Chapter 132
နတ်ဆေးဆရာကြီးမှ သွေးအိတ်နှင့် အခြားထုတ်ပိုးထားသော အိတ်တစ်အိတ်ကို ရွှယ်ယန်ထံလှမ်းပေးလိုက်သည်။
" ဒီတစ်ခုကိုပါယူရမှာလား…" ရွှယ်ယန် သားရေအိတ်ကို အလေးချိန် ချိန်ဆကြည့်ရင်းမှ အနည်းငယ်ပဟေဠိဖြစ်နေခဲ့သည်။
နတ်ဆေးဆရာမှာ ခေါင်းငြိမ့်ပြလိုက်ကာ " ဒီဟာလိုမလိုက မင်းကျင်းလင်ရောက်ရင်သိလိမ့်မယ်…"
သူတို့သုံးဦးသား မြင်းကိုစီးလျက် တောင်များအပြင်သို့ ထွက်ခွာလာကြသည်။
သူတို့တောင်ခြေသို့ရောက်ချိန်တွင် ယန်ကျိုးခရိုင်တရားသူကြီးမှာ တောင်အပြင်တွင် နတ်ဆေးဆရာအတွက် လှည်းတစ်တန်းပြင်ဆင်ကာ စောင့်ဆိုင်းနေသည်။ လှည်းတန်းတွင် မြင်းလှည်းခြောက်စီးပါဝင်ကာ မြင်းများအားလုံးမှာ မျိုးကောင်းမျိုးသန့်များဖြစ်ပြီး တစ်ကိုယ်တော်စီးနင်းရသောမြင်းများထက် နှေးကွေးခြင်းမရှိပေ။
တစ်ချိန်လုံးမြင်းစီးနေရခြင်းကြောင့် ခန္ဓာကိုယ်တစ်ခု တစ်စစီဖြစ်လုမတတ်ဖြစ်နေရသည့် ရှန်းလျှိုဖုန်းမှာ နတ်ဆေးဆရာနှင့်အတူ လှည်းပေါ်သို့ အလျင်အမြန်ပြောင်းတက်လိုက်လေသည်။
သူတို့အားလုံးလမ်းတစ်လျှောက် ခရီးပြင်းနှင်လာခဲ့ကြသဖြင့် ကျင်းလင်သို့ မွန်းတည့်ချိန်တွင် ရောက်ရှိခဲ့ကြသည်။
လှည်းတန်းမှာ မြို့တွင်းသို့ဝင်ရောက်သည်နှင့် မြို့စားအိမ်တော်သို့ ရပ်နားခြင်းပင်မရှိဘဲ ဒုန်းစိုင်းပြေးလာခဲ့ကြသည်။
ယခုအချိန်တွင် ရွှယ်ယန်ခေါ်ဆောင်လာသည့် တော်ဝင်သမားတော်များမှာ မြို့စားအိမ်တော်၏သီးသန့်ခြံဝန်းများတွင် အသီးသီးရှိနေကြပြီး ထိုအချိန်၌ ပြင်းပြင်းထန်ထန်ဆွေးနွေးနေကြသော်လည်း ချွင်းချက်မရှိ သူတို့ထဲတွင် မည်သူကမှ ဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှာမတွေ့ခဲ့ကြပေ။
ရောဂါမှာ အပေါ်ယံတွင်သာဖျားနာနေခြင်းဖြစ်ပြီး ကုသ၍မရနိုင်သည်မှာ အလွန်ပင် ထူးဆန်းလှသည်။
သူတို့အားလုံး အကြိတ်အနယ်ဆွေးနွေးနေကြသည့်တိုင် မည်သည့်အကြံမှ ပေါ်လာခြင်းမရှိသေးပေ။
ရွှယ်ယန်ရောက်ရှိလာချိန်၌ သူတို့အားလုံးမှာ ခေါင်းမပါသည့်ယင်ကောင်များကဲ့သို့ အချင်းများနေသည်ကို မြင်တွေ့လိုက်ရသည်။
မြင်ကွင်းကို တွေ့လိုက်ရသည်နှင့် ရွှယ်ယန်၏မျက်နှာမှာ ရုတ်တရက်ဆိုသလို မဲမှောင်သွားသည်။
ခဏအကြာတွင် လူတိုင်းမှာ တိတ်ဆိတ်သွားကြပြီး မည်သူကမျှ စကားမပြောရဲကြပေ။
" ဒီဘုရင်က မင်းတို့ကို ကျင်းလင်ခေါ်လာတယ်ဆိုတာ စကားများနေဖို့အတွက်ပဲလား…"
ရွှယ်ယန်၏အသံမှာ အေးစက်အက်ရှနေကာ လူများကို တုန်ယင်လာစေသည်။
သူတို့အားလုံးမှာ ချန်အန်းတွင် အမြဲလိုနေခဲ့ရပြီး တော်ဝင်နန်းတော်တွင်သာ နှစ်စဉ်နှစ်တိုင်း အမှုထမ်းခဲ့ကြရသည်ဖြစ်ရာ ထိုကွမ်းလင်ဘုရင်မှာ မျက်နှာသာပေးခံရဆုံးဖြစ်သည်သာမက အထူးကြမ်းတမ်းတတ်ကြောင်းကို မည်သည်သူကများ မသိနိုင်မည်နည်း။
နတ်ဆေးဆရာမှာ သူတို့ကိုကြည့်လိုက်ချိန်တွင် တော်ဝင်သမားတော်များမှာ ငုံးကောင်လေးများကဲ့သို့ အတန်းလိုက်လေး စီတန်းနေသည်ကို မြင်လိုက်ရသည်။
သူမရယ်ဘဲမနေနိုင်တော့ချေ။
" သူတို့ကို နှိပ်စက်မနေပါနဲ့တော့.." နတ်ဆေးဆရာမှ အသာအယာပြောလိုက်သည်
" မင်းကလူကယ်မှာမဟုတ်ဘူးလား.. ငါ့ကိုလူနာကြည့်ရအောင် အရင်ခေါ်သွားပေးချည်.. အဲ့ဒါက ခြံဝန်းထဲမှာလား…"
ရွှယ်ယန်၏မျက်လုံးများ အေးခဲသွားသည်။
သူအသံတစ်ချက်ပြုကာ ဘေးတွင်ရပ်နေသည့် ကျင်းပေါင်ကို အမိန့်ပေးလိုက်သည် " လမ်းကိုဦးဆောင်လိုက်…"
ကျင်းပေါင်လည်း နှောင့်နှေးမနေရဲချေ။ အလျင်အမြန်ပင် နတ်ဆေးဆရာကိုခေါ်ဆောင်ကာ လူနာများထားရှိသည့် ဆေးရုံငယ်လေးသဖွယ်ဖြစ်နေသော ခြံဝန်းတွင်းသို့ ခေါ်သွားလိုက်သည်။
သေးငယ်သော ခြံဝန်းအတွင်းရှိနေသည့် လူနာနှစ်ဦးမှာ ပထမဦးဆုံးဖြစ်ပွားသူများဖြစ်ပြီး ထိရောက်သောကုသမှု မလုပ်ဆောင်ရသေးဘဲ သူတို့၏အသက်များကို ဆွဲဆန့်ရန်အတွက် ဆေးဝါးအထောက်အပံ့များကိုသာ မှီခိုနေကြရသည်။
ရွှယ်ယန် နတ်ဆေးဆရာ၏နောက်သို့ လိုက်ကာ ခြံဝန်းတွင်း ဝင်လာခဲ့သည်။
နတ်ဆေးဆရာမှာ ရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကာ မေးလာခဲ့သည်
" ဘယ်ကိုလိုက်မလို့လဲ မင်းရောဂါကူးမှာမကြောက်ဘူးလား…"
ရွှယ်ယန် တစ်ခွန်းသာပြန်ဖြေလာသည် " တစ်ချက်လိုက်ကြည့်မလို့…"
သဘာဝကျစွာပင် ရွှယ်ယန် မည်သည့်အရာကိုမျှ သေသေချာချာမြင်နိုင်မည်မဟုတ်သော်လည်း ရွှယ်ယန်အလောတကြီးဖြစ်နေသည်ကို နတ်ဆေးဆရာကြီးမှ မြင်လိုက်ရသည်။
သူပြုံးလိုက်ကာ ထပ်မံတားမြစ်ခြင်းမပြုတော့ဘဲ လက်ကိုဝှေ့ယမ်း၍ ရွှယ်ယန်ကို ဖိတ်ခေါ်လိုက်သည်။
အတွင်းရှိ လူနာနှစ်ဦးမှာ အလွန်အမင်းနာမကျန်းဖြစ်နေကာ သူတို့ဝင်သွားချိန်၌ အတွင်းတွင် မည်သူမျှမရှိချေ။ အခန်းတွင်း၌ ကုတင်ပေါ်တွင် သူတို့နှစ်ဦးသည်သာရှိနေကြပြီး မျက်လုံးများတင်းတင်းပိတ်ထားကာ ဖျားနာမှုကြောင့် မျက်နှာများဖျော့တော့နေပြီး အသက်ရှုသံမှာ တိုးသည်ထက်တိုးလာကြသည်။
ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။
ရွှယ်ယန်၏ပျက်ယွင်းနေသော အမူအယာကို မြင်လိုက်သည်နှင့် နတ်ဆေးဆရာကြီးမှ သိသွားခဲ့သည်။ သိသိသာသာပင် ရွှယ်ယန်မျက်မှောင်ကြုတ်သွားရခြင်းမှာ ဤလူနှစ်ယောက်ကို စိတ်ပူနေခြင်းကြောင့် မဟုတ်ချေ။
မည်သည့်အတွက်ကြောင့် ဖြစ်နိုင်မည်နည်း…
မှန်းဆရမည်ဆိုလျှင် ဤအေးစက်သောနှလုံးသားပိုင်ရှင် ကွမ်းလင်ဘုရင်တွင် သူ့အတွက် အသက်တမျှအရေးပါသူတစ်ဦးရှိနေပြီး ထိုသူမှာရောဂါကူးစက်ခံရပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင် သူသည် ယန်ကျိုးသို့ သေလုမတတ်အပြင်းနှင်လာခဲ့ကာ တောင်ကိုပင် တူးထုတ်လုမတတ်ရှာဖွေ၍ သူ့အားခေါ်ဆောင်လာခြင်းဖြစ်သည်။
အချစ် ဟူသော စကားလုံးမှာ အင်မတန်ဆန်းကြယ်လှသည်။ နတ်ဆေးဆရာကြီးသည်လည်း ဤလောကတွင် နှစ်အတော်အတန်ကြာ နေထိုင်ခဲ့ပြီးပြီဖြစ်ရာ ထိုသို့သော အခြင်းအရာပေါင်း မြောက်များစွာ မြင်ဖူးပြီးခဲ့သည်ပင်။
သူမည်သည့်စကားမျှမဆိုတော့ဘဲ ပြုံးကာ ကုတင်ဘက်သို့ လျှောက်သွားကာ တာဝန်ယူထားသည့်သမားတော်ဆီသို့ ပြန်ထွက်လာခဲ့သည်။
အချိန်တစ်ခုထိ မေးမြန်းခြင်း၊နားထောင်ခြင်း နှင့် ကြည့်ရှုလေ့လာခြင်းတို့ဆောင်ရွက်ပြီးချိန်တွင် လူနာထံမှ သွေးတစ်စက်ကိုထုတ်ယူကာ ဂရုတစိုက်အကဲခတ်စစ်ဆေးလိုက်သည်။ ခဏအကြာတွင် နတ်ဆေးဆရာမှ အသာအယာပြုံးလျက် ပြောလိုက်လေသည်
" လုံလောက်သွားပြီ ငါမှန်းထားတာ မှန်တာပဲ…"
ထိုသို့ပြောပြီးနောက် ဘေးတွင်ရပ်နေသည့်ကျင်းပေါင်ကို လှမ်းပြောလိုက်သည်
" ဒီနေရာကိုတာဝန်ယူထားတဲ့ အရာရှိတွေကိုသွားခေါ်ပေးပါ…"
ကျင်းပေါင် အလျင်အမြန်ထွက်သွားကာ အရာရှိတစ်ဦးကိုခေါ်ဆောင်၍ ပြန်ဝင်လာသည်။
ထိုသူမှာ ယခင်ကျွင်းဟွိုင်လန်ဆည်ကိုပြင်ဆင်သည့်အရေးတွင် သူ၏နောက်မှလိုက်ပါခဲ့ရသည့် အရာရှိဖြစ်လေသည်။
နတ်ဆေးဆရာမှ မေးလိုက်သည် " မေးစရာရှိလို့ ဒီရောဂါက ဘယ်အချိန်ကစဖြစ်တာလဲ…"
အရာရှိမှ အလျင်အမြန်ပြန်ဖြေလိုက်သည် " လွန်ခဲ့တဲ့ဆယ်ရက်က ပထမဆုံးအမှုစဖြစ်ခဲ့တာပါ…"
နတ်ဆေးဆရာမှ ထပ်မေးလိုက်ပြန်သည် " ဒီရောဂါမပြန့်သွားခင် အရင်တုန်းက ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ…"
အရာရှိမှာ ခဏမျှ တွေးတောလိုက်ပြီး " ရောဂါက ကျင်းလင်ရဲ့အကျင်းသားတွေကိုထားတဲ့ ထောင်ထဲမှာ စတင်ဖြစ်ပွားခဲ့တာပါ…လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီးတော့ အလုပ်သမားအချို့လဲ ဒဏ်ရာရခဲ့ပါတယ်… နဂါးသားတော်က ဆုံးဖြတ်ချ ချမှတ်ပြီးတော့ မတော်တဆမှုဖြစ်ပွားစေခဲ့တဲ့ အလုပ်သမားတွေကို ဒီမှာ အကျဉ်းချခဲ့တာပါ…"
နတ်ဆေးဆရာမှ ရယ်လျက် " ဒါကအဓိပ္ပါယ်ရှိသားပဲ…"
ထို့နောက် ရွှယ်ယန်ကို ကြည့်ကာ " ငါမင်းကိုယူခိုင်းလိုက်တဲ့ ဝံပုလွေသွေးတွေက အသုံးဝင်သွားပြီပဲ…"
အခန်းတွင်းရှိ လူအချို့မှာ သူ့ကိုကြည့်လာသည်။
နတ်ဆေးဆရာမှ စာရွက်နှင့်မင်တံကိုယူကာ ဆေးညွှန်းအချို့ကို ချောမွေ့စွာရေးချလိုက်ပြီး ရေးသားနေစဉ်မှာပင် သူသယ်ဆောင်လာသည့် အထုတ်အတွင်းမှ ဆေးပစ္စည်းအချို့ကို ထုတ်ယူနေခဲ့သည်။
" ဟွိုင်နန်မှာသီးတဲ့လိမ္မော်သီးကလည်း လိမ္မော်သီးပဲ၊ ဟွိုင်ပေမှာသီးတဲ့ လိမ္မော်သီးကလည်း လိမ္မော်သီးပဲ… ဝမ်ရယ် ဒီစကားကိုကြားဖူးရဲ့လား…" နတ်ဆေးဆရာကြီးမှ မေးလာသည်။
[ 橘生淮南则为橘,橘生淮北则为枳 - ဟွိုင်နန်တွင် စိုက်ပျိုးသော လိမ္မော်သီးများသည် လိမ္မော်သီးများဖြစ်ပြီး ဟွိုင်ပေတွင် စိုက်ပျိုးသော လိမ္မော်သီးများမှာလည်း လိမ္မော်သီးများဖြစ်သည် ။အရွက်များမှာ ဆင်တူသော်လည်း အရသာကွဲပြားနေရခြင်းမှာ ရေနှင့် မြေဆီလွှာ မတူညီကြောင့်ပင်။
" ပတ်ဝန်းကျင်ပြောင်းလဲသွားသည်နှင့် သဘောသဘာဝလည်းပြောင်းလဲသွားသည် " ဟု အဓိပ္ပါယ်ရသည် ]
ရွှယ်ယန် ခေါင်းငြိမ့်လိုက်သည်။
ဤသည်ကိုမြင်သော နတ်ဆေးဆရာကြီးမှ စကားဆက်ပြောလာသည်
" လင်းနန်က အမြဲလိုမြူခိုးထူထပ်ပြီးတော့ အထူးသဖြင့် အနောက်တောင်ဘက်မှာ တောင်တန်း ရေကန်တွေက အပြည့်ပဲ..ဒီနေရာရဲ့နယ်မြေကကျဉ်းမြောင်းပြီးတော့ စားသောက်မှုပုံစံကလည်း မြို့တော်နဲ့ကွဲပြားတယ်…ထပ်ပေါင်းရမယ်ဆိုလျှင် တောင်ပေါ်ကလူတွေစားနိုင်တဲ့အစားအစာမျိုးကို အပြင်လူတွေက စားနိုင်မှာမဟုတ်တာမျိုးလည်းရှိတယ်…အထူးသဖြင့် တောင်ပေါ်မှာပဲအမြဲနေလာတဲ့ ဓားပြတွေက သူတို့ရဲ့သွေးထဲမှာကိုက မသန့်စင်တဲ့ဓာတ်တွေရှိနေပြီးသားမလို့ ခံနိုင်ရည်ရှိနေပေမယ့် အပြင်လူတွေအတွက်ကတော့ ကွဲပြားလိမ့်မယ်.."
ရွှယ်ယန် မျက်မှောင်ကြုတ်လိုက်ပြီး " ဆရာကြီးဆိုလိုချင်တာက ကျင်းလင်ရဲ့အလုပ်သမားတွေထဲမှာ အနောက်တောင်ဘက်က ဓားပြတွေ ရောနှောပါဝင်နေတယ်ပေါ့…"
အနောက်တောင်နယ်စပ်မှာ ယွင်နန်ဘုရင်၏လက်အောက်ခံနယ်မြေပင်ဖြစ်သည်။
စုတ်ချက်တစ်ချက်ဖြင့် နတ်ဆေးဆရာမှ သူ၏ဆေးညွှန်းကိုအဆုံးသတ်လိုက်သည်။
" ဒီဟာပဲ မင်းတို့ဘာသာပဲ စစ်ဆေးကြည့်လိုက်တော့…" ဆေးညွှန်းကို စားပွဲပေါ်ပစ်တင်လိုက်ပြီးနောက် ပြောလာခဲ့သည် " တစ်ယောက်ယောက်ကို ဆေးသွားကျိုခိုင်းလိုက်ချည်… ဝံပုလွေသွေးကို ဆေးအဖြစ်သုံးလိုက်.. အများကြီးထည့်ဖို့မလိုဘူး ဆေးပျစ်သွားရုံလေးပဲ.. ငါမှန်းဆထားတာသာ မမှားဘူးဆိုရင် ဆေးတစ်ဖုံနဲ့တင် အစွမ်းပြလာလိမ့်မယ်…"
ရွှယ်ယန် ကျင်းပေါင်ကို လှမ်းကြည့်လိုက်သည်။
ကျင်းပေါင် သက်ပြင်းတစ်ချက်ချကာ ဆေးညွှန်းကိုယူ၍ တစ်စုံတစ်ဦးအား ဆေးကျိုရန်အတွက်ပြောရန် ထွက်သွားလိုက်သည်။
ရွှယ်ယန်မှ " မိတ္တူတစ်စောင်ကို ခဏနေကြာရင် ရင်ခွဲရုံကိုလည်းပို့ပေးလိုက်ဦး…"
ရွှယ်ယန် ပြောနေရန်ပင် မလိုချေ။ ကျင်းပေါင် အလျင်အမြန်လက်ခံကာ အပြင်သို့ ထွက်သွားခဲ့သည်။
နတ်ဆေးဆရာကြီးမှာမူ ပေါ့ပေါ့ပါးပါးပင် ထိုင်ချလိုက်ပြီး " တော်ဝင်သမားတော်တွေကို မင်းအပြစ်တင်နေဖို့မလိုပါဘူး..သူတို့ကချန်အန်းမှာပဲအမြဲနေရခဲ့ရတော့ ဒီလို ကုလို့မရတဲ့ရောဂါမျိုးဘယ်လိုလုပ်ပြီး မြင်ဖူးမှာလဲ…ဒီလူအိုကြီးက တစ်ကမ္ဘာလုံးကို လှည့်ပတ်သွားလာနေတာဆိုတော့ သဘာဝကျကျပဲ သူတို့ထက် ဗဟုသုတစုံတယ်လေ…"
ရွှယ်ယန်အသံတစ်ချက်ပြုကာ ထရပ်လိုက်သည်။
" ဝမ်ရယ်ပြောတဲ့သခင်လေးက အဲ့နေ့ကမင်းကယ်ခဲ့တဲ့တစ်ယောက်မဟုတ်လား…" နတ်ဆေးဆရာကြီးမှာ ရွှယ်ယန်ကို ကြည့်လျက် နောက်ပြောင်လိုသည့် အမူအယာဖြင့် ပြောလိုက်သည်။
ရွှယ်ယန် ရှောင်တိမ်းလိုသည့်အမူအယာပင်မပြဘဲ တည်ငြိမ်စွာကြည့်လိုက်ကာ " ဟုတ်တယ်…"
နတ်ဆေးဆရာကြီးမှာ ရယ်မောနေသည်။
ရွှယ်ယန်မှ ပြောလာသည် " ဆရာကြီးနေလို့ရမဲ့နေရာတစ်ခုပြင်ဆင်ပေးဖို့မှာလိုက်ပါမယ်…အဲ့ဒီမှာ နားနေလို့ရပါတယ်…"
ပြောပြီးနောက် လှည့်ကာ ထွက်သွားမည်ပြုလိုက်သည်။
ရွှယ်ယန်ထံတွင် အရေးကြီးလုပ်စရာမည်သည့်အရာများ ရှိနိုင်မည်နည်း။ ထိုသူကိုစောင့်ကြည့်ပေးရန်သာဖြစ်သည်။
နတ်ဆေးဆရာမှ ကြင်နာစွာ သတိပေးလိုက်သည်
" စောင့်ဆိုင်းနေဖို့မလိုပါဘူး.. မင်းရဲ့အသက်ကိုလိုချင်သေးတယ်ဆိုရင်တော့ အရင်ဆုံးသွားအိပ်သင့်တယ်…"
သမားတော်တစ်ဦးအနေဖြင့် ထိုသူ၏စွမ်းအင်အားလုံးမှာ အချိန်ကြာမြင်စွာ အသုံးပြုခဲ့ရသဖြင့် ကုန်ခန်းလုနီးပါးဖြစ်နေပြီး အသက်ရှုတစ်ရှိုက်စာမျှသာ ကျန်ရစ်နေသည်ကို သိနေပေသည်။
ရွှယ်ယန်၏ခြေလှမ်းများမှာမူ ရပ်တန့်သွားခြင်းမရှိပေ။
" သူနိုးလာတာကို သွားကြည့်မလို့ပါ…" သူပြောလိုက်သည်။
.......
ကျွင်းဟွိုင်လန် အလွန်နက်ရှိုင်းသော အိမ်မက်မှ နိုးထလာရသည်ဟု ခံစားလိုက်ရသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကျွင်းဟွိုင်လန် အိပ်ခြင်းနှင့် နိုးခြင်းကြားတွင် ဒွိဟဖြစ်နေပြီး ယခုအချိန်တွင်မူ အိမ်မက်မှနိုးလာသည်နှင့် သူ၏မျက်လုံးများကို အတားအဆီးမရှိဖွင့်နိုင်ခဲ့သည်။
ထိုအချိန်တွင် အလင်းရောင်မှာ အနည်းငယ်တောက်ပနေသောကြောင့် သူမတတ်နိုင်ဘဲ မျက်ခုံးများတွန့်ချိုးသွားကာ မျက်လုံးမှိတ်လုမှိတ်ခင်ဖြစ်သွားသည်။
ရင်းနှီးနေသော အိပ်ရာနှင့်ပတ်ဝန်းကျင်တွင် သူ၏ခေါင်းကို ဖြည်းဖြည်းချင်းစောင်းလိုက်ချိန်၌ ကုတင်ပေးတွင် သူ့ကို စောင့်ကြည့်ပေးနေသည့်လူရှိသည်ကို သိလိုက်ရသည်။
ကျွင်းဟွိုင်လန် ထိုသူမှာ မည်သူဖြစ်ကြောင်းကို မမြင်နိုင်ခင်မှာပင် ထိုသူမှာ အလောတကြီးထရပ်လာပြီး ထိတ်လန့်နေသည့်ငှက်တစ်ကောင်ကဲ့သို့ သိမ်မွေ့သော သူ၏လှုပ်ရှားမှုနောက်ကိုလိုက်ကာ အရှေ့သို့တိုးလာသည်။
" နိုးလာပြီလား…" အသံမှာ အက်ရှနေသည်။
ယခုအချိန်တွင် ရှင်းရှင်းလင်းလင်း မြင်ရန်ပင်မလိုဘဲ ဘေးတွင်ရပ်နေသည်မှာ မည်သူဖြစ်ကြောင်းကို ကျွင်းဟွိုင်လန်သိသွားပြီဖြစ်သည်။
ကျွင်းဟွိုင်လန်မှာ ယခုပင်နိုးထလာရခြင်းဖြစ်သောကြောင့် သူ၏ပုံမှန်အသိစိတ်မှာ အနည်းငယ်ဝေဝါးနေပြီး သူသတိပြုမိပြီးနောက် အနည်းငယ်ညည်းညူမိချိန်တွင် လက်တစ်ဖက်မှာ သူ၏နဖူးပေါ်သို့ ကျရောက်လာသည်။
ခြောက်သွေ့ကာ ကြမ်းတမ်းနေသည့် လက်တစ်ဖက်မှာ ကျွင်းဟွိုင်လန်၏အေးစက်နေသည့်နဖူးမှအသားအရည်နှင့် ရောနှောသွားပြီး ထိုသူ၏လက်ဖဝါးမှ အနည်းငယ်ပူနေသည်ကို ခံစားလိုက်ရသည်။
" နောက်ဆုံးတော့ အဖျားကျသွားပြီပဲ…" ရွှယ်ယန်ပြောလိုက်သည်။
ထို့နောက်တွင်မှသာ သူ၏ရောဂါမှာ ကုသပြီးပြီဖြစ်ကြောင်းကို ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။
ကျွင်းဟွိုင်လန် ခဏတာ ကြောင်အနေပြီးမှ အိပ်ရာမှ ထရန်ကြိုးပမ်းလိုက်ကာ ကျင်းလင်၏ယခုအခြေအနေမှာ မည်သို့ရှိနေသည်၊ ကပ်ရောဂါမည်သို့ဖြစ်သွားသည်၊ မြို့တွင် အသေအပျောက်များခဲ့သည်လော သို့မဟုတ် ကပ်ရောဂါ၏ရင်းမြစ်ကိုရှာတွေ့ပြီလော ဟူသည့်အကြောင်းများကို မေးချင်ခဲ့သည်။
သို့သော် ထိုအချိန်၌ ရွှယ်ယန်၏အကြည့်ကို ရင်ဆိုင်လိုက်ရသည်။
Xxxxxxx