အပိုင်း ၁၄၁
Viewers 15k

Chapter 141


အရှေ့မှလျှောက်သွားသည့် ကျွင်းဟွိုင်လန်က ထိုကိစ္စများကို မသိပေ။ 


ကျင်းလင်ညဈေးမှ ပစ္စည်းများက သေသပ်လှပလွန်းလှ၍ အပျော်သဘောဖြင့်သာဝယ်ခြင်းဖြစ်သည်။ များစွာဝယ်လွန်းပါကလည်း အလဟဿဖြစ်သွားနိုင်သည်။ သို့ဖြစ်၍ သူသဘောကျသည့် ပစ္စည်းအသေးအမွှားလေးများတွေ့တိုင်း တစ်ခုကိုသာ ယူလေ့ရှိသည်။


သူ့အတွက် ပစ္စည်းအနည်းငယ်ခန့်ဝယ်ပြီးနောက်တွင် သူ့ညီနှင့်ညီမ၊ သူ့အမေ၊ အရီးတော်နှင့် ရွှယ်ယွင်ဟွမ်တို့အတွက်ပါ ဝယ်လိုက်သည်။


သူ ပစ္စည်းတစ်ခုကိုင်လိုက်တိုင်း ရွှယ်ယန်က သူ့အတွက် ငွေရှင်းပေးနေ၍ ထပ်မဝယ်ရဲတော့ပေ။ 


သူတို့ နှစ်ယောက် လမ်းအဆုံးထိ လျှောက်သွားလိုက်သည်။


ထိုအချိန်တွင် ရွှယ်ယန်က ရုတ်ချည်းရပ်လိုက်သည်။


ကျွင်းဟွိုင်လန်ကလည်း သူနှင့်အတူလိုက်ရပ်လိုက်သည့်အခါ ရွှယ်ယန်က ဈေးဆိုင်ငယ်လေးရှေ့တွင်ရပ်လိုက်သည်ကို မြင်လိုက်ရသည်။ 


ရွှယ်ယန်က တစ်ခုခုကိုစိုက်ကြည့်နေသည်။ ကျွင်းဟွိုင်လန်ကလည်း ရွှယ်ယန့်အာရုံကို ဖမ်းစားသွားသည့်အရာကို သိချင်နေ၍ လှမ်းကြည့်လိုက်သည်။ 


ထိုဆိုင်ငယ်လေးတွင် ကျောက်စိမ်းလည်ဆွဲများ ရောင်းချနေခြင်းဖြစ်သည်။

  

အမှန်တွင် ဤသို့သောဆိုင်ငယ်လေးများမှ ကျောက်စိမ်းများက အရည်အသွေးကောင်းသည့်ကျောက်စိမ်းများ မဟုတ်သော်လည်း ပိုင်ရှင်က တီထွင်မှုရှိပုံရ၍ ကျောက်စိမ်း၏လက်ရာက အလွန်အနုစိတ်လှသည်။ 


" အရာရှိမင်းတို့ ဘယ်တစ်ခုကိုများ သဘောကျကြလဲမသိဘူး..."


ဆိုင်ရှင်က ရွှယ်ယန်၏ ဝတ်ပုံစားပုံကိုကြည့်ပြီးနောက် လူချမ်းသာတစ်ယောက်ဖြစ်ကြောင်းသိလိုက်၍ အလျင်အမြန် မေးလာသည်။


ရွှယ်ယန်က လက်ညှိုးထိုးပြလိုက်သည်။

" ဒီဟာ..."


ကျွင်းဟွိုင်လန် ကြည့်လိုက်သည့်အခါ ထိုနေရာတွင် ကျောက်စိမ်းဆွဲကြိုးတစ်စုံရှိနေပြီး ပုံစံကလည်း အလွန်ရိုးရှင်းနေကာ အောက်ခြေရှိ စိမ်းပြာရောင်ကွန်ရက်ကို စုစည်းထားသော အထုံးပုံစံဖြင့် ချည်နှောင်ထားသည်။


ဆိုင်ရှင်က ထိုလည်ဆွဲကို သူ့ကို ပြလိုက်သည်။

" သခင်လေး လက်ဆောင်ပေးချင်လို့လား... ဒီကျောက်စိမ်းဆွဲကြိုးလေးက တစ်စုံဆိုတော့ တစ်ယောက်တည်းဝတ်လို့တော့မရဘူး..."


ရွှယ်ယန်က သူ့ဘေးမှ ကျွင်းဟွိုင်လန်ကို တစ်ချက်ကြည့်လိုက်သည်။ 

    

ဈေးဆိုင်ငယ်လေးတွင် မီးအိမ်များထွန်းညှိထား၍ ခင်းကျင်းထားသည့် ပစ္စည်းများကိုမြင်ရန် လုံလောက်နေသည်။ မီးရောင်အောက်တွင် ရွှယ်ယန်၏ မျက်နှာတစ်ခြမ်းက အမှောင်ထုထဲရောက်နေသော်လည်း အလင်းရောင်ဘက်မှမြင်ရသည့် မျက်ဝန်းများက တောက်လောင်နေသကဲ့သို့ထင်ရသည်။ 


သူက ဆိုင်ရှင်ကို ငွေသားတစ်တုံးပစ်ပေးလိုက်ပြီးနောက် ကျောက်စိမ်းဆွဲကြိုးတစ်စုံကို ယူလိုက်သည်။


 " လက်ဆောင်ဟုတ်ပါတယ်... ကျုပ် ဇနီးကိုပေးဖို့လေ..."

   


ဆိုင်ရှင်က ငွေပမာဏများစွာကို ရလိုက်သည့်အပြင် ရွှယ်ယန်၏စကားကို ကြားလိုက်ရ၍ လျင်မြန်စွာ ငွေပြန်အမ်းပြီးနောက် ပြုံး၍မေးလိုက်သည်။


" သခင်လေးကိုကြည့်ရတာ ငယ်သေးတဲ့ပုံပဲ... စောစောအိမ်ထောင်ကျတာလား..."


ထိုသခင်လေး၏ ဘေးနားတွင်လိုက်လာသည့် သခင်လေးက နားရွက်များနီရဲလာသည်ကို ထိုလူသတိမပြုမိပေ။ 


" ပြန်မအမ်းပါနဲ့တော့..."


ရွှယ်ယမ်က ငွေဒင်္ဂါးများကိုပြန်ယူရန် ပျင်းလွန်း၍ ကျောက်စိမ်းဆွဲကြိုးတစ်စုံကိုသာယူပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။


ဆိုင်ရှင်က ရက်ရောသည့်ဈေးဝယ်သူနှင့် ကြုံလိုက်ရပြီဖြစ်ကြောင်းသိလိုက်သည်။


သူ အလျင်အမြန်ဖြင့် ဆုတောင်းစကားအချို့ကို ပြောလိုက်သည်။


" ကျေးဇူးတင်ပါတယ် သခင်လေး... သခင်လေးနဲ့ ဇနီးသည်နှစ်ယောက်သား နှစ်ရာကျော်တဲ့အထိ ပေါင်းဖက်နိုင်ပြီး သားလေးတစ်ယောက် မြန်မြန်ရပါစေ..."


ရွှယ်ယန်က အပြင်လူတစ်ယောက်ကို ပြုံးပြခဲလွန်းသည်။


" ကျေးဇူးတင်ပါတယ်..."


သို့ရာတွင် ကျွင်းဟွိုင်လန်က သူ့ကို ချက်ချင်းဆွဲခေါ်သွားတော့သည်။  


ကျွင်းဟွိုင်လန်က သူ့ကိုဆွဲခေါ်သွားစဉ်တွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


" ဘာတွေပြောနေတာလဲ ဘယ်သူက မင်းရဲ့ဇနီးလဲ..."


ရွှယ်ယန်က ပြုံးရုံသာပြုံးနေပြီး ဘာမှမပြောပေ။


ကျွင်းဟွိုင်လန် သူကို ဘာဆက်ပြောရမည်မသိတော့ပေ။ 


ကျွင်းဟွိုင်လန်၏နားရွက်များ နီရဲနေသည်ကိုမြင်မှ ရွှယ်ယန်က သူ့ကို လူရှင်းသည့်တစ်နေရာသို့ ‌ဆွဲခေါ်သွားပြီး ပြောလိုက်သည်။


" ကိုယ်မှားတာပါ... ဇနီးက ကိုယ်ပါ ဟုတ်ပြီလား..."


ကျွင်းဟွိုင်လန် သူ့ကို စိုက်ကြည့်လိုက်သည်။ 


သူတို့က လူရှင်းသည့်နေရာတွင်ရှိနေ၍ ရွှယ်ယန်က သူ့လက်တစ်ဖက်ဖြင့် ကျွင်းဟွိုင်လန်၏လက်ကိုကိုင်ထားပြီး အခြားလက်တစ်ဖက်က သူ့ခါးကိုဖက်ထားသည်။ 


သူ့မျက်နှာက တည်ကြည်နေပြီး ခေါင်းငုံ့လိုက်ချိန်တွင် သူ၏အနက်ရောင်ဆံပင်များက ကျွင်းဟွိုင်လန်၏ နှာသီးဖျားကိုပါ ထိသွားသည်။ 


ခဏအကြာတွင် ရွှယ်ယန်က ကျောက်စိမ်းဆွဲကြိုးကို လည်ပင်းတွင် ဝတ်ပေးလိုက်သည်။ 


အရည်အသွေးနိမ့်သည့် ကျောက်စိမ်းကို ကျွင်းဟွိုင်လန်၏ အဝတ်အစားများပေါ်  ရောက်သွားသည့်အခါ အနည်းငယ် မထိုက်တန်သည့်ပုံစံဖြစ်သွားသည်။ သို့ရာတွင် ရွှယ်ယန်က စိတ်ကျေနပ်သည့်ပုံစံဖြစ်သွားပြီး ခြေဆုံးခေါင်းဆုံးကြည့်နေသည်။


ကျွင်းဟွိုင်လန်က သူ့ပုံစံကြောင့် သဘောကျသွားမိသည်။ 

" ဘာလို့ ဒီပစ္စည်းလေးဝယ်ဖို့ အမှတ်ရသွားတာလဲ..."


ရွှယ်ယန်က လေးနက်စွာပြောလိုက်သည်။

" ဆိုင်ရှင်ပြောတာ မကြားလိုက်ဘူးလား... ဒါက ကြိုးထုံးလေးနဲ့ ချည်နှောင်ထားတာတဲ့..."


" ဟမ်..."

ကျွင်းဟွိုင်လန် နားမလည်နိုင်ဖြစ်သွားမိသည်။


ရွှယ်ယန်က အသံတိုးတိုးဖြင့်ရယ်လိုက်ပြီး သူ့နားကပ်လာသည်။


" မင်းကို ချည်နှောင်လိုက်တာလေ..."


ကလေးဆန်လိုက်တာ...


ကျွင်းဟွိုင်လန် ရင်ထဲတွင် ထိုသို့တွေးလိုက်မိသောအခါ စိတ်ထဲတွင်နူးညံ့သွားပြီး နှုတ်ခမ်းထက်မှ အပြုံးများက ပို၍နက်ရှိုင်းလာသည်။ 


မီးရောင်မှိန်မှိန်အောက်တွင်  ရွှယ်ယန်က သူ့အနားကို ရုတ်တရက် ကပ်လာပြီး သူ သတိလက်လွတ်‌ဖြစ်နေချိန်တွင် နှုတ်ခမ်းကို ဖျတ်ခနဲနမ်းလိုက်ပြီး ချက်ချင်းနောက်ပြန်ဆုတ်သွားသည်။ 


" မင်း..."


ကျွင်းဟွိုင်လန် စကားပြန်မပြောနိုင်မီတွင် ရွှယ်ယန်က သူ့လက်ထဲကို ကျောက်စိမ်းဆွဲကြိုး ထည့်ပေးလိုက်သည်။ 


" ကိုယ့်ကိုလည်း ဆွဲပေးဦးလေ..."

    

——


ကျင်းယီဝေ့များ၏ ခြေလှမ်းများက အလွန်မြန်ဆန်လှသည်။


ကောရုန်ဝမ် အကျဉ်းချခံရသည့်နေ့မှစ၍ ကျင်းယီဝေ့အစောင့်များက သက်သေအထောက်အထားများကိုစုစည်းကာ သခင်လေးရှု၏ ပြည့်တန်ဆာရောင်းဝယ်သည့်ကိစ္စများနှင့်အတူ ချန်အန်းသို့ပို့ရန် ပြင်လိုက်သည်။ 


ရက်အနည်းငယ်အတွင်း သူတို့ ရောက်ရှိသွားကြသည်။


ကျင်းယီဝေ့များ၏ မြင်းများကလည်း အလွန်လျင်မြန်ပြီး လျှို့ဝှက်စွာ ခရီးနှင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့ ချန်အန်းမြို့ထဲ မရောက်မီအထိ အစိုးရပိုင်းမှ သတင်းမရရှိခဲ့ပေ။


သို့ရာတွင် ချန်အန်းမြို့က အမြဲတစေ တုန်းချန်၏ပိုင်နက်ဖြစ်၍ နားများ မျက်လုံးများက နေရာအနှံ့တွင်ရှိသည်။


ကျင်းယီဝေ့များ ရွှမ်ဝူတံခါးကို ဖြတ်လာသည်နှင့် တုန်းချန်က သတင်းရရှိပြီးဖြစ်သည်။ 


တုန်းဟွာတံခါး၏ အပြင်ဘက်တွင်ရှိသော တုန်းချန်တွင် အလွန်ပူအိုက်သည့်နေ့တစ်နေ့ဖြစ်သည်။ ချန်အန်းက နွေရာသီတွင် အလွန်ခြောက်သွေ့၍ ပူပြင်းသော်လည်း သွမ့်ချုံး၏အခန်းထဲတွင်မူ လေအေးများထုတ်ပေးနေသည့် ရေခဲများရှိပေသည်။ 


အခွံတစ်ဝက်ခွာထားသည့် စပျစ်သီးများကို ချထားလိုက်ပြီး ဖန်ကျီပို့ထားသည့် လျှို့ဝှက်စာကိုဖတ်လိုက်သည်။ 

    

ခဏအကြာတွင် သူ အသံခပ်အုပ်အုပ်ဖြင့် ရယ်လိုက်သည်။ 


သူ့ဘေးနားတွင် စောင့်ဆိုင်းနေသည့် ဝူရွှင်းဟိုင်က သူ့အပြုအမူကြောင့် ရှေ့တိုးလာပြီး မေးလိုက်သည်။


" ဘာဖြစ်လို့လဲ လူကြီးမင်းသွမ့်ချုံး..."


သွမ့်ချုံးက လျှို့ဝှက်စာကို ဝူရွှင်းဟိုင်၏လက်ထဲထည့်လိုက်သည်။ 


ဝူရွှင်းဟိုင်က စာကိုယူပြီး ဂရုတစိုက်ဖတ်နေသည်။ 


" ဒါ... ကွမ်းလင်ဘုရင်ခံက အဲ့လိုကိစ္စကြီးကို လုပ်ခဲ့တာလား..."


သူ တအံ့တဩဖြစ်သွားသည်။ 


သွမ့်ချုံးက အားပါးတရ ရယ်မောလိုက်ပြီး စပျစ်သီးများကို အခွံဆက်ခွာနေသည်။


စာထဲတွင် ကွမ်းလင်ဘုရင်ခံက ကျင်းယီဝေ့အစောင့်များဖြင့် ဧကရာဇ်ထံသို့ လျှို့ဝှက်စာတစ်စောင် ပေးပို့လာကြောင်း ပါရှိသည်။ စာထဲတွင် ရှုမိသားစုက ကျန်းနန်မှ ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ပြီး ယွင်နန်ဘုရင်က ကျန်းနန်တွင် ကမောက်ကမဖြစ်အောင်လွှတ်လိုက်သည့်လူများကို ကူညီသည်ဟူသော အထောက်အထားများ ပါရှိသည်။


" ဒါဆိုရင် ရှုမိသားစုက ကွမ်းလင်ဘုရင်ခံရဲ့ အဖျက်ဆီးခံရတော့မှာပေါ့..."


ဝူရွှင်းဟိုင်က ထိတ်လန့်တကြားပြောလိုက်သည်။


ရှုမိသားစုက တာ့ယုံတည်ထောင်သူများဖြစ်သည့် ‌ကျွင်းမိသားစုလောက် အဖိုးမတန်သော်လည်း မင်းအဆက်ဆက်ကို  ခစားလာသည်ဖြစ်၍ ယခုချိန်တွင်  နောက်ခံအင်အားတောင့်တင်းလာပြီ‌ဖြစ်သည်။ 


ရှုမိသားစုက တစ်နေ့တွင် ပြိုလဲသွားလိမ့်မည်ဟု မည်သူမျှ ထင်ထားကြမည်မဟုတ်ပေ။ 


သွမ့်ချုံး ရယ်လိုက်သည်။ 


" ရှုမိသားစုတဲ့လား... အဲ့ကလေးရဲ့လောဘက ဒီနေရာမှာတင် ရပ်သွားမှာမဟုတ်ဘူး..."


ဝူရွှင်းဟိုင် ပဟေဠိဖြစ်သွားသည်။

" ဒါဆို သူ ဘာလုပ်ချင်တာလဲ..."


တာ့ရုံညီလာခံတွက် ကျန်းမိသားစုက တိုင်းရေးပြည်ရေးကိစ္စများတွင် ဝင်ပါလေ့ရှိသော်လည်း မောင်းမဆောင်နှင့် ဧကရာဇ်၏ထီးနန်းဆက်ခံသူကိစ္စကို ဝင်ရောက်စွက်ဖက်လေ့မရှိပေ။ ထို့အပြင် ရှုမိသားစုမှလွဲ၍ ထီးနန်းကိုရနိုင်မည့်လူလည်း မရှိပေ။ 


ရွှယ်ယန်က ရှုမိသားစုကို ဖျက်ဆီးလိုက်မယ်ဆိုရင် အနာဂတ်မှာ ထီးနန်းဆက်ခံရမယ့်လူက သူပဲဖြစ်လာမှာပေါ့...


ဒါကလွဲပြီး သူဘာလိုချင်သေးလို့လဲ...


သွမ့်ချုံးက သူ့ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ 


" သူ့စာထဲမှာ ယွင်နန်ဘုရင်အကြောင်းကို ရှင်းရှင်းလင်းလင်းရေးထားတယ်... အရှင်မင်းကြီးသာ ဒီအကြောင်းသိရင် ဘယ်လိုအမိန့်ချမယ်ထင်လဲ..."


ဝူရွှင်းဟိုင်က တွန့်ဆုတ်ခြင်းမရှိပဲ ဖြေလိုက်သည်။

" အရှင့်ရဲ့စိတ်နေစိတ်ထားအရဆိုရင်တော့ တပ်တွေ စေလွှတ်လိုက်မှာပဲ..."


သူ ပြောနေရာမှ ရပ်သွားသည်။


" ကွမ်းလင်ဘုရင်ခံက စစ်အင်အားလိုချင်တယ်လို့ ဆိုလိုချင်တာလား..."


သွမ့်ချုံးက အခွံခွာထားသည့် စပျစ်သီးများကို သူ့ပါးစပ်ထဲထည့်ဝါးလိုက်ပြီးနောက် လက်ကိုင်ပဝါဖြင့် လက်သုတ်လိုက်သည်။


" တာ့ယုံက စစ်သူကြီးတွေက နာမည်မကြီးပေမယ့် ညီလာခံထဲမှာကို စစ်သည်အင်အားများတဲ့လူတွေရှိတယ်... ကွမ်းလင်ဘုရင်ခံက ယွင်ယန်မှာ ကြီးပြင်းလာပြီး ဆယ်နှစ်သားထဲက စစ်မြေပြင်ကို ရောက်နေခဲ့တဲ့လူလေ... တာ့ခ်လူမျိုးတွေကို သူတိုက်ခိုက်ခဲ့တာ ဘယ်နှကြိမ်တောင်လဲ... သူသာ ယွင်နန်ဘုရင်ကို သွားတိုက်ချင်တယ်ဆိုရင် သူအနိုင်ရဖို့ အချိန်တစ်ခုပဲလိုတာ..."


" ဆိုလိုတာက ..."


သွမ့်ချုံးက တံခါးဝဘက်ကို လှမ်းကြည့်လိုက်သည်။


အပြင်ဘက်တွင်မူ ပရုတ်ပင်က အရွက်များ ဝေဝေဆာဆာဖြင့် စိမ်းလန်းနေပြီး ပုစဉ်းများ၏ ဆူညံသံကိုလည်း ကြားနေရသည်။ 


" သူသာ ဒီတိုက်ပွဲမှာ နိုင်သွားခဲ့မယ်ဆိုရင် ရှုမိသားစုက ကျဆုံးသွားရုံမကဘူး... သူ့ကိုယ်ပိုင် စစ်အင်အားကိုပါ တည်ထောင်နိုင်သွားမှာ... အဲ့အချိန်ရောက်ရင် သူနဲ့ ယှဉ်နိုင်မယ့်သူ မရှိတော့ပဲ ထီးနန်းက သူ့လက်ထဲ အနှေးနဲ့အမြန် ရောက်သွားတော့မှာပဲ..."


ဝူရွှင်းဟိုင်က သဘောတူဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။


" ခေါင်းဆောင် ဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ... ကျွန်တော်တို့က ကွမ်းလင်ဘုရင်ခံဘက်မှာ ရပ်တည်နေပြီး အကူအညီတွေအများကြီး ပေးထားတာလေ... အဲ့လိုအချိန်ရောက်လာရင် ခေါင်းဆောင်လည်း အေးဆေးထိုင်နေလို့ရပြီပဲလေ..."


သွမ့်ချုံးက တစ်လုံးချင်းပြောလိုက်သည်။


" ညတာက ရှည်လျားတော့ အိမ်မက်တွေကလည်း များပြားလွန်းတယ်..."


ထိုစကားများကြောင့် ဝူရွှင်းဟိုင် ငြိမ်ကျသွားသည်။

    

ယခုလက်ရှိအချိန်တွင် ဧကရာဇ်က အသက်လေးဆယ်ကျော်ရုံသာရှိပြီး ကျန်းမာရေး ကောင်းမွန်နေသေးသည်။ မတော်တဆဖြစ်ရပ် တစ်ခုခုမရှိခဲ့ပါက နောက်ဆယ်နှစ်နီးပါး အုပ်ချုပ်နိုင်ဦးမည်သာဖြစ်သည်။ 


အဲ့အချိန်မှာ ရွှယ်ယန်က ကောင်းကင်ရဲ့ အထွတ်အထိပ်ကိုရောက်နေပြီဆိုတော့ နောက်ဆယ်နှစ်အတွင်း ဘာတွေဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးဘူး...

  

ထို့အပြင် လူဆိုသည်မှာ စိတ်ပြောင်းလဲလွယ်တတ်သည်ဖြစ်ကြောင်းကို တုန်းချန်မှလူများလည်း သိကြသည်။ သူတို့က ရွှယ်ယန်ကို ကြင်နာစွာဆက်ဆံကြသော်လည်း ယခင်က သွမ့်ရှီးရှီးပေးပို့လိုက်သည့်စာများအရ ရွှယ်ယန်က တုန်းချန်ကို ကျင်းယီဝေ့များထက် ပိုမိုယုံကြည်သည်ကို သူတို့သိကြသည်။


ဒါပေမဲ့ ရွှယ်ယန်က သူ့ကိုထောက်ခံပေးတဲ့လူတွေနဲ့ ဆယ်နှစ်လောက် အေးအေးချမ်းချမ်း နေလိုက်ရမယ်ဆိုရင် တုန်းချန်ရဲ့ ကြင်နာမှုကို မှတ်မိပါဦးမလား...


ဤအချိန်အတောအတွင်းတွင် မည်သည့်ကိစ္စမျိုးမဆို ဖြစ်ပျက်သွားနိုင်ပေသည်။


သူတို့အတွက် အဆင်အပြေဆုံး အနေအထားမှာ ရွှယ်ယန်က တစ်ချိန်လုံး စိတ်ပူပန်နေရပြီး သူတို့အကူအညီကြောင့် ထီးနန်းရသွားရန် ဖြစ်သည်။ ထိုသို့မဟုတါပါက ရွှယ်ယန်က နှစ်အနည်းငယ်အတွင်း နန်းတက်သွားနိုင်ပြီး သူတို့က လက်‌ရှိအခြေအနေကို အခွင့်ကောင်းယူကာ ရွှယ်ယန့်ထံမှ အကျိုးအမြတ်များ ရယူနိုင်ခြင်း ထိုနှစ်ခုဖြစ်သည်။ 


သို့ရာတွင် ယခုလက်ရှိတွင်မူ အခြေအနေများကို သူတို့ထိန်းချုပ်မရဖြစ်နေသည်။ 

  

ထိုအကြောင်းတွေးမိသည့်အခါ ဝူရွှင်းဟိုင်၏ အမူအရာက လေးနက်လာသည်။


" ခေါင်းဆောင် ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..." 


သွမ့်ချုံးက လက်ဖက်ရည်ကြမ်းခွက်ကိုကိုင်၍ တစ်ငုံ သောက်လိုက်သည့်အခါ စပျစ်သီး၏ ချိုမြိန်ပြီး အရည်ရွှမ်းသောအရသာက ခံတွင်းထဲတွင် ပျော်ဝင်သွားသည်။


" သေချာပေါက် သူ့ကို လွှတ်ထားပေးလို့ မရတော့ဘူးပေါ့..."


ဝူရွှင်းဟိုင်က ထပ်ခါထပ်ခါ ခေါင်းငြိမ့်နေသည်။ 


သူက အစေခံတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရသူဖြစ်၍ သူ့ဘဝတွင် စကားလုံးများနှင့်အမူအရာများကို စူးစမ်းရသည်ကို အကျွမ်းကျင်ဆုံးဖြစ်သည်။ သွမ့်ချုံး၏အမူအရာကိုကြည့်ရုံဖြင့် စိတ်ထဲတွင် တစ်ခုခုဆုံးဖြတ်ထားပြီးပြီဖြစ်ကြောင်း သိလိုက်သည်။


" ခေါင်းဆောင် ဆိုလိုချင်တာက..."


ဝူရွှင်းဟိုင်က တမင်တကာ မေးလိုက်သည်။ 


" လင်းဖူက အခုထိ ရှုမိသားစုဘက်မှာပဲလား... သူသိရင်တော့ ရှုမိသားစုဘက်ကလည်း ချက်ချင်းသိသွားမှာပဲ..."


သွမ့်ချုံးက တဖြည်းဖြည်းချင်းပြောလိုက်သည်။ 


Xxxxxxxx