အပိုင်း ၁၄၆
Viewers 15k

Chapter 146


မွှေးပျံ့သော သစ်ရနံ့မျိုးကို ရင်ခွင်ထဲတွင် ဖက်ထားရသည့်အခါ ချီဓာတ်များပါ ပွင့်ထွက်လာသည်ဟု ခံစားရသည်။


သို့ရာတွင် သူ့ရင်ခွင်ထဲမှလူက အနည်းငယ် လှုပ်ရှားလာသည်။ 


ထိုလူက အနည်းငယ်မျှသာ လှုပ်ရှားလိုက်ပြီး ပွတ်တိုက်မှုလေးသာ ဖြစ်သွားသော်လည်း မြင်း၏ခုန်နေမှုနှင့် ပေါင်းလိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားမိသည်။ 


သွေးစီးဆင်းမှုပါ မြန်ဆန်သွားသကဲ့သို့ဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင်ပါ တုံ့ပြန်မှုတစ်ခု ဖြစ်သွားမိသည်။ 


သူ အောင့်အည်းထားရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်သည်။


ကျွင်းဟွိုင်လန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို အနောက်မှနေ၍ တစ်စုံတစ်ခုဖြင့် ဖိထားလိုက်ရသည်ဟု ခံစားလိုက်ရသည်။


မြင်းက ဆက်တိုက်ခုန်နေ၍ ထိုအရာက ထိုအရာက သူ့အနောက်ကို ဆက်တိုက်လာထိနေသည်။ 


သူလည်း ယောက်ျားတစ်ယောက်ပဲ ဒါကဘာဆိုတာ မသိပဲနေလိမ့်မလား...


ကျွင်းဟွိုင်လန်၏နားရွက်များ နီရဲသွားသည်။


" ရွှယ်ယန်..."

သူ ဒေါသထွက်သွားပြီး ကြိတ်အော်လိုက်သည်။

  

ယခုချိန်တွင် ရွှယ်ယန်က ဘာမှမလုပ်နိုင်တော့ပေ။ သူတို့နောက်မှ လိုက်လာသည့်ကျင်းယီဝေ့တစ်ယောက်မှာ အရှေ့ဘက်ခပ်လှမ်းလှမ်းမှပြေးလာသည့် သူ့သခင်က မြင်းဇတ်ကြိုးကိုဆွဲပြီး ရုတ်ချည်းရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ 


နောက်မှ လျင်မြန်စွာလိုက်လာသူများက ရပ်တန့်ကုန်ကြသည်။ 


အရေးပေါ်ကိစ္စတစ်ခုခု ဖြစ်လို့များလား... အရင်တုန်းက ဒါမျိုးမဖြစ်ဖူးပါဘူး...


တစ်ခဏတွင်းချင်း အားလုံး‌၏ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး တိုက်ပွဲအတွက် အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြသည်။ 


သူတို့ အဆင်သင့် စောင့်ကြည့်နေစဉ်မှာပင်...


သူတို့သခင်က မြင်းပေါ်မှ ကန်ချခံလိုက်ရသည်။


သူတို့သခင် မြင်းပေါ်မှ ပြုတ်ကျသွားချိန်တွင် မြင်းပေါ်၌ တစ်စုံတစ်ယောက်ရှိနေသည်ကို ချက်ချင်းမြင်လိုက်ကြရသည်။


ထိုသူက ‌မိုးပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး မည်းနက်နေသည့်ဆံပင်များကို စည်းထားသည်။ သူတို့အားလုံး ထိုလူကို ရင်းနှီးနေသည်။ ထိုလူ၏ကျောပြင်ကိုကြည့်လိုက်ရုံဖြင့် ယုံနင်မိသားစု၏အကြီးဆုံးသားမှလွဲ၍ အခြားလူမဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။ 


တစ်ခဏတာခန့် ကျင်းဝီဝေ့အားလုံး၏ မျက်လုံးထဲတွင် တွန့်ဆုတ်မှုများ ဖြစ်ပေါ်လာသည်။ 


သခင်လေးကလည်း မြင်းပေါ်မှဆင်းလာပြီး သူတို့သခင်ကို  တစ်ခုခု တီးတိုးပြောနေသည်ကို မြင်လိုက်ရသည်။ 


သူပြောသည်ကို ရှင်းလင်းစွာမကြားရသော်လည်း သူ့လေသံက မခံမရပ်နိုင်အောင် စိတ်ဆိုးဒေါသထွက်နေသည့်ပုံစံဖြစ်နေသည်။ 


ထိုသခင်လေးက အမြဲတစေ တည်ငြိမ်အေးဆေးစွာ နေလေ့ရှိသူတစ်ယောက်ဖြစ်သည်။ 

သူ့လိုလူမျိုးကတောင် ဒီလိုပုံစံမျိုးဖြစ်သွားတယ်ဆိုတော့ အရှင်က ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုခု လုပ်လိုက်တာပဲဖြစ်ရမယ်...


သို့ရာတွင် ယခုချိန်၌ သခင်လေးက သူတို့အရှင်ကို ပြင်းပြင်းထန်ထန်ပြောနေခြင်းဖြစ်သည်။ 

သူတို့သခင်က သဘောကောင်းတဲ့သူမဟုတ်ဘူး သခင်လေးကိုတော့ တစ်ခုခုလုပ်တော့မှာပဲ...


သို့ရာတွင် ထိုသို့ဖြစ်မလာခဲ့ပေ။

    

သူတို့သိရှိထားသော ဆုံးဖြတ်ချက်ပြတ်သားကာ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ကွမ်းလင်ဘုရင်ခံက သခင်လေး၏ရှေ့တွင် ခေါင်းငုံ့ပြီး သူ့အပြစ်ကို တီးတိုးတောင်းပန်နေသည်။


သူတို့သိထားသော ကွမ်းလင်ဘုရင်ခံနှင့် လုံးဝကွာခြားနေကာ မတူညီသည့် လူနှစ်ယောက်အလားပင် ထင်ရသည်။


ထိုအချိန်တွင် ကျင်းပေါင်က "မကောင်းတော့ဘူး" ဟု  တီးတိုးပြောကာ မြင်းပေါ်မှ အမြန်ဆင်းလာပြီး ရှေ့သို့ ခပ်သုတ်သုတ်လျှောက်သွားသည်။ 


မူလက သူ မနီးမဝေးတွင် ရပ်နေပြီး သူ့သခင်တောင်းပန်ပြီးသည်အထိ စောင့်နေရန် ကြံရွယ်လိုက်သည်။ သို့ရာတွင် သူပြေးလာသည်ကိုမြင်သည်နှင့် ကျွင်းဟွိုင်လန်က သူ့ကိုချက်ချင်းပြောလိုက်သည်။


" မိန်းမစိုးကျင်ပေါင် မင်းကိုပဲဒုက္ခပေးရတော့မယ်... ငါ့အတွက် မြင်းတစ်စီးပြင်ပေးပါဦး..."


ကျင်းပေါင်က အမြန်ပြန်ဖြေလိုက်သည်။ 


သခင်လေး၏ရှေ့တွင် သူ့အရှင်၏ အမြင်ကိုမေးရန် မလိုအပ်ပေ။ 


ထို့နောက် သခင်လေးက ဆက်ပြောသည်ကို သူကြားလိုက်ရသည်။


" ဒီလောက် လင်းလင်းချင်းချင်းအချိန်ကြီးမှာ ဘာလို့အဲ့လို အဓိပ္ပါယ်မရှိတာကို..."


သူ့သခင်က တီးတိုးပြန်ပြောလိုက်သည်။


" ဘယ်လိုမှ တောင့်ခံထားလို့မရတော့ဘူးလေ..."


" မင်း..."


ကျင်းပေါင် နားကန်းချင်ယောင်ဆောင်ပြီး အမြန်ထွက်ပြေးလာရတော့သည်။


သူ ပြန်မထွက်သွားမီတွင် သူ့မျက်လုံးများက သူ့သခင်၏ခန္ဓာကိုယ်အောက်ပိုင်းကို အကြည့်ရောက်သွားသည်။ 


ဘုရားရေ... အဲ့နေရာက ဒီတိုင်းကြီးပါလား...


အရှင်က ကျန်းမာရေးကောင်းလိုက်တာ...


ကျင်းပေါင် နောက်သို့ပြန်လျှောက်လာစဉ်တွင် အနောက်ဘက်တွင် ကျန်ရစ်နေခဲ့သည့်ကျင်းယီဝေ့များမှာ ခါးမတ်မတ်ရပ်နေကြသော်လည်း အမူအရာများက ကြောင်အအဖြစ်နေကြသည်။ သို့ရာတွင် သူတို့မျက်လုံးများက ရွှယ်ယန့်ကိုခိုးကြည့်နေပြီးသည့်နောက်တွင် ကျင်းပေါင်ဘက်သို့လှည့်လာသည်။ 


ကျင်းပေါင်က သူတို့ကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။ 


ကျင်းယီဝေ့များက နှုတ်လုံသူများဖြစ်၍ သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်စရာမလိုပေ။


သို့ရာတွင် ထိုသို့သောလူမျိုးများ၏ အတင်းအဖျင်းပြောနေခြင်းနှင့် စိတ်လှုပ်ရှားနေသည့်ပုံစံများကို မြင်ရသည်မှာလည်း ကျေနပ်စရာတစ်မျိုးပင်။


——


ရွှယ်ယန်က အချိန်မကြန့်ကြာစေပဲ ခရီးဆက်ခဲ့သည်။ 


ချန်အန်းမြို့တော်တွင်မူ အရာအားလုံးက အေးချမ်းပြီး တည်ငြိမ်နေခဲ့သည်။


ရွှယ်ယွင်ဟုန်နှင့် မင်းသားများက လုပ်ရိုးလုပ်စဉ်အတိုင်း ဝမ်ဟွားခန်းမဆောင်တွင် စာပေသင်ယူနေကြသည်။


သူက အိမ်ရှေ့စံမင်းသားမဟုတ်သော်လည်း အသက်၁၈နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ဝမ်ဟွားနန်းဆောင်တွင် သူ့အပြင် မင်းကြီး၏နှစ်သက်ခြင်းမခံရသော မင်းသား ၂ နှင့် တစ်နေကုန်အလေလိုက်ပြီးပျော်ပါးနေသည့် မင်းသား၆တို့သာရှိသည်။ အခြားမင်းသားနှစ်ယောက်ကမင်းမှုထမ်းနေရပြီဖြစ်သည်။

( T/N - မေ့သွားမှာစိုးလို့ ထပ်ပြောပြပါမယ် အခုလက်ရှိ တူတူစာသင်နေကြတာ မင်းသား ၂‌၊ ၄နဲ့‌ ၆ပါ၊ မင်းသား ၃က ငယ်ငယ်တည်းက  အဖျားရောဂါနဲ့ သေသွားပါတယ်၊ မင်းသား ၇က ကလေးပေါက်စပါ ၊ အမှုထမ်းနေတဲ့ တခြားမင်းသားနှစ်ယောက်က မင်းသား ၁နဲ့ မင်းသား ၅(ရွှယ်ယန်) ပါ )


ပုံမှန်အခြေအနေအရဆိုလျှင် သူက ယမန်နှစ်တည်းက ညီလာခံတွင် အမှုထမ်းရမည်ဖြစ်သော်လည်း ယခုချိန်ထိ နှောင့်နှေးနေခဲ့ရသည်။


သူက အမှားတစ်စုံတစ်ရာမလုပ်ထားသော်လည်း သူ၏မယ်တော်ဖြစ်သူ ကိုယ်လုပ်တော် ယီကျဲယွီက ချင်ထျန်ကျန့်မှ အမှုထမ်းနှင့် ဖောက်ပြားမိ၍ သတ်သေလိုက်ရကြောင်းကို နန်းတွင်းတစ်ခုလုံး သိကြသည်။


သူအမှားပြုလုပ်ခြင်း ၊ မပြုလုပ်ခြင်းက အဓိကကိစ္စမဟုတ်ပေ။   


ဤတစ်နှစ်အတွင်း သူက နန်းတော်ထဲတွင် အေးဆေးငြိမ်သက်စွာ နေထိုင်ခဲ့သည်။ ရွှယ်ယန်က မိခင်ဖြစ်သူ ကိုယ်လုပ်တော် သေဆုံးသွားခဲ့ပြီးနောက် မင်းကြီး၏မျက်နှာသာပေးခံခဲ့ရသည်ကို သူစောင့်ကြည့်နေခဲ့သည်။ ထိုအချိန်ကစ၍ ရွှယ်ယန်က တစ်ဆင့်ထက်တစ်ဆင့် ချီးမြှောက်ခံလာရပြီး နန်းတွင်း‌တွင် မည်သူကမျှ မယှဉ်နိုင်သော မင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ 

  

မင့်လွမ်နန်းဆောင်မှ သူ၏မွေးစားမယ်တော်ကလည်း သူ့ကြောင့် ပို၍  ပစားပေးခံလာရသည်။ 


အတိတ်က ကိုယ်လုပ်တော်ရှု့က လှပသော်လည်းသားသမီးမရှိ၊ ထောက်ပံ့မည့်လူမရှိဖြစ်ခဲ့သူတစ်ယောက်ပင်။ ယခုအချိန်တွင် ကိုယ်လုပ်တော်ရှု့၏နောက်တွင် ကွမ်းလင်ဘုရင်ခံရှိနေ၍ မောင်းမဆောင်တစ်ခုလုံး သူမကို မျက်လုံးပင် လှန်မကြည့်ရဲတော့ပေ။ 


ယခုအချိန်တွင် ကိုယ်လုပ်တော်ရှု့မှတစ်ဆင့် မိဖုရားရှု့ ဖြစ်လာခဲ့သည်။


မိဖုရားရှု့က ကိုယ်ဝန်လွယ်ထားရသည်ဟူသောသတင်းက မောင်းမဆောင်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ ဧကရာဇ်က ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ရပြီး သူမကို အလွန်ဂရုစိုက်ကာ သူမနန်းဆောင်သို့လည်း လက်ဆောင်ပစ္စည်းများ အဆက်မပြတ်ပေးပို့ခဲ့သည်။ မိဖုရားရှု့၏ အနာဂတ်က ဆယ်စုနှစ်အနည်းငယ်အထိ သာယာချောမွေ့သွားပြီဟု အားလုံးက ပြောနေကြသည်။


သို့ရာတွင် သူမဝမ်းထဲလွယ်ထားသည်က ယောက်ျားလေး၊ မိန်းကလေး မည်သည်ဖြစ်ကြောင်း မသိရသေးပေ။ အကယ်၍ သူမက မင်းသားတစ်ယောက် ဖွားမြင်ပေးခဲ့ပါက အနာဂတ်တွင် ထီးနန်းအတွက် ကွမ်းလင်ဘုရင်ခံနှင့် တိုက်ခိုက်ရတော့မည်ဖြစ်သည်။


ဒါပေမဲ့ ဘယ်သားဖြစ်ဖြစ် မိဖုရားရှု့ရဲ့သားတွေပဲလေ...


နန်းတွင်းမှလူများက ထိုအကြောင်းကိုသာ တစ်ချိန်လုံး ပြောဆိုနေကြပြီး ရွှယ်ယွင်ဟုန်ရှေ့တွင်လည်း မရှောင်ကြပေ။ ရံဖန်ရံခါတွင် သူတို့ ထိုအကြောင်းပြောနေစဉ် ရွှယ်ယွင်ဟုန်၏ တုံ့ပြန်မှုကို ခိုးကြည့်‌နေတတ်ကြသည်။ 


အဘယ့်ကြောင့်ဆိုသော် ယီကျွီကိစ္စ မဖြစ်ပွားမီတွင် မျက်နှာသာအပေးခံရဆုံးလူမှာ မင်းသား၄ဖြစ်သောကြောင့်ပင်။


သို့ရာတွင် ရွှယ်ယွင်ဟုန်က ထိုအပြုအမူများကို နာခံမှုမရှိဟု မထင်ပေ။

    

ထိုစကားများကို မကြားသည့်အတိုင်း နေ့တိုင်းစာပေလေ့လာနေပြီး ဧကရာဇ်က သူ့ကို စစ်ဆေးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေသည်။ အားလုံးက ထိုအကြောင်းက်ု သူရှေ့တည့်တည့်တွင် ပြောနေပါကလည်း မနာလိုမဖြစ်သည့်အတိုင်း ရယ်မောနေတတ်သည်။


အားလုံးက အတင်းအဖျင်းမပြောပဲ မနေနိုင်ကြတော့ပေ။

ဘာလို့ မင်းသား၄က အရမ်းတည်ငြိမ်နေရတာလဲ... သူ့နေရာကို ဂရုမစိုက်တော့တာများလား...


အဲ့လိုဘယ်ဟုတ်ပါ့မလဲ...


သူတို့က ပုံမှန်အချိန်များတွင် ရွှယ်ယွင်ဟုန်၏ တည်ငြိမ်ပြီး စာပေလေ့လာနေပုံများကိုသာ မြင်ကြသည်။ သို့သော် ညတိုင်း ပြောင်းလဲသွားတတ်‌သော ရွှယ်ယွင်ဟုန်၏ ‌‌ ဒေါသတကြီးပုံစံကို မမြင်ကြပေ။


သူ မွေးဖွားလာချိန်တည်းက ကောင်းကင်ဘုံ၏သားတော်အဖြစ် ချီးမြှောက်ခံရသည်။ သူ အကောင်းဆုံးကြိုးစားလုပ်ဆောင်ရမည်ဖြစ်သော်လည်း မိမိ၏တိုက်ခိုက်လိုစိတ်ပြင်းထန်မှုကို အခြားလူ‌များ မသိစေရဟု သူ့မယ်တော်က သင်ကြားပေးခဲ့သည်။ 


သို့ဖြစ်၍ ရွှယ်ယွင်ဟုန်မှာ ငယ်စဉ်ကတည်းက အရာအားလုံးတွင် ထူးချွန်သော်လည်း သူ၏အောင်မြင်မှုနှင့် ကြိုးစားမှုများကို ဖုံးကွယ်ထားခဲ့ရသည်။ 


ထိုသို့ဖြစ်လေ ဧကရာဇ်ချင်းဖျင်က ပိုသဘောကျလေဖြစ်၍ သူ့အတွက် အကျိုးကျေးဇူးရရှိခဲ့သည်။ 


မသေသပ်မှုများကို မည်သို့ဖုံးကွယ်ရမည်ကိုလည်း ငယ်စဉ်ကတည်းက သင်ယူခဲ့ရသည်။ 


သို့ရာတွင် ယခုလက်ရှိအချိန်တွင်မူ သူကတိမ်ပေါ်မှ အောက်ခြေသို့ ပြုတ်ကျသွားခဲ့ရသည်။


သူ့မယ်တော်နှင့် ချင်ထျန်ကျန့်အမှုထမ်းအကြောင်းကို တစ်စွန်းတစ်စမှ မသိရှိခဲ့ရပေ။ သို့သော် သူ့မယ်တော်က ထိုလူနှင့် မဖောက်ပြန်ခဲ့ကြောင်းကိုလည်း သူသိနေသည်။


သူ့မယ်တော်က တစ်ဆင့်ချင်းတွေးခေါ်တတ်သည်ကို သူ အားလုံးထက်ပိုသိသည်။


သူ့မယ်တော်က လုပ်ကြံခံရမှုကြောင့် မတရားသေဆုံးခဲ့ရသည်ကိုလည်းသူသိသည်။ 


သို့သော် ထိုအချိန်က သူ့ထံတွင် ရွေးချယ်စရာမရှိခဲ့ပေ။ 


သူအခြေအနေကို စောင့်ဆိုင်းနေပြီး အသနားခံရန် တောင်းဆိုခဲ့ရသည်။ 


သူ့ခမည်းတော်က မယ်တော်ကို မုန်းတီးသည်ဆိုသော်လည်း သူ့ကိုအလုံးစုံသက်ရောက်သွားမည်ဟု မဆိုလိုပေ။ သူ့ခမည်းတော်က ပို၍စိတ်မသက်မသာဖြစ်လေ သားတော်ကို မေ့မရနိုင်လေဖြစ်သည်။ 


 မင်းကြီးက သူ့ကို တမင်တကာလျစ်လျူရှု့ထားပြီး ညီလာခံသို့ ဝင်ခွင့်မပြုခဲ့သော်လည်း အချိန်ကြာလာသည့်အခါတွင် သူလေ့လာရသော စာပေများကို မေးမြန်းလိုသည်ဟူသောဆင်ခြေဖြင့် မင်းကြီးနှင့် တွေ့ခွင့်ရခဲ့သည်။


၎င်းက သူကောင်းမွန်စွာဆောင်ရွက်ရန် တစ်ခုတည်းသောအခွင့်အရေးဖြစ်သည်ကို သိသည်။

 သူ့မယ်တော်အတွက် အသနားမခံပေးသကဲ့သို့ ဧကရာဇ်ချင်းဖျင်ကို စောဒကတက်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ဧကရာဇ်ချင်းဖျင်က သင်ခန်းစာများအကြောင်းမေးမြန်းချိန်တွင် နှံ့စပ်စွာဖြေဆိုနိုင်ပြီး ဘဝအကြောင်းမေးမြန်းချိန်တွင်လည်း အရာအားလုံးအဆင်ပြေကြောင်းသာ ပြောခဲ့သည်။ 


လေပြေလေညှင်းများ တိုက်ခတ်သကဲ့သို့သာ နေထိုင်ခဲ့ပြီး ဧကရာဇ်ချင်းဖျင်ကို ပြဿနာမရှာခဲ့သည့်အပြင် မုန်းတီးမှုကိုလည်း မပြသခဲ့ပဲ ဧကရာဇ်ချင်းဖျင်က သူ့မယ်တော်ကို သတ်ခဲ့ခြင်းအတွက် လိပ်ပြာမလုံဖြစ်လာမည်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။


သူ တွေးထင်ထားသည့်အတိုင်း တစ်လအကြာတွင် ဧကရာဇ်ချင်းဖျင် တောင့်မခံနိုင်တော့ပေ။


" မင်းရဲ့မယ်တော်ကိစ္စက သားတော်နဲ့ မဆိုင်ပါဘူး..."


ဧကရာဇ်ချင်းဖျင်က ထိုသို့ပြောသော်လည်း သူ့ကို ဖျောင်းဖျနေရုံဖြစ်သည်ကို ရွှယ်ယွင်ဟုန်သိသည်။ 


၎င်းက အမှန်တရားမဟုတ်ပေ။ 


ထိုစဥ်အချိန်က ရွှယ်ယွင်ဟုန် ကြမ်းပြင်နှင့်ဦးခါင်းကိုထိမတတ် ဒူးထောက်ကာ ပြောခဲ့သည်။ 


" မယ်တော်နဲ့ သားတော်က တစ်စိတ်တစ်ဝမ်းတည်းပါပဲ... တကယ်လို့ မယ်တော်က ခမည်းတော်ကို အပြစ်ပြုမိခဲ့ရင်တောင် မယ်တော့်အစား ‌တောင်းပန်ပါတယ်... ဒါပေမဲ့ မယ်တော်က သားတော်ကို အသက်တစ်ချောင်းပေးအပ်ခဲ့တဲ့လူပါ... မိခင်ရဲ့အပြစ်ကို သားဖြစ်သူက ပေးအပ်ရမယ်ဆိုရင်လည်း ကျိုးကြောင်းဆီလျော်ပါတယ်... သားတော် နောင်တရမှာ မဟုတ်ပါဘူး..."


ဧကရာဇ်ချင်းဖျင် ရင်ထဲထိသွားမည်ကိုသူသိသည်။ 


သူ ထင်ထားသလိုပဲ...


ဧကရာဇ်ချင်းဖျင်၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်သန်းသွားပြီး သူ့ကိုဆင့်ခေါ်သည့် အရေအတွက်လည်း ပိုတိုးလာသည်။ 


သူ့ခမည်းတော်က ပျော်ရွှင်သွားပြီး သူ့အပေါ်မျှော်လင့်ထားသည်ကို သိလိုက်သည်။ ဧကရာဇ်၏ သနားကြင်နာမှုနဲ့ မျက်နှာသာပေးမှုက အချိန်ကြာသည်နှင့်အမျှ ကုန်ခမ်းသွားတတ်သည်ကို သူ့မယ်တော်က သင်ပေးထားခဲ့ဖူးသည်။ အကယ်၍ သူ ငြီးငွေ့လာသည်ဟုထင်ပါက အခြားတစ်ခုနှင့် ပြောင်းလဲရမည်ဖြစ်ပြီး သူ၏ ရိုးသားမှုကို ကြာကြာမျှော်လင့်ထား၍ မရနိုင်သည်ကို ကြိုသိထားရမည်ဖြစ်သည်။ 

    

ရွှယ်ယွင်ဟုန်က ထိုစကားကို အလေးအနက်ထားသည်။


သူက လေးကြိုးကို မဆွဲပဲ စောင့်ဆိုင်းနေခဲ့သည်မှာ...


ယနေ့အထိ ဖြစ်သည်။


သူ၏ကိုယ်ပိုင် မိန်းမစိုးတစ်ယောက်က သူနှင့် ရှုမိသားစုအကြားတွင် စာအပြန်အလှန် ပေးပို့ပေးနေခဲ့ပြီး ယနေ့တွင် ဤသတင်းရောက်ရှိလာခဲ့သည်။ 


" အရှင့်သား...  စစ်သူကြီးရှုရဲ့ စစ်တပ်တွေကို ချန်အန်းမြို့ပြင်မှာ ရက်အနည်းငယ်လောက် နေရာချထားမယ်လို့ အမတ်ချုပ်ကြီးက ပြောလိုက်ပါတယ်... အဲဒီစစ်တပ်ကြီး မြို့နားကပ်လာရင် ကျိန်းသေပေါက် ပုန်ကန်ကြမှာပါ... အရှင့်သားကို ဘယ်ကိစ္စမှာမှ ဝင်မပါနဲ့လို့ အမတ်ကြီးက မှာလိုက်ပါတယ်... မဟုတ်ရင် အနာဂတ် ထီးနန်းဆက်ခံချိန်မှာ အရှင့်သားနာမည်ပျက်သွားမှာစိုးလို့ပါတဲ့..."


ရွှယ်ယွင်ဟုန် ခဏတာ ငြိမ်ကျသွားသည်။


" ဒါဆိုရင် အဖိုးက ဘာလုပ်ခိုင်းလိုက်သေးလဲ.."


" သေချာပေါက်..."


မိန်းမစိုးလေးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးမှ တီးတိုးပြောလိုက်သည်။

" နန်းတွင်းထဲမှာပဲ လှုပ်ရှားရမှာပါ..."


ရွှယ်ယွင်ဟုန်က ခပ်ဟဟရယ်လိုက်သည်။

" အဲ့လောက် စွန့်စားရမှာလား..."


" တခြားနည်းလမ်းမရှိဘူးလို့ အမတ်ချုပ်ကြီးက ပြောလိုက်ပါတယ်..."


" ငါ့မှာရှိတယ်..."


မိန်းမစိုးလေးက သူ့ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။


Xxxxxx