အပိုင်း ၁၃၅
Viewers 15k

Chapter 135


လင်းနန်၏ မြေမျက်နှာသွင်ပြင်အနေအထားက ရှုပ်ထွေးလှသည်။ မြေဆီလွှာက မကောင်းမွန်ပဲ တောင်များက မတ်စောက်ပြီး ချိုင့်ဝှမ်းများကလည်းနက်သည်။ သို့ဖြစ်၍ တောပုန်းဓားပြအများအပြားက တောင်များကိုအပိုင်စီးကာ ဘုရင်အဖြစ်အုပ်ချုပ်တတ်ကြသည်။

    

သို့ရာတွင် လင်းနန်က ဘုရင်ယွင်နန်၏နယ်မြေဖြစ်သည်။ 


ဘုရင်ယွင်နန် ဖြစ်ပေါ်လာခဲ့ရသည်မှာ ထိုက်ကျူက သူနှင့်အတူ တိုက်ခိုက်ခဲ့သည့် ညီငယ်လေးကို ယုံကြည်၍ ရာထူးတစ်နေရာပေးအပ်ထားခဲ့သောကြောင့်ဖြစ်သည်။ ကံကြွေးချစနစ်က လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာတည်းက ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ထိုက်ကျူ၏ညီငယ်ဖြစ်သူက အောင်မြင်မှုများစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီး တစ်ဖက်တွင်လည်း လင်းနန်၏မြေနေရာက ထူးခြားနေခဲ့သည်။ သို့ဖြစ်၍ ဤမြေနေရာက ဘုရင်ယွင်နန်၏ မျိုးရိုးအတွက် ကံကြွေးခံနယ်မြေ ဖြစ်ခဲ့ရသည်။


လင်းနန်မှ တောပုန်းဓားပြများက ဘုရင်ယွင်နန်၏ အတွင်းလူများဖြစ်ကြသည်။ ယခုလက်ရှိ ဘုရင်ယွင်နန်က ထီးနန်းကို အောင်မြင်စွာသိမ်းပိုက်ပြီးချိန်တွင် ဓားပြများကို ရာထူးများပေးအပ်ကာ အမှုထမ်းစေခဲ့သည်။ အချို့ကို စစ်သည်များအဖြစ် အသုံးချကာ ရိက္ခာနှင့် လစာငွေများပေးအပ်ခဲ့သည်။


ယခင်ဘဝတွင်မူ ယွင်နန်ဘုရင်က ထိုလူများကိုမှီခိုကာ စစ်တပ်ကို တိတ်တဆိတ်ဖွဲ့စည်းထားပြီးနောက် အင်အားများပြားလာချိန်တွင် ချန်အန်းသို့ရောက်ရှိလာပြီး  ထီးနန်းကို လုယူခဲ့သည်။

 

ကျွင်းဟွိုင်လန်၏ရင်ထဲတွင် မှန်းဆချက်အချို့ မှုန်တိမှုန်ဝါးဖြင့်ပေါ်လာသည်။


အကယ်၍ လင်းနန်မှ ဓားပြများက ကျန်းနန်သို့ ကျူးကျော်လာခဲ့သည်ဆိုပါက ၎င်းမှာ ဘုရင်ယွင်နန်၏ အကြံအစည်သာဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျန်းနန်မှ ဖရိုဖရဲဖြစ်မှုများတွင် ရှုမိသားစုဘက်မှ လူများသာမက ဘုရင်ယွင်နန်လည်း ပါဝင်နေသည့်သဘောသက်ရောက်သွားသည်။


ရှုမိသားစုက ငွေကြေးကြွယ်ဝသူများဖြစ်သော်လည်း ထိုငွေများ မည်သည့်နေရာသို့ ရောက်သွားခြင်းကိုမသိကြောင်း ရွှယ်ယန် ပြောပြခဲ့ဖူးသည်။

ရှုမိသားစုနဲ့ ဘုရင်ယွင်နန်က အရင်တည်းက အဆက်အသွယ်ရှိနေခဲ့ပြီးတော့ စစ်သားတွေအတွက် စရိတ်စကတွေကို သူတို့ဘက်က ထောက်ပံ့ခဲ့လို့ ရှုမိသားစုရဲ့ လမ်းမှာပိတ်နေတဲ့သူတွေကို သူတို့က ရှင်းပေးတာများလား...


ကျွင်းဟွိုင်လန်၏ အကြည့်များက နက်နဲလာသည်။


အာဏာရရှိလာပြီး မင်းသား၄ကို  နန်းတင်နိုင်ရန်အတွက်က ရှုမိသားစုအားလုံးကြံစည်နေသည့်ကိစ္စဖြစ်လိမ့်မည်။ 


သို့ရာတွင် ယခင်ဘဝမှ အဖြစ်အပျက်များကို ပြန်တွေးကြည့်မည်ဆိုပါက ရှုမိသားစုမှ သူတို့ကျွေးမွေးခဲ့သည့်ကျားက သူတို့လက်ကိုပြန်ကိုက်ခဲ့သည်ပင်။


ယခင်ဘဝတွင်မူ ဘုရင်ယွင်နန်က ရှုမိသားစုထောက်ပံ့ပေးထားသည့် စစ်တပ်ကြီးအပေါ်မှီခိုပြီး ချန်အန်းကို ချီတက်လာခဲ့သော်လည်း ရှုမိသားစု၏ကြင်နာမှုများကို ဂရုမစိုက်ခဲ့ပေ။ ထို့အပြင် ထီးနန်းဆက်ခံရမည့်လူက ရှုမိသားစု၏တိုက်ရိုက်အမွေခံဖြစ်သော မင်းသား၄ဖြစ်သည်ကိုလည်း အရေးမစိုက်ခဲ့ပေ။


ကျွင်းဟွိုင်လန် အတွေးများကို ပြန်ရုတ်သိမ်းလိုက်သည်။

    

ယခု ဤကိစ္စကို ခိုင်လုံသည့် အထောက်အထားများဖြင့် အတည်ပြုရမည်ဖြစ်သည်။ ၎င်းကိုသိရှိရန်အတွက် အရေးကြီးဆုအရာမှာ ကျန်းနန်သို့ ရောနှောဝင်ရောက်လာသည့် လူအုပ်စုကို ရှာဖွေရန်ဖြစ်သည်။


" ငါ ဖမ်းထားခိုင်းတဲ့လူတွေကို အကျဉ်းချထားတုန်းပဲလား..."


ကျင်းပေါင်က အလျင်အမြန်ပြန်ဖြေလိုက်သည်။ 


" သူတို့အားလုံး အကျဉ်းချထားပါတယ်... သခင့်ရဲ့အမိန့်မရှိပဲ ဘယ်သူ့ကိုမှ မလွှတ်ပါဘူး..."


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။


" အဲ့လူတွေဆီကို ငါကိုယ်တိုင်သွားပြီး စစ်မေးမယ်..."


ထိုလူများထဲတွင် ကျန်းနန်မှ သွေးထိုးလှုံ့ဆော်ခံရသူများကိုဖယ်ထုတ်လိုက်ပါက ခိုးဝင်လာသည့် ကျန်းနန်မှ ဓားပြများ သေချာပေါက်ပါရှိနေပေလိမ့်မည်။ ထိုလူများကို စစ်ဆေးရန်က လွယ်ကူသည်။ အဘယ့်ကြောင့်ဆိုသော် ရှုမိသားစုက ဤကိစ္စကို မည်မျှစောစီးစွာ စီမံထားသည်ဖြစ်စေ လွန်ခဲ့သည့် တစ်နှစ်ကထက် ပိုမစောနိုင်ပေ။


ကျင်းပေါင်က ပြောလာသည်။ 


" ဒါဆိုရင် အရှင်ဘယ်ချိန်သွားမလဲ ကျွန်တော်မျိုးကြိုပြီးစီစဉ်ထားပါ့မယ်..."


ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကိုကြည့်လိုက်သည်။ 


" သူ နိုးလာတဲ့အထိ စောင့်လိုက်ပါဦးမယ်..."


ကျင်းပေါင် တအံ့တဩဖြင့် အာမေဋိတ်ပင် ထွက်သွားမိသည်။


" ဒါလည်းကောင်းတာပဲ... ကျွန်တော်မျိုး ဆေးသွားကြိုလိုက်ပါဦးမယ်... အခု ကျင်းလင်မြို့က လူတွေအားလုံး ဒီဆေးသောက်ရမှာဆိုပေမယ့် အရှင်က မသောက်ရသေးဘူး... သူ နိုးလာရင် သခင်ပဲ ဆေးတိုက်ပေးပါဦး..."


ကျင်းပေါင် အပျော်လွန်သွားသည်။


သူ့သခင်က ဆေးသောက်ရသည်ကို အမုန်းဆုံးဖြစ်ပြီး မဖြစ်မနေမဟုတ်ပါက လုံးဝသောက်ပေ။ ဆေးသောက်ရမည်ကို အမြဲငြင်းဆန်နေတတ်ပြီး ဆေးမသောက်ရရန် နည်းလမ်းရှာတတ်သူဖြစ်သည်။


အခု သခင်လေးရှိနေပြီဆိုတော့ သူ ဒီဒုက္ခတွေ ခံစားစရာ မလိုတော့ဘူး...


........


ကျင်းလင်မြို့ကို ယခုအချိန်တွင် ပြန်လည်ပြင်ဆင်နေပြီး ရှုပ်ထွေးသည့် ကိစ္စများစွာလည်း ဖြစ်ပေါ်နေ၍ ယုံနင်မြို့စားက ထိုည၌ ယာမန်တွင်သာနေပြီး အိမ်တော်သို့ ပြန်မလာခဲ့ပေ။ 


ယာမန်ရုံးတော်မှ အစေခံတစ်ယောက်နှင့်အတူ ကျွင်းဟွိုင်လန်ကိုသာ အမှာစကားပါးခဲ့သည်။ အရာအားလုံးက အဆင်ပြေချောမွေ့နေပြီး ပြဿနာများဖြစ်ပေါ်ခြင်းလည်းမရှိ၍ စိုးရိမ်ခြင်းမရှိပဲ မိမိကျန်းမာရေးကိုသာ ဂရုစိုက်ရန် မှာကြားလိုက်သည်။


သူ့အဖေက သားသမီးများနှင့် လက်ပွန်းတတီးနေလေ့ မရှိသည်ကို ကျွင်းဟွိုင်လန်သိသည်။ သူအလွန်စိုးရိမ်နေသော်လည်း ဖုံးကွယ်ထားပြီး အေးစက်စက်ဖြင့်သာ စကားပါးလိုက်ကြောင်းကို ကျွင်းဟွိုင်လန် သဘောပေါက်ပေသည်။


ကျွင်းဟွိုင်လန်က ယာမန်မှအစောင့်လေး၏စကားများကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး အိမ်တော်မှ အစာပြေမုန့်များထည့်ပေးလိုက်သည်။ ယာမန်က ညာဘက်တွင် စားစရာများပြင်ဆင်မပေးသောကြောင့် သူ့အဖေဗိုက်ဆာနေမည်ကို စိတ်ပူသောကြောင့်ဖြစ်သည်။


အားလုံးစီစဉ်ပေးပြီးသည့်အခါ ကျွင်းဟွိုင်လန်က ခုတင်ဘေးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေပြီး ရွှယ်ယန့်ကို တိတ်ဆိတ်စွာ စောင့်ပေးနေသည်။ 


ရွှယ်ယန်က သန်းခေါင်ယံကျော်လွန်ပြီး သုံးရှီချန်ကြာမြှင့်သည်အထိ မနိုးလာခဲ့ပေ။ 


ခဏအကြာတွင်မှ အိပ်ရာပေါ်ရှိ လိုက်ကာအတွင်းမှ အသံတိုးတိုးကြားလိုက်ရသည့်အတွက် ကျွင်းဟွိုင်လန် ခေါင်းစောင်းပြီးကြည့်လိုက်သည်။ ရွှယ်ယန်က လက်တစ်ဖက်ကို တဖြည်းဖြည်းမြှောက်လိုက်ပြီး ‌မျက်လုံးများကို လက်ခုံဖြင့်ကာထားသည်။ 


အလင်းက စူးလွန်းသောကြောင့်ဖြစ်နိုင်၍ ကျွင်းဟွိုင်လန်က အမြန်ထလာပြီး ဖယောင်းတိုင်မီးကိုငြှိမ်းရန် ပြင်လိုက်သည်။


သူ ထမရပ်မီတွင် ရွှယ်ယန်က သူ့လက်ကောက်ဝတ်ကိုဆွဲလိုက်သည်။ 


" ဘယ်သွားမလို့လဲ..."

ရွှယ်ယန်၏အသံက ဩရှရှဖြစ်နေသည်။


" အလင်းရောင်က စူးနေတယ်မလား ဖယောင်းတိုင်နှစ်တိုင်ကို သွားငြှိမ်းမလို့လေ..."


ရွှယ်ယန်က စုတ်သပ်လိုက်ပြီး သူ့ကိုပြန်ဆွဲထားသည်။


" မစူးပါဘူး..."

စကားဆုံးသည်နှင့် အိက်ရာပေါ်တွင်ထထိုင်ပြီး ကျွင်းဟွိုင်လန်ကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ 


ကျွင်းဟွိုင်လန် မတုံ့ပြန်နိုင်မီအချိန်မှာပင် ရွှယ်ယန့်လက်နှစ်ဖက်က သူ့ခါးကိုဖက်တွယ်ထားလိုက်သည်။ 


" မလှုပ်ပါနဲ့ဦး... ကိုယ် မင်းကို ခဏလောက်ဖက်ထားချင်လို့ပါ..."


ရွှယ်ယန် ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန့်လက်ကို ဖမ်းဆွဲတော့မည့် သူ့လက်ကို ပြန်ရုတ်ထားလိုက်ရသည်။


ရွှယ်ယန်က သူ့ကို တိတ်ဆိတ်စွာဖြင့် ဖက်တွယ်ထားပြီး သူတို့နှစ်ယောက်လုံး စကားတစ်ခွန်းမှ မဟကြပေ။ 


အချိန်တစ်ခုကြာပြီးသည့်နောက်တွင်မှ ရွှယ်ယန်က နူးညံ့သည့်အသံဖြင့် ရယ်လိုက်သည်။


ကျွင်းဟွိုင်လန် သူ့ကိုမော့ကြည့်လိုက်သည့်အခါ ရွှယ်ယန်က ခေါင်းငုံ့လာပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။


" တကယ်ဖြစ်နေတာကိုး... ကိုယ်က အိမ်မက်မက်နေတယ်လို့ထင်နေတာ..."


ရွှယ်ယန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


သူ့အကြည့်များက ကျွင်းဟွိုင်လန်၏မျက်နှာပေါ်တွင်သာ ကျရောက်နေပြီး မျက်ဝန်းထဲတွင်လည်း အပြုံးများဖြင့် ပြည့်လျှံနေသည်။ 


ကျွင်းဟွိုင်လန်၏ နားရွက်များက အနည်းငယ်နီရဲနေပြီး သူ့ကျောပြင်ကို အသာအယာပုတ်ပေးလိုက်သည်။


" အိပ်ငိုက်နေတာဖြစ်မယ်..."


ရွှယ်ယန်က သူ့ကိုစိုက်ကြည့်နေဆဲဖြစ်ပြီး ပြုံးပြလိုက်သည်။


" အိပ်မငိုက်ပါဘူး ကိုယ်နိုးလာပြီလေ..."


ကျွင်းဟွိုင်လန်က ကုတင်အစွန်းတွင်မှီ၍ထိုင်လိုက်ပြီး ခေါင်းမော့ကာ ရွှယ်ယန့်နဖူးကို စမ်းလိုက်သည်။


" နိုးလာပြီလား... အဲဒါဆို ဒဏ်ရာဆိုဒဏ်ရာရထားတာကို ရေငုံနှုတ်ပိတ်နေပြီး ဘာလို့ ဘယ်သူ့ကိုမှ မပြောတာလဲ..."


ထိုအခါမှသာ သူ့ကိုယ်ပေါ်မှဒဏ်ရာကို ပတ်တီးအသစ်ပြန်စည်းထားကြောင်း ရွှယ်ယန် သိသွားသည်။

သူ့မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားရသည်။


ဒဏ်ရာက ကြောင်ကုတ်ရာထက်ကြီးနေတာကို ကျွင်းဟွိုင်လန်ကို ပြောပြချင်မယ်တဲ့လား ဘယ်သူက သူ့ကိုသွားပြောပြလိုက်တာလဲ ...


ကျွင်းဟွိုင်လန်က တစ်ချက်ကြည့်ရုံဖြင့် သူ့အတွေးကို သဘောပေါက်သွား၍ ခက်ထန်စွာပြောလိုက်သည်။

" ဘယ်သူမှမပြောဘူး ငါ့ဘာသာရှာတွေ့တာ..."


ရွှယ်ယန်၏ မကျေမနပ်ဖြစ်မှုများက အတော်အတန် လျော့ကျသွားသည်။


" မလိုတာတွေပြောကြတာပဲ..."

ရွှယ်ယန်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ 


ကျွင်းဟွိုင်လန်က ဘာစကားမှမပြောပဲ သူ့ကိုသာစိုက်ကြည့်နေသည်။ 


သူ့ပုံစံကိုမြင်၍ ရွှယ်ယန်က အလျင်အမြန်ပြောလိုက်ရသည်။


" ကိုယ် မေ့သွားလို့ပါ နောက်တစ်ခါ မဖြစ်စေရပါဘူး..."


ဆေးပန်းကန်ကိုင်ပြီးဝင်လာသည့်ကျင်းပေါင်မှာ ထိုမြင်ကွင်းကိုတွေ့လိုက်ရ၍ အသံကျယ်ကြီးဖြင့် ရယ်မိမတတ်ဖြစ်သွားသည်။


သူ့ရှေ့တည့်တည့်မှာ မြင်နေရတဲ့ နာခံမှုရှိပြီး ငြိမ်ကုပ်နေတဲ့သူက သူ့သခင်ငရဲမင်းကြီး ဟုတ်ရဲ့လား...ခွေးအကြီးကြီးတစ်ကောင်က သခင်ဆူလိုက်လို့ အမြီးကုပ်ပြီး ငြိမ်နေတဲ့ပုံနဲ့ တူလိုက်တာ...


ကျင်းပေါင် နှုတ်ခမ်းများတင်းတင်းစေ့ကာ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး ဆေးပန်းကန်ကိုင်၍ ဝင်လာသည်။ 


ဆေးကိုမြင်သည့်အခါ ရွှယ်ယန်က ကျွင်းဟွိုင်လန်ကိုကြည့်လိုက်သည်။ 

" မင်း နေမကောင်းသေးဘူးလား..."


" ငါ့ဖို့မဟုတ်ဘူး မင်းဖို့လေ..."


ရွှယ်ယန် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရတော့သည်။


" ကိုယ့်မှာ အဖျားမရှိဘူးလေ..."


ကျွင်းဟွိုင်လန် ကျင်းပေါင်ကိုလှမ်းကြည့်လိုက်သည့်အခါ ကျင်းပေါင်က မျက်ရိပ်မျက်‌ခြည်ပြလိုက်သည်။ သူ မပြောချင်တော့ပဲ ကျွင်းဟွိုင်လန်ကိုသာ ဖျောင်းဖျစေလိုသည့်ပုံဖြစ်သည်။


ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို သဘောကျစွာဖြင့် ကြည့်လိုက်သည်။

 

" ကျင်းလင်မြို့က လူအားလုံး လိုရမယ်ရသဘောမျိုးနဲ့ ဒီဆေးကို သောက်နေကြတယ်... အဆိပ်မိပြီးတော့ အဖျားမကြီးလာသေးခင် ဒီဆေးကိုသောက်ထားလိုက်ရင် နေမကောင်းမဖြစ်နိုင်တော့ဘူးလို့ နတ်ဆေးသမားတော်က ပြောတယ်..."


ရွှယ်ယန်က သူ့ကိုပြန်ပြောသည်။

" မင်း နေမကောင်းဘူးဆို ထပ်သောက်လိုက်လေ..."


ကျွင်းဟွိုင်လန် ကျယ်လောင်စွာရယ်မိသွားသည်။


" မင်းက ဆေးသောက်ရတာကြောက်တယ်လို့ ကျင်းပေါင်ပြောတယ် အဲဒါဟုတ်လား..."


ထိုစကားကြောင့် ရွှယ်ယန့် အမူအရာက ပြောင်းလဲသွားပြီး ကျင်းပေါင်‌ဆီသို့ ထသွားရန် ပြင်လိုက်သည်။


ဒီအစေခံကတော့ ကိုယ့်နေရာကိုယ်မသိဘူးပဲ မဟုတ်တာတွေ လျှောက်ပြောနေတယ်...


ဆေးသောက်ရတာကြောက်တယ်တဲ့ ငါ့ပုံက ဆေးသောက်ရတာ ကြောက်တဲ့ပုံပေါက်နေလို့လား...


ဒီလို ဆေးတစ်ခွက်က ဓားတစ်ချောင်းမှမဟုတ်တာ ဘာကိုကြောက်ရမှာလဲ... ဆေးက နည်းနည်းခါးတယ်လေ... အဲ့လောက် သောက်ရမ်းခါးနေ‌တဲ့ ဆေးအစုတ်ပလုတ်ကို ကိုယ်တွင်းအင်္ဂါတွေပါ ခါးသွားအောင် သောက်ရမှာလား... 


ရွှယ်ယန့် မျက်ဝန်းထဲတွင် ဒေါသဖြင့် ပြည့်နှက်သွားပြီး ထိုဒေါသမှတစ်ဆင့် ရှက်ရွံ့သည့် အမူအရာသို့ ပြောင်းလဲသွားသည်ကို ကျင်းပေါင် တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်သည်။ 

    

သူ့ပုံစံက အချိန်မရွေး ဓားနဲ့ထခုတ်တော့မလိုပဲ...


ကျင်းပေါင် ကြောက်လန့်သွားပြီး သူ့ခြေထောက်များ တုန်ယင်လာသော်လည်း ခြေထောက်နှင့်မြေကြီးကို သံဖြင့်ရိုက်ထားသကဲ့သို့ဖြစ်နေပြီး ထမပြေးနိုင်တော့ပေ။   


သို့ရာတွင် ကျွင်းဟွိုင်လန်က မတ်တပ်ရပ်လာသည်။ 


ထိုအချိန်တွင် ရွှယ်ယန်က ထရန်ပြင်နေရာမှ ရပ်သွားပြီး ကျင်းပေါင်၏ခြေထောက်များ တုန်ယင်နေရာမှ ရပ်တန့်သွားသည်။ 


ကျွင်းဟွိုင်လန်က ကျင်းပေါင်လက်ထဲရှိဗန်းပေါ်မှ ဆေးပန်းကန်ကိုယူပြီး ပြောလိုက်သည်။


" မင်း အရင်သွားနှင့်တော့..."


နတ်သားလေးက ဒုက္ခရောက်နေတဲ့လူကို ကယ်တင်လိုက်ပြန်ပြီ... 


ကျင်းပေါင် အလွန်စိတ်လှုပ်ရှားသွား၍ ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြီး  ဗန်းကိုကိုင်ကာ အမြန်ထွက်သွားသည်။


ကျွင်းဟွိုင်လန်က တစ်ဖက်သို့လှည့်ပြီး ခုတင်ဘေးတွင် ထိုင်လိုက်သည်။ 


ရွှယ်ယန်ကလည်း ခုတင်ပေါ်တွင် ထထိုင်လိုက်သည်ကို သူမြင်သည်။ သူ့မျက်နှာက အမူအရာမဲ့နေသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် မှိုင်တွေ ညှိုးငယ်နေသည့် ဝံပုလွေတစ်ကောင်နှင့် တူနေသည်။ 


" ကိုယ် မကြောက်ပါဘူး..."


သူက ခွန်းတုံ့ပြန်သကဲ့သို့ ခပ်တိုးတိုးရေရွတ်နေသည်။ 


ကျွင်းဟွိုင်လန်က လေသံပျော့ပျော့လေးဖြင့် ပြောလိုက်သည်။ 


" ကြောက်ရင်လည်း ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်..."


ရွှယ်ယန် လှမ်းကြည့်လိုက်သည့်အခါ ကျွင်းဟွိုင်လန်က ပန်းကန်ထဲမှ‌ဆေးကို တစ်ဇွန်းစာယူလိုက်ပြီး အေးအောင်မှုတ်ပြီးမှ ဇွန်းကိုသူ့ပါးစပ်နား ကပ်လာသည်။


သူကိုယ်တိုင် ကျွေးမလို့လား...


ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ် ငယ်စဉ်ကတည်းက ဂရုစိုက်လာခဲ့ခြင်းဖြစ်၍ ထိုသို့သောအရာများက သူ့အတွက် လွယ်ကူချောမွေ့နေခဲ့သည်။


သို့ရာတွင် သူ့ပုံစံက မီးအိမ်အောက်တွင် မည်မျှလှပနေသည်ကို သူမသိပေ။ 


ရွှယ်ယန်၏ အမူအရာက ပြောင်းလဲသွားလေသည်။


Xxxxxxxx