Chapter 138
ကျွင်းဟွိုင်လန် သူ့ကိုနောက်တစ်ကြိမ်တွန်းထုတ်တော့မည့်အချိန်တွင် ရွှယ်ယန်က လက်ထဲကို စာအုပ်ငယ်လေးတစ်အုပ်လာထည့်သည်။
" ဒီမှာ ကိုယ်မနေ့က သွမ့်ရှီးရှီးကို စစ်ခိုင်းလိုက်တယ်... မင်း တစ်ယောက်ချင်းစီ စစ်နေစရာမလိုတော့ဘူး ဒါနဲ့ တိုက်ပြီးစစ်ရင်ရပြီ..."
ကျွင်းဟွိုင်လန်စာအုပ်လေးကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုရက်က ပြဿနာရှာခဲ့သော အလုပ်သများများ၏ ကိုယ်ရေးအချက်အလက်များကို ရေးထားသည်ကို တွေ့လိုက်ရသည်။
ထိုလူများအကြားတွင် အနီဝိုင်းဝိုင်းထားသည့်လူက ကျန်းနန်ဇာတိမဟုတ်ကြပေ။ ထိုလူများက မတူညီသည့် အကြောင်းအရင်းများဖြင့် လွန်ခဲ့သည့်သုံးနှစ်မှစကာ ကျန်းနန်သို့ ပြောင်းလာခဲ့ကြသူများဖြစ်သည်။
ထိုလူအားလုံးက လင်းနန်မှဖြစ်သည်။
သို့ရာတွင် သူတို့အားလုံးက ကိုယ်ရေးအချက်အလက်အတုများဖြင့် ကျန်းနန်သို့ ရောက်လာခဲ့ကြသူများဖြစ်၍ ဓားပြများ ဟုတ်မဟုတ် မပြောနိုင်ကြပေ။
ကျွင်းဟွိုင်လန် အလေးအနက်တွေးတောနေမိသည်။
မှတ်တမ်းများထဲတွင် မတွေ့ရသော်လည်း လင်းနန်မှ တောပုန်းဓားပြများက ယွင်နန်ဘုရင်ထံတွင် လက်နက်ခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။ ယခင်ကမူ သူတို့အားလုံးက ဓားပြများဖြစ်ပြီး လင်းနန်တွင်ကြီးစိုးခဲ့ကြသူများဖြစ်သည်။ သူတို့အားလုံးက ခန္ဓာကိုယ်တွင် အမှတ်အသားများ မချန်ထားရစ်ခဲ့၍ ဓားပြများဖြစ်ကြောင်း သက်သေမပြနိုင်ဖြစ်နေသည်။
သို့ဖြစ်၍ သူတို့နှင့်တူတူရောက်လာခဲ့သည့် သာမန်လူများက ကိုယ်ရေးအထောက်အထားများက အတုအယောင်ဖြစ်သွားပြီး ဤတစ်ကြိမ် ကျန်းနန်ဒေသတွင် အုံ့ကြွမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဤအထောက်အထားများဖြင့်ဆိုပါက သူတို့မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောရန်က မခက်ခဲတော့ပေ။ ဝန်ခံချက်များရရှိသည်နှင့် ချန်အန်းသို့ တိုက်ရိုက်ပို့ဆောင်နိုင်မည်ဖြစ်သည်။
ကျွင်းဟွိုင်လန်က စာအုပ်လေးကို ဘေးနားချထားလိုက်သည်။
" မနေ့ကမှ ဒီအကြောင်းတွေသိရတာမလား ဒါတွေဘယ်လိုလုပ် ရလာတာလဲ..."
ကျွင်းဟွိုင်လန် သင်္ကာမကင်းစွာဖြင့် မေးလိုက်သည်။
ရွှယ်ယန်က ထိုသတင်းကို မနေ့ကမှ သိခဲ့ရသည့်အပြင် ပင်ပန်းလွန်း၍ ယနေ့မနက်အာရုဏ်တက်ချိန်အထိ အိပ်မောကျသွားခဲ့ခြင်းဖြစ်သည်။
ရွှယ်ယန်က ဂရုမစိုက်ပေ။
" တစ်ညဆိုတဲ့အချိန်က သွမ့်ရှီးရှီးအတွက် လိုအပ်တာထက်တောင် ပိုနေသေးတယ်..."
ကျွင်းဟွိုင်လန်မှာ ရွှယ်ယန့်အနားမှ လူငယ်လေးကို အထင်ကြီးသွားရသည်။
သူက ကျွင်းရှောင်ဝူထက်ပင် ငယ်ရွယ်သည့် ကလေးဖြစ်ကာ လင်ဟွမ်ထက်လည်း သုံးလေးနှစ်သာ အသက်ပိုကြီးမည့်ပုံပေါ်သည်။
သို့ရာတွင် ထိုကလေးက ရွှယ်ယန်၏နောက်လိုက်ဖြစ်ပြီး ကျင်းယီဝေ့များကို ထိန်းချုပ်ပေးနေရုံသာမက သူ့အတွက် ကိစ္စအဝဝကိုပါ ဆောင်ရွက်ပေးနေခဲ့သည်။
" သူက အဲ့လောက် အသက်မကြီးသေးဘူးမလား..."
ကျွင်းဟွိုင်လန် မမေးပဲ မနေနိုင်တော့ပေ။
ရွှယ်ယန်က ဂရုမစိုက်သကဲ့သို့ ပြန်ပြောလိုက်သည်။
" ကိုယ် တစ်ခါမှတော့ မမေးဖူးဘူး... တော်တော်လေးတော့ ငယ်မယ်ထင်တယ်..."
ကျွင်းဟွိုင်လန် သက်ပြင်းချလိုက်သည်။
ရွှယ်ယန်က အနားကပ်လာပြီး သူ့ပါးကို ဖျတ်ခနဲနမ်းလိုက်သည်။
" ဘာလို့လဲ တခြားလူတွေအတွက် စိတ်မကောင်းဖြစ်နေပြန်ပြီလား..."
ရွှယ်ယန် မေးလိုက်သည်။
" သူက ရှောင်ဝူထက်တောင် ငယ်မယ့်ပုံပဲ..."
ရွှယ်ယန်က ကျစ်ခနဲအသံပြုလိုက်သည်။
" မင်းက တခြားလူတွေကိုကျ တော်တော် စိတ်ပူတတ်တာပဲ... ကိုယ့်ကိုရော စိတ်မပူဘူးလား..."
ကျွင်းဟွိုင်လန်က သူ့ကိုလှမ်းကြည့်လိုက်သည်။
" မင်းက ဘာစိတ်ပူစရာရှိလို့လဲ..."
ရွှယ်ယန်က အလေးအနက်ပြောလိုက်သည်။
" ကိုယ့်ကို ညတုန်းက ခုတင်ပေါ်က နှင်ထုတ်လိုက်တယ်လေ မသနားဘူးလား..."
အပြင်ဘက်မှလူများ ကြားသွားမည်စိုး၍ ကျွင်းဟွိုင်လန်က သူ့ပါးစပ်ကို အမြန်ပိတ်ထားလိုက်ရသည်။
" မင်း အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် မြင်းလှည်းပေါ်ကနေပါ ကန်ချတော့မယ်..."
ကျွင်းဟွိုင်လန်က သူ့ကို ခြိမ်းခြောက်လိုက်သည်။
ရွှယ်ယန် ပြုံးလိုက်သည်။
" ဟုတ်ပါပြီ... ကိုယ် ထပ်မပြောတော့ပါဘူး..."
သူက ပြောပြောဆိုဆိုနှင့် ကျွင်းဟွိုင်လန်ကို ရင်ခွင်ထဲထည့်လိုက်သည်။
" ကိုယ်က သွမ့်ရှီးရှီးနဲ့ သဘောတူညီချက်တစ်ခု လုပ်ထားလို့ပါ... သူ ဒီကိစ္စတွေကို အလကားလုပ်ပေးနေတာ မဟုတ်ဘူး... သူက ကလေးအရွယ်တည်းက လုပ်ကြံသတ်ဖြတ်တာတွေနဲ့အတူတူ ကြီးပြင်းလာတာဆိုတော့ တခြားကိစ္စတွေ လုပ်ခိုင်းရင်တောင် လုပ်နိုင်မှာမဟုတ်ဘူး..."
" မင်းတို့နှစ်ယောက်က ဘာတွေ သဘောတူထားလို့လဲ..."
ကျွင်းဟွိုင်လန် ပဟေဠိဖြစ်သွားသည်။
" သူ ကိုယ့်ကိစ္စတွေ လုပ်ပေးမယ်ဆိုရင် ကိုယ် သူ့အတွက် လက်စားချေပေးမယ်လို့ပြောထားတယ်... သူကိုယ်တိုင် သွမ့်ချုံးကိုသတ်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ..."
ကျွင်းဟွိုင်လန် ထိတ်လန့်သွားသည်။
" သွမ့်ချုံးက သူ့ရဲ့ မွေးစားအဖေမလား..."
ရွှယ်ယန်က အေးအေးလူလူပင် ပြန်ပြောလိုက်သည်။
" သူ့မိဘအရင်းတွေကိုသတ်တဲ့ လူသတ်သမားဆိုလည်း ဟုတ်တယ်..."
ရွှယ်ယန်က ခဏရပ်သွားပြီး ဆက်ပြောလိုက်သည်။
" ဆိုကာမှပဲ သူ့မိသားစုထဲမှ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့တာတဲ့..."
ပြောနေစဉ်မှာပင် ကျွင်းဟွိုင်လန်၏လည်တိုင်ကိုမှီထားပြီး ချစ်စရာကောင်းသောခွေးကြီးတစ်ကောင်ကဲ့သို့ ပြုမူနေသည်။
" မင်းက သူ့အတွက် စိတ်မကောင်းဖြစ်နေမှတော့ ကိုယ်သူ့ကို နည်းနည်းကြင်နာပေးပြီး မျက်နှာသာပေးရတာပေါ့..."
" ဘယ်လိုမျက်နှာသာပေးမှာလဲ..."
ရွှယ်ယန်က ပြုံးလိုက်ပြီး ကျွင်းဟွိုင်လန်၏လည်ပင်းကို ခပ်ဖွဖွကိုက်လိုက်သည်။
" ကိုယ် အစကတော့ သွမ့်ချုံးကိုသတ်ပြီးရင် သူ့နေရာမှာ သွမ့်ရှီးရှီးကို အစားထိုးထားမလို့ပဲ... အဲ့နေရာကိုရောက်ရင်တော့ သန့်သန့်ရှင်းရှင်းပဲ နေချင်တော့တယ်လို့ပြောတယ် ကိုယ်အစကတော့ ဒီကိစ္စကို မေ့ထားတော့မလို့ပဲ အခုတော့ ပြန်စဉ်းစားပေးရတာပေါ့..."
လည်တိုင်ကို အကိုက်ခံလိုက်ရ၍ ကျွင်းဟွိုင်လန်၏နားရွက်များ နီရဲလာပြန်သည်။
" မင်း ဘာလို့ မဟုတ်တာတွေ တွေးနေရတာလဲ..."
ရွှယ်ယန်က ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်သည်။
" မင်း ကိုယ့်ဘေးနားမှာ ရှိနေမှတော့ ကိုယ် အလေးအနက်တွေးနိုင်ပါတော့မလား..."
——
ကျွင်းဟွိုင်လန်၏ စစ်မေးခြင်းက ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
အချို့ဓားပြများက ရေငုံနှုတ်ပိတ်နေကြသော်လည်း အချို့ကမူ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း၊ ရောက်ရှိလာသည့်နေရာနှင့် လက်ခံရရှိခဲ့သည့် အမိန့်များအကြောင်း ဝန်ခံကြသည်။
ယွင်နန်ဘုရင်က သူတို့ကို စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သေချာသွားသည်။ ယွင်နန်ဘုရင်က သူတို့ကို ဤနေရာသို့ ပို့လွှတ်လိုက်ရုံသည့် တာဝန်သာရှိသည်။ သူတို့ ဤနေရာသို့ ရောက်ရှိလိုက်ခြင်းမှာ ချန်အန်းမှ ရာထူးကြီးမှူးမတ်တစ်ယောက်၏ အမိန့်ကြောင့်ဖြစ်သည်။
ထိုမှူးမတ်က မည်သူဖြစ်ကြောင်းကိုမူ သူတို့မသိကြပေ။
သို့ရာတွင် သူတို့သိရန်လည်း မလိုအပ်ပေ။
အဘယ့်ကြောင့်ဆိုသော် ရွှယ်ယန် ထဲထဲဝင်ဝင်စုံစမ်းလိုက်ပါက ချန်အန်းမှ မည်သည့်အမတ်က ဤနှစ်ပိုင်းအတွင်းတွင် ငွေများစွာကို ယွင်နန်ဘုရင်ထံသို့ ပို့ဆောင်ပေးနေသည်ကို သိရှိသွားကြမည်ဖြစ်သည်။
ယခုအချိန်တွင် ထဲထဲဝင်ဝင်စစ်ဆေးရမည်မှာ ကောရုန်ဝမ်၏အလှည့်သို့ ရောက်လာသည်။
ယနေ့တွင် ကျွင်းဟွိုင်လန်က သူရရှိခဲ့သည့် ခံဝန်ချက်များနှင့် ရုံးတော်မှ ထွက်လာချိန်တွင် ကျင်းလင်ရုံးတော်၏ ဘဏ္ဍာတိုက်မှ ငွေကြေးရိက္ခာများကို စစ်ဆေးရသည့် ကျင်းယီဝေ့ကလည်း အကြောင်းပြန်လာသည်။
လွန်ခဲ့သည့်တစ်လခန့်က ငွေစာရင်းများကို စစ်ဆေးလိုက်ချိန်တွင် စာရင်းက ရှေ့နောက်မညီဖြစ်နေသည်။ ကျင်းလင်တွင် ကပ်ဘေးစတင်ဖြစ်ပေါ်ချိန်က ဂိုဒေါင်ကိုဖွင့်လိုက်ချိန်တွင် ဆန်စပါးပမာဏများစွာ ပျောက်ဆုံးနေခဲ့ပြီး လက်ရှိစာရင်းနဲ့ မကိုက်နေပေ။
ထိုအချိန်က ကောရုန်ဝမ်က အလျင်လိုနေခဲ့၍ ငွေစာရင်းအတု ပြန်မလုပ်လိုက်ရသည့်အကြောင်းကို ကျွင်းဟွိုင်လန်သိသည်။
ထိုသတင်းကြားသောအခါ ယုံနင်မြို့စားနှင့် ရှန်းကျီဖုတို့က ကောရုန်ဝမ်ကို ရုံးတော်သို့ခေါ်ပြီး ဆန်စပါးများ ပျောက်ဆုံးနေရသည့်အကြောင်းကို မေးမြန်းခဲ့သည်။
အကယ်၍ စာရင်းကွာဟနေပါကလည်း သူလုပ်ခဲ့ကြောင်း အတိအကျ သက်သေမပြနိုင်သည်ကို ကောရုန်ဝမ်သိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ဆန်စပါးများကို ကိုင်တွယ်ခဲ့သူက များစွာရှိသောကြောင့် သူငြင်းဆန်နေသရွေ့ အခြားလူများက သူ့ကိုယုံကြည်ကြပြီး မည်သည့်ပြဿနာမှ ဖြစ်မလာဟု ထင်နေခဲ့သည်။
သို့ဖြစ်၍ ကောရုန်ဝမ်မှာ မျက်ရည်လည်ရွှဲဖြင့် သုမလုပ်ခဲ့ကြောင်း တွင်တွင်ငြင်းဆိုနေခဲ့သည်။
ယုံနင်မြို့စားက သူ့ကို မယုံပေ။
ကောရုန်ဝမ်ကို သူသိလာသည်မှာ နှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်၍ ထိုလူက အလုပ်လုပ်ကိုင်ရာတွင် မည်မျှတိကျပြီး ဂရုစိုက်သည်ကို သူသိသည်။
သူက ယုံမင်မြို့စားကို ကျေးဇူးသိတတ်သူလည်းဖြစ်သည်။ နန်းတွင်းစာမေးပွဲ မဖြေဆိုမီအချိန်က ကောရုန်ဝမ်၏ မိသားစုမှာ ဆင်းရဲလွန်းသောကြောင့် ယုံနင်မြို့စား၏အိမ်တွင် လပေါင်းများစွာနေခဲ့ခြင်းဖြစ်သည်။ နန်းတွင်းစာမေးပွဲဖြေဆိုပြီးချိန်တွင်လည်း သူက ရာထူးငယ်အမှုထမ်းတစ်ယောက်သာဖြစ်ခဲ့သော်လည်း တစ်နှစ်လုံးစာ ရသမျှလစာကို စုဆောင်းထားခဲ့သည်။ သူအလုပ်တာဝန်များကို ချန်အန်းသို့လာရောက်တင်ပြရချိန်တွင်လည်း ယုံနင်မြို့စားအတွက် စုတ်တံကောင်းနှင့် အကောင်းစားမှင်အိုးဝယ်ပေးပြီး ကျေးဇူးဆပ်ခဲ့သူဖြစ်သည်။
သို့ဖြစ်၍ ငွေစာရင်းနှင့်ဆိုင်သည့် ကိစ္စများကို ယုံနင်မြို့စားကို ကောရုန်ဝမ်ကို စိတ်ချလက်ချ အပ်ထားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ ကောရုန်ဝမ်က သတိလက်လွတ်ဖြစ်ပြီး ထိုကိစ္စကို သေချာမသိလိုက်ဟု ပြောသည့်အခါ ယုံနင်မြို့စားက မယုံကြည်ခဲ့ပေ။
နှစ်ပေါင်းများစွာကြာပြီးချိန်တွင် လူဆိုသည်မှာ ပြောင်းလဲလာတတ်ကြောင်းကို သူသိသည်။
သို့ရာတွင် အမှန်တရားကို သိရှိနေပြီးဖြစ်သော်လည်း သူ့လက်ထဲတွင် သက်သေမရှိပေ။ ကောရုန်ဝမ်ကို အကျိုးကြောင်းရှင်းပြရန် အခွင့်အရေးပေးသော်လည်း ထိုလူက သူ့ကို ဆက်တိုက်လှည့်စားနေခဲ့သည်။
ယုံနင်မြို့စားမှာ အလွန်ဒေါသထွက်လွန်း၍ သူ့စိတ်ထဲတွင် ထူပူပြီး စကားမပြောနိုင် ဖြစ်သွားရသည်။
သူ့ပုံစံကြောင့် ဘေးနားတွင်ရပ်နေသော ရှန်းကျီဖုက ရှေ့ကို အမြန်ထွက်လာပြီး သူ့ကို ဖျောင်းဖျရတော့သည်။
" သူ့ကို အရင်ဆုံး အကျဉ်းခန်းထဲထည့်ထားလိုက်ကြ..."
ရှန်းကျီဖုက ဘေးဘယ်ညာမှ အစောင့်များကိုပြောလိုက်သည်။
" မင်းဘာသာ ငွေအလွဲသုံးစားလုပ်လိုက်တာဖြစ်ဖြစ် တခြားလူတစ်ယောက်က လုပ်သွားတာဖြစ်ဖြစ် ဆန်တွေက မင်းလက်ထဲရောက်ပြီးမှ ပျောက်တာပဲ မင်းတစ်ယောက်ထဲကိုပဲ အပြစ်တင်ရမှာ..."
ကောရုန်ဝမ်က မျက်ရည်ကျလာသည်။
" လူကြီးမင်းရှန်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း မင်းမှုထမ်းတစ်ယောက်ပါပဲ သက်သေမရှိပဲ ဒီလိုလုပ်လို့မရပါဘူး... မင်းကြီးတစ်ယောက်ပဲ ကျုပ်ကို အကျဉ်းချလို့ရမယ်..."
ရှန်းကျီဖု အံကြိတ်ထားလိုက်သည်။
ထိုလူက မင်းကြီး၏အမည်နာမကို အသုံးချပြီး သူ့ကိုကျောချင်နေသည်ကို သူသိသည်။
ကောရုန်ဝမ်က မည်မျှရာထူးနိမ့်သည်ဖြစ်စေ ချန်အန်းမှအမတ်တစ်ယောက်ဖြစ်သည်က မှန်ကန်ပေသည်။ အကယ်၍ သူ့ကို အကျဉ်းထောင်ထဲ ကတိုက်ကရိုက်ထည့်ထားလိုက်ပါက အနာဂတ်တွင် မလိုလားအပ်သည့်အရာများ ဖြစ်လာနိုင်သည်။
ထို့အပြင် ကောရုန်ဝမ်က သူတစ်ယောက်တည်းဖြင့် ဤသို့သောကိစ္စကြီးကို မလုပ်နိုင်သည်ကိုလည်း တစ်ချက်ကြည့်ရုံဖြင့် သူသဘောပေါက်သည်။ ချန်အန်းမှ တစ်စုံတစ်ယောက်က သူ့နောက်ကွယ်တွင် ရှိနေပုံပေါ်သည်။ အကယ်၍ ထိုလူက ကောရုန်ဝမ်အတွက် အသနားခံပေးလိုက်ပါက ခေါင်းဖြတ်ခံရမည်က ရှန်းကျီဖုသာဖြစ်သည်။
ရှန်းကျီဖု အံကြိတ်ထားပြီး ဘေးနားမှအစောင့်များလည်း တွန့်ဆုတ်နေကြသည်။
" သက်သေတဲ့လား..."
ထိုအချိန်တွင် တံခါးဝမှ ပျင်းရိပျင်းတွဲ အသံတစ်သံ ထွက်ပေါ်လာသည်။
အားလုံးလှည့်ကြည့်လိုက်သည့်အခါ ထိုနေရာတွင် ရွှယ်ယန် ရပ်နေသည်ကို မြင်လိုက်ရသည်။
သူက တဖြည်းဖြည်းလျှောက်လာပြီး သူ့အနောက်တွင် ကျင်းပေါင်နှင့် ကျင်းယီဝေ့များစွာ အတူတကွပါလာသည်။ ရွှယ်ယန်က ယုံနင်မြို့စားထံသို့လျှောက်လာ၍ နှုတ်ဆက်လိုက်ပြီးနောက် ကျင်းပေါင်ကို တစ်ချက်ကြည့်လိုက်သည်။
ကျင်းပေါင်က အလျင်အမြန်ပင် သူ့လက်ထဲကိုင်လာသောစာရွက်ကို ယုံနင်မြို့စားအား ပြသလိုက်သည်။
ရှန်းကျီဖု အနီးကပ်ကြည့်ရှု့လိုက်သည့်အခါ ၎င်းက ဆန်အရောင်းအဝယ်လုပ်ထားသော စာရွက်တစ်ရွက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
အချိန်၊ အရေအတွက်နှင့် မည်မျှရောင်းလိုက်သည်ကို စာရွက်ထိပ်တွင်ရေးထားပြီး အောက်ဘက်တွင်လည်း ကောရုန်ဝမ်၏လက်မှတ်နှင့် တံဆိပ်တုံးရာ ရှိနေသည်။ ရောင်းချလိုက်သော ဆန်အိတ်အရေအတွက်မှာ ဘဏ္ဍာတိုက်ထဲမှပျောက်သွားသည့် အရေအတွက်နှင့် ကိုက်ညီနေသည်။
ရှန်းကျီဖုက ရွှယ်ယန်ကို တအံ့တဩဖြင့်ကြည့်လိုက်သည်။
ကွမ်းလင်ဘုရင်ခံက ခြေတံလက်တံတွေရှည်လိုက်တာ... ဒီနေ့ နေ့လယ်ခင်းကမှ ဘဏ္ဍာတိုက်မှာ တစ်ခုခု မှားနေတဲ့အကြောင်းသိလိုက်တာကို အခု သက်သေတွေရှာတွေ့ပြီတဲ့လား...
ရွှယ်ယန် သူ့ဘေးမှ ကျင်းယီဝေ့များကို ကြည့်လိုက်သည့်အခါ သူကရှေ့တိုးလာပြီး ကောရုန်ဝမ်ကို ဖမ်းလိုက်သည်။
ကောရုန်ဝမ်က အကြောက်အကန် ငြင်းဆန်နေဆဲဖြစ်သည်။
" အရှင့်သား... အရှင်က ကွမ်းလင်ဘုရင်ခံ ဖြစ်နေရင်တောင်မှ ဒီလို အခြေအမြစ်မရှိတဲ့ ကိစ္စတွေနဲ့ ကျွန်တော်မျိုးကို ဖမ်းလို့မရပါဘူး..."
သူက ရွှယ်ယန်ယူလာသည့် စာရွက်ထဲမှ အကြောင်းများကို မသိသည့်ပုံဖြင့် ငြင်းဆန်နေသည်။
ရွှယ်ယန်က စိတ်မရှည်သည့်ပုံဖြင့် စုတ်သပ်လိုက်သည်။
ရုံးတော်သို့လာစဉ်က ကပ်ဘေးကြီးပြီးဆုံးသွားသည့် အထိမ်းအမှတ်ဖြင့် မြို့အပြင်တွင် ညဈေးကြီး ကျင်းပမည့်အကြောင်း အခြားလူများ ပြောနေကြသည်ကို သူကြားခဲ့သည်။ ကျွင်းဟွိုင်လန်က ထိုသို့သောပွဲမျိုးကို သဘောကျမည်ဟုထင်လိုက်၍ သွမ့်ရှီးရှီးကို သူ့အား သွားခေါ်ခိုင်းထားခဲ့သည်။
ဤအမှိုက်ကောင်က အချိန်ဖြုန်းနေသောကြောင့် ကျွင်းဟွိုင်လန်ကို မစောင့်ခိုင်းစေချင်ပေ။
သူ မျက်မှောင်ကြုတ်၍ ရှေ့တိုးလာပြီးနောက် ကြမ်းပြင်ပေါ်မှ ကောရုန်ဝမ်ကို ဆောင့်ကန်လိုက်သည်။
" ငါ လူတစ်ယောက်ကို ဖမ်းချင်တယ်ဆိုရင် ဘယ်ဘုရင်ကမှ စည်းမျဉ်းစည်းကမ်းတွေအကြောင်း လာပြောနေလို့မရဘူး..."
သူက ကောရုန်ဝမ်ကို မတူမတန်သည့်ပုံဖြင့် ကြည့်လိုက်သည်။
" သူ့ကို ခေါ်သွားကြတော့..."
ရွှယ်ယန် အမိန့်ပေးလိုက်သည်။
Xxxxxxx