အပိုင်း ၁၃၆
Viewers 16k

Chapter 136


ကျွင်းဟွိုင်လန်၏ အမြင်တွင်မူ ရွှယ်ယန်က စိတ်ဆိုးဒေါသထွက်လွယ်သည့် ကလေးတစ်ယောက်ဖြစ်သော်လည်း ရွှယ်ယန့်အမူအရာများက သူ မသိလိုက်မီမှာပင် ပို၍ အန္တရာယ်များလာသည်။


" ဟို..."


ကျွင်းဟွိုင်လန်က ဇွန်းကို ကိုင်ထားနေဆဲဖြစ်၍ သတိမပြုမိလိုက်ပေ။

" ပြောလေ..."


ရွှယ်ယန်က သူ့ကိုသာ စိုက်ကြည့်နေသည်။


ရွှယ်ယန်က အချိန်အတန်ကြာသည်အထိ ပါးစပ်မဟလာ၍ ကျွင်းဟွိုင်လန်က သင်္ကာမကင်းစွာဖြင့် ကြည့်လိုက်သည်။


သူ့ကိုကြည့်နေသော ရွှယ်ယန်၏ ပယင်းရောင်မျက်လုံးများက လောဘကြီးသော သားရဲတစ်ကောင်နှင့် တူနေသည်။


" ဘာဖြစ်လို့လဲ..."


ထိုအချိန်မှသာ ကျွင်းဟွိုင်လန်က ယခုအခြေအနေက မည်မျှ အန္တရာယ်များကြောင်း သိလိုက်ရသည်။


သို့ရာတွင် ရွှယ်ယန်က လက်မြှောက်၍ ဇွန်းကိုင်ထားသည့် ကျွင်းဟွိုင်လန်၏ လက်ကိုတစ်ဖက်သို့လှည့်လိုက်သည်။ ထို့နောက် ဆေးထည့်ထားသည့်ဇွန်းကို ကျွင်းဟွိုင်လန်၏ပါးစပ်ထဲထည့်လိုက်သည်။


ကျွင်းဟွိုင်လန်မှာ မထင်မှတ်ထား၍ ဆေးခါးကြီးတစ်ငုံ သောက်လိုက်ရသည်။ 

    

သို့ရာတွင် ကျွင်းဟွိုင်လန်၏လည်တိုင်ကို လက်တစ်ဖက်က ဖိထားပြီး ရှေ့သို့ ကပ်စေလိုက်သည်။

    

ကျွင်းဟွိုင်လန်က သတိလက်လွတ်ဖြစ်သွား၍ သူ့လက်ထဲမှ ဆေးပန်းကန်ကို မနည်းထိန်းထားလိုက်ရပြီး ပူနွေးနေသည့်ဆေးများ သူတို့အကြားတွင် မှောက်မကျအောင် ပြုလုပ်လိုက်သည်။

 

သူ့နှုတ်ခမ်းများ ပူနွေးသွားပြီး ထိုအချိန်တွင် နွေးထွေးသည့် နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းများကို ဖိကပ်လာသည်။

 

ရွှယ်ယန်က သူ့နှုတ်ခမ်းများပွင့်ဟလာအောင် အကြမ်းပတမ်းစုပ်ယူနမ်းရှိုက်လိုက်ပြီး လျှာဖျားကပါ ကျွင်းဟွိုင်လန်၏ခံတွင်းထဲ ကျူးကျော်လာသည်။


သူ့ခံတွင်းထဲမှ ဆေးများကိုပါ တစ်စက်မကျန်စုပ်ယူလိုက်၍ ဘာမှမကျန်တော့သော်လည်း ထိုနှုတ်ခမ်းများက ဖယ်ခွာမသွားသေးပဲ တစ်စုံတစ်ခုကို အလိုရှိနေသကဲ့သို့ သူ့ကို နက်ရှိုင်းစွာ နမ်းရှိုက်နေသည်။


ခဏအကြာတွင်မှ အနမ်းက ရပ်တန့်သွားသည်။


ရွှယ်ယန်က သူ့နဖူးပြင်ကို ကျွင်းဟွိုင်လန်၏နဖူးနှင့် ထိကပ်ထားလိုက်ပြီး သူ့မျက်နှာထက်တွင်လည်း အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး တီးတိုးပြောလိုက်သည်။


" ဆေးက မခါးပါဘူး... တော်တော်ချိုတယ်..."

  

——

    

ရွှယ်ယန် ဆေးတစ်ပန်းကန်လုံးကို သောက်ပြီးသွားချိန်တွင် ကျွင်းဟွိုင်လန်၏ နားရွက်များက နီရဲနေပြီဖြစ်သည်။


ကျွင်းဟွိုင်လန် ခေါင်းငုံ့၍ ဆေးပန်းကန်ကို ဘေးနားချထားလိုက်ပြီး ရွှယ်ယန့်ကို ဆူပူလိုက်သည်။


" ပေါက်ကရတွေ..."


ရွှယ်ယန်က အောင်နိုင်သူကြီးကဲ့သို့ ရယ်မောလိုက်သည်။ 


သူတို့နှစ်ယောက်လုံး နေ့ဘက်တွင် အချိန်အတော်ကြာသည်အထိ အိပ်ထားကြ၍ ညနက်နေသော်လည်း အိပ်မငိုက်နေကြပေ။


ကျွင်းဟွိုင်လန် ဆေးပန်းကန်လုံးကို ပြန်ထားလိုက်ပြီးချိန်တွင် ရွှယ်ယန်က သူ့ကိုပြန်ဖက်ထားပြီး ရင်ခွင်ထဲထည့်လိုက်သည်။


" ဆေးလည်းအကုန်သောက်ပြီးသွားပြီလေ... ကိုယ်မင်းကို ခဏလောက် ဖက်ထားပါရစေဦး..."

ရွှယ်ယန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။


လူလည်ကျသည့်ကိစ္စများတွင်မူ ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို မည်သည့်အခါကမှ မယှဉ်နိုင်ခဲ့ပေ။


သူ ရွေးချယ်စရာမရှိတော့၍ ရွှယ်ယန် သူ့ကိုဖက်ထား

သည်ကို ခွင့်ပြုပေးလိုက်ရပြီး သူနှင့် စကားစမြည်ပြောနေလိုက်သည်။


သူတို့နှစ်ဦးက ကျင်းလင်မြို့မှ ကူးစက်ရောဂါအကြောင်းပါ ပြောဖြစ်ခဲ့သည်။ ကျွင်းဟွိုင်လန်က ရွှယ်ယန့်ကို သူ့မှန်းဆချက်များအကြောင်း ပြောပြခဲ့သည့်အခါ ရွှယ်ယန်ကလည်း သဘောတူသည်။


" အရင်ကဆို ယွင်နန်ဘုရင်က ဦးနှောက်သုံးတဲ့ လူစားမျိုးမဟုတ်ဘူး..."


ရွှယ်ယန်က သဘောမကျဟန်ဖြင့် ပြောလိုက်သည်။


" ကိုယ်က ပြဿနာမဖြစ်ချင်ပဲ ခုခံသူတွေ နယ်မြေခွဲပေးခိုင်းမှာစိုးလို့ နယ်စပ်ကမြေကို သူတို့အတွက်ထားခဲ့တာ..."


" ဘာက ပြဿနာဖြစ်နေမှန်းကို မသိနိုင်တော့ဘူး..."


ရွှယ်ယန်က သရော်သည့်ဟန်ဖြင့် ပြောလိုက်သည်။


ကျွင်းဟွိုင်လန်က သူ့ ကျောပြင်ကို ပုတ်ပေးနေသည်။


ကမ္ဘာပေါ်မှလူတိုင်းက ကျင့်ဝတ်များကို အာရုံစိုက်ကြသည်။ ဤကမ္ဘာမှလူတိုင်းက ကိစ္စတစ်ခုခုကို ပြုလုပ်သည့်အခါ အနာဂတ်တွင် သူတို့၏ဘိုးဘေးများကို အရှက်ရစေမည်လားဟု တွေးကြသည်။ ရွှယ်ယန်ကဲ့သို့လူမျိုးရှေ့တွင် ဘိုးဘေးများအကြောင်းပြောရန် မည်သူမျှ သတ္တိမရှိကြပေ။ 


ရွှယ်ယန် ပါးစပ်ပိတ်ထားသော်လည်း ထိုကိစ္စကို ရင်ထဲမထားလိုက်ပေ။ 


" ယွင်နန်ဘုရင်ကို ဒီတိုင်းထားမယ်ဆိုရင် အနှေးနဲ့အမြန် ပြဿနာဖြစ်လာတော့မှာပဲ..."


ကျွင်းဟွိုင်လန်က ဆက်ပြောသည်။


ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။


" ဧကရာဇ်က အမျက်တော်ရှနေတဲ့အချိန်ဆိုတော့ အမတ်ချုပ်ကြီးရှုကို ဆွဲချဖို့နည်းလမ်းတွေ စဉ်းစားနေတယ်... အဲ့အဖိုးကြီးက အရမ်းရဲတင်းလွန်းတော့ ဧကရာဇ်က ရုံးတော်ကို ဘယ်လိုဟန်ချက်ညီအောင်လုပ်ရမယ်ဆိုတာကိုပါ မေ့သွားအောင် လုပ်လိုက်တာပဲ..."


ရွှယ်ယန်က သရော်လိုက်သည်။

    

 ဤတစ်ကြိမ်တွင် ရှုရှန့်က ဧကရာဇ်ချင်းဖျင်၏ သည်းခံစိတ်ကို စမ်းသပ်လိုက်ရုံသာမက တစ်ချိန်တည်းမှာပင် ဧကရာဇ်ကို ကူကယ်ရာမဲ့သွားစေသည်။ ရှုရှန့်၏လူများက ဤကိစ္စကို ပြုလုပ်ခဲ့ကြောင်းသိသော်လည်း သက်သေပြစရာမရှိ ဖြစ်နေသည်။ ထိုကိစ္စကလည်း ရှုရှန့်၏ရှောင်တိမ်းတတ်မှုကြောင့်ဖြစ်သည်။


ဤတစ်ကြိမ်တွင် ရှုရှန့်က ဧကရာဇ်ချင်းဖျင်ကို မတိုးသာ မဆုတ်သာ အခြေအနေဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်။


" ဒါဆိုရင် တကယ်လို့ ဧကရာဇ်ချင်းဖျင်က ယွင်နန်ဘုရင်အကြောင်းကို သိသွားရင်တော့ သူ့ကို သေချာပေါက် ရှင်းပစ်မှာပဲ... ရှုမိသားစုကတော့ ချက်ချင်း မကျရှုံးသွားရင်တောင် ခြေတံတွေလက်တံတွေပြတ်ကုန်မှာပဲ...

    

ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။


ကျွင်းဟွိုင်လန်က အတွေးထဲနစ်မျောသွားပြန်သည်။


" ရှုရှန့် အထိနာသွားရင်တောင် သူ့လက်အောက်ငယ်သားတွေက ညီလာခံမှာရော နေရာအနှံ့မှာပါ ရှိနေတာပဲ...ဒီကိစ္စကို ဧကရာဇ်ဆီကို ချောချောမွေ့မွေ့ရောက်သွားပြီး‌ တော်ဝင်အမိန့်တော်တစ်စောင်ထုတ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ..."


အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်ကို အမိန့်လွှာတင်သွင်းရခြင်းမှာ အမှုထမ်းအဆင့်ဆင့်ကို ဖြတ်သန်းရသည်။ လျှောက်တင်လွှာက ဧကရာဇ်၏လက်ထဲ ရောက်သွားပါက ညီလာခံတွင် ဆွေးနွေးမည်မှာ ဧကန်မုချဖြစ်သည်။ ထိုအချိန်တွင် မှူးမတ်များက တိုင်းသူပြည်သားများနှင့် တိုင်ပြည်၏စီးပွားရေးအခြေအနေကို အကြောင်းပြကာ ဘုရင်ယွင်ယန်ကို သတ်ဖြတ်ပစ်ရန်အမိန့်တော်ချမှတ်ခြင်းကို ဖျက်ဆီးကြလိမ့်မည်။


သို့ရာတွင် ရွှယ်ယန်က ခပ်တိုးတိုးရယ်လိုက်သည်။


" အဲဒါကို စိတ်ပူစရာမလိုပါဘူး... စစ်ဆေးထားတဲ့ရလဒ်တွေထွက်လာပြီဆိုရင် ကျင်းယီဝေ့တွေကိုလွှတ်ပြီး ဧကရာဇ်ဆီကို တိုက်ရိုက်လျှောက်တင်လိုက်လို့ ရတာပဲ..."


ကျွင်းဟွိုင်လန်က သူ့ကို တအံ့တဩဖြင့်ကြည့်လိုက်သည်။


ရွှယ်ယန် ပြုံးနေသည့်ပုံက ကြွားဝါချင်နေသည့် ကလေးတစ်ယောက်နှင့်တူနေသည်။


" မင်းကြီးက အစောပိုင်းတည်းက လျှို့ဝှက်အမိန့်ချထားပြီးသားပါ... ကိုယ့်ရဲ့လျှောက်တင်လွှာက ဘယ်သူ့လက်ထဲမှ မရောက်ပဲ ကျင်းယီဝေ့တွေရဲ့ လက်ထဲကတစ်ဆင့် မင်းကြီးဆီကိုပဲ တိုက်ရိုက်ရောက်သွားမှာ..."


ကျွင်းဟွိုင်လန် သူ့စကားကြောင့် အံ့အားသင့်သွားရသည်။

 

ဧကရာဇ်ချင်းဖျင်က သတိကြီးပြီး သံသယစိတ်များသူဖြစ်ကြောင်းကို သူသိသည်။ သူ့မျက်လုံးထဲတွင်မူ ညီလာခံမှ မှူးမတ်များက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စစ်ဆေးနေပြီး ဟန်ချက်ညီအောင်ထားရှိထားရသည့် အရုပ်များသာဖြစ်သည်။ သူက မည်သည့်ဘက်တွင်မှ မရပ်တည်ပဲ သူတို့ကို အမြဲတမ်း တိုက်ခိုက်ခိုင်းထားမည်ဖြစ်သည်။ သူတို့ အလုပ်‌ကောင်းကောင်း လုပ်သည်မလုပ်သည်က အခြကိစ္စတစ်ရပ်ဖြစ်သည်။ အရေးကြီးဆုံးအရာမှာ မည်သူကမှ သူ့ကို မခြိမ်းခြောက်နိုင်ရန် ဖြစ်သည်။


သူဘာလို့ ရွှယ်ယန့်ကို အရမ်းမျက်နှာသာပေးနေရတာလဲ...


ရွှယ်ယန်က သူ့သံသယများကို သိပုံရသည်။


" ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ကံကြမ္မာက သူ့ကိုသတ်မှာမဟုတ်ဘူးဆိုတာ သိသွားလို့လေ...ကျန်တာတွေကတော့ ကိုယ့်မယ်တော် ကိုယ်လုပ်တော်ရုန်ကြောင့် ဖြစ်မှာပေါ့..."


သူက ထိုအကြောင်းကို ဂရုစိုက်ပုံမရပေ။ 


သူ ကျွင်းဟွိုင်လန်ကို ကြည့်လိုက်သည်။


" သူ အရင်တုန်းက ဘာတွေတွေးနေတယ်ဆိုတာ ကိုယ်သဘောမပေါက်ခဲ့ဖူး... အခုတော့ ကိုယ့်စိတ်ထဲ နားလည်လာသလိုပဲ..."


ကျွင်းဟွိုင်လန်၏အကြည့်များက ရှုပ်ထွေးသွားသည့်ပုံပေါ်သည်။


ရွှယ်ယန်က ခေါင်းငုံ့လာပြီး ကျွင်းဟွိုင်လန်နှင့် နဖူးချင်းထိလိုက်ပြီး မြတ်နိုးစွာဖြင့် သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။


သူ့လေသံက ဒွိဟဖြစ်စေသည့် ကျီစယ်မှုများပါဝင်နေသည်။


" မင်းသာ ကိုယ့်အတွက် သားလေးတစ်ယောက် မွေးပေးနိုင်စွမ်းရှိမယ်ဆိုရင်... သူက အမြဲတမ်းကိုယ့်ကိုသတ်ဖို့တွေးနေတဲ့ သားရဲကောင်လေးဖြစ်နေရင်တောင်မှ ကိုယ်သူ့ကို မုန်းနိုင်မှာမဟုတ်ဘူး..."


ရွှယ်ယန်မှာ ထိုနေရာ၌ပင် ကျွင်းဟွိုင်လန်၏ ကန်ချခံရလုဆဲဆဲဖြစ်သွားသည်။ 


သူ၏နောက်ပြောင်ကျီစယ်မှုများက ပြင်းထန်လွန်းလှ၍ ကျွင်းဟွိုင်လန် အလွန်ရှက်သွား၍ နားရွက်များနီရဲသွားပြီး ရွှယ်ယန့်ကိုတွန်းကာ ခုတင်ပေါ်မှ ပြေးဆင်းလုနီး ဖြစ်သွားသည်။ ရွှယ်ယန်က ကျွင်းဟွိုင်လန်ကို သူ့ရင်ခွင်ထဲ အမြန်ဖက်ထားလိုက်ပြီး ထွက်မပြေးသွားအောင် ဖိထားလိုက်သည်။ 


" စတာပါ... ကိုယ်ဒီတိုင်းစလိုက်တာ... ဘာလို့ အရမ်း ရှက်သွားရတာလဲ..."


ကျွင်းဟွိုင်လန် သူ့ကိုမော့ကြည့်လိုက်သည်။


ဒီလူက အရှက်မရှိတဲ့ဓားပြတစ်ယောက်လိုမျိုး အဲ့လိုမျက်နှာပြောင်တဲ့ စကားတွေပြောမယ်လို့ ထင်တောင်မထင်ထားဘူး...


ယောက်ျားနှစ်ယောက်က ဘာဖြစ်လို့ ကလေးရမှာလဲ...


ကျွင်းဟွိုင်လန်၏နားရွက်များက မီးခဲကဲ့သို့ နီရဲလာပြီဖြစ်သည်။


ရွှယ်ယန် အချိန်အတော်ကြာအထိ သူ့ကို ချော့လိုက်ရသည်။


သို့ရာတွင် ဒဏ်ရာကြောင့် ကျွင်းဟွိုင်လန်၏ခုတင်ပေါ်တွင် နေရမည့် အထူးအခွင့်အခွင့်အရေးက ပြန်ရုတ်သိမ်းခံလိုက်ရသည်။ 


" တစ်ရှီချန် နှစ်ရှီချန်လောက်ဆိုရင် အာရုဏ်တက်တော့မှာ မင်းပြန်သင့်ပြီလေ..."


ရွှယ်ယန် ခေါင်းငုံ့ထားလိုက်သည်။


" ကိုယ့်ကိုနှင်ထုတ်နေတာလား..."


သူ့အသံက အလွန်တိုးညှင်းနေသည်။ အစောပိုင်းတွင်မူ သူ့ပုံစံက ပျော်ရွှင်နေခဲ့သော ခွေးကြီးတစ်ကောင်နှင့်တူသော်လည်း ယခုအချိန်တွင်မူ စိတ်ပျက်အားငယ်နေသည့် ခွေးကြီးပုံစံဖြစ်သွားသည်။


သေချာပေါက် မင်းကိုနှင်ထုတ်ချင်တာပေါ့... မနှင်ထုတ်ရင် မင်း ဘာစကားတွေဆက်ပြောမယ်ဆိုတာ မတွေးရဲဘူး...


ကျွင်းဟွိုင်လန်က သူ့ရင်ထဲတွင် ခေါင်းငြိမ့်လက်ခံလိုက်မိသော်လည်း ရွှယ်ယန့်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ 


ယနေ့တွင် သူဖျား‌နာနေခြင်းဖြစ်၍ ရွှယ်ယန်က လာကြည့်ခြင်းမှာ အပြင်သူများ၏မျက်လုံးထဲတွင် တစ်စုံတစ်ရာမှားယွင်းနေခြင်းမရှိပေ။ သို့ရာတွင် မနက်ဖြန်မနက် အာရုဏ်တက်ချိန်တွင်မူ အိမ်တော်ထဲတွင် လူများစွာရှိနေမည်ဖြစ်ပြီး သူ့အဖေကလည်း အဝတ်အစားလဲရန် ပြန်လာမည်လား မသိနိုင်ပေ။ အကယ်၍ မနက်စောစောတွင် ရွှယ်ယန် သူ့အခန်းထဲမှ ထွက်လာပါက ကျိုးကြောင်းဆီလျော်မှုမရှိ ဖြစ်သွားနိုင်သည်။


ကျွင်းဟွိုင်လန်က ဤသို့သောခံစားချက်မျိုးကို မတွေ့ကြုံခဲ့ဖူးပေ။


အကယ်၍ သူတို့နှစ်ယောက်အကြားတွင် ဘာမှမရှိပါက တစ်ညတာ တူတူရှိခဲ့လျှင်လည်း သူ များများစားစားတွေးမိမည်မဟုတ်ပေ။ သို့သော်လည်း ယခုချိန်တွင်မူ နှစ်ယောက်အကြား ဤသို့သောဆက်ဆံရေးမျိုး ရှိနေပြီဖြစ်၍ အခြားလူများက ထူးဆန်းစွာ မတွေးလျှင်ပင် သူ့စိတ်ထဲ တစ်မျိုးတစ်ဖုံဖြစ်နေမိသည်။ 


သူခိုးများက အဘယ့်ကြောင့် လိပ်ပြာမလုံဖြစ်သည်ကို ကျွင်းဟွိုင်လန် နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။


" နှင်ထုတ်တာမဟုတ်ပါဘူး... ခဏနေရင် အာရုဏ်တက်တော့မှာဆိုတော့ အိမ်တော်ထဲမှာ လူတွေများလာတော့မှာလေ..."


ရွှယ်ယန်၏အကျင့်ဖြင့်ဆိုလျင် သူ နောက်ဆုတ်မည်မဟုတ်ကြောင်း ကျွင်းဟွိုင်လန်သိသည်။


ရွှယ်ယန် စိတ်ကသိကအောက်ဖြစ်သွားမိသည်။ 


အခုလေးတင် စစနောက်နောက်နဲ့ အဆင်ပြေနေသေးတယ်လေ...


ဒါပေမဲ့ ကျွင်းဟွိုင်လန်က အူကြောင်ကြောင်လေးဆိုတော့ သူ့ကို မစပဲမနေနိုင်တော့ဘူး...


ရွှယ်ယန် သူ့ဆံပင်ကိုလှန်တင်လိုက်ပြီးနောက် အိပ်ရာပေါ်မှထလာပြီး ဘေးနားတွင်ချိတ်ထားသည့် ဝတ်ရုံကို ပြန်ဝတ်လိုက်သည်။


သူ မကျေမနပ်ဖြစ်သွားသည်ကို ကျွင်းဟွိုင်လန်သိလိုက်သည်။


" မနက်ဖြန်မနက်ကျရင် ယာမန်ကိုသွားမှာ..."


အလျော်အစားအနေဖြင့် ကျွင်းဟွိုင်လန်က လက်ဦးမှုရယူပြီး နောက်နေ့မနက် အစီအစဉ်များကို ပြောပြလိုက်သည်။


" ဓားပြတွေက ထောင်ထဲမှာပဲ ရှိနေသေးတယ်... သူတို့ကို စစ်မေးပြီးတော့ ဒီနှစ်အနည်းငယ်အတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာကိုပါ စုံစမ်းရမယ်..."


ရွှယ်ယန်က မတ်တပ်ရပ်၍ ဝတ်ရုံကို ဝတ်လိုက်ပြီးသည့်အခါ ပြောလိုက်သည်။


" ဒါဆိုရင် မနက်ဖြန်ကျရင် ကိုယ်မင်းနဲ့အတူလိုက်လာ‌မယ်လေ..."


ကျွင်းဟွိုင်လန် မငြင်းဆန်လိုက်ပေ။


ဝတ်ရုံကို ကြိုးဖြင့်ချည်ရန်အချိန်တွင် ရွှယ်ယန်က သူကိုယ်တိုင်လုပ်နိုင်သော်လည်း အလွန်ပျင်းရိနေမိသည်။ သို့ဖြစ်၍ ကျွင်းဟွိုင်လန်ဘက်သို့လှည့်လာပြီး ဝတ်ရုံကြိုးကို ချည်ခိုင်းသည်။


ကျွင်းဟွိုင်လန်မှာ သူ့ကိုမငြင်းနိုင်သည့်အပြင် ရွေးချယ်စရာမရှိတော့၍ လက်ထဲထည့်ပေးသည့် ကြိုးထုံးကိုယူကာ ရွှယ်ယန်၏ခါးကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်လိုက်ပြီး ချည်ပေးရန်ပြင်လိုက်သည်။


သူက အခြားလူများကို ဤသို့မလုပ်ခဲ့ပေးဖူးပေ။ သူ့ဝတ်ရုံကို ကိုယ်တိုင်ဝတ်သည့်အချိန်တွင် အခြားလူများက ကူညီပေးခြင်းဖြစ်သည်။ သူ မည်သို့ချည်ကမည်ကိုသိသော်လည်း လုပ်နေကျမဟုတ်၍ မညီမညာဖြစ်ပြီး ကြည့်မကောင်းဖြစ်နေသည်။


ရွှယ်ယန်က သူ့ကိုစိုက်ကြည့်နေသည်။


ကျွင်းဟွိုင်လန်က ခါးမှကြိုးကိုချည်ပေးပြီး လက်ပြန်ရုတ်မည့်အချိန်တွင် ရွှယ်ယန်က သူ့လက်ကိုဆွဲပြီး ပြန်ဖက်ထားစေလိုက်သည်။

   


Xxxxxxx