အပိုင်း ၁၃၇
Viewers 15k

Chapter 137


ကျွင်းဟွိုင်လန်ကို သူ့ခါးကို ပြန်ဖက်ထားစေလိုက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်သည်။


ရွှယ်ယန်က ဤအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုဖက်ထားလိုက်သည်။


" ဒါဆို ကိုယ်သွားရတော့မှာလား..."


သူ ခေါင်းငုံ့လိုက်ပြီး ကျွင်းဟွိုင်လန်ကို တီးတိုးပြောလိုက်သည်။


ကျွင်းဟွိုင်လန်ကလည်း တိုးညှင်းစွာပြန်ဖြေလိုက်သည်။


" ကိုယ့်ကိုလွမ်းနေဖို့ မမေ့နဲ့နော်..."    

ရွှယ်ယန်က ခေါင်းငုံ့လိုက်ပြီးနောက် သူ့ဆံပင်များကို နမ်းလိုက်သည်။ 


ကျွင်းဟွိုင်လန်က အသံတိုးတိုးဖြင့် ရယ်လိုက်သည်။


" အလွန်ဆုံးကြာမှ နှစ်ရှီချန်လောက်ပဲကို..."


ရွှယ်ယန်က အလေးအနက်ပြောလိုက်သည်။

" ကိုယ်ကတော့ မင်းကိုလွမ်းနေမှာ..."


ကျွင်းဟွိုင်လန်၏နားရွက်များ ပူနွေးလာပြန်သည်။


အရေထူတဲ့လူတွေက ဆရာ မလိုပဲ အချစ်အကြောင်းတွေကို ပြောင်ပြောင်တင်းတင်းပြောနိုင်တာပဲ...


"ငါလည်း မင်းကိုလွမ်းနေမှာ" ဟု သူပြန်ပြောချင်သော်လည်း ကျယ်ကျယ်မပြောနိုင်၍ လည်ပင်းက အနည်းငယ် နီရဲလာသည်။ 


အဆုံးတွင် ခပ်တိုးတိုးဖြင့် "အင်း"ဟုသာပြန်ဖြေလိုက်မီ ရွှယ်ယန့်ကို မတွန်းလိုက်မီတွင် သူ့နှုတ်ခမ်းထောင့်ကို ထိရုံသာနမ်းလိုက်သည်။


၎င်းက ရွှယ်ယန့်စကားများကို တုံ့ပြန်သည့် အနမ်းသာဖြစ်သည်။ 


အနမ်းက လျင်မြန်ပြီး ရုတ်ချည်းဖြစ်သွားသော်လည်း ရွှယ်ယန်၏ အသက်ရှုသံများ မတည်မငြိမ်ဖြစ်သွားရသည်။ 


သူ ရုတ်တရက်ကြီး ထွက်မသွားချင်တော့ဘူး...


ရွှယ်ယန် နှစ်ကြိမ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ကျွင်းဟွိုင်လန်၏လည်တိုင်ကို ညင်သာစွာပွတ်လိုက်သည်။


" မင်းကတော့ ကိုယ့်ကိုသတ်နေတာပဲ..."


သူ အံကြိတ်ထားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


——

    

သူတို့နှစ်ယောက်က အမှန်တကယ်ပင် နှစ်ရှီချန်ခန့်သာ ခွဲခွာလိုက်ရခြင်းဖြစ်သည်။ တစ်ရှီချန်ကျော် ကြာသည့်အခါ အာရုဏ်တက်ချိန်ရောက်လာ၍ ဖုရိက အိပ်ဆောင်ထဲဝင်လာပြီး ကျွင်းဟွိုင်လန် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲနေသည်ကို စောင့်ပေးနေသည်။


ကျွင်းဟွိုင်လန်မှာ ရွှယ်ယန့်အကြောင်းစဉ်းစားနေ၍ အိပ်မပျော်ခဲ့ပေ။ 


ရွှယ်ယန်နှင့် ခဏသာ ခွဲနေလိုက်ရခြင်းဖြစ်သော်လည်း သူပြန်ထွက်သွားသည့်အချိန်တွင်လည်း ရွှယ်ယန့်အကြောင်း မတွေးပဲ မနေနိုင်ခဲ့ပေ။ 


ယခုချိန်တွင် သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်ခြင်းများ မရှိတော့ပဲ ရွှယ်ယန့်အကြောင်းတွေးလိုက်တိုင်းတွင် သူ့နှလုံးသားထဲ၌ ချိုမြိန်မှုများသာ ကျန်ရှိနေခဲ့တော့သည်။ 


သူက လင်ဟွမ်အတွက် ပုံပြင်စာအုပ်များဖတ်ပြလေ့ရှိပြီး ကိုယ်တိုင်ကလည်း အချစ်အကြောင်းရေးသားထားသည့် စာအုပ်များ ဖတ်ဖူးသူဖြစ်သည်။


သို့ရာတွင် သူ့အမြင်တွင်မူ ဤအရာအားလုံးက စိတ်ကူးယဉ်ဆန်ကာ ဖျော်ဖြေမှုအတွက် ရေးသားထားသည့်အရာများဖြစ်သည်။ 


သို့သော်လည်း ယခုအချိန်တွင်မူ စာအုပ်ထဲတွင် ရေးသားထားသော နူးညံ့ပြီး ချိုမြိန်သည့်ခံစားချက်များက အခြေအမြစ်မရှိခြင်းမဟုတ်ပဲ ထိုသို့သောခံစားချက်မျိုး ပေးစွမ်းနိုင်သည့်လူနှင့်တွေ့မှသာ ထိုအကြောင်းအရာများကို နားလည်လာနိုင်ကြောင်း သိခဲ့သည်။ 


အချိန်က နှေးကွေးစွာ ကုန်ဆုံးနေသည်ဟု ထင်ရသည်။


ဖုရိ အိမ်တော်ထဲ ဝင်လာပြီး ကိုယ်လက်သန့်စင်နေသည်ကို စောင့်ဆိုင်းနေချိန်တွင် ကျွင်းဟွိုင်လန်၏ပုံစံက အလျင်စလိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဖုရိက သူ့ကို ခိုးကြည့်နေပြီး ပြုံးလိုက်သည့်အခါမှသာ အသိစိတ်ပြန်ကပ်သွားသည်။


" ဘာဖြစ်လို့လဲ..."

ဖုရိကို သူကြည့်လိုက်သည်။


ဖုရိက မနက်စာပြင်ဆင်ပေးနေရာမှ ပြုံးလိုက်သည်။


" သခင်လေးက ခဏလောက်နေမကောင်းဖြစ်သွားလို့ ကိုယ်အလေးချိန်ကျသွားပေမယ့် မျက်နှာလေးကတော့ တောက်ပနေတာပဲ... နတ်ဆေးသမားတော်ပေးတဲ့ဆေးက တော်တော်အလုပ်ဖြစ်တာပဲလို့ တွေးနေတာပါ..."


ကျွင်းဟွိုင်လန်က မလုံမလဲဖြစ်သွား၍ အကြည့်လွှဲလိုက်သည်။

  

နတ်ဆေးသမားတော်၏ ဆေးက အလုပ်ဖြစ်သည်မှာ မှန်သော်လည်း ဤတစ်ကြိမ်တွင် စိတ်ကြည်လင်နေရခြင်းက အခြားသောအကြောင်းအရင်းတစ်ခုကြောင့်ဖြစ်သည်။


ကျွင်းဟွိုင်လန် အခန်းထဲမှထွက်လာချိန်တွင် အာရုဏ်ချိန်ရောက်ပြီး ကောင်းကင်ကြီးလည်း ထွန်းလင်းနေပြီဖြစ်သည်။ 


သူအပြင်ထွက်လာသည်နှင့် ကျင်းပေါင်က အပြုံးပန်းဝေဆာလျက် တံခါးတွင် ရပ်စောင့်နေသည်ကို မြင်လိုက်ရသည်။


" သခင်လေး ကောင်းသောမနက်ခင်းပါ ..."

သူက အပြုံးဖြင့်ပြောလိုက်သည်။


ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်သည်။

" မိန်းမစိုးကျင်းပေါင်..."    


ကျင်းပေါင်က သူ့အနားသို့ရောက်လာပြီး အသံကို တမင်မြှင့်၍ ပြောလိုက်သည်။


" သခင်လေး ယာမန်သွားမယ့်အကြောင်း အရှင်က ကြားထားပါတယ်...သခင်လေးနဲ့ သွားမယ့်လမ်းအတူတူပဲဆိုတော့ မြင်းလှည်းပြင်ထားပြီး စောင့်နေတာပါ..."


ကျွင်းဟွိုင်လန်က အကြည့်ပြန်လွှဲပြီး ခေါင်းငြိမ့်ပြလိုက်သည်။


သူတို့နှစ်ယောက်က ပြောစရာမလိုပဲ အလိုလိုနားလည်နေကြေသော်လည်း ဘာတစ်ခုမှ မသိထားသောဖုရိက အနည်းငယ် အံ့အားသင့်နေခဲ့သည်။


ကျင်းပေါင်၏သခင်က ဤနေရာတွင် ရှိ‌မနေ၍ ဖုရိက ရှေ့သို့ ထွက်လာပြီး ကျွင်းဟွိုင်လန်အစား ကျင်းပေါင်ကို ကျေးဇူးတင်လိုက်သည်။


" ကျေးဇူးတင်ပါတယ် မိန်းမစိုးကျင်းပေါင်... အရှင့်သားလည်း ကျွန်တော်တို့ကို စောင့်‌နေရတော့ အလုပ်ပိုသွားရပါပြီ..."


ကျင်းပေါင်က သူ့ကိုပြုံးပြလိုက်ပြီး သူတို့နှစ်ယောက်က ကျွင်းဟွိုင်လန်၏နောက်မှ ဘေးချင်းယှဉ်လျက် လျှောက်လာသည်။ 


" အလုပ်မပိုပါဘူး သခင်လေးနဲ့ အရှင်က ဆက်ဆံရေးကောင်းကြတာပဲ ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့... ကျေးဇူးတင်စရာမလိုပါဘူး မိသားစုတွေပဲကို..."


ဖုရိက အပေါ်ယံတွင် ထပ်ခါထပ်ခါ ပြန်ဖြေလိုက်သော်လည်း ရင်ထဲတွင် တီတိုးပြောနေမိသည်။


မိန်းမစိုးကျင်းပေါင်က ဘာလို့ လက်လွတ်စပယ်ပြောလိုက်ပါလိမ့်... သခင်လေးက အရှင်ကွမ်းလင်နဲ့ ရင်းနှီးတယ်ဆိုပေမယ့် သူပြောချင်တဲ့ မိသားစုဆိုတာ ဘယ်လိုကြီးလဲ...


ဒီမိန်းမစိုးက အရမ်းရဲတင်းလွန်းတာပဲ...


——

    

တံခါးဝသို့ရောက်သည့်အခါ ကွမ်းလင်ဘုရင်ခံ၏လှည်းက သူတို့ကို စောင့်ဆိုင်းနေပြီဖြစ်သည်။


ပုံမှန်နေ့ရက်များတွင် ဘုရင်ခံအိမ်တော်၏တံခါးတွင် မြင်းလှည်းများ မြင်းများဖြင့် ပြည့်နေတတ်သော်လည်း ယနေ့တွင် အလွန်တိတ်ဆိတ်နေသည်။


အဘယ့်ကြောင့်ဆိုသော် ရွှယ်ယန်က ယမန်နေ့ကမှ နတ်ဆေးသမားတော်ကို ခေါ်လာခဲ့သည်ဖြစ်ရာ ကျင်းလင်မြို့တွင်လည်း နာမကျန်းဖြစ်သူဦးရေ များပြားနေခဲ့ပြီး ကူးစက်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ထားရမည့်လူများလည်း ရှိနေသည်။ ဆည်ကို ပြန်လည်ပြင်ဆင်ရမည့်ကိစ္စများလည်းရှိနေ၍ ကျင်းလင်မြို့မှ အမှုထမ်းများအားလုံး ရုံးတော်တွင် အလုပ်များနေကြသည်။ 


ကံကောင်းသည်မှာ ရွှယ်ယန်၏ ကျင်းယီဝေ့ သက်တော်စောင့်များက လျင်မြန်ဖျတ်လတ်ကြ၍ ချန်အန်းမှ ရရှိလာခဲ့သည့် အစားအစာ၊ ဆေးဝါး၊ ရွှေငွေများကို ကျင်းလင်မြို့အတွင်း ယမန်နေညတည်းက ဝေခြမ်းပေးလိုက်ပြီးဖြစ်သည်။ 


လုပ်ရိုးလုပ်စဉ်အရဆိုလျှင် ဤကိစ္စများကို ကောရုန်ဝမ်က တိုက်ရိုက်ကိုင်တွယ်ရမည်ဖြစ်သည်။


ယမန်နေ့ညက ကောရုန်ဝမ်မှာ အနောက်ဘက်ဂိတ်တွင် စောင့်ဆိုင်းနေခဲ့ပြီး အစားအစာများကို ‌ပို့ဆောင်ပေးရန် အသင့်ရှိနေခဲ့သော်လည်း ကျင်းယီဝေ့အစောင့်များက အပြင်မှနေ၍ အနောက်ဘက်ဂိတ်သို့ ရောက်ရှိလာခဲ့သည်။ 


အမှုထမ်းများသာမက သာမန်လူများပါ ထိုနေရာကို ဖြတ်သန်းခွင့်မပြုတော့၍ ကောရုန်ဝမ်ကလည်း မြို့ထဲတွင် ပိတ်မိနေခဲ့သည်။ 


ကောရုန်ဝမ်မှာ ညှိနှိုင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ 


ကျင်းယီဝေ့များကိုဦးဆောင်လာသူက ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်ဖြစ်ပြီး စကားပြောရလွယ်မည့်ပုံပေါ်သည်။ မမျှော်လင့်ထားသည်မှာ သူမည်မျှဖျောင်းဖျသည်ဖြစ်စေ ထိုကလေးက လူစကားကိုနားမလည်သကဲ့သို့ သူ့ကို လျစ်လျူရှု့ထားသည်။ 


ခဏအကြာတွင် ကောရုန်ဝမ်က ဒေါသထွက်လာ၍  ရှေ့နှစ်လှမ်းတိုးလာချိန်တွင် ထိုကလေးက သူ့ဓားကိုထုတ်ကာ ကောရုန်ဝမ်ကို ရွယ်ထားလိုက်သည်။ 


သူက ခြောက်လှန့်ရုံသာမဟုတ်ပဲ ဓားကို ကောရုန်ဝမ်၏ဝတ်ရုံနှင့် အလွန်နီးသည့်နေရာအထိ ကပ်လာသည်။ 


သွေးထွက်ရန်အတွက် အနည်းငယ်သာ လိုတော့သည်။


ထိုအခါမှသာ ကောရုန်ဝမ်က ဘာမှမလုပ်ရဲတော့ပဲ အပြင်မှ ကျင်းယီဝေ့အစောင့်များက အတွင်းဘက်မှ ကျင်းယီဝေ့များနှင့် ပူးပေါင်းပြီး ရိက္ခာများနှင့် ငွေကြေးများကို သယ်ဆောင်ပြီး ကျင်းလင်ရုံးတော်သို့ တိုက်ရိုက်ပို့ပေးသည်ကို ကြည့်နေလိုက်ရတော့သည်။

   

ထိုလူငယ်လေးထံမှ ရိက္ခာများကို လွှဲပြောင်းယူသွားပြီး မြို့တွင်းသို့ ဆက်လက်ပို့ဆောင်ပေးသည့် ကျင်းယီဝေ့ကိုယ်ရံတော်ခေါင်းဆောင်က ကောရုန်ဝမ်၏ဘေးသို့ ရောက်လာသည်။


" လူကြီးမင်းကောလည်း ဒီကိုရောက်နေတာကိုး..."


ကောရုန်ဝမ်က မျက်နှာပျက်နေပြီဖြစ်သည်။


" ရုံးတော်က ကိစ္စတွေကို ကျင်းယီဝေ့တွေကို လွှဲပေးလိုက်တာ ကျုပ်တောင်မသိလိုက်ရဘူး... ပုံမှန်ဆိုရင်တော့ ဒီကိစ္စတွေကို ယုံနင်မြို့စားက ကျုပ်ကိုပဲလက်လွှဲပြီး လုပ်ခိုင်းနေကြပါ... ဒီတစ်ကြိမ်တော့ ကျုပ်..."


သို့ရာတွင် သူ့စကားများ ရပ်တန့်သွားရသည်။


ထိုလူက ယုံနင်မြို့စား၏နာမည်ကို သုံးကာ သူတို့ကိုဖိနှိပ်ချင်ပြီး အဆင့်ကျော်လုပ်သည်ဟု ပြော‌ချင်နေကြောင်းကို ကျင်းယီဝေ့ခေါင်းဆောင်က သိလိုက်သည်။ 


ခေါင်းဆောင်က မြေခွေးတစ်ကောင်ကဲ့သို့ အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။ 


၎င်းက စည်းမျဉ်းများကိုကျော်လွန်ခြင်းဖြစ်သော်လည်း သူတို့သခင်အတွက် စည်းမျဉ်းဟူသည့်အရာက အရေးမပါပေ။ 


ခွေးလိုမျိုးအရာရှိရဲ့ တွက်ချက်မှုတွေ မှားသွားပြီပဲ...


သူ ပြုံးလိုက်ပြီး ကောရုန်ဝမ်၏ပခုံးကိုပုတ်လိုက်သည်။


" ဒါ အဆင့်ကျော်ပြီးလုပ်မိတယ်ဆိုတာ ‌ဒီငယ်သားလည်းသိပါတယ်... ဒါပေမဲ့ အမိန့်ပေးတဲ့လူက ကျွန်တော်တို့ရဲ့အရှင်ဆိုတော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ..." 


သူက အေးအေးလူလူပင်ပြောလိုက်သည်။


" ရှန်တုန်းက အဖြစ်အပျက်လိုမျိုးထပ်မဖြစ်အောင် ဒီနေ့ကစပြီး ဘဏ္ဍာတိုက်ကို ကျင်းယီဝေ့တွေကိုပဲ စောင့်ရှောက်ခိုင်းတော့မယ်လို့ အရှင်က အမိန့်ချလိုက်ပါတယ်..."


ကောရုန်ဝမ် ကြောက်လန့်သွားရသည်။


ထို့နောက်တွင် ကျင်းယီဝေ့ခေါင်းဆောင်က ဆက်ပြောသည်။


 " အာ ဟုတ်သားပဲ... ရှန်တုန်းမှာလိုမျိုး အမှုထမ်းတွေက လာဘ်စားတဲ့ကိစ္စ ထပ်ဖြစ်မှာစိုးလို့ ကျင်းလင်မှာ ကပ်ဘေးဖြစ်ပြီးတည်းက ကုန်ကျတဲ့ငွေစာရင်းတွေ ရိက္ခာတွေကိုပါ အရှင်က ထပ်ပြီးတော့ သေချာစစ်ဆေးမယ်လို့ပြောတာကြားမိတယ်... ကျွန်တော်တို့က တိုက်ခိုက်ရုံလောက်ပဲတတ်တဲ့ လူကြမ်းတွေဆိုတော့ အရှင်ကိုယ်တိုင်ပဲ ဒါတွေ စစ်ဆေးရတော့မယ်ထင်တယ် ရှက်စရာတော့ကောင်းသားပဲ..."


ကောရုန်ဝမ်မှာ သူ့ကိုစောင်းမြောင်းပြောဆိုသည်ဟု ခံစားလိုက်ရသော်လည်း ယခုအချိန်တွင် ဤကိစ္စများကို ဂရုမစိုက်နိုင်သေးပေ။


ကျင်းယီဝေ့ခေါင်းဆောင် ပြောပြသွားသည့်ကိစ္စများကြောင့် သူ့တစ်ကိုယ်လုံး ကြက်သီးထသွားပြီး ‌စိတ်ထဲဗလာကျင်းသွားသည်။


သေချာစစ်ဆေးမယ်တဲ့လား... အဲ့အချိန်တုန်းက ရှုသခင်လေး အရေးတကြီးငွေလိုတယ်ဆိုလို့ ဆန်တွေနဲ့ လဲဝယ်ပြီး ‌ ပေးလိုက်မိတဲ့ငွေတွေကို ပြန်မထည့်ရသေးဘူး...


ထိုအချိန်တွင် ကျင်းယီဝေ့ခေါင်းဆောင်က သူ့နားကပ်လာပြီး အသံတိုးတိုးဖြင့် ရယ်လိုက်သည်။


" ဒါက နည်းနည်းတော့ အလုပ်ရှုပ်သွားမယ်ဆိုပေမယ့် ကောင်းတဲ့ကိစ္စပဲမလား... အနည်းဆုံးတော့ ပိုးလံကောင်တွေကို ရှင်းပြီးသားဖြစ်သွားတာပေါ့... လူကြီးမင်းကောလည်း အဲ့လိုမထင်မိဘူးလား..."


..........


ကျင်းပေါင်က ကျွင်းဟွိုင်လန် လှည်းပေါ်တက်ရအဆင်ပြေအောင် ကူညီပေးလိုက်သည်။


ပုံမှန်အချိန်တွင်မူ ဖုရိက လှည်းအတွင်းထဲထိလိုက်ပြီး သူ့ကို ခစားရခြင်းဖြစ်သည်။ သို့ရာတွင် ယနေ့၌ ကွမ်းလင်ဘုရင်ခံက လှည်းထဲတွင်ရှိနေ၍ ဘာလုပ်ရမည်မသိဖြစ်သွားသည်။


ကျင်းပေါင်ကိုလှမ်းကြည့်လိုက်သောအခါ ကျင်းပေါင်က သူ့ကိုဆွဲခေါ်သွားပြီး မြင်းလှည်းအပြင်တွင် တူတူထိုင်ခိုင်းလိုက်သည်။ 


" အပြင်မှာပဲနေပြီး အေးအေးဆေးဆေး နားကြတာပေါ့..."

ကျင်းပေါင်က အပြုံးလေးဖြင့် ပြောလိုက်သည်။ 


ဖုရိ တွန့်ဆုတ်သွားသည်။

" ဒါက..."


ကျင်းပေါင်က သူ့ကိုမျက်စပစ်ပြပြီး လှည်းအပြင်ဘက်တွင်နေရန် အချက်ပြလိုက်သည်။


ဖုရိ သဘောပေါက်သွားသည်။ မြင်းလှည်းထဲမှသခင်က အခြားသူများနှင့် အနီးကပ်နေရသည်ကို သဘောမကျသည့်ပုံပေါက်သည်။


သူ ကျင်းပေါင်ကို ကျေးဇူးတင်စွာဖြင့်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြကာ လှည်းအပြင်ဘက်တွင် သူနှင့်တူတူထိုင်လိုက်သည်။ 


သူ မသိလိုက်သောအရာမှာ "အခြားသူများနှင့် အနီးကပ်နေရသည်ကို သဘောမကျသည့်" အထဲမှလူက သူ့သခင်လေး မြင်းလှည်းပေါ် ရောက်သွားသည်နှင့် လက်ကိုဖမ်းဆွဲပြီး ရင်ခွင်ထဲထည့်ထားလိုက်သည်ကိုပင်။ 


ကျွင်းဟွိုင်လန်က ဒယိမ်းဒယိုင်ဖြစ်သွားသော်လည်း နာကျင်သွားရမည့်အစား ရွှယ်ယန်၏ ရင်ခွင်ထဲ ကျရောက်သွားရသည်။


ချက်ချင်းပင် စန္ဒကူးရနံ့များက သူ့ကိုလွှမ်းခြုံသွားသည်။ 


ရွှယ်ယန်က သူ့ခါးကိုဖက်ထားပြီး နှစ်ယောက်တည်းသာကြားနိုင်သည့် အသံတိုးတိုးဖြင့် မေးလိုက်သည်။

" ကိုယ့်ကိုလွမ်းနေလား..."


ကျွင်းဟွိုင်လန်က အကြည့်လွှဲလိုက်ပြီး သူ့ကိုအမြန်တွန်းလိုက်သည်။ 

" ပြဿနာ မရှာပါနဲ့..."


သို့ရာတွင် ရွှယ်ယန်ကို သူ့ရှေ့ကိုတဖြည်းဖြည်းကပ်လာပြီး ပြောလိုက်သည်။


" ကိုယ်ကတော့ မင်းကိုအရမ်းလွမ်းနေခဲ့တာ... မင်းအခန်းထဲမှာပဲ တစ်ချိန်လုံးနေချင်တယ်..."


သူ့စကားပြောလိုက်ချိန်တွင် ဝင်လေထွက်လေများက ကျွင်းဟွိုင်လန်နှင့် နီးကပ်လွန်းနေသည်။


သူ တဖြည်းဖြည်းနီးကပ်လာပြီး ပြောလိုက်သည်။ 

" ကိုယ် မင်းအခန်းထဲကို ပြတင်းပေါက်ကနေခုန်ဝင်ပြီး မင်းအိပ်နေတဲ့အချိန်မှာတောင် တိတ်တိတ်လေးလာနမ်းချင်နေတာ..."


ကျွင်းဟွိုင်လန်၏ နားရွက်များက နီရဲပြီး ပူနေပြီဖြစ်သည်။


ဒီလူ ဘာဖြစ်လို့ အဲ့စကားတွေကို အေးအေးဆေးဆေးပြောနိုင်ရတာလဲ...


သူ ရွှယ်ယန့်ကို အကြိမ်ပေါင်းများစွာတွန်းလွတ်လိုက်သော်လည်း ရွှယ်ယန်က လုံးဝရွေ့မသွားပဲ ခပ်တိုးတိုးရယ်လိုက်သည်။ 

" ဘာလို့ အဲ့လောက်ချစ်စရာကောင်းရတာလဲ..."


ကျွင်းဟွိုင်လန်သည်လည်း ဘာပြောရမည်ကို မသိတော့ပေ။ 


ရွယ်ယန့်ကို တွန်းပြီး သူနှင့် မနီး‌မဝေးတွင် ထိုင်ချလိုက်သည့်အခါ ရွှယ်ယန်က သူ့အနားကပ်လာပြန်သည်။


ကျွင်းဟွိုင်လန်အနားကို ကပ်မနေရပါက သေသွားတော့မည့်ပုံ ဖြစ်နေသည်။

    


Xxxxxxx