အပိုင်း ၁၃၉
Viewers 15k

Chapter 139


ကျွင်းဟွိုင်လန်ကို ကျင်းပေါင်လာခေါ်ချိန်တွင် သူက ဆည်ပြုပြင်သည့်နေရာတွင်သာ ရှိနေသေးသည်။ ကျင်းပေါင်က သူ့ကို ဘာကြောင့်လာခေါ်သည်ကို မပြောပြပေ။


" ဒီအစေခံနဲ့ပဲ လိုက်ခဲ့ပါ သခင်ရယ်..."


ကျွင်းဟွိုင်လန်က ဘာမှမမေးတော့ပဲ ကျင်းပေါင်နှင့်အတူ မြင်းလှည်းပေါ်တက်လာသည်။


နေ့လည်ခင်းက အကျဉ်းသားများကို စစ်ဆေးမေးမြန်းပြီးသွားချိန်တွင် ရွှယ်ယန်က အရေးကြီးကိစ္စများ လုပ်စရာရှိသေး၍ ရုံးတော်တွင် နေခဲ့သည်။ ကျွင်းဟွိုင်လန်က သူနှင့်အတူနေခဲ့မည်ဟု ပြောသော်လည်း ရွှယ်ယန်က သူ့ကို အိမ်တော်ကိုပြန်စေပြီး တစ်ရေးတစ်မော အိပ်ခိုင်းခဲ့သည်။


ရွှယ်ယန်က ကျွင်းဟွိုင်လန်၏အသေးအဖွဲ့ကိစ္စလေးများဖြစ်သည့် နေ့စဉ်အချိန်ဇယားများအပြင် ထမင်းစားချိန်နှင့် အိပ်ချိန်များကိုပါ ဂရုတစိုက်စီစဉ်ပေးနေသည်။ သူက အလွန်တိကျသည့်အပြင် လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်၍ ကျွင်းဟွိုင်လန်ကို စောဒကတက်ခွင့်မပေးပေ။


ကျွင်းဟွိုင်လန်က ဘာပြောရမည်မသိဖြစ်သွားသော်လည်း သူ လုပ်စရာမလိုသည့်ကိစ္စဟုထင်၍ အိမ်တော်သို့ပြန်ပြီး တစ်ရေးတစ်မော အိပ်ခဲ့သည်။


အိပ်ရာနိုးလာချိန်တွင် ဆည်သို့ ရောက်လာခြင်းဖြစ်သည်။

  

ယခုအခါတွင်မူ သူ၏စီမံပေးမှုအောက်တွင် မြို့မြောက်ပိုင်းမှဆည်၏ ပျက်စီးသွားသည့်နေရာတွင် သဲများ ကျောက်စရစ်ခဲများဖြင့် ဖြည့်ထားပြီး မစီးဆင်းပဲ ပိတ်နေသည့် ရေများကိုပါ သန့်စင်ပြီးသားဖြစ်သည်။ ထိုရေများကို ရှင်းလင်းပြီးသွားပါက ဆည်ကို ပြုပြင်နိုင်ပြီဖြစ်သည်။  


ကျွင်းဟွိုင်လန်၏ စနစ်တကျ စီစဉ်ခဲ့မှုများကြောင့် သူ မရှိနေသည့် အတောအတွင်းမှာပင် မြောက်ပိုင်းမှ ဆောက်လုပ်ရေးနေရာက အဆင်ပြေပြေဖြင့် ဆက်လက်လုပ်ဆောင်နေနိုင်ခဲ့ပြီး ပြဿနာ ကြီးကြီးမားမားမရှိခဲ့ပေ။ 


သူ ရောက်လာသည်ကိုမြင်သောအခါ ပြုပြင်ရေးလုပ်ငန်းခွင်နေရာမှ အရာရှိများက ဝမ်းပန်းတသာဖြင့် ကြိုဆိုကြသည်။ 


" အရှင် ပြန်သက်သာလာပြီလို့ကြားတယ်... ကျွန်တော်မျိုးတို့ အရှင့်ကို မနှောင့်ယှက်ရဲပါဘူး အိမ်တော်မှာပဲ ခဏလောက် အနားယူနေပါလား..."


ထိုအရာရှိက ဆည်စတင်ပြင်ဆင်ချိန်တည်းက ကျွင်းဟွိုင်လန်နှင့် ရှိနေခဲ့သူဖြစ်ပြီး အားကိုးအားထားရသူလည်းဖြစ်သည်။ ချန်အန်းမှ ရောက်လာသည့်သခင်လေးဖြစ်သူ ကျွင်းဟွိုင်လန်က အပျော်သဘောဖြင့် ဆည်ကိုလာရောက်ပြုပြင်ပြီး ဂုဏ်ပြုခံချင်သည်ဟု မူလက ထင်ခဲ့၍ သူနှင့်အတူ အလုပ်လုပ်ရသည်ကို စိတ်သက်တောင့်သက်သာ မဖြစ်ခဲ့ပေ။


သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ကျွင်းဟွိုင်လန်ကို ပို၍ပို၍ လေးစားလာသည်။ 


ကျွင်းဟွိုင်လန်က ဤနေရာတွင်တစ်နေကုန်နေထိုင်ပြီး ဆည်ပြုပြင်ရေးကို ကွပ်ကဲပေးရုံသာမက ရေလမ်းကြောင်း ထိန်းချုပ်သည့်ကိစ္စများကိုလည်း အတော်အတန်လေ့လာထားပုံရသည်။ နဂိုမူလက အလွန် ပြဿနာများပြီး ထပ်ခါထပ်ခါပြင်ဆင်ရသည့် ပြုပြင်ရေးမှာ သူ့လက်ထဲတွင် အဆင်ပြေချောမွေ့သွားပြီး လူအားသာမက ရင်းမြစ်များပါ အကုန်အကျနည်းခဲ့သည်။ 


ယခုအချိန်တွင်မူ ကျွင်းဟွိုင်လန်ကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ လေးစားပြီး အလွန်ဂရုစိုက်နေမိသည်။


ကျွင်းဟွိုင်လန်က သူ့ကိုပြုံးပြလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

" ကျွန်တော် အစကတော့ စိတ်ပူနေတာ ဒါပေမဲ့ နည်းနည်းလောက်ပတ်ကြည့်လိုက်တော့ စိတ်ပူဖို့မလိုမှန်း သိသွားပါပြီ..."


အရာရှိက ပြုံးပြပြီး ပြောလိုက်သည်။

" အရှင်ပဲ ဒီကိစ္စတွေအားလုံးကို စီစဉ်ပေးခဲ့တာပါ... အရင်ရက်တွေက ဆည်မှာ အမှားအယွင်းနည်းနည်းဖြစ်ခဲ့ပေမယ့် အရင်တည်းက အရှင်ညွှန်ကြားထားလို့ အားလုံးကို ဖြေရှင်းပြီးသွားပါပြီ..."


ကျွင်းဟွိုင်လန်က စကားတစခွန်းမှမပြောပဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။    


၎င်းမှာ သူက ရေရှည်ကို ကြိုမြင်ခြင်းကြောင့်မဟုတ်ပဲ  ယခင်ဘဝက ရေထိန်းချုပ်မှုများကို လေ့လာခဲ့ဖူးသောကြောင့်ဖြစ်သည်။ သို့ရာတွင် ယခင်ဘဝမှ နည်းလမ်းက ယခုအချိန်တွင်လည်း အသုံးဝင်လာမည်ဟု သူ မထင်ခဲ့မိပေ။ 


အရာရှိက သူ့ကိုပြုပြင်ရေးနေရာများသို့ခေါ်သွားသည်မှာ နေဝင်ရီတရောအချိန်သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကျင်းပေါင်က သူ့ကိုလာခေါ်ခြင်းဖြစ်သည်။ 


အပြင်လူများရှိချိန်တွင် ကျင်းပေါင်က ကျွင်းဟွိုင်လန်ကို သခင်ဟု မခေါ်ပေ။ ဘေးနားမှ အရာရှိကလည်း ကွမ်းလင်ဘုရင်ခံ၏ မိန်းမစိုးရောက်လာ၍  ကျွင်းဟွိုင်လန်ကို ခေါ်ထားပြီး မနှောင့်နှေးစေတော့ပေ။ 


" အရှင်ကွမ်းလင်က အရေးကြီးကိစ္စလုပ်စရာရှိနေမှတော့ ကျွန်တော်မျိုး အရှင့်ကို မနှောင့်ယှက်တော့ပါဘူး... ဆည်က ကိစ္စတွေအားလုံးက အစီအစဉ်တကျဖြစ်နေပါပြီ အရှင်အိမ်တော်မှာပဲ စိတ်ချလက်ချနဲ့ အေးအေးချမ်းချမ်း အနားယူပါ..."

အရာရှိက ဘေးနားသို့ကပ်လိုက်ပြီး ပြောလိုက်သည်။ 


ကျွင်းဟွိုင်လန်က သူ့ကိုကျေးဇူးတင်လိုက်ပြီးနောက် ညွှန်ကြားချက်အချို့ပေးကာ ကျင်းပေါင်နှင့်အတူ။ထွက်လာခဲ့သည်။ 


" ရွှယ်ယန်က ဘာကိစ္စလဲဆိုတာ ပြောသေးလား..."

လှည်းပေါ်မတက်မီ ကျွင်းဟွိုင်လန်က ကျင်းပေါင်ကိုမေးလိုက်သည်။


ကျင်းပေါင်က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ဘာမှမပြောပေ။ 


ကျင်းပေါင် သူ့ကိုပြုံးပြသည့်အခါ ကျွင်းဟွိုင်လန်က သူနှင့်အတူ မရယ်ပဲ မနေနိုင်တော့ပေ။


ကျင်းပေါင်ရဲ့ပုံစံကိုမြင်တာနဲ့ သဘောမပေါက်ပဲ နေမယ်တဲ့လား... ရွှယ်ယန်က ပျော်စရာကောင်းတာတစ်ခုခုရှာတွေ့ထားလို့ သူနဲ့အတူ သွားချင်နေတာပဲဖြစ်ရမယ်...


ရွှယ်ယန့်အကြောင်းတွေးမိသည့်အခါ ကျွင်းဟွိုင်လန်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။


လှည်းပေါ်တက်ပြီးချိန်တွင် မြောက်ပိုင်းရှိဆည်နေရာမှ မြို့တောင်ဘက်တံခါးသို့ တဖြည်းဖြည်း ထွက်ခွာသွားသည်။ 


ယနေ့တွင် မြို့တံခါး၌ လူများစွာဝင်ထွက်သွားလာနေကြပြီး လက်များနှင့် ပခုံးများတွင် ပစ္စည်းမျိုးစုံကို သယ်ဆောင်ထားကြ၍ ၎င်းတို့က ဈေးသည်များဖြစ်ပုံရသည်။ ၎င်းက ပုံမှန်ရက်များတွင် ကျွင်းဟွိုင်လန်မြင်နေကျနှင့် အလွန်ကွဲပြားနေသည်။ သို့ဖြစ်၍ လိုက်ကာကိုမ'ပြီး အပြင်ဘက်သို့ ခဏခဏကြည့်နေမိသည်။


ယနေ့ညတွင် မည်သည့်ပွဲရှိသည်ကို ကျွင်းဟွိုင်လန်မသိပေ။

  

မြို့ထဲတွင် ပြောနေသမျှ ကိစ္စကြီးကိစ္စငယ်အားလုံးကို ရွှယ်ယန် ပြန်ကြားရဆဲဖြစ်သည်။ မြို့ထဲမှ လူများနှင့် မြို့ပြင်မှ ဒုက္ခသည်များက ကပ်ဘေးကြီးပြီးဆုံးသည့် အထိမ်းအမှတ်ဖြင့် ယနေ့ညတွင် ပွဲတော်တစ်ခုကျင်းပလိုကြောင်း တင်ပြကြသည်ကို သူကြားခဲ့ရသည်။


သာမန်လူများက ရံဖန်ရံခါတွင် ထိုသို့သောပွဲတော်များကို ပြုလုပ်လိုကြသည်ကို ရုံးတော်ကလည်းသိသည်။ သို့ဖြစ်၍ ကိစ္စကြီးကြီးမားမားမဟုတ်ပါက တိုက်ရိုက်ခွင့်ပြုလိုက်ကြသည်။ 


ဤတစ်ကြိမ်တွင်လည်း ထိုသို့ပင်ဖြစ်သည်။ 


လူကြီးမင်းရှန်းက တုံ့ဆိုင်းနေခြင်းမရှိပဲ သဘောတူလိုက်ပြီး တောင်ဘက်တံခါးအနားမှ လမ်းမကျယ်ကြီးပေါ်တွင် ဈေးဆိုင်များဖွင့်ခွင့်ပြုလိုက်သည်။ ၎င်းက မြို့ပြင်သာမက မြို့တွင်းနှင့်ပါ နီးသောနေရာဖြစ်၍ မြို့ပြင်မှ ဒုက္ခသည်များလည်း ဝေးဝေးလံလံမလာရပေ။ ပွဲတော်တွင်းလုံခြုံရေးအတွက်လည်း သူက အစောင့်တချို့ကို နေရာချပေးထားလိုက်သည်။


ရှန်းကျီဖုနှင့် ယုံနင်မြို့စားတို့က ပွဲတော်အကြောင်းကို သိသော်လည်း ဝင်ရောက်မဆင်နွှဲကြပေ။ တစ်ဖက်တွင်မူ ထိုအကြောင်းကိုကြားသည့် ရွှယ်ယန်က တစ်ခုခုကို တွေးမိသွားသည်။


ကျွင်းဟွိုင်လန်ကို ဤနေရာသေချာပေါက် ခေါ်လာရန် တွေးလိုက်မိခြင်းပင်။


  သို့ဖြစ်၍ မြင်းလှည်းက တောင်ဘက်တံခါးအနားတွင် ရပ်သွားချိန်၌ ကျင်းပေါင်က လိုက်ကာစကိုဖွင့်လိုက်သည့်အခါတွင် ရွှယ်ယန့်ကို မြင်လိုက်ရသည်။


ယနေ့ သူတို့စီးလာသည့်မြင်းလှည်းတွင် ထူးခြားသည့် အမှတ်အသားမပါသည့်အပြင် ရွှယ်ယန်ကလည်း ဘုရင်ခံ၏မြင်းလှည်းစီးလာခြင်းမဟုတ်ပေ။ ကျင်းယီဝေ့များသာ သူ့ရှေ့တွင် မြင်းစီး၍ ဦးဆောင်လာခြင်းဖြစ်သည်။ သူတို့ကလည်း ပုံမှန်အချိန်ကဲ့သို့ ငါးပျံဝတ်ရုံများ ဝတ်ထားခြင်းမဟုတ်ပဲ သာမန်အဝတ်အစားများကိုသာ ဝတ်ထား၍ လူချမ်းသာတစ်ယောက်နောက်သို့လိုက်လာသည့် အစေခံများနှင့် တူနေသည်။ 


ကျင်းပေါင် လက်မကမ်းပေးမီတွင် ရွှယ်ယန်က ရှေ့တိုးလာပြီး ကျွင်းဟွိုင်လန်ကို ကူပေးလိုက်သည်။

   

ကျွင်းဟွိုင်လန် လှည်းပေါ်မှ ဆင်းလာသည်နှင့် ရွှယ်ယန်က တမင်တကာ သူ့ခါးကိုအနောက်မှဖက်ထားလိုက်သည်။ 


ရွှယ်ယန့်ကို မော့ကြည့်လိုက်သည့်အခါ သူက ဘာမှမလုပ်ထားသကဲ့သို့ ရုပ်တည်ဖြင့်သာ ရပ်နေသည်။


" ဒီမှာ ဘာလုပ်နေတာလဲ..."

ကျွင်းဟွိုင်လန်က သူ့အပြုအမူကို ဂရုမစိုက်ပဲ မေးလိုက်သည်။


" ရောက်ရင် သိလိမ့်မယ်..."

ရွှယ်ယန်က ခေါင်း‌ငုံ့ပြီးပြောလိုက်သည်။ 


ထိုနောက် ခေါင်းမော့ပြီး သူ့နောက်မှ ကျင်းယီဝေ့များကို တစ်ချက်ကြည့်လိုက်သည်။ 


ကျင်းယီဝေ့အစောင့်များက ချက်ချင်းသဘောပေါက်သွားပြီး ပျောက်ကွယ်သွားကာ သူတို့နောက် မလိုက်လာတော့ပဲ အမှောင်ထဲမှသာ စောင့်ရှောက်တော့သည်။ 


ကျင်းပေါင်တစ်ယောက်တည်းသာ သူတို့နောက်တွင် ကျန်ခဲ့ချိန်၌ ရွှယ်ယန်က ကျွင်းဟွိုင်လန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

" သွားကြမယ်လေ..."  


သူတို့နှစ်ယောက် ဘေးချင်းယှဉ်လျှောက်ပြီး မြို့တံခါးဘက်ကို ထွက်သွားကြသည်။ 


ကျွင်းဟွိုင်လန်က ‌ ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။


ပို၍ဝေးဝေးသွားလေ ပတ်ဝန်းကျင်က ပို၍ စည်ကားလာလေဖြစ်သည်။ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာကြသည့် လူများက စကားပြောဆိုရယ်မောနေကြသည်။ 


" ဒီနေ့က ဘာနေ့မို့လို့လဲ..."

ကျွင်းဟွိုင်လန်က သိချင်လာ၍ မေးလိုက်သည်။ 


သို့ရာတွင် မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဓလေ့ထုံးတမ်းများ ကွဲပြားကြ၍ မတူညီသည့်ပွဲတော်များရှိသည်က ပုံမှန်သာဖြစ်သည်။


သို့ဖြစ်၍ ကျွင်းဟွိုင်လန်က များများစားစား တွေးမနေတော့ပေ။


" ကူးစက်ရောဂါကို အချိန်မီကိုင်တွယ်နိုင်ခဲ့တာ တော်သေးတာပေါ့... မဟုတ်ရင် သူတို့ပွဲတော်ကို အချိန်ရွှေ့နေရမှာ..."


သူက အပြုံးဖျော့ဖျော့လေးဖြင့် ရွှယ်ယန့်ကို ပြောလိုက်သည်။ 


ရွှယ်ယန်က စကားတစ်ခွန်းမှမပြောပဲ ကျွင်းဟွိုင်လန်ကို လမ်းဆုံနေရာသို့သာ ဆွဲခေါ်လာသည်။


ဘေးကိုလှည့်ကြည့်လိုက်ချိန်တွင် ကျွင်းဟွိုင်လန် အံ့အားသင့်သွားသည်။ 


လမ်းတစ်လမ်းလုံးတွင် အလှမီးများဖြင့် ပြည့်နေပြီး အိမ်တိုင်းတွင်လည်း မီးပုံးများချိတ်ဆွဲ၍ အလှဆင်ထားသည်။


မီးအလင်းရောင်များအောက်တွင် လမ်းသွားလမ်းလာများက လှုပ်ရှားသွားလာနေကြသည်။ ဈေးသည်များက လမ်း၏နှစ်ဖက်လုံးတွင်ပြည့်နေပြီး မျက်လှည့်ပြသူများကလည်း လူအုပ်ကြားထဲတွင်ရှိနေသည်။

 

ကျွင်းဟွိုင်လန် စကားမပြောနိုင်မီမှာပင် ရွှယ်ယန်က သူ့အနားကပ်လာပြီးပြောလိုက်သည်။


" အချိန်မရွှေ့ရပါဘူး... ပွဲတော်က ဒီနေ့ပဲ အထူးတလည်ကျင်းပမှာ..."


ကျွင်းဟွိုင်လန် တအံ့တဩဖြစ်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။


ရွှယ်ယန်က အသံတိုးတိုးဖြင့် ရယ်လိုက်ပြီးပြောလိုက်သည်။


" မင်း သူတို့ကိုကယ်ခဲ့လို့ ဒီနေ့ပွဲတော်လုပ်နေတာလေ..."


ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။


မြို့ထဲမှလူများက ကူးစက်ရောဂါကြီး ပျောက်ကင်းသွား၍ ဆင်နွှဲနေကြသည့်ပုံပေါ်သည်။ 


လမ်းထဲကို သူကြည့်လိုက်သည်။


လမ်းပေါ်တွင် သွားလာနေကြသည့် လူများစွာရှိသည်။ လူအများစုက အဝတ်အစားခပ်နွမ်းနွမ်းများသာ ဝတ်ဆင်ထား၍ မြို့ပြင်မှ ဒုက္ခသည်များဖြစ်ပုံရသည်။  လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ချန်အန်းမှ ငွေနှင့် ရိက္ခာများကို ပို့ဆောင်ပေးထားခဲ့၍ အရေးတကြီးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထိုလူများမှာ စားသုံးရန်အတွက် အစားအစာများရှိနေပြီး ငွေရရန်အတွက် အလုပ်လုပ်နိုင်နေပြီဖြစ်သည်။ သူတို့ပုံစံက နွမ်းဖတ်နေသော်လည်း မျက်နှာများက ကြည်လင်တောက်ပနေသည်။ 


ထိုအလင်းရောင်များက သူ့မျက်လုံးများထဲ ရောက်ပြန်ဟပ်လာ၍ သူ့မျက်လုံးများ ပူနွေးလာသည်။ 


ကျွင်းဟွိုင်လန် ယခင်ဘဝကို ရုတ်တရက် သတိရမိသွားသည်။ ထိုစဉ်အချိန်တွင် သူ မှတ်တမ်းများကို ကြည့်ခဲ့စဉ်က ကျင်းလင်မြို့အကြောင်းကို သတိရသွားခဲ့သည်။ 


ထိုအချိန်က ကိုးလပိုင်းသို့ရောက်မှသာ ကပ်ရောဂါကြီးက ရပ်တန့်သွားခဲ့သည်။ မြို့ထဲတွင်လည်း လူသေအလောင်းများဖြင့် ပြည့်နေခဲ့ပြီး နေရာအနှံ့တွင် အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်နေခဲ့သည်။ 


အရင်ဘဝတုန်းက ကပ်ရောဂါကြီးက တော်တော်ကြာခဲ့တာပဲ... ဒီနေ့ ဒီနေရာက ပွဲတော်ထဲမှာ လျှောက်လည်နေတဲ့လူတွေထဲမှာ အရင်ဘဝတုန်းက သေသွားခဲ့တဲ့လူတွေ ဘယ်နှယောက်ပါလဲမသိဘူး...


ကျွင်းဟွိုင်လန် ထိုလူများကို ခဏတာစိုက်ကြည့်လိုက်ပြီးနောက်တွင် သူ့ရှေ့မှ အေးချမ်းမှုနှင့် ပျော်ရွှင်နေမှုများကြောင့် မျက်ဝန်းထဲတွင် မျက်ရည်စများဖြင့် ပြည့်လာသည်။


သူ ရွှယ်ယန့်ကိုမော့ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

" ငါ မကယ်ခဲ့ပါဘူး... သူတို့ကိုကယ်ခဲ့တာ မင်းပါ..."


ရွှယ်ယန့်ကြောင့်သာမဟုတ်ပါက ဘဝအသစ်တွင်နေထိုင်ပြီး ဤလုပ်ကြံမှု၏နောက်ကွယ်မှ လက်သည်ကို ရှာတွေ့ခဲ့လျှင်ပင် ဤသို့သောကပ်ဘေးကြီးကို ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့သွားနိုင်သည်။ 


ရွှယ်ယန်က ထိုစကားများကြားသည့်အခါ လေးနက်စွာပြောလိုက်သည်။

" မင်း ကယ်ခဲ့တာပါ..."


သူတို့နှစ်ယောက်လုံး လမ်းဆုံတွင်ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ လူအများ ဝင်ထွက်သွားလာနေ‌ကြသော်လည်း အဝတ်အစားကောင်းများဝတ်ဆင်ထားသည့် လူငယ်လေးနှစ်ယောက်ကို မည်သူမျှ သတိမပြုမိကြပေ။ 


ဆူညံနေသည့် အသံများအကြားတွင် ရွှယ်ယန်ပြောသည်ကို ကျွင်းဟွိုင်လန်ကြားလိုက်ရသည်။ 


" မင်း ကိုယ့်ကို အရင်ကယ်ခဲ့တာလေ...အဲ့ဒါကြောင့်မို့ မင်းဂရုစိုက်တဲ့အရာတွေကို ကိုယ်ကာကွယ်ရမှာပေါ့... သူတို့ကိုကယ်ခဲ့တာ ကိုယ်မဟုတ်ပါဘူး မင်းပါ..."


ကျွင်းဟွိုင်လန် သူ့ကို စူးစိုက်စွာကြည့်နေခဲ့ပြီး ခဏကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။ 


သူ့မျက်ဝန်းထဲတွင် မျက်ရည်အချို့ဖြင့် ပြည့်နေပြီး အလင်းရောင်များ ရောင်ပြန်ဟပ်မှုကြောင့် သူ့မျက်ဝန်းထဲမှ နွေးထွေးသည့်မျက်ရည်များကို ပြသနေသကဲ့သို့ဖြစ်သည်ကို သူ မသိပေ။


ရွှယ်ယန် အံကြိတ်ထားလိုက်ပြီး တိတ်တဆိတ် ဆဲရေးလိုက်သည်။ 


ချက်ချင်းပင် ကျွင်းဟွိုင်လန်၏လက်ကိုဆွဲပြီး ထွက်သွားတော့သည်။ 


သူလျှောက်သွားသည့်ဘက်က လူအများဖြင့် စည်ကားနေသည့်လမ်းမဟုတ်ပဲ မှောင်မည်းနေသည့် လမ်းကြားတစ်ခုဖြစ်သည်။ 


   xxxxxxxxx