Chapter 133
ပယင်းရောင် မျက်လုံးတစ်စုံမှာ သူ့ကို ခေါင်းမာမာနှင့် ပြင်းထန်စွာ စိုက်ကြည့်နေခဲ့သည်။
အချိန်ခဏကြာအထိ ကျွင်းဟွိုင်လန်၏စိတ်မှာ ဗလာဖြစ်နေပြီး သူ့ကိုသာ စိုက်ကြည့်နေမိသည်။ ပြောမည်ရည်ရွယ်ထားသောစကားများမှာလည်း သူ၏လည်ချောင်းတွင်းမှာပင် ရပ်တန့်သွားကာ ခဏအကြာတွင် လုံးလုံးပျောက်ကွယ်သွားလေသည်။
ကျွင်းဟွိုင်လန်၏ မျက်လုံးထဲတွင် ရွှယ်ယန် တစ်ဦးသည်သာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်အတွင်း သူတို့နှစ်လုံးစလုံးမှာ မည်သည်ကမျှ စကားပြောဆိုခြင်းမရှိဘဲ ပြတင်းပေါက်မှလာသည့် နေရောင်တစ်ခုတည်းသည်သာ မြေပြင်တွင် ယိမ်းနွဲ့ကခုန်နေသည်။
ရွှယ်ယန်၏ ကိုယ်အလေးချိန်ကျဆင်းသွားခဲ့သည်။
လူငယ်လေးမှာ မည်သည့်အချိန်ကမျှ ထိုမျှလောက် ရှက်ရွံ့ဖွယ်အခြေအနေမျိုးနှင့် မကြုံတွေ့ခဲ့ရဖူးပေ။ ရွှယ်ယန်၏အဝတ်အစားများမှာ လျှော်ဖွတ်အသစ်လဲလှယ်လာသည့်တိုင် သူ၏နီမြန်းနေသောမျက်လုံးနှင့် မျက်ကွင်းညိုကြီးများမှာ ဖုံးကွယ်၍မရချေ။ သူ၏မျက်နှာအသွင်အပြင်မှာလည်း ပါးပြင်များပိန်ကျသွားခြင်းကြောင့် ပို၍ပင် ချွန်ထက်လာသည်။
ကျွင်းဟွိုင်လန် လက်ကိုဆန့်ကာ ထိုသူ၏မျက်နှာကို ထိချင်ခဲ့သည်။
တွေးသည့်အတိုင်းပင် သူလုပ်ခဲ့လေသည်။ သူ၏လက်ကို ကို့ရို့ကားယားဖြင့်မြောက်ကာ ရွှယ်ယန်၏ပါးပေါ်တင်၍ အသာအယာပွတ်သပ်လိုက်သည်။
သူ ရွှယ်ယန်၏ခန္ဓာကိုယ်ကြွက်သားများ အချိန်တစ်ခုအတွင်း တောင့်တင်းသွားသည်ကို ခံစားမိလိုက်ရကာ ရွှယ်ယန်မှာ ယုံကြည်သက်ဝင်သူတစ်ဦးမှ အဆုံးတွင် ကောင်းချီးပေးခံလိုက်ရသကဲ့သို့ မလှုပ်ရဲဘဲ ဖြစ်နေသည်။
ရွှယ်ယန်၏မျက်လုံးများသည်သာ ပို၍ ပြင်းထန်လာသည်။
ကျွင်းဟွိုင်လန် သူ့ကိုတွေ့ရချိန်၌ အနည်းငယ်ရှက်ရွံ့နေမိသော်လည်း အဆုံးတွင် သူ၏အသိစိတ်ပြန်ဝင်လာပြီး တဖြည်းဖြည်းနှင့် ထိုနေ့ရွှယ်ယန်ပြန်လာစဉ်ကသူပြောခဲ့သည့်အရာကို ပြန်လည်မှတ်မိလာသည်။
ဤသည်မှာ နှစ်ဘဝလုံးတွင် ပထမဆုံးအဖြစ် ကျွင်းဟွိုင်လန် တစ်စုံတစ်ဦးကို အတူရှိရန် ကတိပေးခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ဖြည့်ဆည်းရန်အချိန်ကျလာပြီဖြစ်သည်။ သူ့ထံတွင် ဘဝနှစ်ခုစာအသိများရှိနေလျှင်ပင် ကျွင်းဟွိုင်လန်မှာ ထိုအရေးတွင် စာရွက်အလွတ်ကဲ့သို့ ဗလာဖြစ်နေကာ နုနယ်ပြီး ရှပ်ပြာပြာနိုင်သည်။
နောက်ဆုံးမှာတော့ သူ့ကိုယ်ပိုင်နှင့် အခြားသူ၏ခံစားချက်များကို သူ၏နှလုံးသားတစ်ခုလုံးဖြင့် တိုက်ရိုက်ရင်ဆိုင်နိုင်ပြီဖြစ်သော်လည်း ရွှယ်ယန်နှင့် မျက်နှာချင်းဆိုင်ရချိန်တွင်မူ သူ၏စိတ်တွင်းမှ တမ်းတမှုနှင့် ရှက်ရွံ့မှုတို့ကြောင့် နှလုံးသားတစ်ခုလုံး ခုန်ပေါက်နေကာ မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ပေ။
ခဏအကြာတွင် ကျွင်းဟွိုင်လန် သူ၏လက်ကို ရှက်ရွံ့စွာဖြင့် ပြန်လည်ရုတ်သိမ်းသွားလိုက်သည်။
သို့သော် သူ၏လက်ပြန်ရုတ်လိုက်သည်နှင့် ရွှယ်ယန်မှ ပြန်ဖမ်းဆွဲယူလိုက်ကာ တင်းတင်းညစ်၍ သူ့မျက်နှာပေါ်တွင် တင်းကြပ်စွာ ဖိထားခဲ့သည်။
ကျွင်းဟွိုင်လန်၏ခန္ဓာကိုယ်တစ်ခုလုံး ရွှယ်ယန်ထံမှ ဆွဲယူခံလိုက်ရပြီး သူထထိုင်မည်ပြုသော်လည်း ရွှယ်ယန်မှာ သူ့နောက်သို့ နီးကပ်စွာလိုက်၍ အိပ်ရာပေါ်သို့ ပြန်လည်တွန်းပို့လိုက်သည်။
ရွှယ်ယန် ကျွင်းဟွိုင်လန်၏ခေါင်းကို သူ၏လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားကာ သူနှင့် အိပ်ရာကြားတွင် ကျွင်းဟွိုင်လန်ကိုဖိထားလိုက်သည်။
" မင်းကကိုယ့်ကိုသေတဲ့အထိခြောက်နေတာပဲ.."
ရွှယ်ယန် ထပ်ပြောလိုက်သည် " မင်းကတကယ့်ကိုသောက်ကျိုးနည်း ကိုယ့်ကိုသေတဲ့အထိခြောက်လှန့်နေတာ…"
ရွှယ်ယန်၏ လောင်မြိုက်နေသော မျက်လုံးများနှင့် နွေးထွေးသည့်အသက်ရှုချက်တို့မှာ ကျွင်းဟွိုင်လန်ကို အတူတကွ တိုက်ခိုက်နေကြကာ သူ၏နားရွက်များကို ပူလောင်လာစေသည်။
ကျွင်းဟွိုင်လန် နူးညံ့စွာ ညည်းညူလိုက်ကာ ပြောလိုက်သည် " ဟုတ်ပါပြီ…"
ထိုအကွာအဝေးမှာ သူ၏ခုန်ပေါက်နေသည့်နှလုံးကို မဖိနှိပ်နိုင်သည့်အတူ အကြောင်းမရှိဘဲ ထိတ်လန့်နေခြင်းကြောင့် ကျွင်းဟွိုင်လန် သူ၏လွတ်နေသည့်လက်တစ်ဖက်ဖြင့် ရွှယ်ယန်၏ရင်ဘတ်ကို တွန်းလိုက်ရသည်။
ရွှယ်ယန်မှာမူ ရွေ့ပင်မရွေ့ဘဲ လှည့်ကွက်များလုပ်ဆောင်နေဆဲပင်။
" မင်းကိုယ့်ကို ဘယ်လိုကတိပေးထားလဲ မေ့သွားပြီလား…" ရွှယ်ယန် ကျွင်းဟွိုင်လန်ကို စိုက်ကြည့်ကာ အတင်းအကြပ်မေးလာခဲ့သည်။
သူမမေ့ခဲ့ပေ။ သူမေ့နိုင်မည်မဟုတ်..
သို့သော်လည်း ကျွင်းဟွိုင်လန်မှာ တစ်ဆင့်ပြီး တစ်ဆင့်သာ ဖြည်းဖြည်းချင်းလုပ်ဆောင်တတ်သူဖြစ်သဖြင့် ရွှယ်ယန်ကဲ့သို့ သူတို့အတူမရှိရသေးခင်မှာပင် အိပ်ရာပေါ်တွင်ဖိထားတတ်သူ ဓားပြမျိုးကို မည်သို့ခုခံနိုင်မည်နည်း။
ကျွင်းဟွိုင်လန် သူ့ကိုစိုက်ကြည့်ကာ သူ၏နှလုံးမှာခုန်ပေါက်နေပြီး ပြောစရာစကားမရှိဖြစ်နေသည်။
ရွှယ်ယန်မှာ အမှန်တကယ်ပင် သူ၏နှာခေါင်းကို မျက်နှာပေါ်သို့တွန်းပို့ရာတွင် အတော်ဆုံးသူဖြစ်လေသည်။
" ဘာလို့လဲ… မင်းကိုယ်မင်း အရူးလုပ်တော့မလို့လား…"
ကျွင်းဟွိုင်လန် အမြန်ပြန်ဖြေလိုက်သည် " မဟုတ်ပါဘူး…"
ရွှယ်ယန် အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်ကာ သူ၏လက်ဖဝါးတွင်းမှ ကျွင်းဟွိုင်လန်၏လက်ကို ညှစ်လိုက်သည်။
" အဲ့ဒါဆိုရင် မင်းကိုယ့်ကို ဘာကတိပေးထားလဲဆိုတာ မှတ်မိလား…"
ကျွင်းဟွိုင်လန်၏အသံမှာ ပျော့ပြောင်းသွားပြီး ရှက်ကာ အကြည့်လွှဲလိုက်သည်
" သေချာတာပေါ့ ငါမှတ်မိပါတယ်.."
ရွှယ်ယန်၏နှုတ်ခမ်းထောင့်များမှာ ဆက်လက်ထိန်းမထားနိုင်တော့ဘဲ ဆက်၍သာ အပေါ်သို့တက်လာနေသည်။ အကယ်၍သာ သူ့ထံတွင် အမြီးရှိနေပါက လေနှင့်အတူ ပျော်ရွှင်စွာ ဝှေ့ယမ်းနေမည်ပင်။
ရွှယ်ယန် မျက်နှာပေါ်မှ အပြုံးတစ်ပွင့်နှင့်အတူ ကျွင်းဟွိုင်လန်ကိုစိုက်ကြည့်ကာ မေးလိုက်သည်
" အဲ့ဒါဆို ကိုယ့်ကိုပြောပါဦး.. မင်းဘာကတိပေးထားလဲဆိုတာ…"
ကျွင်းဟွိုင်လန်တွင် ပြေးစရာမြေ မရှိတော့ချေ။
ထိုသူမှာ ရိုးရှင်းစွာဖြင့် အလွန်ဆိုးသည်ဟု သူခံစားလိုက်ရသော်လည်း သူလုပ်နိုင်မည့်အရာမရှိပေ။
ခက်ခဲနေဟန်ဖြင့် သူ၏မျက်လုံးများကိုဖွင့်ကာ ရွှယ်ယန်၏မျက်လုံးများကို ကြည့်လိုက်သည်။
ထိုပယင်းရောင်မျက်လုံးများမှာ အပြုံးများဖြင့် ပြည့်နှက်နေပြီး သူ့ထံတွင်ပင် ရောင်ပြန်ဟပ်နေသည်။
ကျွင်းဟွိုင်လန်၏နားရွက်များ နီမြန်းသွားပြီး ရွှယ်ယန်ကို ပြောလိုက်သည် " မျက်စိမှိတ်ထားလေ…"
ရွယ်ယန် ပြုံးကာ သူပြောသည့်အတိုင်း လိုက်နာခဲ့သည်။
ခဏအကြာတွင် ကျွင်းဟွိုင်လန် သူ၏လက်ကို ရွှယ်ယန်၏လည်ပင်းတွင် ချိတ်တွယ်လိုက်ကာ ရွှယ်ယန်ကို အောက်သို့ဆွဲချလိုက်ပြီး နီးကပ်စေလိုက်သည်။ သစ်သားနံ့ကဲ့သို့ မွှေးရနံ့မျိုးနှင့်အတူ ရိုးရှင်းသည့်အနမ်းတစ်ပွင့်မှာ ရွှယ်ယန်၏နှုတ်ခမ်းသားများထက်သို့ ကျဆင်းလာသည်။
ကျွင်းဟွိုင်လန် ခေတ္တခဏသာ အစပျိုးလိုက်ရပြီး ချက်ချင်းဆိုသလိုပင် ရွှယ်ယန်၏ရင်သပ်ရှုမောဖွယ်ရာ အနမ်းများဖြင့် လွှမ်းမိုးခံလိုက်ရသည်။
ရွှယ်ယန်မှာ သူ့ကဲ့သို့ စိတ်ဆတ်တတ်သူဖြစ်သည်။ သူ့ထံတွင် ကိုယ်ပိုင်လွှမ်းမိုးချုပ်ကိုင်မှုနှင့်မောက်မာမှုဟန်မျိုးရှိနေကာ အရာအားလုံးမှာ ထိုလွှမ်းမိုးမှုအပေါ်တွင် မှီခိုနေဟန်ရှိသော်လည်း သူ့ကို အနည်းငယ်သင်ပြနေသည်ဟုခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးထိုအနမ်းရှည်ကြီးထဲတွင် အသက်ရှုရန်အတွင် အချိန်များစွာမယူလိုက်ရပေ။ ကျွင်းဟွိုင်လန် အသက်ရှုပြတ်တောက်လာပြီး ရွှယ်ယန်ကို အတင်းအကြပ်တွန်းထုတ်လိုက်သည်။ သူမတွန်းလိုက်ခင်မှာပင် ရွှယ်ယန်သည်လည်း အတော်အတန် ဖရိုဖရဲဖြစ်နေခဲ့သည်။
ကျွင်းဟွိုင်လန်အပေါ်တွင် အုပ်မိုးလျက် ရွှယ်ယန်၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ သူ၏ဖျော့တော့နေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေကာ မပြုံးဘဲ မနေနိုင်ဖြစ်နေသည်။
ကျွင်းဟွိုင်လန်၏အသက်ရှုသံမှာ တည်ငြိမ်သွားသော်လည်း သူ၏မျက်နှာမှာမူ နီမြန်းနေဆဲပင်။
" ဘာတွေရယ်နေတာလဲ…" သူနူးညံ့စွာပြောလိုက်သည်။
ရွှယ်ယန် လှဲချကာ ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။
" ဘာလို့အဲ့လောက်တောင် မရိုမသေလုပ်နေတာလဲ.." ရွှယ်ယန်၏အက်ကွဲနေသောအသံနိမ့်နိမ့်ဖြင့် ရယ်မောသံနှင့်အတူ သူ၏ရင်ဘတ်မှ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်မှာ ကျွင်းဟွိုင်လန်၏အသားများကိုပင် ထုံကျင်လာစေသည်။
ကျွင်းဟွိုင်လန် ပြန်မဖြေဘဲ ရွှယ်ယန်၏မျက်နှာကို ကိုင်ကာ အကြိမ်အနည်းငယ်ခန့်မျှ ရွှယ်ယန်၏အနမ်းများနောက်သို့ လိုက်ပါသွားသည်။ တိတ်ဆိတ်နေသော အခန်းထဲတွင်မှ ထွက်ပေါ်လာသည့် နမ်းရှုံ့သံများမှာ ကျွင်းဟွိုင်လန်၏ပါးပြင်များကို ပူနွေးလာအောင် ပြုလုပ်နေခဲ့သည်။
" ကောင်းပြီ ကောင်းပြီ…" ကျွင်းဟွိုင်လန် လူပေါ်သို့ အတင်းတွယ်တက်နေသည့် ခွေးကြီးတစ်ကောင်ကို တွန်းလိုက်သကဲ့သို့ ရွှယ်ယန်၏မျက်နှာကို အားကုန်သုံးပြီးတွန်းဖယ်လိုက်ကာ " ဘယ်လိုဖြစ်ပြီးအဆုံးမရှိနိုင်ရတာလဲနော်.. ကောင်းကင်ကြီးက လင်းထင်းနေတုန်းပဲရှိသေးတာ.. ဘာတွေဖြစ်နေတာလဲ…"
ကျွင်းဟွိုင်လန်မှာ ဆူပုံနေပုံရသော်လည်း စကားအဆုံး၌ အသံမှာနူးညံ့သွားပြီး အေးစက်စက်ဖြင့် ပို၍ပင်ဆွဲဆောင်နေသည့်ပုံပေါ်လာခဲ့သည်။
ရွှယ်ယန် ညင်သာစွာရယ်မောလိုက်ပြီးနောက် ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။
" ကိုယ်ဘယ်လောက်တောင်အကြာကြီးသည်းခံခဲ့ရတာမလို့လဲ..နည်းနည်းပိုနမ်းတော့ကော ဘာဖြစ်လို့တုန်း…"
ကျွင်းဟွိုင်လန် ရှက်ရွံ့စွာ ပုန်းကွယ်လိုက်ခြင်းကြောင့် ရွှယ်ယန် သူ့ကို ထပ်မံဖိအားမပေးတော့ပေ။ သူ၏ဖိနပ်များကို ပစ်ထုတ်လိုက်ကာ အိပ်ရာပေါ်သို့ တိုက်ရိုက်တက်လာလိုက်သည်။
ကျွင်းဟွိုင်လန် မည်သည့်အရာမှ မလုပ်နိုင်ခင်မှာပင် ရွှယ်ယန် သူ၏လက်မောင်းအတွင်းသို့ ဆွဲသွင်းလိုက်သည်။
" ရွှယ်ယန်…"
ရွှယ်ယန် လိုက်ကာစကိုချလိုက်ချိန်တွင် အရာအားလုံးမှာ မှောင်ပိန်းသွားလေသည်။
" မနမ်းတော့ဘူးနော်.. ကိုယ့်ကိုဒီအတိုင်းလေးပဲ ဖက်အိပ်ခွင့်ပေးပါ.. ဟုတ်ပြီလား…"
ကျွင်းဟွိုင်လန် သူ၏ရင်ဘတ်ပေါ်မှ လက်ကို ကိုင်ထားကာ ခဏအကြာတွင် ဝတ်ရုံကို ဖြည်းဖြည်းချင်းဖြည်ချလိုက်သည်။
ရွှယ်ယန်ထိုသို့ အိပ်မောကျနေလိမ့်မည်ဟု ကျွင်းဟွိုင်လန် ထင်မထားခဲ့ပေ။
အချိန်အတန်ကြာအထိ ရွှယ်ယန်မှာ တိတ်ဆိတ်နေပြီး ကျွင်းဟွိုင်လန် သူ့အား အသံတိုးတိုးဖြင့် နှစ်ကြိမ်မျှခေါ်လိုက်သော်လည်း တုံ့ပြန်မလာခဲ့ချေ။
လိုက်ကာစကိုဖယ်ရှားကာ အပြင်ဘက်မှ အလင်းရောင်ဖြင့်ကြည့်ရှုလိုက်ချိန်၌ ရွှယ်ယန်မှာ အိပ်မောကျနေပြီးဖြစ်သည်။
ကျွင်းဟွိုင်လန်သည်လည်း ထပ်မံလှုပ်ရှားခြင်းမပြုတော့ဘဲ သူ့၏ဘေးတွင်သာ တိတ်တဆိတ်လဲလျောင်းလိုက်သည်။
ရွှယ်ယန်ထံတွင် ပုံမှန်အားဖြင့် တင်းမာနေသောမျက်ခုံးများသာရှိသော်လည်း သူအိပ်မောကျနေချိန်တွင်မူ အလွန်နာခံသည့်ပုံပေါ်နေသည်။ သူ၏မေးကို ကျွင်းဟွိုင်လန်၏ခေါင်းပေါ်တင်ထားကာ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားခဲ့သည်။
ရွှယ်ယန်၏ညင်သာသောအသံရှုသံကိုခံစားနေရင်းမှ ကျွင်းဟွိုင်လန်လည်း ရွှယ်ယန်နှင့်အတူအိပ်စက်လိုက်လေသည်။
ကျွင်းဟွိုင်လန် နေဝင်ရီတရောအချိန်ထိ အိပ်ပျော်နေပြီးမှ တဖြည်းဖြည်းချင်း နိုးလာခဲ့သည်။
ထိုအချိန်၌ တစ်စုံတစ်ရာမှာ မှားယွင်းနေသည်ဟု ကျွင်းဟွိုင်လန် ခံစားလိုက်ရသည်။
ရွှယ်ယန့်အား ထရန်နှိုးနေခဲ့သော်လည်း ထိုသူမှ နိုးမလာခဲ့ချေ။
ကျွင်းဟွိုင်လန် ရွှယ်ယန်ကို သတိတကြီးဖြင့် အလျင်အမြန်တွန်းကာ ဝတ်ရုံကိုရုံ၍ အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။ အပြင်ဘက်တွင်မူ တံခါးကိုစောင့်ကြပ်နေသည့် ကျင်းပေါင်မှအပ မည်သူမှမရှိချေ။
ကျွင်းဟွိုင်လန် ကျင်းပေါင်ကို အလျင်အမြန်သမားတော်ခေါ်ရန် ညွှန်ကြားလိုက်ရသည်။
ဝမ်ရယ် သတိလစ်နေကြောင်းကို ကြားလိုက်သည်နှင့် နတ်ဆေးဆရာကြီးကို ခေါ်ဆောင်ရန် ထိတ်လန့်တကြားဖြင့် ထွက်သွားလေသည်။ နတ်ဆေးဆရာကြီးမှ တောင်ပေါ်တွင် ပျင်းရိစွာ နေထိုင်ခဲ့ရာမှ ရုတ်တရက်ဆိုသလို ကျင်းလင်သို့လာကာ ဆေးညွှန်းများပေး၍ ဆေးကျိုရာတွင်လည်း ကြီးကြပ်ပေးခဲ့ရသည်။ ယခုအချိန်တွင် အလုပ်ပြီးဆုံးသွားပြီဖြစ်သောကြောင့် ခြံဝန်းထဲတွင် အေးအေးလူလူအနားယူနေလျက်ရှိသည်။
မပျော်မရွှင်ဖြင့် သန်းဝေလိုက်ကာ ကျင်းပေါ်ဆွဲခေါ်သွားရာ ကျွင်းဟွိုင်လန်၏ခြံဝန်းသို့လိုက်ပါလာသည်။
တံခါးဝတွင်စောင့်ဆိုင်းနေသည့် ကျွင်းဟွိုင်လန်ကို မြင်လိုက်ချိန်တွင် နတ်ဆေးဆရာကြီးမှာ အောင့်အီးမထားနိုင်ဘဲ ခြေဆုံးခေါင်းဆုံးကြည့်မိသွားသည်။
ကျွင်းဟွိုင်လန်မှာမူ အလောတကြီးဖြင့် " ဆရာကြီး သူ ဒီနေ့နေ့လည်ထဲက နိုးမလာတာကို ကျွန်တော်အခုသိလိုက်ရလို့ပါ.. ကျေးဇူးပြုပြီး အမြန်လေး အထဲကိုဝင်ကြည့်ပေးပါဦး…"
နတ်ဆေးဆရာကြီး၏နှုတ်ခမ်းထောင့်များကော့တက်သွားပြီး ကျွင်းဟွိုင်လန်၏ပုခုံးကို အသာအယာပုတ်လိုက်လေသည်။
" သူ့မှာ အမြင်ကောင်းတော့ရှိတာပဲ…" စနောက်လိုက်ကာ ကျွင်းဟွိုင်လန်ကို ကျော်ဖြတ်၍ ဖြည်းဖြည်းချင်းဝင်သွားလိုက်သည်။
ကျွင်းဟွိုင်လန်လည်း အလျင်အမြန်လိုက်ဝင်သွားရာ နတ်ဆေးဆရာမှ ကုတင်ဘေးတွင်ထိုင်လိုက်သည်ကိုမြင်လိုက်ရသည်။ လိုက်ကာစကို မ၍ တစ်ချက်ကြည့်လိုက်သော်လည်း သွေးခုန်နှုန်းပင်မတိုင်းဘဲ မေးလာခဲ့သည်
" အသက်ရှင်နေသေးတယ်မလား…"
ကျွင်းဟွိုင်လန်မှာ ကြောင်အသွားပြီး " သေချာတာပေါ့.. ဒါက.."
နတ်ဆေးဆရာကြီးမှ လိုက်ကာစကိုပြန်ဆွဲချလိုက်ကာ " အဲ့ဒါဆိုကောင်းတယ်.. သူ့ကိုပေးအိပ်လိုက်ပါ…"
ကျွင်းဟွိုင်လန် ရှုပ်ထွေးသွားရသည် " သူဘာဖြစ်တာလဲ…"
နတ်ဆေးဆရာကြီးမှာ အိပ်ရာပေါ်သို့ တစ်ချက်ကြည့်လိုက်ကာ " ကြားမိတာတော့ လွန်ခဲ့တဲ့ရက်တွေထဲက မအိပ်မနားဘဲ ယန်ကျိုးကနေ မြင်းကိုဒုန်းစိုင်းစီးလာတာလို့ပြောတယ်…သူ့အသက်ပဲလေ သူ့ဘာသူတော့မသတ်ပါဘူး…အပြည့်အဝနားပြီးရင် ပြန်ကောင်းလာလိမ့်မယ်…"
ကျွင်းဟွိုင်လန် အိပ်ရာပေါ်သို့ စိုက်ကြည့်နေခဲ့သည်။
သူ၏အမူအယာကို မြင်လိုက်ရချိန်၌ နတ်ဆေးဆရာကြီး၏မျက်နှာပေါ်တွင် စနောက်ချင်သည့် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
သူသည်အလွန်ယုတ်မာတတ်ပြီး ယခုအချိန်၌ လုပ်စရာအလုပ်လည်း မရှိသောကြောင့် ဤကိစ္စတွင် လောင်စာထပ်လောင်းပေးရပေမည်။
Xxxxxxxx