Chapter 140
ညအချိန်ဖြစ်၍ လမ်းကြားထဲတွင်လည်း မီးများမထွန်းထားပေ။ သူတိူ့ လမ်းကြားထဲရောက်သွားသည်နှင့် တစ်ခဏတွင်းချင်း အမှောင်ထုဖြင့် လွှမ်းခြုံခံလိုက်ရသည်။
" ဒီကို ဘာလုပ်ဖို့လာတာလဲ..."
ကျွင်းဟွိုင်လန်က ဆွဲခေါ်ခံလာရပြီး ခဏအကြာမှ မေးလိုက်သည်။
သို့သော် သူ့စကားဆုံးချိန်တွင် ရွှယ်ယန်က သူ့ကိုဆွဲပြီး အေးစက်နေသည့် နံရံနှင့် ကပ်လိုက်သည်။
အပြင်ဘက်မှ အလင်းရောင်များက သူတို့၏ခြေထောက်အနားတွင်သာ ဖြာကျနေသည်။
ရွှယ်ယန်က ခေါင်းငုံ့ပြီး သူ့ကို နက်နက်ရှိုင်းရှိုင်းနမ်းလိုက်သည်။
ကျွင်းဟွိုင်လန်၏နားထဲတွင် လမ်းအပြင်ဘက်မှ စည်ကားနေသည့်အသံများကို မပီမပြင်သာ ကြားနေရတော့ပြီး လူအုပ်ကြီးထံမှ အလင်းရောင်များကို မျက်လုံးထောင့်မှ မြင်နေရသည်။
သူ့ရှေ့တွင်မူ အပူတပြင်းဖြစ်ကာ မြန်ဆန်နေသည့် အသက်ရှုသံများအကြားမှ စန္ဒကူးနံ့သင်းသင်းလေးကို ရလိုက်သည်။
အချိန်တစ်ခုခန့်အထိ ကမ္ဘာကြီးတစ်ခုလုံး လည်နေပြီး အားလုံးက ဝိုးတဝါးသာဖြစ်သွားသည်။
ကျွင်းဟွိုင်လန်က အခြားတုံ့ပြန်ချက်များ မပြုလုပ်နိုင်ပဲ ရွှယ်ယန်၏ ရင်ဘတ်မှ အင်္ကျီစကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး နံရံနှင့် သူ့လက်မောင်းများအကြားတွင် တင်းကြပ်စွာဖိကပ်ခံထားရသည်။
ကျွင်းဟွိုင်လန်ကို ရွှယ်ယန် လွှတ်ပေးလိုက်ချိန်တွင် သူ့မျက်နှာက နီရဲနေပြီး အသက်ရှုသံများလည်း ကမောက်ကမဖြစ်နေခဲ့သည်။
အသက်ဝဝရှုလိုက်ပြီးမှ ထိတ်ထိတ်ပျာပျာဖြစ်သွားရပြီး လမ်းပေါ်ကိုလှမ်းကြည့်လိုက်မိသည်။
ကံကောင်းသည်မှာ အပြင်ဘက်တွင် လူများစွာဝင်ထွက်သွားလာနေသော်လည်း တစ်ဦးတစ်ယောက်မှ သူတို့ရှိရာဘက်ကို မလှည့်ကြည့်ကြပေ။
ထိုအခါမှ ကျွင်းဟွိုင်လန်စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီးနောက် ကြောက်စိတ်ဝင်လာသည်။
" နောက်ဆို အပြင်သွားရင် ဒီလိုထပ်မလုပ်နဲ့တော့..."
သူ ရွှယ်ယန့်ကို အသံတိုးတိုးဖြင့် အပြစ်တင်လိုက်ပြီးနောက် ဝတ်ရုံကို သေချာပြန်ပြင်ပြီး ဖုန်များကိုခါလိုက်သည်။
သူတို့နှစ်ဦးမှာ ယခုမှ နမ်းပြီးခါစဖြစ်၍ အသက်ရှုသံများ မတည်မငြိမ်ဖြစ်နေကာ ဆူပူကြိမ်းမောင်းလိုက်သံကလည်း မပီမသထွက်လာသည်။
" အင်း ကိုယ်သိပါပြီ..."
ရွှယ်ယန်က သူ့ရှေ့တည့်တည့်တွင်ရပ်နေပြီး ခေါင်းငုံ့၍ ပြုံးကြည့်နေကာ သူပြောသည်ကို သဘောတူလိုက်သည်။
" တခြားလူတွေမြင်သွားရင် ဘယ်လိုလုပ်မလဲ... မင်းက အရမ်း မဆင်မခြင်လုပ်တာပဲ... လမ်းပေါ်မှာရှိနေတုန်းတော့ သည်းခံ..."
သူပြောသည့်အချိန်တွင် ရွှယ်ယန်က သူ့ကို စနောက်နေသကဲ့သို့ အလွန်အမင်းနာခံသည့်ပုံဖြင့် တုံ့ပြန်လိုက်သည်။
ကျွင်းဟွိုင်လန် သူ့အသံကို သတိထားမိပြီး ရွှယ်ယန့်ကို မော့ကြည့်လိုက်သည်။
ထိုအခါမှသာ ရွှယ်ယန်က ခါးမတ်မတ်ရပ်ပြီး ရုပ်တည်နှင့်ဖြစ်သွားသည်။
" ကိုယ် ဘေးပတ်ဝန်းကျင်ကိုလည်း သတိထားနေပါတယ်... မင်းက အရမ်းချစ်စရာကောင်းတော့ သူများတွေ မမြင်စေချင်ဘူး..."
ကျွင်းဟွိုင်လန် ပို၍ဒေါသထွက်လာသည်။
သူကိုယ်တိုင်က စကားပြောကောင်းသူဖြစ်သော်လည်း ဤကဲ့သို့ကိစ္စမျိုးတွင် မည်သည့်အခါမှ ရွှယ်ယန်နှင့် မယှဉ်နိုင်ပေ။ ရွှယ်ယန့်ကိုတစ်ချက်ကြည့်ပြီးနောက် အဝတ်အစားများကိုခါလိုက်ပြီး အပြင်သို့ဦးစွာထွက်လာလိုက်သည်။
ထိုလူများက သူတို့နမ်းနေသည်ကို မမြင်လျှင်ပင် ယောက်ျားလေးနှစ်ယောက်က မှောင်မည်းနေသည့်လမ်းကြားတစ်ခုထဲမှ အတူတူထွက်လာခြင်းက ဆီလျော်မှုမရှိ ဖြစ်နေသည်။
ကျွင်းဟွိုင်လန်၏နားရွက်များနီရဲလာပြီး လမ်းကြားထဲမှ တောင့်တောင့်ကြီးထွက်လာသည်။
သို့ရာတွင် လမ်းပေါ်တွင် လူများဖြင့်စည်ကားနေ၍ သူတို့ကို သတိမထားမိကြပေ။
ကျွင်းဟွိုင်လန်က ရှေ့မှလျှောက်သွားပြီး ရွှယ်ယန်က ခြေလှမ်းတစ်ဝက်စာနောက်ကျပြီးမှ လိုက်လာသည်။
ကျွင်းဟွိုင်လန်က သူ့ကို ဒေါသထွက်လိုစိတ်မရှိပေ။ သို့ရာတွင် အနမ်းက အလွန်ကြမ်းတမ်းပြင်းထန်လွန်းသည့်အပြင် ထိုလူကလည်း မျက်နှာပြောင်လွန်းသောကြောင့် ရှက်သွားပြီး လမ်းမပေါ် အမြန်ပြန်ထွက်လာခြင်းဖြစ်သည်။
သူတို့နှစ်ယောက်လုံးက လမ်းတစ်ခုပြီးတစ်ခုကို ဆက်လျှောက်သွားခဲ့ကြသည်။
ယနေ့တွင် လမ်းထဲ၌ လူအများဖြင့်ပြည့်နေပြီး စည်ကားလွန်းနေသည်။ လမ်း၏ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း အသေးအမွှားပစ္စည်းလေးများ ရောင်းသည့်ဆိုင်များ၊ မျက်လှည့်ပြသူများ၊ မီးပုံရောင်းသူများနှင့် မီးခိုးတလူလူထွက်နေသော မုန့်ဆိုင်ငယ်လေးများဖြင့် ဆူညံနေသည်။
ကျွင်းဟွိုင်လန် ဘေးပတ်ပတ်လည်ကိုကြည့်ပြီး စိတ်ထဲတွင် ထူးဆန်းနေမိသည်။
ထိုအချိန်တွင် နီရဲနေသည့် သကြားလုံးချောင်းလေးတစ်ချောင်းက ကျွင်းဟွိုင်လန်၏ရှေ့သို့ရောက်လာသည်။
၎င်းက ဟောပန်းသီးကိုအပေါ်မှ ကြည်လင်တောက်ပနေသည့် သကြားရည်တစ်လွှာဆမ်းထားသည့် သကြားလုံးချောင်းဖြစ်၍ စားချင်စဖွယ်ဖြစ်နေသည်။
သူ မော့ကြည့်လိုက်သည့်အခါ ရွှယ်ယန်က သူ့နောက်မှလိုက်လာပြီး လက်ထဲတွင်လည်း သကြားလုံးချောင်းတစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
" ဒီမှာ မင်းဖို့..."
ရွှယ်ယန်က ပြောလိုက်သည်။
ကျွင်းဟွိုင်လန်က ပြန်မဖြေပဲ ရှေ့ကိုထွက်သွား၍ ရွှယ်ယန်က သကြားလုံးချောင်းကိုကိုင်၍ သူ့နောက်မှလိုက်ရပြန်သည်။
ကျွင်းဟွိုင်လန် ရွေးချယ်စရာမရှိတော့၍ ထိုသကြားလုံးချောင်းကို ယူလိုက်ရသည်။
" ဒီတစ်ခါတော့ ထားလိုက်တော့..."
သူ တီးတိုးပြောလိုက်သည်။
ရွှယ်ယန်က အသံတိုးတိုးဖြင့် ရယ်လိုက်ပြီးမှ ရှေ့တစ်လှမ်းရှေ့တိုးပြီး ကျွင်းဟွိုင်လန်၏ဘေးသို့ရောက်လာပြီး တူတူလျှောက်လိုက်သည်။
ကျွင်းဟွိုင်လန် သကြားလုံးလေးကို ကိုက်လိုက်သည်။ ဤသရေစာက ပုံမှန်အစားအစာတစ်မျိုးသာဖြစ်သော်လည်း ကလေးဘဝတည်းက ၎င်းကို မစားဖူးခဲ့ပေ။ ကျွင်းဟွိုင်လန်က ငယ်ရွယ်စဉ်တည်းက စာပေလေ့လာသင်ယူခြင်းများဖြင့်သာ အချိန်ကုန်နေခဲ့ရပြီး ဆရာပေါင်းများစွာကိုလည်း နေ့တိုင်းမြင်တွေ့ရသည်။ လူမှုဆက်ဆံရေးအရသာ အပြင်သို့ထွက်သည်မှအပ လမ်းပေါ်မှ ပွဲဈေးများထဲ လျှောက်သွားနေခြင်းကို တစ်ခါမှ မပြုလုပ်ခဲ့ဖူးပေ။
ထို့အပြင် အိမ်တော်တွင် သရေစာမုန့်မျိုးစုံရှိ၍ ဤကဲ့သို့သော လမ်းဘေးတွင်ရောင်းသည့်မုန့်များစားရန် အပြင်ထွက်စရာမလိုပေ။
သူ ကလေးဘဝက ဤသကြားလုံးကို တစ်ခါတစ်ရံမြင်ခဲ့ဖူး၍ သိချင်စိတ် ဖြစ်မိခဲ့သည်။ အသက်ကြီးလာချိန်တွင် ကလေးငယ်များသာစားသည့် ဤကဲ့သို့သော မုန့်မျိုးဝယ်စားရန် တကူးတက အပြင်မထွက်ဖြစ်တော့ပေ။
သို့ဖြစ်၍ ဤအရာက သာမန်ဖြစ်သော်လည်း ကျွင်းဟွိုင်လန်အတွက် အထူးအဆန်းဖြစ်နေသည် ။
တစ်ကိုက်ကိုက်လိုက်ချိန်တွင် အပေါ်မှ အဝါရောင်သကြားရည်က နှုတ်ခမ်းနှင့် သွားအကြားတွင် အက်ကွဲသွားပြီး ဟောပန်းသီး၏ ချိုချဉ်အရသာ လွှမ်းခြုံသွား၍ ခံတွင်းထဲတွင် ချိုချဉ်အရသာ စိမ့်ဝင်သွားသည်။
ကျွင်းဟွိုင်လန်၏တွန့်ချိုးနေသည့်မျက်ခုံးများ ပြေလျော့သွားသည်။
" အရသာရှိလား..."
ရွှယ်ယန်က ဘေးနားမှနေ၍ သူ့တုံ့ပြန်မှုကို ကြည့်နေသည်။
ကျွင်းဟွိုင်လန် ခေါင်းငြိမ့်ပြလိုက်ပြီး မျက်လုံးများ မသိမသာမှေးကျဉ်းသွားသည်။ သူ့နှုတ်ခမ်းတွင် သကြားလုံးစလေးကပ်နေသည်ကို သတိမပြုမိပေ။
ရွှယ်ယန်က ထိုသကြားလုံးစလေးကိုဖယ်ပေးပြီး အသံတိုးတိုးဖြင့်ရယ်လိုက်သည်။
" မင်း အရင်တုန်းက မစားဖူးတာကျနေတာပဲ..."
ကျွင်းဟွိုင်လန်ကခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။
" ငါ အရင်က တကယ်မစားဖူးဘူး..."
ရွှယ်ယန်က ပြုံးလိုက်သည်။
" ဘာလို့လဲ... မြို့စားမင်းက ခုချိန်ထိ မစားခိုင်းတာလား..."
ကျွင်းဟွိုင်လန် အားပါးတရရယ်လိုက်ပြီး သူနှင့်အတူ နောက်ပြောင်လိုက်သည်။
" ဟုတ်တယ် မစားခိုင်းဘူးလေ..."
ရွှယ်ယန်က သူ့စကားများကို အလေးအနက်ပြန်ဖြေသည်။
" ဒါဆိုရင် ကိုယ်မင်းကို တိတ်တိတ်လေး ဝယ်ကျွေးမယ်လေ... ကိုယ် အဲဒါဆို မင်းလည်း ခဏခဏစားဖူးတဲ့ အတွေ့အကြုံရသွားတာပေါ့.."
ကျွင်းဟွိုင်လန်က သူ့စကားကြောင့် သဘောတကျဖြင့် ရယ်လိုက်သည်။
" ဘယ်လို အတွေ့အကြုံမျိုးရတာကို ပြောတာလဲ..."
ရွှယ်ယန်က အတွေ့အကြုံရှိသည်ဟု ပြောသောအခါ လိမ်ညာနေခြင်း ဟုတ်မဟုတ်ကို သူ မသိပေ။
သူက ယန်ဒေသမှ စစ်တန်းလျားတွင် ကြီးပြင်းလာရသည့်အတွက် စစ်တန်းလျား၏ စည်းမျဉ်းများအရ ပုံမှန်နေ့ရက်များတွင် စိတ်တိုင်းကျ အပြင်ထွက်ခွင့်မရပေ။
ရံဖန်ရံခါ အပြင်ထွက်ခွင့်ရရှိသည့်အခါ ဈေးထဲတွင် လက်ပွေ့ဈေးသည်များက အနီရောင်တောက်တောက်သကြားလုံးများရောင်းသည်ကို တွေ့လေ့ရှိသည်။ ယန်ဒေသက အအေးပိုင်းဒေသဖြစ်၍ ဆောင်းရာသီတွင် ရောင်းချသော သကြားလုံးများက ကိုက်စားရန်ပင် အေးစက်လွန်းနေသည်။
သို့ရာတွင် ယန်ဒေသတွင်လည်း အခြားသော မုန့်ပဲသရေစာများ မရောင်းချပေ။ သို့ဖြစ်၍ ရွှယ်ယန်က သူငယ်စဉ်က စားခဲ့ဖူးသည့် ချိုချဉ်အရသာကို မမေ့နိုင်ခဲ့ပေ။
နောက်ပိုင်းတွင် စစ်တန်းလျား၌ ရိုက်နှက်ခံရ၍ ဒဏ်ရာရသည့်အခါ နံရံကို တွယ်တက်၍ သူ့အတွက် သကြားလုံးချောင်းများဝယ်ပြီး ပြန်လာလေ့ရှိသည်။
ယန်ယွင်၏ အေးစက်သောညများတွင် အေးခဲနေသည့် သကြားလုံးချောင်းများကသာ သူ့အတွက် အနာပျောက်ဆေးဖြစ်ခဲ့ရသည်။
သို့ဖြစ်၍ ဤချိုချဉ်အရသာက သာမန်သာဖြစ်သော်လည်း ရွှယ်ယန့်အတွက်မူ ထိုအရသာက စိတ်ဝိညာဉ်ထဲအထိ တံဆိပ်ရိုက်နှိပ်ပြီးသား ဖြစ်သွားခဲ့ရသည်။
ကျွင်းဟွိုင်လန်၏မေးခွန်းကြောင့် ရွှယ်ယန်က ပြုံးရုံသာ ပြုံးပြလိုက်သည်။
" ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့... နောက်ကျရင် သကြားလုံးတွေ စားရမှာပါ..."
ကျွင်းဟွိုင်လန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ့လက်ထဲမှ သကြားလုံးချောင်းကို ရွှယ်ယန့်ကို ပေးလိုက်သည်။
" ဒါဆိုရင်တော့ ငါမင်းကို ကျေးဇူးတင်ရမှာပေါ့... လက်ချည်းပဲ ကျေးဇူးတင်လို့တော့ ဘယ်ရမလဲ ငါနဲ့တူတူစားလေ..."
ထိုသကြားလုံးကိုလှမ်းပေးလိုက်ချိန်တွင် အပေါ်ဆုံးမှတစ်ခုကို တစ်ဝက်ကိုက်ထားသည်ကို သတိရသွားသည်။
ထို့ကြောင့် သူ့လက်ကိုပြန်ရုတ်လိုက်သည်။
သို့ရာတွင် ရွှယ်ယန်က သူ့လက်ကို ပြန်ဖမ်းဆွဲလိုက်သည်။
ရွှယ်ယန်က နောက်ပြန်ဆုတ်သွားသော ကျွင်းဟွိုင်လန်၏လက်ကို ပြန်ဖမ်းဆွဲလိုက်ပြီး ချက်ချင်းပင် အပေါ်ဆုံးတွင် ကျန်နေသည့် သကြားလုံးတစ်ဝက်ကို ကိုက်စားလိုက်သည်။
" ဟေး..."
ကျွင်းဟွိုင်လန်က တားရန်ပင်မမှီလိုက်တော့၍ သတစ်ဝက်ကိုက်ထားသော အနီရောင်အသီးကို ရွှယ်ယန်စားလိုက်သည်ကိုသာ ကြည့်နေလိုက်ရသည်။
ရွှယ်ယန်က ပြုံးပြလိုက်ပြီးမှ သူ့လက်ကိုလွှတ်ပေးလိုက်သည်။
" ထင်တဲ့အတိုင်းပဲ... ဒါက ယွင်ယန်မှာစားခဲ့ရတာထက် ပိုကောင်းတယ်..."
——
ကျင်းပေါင်မှာ အစေခံတစ်ယောက်ဖြစ်သည့်အတွက် ခေါ်သည့်အချိန်တွင်မှ သွားရမည်ကို သဘောပေါက်သည်။
ဥပမာအားဖြင့်ဆိုရသော် သူ့သခင်က သခင်လေးကို မည်သည့်နေရာမှန်းမသိ ဆွဲခေါ်သွားချိန်တွင် သူက များပြားသော လူအုပ်ကြီးကြားထဲတွင်သာရပ်နေပြီး သခင်ဖြစ်သူ ပြန်လာမည်ကိုစောင့်ဆိုင်းရမည်ဖြစ်ကြောင်းကိုလည်း သဘောပေါက်သည်။
နောက်ထပ် ဥပမာတစ်ခုအနေဖြင့် သူ့သခင်က လူအုပ်ထဲတိုးဝင်ပြီး လမ်းဘေးဈေးသည်ထံမှ သကြားလုံးချောင်းကို သခင်လေးအတွက် ဝယ်သွားပြီး သူတို့နှစ်ယောက် ရယ်မောကာ စကားပြောဆိုနေကြချိန်တွင်လည်း မျက်မမြင်တစ်ယောက်ကဲ့သို့ မမြင်ချင်ယောင်ဆောင်နေရမည်ကို သူသိသည်။
နောက်ဥပမာတစ်ခုကတော့ သူ့ကိုအသုံးချလိုက်တာပဲပေါ့...
ယနေ့ပွဲဈေးတန်းက သူစီစဉ်ထားသည့်အတိုင်း အလွန်စည်ကားလှသည်။ ကျင်းလင်မြို့သူမြို့သားများက ညဘက်တွင် ပွဲတစ်ခု ကျင်းပလိုသည်ဟု ရုံးတော်ကို လျှောက်တင်ခဲ့ကြသည်။ သို့ရာတွင် ထိုလူများ၏လက်ထဲ၌ ငွေပိုငွေလျှံမရှိပေ။ ထို့အပြင် ကျင်းလင်ရုံးတော်ကလည်း အလုပ်များနေချိန်ဖြစ်၍ သာမန်အချိန်တွင် ဤသို့သောပွဲတော်မျိုးက စည်ကားပြီး အသက်ဝင်လှုပ်ရှားနေမည်မဟုတ်ပေ။
ကျင်းပေါင်က ရွှယ်ယန့်ကို ထိုကိစ္စအကြောင်း ပြောပြလိုက်သည့်အခါ ရွှယ်ယန်က သူ့ငွေကြေးများကို ချက်ချင်း ခွဲဝေခိုင်းလိုက်ပြီး သူ့ကိုစီစဉ်ခိုင်းလိုက်သည်။
သူ့ကိုစီစဉ်ခိုင်းလိုက်ခြင်းမှာ ပွဲတော်ကို စည်ကားအောင်ပြုလုပ်ခိုင်းလိုက်သည့် အဓိပ္ပါယ်ပင်ဖြစ်သည်။
အရှင်က သခင်လေးကို ပွဲဈေးတန်းတစ်ခု လုပ်ပေးလိုက်တာပဲ...
မည်သို့ပင်ဖြစ်စေ သု့သခင်က ငွေကြေးကြွယ်ဝသူဖြစ်၍ ကျင်းပေါင်စိတ်ထဲ ကသိကအောက် ဖြစ်မနေပေ။ သို့ဖြစ်၍ ယနေ့ လမ်းပေါ်မှ မီးပုံးများ၊ ဖဲကြိုးများအားလုံးကို ကျင်းပေါင်စီစဉ်ပေးထားခြင်းဖြစ်သည်။ လမ်းပေါ်မှ ဈေးသည်များ မျက်လှည့်ဆရာများကလည်း ရုံးတော်သို့ တင်ပြလာသည့် ဈေးသည်စာရင်းထဲမှလူများဖြစ်သည်။
ထို့အကြောင်းများကြောင့် ယနေ့ပွဲတော်က စည်ကားနေရခြင်းဖြစ်သည်။
သို့ရာတွင် နောက်ဆုံးတွင် ခံစားရမည့်လူက သူကိုယ်တိုင်သာဖြစ်ကြောင်း ကျင်းပေါင် မသိခဲ့ပေ။
ကျန်းနန်တွင် အသေးစားပစ္စည်းလေးများက အလွန်ပေါများပြီး အိမ်ထဲမှ အိမ်ပြင်မထွက်သော ကျွင်းဟွိုင်လန်အတွက် မြင်မြင်သမျှအရာတိုင်းက အထူးအဆန်းဖြစ်နေသည်။ သို့ရာတွင် သူက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ပစ္စည်းအနည်းငယ်သာဝယ်သည်။ အခြားကိစ္စများအတွက်မူ ကျင်းပေါင်က သူ့သခင်၏ မျက်ရိပ်မျက်ခြည်ကိုသာ ကြည့်နေရသည်။
သူ့သခင်က နောက်သို့လှည့်မကြည့်လျှင် ထိုပစ္စည်းများကို သခင်လေးက သဘောမကျသည့်အဓိပ္ပါယ်ဖြစ်သည်။ အကယ်၍ သူ့သခင်က နောက်လှည့်ကြည့်ပါက ကျင်းပေါင် သဘောပေါက်သွားပြီး ဆိုင်ရှင်ထံသို့သွားကာ သခင်လေးကြည့်လိုက်သည့်ပစ္စည်းအားလုံးကို ထုပ်ပိုးခိုင်းသည်။
လမ်းတစ်လျှောက်လုံးသွားပြီးသည့်အခါ ကျင်းပေါင်၏လက်ထဲတွင် ပစ္စည်းများဖြင့် ပြည့်လာပြီး ကျင်းယီဝေ့တစ်ယောက်ကိုခေါ်ကာ ပစ္စည်းများကိုင်ခိုင်းလိုက်သည်။
မမျှော်လင့်ထားသည်မှာ ထိုလူက နှုတ်သွက်လျှာသွက်ရှိသူဖြစ်သည်။ ကျင်းပေါင်၏လက်ထဲမှ အထုပ်ကြီးအထုပ်ငယ်များကို မြင်သည့်အခါ ရယ်ရုံသာ ရယ်နေပြီး မကိုင်ပေးပေ။
" သခင်က ကျွန်တော့်ကို သူ့လုံခြုံရေးအတွက်ပဲ ကာကွယ်ခိုင်းထားတာ ပစ္စည်းမသယ်ခိုင်းဘူး..."
ထိုလူက ကျင်းပေါင်ဘေးမှလျှောက်လာပြီး ရယ်လိုက်သည်။
" သခင်နဲ့အတူတူ ဈေးဝယ်ရတဲ့ အလှတရားမျိုးကို မိန်းမစိုးတစ်ယောက်တည်း ခံစားလိုက်ပါ..."
စကားဆုံးသည်နှင့် ထိုလူက ထွက်ပြေးသွားတော့သည်။
ကျင်းပေါင် အလွန်ဒေါသထွက်လွန်း၍ သူ့ကိုလက်ညှိုးထိုးပြီး ရန်တွေ့ချင်သော်လည်း သူ့လက်နှစ်ဖက်လုံးမအားပေ။ သူ့သခင်က ခပ်ဝေးဝေးရောက်သွားသည်ကိုမြင်၍ ရွေးချယ်စရာမရှိပဲ မှီအောင် ပြေးလိုက်ရတော့သည်။
Xxxxxxx