Chapter 134
သူ၏အမူအယာကို မြင်လိုက်ရချိန်၌ နတ်ဆေးဆရာကြီး၏မျက်နှာပေါ်တွင် စနောက်ချင်သည့် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
သူသည်အလွန်ယုတ်မာတတ်ပြီး ယခုအချိန်၌ လုပ်စရာအလုပ်လည်း မရှိသောကြောင့် ဤကိစ္စတွင် လောင်စာထပ်လောင်းပေးရပေမည်။
အဲ့ဒါတင်မကဘူး.." အနောက်သို့ တဖြည်းဖြည်း မှီလျက် ပြောလာခဲ့သည် " မနေ့ညတုန်းကလည်း ဆေးအတွက် သူတစ်ယောက်တည်း ဝံပုလွေသွားသတ်ခဲ့ရသေးတယ်လေ.. အဲ့ဒီသားရဲဆိုတာက ကိုင်တွယ်ဖို့လွယ်တာမဟုတ်ဘူး.. ပြီးတော့ အသက်ရှိနေတုန်းမှာ သွေးပါထုတ်ယူခဲ့ရတာ…"
ကျွင်းဟွိုင်လန် သူ့အားကြည့်လာသည်ကို မြင်သည်နှင့် နတ်ဆေးဆရာကြီးမှာ ထပ်ပြောလိုက်သည် " မင်းဒီနေ့သောက်ခဲ့ရတဲ့ဆေးက သူဝံပုလွေကိုသတ်လာတဲ့စီကရတာပဲ.."
ထိုသို့ပြောရင်းမှ လက်တစ်ဖက်ဖြင့် ထိုင်ခုံကို ထောက်ကာ ရှေ့သို့မှီလျက် လိုက်ကာစကိုမ၍ ရွှယ်ယန်၏လက်မောင်းကို မြောက်တင်လိုက်သည်။
အကျီလက်များကို ဆွဲချလိုက်ချိန်၌ ရွှယ်ယန်၏လက်မှာ ပေါ်ထွက်လာသည်။
ရွှယ်ယန်၏လက်ဖျံတွင် ပိတ်စပတ်ထားသည်ကိုမြင်လိုက်ရပြီး အကြည့်တစ်ချက်နှင့်ပင် ထိုအရာမှာ ရိုးရှင်းသော သာမန်ကာလျံကာကုသထားသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ယခုအချိန်တွင် သွေးများစိမ့်ထွက်နေရာ ဒဏ်ရာမှာ အနည်းငယ်ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။
နတ်ဆေးဆရာကြီးမှ ကျွင်းဟွိုင်လန်ကို ပြုံးလျက် ပြောလိုက်သည်။
" မင်းပြောတော့ သူကဒီတိုင်းသတိလစ်နေတာဆို.. ဒါကကံကြမ္မာပဲမဟုတ်ဘူးလား…"
...........
ကျွင်းဟွိုင်လန် အိပ်ရာဘေးတွင် တိတ်ဆိတ်စွာထိုင်နေသည်။
နတ်ဆေးသမားတော်၏ ယခုလေးတင်ပြောသွားသည့် စကားလုံးများက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
ယခုချိန်တွင် ရွှယ်ယန်၏ဒဏ်ရာများကို ပတ်တီးအသစ်များလဲလှယ်ထားပြီးပြီဖြစ်သည်။ သမားတော်က သူ့ရှေ့တွင် ပတ်တီးမလဲမီအချိန်ထိ ရွှယ်ယန် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားကြောင်းကို သူ မသိခဲ့ပေ။
သူ့ခန္ဓာကိုယ်ပေါ်မှ အမာရွတ်ဟောင်းများပေါ်တွင်ဒဏ်ရာအသစ်များက ဖုံးလွှမ်းလာပြီး အချို့နေရာများတွင် အရိုးပါ မြင်နေရသည်အထိ ဒဏ်ရာက နက်လွန်းနေသည်။
ကျွင်းဟွိုင်လန် မျက်လုံးအိမ်များ ပူလာသည်။
ရွှယ်ယန်က သူပြောသည့်အတိုင်းလုပ်တတ်သူဖြစ်၍ သူပြောခဲ့သည့်စကားများကို ကျွင်းဟွိုင်လန် ခိုင်မြဲစွာယုံကြည်နေမိသည်။
သူက သေဆုံးရမည်ကိုမကြောက်၍ သူ့ဘဝကို ကျွင်းဟွိုင်လန်၏ဘဝနှင့် ချည်နှောင်ထားမည်ဟု ပြောခဲ့သည်။ ကျွင်းဟွိုင်လန်၏ဘဝကို ကယ်တင်မည်ဟုပြောခဲ့ပြီးသည့်နောက်တွင်လည်း သေချာပေါက်ကယ်တင်ပေးခဲ့သည်။
သူက တစ်ကြိမ်တစ်ခါကမှ လိမ်ညာခဲ့ဖူးခြင်းမရှိပေ။
ယခုအချိန်တွင် အခန်းက တိတ်ဆိတ်နေပြီး မည်သူကမှ သူ့ကို လာမနှောင့်ယှက်ပေ။
ကျွင်းဟွိုင်လန်က အိပ်ရာဘေးတွင်ထိုင်နေပြီး ရွှယ်ယန့်ကိုခဏကြည့်နေကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။
သူ မတ်တပ်ရပ်လာပြီး ပြတင်းပေါက်အနားမှစားပွဲသို့ လျှောက်လာလိုက်သည်။
သူ့စာအုပ်နှင့် ပစ္စည်းကိရိယာများကို စားပွဲပေါ်တွင် အစီအရီတင်ထားသည်။ သူက စည်းကမ်းတင်းကြပ်သူဖြစ်၍ သူ့စားပွဲပေါ်မှ ပစ္စည်းများကို အခြားလူများက အလွယ်တကူထိကိုင်ခွင့် မရှိပေ။
အဘယ့်ကြောင့်ဆိုသော် သပ်ရပ်သန့်ရှင်းလှသည့် ဤစားပွဲပေါ်တွင် အခြားလူများမြင်တွေ့ခွင့်မရှိသော စာရွက်လေးရှိသည်ကို ကျွင်းဟွိုင်လန် ရှင်းလင်းစွာမှတ်မိနေသောကြောင့်ပင်။
အပြင်ဘက်တွင် အလင်းရောင်ရှိနေသည့်အချိန်ဖြစ်သော်လည်း ကျွင်းဟွိုင်လန်က စားပွဲပေါ်တွင် မီးအိမ်ထွန်းထားသည်။
တစ်စုံတစ်ခုကို သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်သင့်သည်ဟု ထင်လာသည်။
ယခင်ဘဝက ဖြစ်ပျက်ခဲ့သည့်အရာများက ယခုဘဝမှ ရွှယ်ယန်နှင့် မသက်ဆိုင်ပေ။ သူ့ရှေ့မှလူကို သူချစ်မြတ်နိုးပြီး တစ်ချိန်တည်းမှာပင် ထိုလူကလည်း သူ့ဘဝကို ကျွင်းဟွိုင်လန်ကို အပ်နှံထားခဲ့သည်။
ဤဘဝတွင်လည်း ကျွင်းဟွိုင်လန်နှင့် သူ့မိသားစုကို ထိုလူက အကြိမ်ပေါင်းများစွာ ကယ်တင်ထားခဲ့သည်ကလည်း ဆိုဖွယ်ရာမရှိတော့ပေ။
ထိုလူက အပြစ်ကင်းသူတစ်ယောက်ဖြစ်၍ ဤဘဝတွင်မဖြစ်ပေါ်သေးသည့်ကိစ္စများကို ထိုလူ့အပေါ် အပြစ်ပုံမချသင့်ပေ။
သူကိုယ်တိုင်က မှတ်မိနေသေး၍ ၎င်းက သူ၏တာဝန်သာဖြစ်သည်။
အကယ်၍ ကမ္ဘာပေါ်တွင် အကျိုးအကြောင်းနှင့် သက်ရောက်မှုအစစ်အမှန်တို့ ရှိခဲ့ပါက မချစ်သင့်သည့်လူကို ချစ်ခဲ့မိသည့်သူ့အပေါ်သို့ ပြစ်ဒဏ်ခတ်မှုကြီးကအနှေးနှင့်အမြန် ကျရောက်လာတော့မည်ဖြစ်သည်။ သို့ရာတွင် သူက ၎င်းကိုတောင့်ခံထားရန် အဆင်သင့်ဖြစ်နေခဲ့သည်။
မီးအိမ်ထွန်းပြီးသည့်အခါ ကျွင်းဟွိုင်လန်က စားပွဲအတွင်းရှိလျှို့ဝှက်နေရာထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ထိုစာအုပ်ကိုလှန်လိုက်သည့်အခါ သူမျှော်လင့်ထားသည့်အတိုင်း စာရွက်တစ်ရွက် ထွက်ကျလာသည်။
စာရွက်၏ ဘေးနှစ်ဖက်ကို စီစီရီရီဖြတ်တောက်ထားပြီး အခြားတစ်ဖက်တွင်မူ မညီမညာဖြစ်နေသည်။ တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် စာအုပ်တစ်အုပ်မှ ဖြဲယူလာသည့် စာရွက်တစ်စဖြစ်ကြောင်း သိနိုင်ပေသည်။
ကျွင်းဟွိုင်လန် စာအုပ်ကိုအောက်ချပြီး စာရွက်လေးကိုကိုင်ကာ မီးအိမ်ထဲထည့်ရန်ပြင်လိုက်သည်။
မီးတောက်များက တိတ်ဆိတ်စွာကခုန်နေသည်။
မီးအလင်းများက ကျွင်းဟွိုင်လန်၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေသည်။
သူ့လှုပ်ရှားမှုများ ခဏတာရပ်တန့်သွားပြီး စာရွက်ကိုလှန်လိုက်ကာ နောက်ဆုံးတစ်ကြိမ်ကြည့်ရန် ကြံရွယ်လိုက်သည်။
သူ့စိတ်ထဲတွင် ပြင်ဆင်ထားပြီးဖြစ်သော်လည်း စာရွက်ပေါ်မှ စာလုံးများကိုမြင်လိုက်သည့်အခါ ကြောင်အသွားမိသည်။
စာလုံးများက ပြောင်းလဲသွားခဲ့သည်။
စုတ်ချက်များလစ်ဟင်းနေခဲ့ပြီး ထူးဆန်းသည့်စာလုံးများရှိနေခဲ့၍ စာလုံးများကိုပင် မနည်းဖတ်ခဲ့ရသည့်နေရာတွင် စာလုံးများရောက်သည်။ ၎င်းက သူဖတ်ခဲ့သည့် စာအုပ်မှ အက္ခရာများပင် ဖြစ်သည်။
( သစ်ပင်မရှိခဲ့သလို တောက်ပတဲ့မှန်ကလည်း မပြိုလဲပဲ ရပ်နေနိုင်မှာမဟုတ်ဘူး )
ထိုစာလုံးများက စာရွက်ပိုင်းလေးတွင်ပေါ်လာပြီး မူလက မပြည့်မစုံဖြစ်နေခဲ့သည့်စာကြောင်းက လုံးဝပျောက်ကွယ်သွားသည်။
အရင်တုန်းက ဒီစာလုံးမရှိပါဘူး... ဘယ်က ရောက်လာတာလဲ...
ကျွင်းဟွိုင်လန်၏လက်ချောင်းများကို တင်းတင်းဆုပ်ထားလိုက်မိသည်။
သေမျိုးတစ်ယောက်က ဤမှတ်စုထဲမှ စာလုံးများကို ပြောင်းလဲပြီး တူညီသည့်အက္ခရာများကို အသုံးပြုထားရန် မဖြစ်နိုင်ပေ။
စာအုပ်ရဲ့ မူလပိုင်ရှင်ကပဲ အဲ့လိုလုပ်နိုင်မှာ...
ဒါဆို ဒီစာအုပ်ထဲ ရေးထားသမျှအကြောင်းအရာတွေအားလုံးက အလိမ်အညာတွေပေါ့...
အစတည်းက အမှန်မဟုတ်ခဲ့တဲ့အရာတွေကြောင့် သူ သံသယတွေများခဲ့မိတာလား...
တကယ်ကိုပဲ...
သူ့မှတ်ဉာဏ်ထဲရှိ ဤစာအုပ်ထဲတွင် ရေးသားထားသည့်ရွှယ်ယန်နှင့် ယခုသူသိသောရွှယ်ယန်က တစ်ယောက်တည်းမဟုတ်ပေ။
ထိုစာအုပ်ထဲ ရေးသားထားသမျှ အကြောင်းအရာအားလုံးက အတုအယောင်ဖြစ်နေပုံရသည်။
သို့ဖြစ်၍ ယခင်ဘဝက ရွှယ်ယန်က ကျင်းလင်ဟွမ်ကို ထိုသို့သောကိစ္စများ မပြုလုပ်ခဲ့ပဲ သူမြင်လိုက်သည့်အရာက စာအုပ်ပေါ်မှ စာကြောင်းတစ်ကြောင်းသာဖြစ်သည်။
ကျွင်းဟွိုင်လန် စာရွက်ကိုသာစိုက်ကြည့်နေပြီး အချိန် အတန်ကြာသည်အထိ အသံမထွက်နိုင်တော့ပေ။
တစ်ချိန်လုံး သူ့ကိုနှောင့်ယှက်နေခဲ့သည့် စိတ်ထဲတွင်စွဲနေသောအရာက ရုတ်ချည်းပျောက်ကွယ်သွား၍ ယခုလက်ရှိအချိန်တွင် သူ့စိတ်ကို မည်သည့်အခြေအနေတွင် ထားရမည်မသိဖြစ်နေသည်။
ခဏအကြာတွင် အတွင်းခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် အတက်အကျမရှိနေပဲ တည်ငြိမ်နေပြီး " ဒါက တကယ့်အဖြစ်မှန်ပဲ " ဟူသည့် ခံစားချက်ကသာ ကြီးစိုးသွားသည်။
တစ်ချိန်တည်းမှာပင် ရွှယ်ယန်ကို အလွန်အမင်း မြင်တွေ့ချင်လာပြီး သူ့လက်ကိုဆုပ်ကိုင်ကာ အနမ်းခြွေချင်စိတ်သာ ဖြစ်ပေါ်လာနေသည်။
သူ စာရွက်ကိုထားလိုက်ပြီး အတွင်းခန်းထဲသို့ ဝင်သွားလိုက်သည်။
ထိုစာရွက်အပိုင်းအစလေးက လေနှင့်အတူလွင့်ပြီး ဖယောင်းတိုင်အပေါ်ကျသွားကာ ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားသည်။
——
ညဘက်တွင် ကျင်းပေါင်က တစ်ကြိမ်ရောက်လာခဲ့သည်။
ကျွင်းဟွိုင်လန်အတွက် ဆန်ပြုတ်နှင့် အရံဟင်းပွဲအနည်းငယ် ပြင်ဆင်ထားပေးခဲ့ပြီးနောက် ကျင်းလင်၏ လက်ရှိအခြေအနေများကို လျှောက်တင်ခဲ့သည်။
နတ်ဆေးသမားတော်ညွှန်ကြားပေးခဲ့သည့် ဆေးညွှန်းက အကျိုးသက်ရောက်နှုန်း မြန်ဆန်လွန်းလှသည်။ လူနာအနည်းငယ်ကို စမ်းသပ်ပြီးသည့်အခါ အောင်မြင်သွားခဲ့၍ ကျန်ရှိနေသည့်လူနာအားလုံးကို တစ်နေရာတည်းတွင် စုဝေးပြီး ဆေးတိုက်ခဲ့သည်။
ထို့အပြင် မြို့ထဲမှ ဘုရင်ခံကွမ်းလင်နှင့်ပတ်သက်သည့် ကောလဟာလများကိုပါ ဖြေရှင်းပြီးသွားဖြစ်သွားခဲ့သည်။ တည်ငြိမ်သည့်ယုံနင်မြို့စားက ဤအသေးအဖွဲ့ကိစ္စများကို မူလတည်းက အရေးမစိုက်ထားပဲ လူအများကို ပြောချင်ရာပြောခွင့်ပြုထားခဲ့သည်။
ရောဂါပျောက်ကင်းအောင် ဆေးညွှန်းရေးပေးသည့် နတ်ဆေးသမားတော်ကို ဘုရင်ခံကွမ်းလင်က ယန်ကျိုးမှ ခေါ်ဆောင်လာပေးခဲ့ခြင်းဖြစ်ပြီး မြို့ထဲမှ လူနာများကို ပျောက်ကင်းအောင်တိုက်သည့် ဆေးထဲတွင် ဘုရင်ခံကွမ်းလင်ကိုယ်တိုင်သတ်လာပေးသည့် ဝံပုလွေသွေးပါဝင်ကြောင်း ပြောဆိုနေကြသည်။
သာမန်လူများအကြားမှ အတင်းအဖျင်းက ပျံ့နှံ့လွယ်လွန်းလှသည်။
ယခုချိန်တွင်မူ ကျင်းလင်မြို့တွင် ဘုရင်ခံကွမ်းလင်၏ ဂုဏ်သတင်းက ပျံ့နှံ့နေပြီး သုံးနှစ်အရွယ်ကလေးများသည်ပင် ကျင်းလင်မြို့မှလူအားလုံးကို ကယ်တင်ခဲ့သည်က ဘုရင်ခံကွမ်းလင်ဖြစ်ကြောင်း သိကြသည်။
နေ့တစ်ဝက်သာရှိသေးသော်လည်း ဤသတင်းက ပျံ့နှံ့နေပြီဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် အထိတ်တလန့်ဖြစ်နေသည့် ကျန်းနန်ဒေသတစ်ခုလုံးကို ဤသတင်းပျံ့နှံ့သွားမည်ဖြစ်သည်။
သို့ဖြစ်၍ ကပ်ဘေးကြီးက ပြင်းထန်ပြီး ကြောက်လန့်ဖွယ်ရာအခြေအနေဖြစ်ခဲ့သော်လည်း အချိန်မီတားဆီးနိုင်ခဲ့ပြီး ပျက်စီးမှုကြီးကြီးမားမား မဖြစ်ပေါ်သွားခဲ့ပေ။ ထိုအစား ကျန်းနန်မှ လူအများကြားတွင် ရွှယ်ယန်၏ ပြောင်မြောက်သောဂုဏ်သတင်းများသာ ကျန်ရစ်ခဲ့သည်။
ထိုအကြောင်းများကိုကြားသည့်အခါ ကျွင်းဟွိုင်လန်က နူးညံ့စွာမရယ်မောပဲ မနေနိုင်တော့ပေ။ ထို့နောက် အိပ်ရာပေါ်ကိုလှမ်းကြည့်လိုက်သည်။
ရွှယ်ယန်က သူမွေးဖွားပြီးချိန်မှစ၍ ဤကဲ့သို့သော ဂုဏ်သတင်းကောင်းမျိုး မရရှိခဲ့ဖူးပေ။ သူကကောင်းကင်ယံမှ နတ်ဆိုးကြယ်ဖြစ်ပြီး ယန်ယွင်ကျဆုံးပြီး တာ့ခ်လူမျိုးများ၏လက်ထဲ ကျရောက်သွားခဲ့ရသည်မှာလည်း သူ့ကြောင့်သာဖြစ်သည်။
ယခုအချိန်တွင်မူ သူက ကျန်းနန်ဒေသတစ်ခုလုံး၏ ကယ်တင်ရှင် ဖြစ်လာခဲ့သည်။
သို့သော်လည်း ကောလဟာလများ၏ပိုင်ရှင်က အိပ်မောကျနေဆဲဖြစ်သည်။
အလင်းရောင်အောက်မှ ကျွင်းဟွိုင်လန်၏ အပြုံးမျက်ဝန်းများထဲတွင် ချစ်ခင်မြတ်နိုးမှုများ ပါဝင်နေသည်။ သူ ကျင်းပေါင်ကို ခိုးကြည့်လိုက်သည့်အခါ ကျင်းပေါင်ကလည်း အရိပ်အကဲသိပုံရသည်။
ကျွင်းဟွိုင်လန်ကရွှယ်ယန်ကို မြတ်နိုးစွာကြည့်နေသည်ကို မြင်လိုက်ရသောအခါ ကျင်းပေါင်၏ အကြည့်များက နူးညံ့သွားခဲ့ရသည်။
ဒါက... သူ့သခင်က အောင်မြင်သွားတာများလား...
သူကတော့ စကားတည်တဲ့ ကွမ်းလင်ဘုရင်ခံဖြစ်ထိုက်ပါပေတယ်... ကောင်းကင်ပေါ်က ကြယ်တွေကိုတောင် သူက ခူးဆွတ်နိုင်လောက်တယ်...
ကျွင်းဟွိုင်လန် အကြည့်လွှဲလိုက်သည့်အခါ ကျင်းပေါင်နှင့် အကြည့်ချင်းဆုံသွားသည်။
ကျင်းပေါင်က သူ့သခင်အတွင် အံ့အားသင့်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို သတိမပြုမိခဲ့၍ ကျွင်းဟွိုင်လန်က သူ့ကိုဖမ်းမိသွားသည်။
သို့ရာတွင် သူလုံးဝ မကြောက်ရွံ့ပဲ သတ္တိရှိရှိသာ နေလိုက်သည်။
သူ့ရှေ့ကလူက ဘယ်သူမို့လို့လဲ... ကမ္ဘာပေါ်မှာ အကြင်နာဆုံးဖြစ်တဲ့ နတ်သားလေးလေ... သူ့ကိုလုံးဝအပြစ်တင်မှာမဟုတ်ဘူး... ပြီးတော့ သူက အနာဂတ်မှာ သူ့သခင်နဲ့ သက်ဆိုင်တဲ့လူဖြစ်လာတော့မှာလေ...
သခင်လေးက အရှင့်ရဲ့လက်ထဲရောက်သွားတယ်ဆိုတာ သိသာပေမယ့် တကယ်တော့ အရှင်ကသာ သခင်လေးဆီမှာ ကျရှုံးသွားတဲ့လူပဲ...
ကျင်းပေါင် ဖုံးကွယ်မနေတော့ပဲ ကျွင်းဟွိုင်လန်ကို ပြုံးပြလိုက်သည်။
" သခင်လေး... ကျွန်တော်မျိုးက အရှင့်ဘေးနားမှာ အမြဲခစားရတဲ့သူမို့ ဒီအစေခံကို ဘာမှဖုံးကွယ်မထားလည်းရပါတယ်..."
သူက ချစ်ခင်စဖွယ်ဖြစ်အောင်ပြုံးလိုက်ပြီး ချိုသာစွာပြောလာသည်။
" အစေခံတွေက လျင်မြန်ဖျတ်လတ်ပါတယ်.. သခင်တစ်ယောက်ကို ခစားတာနဲ့ နှစ်ယောက်ကို ခစားရတာ ကွာဟချက် ကြီးကြီးမားမား မရှိပါဘူး..."
ကျင်းပေါင်က သူတို့အကြောင်းသိထားသည်ကို ကျွင်းဟွိုင်လန် သဘောပေါက်လိုက်သည်။
သူ့မျက်လုံးများ အရောင်လက်သွားပြီး အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူ မငြင်းဆန်လိုက်ပေ။
" အပြင်လူတွေကို မပြောမိပါစေနဲ့..."
ကျွင်းဟွိုင်လန် ပြောလိုက်သည်။
ကျင်းပေါင်က ပျော်ရွှင်သွားသည့်ပုံဖြင့် ပြုံးလိုက်သည်။
" ကျွန်တော်မျိုး သဘောပေါက်ပါတယ်... ဒီအစေခံက နှုတ်အလုံဆုံးပဲ စိတ်ချပါသခင်..."
ကျင်းပေါင်က သူ့ကို သခင်လေး၊ မင်းသားလေးဟူ၍ပင် မခေါ်တော့ပဲ သခင်ဟုသာ တိုက်ရိုက်ပြောင်းလဲပြီး သုံးနှုန်းလိုက်သည်။
ကျွင်းဟွိုင်လန် သူ့ကိုလက်ညှိုးထိုးပြီး မပြောပဲမနေနိုင်တော့ပေ။
" မင်းတစ်ယောက်တည်း အမျိုးမျိုးဖြစ်နေတော့တာပဲ..."
ကျင်းပေါင်က သူ့ကိုပြုံးပြလိုက်သည်။
ကျွင်းဟွိုင်လန် ထပ်မေးလိုက်သည်။
" နတ်ဆေးသမားတော်က ဒီကပ်ရောဂါ ဘာလို့ဖြစ်တာလဲ ပြောသွားသေးလား..."
ကျင်းပေါင်၏အပြုံးက ပျောက်ကွယ်သွားပြီး သူ့ခေါင်းကိုသာကုတ်နေသည်။
" သမားတော် ပြောသွားတာကတော့ ဟွိုင်နန်မှာသီးတဲ့လိမ္မော်သီးကတော့ လိမ္မော်သီးပဲဆိုပေမယ့်၊ ဟွိုင်ပေမှာသီးရင်တော့ အဖုသုံးဖုနဲ့ အရွက်တွေပါတဲ့ လိမ္မော်သီးလို့ ပြောသွားပါတယ်..."
" ဒါက လင်းနန်က လူတွေလို့ဆိုလိုချင်တာထင်ပါတယ်... လင်းနန်တောင်ပေါ်က လူတွေက တောင်တွေပေါ်မှာပဲနေတဲ့ဓားပြတွေဆိုတော့ ရောဂါပိုးတွေများတဲ့နေရာမှာနေပြီး သူတို့စားတဲ့ အစားအသောက်တွေကလည်း အဆိပ်သင့်နေတတ်ပါတယ်တဲ့... သူတို့လိုလူမျိုးတွေကတော့ အဲ့လိုအဆိပ်မျိုးကို အကြမ်းခံနိုင်လို့ ဘာမှမဖြစ်ပေမယ့် ကျန်းနန်က လူတွေက တောင့်မခံနိုင်ကြဘူးလို့ ပြောသွားပါတယ်..."
ကျင်းပေါင်င ပဟေဠိဖြစ်နေဆဲဖြစ်ပြီး ဆက်ပြောလိုက်သည်။
" ဒီအစေခံ ခုထိ နားမလည်နိုင်သေးဘူး... လင်းနန်တောင်ပေါ်ကလူတွေက ဘာလို့ ကျန်းနန်ကို ရောက်လာရလာလဲ..."
ကျွင်းဟွိုင်လန် အေးခဲတောင့်တင်းသွားသည်။
လင်းနန်တဲ့လား...
Xxxxxxx