အပိုင်း ၁၄၄
Viewers 15k

Chapter 144


ဘေးနားတွင်ထိုင်ကာ နားထောင်နေသည့် ကျွင်းဟွိုင်လန်က နောက်ဆုံးတွင် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ 


" ဘယ်နေရာနဲ့ စစ်သည်ဘယ်လောက်ကိုလွှတ်မယ်ဆိုတာကိုရော အရှင်မင်းကြီးက အမိန့်မပေးလိုက်ဘူးလား... "


ဒီလောက် အရေးကြီးတဲ့ သတင်းအချက်အလက်ကို ဘာလို့ သေချာမပြောထားပါလိမ့်...


ကျင်းယီဝေ့က ခေါင်းခါပြီး ပြောလိုက်သည်။


" အဲဒါကိုတော့ တော်ဝင်အမိန့်တော်ထဲမှာ မပြောထားပါဘူး..."


ရွှယ်ယန် ရယ်လိုက်သည်။


" ထင်တဲ့အတိုင်းပဲ..."


ကျွင်းဟွိုင်လန်က နားမလည်နိုင်ဖြစ်သွားသည်။


" ကျင်းယီဝေ့တွေက ချန်အန်းကို တိတ်တဆိတ်ပဲ ဝင်သွားကြတာ... ချန်အန်းမြို့ထဲရောက်ပြီးသွားရင် သူတို့ရောက်လာတာကို သိနိုင်တာ တုန်းချန်ပဲရှိတော့တယ်... တုန်းချန်ရဲ့ မျက်လုံးတွေကနေ ထွက်ပြေးလို့မရဘူးဆိုတာ ငါသိပါတယ် အခုတော့ သူတို့ဘာလုပ်မယ်ဆိုတာပဲ စောင့်ကြည့်ရတော့မှာပေါ့..."

    

" ဒါဆိုရင် သူတို့ဘာလုပ်ကြမှာလဲ..."


ကျွင်းဟွိုင်လန်က မေးလိုက်သည်။


ရွှယ်ယန်က သူ့ပခုံးကိုနှိပ်ပေးနေဆဲဖြစ်ပြီး ရေးကြီးခွင်ကျယ်မဟုတ်သည့်ကိစ္စကို ပြောနေသကဲ့သို့ အသံက တည်ငြိမ်နေသည်။ 


" ဧကရာဇ်က အဲ့လို မရေမရာအမိန့်မျိုးကို ထုတ်ပြန်တာဆိုတော့ ဘယ်သူမှ မထင်ထားတဲ့လူမျိုး ဖြစ်နေမှာပဲ... ရှုကျုံးလျန်ကလွဲပြီး တခြားသူ မရှိနိုင်ဘူး..."   


" ရှုကျုံးလျန်တဲ့လား... အဲ့ဒါ ရှုရှန့်ရဲ့သား စစ်သူကြီးရှု မလား..."


ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်သည်။


ရွှယ်ယန်က သူ့ကိုပြုံးပြလိုက်သည်။


" ဧကရာဇ်က အရမ်းရက်စက်မှာတော့မဟုတ်ပါဘူး သူတို့ကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးဦးမယ်ထင်တယ်...တကယ်လို့ ရှုမိသားစုက ဧကရာဇ်အတွက် ယွင်နန်ဘုရင်ကို ရှင်းပေးနိုင်မယ်ဆိုရင် သူတို့ ငွေအလွဲသုံးစားလုပ်ထားတဲ့ကိစ္စကို ကျော်သွားလိမ့်မယ်... အရင်က ဘယ်လောက်ပဲ သံသယဝင်စရာတွေ လုပ်ခဲ့ပါစေ ရှုမိသားစုကို အသုံးချနိုင်သရွေ့တော့ ဧကရာဇ်က တခြားကိစ္စတွေကို မျက်ကွယ်ပြုထားမှာပဲ..."


ကျွင်းဟွိုင်လန် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။


ယခင်ဘဝတည်းက ဧကရာဇ်က စာနာစိတ်မရှိသူဖြစ်ကြောင်းကို သူသိရှိခဲ့ပြီးဖြစ်သည်။


သူ့မိသားစုက နှစ်ပေါင်းများစွာ နိမ့်ချနေထိုင်ခဲ့ပြီး ဧကရာဇ်အတွက် ပြဿနာမဖြစ်စေခဲ့ပေ။ သို့ရာတွင်  ယခသ်ဘဝက သူ့ဖခင်ကို အကျင့်ပျက်ခြစားမှုဖြင့်စွပ်စွဲကာ ဂရုတစိုက် စုံစမ်းစစ်ဆေးခြင်းလည်း မပြုလုပ်ပဲ ကွပ်မျက်ခဲ့သည်။ 


ယခုချိန်တွင် ရှုမိသားစု၏ ငွေအလွဲသုံးစားလုပ်မှုနှစ်ခုကို အတည်ပြုပြီးသွားပြီး သူတို့ပြုလုပ်‌ကြောင်း သက်သေပြနိုင်သည့် အထောက်အထားများလည်း ရှိနေသည်။ သို့သော်လည်း ဧကရာဇ်ချင်းဖျင်က သူတို့ကို အသက်ရှင်ခွင့် ပေးခဲ့သည်။ 


ဧကရာဇ်ချင်းဖျင်အတွက်မူ ထိုလူများ၏ နေရာက ဥပဒေနှင့် လူသားဆန်မှုတို့ထက်ပို၍ အရေးကြီးနေခဲ့သည်။ 


သူ့အတွက် အသုံးမဝင်ပါက မှန်သည် မှားသည်ကို နှစ်ကြိမ်စဉ်းစားမနေပဲ သတ်ပစ်သည်။ သူ့အတွက် အသုံးဝင်ပါက ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ထားလျှင်ပင် အသက်ရှင်ရန် အခွင့်အရေးပေး‌နိုင်သည်။


ကျွင်းဟွိုင်လန် အသက်ပြင်းပြင်းရှုလိုက်သည်။ 


" ဘာဖြစ်လို့လဲ..."


ရွှယ်ယန်က သူ့စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ချက်ချင်းသတိပြုမိ၍ ခေါင်းငုံ့လာပြီး မေးလိုက်သည်။


ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။ 


ထိုအကြောင်းအရာများက အတိတ်တွင်သာဖြစ်ပွားခဲ့ခြင်းဖြစ်၍ ဤကိစ္စကို ထပ်ခါတလဲလဲ ပြန်မတွေးချင်တော့ပေ။


ကျွင်းဟွိုင်လန် စိတ်တည်ငြိမ်သွားပြီးနောက် ပြောလိုက်သည်။


" ဒါဆိုရင် မင်းကြီးကို ဒီကိစ္စ အကြံပေးလိုက်တဲ့ လူတစ်ယောက်ယောက်တော့ ရှိနေမှာပဲ..."


ရွှယ်ယန် ခေါင်းငြိမ့်ပြလိုက်သည်။ 


" ရှုမိသားစုက သူတို့ကိုယ်သူတို့ ပြန်ကယ်နေတာပဲ..."


" ရှုမိသားစုကလား... အဲ့သတင်းကို သူတို့ဘယ်က ရမှာလဲ..."


သူ ခဏရပ်တန့်သွားပြီး ရွှယ်ယန်ကို မော့ကြည့်လိုက်သည်။


" တုန်းချန်လား..."


ချန်အန်းတွင် တုန်းချန်မှလွဲ၍ ထိုသို့ပြုလုပ်နိုင်သူများ မရှိပေ။ 


ဒါပေမဲ့ တုန်းချန်က ရွှယ်ယန့်ဘက်က ရပ်တည်နေတာ မဟုတ်ဘူးလား...


ရွှယ်ယန်က ပြန်ဖြေလိုက်သည်။


" တုန်းချန်က ဒီသတင်းကို ရှုမိသားစုဘက်ရောက်အောင်လုပ်ပြီး ပြဿနာရှာလိုက်တာပဲ..."


ကျွင်းဟွိုင်လန်၏ တအံ့တဩဖြစ်သွားသည့် အမူအရာကြောင့် အသံတိုးတိုးဖြင့်ရယ်လိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။


" တုန်းချန်လိုနေရာမျိုးကလူတွေက စေတနာကောင်းပြီး ကိုယ်ကျင့်သိက္ခာရှိမယ်ထင်နေတာလား... သူတို့လိုနေတာ သခင်မဟုတ်ပဲ နာခံတတ်တဲ့ ရုပ်သေးရုပ်ပဲ..."


ကျွင်းဟွိုင်လန် သူ့ကိုကြည့်နေသည်။ 


" သူတို့ အစကတော့ ကိုယ့်ကို ရုပ်သေးရုပ်လုပ်ဖို့ ပြင်နေတာပဲ... ဒါပေမဲ့ ကြည့်ရတာ ကိုယ်က သူတို့အတွက် ထိန်းမနိုင်သိမ်းမရဖြစ်သွားတဲ့ပုံပဲ..."


" ဒါဆိုရင်တောင် သူတို့ကဘာလို့ ရှုမိသားစုကို ကူညီတာလဲ..."

    

" သူတို့က ရှုမိသားစုရဲ့အင်အားကိုသုံးပြီး ကိုယ့်ခြေထောက်တွေကို ရိုက်ချိုးလိုက်မှ ပိုပြီးနာခံလာမယ်ထင်လို့နေမှာပေါ့..."


ကျွင်းဟွိုင်လန် တစ်ခဏတာခန့် ပြောစရာစကားမဲ့သွားသည်။ 


နန်းတွင်းထဲမှ အားပြိုင်မှုများအကြောင်းကို သူလည်း သိသင့်သလောက် သိပေသည်။ မောင်းမဆောင်နှင့် နန်းမွေဆက်ခံမည့်လူအကြောင်းနှင့် ပတ်သက်လာပါက ထို၍ ညစ်ပတ်ပြီး ကမောက်ကမဖြစ်တတ်သည်ကိုလည်း သူသိသည်။ သို့ရာတွင် သူနှင့် နီးစပ်သောလူတစ်ယောက်တွင် ထိုသို့သောကိစ္စမျိုးဖြစ်လာသည့်အခါ ပူပင်သောကမရောက်ပဲ မနေနိုင်တော့ပေ။ 


သူ ရွှယ်ယန့်လက်ကို ကိုင်လိုက်သည်။ 


ရွှယ်ယန်ကလည်း သူ့လက်ကိုပြန်ဆုပ်ကိုင်ထားသည်။ 


" ဒါဆိုရင် အခုလက်ရှိ ချန်အန်းမှာ ဘယ်လိုအခြေအနေရှိလဲ..."


ရွှယ်ယန်က ကျင်းယီဝေ့ကို မေးလိုက်သည်။ 


" ကျွန်တော်မျိုး ချန်အန်းက ထွက်လာချိန်မှာ အရှင်မင်းကြီးက စစ်တပ်တွေကို စုစည်းနေပါပြီ... သတင်းပို့ချက်တွေအရဆိုရင်တော့ စစ်တပ်တွေကို ချန်အန်းမြောက်ဘက်ဂိတ်မှာ စုဝေးခိုင်းထားပါတယ်... သူတို့အားလုံး ချန်အန်းမြို့ပြင်ဘက်မှာစုနေပြီး အရှင်မင်းကြီးကိုယ်တိုင် သူတို့ကို နှုတ်ဆက်မှာပါ..."


သူ့လက်ကို ဆုပ်ကိုင်ထားသော ရွှယ်ယန်၏လက်က တင်းကြပ်သွားသည်ကို ကျွင်းဟွိုင်လန်ခံစားမိသည်။ 


ခဏအကြာတွင် သူရယ်လိုက်သည်။ သူ့အသံက အက်ရှရှ ဖြစ်နေသည်။ 


" ထင်ထားတဲ့အတိုင်းပါပဲ..."


ကျွင်းဟွိုင်လန် သူ့ကို မော့ကြည့်လိုက်သည်။


ရွှယ်ယန်က တစ်ခုခုကို တောင့်ခံထားသကဲ့သို့ နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်ကို မြင်လိုက်ရသည်။  ခဏအကြာတွင် နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ထေ့ငေါ့ပြောလိုက်သည်။ 


" ငါ့ တစ်ဘဝလုံး ကွက်ကျော်မြင်ခဲ့ပေမယ့် သူ့ကိုတော့ နားကိုမလည်နိုင်တာ..."


ရွှယ်ယန်က ဧကရာဇ်ချင်းဖျင်အကြောင်းပြောနေသည်ကို ကျွင်းဟွိုင်လန် သတိပြုမိသည်။ 


ရွှယ်ယန်က ကျင်းယီဝေ့ကို ညွှန်ကြားလိုက်သည်။


" တပ်သားတွေအားလုံးကို စုထားလိုက်... မနက်ဖြန်မနက်ကျ ငါနဲ့တူတူ ထွက်ခွာမယ်..."


" သွမ့်ရှီးရှီး ပြန်လာရင်တော့ ယုံနင်မြို့စားအိမ်တော်မှာပဲ နေခိုင်းလိုက် အမှားမရှိစေနဲ့..."


ကျွင်းဟွိုင်လန်က မတ်တပ်ထရပ်လိုက်သည်။ 

" မင်းကိုယ်တိုင် ချန်အန်းကို သွားမလို့လား..."


ရွှယ်ယန် သူ့ကိုကြည့်လိုက်သည်။ 


" ဧကရာဇ်က ရှုမိသားစုရဲ့ ကျောရိုးကို ဖျက်ဆီးလိုက်လို့ အနာဂတ်မှာ သူ့ကိုပိုပြီး နာခံလာလိမ့်မယ်လို့ထင်နေတာ ဒါပေမဲ့ ရှုမိသားစုဘက်ကလူတွေက ဘယ်တုန်းကမှ ဒီလိုမျိုးဖြစ်ချင်ခဲ့တာမဟုတ်ဘူးဆိုတာ သူမေ့နေခဲ့တာပဲ..."


ကျွင်းဟွိုင်လန်လည်း တစ်လုံးချင်းစီပြောလိုက်သည်။


" ‌‌ဒါဆိုရင်... မြို့ထဲမှာ စစ်တပ်ကြီးရောက်နေတော့ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ဖို့ အကောင်းဆုံးအခြေအနေလို့ ပြောချင်တာလား...  တကယ်လို့ အရှင်မင်းကြီးဆီမှာပဲဆက်ပြီး ခစားနေရင် နှစ်အနည်းငယ်ကြာရင် ဘာတွေဖြစ်လာမယ်မှန်းမသိလို့ ဒီလိုလုပ်ဖို့ ကြံစည်လိုက်တာပေါ့လေ... တကယ်လို့ သူတို့က ဧကရာဇ်ဆီက ထီးနန်းကိုလုယူပြီး ဘုရင်အသစ်တင်မြှောက်လိုက်မယ်ဆို အာဏာပြန်ရလာမယ်လို့ ထင်နေကြတာလား..."


ရွှယ်ယန် ခေါင်းငြိမ့်လိုက်သည်။ 


" ကိုယ် ပြန်သွားမှဖြစ်မယ်... ရွှယ်ယွင်ဟုန် ဧကရာဇ် ဖြစ်သွားလို့မရဘူး..."


ရွှယ်ယန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။


သို့ရာတွင် သူ့အတွေးနှင့် အပြုအမူက တစ်ထပ်တည်းမကျနေသည်ကို ကျွင်းဟွိုင်လန်မြင်နိုင်သည်။


သူ့မျက်ဝန်းထဲတွင် ထိတ်ပျာမှုများ ရှိနေသည်။ 


ကျွင်းဟွိုင်လန် သူ့စိတ်ကို နားလည်ပေးနိုင်သည်။ 


ဧကရာဇ်ချင်းဖျင်က တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး ရှေ့ဖြစ်ဟောချက်တစ်ခုကြောင့် ရွှယ်ယန့်ကို ယွင်ယန်တွင် နေခဲ့စေပြီး လျစ်လျှုရှု့ထားခဲ့သူဖြစ်သည်။ ရွှယ်ယန် ပြန်ရောက်လာပြီးချိန်တွင်လည်း ထိုကိစ္စကိုအကြောင်းပြု၍ သူ့ကို အကြိမ်ပေါင်းများစွာ နှိပ်စက်ခဲ့သည်။


သို့ရာတွင် နောက်ပိုင်းတွင် ကိစ္စများအားလုံးရှင်းလင်းသွားချိန်တွင် ဧကရာဇ်ချင်းဖျင်က စိတ်အေးလက်အေးနေနိုင်ခဲ့ပြီး ဖခင်ကောင်းတစ်ယောက် ဖြစ်သွားပြန်သည်။ 


‌သူက အလွန်ပြောင်းလဲလွယ်သည်။ သူ၏ ချစ်ခြင်းမေတ္တာက ရွှယ်ယန့်ကို အသက်ရှင်စေလိုပြီး သူ့စိတ်ထဲမှနတ်ဆိုးက ရွှယ်ယန့်ကို သေစေချင်ခဲ့သည်။ သို့ရာတွင် ထိုလူက ရွှယ်ယန်၏ဖခင်ရင်းသာဖြစ်သည်။ 


ငယ်ရွယ်စဉ်တည်းက ဖခင်မေတ္တာကို အနည်းငယ်မျှ  မခံစားခဲ့ရသည့်အပြင် ထိုလူကို မုန်းတီးနေခဲ့သော်လည်း သူ့ဖခင်ဖြစ်နေသည့်အချက်

က ငြင်းဆိုမရနိုင်ပေ။ 


လူသားတို့၏ သဘောသဘာဝက အလွန်ရှုပ်ထွေးလှသည်ဖြစ်ရာ မည်သူကမှ ဘာမှမတတ်နိုင်ပေ။ 


ကျွင်းဟွိုင်လန်က ခုံကိုတွန်းပြီး ရွှယ်ယန့်ကို ဖက်ထားလိုက်သည်။ 


ရွှယ်ယန် ခဏတာကြောင်အသွားပြီးနောက် သူ့ကို ပြန်ဖက်ထားလိုက်သည်။


" သူ သေသွားရင် ကိုယ့်အတွက်ပြဿနာတွေပဲ ဖြစ်လာဦးမှာ..."


သူ အံကြိတ်ထားလိုက်သည်။


" အင်း ငါသိပါတယ်..."


ကျွင်းဟွိုင်လန်က နူးညံ့သောအသံဖြင့် ပြန်ဖြေလိုက်သည်။ 


" ဒါပေမဲ့ ရှုကျုံးလျန်ရဲ့စစ်သားတွေက မြို့ကိုဝိုင်းထားလောက်ပြီ ဒီကျင်းယီဝေ့တွေကို ခေါ်သွားရင်တောင် မင်း သူတို့ကို ဘယ်လိုရင်ဆိုင်မှာလဲ..."


" ကိုယ် အဆိုးဝါးဆုံး အစီအစဉ်တစ်ခု ဆွဲထားတယ်..."


" ဟင်..."

    

" ချန်အန်းမြို့ကို သတင်းသွားပို့ခိုင်းထားတဲ့ ကျင်းယီဝေ့တွေကို အဖွဲ့နှစ်ဖွဲ့ခွဲထားတယ်... တစ်ဖွဲ့ကို ချန်အန်းမြို့ထဲဝင်ခိုင်းပြီး ကျန်တဲ့တစ်ဖွဲ့ကို မြောက်ပိုင်းကို သွားခိုင်းထားတာ... အဲ့အချိန်ကျရင် ယွင်ယန်သံမဏိမြင်းစစ်သည်တွေလည်း ထွက်လာလောက်ပြီ သူတို့က ချန်အန်းမြို့မြောက်ဘက်မှာ ကိုယ့်ရဲ့အမိန့်ကို စောင့်နေလိမ့်မယ်..."

  


ရွှယ်ယန်က နောက်နေ့မနက်စောစောတွင် ထွက်ခွာရမည်ဖြစ်၍ ကျွင်းဟွိုင်လန် က သူနှင့်တူတူ မနေခိုင်းတော့ပေ။


" မနက်ဖြန် မင်းတစ်နေကုန် မြင်းစီးပြီးခရီးသွားရမှာလေ... သွားအိပ်တော့..."


ရွှယ်ယန်က သူ့အနားတွင်သာ ကပ်နေပြီး ထွက်မသွားပေ။ 


" ကိုယ်သွားရင် မင်းဘယ်လောက်ကြာကြာအထိ အလုပ်လုပ်နေဦးမှာလဲမှမသိတာ..."


ရွှယ်ယန် ပြန်မလာနိုင်ခြင်းလည်းဖြစ်နိုင်သည်ကို ကျွင်းဟွိုင်လန်သိသည်။


ရှုမိသားစု၏ကိစ္စက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ရွှယ်ယန်က ချန်အန်းမှ ထွက်လာနိုင်တော့မည်မဟုတ်ပေ။ ဧကရာဇ်ချင်းဖျင် ဘေးကင်းခဲ့လျှင် ရွှယ်ယန့်ကို သူ့အနားမှခွာခိုင်းတော့မည်မဟုတ်ပေ။ သူ တစ်ခုခုဖြစ်ခဲ့ပါကလည်း ရွှယ်ယန်က ချန်အန်းမှ ထွက်လာရတော့မည်မဟုတ်ပေ။ 


သူတို့နှစ်ယောက်လုံးက ဤအကြောင်းကို ကောင်းကောင်းသိ၍ တစ်ခဏတာခန့် စကားမပြောနိုင်ကြပေ။


ခဏအကြာတွင် ရွှယ်ယန်က ကျွင်းဟွိုင်လန်ကိုဖက်လိုက်သည်။ 


ငြိမ်သက်စွာဖြင့် ကျွင်းဟွိုင်လန်ကိုဖက်ထားပြီးနောက်တွင် မေးလိုက်သည်။ 


" မနက်ဖြန်မနက် ကိုယ့်ကိုလိုက်ပို့မှာလား..."


" ဘယ်အချိန်လောက်ထွက်မှာလဲ..."


ရွှယ်ယန်က ခဏတွေးလိုက်ပြီးမှ ပြောလိုက်သည်။


" ထားလိုက်ပါ‌ လိုက်မပို့ပါနဲ့တော့... ကိုယ်က မနက်ဖြန်အစောကြီးသွားရမှာ မင်း အိပ်ရေးဝအောင်ပဲ အိပ်ပါ..."


ရွှယ်ယန်က ဗလုံး‌ဗထွေးဆက်ပြောနေသည်။ 

   

သူက စကားများများပြောလေ့ရှိသူမဟုတ်သည့်အပြင် အခြားလူများကိုလည်း အဓိပ္ပါယ်မရှိသည့်စကားများ ပြောနေတတ်သူမဟုတ်ပေ။ သို့ရာတွင် ယခုချိန်တွင်မူ ကျွင်းဟွိုင်လန်၏ နေ့စဉ်ဆောင်ရွက်ချက်များကို တစ်ခုချင်းရှင်းပြနေသည်။


ကျွင်းဟွိုင်လန်ကလည်း တုန့်ဆိုင်းခြင်းမရှိပဲ သဘောတူလိုက်သည်။


အဆုံးတွင် ရွှယ်ယန် သက်ပြင်းချလိုက်သည်။


" မင်းကို ဒီမှာတစ်ယောက်တည်းထားခဲ့ရမှာ ကိုယ်တကယ်စိတ်မချဘူး..."


ကျွင်းဟွိုင်လန်က ရယ်မောလိုက်ပြီး ရွှယ်ယန်နှင့် မတွေ့ခဲ့စဉ်တည်းက အရွယ်ရောက်ပြီးသူဖြစ်ကြောင်း ပြောချင်လာသည်။ သို့ရာတွင်  ရွှယ်ယန်နှင့် အကြည့်ချင်းဆုံသွားသည့်အခါ သူ မရယ်နိုင်တော့ပေ။


ထိုမျက်ဝန်းများထဲတွင် အတိတ်ကို လွမ်းဆွတ်မှု၊ တွန့်ဆုတ်မှုများဖြင့် ပြည့်နေသည်။ 


ခဏအကြာတွင် ကျွင်းဟွိုင်လန်က ခေါင်းမော့ပြီး ရွှယ်ယန့် နှုတ်ခမ်းများကို နမ်းလိုက်သည်။


ညလယ်ရောက်ချိန်မှ ရွှယ်ယန်ပြန်သွားသည်။


သူ မထွက်သွားမီတွင် ကျွင်းဟွိုင်လန်ကို အလုပ်များလက်စသတ်ပြီး အတင်းပြန်အိပ်ခိုင်းခဲ့သည်။ 


ကျွင်းဟွိုင်လန်ကလည်း သူပြောသည်ကို မလွန်ဆန်နိုင်၍ အိပ်ခန်းသို့ပြန်သွားသည်။ 


သူပြန်ရောက်လာချိန်တွင် ဖုရိက ယခင်ကဲ့သို့ပင် ကျွင်းဟွိုင်လန် ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ရန် စောင့်ဆိုင်းနေသည်။ 


ကျွင်းဟွိုင်လန် ပြန်လာစဉ်တည်းက တစ်ခုခုမှားယွင်းနေသည်ကို သူ သတိထားမိသည်။ 


သူ အသံတိတ်နေပြီး အခန်းထဲရောက်ရောက်ချင်း ခုံပေါ်တွက် ထိုင်ချလိုက်ကာ ငြိမ်သက်စွာဖြင့် တစ်ခုခုကို တွေးတောနေသည်။ 


ဖုရိက သူ့ကိုမနှောင့်ယှက်တော့ပဲ ဘေးနားတွင် လက်ဖက်ရည်ကြမ်းတစ်ခွက် ချပေးထားလိုက်သည်။ 


ဖုရိ လက်ဖက်ရည်ခွက်လာချချိန်တွင် ကျွင်းဟွိုင်လန်က ရုတ်တရက်မေးလိုက်သည်။ 


" ငါတို့ ဘယ်‌တော့မှ ချန်အန်းကို ပြန်ရမှာလဲ..."


ထိုစကားကြောင့် ကျွင်းဟွိုင်လန်က အိမ်လွမ်းနာကျနေသည်ဟု ဖုရိထင်သွားသည်။ 


" သခင်လေး မစိုးရိမ်ပါနဲ့... လွန်ခဲ့တဲ့နှစ်ရက်က သခင်ကြီးပြောနေတာကျွန်တော်ကြားခဲ့တယ်... နောက်နှစ်လဆိုရင် ဆောင်းဦးရောက်ပြီလေ... ဆောင်းဦးရာသီကုန်သွားပြီးတော့ သခင်ကြီးက တော်ဝင်အမိန့်တော်ကို ကျေပွန်အောင် လုပ်ပြီးသွားပြီဆိုရင် ဆည်ကို ပြင်နေတာလည်း ပြီးခါနီးလောက်ပြီ... အဲ့အခါကျရင် သခင်လေး ချန်အန်းမှာ နှစ်သစ်ကူးအချိန်ကုန်ဆုံးလို့ရပါပြီ..."


Xxxxxxx