Chapter 143
ဧကရာဇ်ချင်းဖျင်က စစ်တပ်များစေလွှတ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သို့ရာတွင် မည်သည့်အချိန် မည်သည့်နေရာသို့ စေလွှတ်ရမည့်ကိစ္စများကိုမူ စဉ်းစားဆုံးဖြတ်ရန် လိုအပ်နေသေးသည်။
ယခင်မင်းဆက်မှ စစ်သူကြီးများက ရံဖန်ရံခါ ပုန်ကန်ကြ၍ တိုင်းပြည်အတွင်း မငြိမ်သက်မှုနှင့် အထိကရုဏ်းများ ဖြစ်ပေါ်လေ့ရှိသည်။ သို့ဖြစ်၍ တာ့ယုံမင်းဆက်ကို တည်ထောင်ချိန်တွင် ထိုက်ကျုက စစ်သူကြီးများကို နှိမ်ပြီး အရပ်သားမှူးမတ်များကိုသာ စားပေး ခန့်အပ်ခဲ့သည်။
ဤဓလေ့ထုံးတမ်းကို ယခုလက်ရှိဧကရာဇ်လက်ထက်တိုင် လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်သည်။ စစ်အင်အားရှိကြသည့် စစ်သူကြီးများမှာ ညီလာခံတွင်မနေရပဲ ရှေ့တန်းစစ်မျက်နှာပြင်သို့သာ အပို့ခံရသည်က ပိုများသည်။ သို့ဖြစ်၍ ဧကရာဇ်ရှေ့တွင် စကားပြောရဲသည့် စစ်သူကြီးကို ရှာတွေ့ရန် မလွယ်ကူပေ။
ထို့အပြင် ရှုမိသားစုက ဧကရာဇ်ချင်းဖျင်၏ ယုံကြည်မှုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် ဆင့်ခေါ်ချိန်တွင်လည်း ထိုလူနှင့် ရှုမိသားစုအကြားမှ ဆက်ဆံရေးကို တွေးတောရဦးမည်ဖြစ်သည်။ အကယ်၍ ရှုမိသားစုနှင့် ရင်းနှီးသူဖြစ်ပါကလည်း ရွေးချယ်၍ မရနိုင်ပေ။
ဤတစ်ကြိမ် ရွယ်ယန်ပို့ပေးသည့် သတင်းအရ ရှုမိသားစုက ယွင်နန်ဘုရင်ကို ထောက်ပံ့သူများဟု အသေးစိတ်မပါရှ်ိသော်လည်း အခြားလူများ၏ ခံဝန်ချက်များအရ ယွင်နန်ဘုရင်နှင့် ပူးပေါင်းထားသူများက အတွင်းအပြင် နှစ်ဖက်လုံးတွင် ရှိနေသည်။
ရှုမိသားစု၏ အကျင့်ပျက်ခြစားမှု ကိစ္စကြီးနှစ်ခုကိုပေါင်းလိုက်ပါက ဧကရာဇ်ချင်းဖျင်က သံသယမဝင်ချင်လျှင်ပင် ယွင်နန်ဘုရင်နှင့် ရှုမိသားစု ပူးပေါင်းသည်ဟူသောကိစ္စကို သံသယသာဝင်ရတော့မည်ဖြစ်သည်။
သို့ဖြစ်၍ စနစ်တကျ စီစစ်ရွေးချယ်ပြီးသည့်နောက်တွင် ဧကရာဇ်ချင်းဖျင်က အမတ်အချို့ကိုဆင့်ခေါ်ပြီး စစ်သည်များကို တောင်ပိုင်းသို့ စေလွှတ်မည့်အကြောင်း ဆွေးနွေးရန် ပြင်လိုက်သည်။
အမတ်များရောက်လာသည့်အခါ အတောမသတ်နိုင်သည်အထိ ငြင်းခုံကြတော့သည်။
စစ်တပ်ကို အသုံးပြုရမည့်အချိန်ရောက်သည့်အခါ စာပေကိုသာဦးစားပေးပြီး ကိုယ်ခံပညာကို ဖိနှိပ်ထားခြင်း အကြောင်းများကပေါ်လာသည်။ တာ့ယုံကို ဝန်းရံနေသည့် ခံတပ်များထဲတွင် အရာရှိများနှင့် စစ်သားအရေအတွက်က ကွက်တိဖြစ်နေ၍ အလွယ်တကူ လှုပ်ရှား၍ မရပေ။ ထို့အပြင် ယွင်နန်ဘုရင် သတိမပြုမိစေရန် စစ်တပ်ကို ချန်အန်းမြို့အနီးတွင် နေရာချထားရမည်ဖြစ်သည့်အပြင် စစ်တပ်ကို အမြန်စေလွှတ်မှလည်းဖြစ်မည်။
အမတ်များက အသည်းအသန်ငြင်းခုံနေကြသော်လည်း ရလဒ်က မထွက်လာပေ။
အမတ်များအကြားတွင် စကားလုံးဝ ဝင်မပြောပဲ ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက် ပြုလုပ်နေသော အမတ်တစ်ယောက်ရှိသည်။
အခြားအမတ်များ၏ ငြင်းခုံသံကြောင့် ဧကရာဇ်ချင်းဖျင်က ဒေါသထွက်နေပြီဖြစ်သည်။
လင်းဖူက ထိုအမတ်ကို မသိမသာကြည့်နေသည်။
ထိုလူ မည်သူဖြစ်ကြောင်းကို လင်းဖူသိသည်။
ထိုလူက မူလက ကျန်းမိသားစုမှဖြစ်ပြီး ကျင်းလင်ရှိ လင်းကျန်းကျောင်းတော်တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ ထိုလူက နဂိုမူလတွင် ဖြောင့်မတ်သူဖြစ်သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရှုမိသားစုက သူ့ကလေးများကို အကြောင်းပြကာ အကျပ်ကိုင်ခဲ့သည်။
ယနေ့တွင် ဤလူက ရှုမိသားစု၏စီစဉ်မှုဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထိုလူ ဘေးပတ်ပတ်လည်ကိုကြည့်နေချိန်တွင် လင်းဖူနှင့် အကြည့်ချင်းဆုံသွားသည်။
သူ ခဏရပ်သွားပြီးမှ အကြည့်လွှဲလိုက်သည်။
ထိုအချိန်တွင် ငြင်းခုံနေသည့် အမတ်များက ခေတ္တရပ်တန့်သွားကြသည်။
ဧကရာဇ်ချင်းဖျင်က မျက်ခုံးကိုပွတ်နေပြီး သက်ပြင်းချလိုက်သည်။
" လီအိုက်ချင်း..."
သူ လက်ဖက်ရည်ကြမ်းတစ်ငုံသောက်ပြီးနောက် ထိုအမတ်ကို ကြည့်လိုက်သည်။
" မင်း စကားပြောတာ ကိုယ်တော်မမြင်ဘူး... မောင်မင်းရဲ့ အတွေးကရော ဘယ်လိုလဲ..."
အမတ်က တုန်တုတ်ယင်ယင်ဖြင့် ထရပ်လိုက်ပြီး ဧကရာဇ်ချင်းဖျင်ရှေ့တွင် ဒူးထောက်လိုက်သည်။
" ကျွန်တော်မျိုးမှာ အကြံတစ်ခု ရှိပါတယ်... ကျွန်တော်မျိုး အတင့်ရဲရတာကို ခွင့်လွှတ်ပေးပါအရှင်..."
" ပြောမှသာပြောပါ..."
ထိုအမတ်က လင်းဖူ၏အကြည့်များကြောင့် နေရခက်နေသည့်အပြင် သူပြောရမည့်အကြောင်းအရာများကို တွေးကာ တွန့်ဆုတ်နေမိသည်။
" ချန်အန်းမြို့ရဲ့မြောက်ဘက် ချင်မန်တံခါးက စစ်သားတွေကို အသုံးပြုလို့ရနိုင်ပါတယ်အရှင်..."
တစ်ခဏတာခန့် အားလုံးတိတ်ဆိတ်သွားကြသည်။
ဧကရာဇ်ချင်းဖျင်က မျက်မှောင်ကြုတ်၍ အလေးအနက်တွေးနေလိုက်ပြီးနောက် ပြောလိုက်သည်။
" ချင်မန်တံခါးက စစ်သည်တွေက ဘယ်သူ့လက်အောက်ကလဲဆိုတာ မောင်မင်းသိတယ်မလား..."
" ဒီတစ်လောကလုံးက စစ်သည်တွေအားလုံးကို မင်းကြီးပိုင်ဆိုင်တာ ကျွန်တော်မျိုးသိပါတယ်..."
လီအိုက်ချင်းက ကြမ်းပြင်နှင့်နဖူးကိုထိထားပြီး တဖြည်းဖြည်းချင်းပြောလိုက်သည်။
" ချင်မန်တံခါးက စစ်သည်တွေကို စစ်သူကြီးရှုကျုံးလျန် ကွပ်ကဲနေတယ်ဆိုတယ်ဆိုပေမယ့် စစ်သူကြီးရှုက အမတ်ချုပ်ကြီးရှုရှန့်ရဲ့ ဆက်ခံသူပါ ဒါပေမဲ့ သူက အမတ်ချုပ်နဲ့ အနေမနီးပါဘူး... တစ်ဖက်ကတွေးကြည့်ရင်လည်း စစ်သူကြီးရှုက ရိုးသားပါတယ်... သူက အရှင်မင်းကြီးကိုကယ်တင်ဖို့ သူ့အသက်ကိုလည်း စွန့်လွှတ်ခဲ့ဖူးပါတယ် ... အဲ့ဒီအကြောင်းအရင်းသုံးချက်ကြောင့် ရှုမိသားစုရဲ့ အကျင့်ပျက်ခြစားမှုကို ခဏလောက် မသိကျေးကျွန်ပြုထားပေးဖို့ ကျွန်တော်မျိုးက ရဲတင်းစွာနဲ့ တောင်းဆိုရတာပါ..."
ဧကရာဇ်ချင်းဖျင်က သူ့ကို တိတ်ဆိတ်စွာစိုက်ကြည့်နေသည်။
သူ ပြောတာမှန်တယ်...
ရှုမိသားစု၏ ယခင်ကအကြောင်းများကို သူလည်းသိသည်။ ရှုရှန့်က ဆက်ခံသူနည်းပြီး သားယောက်ျားလေး မရှိခဲ့သောကြောင့် သူ့အစ်ကို၏ကလေးကို မွေးစားခဲ့သည်။ ထိုလူက ရှုကျုံးလျန်ဖြစ်သည်။ ရှုကျုံးလျန် ရောက်ရှိလာခဲ့ပြီး နှစ်နှစ်ခန့်အကြာတွင်မှ ရှုရှန့်၏ဇနီးက ရှုကျုံးဝေ့ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။
ရှုရှန့်က ရှုကျုံးဝေ့ကို အကောင်းဆုံးကြိုးစားလေ့ကျင့်ပေးခဲ့သော်လည်း ရှုကျုံးလျန်ကို လျစ်လျူရှု့ထားခဲ့သည်။ ထိုသို့မဟုတ်ပါက ရှုကျုံးလျန်က နယ်စယ်သို့ သွားရောက်ခဲ့ရမည်မဟုတ်ပေ။
ရှုကျုံးလျန်က ဧကရာဇ်ချင်းဖျင်အတွက် သူ့အသက်ကို အမှန်တကယ် စွန့်လွှတ်ပေးခဲ့ဖူးသည်။
သူ့အကြောင်းကို တွေးမိသွားသည့်အခါ ဧကရာဇ်ချင်းဖျင် ငြိမ်ကျသွားရသည်။
ရှုမိသားစုက သူ့မျက်စိရှေ့တွင်ပင် လောဘတက်ပြီး ငွေကြေးအလွဲသုံးစား ပြုလုပ်ခဲ့သည့်အတွက် မုန်းတီးမိသော်လည်း ယခုလက်ရှိတွင် သူတို့နေရာတွင် အစားထိုးရမည့် အခြားမိသားစုကို ရှာမတွေ့ပေ။ ဘုရင်တစ်ပါးလက်ထက်တွင် အုပ်စုနှစ်ခုကို မျှချေညီအောင် ကိုင်တွယ်တတ်ရန် လိုအပ်လှသည်။ တစ်ဖက်ကိုဖိနှိပ်ပြီး တစ်ဖက်ကို ပစားပေးခြင်းက မလုပ်အပ်သည့်အရာဖြစ်သည်။
ဧကရာဇ်ချင်းဖျင်က အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။
" ဆက်ပြောပါဦး..."
ဧကရာဇ်၏စကားကြောင့် ကြမ်းပြင်တွင် တုန်ယင်နေသည့်အမတ်က ဆက်ပြောလာသည်။
" အရှင်မင်းကြီး ယွင်နန်ဘုရင်ကိုဖိနှိပ်ဖို့အတွက် ရှုမိသားစုကို အခွင့်အရေးပေးသင့်ပါတယ်... တကယ်လို့ သူတို့ဘက်က ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ခဲ့ရင် အရှင် သူတို့ကို အပြစ်ပေးလို့ရပေမယ့် အသက်ချမ်းသာပေးလိုက်ပါ... အဲ့ဒါဆိုရင် သူတို့က နောင်အနာဂတ်မှာ အရှင့်အတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ပေးဆပ်ကြမှာပါ..."
ခန်းမထဲတွင် တိတ်ဆိတ်နေပြီး ဧကရာဇ်ချင်းဖျင်ကလည်း ငြိမ်သက်နေ၍ မည်သူမျှ စကားမစရဲကြပေ။
ထိုအမတ်က ဆက်ပြောသည်။
" တကယ်လို့ အရှင်မင်းကြီး စိတ်ပူပန်နေဆဲ ဆိုရင်တော့ စစ်သူကြီးရှုကျုံးလျန်ကို ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာမပေးပဲ လက်ထောက်စစ်သူကြီးအဖြစ်ပဲ တာဝန်ပေးလိုက်ပြီးတော့ အရှင်ယုံကြည်စိတ်ချရတဲ့လူကို ခေါင်းဆောင်စစ်သူကြီးရာထူးပေးအပ်လိုက်ပါ..."
ထိုစကားများကြောင့် ဧကရာဇ်ချင်းဖျင်က ရင်ထဲထိသွားသည်။
ခဏအကြာတွင် သူ့လက်ဖက်ရည်ခွက်ကိုချလိုက်သည်။
" မောင်မင်းပြောတဲ့အတိုင်းပဲ ဆောင်ရွက်ရတာပေါ့... လာကြစမ်း... အမိန့်တော်ချမှတ်မယ်... ချင်မန်မြို့စောင့်တပ်ကို ချန်အန်းမြို့ထဲဆင့်ခေါ်စေ ကိုယ်တော်ကိုယ်တိုင်သူတို့တစ်ယောက်ချင်းစီကို နှုတ်ဆက်မယ်..."
နန်းတွင်းသို့သွားသည့် ကျင်းယီဝေ့က ကျင်းလင်သို့ ပြန်ရောက်လာချိန်တွင် ညသန်းခေါင်ယံအချိန်ရှိပြီဖြစ်သည်။
ရွှယ်ယန်က ယခုနောက်ပိုင်းတွင် ကျွင်းဟွိုင်လန်၏အနားသာ ကပ်နေသည်။
ဆည်ပြုပြင်သည့်လုပ်ငန်းက မြန်ဆန်လွန်းလှသည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်းတွင် ကျွင်းဟွိုင်လန်က သူ့လက်ထဲမှ ပုံကြမ်းကို အနေအထားကိုက်ညီအောင် စတင်ညှိခဲ့သည်။ ပုံကြမ်းကိုညှိယူပြီးစီးမည့်နေ့ကိုစောင့်ဆိုင်းနေပြီးမှ ဆည်ကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။
ထိုအချိန်တွင် သူလုပ်စရာရှိသည့်တာဝန်များ ပြီးဆုံးသွားမည်ဖြစ်သည်။
သူက ယခုရက်ပိုင်းအတွင်းတွင် အလွန်အမင်း အလုပ်များနေခဲ့သော်လည်း အလုပ်များနေသင့်သည့် ကွမ်းလင်ဘုရင်ခံက လုံးဝအလုပ်မများခဲ့ပေ။
သူ အလွန်အားလပ်နေသောကြောင့် ကျွင်းဟွိုင်လန် စာကြည့်ခန်းထဲတွင် ပုံကြမ်းဆွဲနေသည်ကို အနှောင့်အယှက်မပေးပဲ အဖော်ပြုပေးခဲ့သည်။ အနားတွင် ဖတ်စရာစာအုပ်များယူထားပြီး လျှောက်တင်လွှာများရှိပါက ကျင်းပေါင်က ထိုစာလွှာများကို ယူလာပေးသည်။ အလုပ်ပြီးပါက ၎င်းတို့ကို ပြန်ထုတ်သွားသည်။
ပျင်းရိလာသည့်အခါ နေရာတွင်ပင်ထိုင်ပြီး ကျွင်းဟွိုင်လန်ကို ငေးကြည့်နေသည်။
သို့ဖြစ်၍ ကျွင်းဟွိုင်လန် အမှတ်တမဲ့ဖြင့် ခေါင်းမော့ကြည့်မိတိုင်းတွင် ရွှယ်ယန်က သူ့ကိုကြည့်နေသည်ကို မြင်နိုင်သည်။
သူတို့ အကြည့်ချင်းဆုံသွားတိုင်း ရွှယ်ယန်က သူ့ကိုပြုံးပြသည်။
သူ့ရုပ်ရည်က ထက်မြက်ပြီး ခံ့ညား၍ ဆက်ဆံရခက်ခဲသည့်ပုံပေါ်သော်လည်း သူပြုံးလိုက်သည့်အချိန်တွင် ဆွဲဆောင်မှုရှိပြီး အလွန်နာခံတတ်သည့်ပုံ ဖြစ်သွားသည်။
ယဉ်ပါးသည့်ဝံပုလွေတစ်ကောင်နှင့်ပင် တူနေသည်။
ယနေ့ညတွင်လည်း ထိုသို့သာဖြစ်သည်။
ကျွင်းဟွိုင်လန်က ဆောက်လုပ်ရမည့်အချိန်ကိုတွေးတောနေ၍ ပုံကြမ်းကိုကြိုတင်အပြီးသတ်ပြီး နှစ်ခုကိုယှဉ်ကြည့်ချင်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဆောက်လုပ်ရေးမှ အလုပ်သမားများကိုပေးရသည့် လုပ်အားခက တစ်နေ့ဆိုလျှင်ဆိုသလောက် ပိုမိုကုန်ကျသောကြောင့်ဖြစ်သည်။ ကုန်ကျငွေများလွန်း၍ အချိန်တိုတွင်းအပြီးသတ်နိုင်ပါက ပိုကောင်းသွားမည်ဖြစ်သည်။
ရွှယ်ယန်လည်း သူ့ကိုတားမရသောကြောင့် သူနှင့်အတူတူ စောင့်ပေးနေသည်။
ကျင်းပေါင်ကို ညစာယူလာခိုင်းပြီးနောက် ကျွင်းဟွိုင်လန် ညစာစားသည်ကို ကြည့်ပြီးသည့်အခါ စားပွဲဘေးရှိ ပြတင်းပေါက်နားမှ ခုံရှည်ပေါ်တွင်ထိုင်ကာ ပျင်းရိစွာဖြင့် စာအုပ်ဖတ်နေသည်။
သူ စာအုပ်ကို တစ်ချက်ကြည့်ပြီးနောက် ကျွင်းဟွိုင်လန်ကို နှစ်ခါ၊ သုံးခါလှည့်ကြည့်သည်။
ကျွင်းဟွိုင်လန်က အလုပ်လုပ်နေသည့်အချိန်ဆိုလျှင်အလွန်အာရုံစူးစိုက်လွန်း၍ အနှောင့်အယှက်ပေးရန် ခဲယဉ်းလွန်းလှသည်။ ရွှယ်ယန်၏ရှေ့တွင်ပင် မသိမသာနှင့် စိတ်ပျံ့လွင့်သွားတတ်ပြီး ရံဖန်ရံခါတွင် ခေါင်းမော့၍ ငေးငိုင်နေတတ်သည်။
ငြိမ်သက်နေသော်လည်း အသက်ရှုသံညှင်းညှင်းကို ကြားနေရသည်။
ပုံကြမ်း ခဏဆွဲပြီးချိန်တွင် သူ့လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ မတ်မတ်ထိုင်လိုက်ပြီး ဂုတ်ပိုးကို လက်ဖြင့်ဖိနေလိုက်သည်။
ရွှယ်ယမ်က မတ်တပ်ထရပ်လိုက်သည်။
" ပင်ပန်းနေပြီလား..."
သူ ရှေ့တိုးလာပြီးမေးလိုက်သည်။
ကျွင်းဟွိုင်လန်က ဂုတ်ကိုလက်တစ်ဖက်ဖြင့်ပွတ်နေပြီးနောက် ပြောလိုက်သည်။
" မပင်ပန်းပါဘူး ဇက်နာလာလို့ပါ..."
" အဲဒါကြောင့်ပြောတာ ဘာလို့ မြန်မြန်အပြီးသတ်ချင်နေရတာလဲလို့..."
ရွှယ်ယန်က သူ့လက်များဖြင့် ကျွင်းဟွိုင်လန်၏ပခုံးနှင့် ဂုတ်နေရာများကို တဖြည်းဖြည်း နှိပ်နယ်ပေးနေလိုက်သည်။
သူ့လက်များက သန်မာလွန်းလှ၍ အားမပြင်းသွားအောင် တဖြည်းဖြည်းနှိပ်ပေးနေရသည်။ ခဏအကြာတွင် ကျွင်းဟွိုင်လန်က သူ့လက်ကိုပြန်ဆွဲယူထားလိုက်ပြီး ခုံတွင် သက်တောင့်သက်သာ မှီနေလိုက်သည်။
" ဆောက်လုပ်ရေးနေရာအတွက် ငွေကုန်ကြေးကျများလွန်းတယ်လေ..."
သူ့ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ချိန်တွင် သူ့မျက်နှာနှင့် ရွှယ်ယန်၏ လက်ကောက်ဝတ်တို့ ထိမိသွားပြီး ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
" ငွေဘယ်လောက်ကွာမှာမို့လဲ ကိုယ်မင်းကို ပေးမယ်လေ..."
ရွှယ်ယန်က သူ့ကို ကြောင်တစ်ကောင်ကဲ့သို့မှီနေပြီး နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။
ကျွင်းဟွိုင်လန်က အသံတိုးတိုးဖြင့်ရယ်လိုက်သည်။
" တာဝန်ကတာဝန်၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာလေ ဘာလို့အဲ့လိုရောပစ်လိုက်တာလဲ..."
ရွှယ်ယန်က စုတ်သပ်လိုက်သည်။
" တာဝန်ကြောင့်ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်ဖြစ် မင်းအခု အနားယူသင့်နေပြီ..."
သူတို့နှစ်ယောက် စကားစမြည်ပြောနေချိန်တွင် ကျွင်းဟွိုင်လန်မှာ သူ့တစ်ကိုယ်လုံးမှ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အခန်းအပြင်ဘက်မှ ကျင်းပေါင်၏အသံ ထွက်ပေါ်လာသည်။
" သခင် ချန်အန်းကိုသွားတဲ့လူ ပြန်ရောက်လာပါပြီ..."
" ဝင်ခွင့်ပြုလိုက်..."
ရွှယ်ယန်က ပြောလိုက်သည်။
ကျွင်းဟွိုင်လန် မတ်တပ်ထရပ်တော့မည့်အချိန်တွင် ရွှယ်ယန်က သူ့ကိုပြန်ဖိထားပြီး သူ့ပခုံးကို တဖြည်းဖြည်းနှိပ်ပေးနေဆဲဖြစ်သည်။
" ရပြီ မလိုတော့ဘူး..."
ကျွင်းဟွိုင်လန် တီးတိုးပြောလိုက်သည်။
ရွှယ်ယန်က သူ့စကားကို မကြားချင်ယောင်ဆောင်နေသည်။
သို့ဖြစ်၍ ကျင်းပေါင်က ကျင်းယီဝေ့ကိုခေါ်ပြီး ဝင်လာချိန်တွင် သူ့သခင်က ကျွင်းဟွိုင်လန်၏ပခုံးကို လိုလိုလားလားနှိပ်ပေးနေသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။
သို့ရာတွင် ရွှယ်ယန်၏ လက်အောက်ငယ်သားတစ်ယောက်အနေဖြင့် မမြင်သင့်သည်ကို မမြင်ချင်ယောင်ဆောင်နေရပြီး မကြားသင့်သည်ကို မကြားရမည်မှာ အခြေခံစည်းမျဉ်းဖြစ်သည်။
ကျင်းပေါင်က အရိုအသေပြုပြီး နောက်ပြန်ဆုတ်သွားပြီးကာ ကျင်းယီဝေ့ကလည်း ရွှယ်ယန့်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ အရိုအသေပြုလိုက်သည်။
" ဘယ်လိုလဲ..."
ရွှယ်ယန်က သူ့ကိုကြည့်၍ မေးလိုက်သည်။
ကျင်းယီဝေ့က လက်သီးတင်းတင်းဆုပ်ထားပြီး ဖြေလိုက်သည်။
" သခင် ခန့်မှန်းထားတဲ့အတိုင်းပဲ အရှင်မင်းကြီးက ယွင်နန်ဘုရင်ဆီကို စစ်တပ်စေလွှတ်ဖို့ ပြင်နေပါပြီ အခု ကျွန်တော်မျိုးနဲ့အတူ တော်ဝင်အမိန့်တော်ကို စကားပါးလိုက်တာပါ..."
ကျင်းယီဝေ့တစ်ယောက်တည်းကသာ ရွှယ်ယန့်ကို သတင်းပို့ရန် ပြန်ရောက်လာခြင်းဖြစ်သည်။ ကျန်ရှိနေသူများက ယခုချိန်တွင် ချန်အန်း၌ ကျန်ရှိနေခဲ့ပြီး တော်ဝင်အမိန့်တော်နှင့်အတူ ပြန်လာကြရန် စောင့်ဆိုင်းနေသည်။
" တော်ဝင်အမိန့်တော်က ဘာတဲ့လဲ..."
" အရှင်မင်းကြီးရဲ့ တော်ဝင်အမိန့်တော်မှာ ပါတာကတော့ - ယွင်နန်ဘုရင်က ပုန်ကန်ပြီးတော့ တိုင်းပြည်ရေးကို ဖရိုဖရဲဖြစ်အောင်လုပ်ခဲ့တယ်... အဲဒါကြောင့်မို့ မင်းကြီးက လင်းနန်တောင်ပိုင်းကို ချက်ချင်း စစ်တပ်တွေ စေလွှတ်ပါမယ်... ကျင်းလင်မှာပဲစောင့်ဆိုင်းနေပါ စစ်တပ်ကြီးရောက်လာရင် လင်းနန်ကိုသွားပြီး ဖရိုဖရဲဖြစ်နေမှုတွေကို ဖြေရှင်းရမယ်လို့ မိန့်လိုက်ပါတယ်..."
ရွှယ်ယန် ခပ်တိုးတိုးသာရယ်လိုက်သည်။
Xxxxxxx