မြင်လိုက်ရသည်။
ရှန်းလျှိုဖုန်း ကြည့်ရုံနှင့်ပင် သူ၏မျက်လုံးများ နာကျင်လာရသည်။
နတ်ဆေးဆရာမှာ အရှေ့သို့တိုးကာ သူ၏လက်ထဲမှ သားရေအိတ်ကို ချိန်ဆကြည့်လိုက်ပြီး " ဟမ်.. ဒီလောက်တောင်လား.. ဒါကလုံလောက်တာထက်တောင် ပိုနေပြီ…"
သူယခင်ကရွှယ်ယန်ကို သွေးများများယူလာရန် မှာကြားခဲ့သည်မှာ သေဆုံးနေသည့်သားရဲ၏သွေးမှာ ရရန်ခက်ခဲခြင်းကြောင့်ပင်။ သို့မှသာ သွေးမလုံလောက်သည့်အခါ ဝံပုလွေ နှစ်ကောင် သို့မဟုတ် ထိုထက်ပိုများများကိုသတ်လာရမည်ပင်။ သို့သော်လည်း ထိုသူမှ ဤမျှ ရက်စက်ကြမ်းကြုတ်ကာ အသက်ရှင်နေသည့်သားရဲမှ ထိုမျှ များပြားသောသွေးများ ထုတ်ယူလာမည်ကိုမူ သူမျှော်လင့်မထားခဲ့ချေ။
ရွှယ်ယန် အသံတစ်ချက်ပြုလိုက်သော်လည်း သူ၏အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အက်ကွဲနေခဲ့သည်။
ထိုစဉ် နတ်ဆေးဆရာမှ ပြောလာသည် " ငါသုံးဖို့လိုအပ်တဲ့ပစ္စည်းတွေသွားပြီး ထုတ်ပိုးလိုက်ဦးမယ်…ဒါပေမယ့် ညတွင်းချင်းတော့ မပြီးနိုင်ဘူးဆိုတော့ မင်းတို့တွေက ဝံပုလွေရဲ့အရိုးတွေကို အရင်ထုတ်ထားပေးပါ.. ကောင်းကင်ကြီး ကြည်လင်သွားတဲ့အခါကျရင်တော့ ငါတို့တွေသွားကြတာပေါ့…"
ရွှယ်ယန် သူ၏ခေါင်းကိုပင် မော့မလာဘဲ အဖြေပြန်ပေးလိုက်ပြီးနောက် လှည့်ကာ ဝံပုလွေအလောင်းကို အပြင်ဘက်သို့ ဖြည်းဖြည်းချင်းဆွဲယူလာပြီး မီး၏အလင်းရောင်ဖြင့် တံခါးကိုဖွင့်၍ ထိုင်ခုံတစ်ခုကိုယူကာ ဝံပုလွေအလောင်းနားတွင် ထိုင်ချလိုက်သည်။
နတ်ဆေးဆရာမှာမူ အိမ်အတွင်းသို့ဝင်သွားကာ လိုအပ်မည့်ဆေးဝါးနှင့်အကူပစ္စည်းများကို သိမ်းဆည်းနေသည်။
ရှန်းလျှိုဖုန်းသည် တစ်ဦးတည်းအခန်းထဲတွင် ပျင်းရိလာသဖြင့် ထိုင်ခုံတစ်ခုယူကာ ရွှယ်ယန်၏ ဆန့်ကျင်ဘက်အရပ်တွင် ထိုင်ချလိုက်သည်။
ရွှယ်ယန်မှ သူ၏ဓားကိုထုတ်ကာ ဝံပုလွေအသေကောင်ကို စတင်အမဲဖျက်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ပင်ပန်းနေသောအမူအယာရှိနေစေကာမူ သူ၏ဓားရေးမှာ သပ်ရပ်သန့်ရှင်းလှသည်။
ရှန်းလျှိုဖုန်း ထိုင်ချလိုက်သည်ကိုမြင်လိုက်ချိန်တွင် ရွှယ်ယန်၏လှုပ်ရှားမှုများ တုန့်ဆိုင်းသွားသော်လည်း မျက်လုံးပင်လှန်၍ကြည့်လာခြင်းမရှိဘဲ ပြောလိုက်သည်
" ပြန်သွား.. လမ်းပိတ်မနေနဲ့.."
ရှန်းလျှိုဖုန်းလည်း အနောက်ဘက်မှ သေးငယ်သည့် ကရိယာတစ်ခုကို ကို့ရို့ကားယားနိုင်စွာဖြင့် ရွှေ့လိုက်ပြီး " ဝံပုလွေကအရမ်းကြီးတာပဲ…" ဟူ၍ စကားရှာကာ မေးလိုက်သည်။
ရွှယ်ယန်မှ " ဝံပုလွေခေါင်းဆောင်ပဲ…"
ရှန်းလျှိုဖုန်းမှာ ထိတ်လန့်သွားပြီး " ဝမ်ရယ်က တကယ်တော်တာပဲ.. ဝံပုလွေခေါင်းဆောင်ကို သတ်နိုင်ခဲ့တာပေါ့…."
ရွှယ်ယန် ဝံပုလွေ၏အရေခွံကို ဘေးတွင်ချထားလိုက်ကာ " အကောင်ကြီးတော့ သွေးပိုရတယ်…"
သူ၏အသံနေအသံထားမှာ အလွန်ပင် သာမန်ဖြစ်နေပြီး ဟင်းသီးဟင်းရွက်ဝယ်ရာတွင် မုန်လာဥများကိုကောက်ယူနေသကဲ့သို့ အေးဆေးလှသည်။
ရှန်းလျှိုဖုန်း တံတွေးသာမြိုချလိုက်ရပြီး သူ၏မျက်လုံးများမှာ ရွှယ်ယန်၏လက်မောင်းပေါ်သို့ ကျဆင်းသွားလေသည်။
ဝံပုလွေ၏ချွန်ထက်သော လက်သည်းများကြောင့် ဒဏ်ရာများမှာ မြင်သာထင်သာရှိနေပြီး နက်ရှိုင်းကာ ဒဏ်ရာမှ အသားစများကိုပင် မြင်နေရသည်။
ရှန်းလျှိုဖုန်းမှ " ဝမ်ရယ့်မှာ ဒဏ်ရာရနေတာ မထွက်ခွာခင် နတ်ဆေးဆရာကြီးကို ဆေးထည့်ပြီး အနာကိုစည်းထားဖို့မလိုဘူးလား…"
ရွှယ်ယန် ရှန်းလျှိုဖုန်းကို ကြည့်ကာ " မင်းကအမြဲတမ်းစကားများနေတာပဲလား…"
ရှန်းလျှိုဖုန်းအသံတစ်ချက်သာ ပြန်ပေးလိုက်ရသည်။
" ဝေးဝေးနေရင်နေ မဟုတ်ရင် မင်းပါးစပ်ကို ပိတ်ထားလိုက်…" ရွှယ်ယန် သူ၏အကြည့်ကိုပြန်ဆုတ်လိုက်ပြီး အသံမှာပေါ့ပါးနေစေကာမူ သိသိသာသာပင် ဖိနိပ်ထားမှုများ ပါဝင်နေခဲ့သည်
" အဲ့ဒါက ငါ့ကိုခေါင်းကိုက်စေတယ်…"
ရွှယ်ယန်မှာ ရက်ပေါင်းများစွာ အိပ်စက်ခဲ့ရခြင်းမရှိသည့်အပြင် ယခုအချိန်၌ သူ၏အားအင်အားလုံးကို ကျွင်းဟွိုင်လန်အတွက် တောင့်ခံထားခဲ့ရသည်။
သို့သော်လည်း ၎င်းမှာ သူ၏တစ်ကိုယ်လုံးမှ မောပန်းနွမ်းနယ်နေခြင်းကို မတားဆီးနိုင်ပေ။ ရွှယ်ယန် နာကျင်မှုကို မခံစားရစေကာမူ သူ၏ပုခုံးမှ တသိမ့်သိမ့်တုန်ယင်နေပြီး မအီမသာဖြစ်စေခဲ့သည်။
ရှန်းလျှိုဖုန်း အသံပင်မထွက်ရဲတော့ချေ။
ရွှယ်ယန် အောက်သို့ငုံ့လျက် လုပ်လက်စအရာကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ထို့နောက် ခေတ္တရပ်တန့်သွားကာ ရှန်းလျှိုဖုန်းကို ကြည့်လာခဲ့သည်။
အလင်းဖျော့ဖျော့အောက်၌ ရွှယ်ယန်၏မျက်လုံးရှေ့တွင် နွေးထွေးသည့်မီးဖိုရှိနေခဲ့သော်လည်း သူ၏ပယင်းရောင်မျက်လုံးများမှာမူ နွေးထွေးလ သည့်အရိပ်အယောင်ဟူ၍မရှိချေ။ ထိုအရာမှာ အကြောထူလှသည်ဟူသည့် ရှန်းလျှိုဖုန်းကိုပင် ရွှယ်ယန်၏ဆိုးယုတ်မှုကို ခံစားမိလာစေသည်။
သူ.. သူအခုဘာမှမပြောခဲ့ဘူး မဟုတ်လား…
ထိုစဉ် ရွှယ်ယန်၏စကားသံကို ကြားလိုက်ရသည်။
" ကျွင်းဟွိုင်လန်ကို ငါ့ရဲ့ဒဏ်ရာနဲ့ပတ်သက်တဲ့အကြောင်း တစ်ခွန်းမှမဟနဲ့…"
ရှန်းလျှိုဖုန်း : "...."
ရွှယ်ယန် အဘယ့်ကြောင့် ထိုစကားပြောသည်ကို နားမလည်သည့်တိုင် သူပြောလာခဲ့သဖြင့် ရှန်းလျှိုဖုန်း ခေါင်းငြိမ့်ပြလျက်သာ သဘောတူလိုက်ရသည်။
ရှန်းလျှိုဖုန်း သက်သာရာရသွားသည့်ပုံဖြင့် သက်ပြင်းတစ်ချက်သာချလိုက်ရသော်လည်း သူ၏စိတ်ထဲ၌ မညည်းညူဘဲ မနေနိုင်ခဲ့ပေ။
ကွမ်းလင်ဘုရင်မှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။ ထိုသူမှာ သူ့ကိုယ်သူအပြင် ပတ်ဝန်းကျင်မှ သူများအပေါ် အလွန် ရက်စက်ကြမ်းကြုတ်တတ်သော်လည်း အဘယ့်ကြောင့် ကျွင်းဟွိုင်လန်နှင့် ပတ်သက်လာပါက အလွန်ဂရုတစိုက်လုပ်ဆောင်လေ့ရှိသည်နည်း။
သို့သော်လည်း ဤသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွင်းဟွိုင်လန်မှာ အလွန်နှစ်လိုဖွယ်ကောင်းလှသဖြင့် ကွမ်းလင်ဘုရင်ကဲ့သို့သော နှလုံးသားမာကျောသည့်သူသည်ပင် သူ့ကို ခံနိုင်စွမ်းမရှိတော့ပေ။
ရောင်နီအနည်းငယ်သမ်းလာချိန်တွင် ရွှယ်ယန် ဝံပုလွေ၏အရိုးများကို နတ်ဆေးဆရာကြီး၏အခန်းရှေ့၌ စုပုံပေးထားပြီးဖြစ်သည်။
Xxxxxxxx