အပိုင်း ၁၄၂
Viewers 15k

Chapter 142


ဝူရွှင်းဟိုင်၏ မျက်နှာအမူအရာက တစ်မျိုးဖြစ်သွားသည်။


" ‌ဒါပေမဲ့ ကျင်းယီဝေ့တွေက အလုပ်လုပ်တာ လျှို့ဝှက်လွန်းတယ်...  လင်းဖူကို လွယ်လွယ်နဲ့ သိခွင့်ပြုမယ်တော့ မထင်ဘူး..."


" ခေါင်းဆောင် ဆိုလိုချင်တာက သူ့ကို သတင်းတချို့ ပေးလိုက်ဖို့လား..."


သွမ့်ချုံး ပြုံးလိုက်သည်။

   

" မှန်တယ်...  နောက်ပိုင်းကိုတော့ သေခါနီးဆဲဆဲဖြစ်နေတဲ့ ရှုမိသားစုက သူတို့ဘာသာစီစဉ်လိမ့်မယ်..."


ရှုမိသားစုနှင့် ရွှယ်ယန်တို့ တိုက်ခိုက်ကြမည်ဆိုပါက ရလဒ်က မည်သို့ပင်ဖြစ်စေ သူ့အတွက် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။


အကယ်၍ ရွှယ်ယန် အနိုင်ရရှိခဲ့ပါက သူ၏အသက်ရှင်နိုင်မှုကို အကြီးအကျယ်ထိခိုက်သွားမည်ဖြစ်ပြီး ရှုံးခဲ့ပါကလည်း ရှုမိသားစုက သူ့ကိုသတ်နိုင်မည်မဟုတ်ပေ။ 


သွမ့်ချုံးက ဤကဲ့သို့ လူအများကို ရန်တိုက်ပေးရသည်ကို သဘောအကျဆုံးဖြစ်သည်။ ရွှယ်ယန့်ကိုထိခိုက်စေပြီးမှ ထိုအချိန်တွင် ဝင်ကူညီလိုက်ပါက သု့ကိုကျေးဇူးတင်လာမည်ဖြစ်သည်။ 


တကယ်ကို ပျော်စရာကောင်းပြီး အကျိုးရှိတဲ့ကိစ္စပဲ...


ထိုအချိန်တွင် ကျင်းယီဝေ့များက ဧကရာဇ်ချင်းဖျင်၏တော်ဝင်စာကြည့်ဆောင်ထဲသို့ဝင်ရောက်ပြီး သတင်းကိုလျှောက်တင်တော့မည်ဖြစ်သည်။ 


ဧကရာဇ်ချင်းဖျင်က လျှောက်တင်လွှာများကို ဖတ်ရှု့နေချိန်တွင် လင်းဖူက သူ့ဘေးနားတွင် ရပ်စောင့်နေသည်။ အဝတ်အစားရိုးရိုးရှင်းရှင်းဝတ်ထားသည့် လူများက ဧကရာဇ်ကို တွေ့ခွင့်တောင်းချိန်တွင် ဧကရာဇ်ချင်းဖျင်က စာလွှာကို ချထားလိုက်ပြီးနောက် လင်းဖူကို ကြည့်လာသည်။ 


လင်းဖူက ထိုလူများဝင်လာချိန်တွင် သူ့ပုံစံနှင့် စကားများမှ တစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စရရန် ကြိုးစားလိုက်သ‌ည်။ 


ထိုလူတစ်စုက ဧကရာဇ်၏ရှေ့တွင် ဒူးထောက်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောကြပေ။ လင်းဖူက သူတို့ကိုကြည့်နေစဉ်မှာပင် ဧကရာဇ်ချင်းဖျင်၏ စူးရှသောအကြည့်များဖြင့် အကြည့်ချင်းဆုံသွားသည်။


သူ့ကို အပြင်ထွက်သွားရန် အချက်ပြနေခြင်းပင်။


လင်းဖူက မင်းကြီး၏အမိန့်တော်ကို မနာခံသည်အထိ အတင့်မရဲနိုင်၍ ဦးညွတ်လိုက်ပြီး နောက်ဆုတ်သွားသည်။


သူ့အနောက်မှ တော်ဝင်စာကြည့်ဆောင်၏တံခါးများကို တဖြည်းဖြည်းပိတ်လိုက်သည်။ 


လင်းဖူက အထဲကို အကြိမ်အနည်းငယ်ခန့်ကြည့်လိုက်ပြီးနောက် စင်္ကြန်ဘက်သို့လျှောက်သွားကာ တံခါးဝတွင် စောင့်နေသည့် မိန်းမစိုးလေးကို မေးလိုက်သည်။


" အခုလေးတင် အထဲကိုဝင်လာကြတဲ့လူတွေက ဘယ်သူတွေလဲသိလား..."


မိန်းမစိုးလေးက ခေါင်းခါပြလိုက်သည်။ 


လင်းဖူက အံကြိတ်ထားပြီး သူ့ကို ဆူပူကြိမ်းမောင်းလိုက်သည်။


အကယ်၍ ယခုအချိန်မှ အခြားလူများကိုမေးလျှင်လည်း သူဘာမှမသိနိုင်ပေ။ နန်းတွင်းတွင် ခစားကြသည့်လူများက အခြားသောကိစ္စများကို ဂရုမထားတတ်ကြပေ။


သူတို့ရှေ့တွင်ရှိသောသခင်ကို ကောင်းမွန်စွာ ခစားနိုင်သရွေ့ မကုန်ခန်းနိုင်သော စည်းစိမ်နှင့် ရာထူးများကို ရရှိနိုင်မည်ဖြစ်သည်။ သို့ရာတွင် သူတို့အားလုံးက သစ်ပင်ကြီးပေါ် ကပ်တွယ်နေသည့် နွယ်ပင်များသာဖြစ်သည်။ သစ်ပင်ကြီးက ပြိုလဲသွားပါက သူတို့လည်း သေဆုံးသွားနိုင်သည်။ 


သို့ဖြစ်၍ သူ့ရှေ့တွင်ရှိသောဧကရာဇ်ကို ကောင်းမွန်စွာ ခစားနေသည့်အချိန်မှာပင် သူတို့ဘဝတက်လမ်းအတွက်လည်း နည်းလမ်းများ ရှာဖွေရသေးသည်။ 


ရှုမိသားစုက အားကိုးအားထားရပြီး ညီလာခံထဲတွင် အာဏာရှိကာ သူတို့ဘက်မှ ကိုယ်လုပ်တော်များက နန်းမွေဆက်ခံသူကို မွေးထုတ်ပေးနိုင်မည်ဟု မူလက သူထင်ခဲ့မိသည်။ 


‌မမျှော်လင့်ထားသည်မှာ ကိုယ်လုပ်တော်ယီကျဲယွီက အဆိပ်သောက်၍ သတ်သေလိုက်ရပြီး ရှုမိသားစုကလည်း သူတို့အာဏာကို အသုံးချ၍ အန္တရာယ်များသည့် ကိစ္စကြီးကို ပြုလုပ်ခဲ့သည်။ သို့ရာတွင် သူတို့အတွက် အကျိုးအမြတ်များ ရရှိမည့်အစား ပြိုလဲတော့မည့် အနေအထားသို့ ရောက်ရှိလာသည်။


လင်းဖူ၏စိတ်ထဲတွင် အမျက်ဒေါသကိုသာ ခံစားနေမိသည်။ 


နန်းတွင်းထဲတွင် သူက ဧကရာဇ်၏ဘေးတွင် အချိန်ပြည့်ရှိနေရသူဖြစ်သာ်လည်း သူ့လက်အောက်ငယ်သားများ၏  မျက်လုံးနှင့်နားများကို ကန့်သတ်ခံထားရသည်။


ယခုချိန်တွင် အပြင်ဘက်မှ သူ့ကိုထောက်ခံပေးနေသည့်အင်အားကြီးကလည်း ပြိုလဲတော့မည်ဖြစ်၍ သူ လုပ်နိုင်သည့်ကိစ္စ မရှိတော့ပေ။


တော်ဝင်စာကြည့်ဆောင်ထဲကို နောက်တစ်ကြိမ်လှမ်းကြည့်လိုက်သည်။ 


အတွင်းဘက်တွင် အလွန်တိတ်ဆိတ်နေသောကြောင့် မည်သည့်အသံကိုမှ မကြားရပေ။ သို့ရာတွင် ကိစ္စကြီးတစ်ခု မလွဲမသွေဖြစ်လာတော့မည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။


ထိုအချိန်တွင် မိန်းမစိုးငယ်လေးတစ်ယောက် ရောက်လာသည်။

    

လင်းဖူ သူ့ကို တစ်ချက်ကြည့်လိုက်သည့်အခါ မရင်းနှီးသောမျက်နှာဖြစ်နေ၍ လမ်းမှားလာသည်ဟုသာ ထင်လိုက်သည်။


သူ ရှေ့တိုးလာပြီး ဆူပူကြိမ်းမောင်းလိုက်သည်။


" ဒီနေရာက ဘယ်လိုနေရာမျိုးလဲ‌ဆိုတာ သိရဲ့လား... ရာရာစစ ဒီကိုများ လမ်းမှားလာရဲတယ်ပေါ့..."


မိန်းမစိုးလေးက လျှို့ဝှက်စွာ ပြုံးလိုက်သည်။


" ဒီအစေခံက ဒီနေရာကို သေချာပေါက်သိတာပေါ့... ကျွန်တော် ဒီကို ရောက်လာရတာ မိန်းမစိုးကြီးကို တွေ့ဖို့ပါ..."


လင်းဖူ မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်လိုက်သည်။ 


မိန်းမစိုးလေး၏အကြည့်များက တော်ဝင်စာကြည့်ဆောင်ဘက်သို့ ရောက်လာသည်။


" အထဲမှာ ဘယ်သူတွေရှိလဲဆိုတာ မိန်းမစိုးကြီးသိရဲ့လား..."


သူ့အသံက တိုးလွန်းနေ၍ သူတို့နှစ်ယောက်တည်းသာ ရှင်းရှင်းလင်းလင်းကြားရသည်။


" တကယ်လို့ မိန်းမစိုးကြီး ဒီအစေခံနဲ့လိုက်လာမယ်ဆိုရင် အားလုံးကို ပြောပြပါမယ်..."


........


ရှုအိမ်တော်က ယခုရက်ပိုင်းအတွင်းတွင် သက်ဝင်လှုပ်ရှားမှုများမရှိကြပေ။ 


ရှုရှန့်က စိတ်မကြည်မလင်ဖြစ်နေသည်ကို အိမ်တော်မှလူအားလုံးသိကြသည်။ အိမ်တော်ပြင်ပတွင်နေပြီး ပျော်ပါးနေသည့် အကြီးဆုံးသခင်လေးမှလွဲ၍ အခြားမည်သူမျှ ရှုရှန့်ကို စိတ်ရှုပ်အောင်မလုပ်ရဲကြပေ။ 


တစ်ချိန်တည်းမှာပင် ရှုမိသားစုက မင်းကြီးအပေါ် မလုပ်သင့်မလုပ်အပ်သောကိစ္စကို ပြုလုပ်ခဲ့ကြောင်း အားလုံးကသိကြ၍ ရှုမိသားစုဝင်များနှင့် ခပ်ခွာခွာနေနေကြသည်။ 


ယနေ့တွင် နန်းတော်ထဲမှ မိန်းမစိုးတစ်ယောက်၏ လျှို့ဝှက်သတင်းပေးပို့မှုကြောင့် အမတ်ချုပ်အိမ်တော်၏အခြေအနေက ပို၍ အုံ့မှိုင်းနေခဲ့သည်။


၎င်းက ကိစ္စကောင်းမဟုတ်ပေ။


ရှုမိသားစုမှ အစေခံများက အိမ်တော်တွင် မည်သို့သောအခြေအနေမျိုး ဖြစ်ပေါ်လာမည်ကို မသိ၍ အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။ 

    

ထို့အပြင် အားလုံးက စာကြည့်ခန်းနှင့် ဝေးရာတွင် အလိုက်တသိ နေနေကြသည်။ 


အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှုရှန့်ကျန်နှင့် သားအကြီးဆုံး ရှုကျုံးဝေ့တို့က စာကြည့်ခန်းထဲတွင် အရေးကြီးကိစ္စများ ဆွေးနွေးနေကြသောကြောင့်ဖြစ်သည်။


စာကြည့်ခန်းထဲမှ အခြေအနေက စိတ်ပျက်ညီးညူဖွယ်ဖြစ်နေသည်။ 


" အဖေ ဒါက..."


ရှုကျုံးဝေ့က ရှုရှန့်၏စားပွဲရှေ့တွင် ရပ်နေလျက်ဖြင့် ပြောလိုက်သည်။


" ကျန်းနန်ကကိစ္စကို အမှားအယွင်းမရှိအောင် လုပ်ထာားပါတယ် ဒါပေမဲ့ အဲ့ဒီစုန့်အန်းဆိုတဲ့ကလေးက ပြဿနာရှာလွန်းတယ် အဲဒါကြောင့်မို့ မင်းသား၅က လက်ဆုပ်လက်ကိုင်ပြစရာ ရသွားတာဖြစ်လိမ့်မယ်..."


" စုန့်အန်းကို ပြန်ခေါ်ပါလို့ မင်းကို ငါမပြောထားဘူးလား... ဘယ်သူက သူ့ကို အဲ့ဒါတွေလျှောက်လုပ်ခိုင်းလို့လဲ..."


ရှုရှန့်က သူ့ကို ဒေါသတကြီးစိုက်ကြည့်နေသည်။ 


ရှုကျုံးဝေ့က အလျင်အမြန် ပြန်ပြောလိုက်ရသည်။


" သား အစောကြီးတည်းက သူ့ကိုအသုံးစရိတ်တွေ ဖြတ်ထားပါတယ်... ဖိအားပေးခံရလို့ သူ အနှေးနဲ့အမြန် ပြန်လာတော့မယ်ထင်ခဲ့တာ ဒါပေမဲ့..."


" ဒါပေမဲ့ မင်းက ကိုယ့်မိန်းမကိုယ် မထိန်းချုပ်နိုင်ဘူးလေ... ကိစ္စတွေက ဒီအခြေအနေထိရောက်လာပြီ ပြီးရင်ငါတို့အားလုံး ဒုက္ခရောက်တော့မှာ..."


ရှုရှန့် ဒေါသကြီးစွာဖြင့် အော်ပြောလိုက်သည်။


ရှုကျုံးဝေ့က ပြန်မပြောရဲတော့ပေ။


သူ့အဖေ ဒေါသထွက်သည်ကို ကျိုးကြောင်းမဆီလျော်ဟု ထင်နေမိသည်။ 


ရှုစုန့်အန်းက သူတို့ အိမ်တော်ရဲ့ နောက်မျိုးဆက်အတွက် တစ်ဦးတည်းသော သားယောက်ျားလေးလေ... သူ ကလေးဘဝတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာတာ... ဒါပေမဲ့ သူက ကျန်းမာရေးလည်းမကောင်းတော့ တစ်အိမ်လုံး ဝိုင်းပြီးအလိုလိုက်ကြတာပဲကို...

( T/N - ယီကျဲယွီရဲ့သား မင်းသား၄ကလည်း သူတို့ရဲ့ မြေးဆိုပေမယ့် ဘုရင့်သားတော် မင်းသားဖြစ်နေလို့  ရှုစုန့်အန်းကို သူတို့ အိမ်တော်ရဲ့ နောက်မျိုးဆက်အတွက် တစ်ဦးတည်းသော သားယောက်ျားလေးလေးလို့ ပြောကြတာပါ )


လွန်ခဲ့သည့် လအနည်းငယ်က ရှုစုန့်အန်းမှာ ချန်အန်းမှ ခိုးထွက်သွားခဲ့ပြီး ပျော်ပါးနေခဲ့သည်။ သူ ပြန်ရောက်လာစေရန် ရှုကျုံးဝေ့က အသုံးစရိတ်ဖြတ်တောက်၍ တွန်းအားပေးခဲ့သည်။ သို့ရာတွင် သူ့ဇနီးဖြစ်သူက ရှုစုန့်အန်းကို ငွေများခိုးပို့ပေးခဲ့ကာ ပြဿနာရှာခဲ့ပြီး သူ့အမေကလည်း မြေးအတွက် ငိုကြွေးနေခဲ့သည်။ 


ရှုကျုံးဝေ့က ပြည်တွင်းရေးဌာနမှ အမတ်တစ်ယောက်ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် အလုပ်တာဝန်များက ရှုပ်ထွေးလွန်းလာသည်။  ဤနှစ်တွင် ရွှယ်ယန်က ညီလာခံ၌ ကိစ္စများစွာဆောင်ရွက်ခဲ့သော်လည်း သူ ဘာမှပြန်မလုပ်နိုင်သည်ဖြစ်၍ မျက်စိစုံမှတ်ပြီး ကြည့်နေခဲ့ရသည်။ 


သူက ရှုစုန့်အန်း၏ စရိတ်များကို ဖြတ်တောက်ခဲ့သော်လည်း အမေနှင့် ဇနီးဖြစ်သူက တိတ်တဆိတ် ပေးပို့နေခဲ့၍ ရှုစုန့်အန်းက အပြင်တွင် နှစ်ဝက်ခန့်အထိ နေနိုင်ခဲ့သည်။ သို့ရာတွင် ဤသို့သောကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်မှတ်ထားခဲ့ပေ။ 


ရှုကျုံးဝေ့က စားပွဲဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။


ရှုရှန့်က လက်ဖက်ရည်ကြမ်းနှစ်ငုံခန့်သောက်ပြီးသည့်နောက်တွင် ဒေါသကို ချိုးနှိမ်ထားပြီး ပြောလိုက်သည်။


" အခုမှတော့ သူ့ကိုအပြစ်တင်နေလို့လည်းမရတော့ဘူး... ကံကောင်းတာက မိန်းမစိုးလင်းဖူ ရှိနေသေးလို့ပေါ့... သူက သတင်းကို စောစောစီးစီး လာပြောပေးထားတာဆိုတော့ ပြန်လှည့်လို့ရနိုင်သေးတယ်..."


ရှုကျုံးဝေ့ ထိုစကားများကိုကြားသည့်အခါတွင်လည်း သူ့မျက်နှာထက်မှ တည်ကြည်မှုက မပျောက်ပျက်သွားပေ။


" အဖေ ပြောချင်တာက..."


ရှုမိသားစု၏ ငွေကြေးအလွဲသုံးစားလုပ်မှုက ပေါ်လွင်နေပြီဖြစ်သည်။ ကျင်းလင်မှအရာရှိက သူအလွဲသုံးစားလုပ်ထားသည့် ငွေများကို ရှုမိသားစု၏မြေးကို ပေးလိုက်သည်မှာလည်း သက်သေရှိနေပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ရှန်တုန်းတွင် ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စအချို့ကိုပါ ပေါင်းလိုက်လျှင် သူ့အဖေနှင့် သူ့ကိုပါ သေဒဏ်ပေး၍ရနေပြီဖြစ်သည်။ 


ထို့အပြင် လင်းဖူ၏စကားအရဆိုပါက ရွှယ်ယန်က ယွင်နန်ဘုရင်အကြောင်းကိုလည်း ကြားသိထားပြီး သက်သေရရှိထားပုံပေါ်သည်။ ကျန်းနန်တွင် ဖြစ်ပွားသည့် ပြဿနာများက ယွင်နန်ဘုရင်ကြောင့်ဖြစ်ကြောင်းကို ရွှယ်ယန် သိနေခဲ့သည်။


    

ရှုမိသားစုက ယွင်နန်ဘုရင်ကို ငွေကြေးထောက်ပံ့ခဲ့သည်မှာ တစ်ရက်နှစ်ရက် မကပေ။ ယခုချိန်တွင် ယွင်နန်ဘုရင်လက်အောက်မှ စစ်သည်များက ရှုမိသားစုက သီးသန့်မွေးထုတ်ထားသော စစ်သည်များဟုပင် ခေါ်နိုင်ပေသည်။ 


ဧကရာဇ်က ယွင်နန်ဘုရင်ကို စစ်အသုံးစရိတ်ထောက်ပံ့နေသည့်လူကို ရှာတွေ့သွားရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။ သူတို့ ရှုမိသားစုက ငွေအလွဲသုံးစားပြုလုပ်ခဲ့သည့် ပမာဏမှာ အလွန်များပြားလွန်း၍ ခြေရာလက်ရာမကျန်ခဲ့ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဧကရာဇ်က ယွင်နန်ဘုရင်ကိုဖမ်းဆီးရန် စစ်တပ်ကြီးတစ်ခု ပို့ဆောင်တော့မည့်ပုံပေါ်သည်။ 


ယွင်နန်ဘုရင်ကိုဖမ်းပြီး နန်းတွင်းထဲ ခေါ်လာမယ်ဆိုရင် သူက ရှုမိသားစုအကြောင်းကို ဖုံးကွယ်ပေးထားပါ့မလား...


ဧကရာဇ်က အမှန်တရားကို သိရှိသွားပါက သူတို့၏ရှုမိသားစုတစ်ခုလုံး အမြစ်ဖြတ်ရှင်းလင်းခံရတော့မည်ဖြစ်သည်။ 


ဘယ်လိုပဲတွေးတွေး ချောင်ပိတ်မိနေတဲ့ ကိစ္စကြီးပဲကို...


ရှုရှန့်က ရှုကျုံးဝေ့ကို ကြည့်လိုက်သည်။ 


" ခုနကပဲ လင်းဖူဆီက သတင်းတစ်ခုရောက်လာတာကို အဖေမပြောပြရသေးဘူး..."


ရှုကျုံးဝေ့က အသည်းအသန်မေးလိုက်သည်။


" ဘာများလဲအဖေ..."


" ကျွင်းမိသားစုရဲ့သမီးက နဂါးမျိုးဆက်ကို ကိုယ်ဝန်လွယ်ထားရတာ သုံးလတောင်ရှိပြီလို့ကြားတယ်... သူ့ကို နတ်ဘုရားတွေက မိဖုရားဖြစ်လာစေချင်ပုံပဲ..."


ရှုကျုံးဝေ့ ထိတ်လန့်သွားရသည်။

" သူက ကလေးမမွေးနိုင်တော့ဘူးမလား..."


" သူ့အနားမှာ ဆေးပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နန်းတွင်းသူတစ်ယောက်ရှိတယ်လို့ကြားတယ်... သူတို့က ဒီကိစ္စကို လျှို့ဝှက်ထားတာ... ကလေး သုံးလမပြည့်မချင်း ဧကရာဇ်ကိုတောင် မပြောပြထားဘူး...


ရှုရှန့်က ထိုစကားများပြောနေစဉ် ရှုကျုံးဝေ့ကို တစ်ချက်ကြည့်လိုက်သည်။ 


" ရွှယ်ယန်ဖြစ်ဖြစ် ကျွင်းမိသားစုရဲ့သမီးဝမ်းထဲက ကလေးဖြစ်ဖြစ် ထီးနန်းဆက်ခံသွားရနိုင်တယ်ဆိုရင် ရှုမိသားစုရဲ့ ကံကြမ္မာက တစ်သက်လုံး ‌‌ ကောင်းမလာနိုင်တော့ဘူးဆိုတာ မင်းသိသင့်တယ်..."


" အခုလောလောဆယ် ရှုမိသားစုကိုကယ်ဖို့ တစ်ခုတည်းသောနည်းလမ်းက လုံးဝ မျှော်လင့်ချက်ပျောက်မသွားခင်မှာ တစ်ခုခုလုပ်နိုင်ဖို့ပဲ..."


" ဒါပေမဲ့ အဖေ ... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ... ကျွန်တော်တို့ဘက်က အမှုထမ်းအရာရှိတွေ တော်တော်များများကိုလည်း မင်းသား၅က သိသွားလို့ အခုလောလောဆယ် အခြေအနေက မလူးသာ မလွန့်သာ ဖြစ်နေတာလေ..."


ရှုကျုံးဝေ့က အလျင်အမြန်ရှင်းပြလိုက်သည်။ 


" ငါတို့မှာ နောက်ဆုံးအကြံတစ်ခု ရှိပါသေးတယ်..."


ရှုကျုံးဝေ့က ထိုစကားကိုကြားချိန်တွင် အလွန်ထိတ်လန့်သွားသည်။ 


" အဖေပြောချင်တာက..."


သူ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခက်ခက်ခဲခဲပြောလိုက်ရသည်။ 


" မင်းသား၄ လား..."


သူတို့က နန်းတွင်းထဲမှ မင်းသား၄ကိုအမှီသဟဲပြုပြီး ကိစ္စပေါင်းများစွာ ပြုလုပ်ခဲ့သည်။ သူတို့က မင်းသား၄၏ အာဏာဖြစ်သကဲ့သို့ မင်းသား၄ကလည်း သူတို့ကို ထောက်ပံ့ပေးသူဖြစ်သည်။


ဤဝှက်ဖဲကို လွယ်လွယ်အသုံးပြု၍မရပေ။ 


ဘယ်အချိန်မှာ အသုံးဝင်လာမလဲ...


မင်းပြောင်းမင်းလဲဖြစ်မှပဲ အသုံးဝင်လာမှာ...


ရှုကျုံးဝေ့က သူ့အဖေကို ကြောက်လန့်တကြားကြည့်လိုက်သည်။ 


သူ့အဖေက သူ့ကို အေးအေးလူလူသာကြည့်နေသော်လည်း သူ၏ နီရဲနေသောမျက်ဝန်းထဲမှ တည်ငြိမ်မှုများတွင် ရူးနှမ်းမှုများကို ဖုံးကွယ်ထားသည်။


သူက အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်ရန်အတွက် ရူးနှမ်းစွာဖြင့် ပိုင်ဆိုင်မှုအားလုံးကို ပုံအောပြီး လောင်းကြေးထပ်လိုက်သည့် လောင်းကစားသမားတစ်ယောက်နှင့် တူနေသည်။

    

——


ဧကရာဇ်ချင်းဖျင်က စစ်တပ်များစေလွှတ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သို့ရာတွင် မည်သည့်အချိန် မည်သည့်နေရာသို့ စေလွှတ်ရမည့်ကိစ္စများကိုမူ စဉ်းစားဆုံးဖြတ်ရန် လိုအပ်နေသေးသည်။

 

ယခင်မင်းဆက်မှ စစ်သူကြီးများက ရံဖန်ရံခါ ပုန်ကန်ကြ၍ တိုင်းပြည်အတွင်း မငြိမ်သက်မှုနှင့် အထိကရုဏ်းများ ဖြစ်ပေါ်လေ့ရှိသည်။ သို့ဖြစ်၍ တာ့ယုံမင်းဆက်ကို တည်ထောင်ချိန်တွင် ထိုက်ကျုက စစ်သူကြီးများကို နှိမ်ပြီး အရပ်သားမှူးမတ်များကိုသာ စားပေး ခန့်အပ်ခဲ့သည်။


Xxxxxxxx