Chapter 145
ထိုစကားကြောင့် ကျွင်းဟွိုင်လန်က အိမ်လွမ်းနာကျနေသည်ဟု ဖုရိထင်သွားသည်။
" သခင်လေး မစိုးရိမ်ပါနဲ့... လွန်ခဲ့တဲ့နှစ်ရက်က သခင်ကြီးပြောနေတာကျွန်တော်ကြားခဲ့တယ်... နောက်နှစ်လဆိုရင် ဆောင်းဦးရောက်ပြီလေ... ဆောင်းဦးရာသီကုန်သွားပြီးတော့ သခင်ကြီးက တော်ဝင်အမိန့်တော်ကို ကျေပွန်အောင် လုပ်ပြီးသွားပြီဆိုရင် ဆည်ကို ပြင်နေဆာလည်း ပြီးခါနီးလောက်ပြီ... အဲ့အခါကျရင် သခင်လေး ချန်အန်းမှာ နှစ်သစ်ကူးအချိန်ကုန်ဆုံးလို့ရပါပြီ..."
ထိုကိစ္စကို ကျွင်းဟွိုင်လန်သိသည်။ ၎င်းက သူနှင့် သူ့အဖေ အစတည်းက စီစဉ်ထားခြင်းဖြစ်သည်။
သူ ပြတင်းပေါက် အပြင်ဘက်ကိုကြည့်လိုက်သည်။
" ကြာလွန်းတာပဲ..."
သူ သက်ပြင်းချလိုက်မိသည်။
ဖုရိက ထိတ်လန့်သွားသော်လည်း ဘာမှဆက်မပြောတော့ပေ။
မူလအစီအစဉ်အရဆိုလျှင် ဤနှစ်ကုန် သို့မဟုတ် နွေဦးတွင် ချန်အန်းသို့ပြန်ရမည်ကို ကျွင်းဟွိုင်လန်သိသည်။
သူ ယခင်က ဤကိစ္စကို စိတ်မပူပန်ခဲ့မိပေ။ တစ်လ နှစ်လ ပိုနေလိုက်ရသည်က သူ့အတွက်အတူတူဖြစ်သည်။
သို့ရာတွင် ရွှယ်ယန့်ကို နှစ်ဝက်ခန့် မတွေ့နိုင်တော့ကြောင်း တွေးလိုက်မိသောအခါ သူ့ရင်ထဲ စို့နင့်လာသည်။
ရွှယ်ယန်က သူ မရှိလျှင်မနေနိုင်သကဲ့သို့ သူကလည်း ရွှယ်ယန့်အပေါ် မှီခိုနေရသည်ကို ဝန်ခံရပေမည်။
အချစ်ဟူသောအရာက အနည်းငယ် အံ့အားသင့်ဖွယ်ကောင်းလှသည်။ ၎င်းက အပိုင်စီးလိုမှုကို ဖြစ်ပေါ်လာစေရုံသာမက လူနှစ်ဦးကိုလည်း တင်းကြပ်စွာချည်နှောင်ထားနိုင်ပေသည်။ ထိုလူနှစ်ဦးကို ခွဲခွာလိုက်ပါက နာကျင်မှုများလည်း ဖြစ်ပေါ်လာစေနိုင်သည်။
ရွှယ်ယန်၏ ခံစားချက်များကလည်း သူ့ထက်အားမပျော့ကြောင်းကို ကျွင်းဟွိုင်လန်သိသည်။
သူ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။
သူက ငယ်ရွယ်စဉ်ကတည်းက ပညာရှိများ၏စာပေများကို ဖတ်ရှု့လေ့လာဖူး၍ လောကကိုအကျိုးပြုပြီး လူအများအတွက်သာ အသက်စွန့်သင့်သည်ဟု ရင်ထဲတွင် ပြောနေမိသည်။ ထိုအကြောင်းပြချက်များဖြင့် တစ်ကိုယ်ကောင်းဆန်သော တပ်မက်မှုများကို လက်လျှော့သင့်ပေသည်။ ကျင်းလင်မှ ပြည်သူများက သူ့ကိုလိုအပ်နေ၍ သူတစ်ကိုယ်ကောင်းဆန်၍ မရပေ။
ထိုအကြောင်းများတွေးမိသည့်အခါ အစောပိုင်းက မြင်တွေ့ခဲ့ရသော ရွှယ်ယန့် မျက်ဝန်းများကို တွေးမိသွားသည်။
ဧကရာဇ်ချင်းဖျင်အကြောင်းပြောနေစဉ်က ပြောင်းလဲသွားသော သူ့မျက်ဝန်းများဖြစ်သည်။
နဂါးပလ္လင်ပေါ်မှ ထိုလူက တစ်ကိုယ်ကောင်းဆန်သော်လည်း သူ့မိခင်ကို နက်ရှိုင်းစွာချစ်ခဲ့သည်။ ရွှယ်ယန်၏ ငယ်စဉ်ကတည်းက မမျှတစွာ ခံစားခဲ့ရမှုများ၊ နာကျင်မှုများအပြင် တစ်နှစ်ကျော်အတွင်းခံစားခဲ့ရသည့်ဒုက္ခများက ထိုလူကြောင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရွှယ်ယန်၏မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် အမုန်းတရားများရှိနေသော်လည်း ၎င်းတို့ကြားထဲတွင် မည်သို့ပြုလုပ်ရမည်မသိသော စိတ်ရှုပ်ထွေးမှုများလည်း ရှိနေဆဲဖြစ်သည်။
အကယ်၍ ယခုအတိုင်းဆက်သွားပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးအကြားတွင် သူတစ်ယောက်တည်း ရှိနေသကဲ့သို့ ဖြစ်နေဦးမည်သာ မည်သူကမျှ သူ့ကိုမကူညီပဲ တစ်ယောက်တည်း ခံစားခဲ့နေရဦးမည်။ သို့ရာတွင် ရွှယ်ယန်က သူ့ကို မည်သူမှ မဖြိုလှဲနိုင်စေသည့်ပုံစံဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ဦးမည်ဖြစ်သည်။
သို့ရာတွင် ထိုသို့ဖြစ်ခွင့်မပြုနိုင်ပေ။ ယခုချိန်၌ သူ့ဘက်တွင် ကျွင်းဟွိုင်လန်တစ်ယောက်လုံးရှိနေသည်။
ကျင်းလင်မှ ပြည်သူများက ယခုအချိန်တွင် မြို့တော်မှ ထောက်ပံ့ပစ္စည်းများကို ရရှိထားကြပြီး သူ့အဖေနှင့် ရှန်းကျီဖုတို့ရှိ၍ အရာအားလုံးအဆင်ပြေနေပြီဖြစ်သည်။ သူတို့လိုအပ်နေသည့် တစ်ခုတည်းသောအရာက ဆည်၏ ပုံကြမ်းဖြစ်သည်။
သို့ရာတွင် ရွှယ်ယန်ကမူကွာခြားသည်။ သူ့ဘက်တွင်မူကျွင်းဟွိုင်လန်တစ်ယောက်တည်းသာ ရှိသည်။
ကျွင်းဟွိုင်လန် စိတ်ပိုင်းဖြတ်ပြီး ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။
" ဖုရိ ညအိပ်အဝတ်အစားတွေ ပြန်သိမ်းထားလိုက်ပါ... "
" သခင်လေးဘာလို့..."
ကျွင်းဟွိုင်လန် ဖုရိကိုလှမ်းကြည့်လိုက်သည်။
ဖုရိ တအံ့တဩဖြစ်သွားမိသည်။
သူ့သခင်လေးက သူ့ကိုတည်ငြိမ်စွာသာကြည့်နေသော်လည်း ထိုမျက်ဝန်းများထဲတွင် ခိုင်မာမှုများကို မြင်တွေ့နေရသည်။
" စာကြည့်ခန်းထဲက မှင်နဲ့ ရေးလက်စပုံကြမ်းကို ယူလာခဲ့..."
" သခင်လေး နောက်ကျနေပြီလေ..."
" ငါ ညတွင်းချင်း ပုံကြမ်းကိုအပြီးဆွဲမယ်... လူကြီးမင်းရှန်းကလည်း ရေထိန်းချုပ်တာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိတယ်... အဲဒီပုံကြမ်းကို မင်း မနက်ဖြန် သူ့ဆီယူသွားပေးလိုက်ပါ... တကယ်လို့ မွမ်းမံစရာ ကိစ္စတစ်ခုခုရှိရင်လည်း လူကြီးမင်းရှန်းကို ပြောလို့ရတယ်..."
" ဒါဆိုရင် သခင်လေး..."
ကျွင်းဟွိုင်လန် တွန့်ဆုတ်မနေတော့ပေ။
" ချန်အန်းကကိစ္စက အလျင်လိုနေပြီ... ငါ စိတ်ပူလို့ မနက်ဖြန်လိုက်သွားတော့မယ်..."
——
ကျွင်းဟွိုင်လန်က ချန်အန်းမြို့ရှိ ယုံနင်မြို့စားအိမ်တော်မှ တစ်ယောက်ယောက်ကို စိတ်ပူနေသည်ဟု ဖုရိထင်လိုက်မိသည်။
သို့ဖြစ်၍ ကျွင်းဟွိုင်လန်၏ ပြောကြားချက်အတိုင်း မင်နှင့် ပုံကြမ်းစာရွက်ကို ယူသွားပေးလိုက်သည်။ ထို့နောက် ယုံနင်မြို့စား၏ခြံဝင်းထဲသွားပြီး ဤကိစ္စကို တင်ပြလိုက်သည်။
သူ့ဖခင်က သဘောတူမည်ကို ကျွင်းဟွိုင်လန်သိသည်။
ယုံနင်မြို့စားကလည်း ချန်အန်းတွင် ကိစ္စကြီးတစ်ခုဖြစ်တော့မည်ဟု ကြားထားမိသည်။ ကျင်းလင်တွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စများနှင့် ပေါင်းစပ်လိုက်ပါက ထိုသို့ကိစ္စများဖြစ်လာနိုင်မည်ကို သူကြိုသိနေခဲ့သည်။
ကျွင်းဟွိုင်လန်ပြန်သွားခြင်းက များစွာအသုံးမဝင်နိုင်လျှင်ပင် သူ့ဇနီးသည်နှင့် ကလေးများကို သူလည်း စိုးရိမ်နေမိသည်။
ဤကိစ္စက ဧကရာဇ်၏အသက်နှင့် ဆက်နွယ်နေသော်လည်း သူကိုယ်တိုင်က ဤနေရာမှ ထွက်မသွားနိုင်ပေ။ ရင့်ကျက်နေသည့် အရွယ်တစ်ခုကို ရောက်ရှိနေပြီး ကျင်းလင်မှကိစ္စများကို ဖြေရှင်းပေးခဲ့သည့် သူ့သားကြီးဖြစ်သူ အိမ်ပြန်သွားပါက သူပို၍ စိတ်ချလက်ချ နေနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ တွန့်ဆုတ်ခြင်းမရှိပဲ သူသဘောတူလိုက်သည်။
" မင်းရဲ့သခင်လေးကို ဂရုစိုက်ဖို့ပြောလိုက်ဦး..."
ဖုရိက ပြန်ဖြေလိုက်သည်။
ခဏအကြာတွင် ယုံနင်မြို့စားက ဆက်ပြောလာသည်။
" ထားလိုက်ပါတော့... မနက်ဖြန်ကျရင် ငါကိုယ်တိုင် သူ့ကိုလိုက်ပို့ပြီးပဲ ပြောလိုက်တော့မယ်..."
——
နောက်နေ့မနက်တွင် မနက်ခင်းနှင်းစက်များပင် မပျောက်ကွယ်သေးပေ။
ကျင်းယီဝေ့များ၏ လှုပ်ရှားမှုများက မြန်ဆန်လှသည်။ အာရုဏ်မတက်မီအချိန်မှာပင် လူရာပေါင်းများစွာက ဘုရင်ခံ၏အိမ်တော်ရှေ့တွင်စုဝေးပြီး ရွှယ်ယန့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
သူတို့က ရွှယ်ယန့်၏နောက်လိုက်အဖြစ် တစ်နှစ်လုံးနေထိုင်ခဲ့ကြခြင်းဖြစ်၍ ကွမ်းလင်ဘုရင်ခံ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကိစ္စများက အချိန်မှန်ဖြစ်သည်ကို သိကြသည်။ သူတို့က ရွှယ်ယန်အိပ်ရာနိုးလာမည့်အချိန်တည်းက ဤနေရာတွင် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ယနေ့တွင်မူ ကွမ်းလင်ဘုရင်ခံက အချိန်မီ မထွက်လာခဲ့ပေ။
အားလုံးက မြင်းများပေါ်တွင်ထိုင်ပြီး ငြိမ်သက်စွာစောင့်ဆိုင်းနေကာ အရှင့်သားက ကိစ္စအသေးအမွှားတစ်ခုခုရှိ၍ နောက်ကျနေခြင်းဟုသာ ထင်လိုက်သည်။
ကိစ္စက အမှန်တကယ်ပင် ရှိနေသည်။
အဘယ့်ကြောင့်ဆိုသော် ကွမ်းလင်ဘုရင်ခံက သူ့ခြံဝန်းတံခါးဝတွင် လူတစ်ယောက်နှင့်ဆုံနေသောကြောင့်ဖြစ်သည်။
" မင်း ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ..."
ကျွင်းဟွိုင်လန်ကိုမြင်သည့်အခါ ရွှယ်ယန်လန့်သွားသည်။
ထို့နောက် ရွှယ်ယန်က ရှေ့တိုးလာပြီး သူ့နားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
" ကိုယ့်ကို လိုက်မပို့နဲ့လို့ မပြောထားဘူးလား... မင်း မနေ့ညက ညဉ့်နက်မှအိပ်တာလေ ဒီလောက်အစောကြီး အိပ်ရာထရလား..."
သူ ကျွင်းဟွိုင်လန်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည့်အခါ မျက်ကွင်းအနည်းငယ်ညိုနေသည်ကို မြင်လိုက်သည်။
ရွှယ်ယန် အံကြိတ်ထားလိုက်သည်။
ကျွင်းဟွိုင်လန်ကမူ ထိုစကားများကြားလိုက်သည့်အခါ ချိုသာစွာပြုံးလိုက်သည်။
" ငါ မင်းကို လိုက်မပို့ပါဘူး..."
ကျွင်းဟွိုင်လန်က သူ့ကို ခွန်းတုံ့ပြန်ပြောနေသည်ဟုသာ ရွှယ်ယန် ထင်လိုက်မိသည် ။
" ဒါဆို ဒီနေရာမှာ ဘာလုပ်နေတာလဲ..."
ကျွင်းဟွိုင်လန်က သူ့ကို မျက်စပစ်ပြလိုက်သည်။
" ဖုရိက ရှန်းကျီဖုရဲ့အိမ်တော်ကိုသွားပြီ... ငါ မနေ့ညတည်းက ပုံကြမ်းဆွဲတာပြီးသွားလို့ ဒီနောက်ပိုင်းက ကိစ္စတွေ ရှန်းကျီဖုကိုပဲ ကူညီခိုင်းလိုက်ပြီ..."
ရွှယ်ယန်၏အာရုံက တခြားတစ်နေရာတွင်သာ ရှိနေသည်။
" ပုံကြမ်းဆွဲပြီးသွားပြီလား... ဘာလို့အရမ်းမြန်တာလဲ ညကမအိပ်ထားဘူးလား..."
ကျွင်းဟွိုင်လန်ကို ယခုရက်ပိုင်းအတွင်း အဖော်ပြုနေခဲ့၍ အနည်းဆုံးသူ၏အလုပ်လုပ်နှုန်းကို သူ သိနေခဲ့သည်။
သူ့စကားကြောင့် ကျွင်းဟွိုင်လန်က မေးလာသည်။
" ဘာလို့ အလုပ်တွေကို လွှဲခဲ့တာလဲဆိုတာ မမေးတော့ဘူးလား..."
ရွှယ်ယန် သူ့ကို ငုံ့ကြည့်လိုက်သည်။
သူက ထိုအခါမှသာ တုံ့ပြန်လာသည်။
ကျွင်းဟွိုင်လန်ကိုကြည့်နေသည့် သူ့မျက်ဝန်းများက ပူနွေးလာ၍ စကားကြာကြာမပြောနိုင်တော့ပေ။
" ဘာလို့ အဲ့လိုလုပ်တာလဲ..."
ခဏအကြာမှ တဖြည်းဖြည်းချင်း မေးလိုက်သည်။
ရွှယ်ယန်က ခန့်မှန်းပြီးသားဖြစ်မည်ကို ကျွင်းဟွိုင်လန်သိသော်လည်း မယုံကြည်နိုင်သေးပေ။
" ငါ မင်းနဲ့တူတူ လိုက်လာမလို့လေ... ချန်အန်းမှာ ကိစ္စကြီးတွေဖြစ်တော့မှာကို မင်းတစ်ယောက်တည်း မရင်ဆိုင်စေချင်ဘူး..."
ရွှယ်ယန်၏ လည်စလုတ်က တက်လိုက်ကျလိုက်ဖြစ်နေသည်။
ကျွင်းဟွိုင်လန်အတွက် ကျင်းလင်မှပြည်သူများက မည်မျှ အရေးကြီးသည်ကို သူသိသည်။
သို့သော် တစ်နေ့တွင် ကျွင်းဟွိုင်လန်၏နှလုံးသားထဲရှိ ကျင်းလင်ပြည်သူများထက် သူက ပို၍ အရေးပါလာမည့်နေ့ရက်ရှိမည်ဟု သူ မထင်ခဲ့မိပေ။
သူ ကျွင်းဟွိုင်လန်ကို မှင်သက်စွာဖြင့် ကြည့်နေမိသည်။
ရွှယ်ယန်မှာ အိမ်မွေ့ချထားခံလိုက်ရသကဲ့သို့ သူ့ကိုနမ်းချင်လာသည်။
ထိုအချိန်တွင် ကျင်းပေါင်က ရွှယ်ယန်၏မြင်းကိုဆွဲပြီး ခပ်သုတ်သုတ်လျှောက်လာသည်။ သူ အနားကပ်လာသည်နှင့် သူ့သခင်ရှေ့တွင် ရပ်နေသူက ယုံနင်မင်းသားလေးဖြစ်နေသည်ကိုမြင်လိုက်ရ၍ အံ့အားသင့်သွားမိသည်။
" သခင်လေး အရှင့်ကို လာနှုတ်ဆက်တာလား..."
ကျင်းပေါင်က မင်းကိုဆွဲလာပြီး ကျွင်းဟွိုင်လန်ကိုနှုတ်ဆက်နေသည်။
ရွှယ်ယန်က သူ့ကိုတစ်ချက်ကြည့်ပြီး သူ့လက်ထဲမှမြင်းကိုဆွဲယူလိုက်သည်။
သူ ခြေနင်းပေါ်တက်ပြီး တစ်ဖက်သို့လှည့်ကာ ကုန်းနှီးပေါ် ထိုင်လိုက်သည်။ ချက်ချင်းပင် အောက်ငုံ့ပြီး ကျွင်းဟွိုင်လန်ကို လက်မောင်းမှဆွဲယူလိုက်သည်။
ကျွင်းဟွိုင်လန်ကလည်း ချက်ချင်းပင် မြင်းကုန်းနှီးပေါ် ထိုင်လျက်ဖြစ်သွားသည်။
ကျွင်းဟွိုင်လန် လန့်သွား၍ ထိတ်ထိတ်ပျာပျာနှင့် ပြောလိုက်သည်။
" ငါလည်း မြင်းတစ်ကောင်ယူလာတယ် တံခါးရှေ့မှာရပ်ထားပြီးပြီ..."
သို့ရာတွင် ရွှယ်ယန်က သူ့ကိုတင်းကြပ်စွာဖက်ထားလိုက်ပြီး မြင်းတင်ပါးက်ိုကြာပွတ်ဖြင့်ရိုက်ကာ ထွက်သွားစေလိုက်သည်။
ကျင်းပေါင်မှာ အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်နေရာမှ သူ့မြင်းပေါ်တက်ပြီး နောက်က အမြန်လိုက်ရတော့သည်။
ကောင်းရော ... သခင်လေးက သူ့ကိုလာနှုတ်ဆက်ရုံပဲကို အရှင်က ဘာလို့ သူ့ကိုပါ မြင်းပေါ်တင်သွားရတာလဲ...
အိမ်တော်တံခါးတွင် စောင့်ဆိုင်းနေကြသည့် ကျင်းယီဝေ့များကလည်း သူတို့သခင်၏မြင်းနက်က တဟုန်ထိုး ပြေးထွက်သွားသည်ကိုမြင်သည်နှင့် လမ်းမပေါ်တက်လာပြီး စထွက်ရန်ပြင်လိုက်ကြသည်။
သူတို့ မနှောင့်နှေးရဲ၍ သူ့နောက်မှ အမြန်လိုက်လာကြသည်။
အမြင်စူးရှသူအချို့က တီးတိုးရေရွတ်နေကြသည်။
ဒီနေ့ကျမှ သူတို့သခင်ကဘာလို့... တခြားလူတစ်ယောက်ကိုပါ ခေါ်လာတာလဲ...
သူတို့အားလုံးထွက်ခွာလာကြပြီး လက်ဖက်ရည်တစ်ခွက်စာသောက်ချိန်ပြီးမှ ယုံနင်မြို့စားက အိမ်တော်တံခါးဝသို့ အလျင်အမြန်ရောက်လာသည်။
သို့ရာတွင် အိမ်တော်အရှေ့တံခါးမှာ ဗလာကျင်းနေပြီဖြစ်သည်။
" အစောကြီးထွက်သွားကြတာလား..."
ယုံနင်မြို့စားက ဗလာကျင်းနေသောအိမ်တံခါးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
သူ့ဘေးနားမှ အစေခံတစ်ယောက်က ပြောလိုက်သည်။
" သခင်လေးလည်းပါသွားတယ်လို့ ကျွန်တော် တံခါးစောင့်ဆီက ကြားထားတယ်..."
ယုံနင်မြို့စားက သက်ပြင်းထပ်ချပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်တယ်... ဟွိုင်လန်လည်း ကိစ္စတွေကို အမြဲကြိုခန့်မှန်းမိတာများတယ်..."
စကားဆုံးသည်နှင့် လှည့်ထွက်သွားရန်ပြင်လိုက်သည်။
ချက်ချင်းပင် သူ့ခြေလှမ်းများ ရပ်တန့်သွားရသည်။
တံခါးဝမှချည်တိုင်တွင် ကြိုးဖြင့်ချည်ထားသောမြင်းကို သင်္ကာမကင်းစွာဖြင့် ကြည့်လိုက်မိသည်။
" သခင်လေးက မသွားသေးဘူးလား... ဘာလို့ သူ့မြင်းက ဒီနေရာမှာ ကျန်ခဲ့ရတာလဲ..."
တံခါးစောင့်လည်း မသိပေ။ အားလုံးက လေတိုက်ခတ်သကဲ့သို့ ဝုန်းဒိုင်းကျဲထွက်သွား၍ မြင်းတစ်ကောင် ကျန်ခဲ့ရသည်ကို သူ မသိလိုက်ပေ။
ခဏအကြာမှ ထိုအစေခံက သင်္ကာမကင်းစွာဖြင့် ပြောလိုက်သည်။
" အရှင့်သားရဲ့ လက်အောက်ငယ်သားတွေဆီမှာ မြင်းအပိုတစ်ကောင် ပါလို့ထင်တယ်..."
.........
ကျွင်းဟွိုင်လန်က တစ်လမ်းလုံး ရွှယ်ယန်နှင့်အတူတူ ဤပုံစံအတိုင်း မလိုက်သွားနိုင်ပေ။
လူအုပ်စုကြီးက ကျင်းလင်မြို့ထဲမှ အမြန်ထွက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်က လူချင်းအလွန်နီးကပ်နေပြီး အသက်ရှုသံများကလည်း ရောယှက်လာသည်ဟုပင် ထင်ရသည်။
ကျွင်းဟွိုင်လန်၏ကျောပြင်က ရွှယ်ယန်၏ ရင်ခွင်ကျယ်ကြီးဖြင့် ဖိမိနေ၍ သူ၏ ရင်ခုန်သံပြင်းပြင်းကိုပါ ကြားနေရသည်။
" ရွှယ်ယန်..."
ကျွင်းဟွိုင်လန်က ထိုအသံ မကြားရအောင် ပုန်းကွယ်နေချင်သော်လည်း မရှောင်တိမ်းနိုင်ဖြစ်နေ၍ ရုန်းကန်နေရသည်။
သို့သော် သူလှုပ်ရှားလိုက်သည့်ခဏ ရွှယ်ယန်၏ အသံအုပ်အုပ်ဖြင့် ညည်းညူသံကို ကြားလိုက်ရသည်။
ယခုအခါမှသာ ရွှယ်ယန်က သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်နေသည်ကို သဘောပေါက်သွားသည်။
သူက ကျွင်းဟွိုင်လန်ကိုသာ မြင်းပေါ်ချီပြီးတင်ခဲ့ခြင်းဖြစ်ကာ များများစားစားမတွေးမိခဲ့ပေ။ သို့ရာတွင် ကျွင်းဟွိုင်လန်ကို ရင်ခွင်ထဲထည့်ထားပြီးသည့်အခါ စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့မိသည်ဟုသာ တွေးနေမိသည်။
Xxxxxxx