Chapter 147
ရွှယ်ယွင်ဟုန် ထရပ်လိုက်ပြီး အိပ်ရာနားရှိ အနက်ရောင်အံဆွဲထဲမှ ဘူးတစ်ဘူးကို ထုတ်လိုက်သည်။
ထိုဘူးထဲတွင် ပါရှိသော ဆေးမှုန့်များမှာ ရေထဲတွင် လွယ်ကူစွာ ပျော်ဝင်စေနိုင်ပြီး မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့နိုင်ပေ။
၎င်းမှာ သူ့မယ်တော်က မသေဆုံးမီတွင် သူမမျက်နှာချေဘူးထဲမှ ထုတ်ယူခိုင်းလိုက်သည့်ဆေးမှုန့်ဖြစ်သည်။ ၎င်းကို သူမ နန်းတော်ထဲဝင်ချိန်တွင် တာအိုပညာရှင်တစ်ယောက်က သူမကိုယ်ကိုကာကွယ်ရန်အတွက် ပေးခဲ့ခြင်းဖြစ်သည်။
ထိုအဆိပ်က အရောင်နှင့်အရသာကင်းမဲ့သောကြောင့် အလွယ်တကူ မသိရှိနိုင်ပေ။ ၎င်းက လူတစ်ယောက်ကို သတ်နိုင်သည်အထိ မဟုတ်သော်လည်း လူတစ်ယောက်ကို အကြောများ ထုံထိုင်းသွားစေပြီး မလှုပ်မရှားနှင့် စကားမပြောနိုင်ဖြစ်သွားစေကာ အသက်ရှုရုံသာ တတ်နိုင်စေသည်။
အကယ်၍ ချန်အန်းတွင် ကမောက်ကမဖြစ်လာခဲ့ပါက စွန့်စားမှုများက အနည်းနှင့်အများရှိမည်ဖြစ်သည်။ အကယ်၍ ဧကရာဇ်နတ်ရွာစံသွားခဲ့ပါက ညီလာခံတွင် ကမောက်ကမဖြစ်ပြီး အမတ်အားလုံးက ရွှယ်ယန်ကို နန်းတင်လိုက်ကြလိမ့်မည်။
ဒါပေမဲ့ ဧကရာဇ်က ထူးဆန်းတဲ့ ရောဂါတစ်မျိုးရသွားရင်ရော ဘယ်လိုဖြစ်လာလိမ့်မလဲ...
ထိုအချိန်တွင် အစိုးရအမှုထမ်းများကို ခေတ္တခဏစီမံကွပ်ကဲပေးရန် မင်းသားတစ်ပါးကို ရှာဖွေရတော့မည်ဖြစ်သည်။
ရွှယ်ယွင်ဟုန်က ရယ်လိုက်ပြီး ထိုဘူးကို မိန်းမစိုးလေးလက်ထဲထည့်လိုက်သည်။
" ငါ စာတစ်စောင်ရေးပေးမယ် အဖိုးဆီကို ပို့ပေးပါ..."
..........
ချင်မန်တံခါးက ချန်အန်းနှင့် အလွန်နီးလှပြီး ခရီးအကွာအဝေးက မိုင်နှစ်ရာ သုံးရာသာရှိသည်။
ထိုက်ကျူမင်းဆက်ကိုတည်ထောင်ချိန်တွင် မြောက်ပိုင်းမှဟန်လူမျိုးများက နယ်စပ်ကို မကြာခဏကျူးကျော်ကြသည်။ ထိုအချိန်တွင် တာ့ယုံ၏အခြေခံအုတ်မြစ်က မတည်ငြိမ်သေး၍တာ့ခ်လူမျိုးများကလည်း နယ်စပ်တံခါးကို အကြိမ်ပေါင်းမျစွာ ကျော်ဖြတ်လာကြပြီး ချန်အန်းမြို့သို့ ချဉ်းကပ်လာကြသည်။
ထိုစဉ်အချိန်က ချင်မန်တံခါးမှာ ချန်အန်းမြို့၏ နောက်ဆုံးခံတပ်ကြီးဖြစ်သည်။ ယခင်ဧကရာဇ် နတ်ရွာစံသွားခဲ့ချိန်တွင် နန်းတွင်းမှ မင်းသားများက အာဏာရရှိရေးအတွက် အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး ပြည်တွင်းပုန်ကန်မှုများပင် ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် တာ့ခ်လူမျိုးများက ချင်မန်တံခါး၏အပြင်ဘက်အထိ ကျူးကျော်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
ရှုကျုံးလျန် ဧကရာဇ်ကို ကယ်တင်ခဲ့သည်မှာ ထိုစဉ်အချိန်ကဖြစ်သည်။
လူတစ်ယောက်က အသက်ကြီးလာလေ အတိတ်ကို လွမ်းဆွတ်သတိရလေဖြစ်သည်။
ယနေ့တွင် ကောင်းကင်ကြီးက ကြည်လင်နေပြီး ဧကရာဇ်ချင်းဖျင်က ချန်အန်မြို့တောင်ဘက်တံခါးတွင်ရပ်ကာ မြို့အပြင်ဘက်တွင် စုဝေးနေကြသည့် စစ်သည်များကိုကြည့်ပြီး ယခင်ကမြင်ကွင်းကို ပြန်လည်သတိမရပဲ မနေနိုင်ဖြစ်နေသည်။
ထိုအချိန်က သူ့ညီအစ်ကိုတော်များစွာကို အနိုင်ယူခဲ့သည်။ သူ ထီးနန်းစတင်ဆက်ခံချိန်မှာပင် ချင်မန်တံခါးက အန္တရာယ်ရှိနေပြီဟု မြောက်ပိုင်းမှအထောက်တော်တစ်ယောက်က လာရောက်သတင်းပို့ခဲ့သည်။
သူက ထိုစဉ်က ငယ်ရွယ်ပြီး စွမ်းအင်အပြည့်ရှိကာ ဖျတ်လတ်နေချိန်ဖြစ်၍ မန်ချူးမင်းဆက်မှ မင်းသားများစွာချန်ရစ်ထားခဲ့သော အင်အားများကို တိုက်ခိုက်ရန် စိတ်မရှည်ခဲ့ပေ။ သို့ဖြစ်၍ စစ်သည်များကို သူကိုယ်တိုင်အမိန့်ပေးပြီး ချင်မန်တံခါးမှရန်သူများကို ကိုယ်တိုင်တိုက်ခိုက်ပြီး အောင်နိုင်မှုကို ဆွတ်ခူးခဲ့သည်။
၎င်းက သွေးစွန်းနေသည့်တိုက်ပွဲကို သူ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသောအချိန်ဖြစ်ပြီး အလောင်းများနှင့် မီးခိုးများကိုလည်း နေရာအနှံ့တွင် ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
တာ့ခ်လူမျိုးများကိုနှိမ်နင်းရန် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်လာချိန် လမ်းတစ်ဝက်တွင် တာ့ခ်စစ်တပ်၏ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရပြီး မြှားဖြင့်ပစ်ခတ်မှုကြောင့် သေလုမျောပါးဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် ရှုကျုံးလျန်က စစ်တပ်ကိုဦးဆောင်လာပြီး ရန်သူဝန်းရံခံနေရသောသူ့ကို ကယ်တင်ပေးခဲ့သည်။ သူ့ထံသို့ရောက်လာသည့်မြှားကို ကာပေးခဲ့သည့်အတွက် ရှုကျုံးလျန်၏ညာဘက်ရင်အုပ်ကို မြှားပစ်ခံခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့သည်။
အသက်ကိုစွန့်လွှတ်ပြီး သူ့ကိုကယ်တင်ပေးခဲ့သော ရှုကျုံးလျန်၏ကြင်နာမှုကို ဧကရာဇ်က အမြဲတစေ အမှတ်ရခဲ့သည်။
သို့ဖြစ်၍ ရှုမိသားစုက ယခင်က သူ့ဘက်မှ မရပ်တည်ခဲ့သော်လည်း သူတို့ကို နေရခက်အောင် မပြုလုပ်ခဲ့ပေ။ ညီလာခံထဲတွင်လည်း အမတ်ဦးရေ နည်းပါးနေချိန်ဖြစ်၍ ရံဖန်ရံခါတွင် ရှုမိသားစုကို အာဏာလွှဲအပ်ပြီး ကိစ္စကြီးများကို ဆောင်ရွက်ခိုင်းရသည်ကို မတွန့်ဆုတ်ခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ရှုမိသားစုက အင်အားကြီးလာပြီး ရဲတင်းလာကာ ပြဿနာရှာလာကြသည်။ ထိုအခါမှသာ ရှုမိသားစု၏ သွေးနားထင်ရောက်မှုကို သူကိုယ်တိုင်ဖိနှိပ်ခဲ့ရသည်။ သို့သော်လည်း ဟန်ချက်ညီမှုမပျက်စီးစေရန် သူတို့ကို တစ်ကြိမ်တစ်ခါမှ ပြစ်ဒဏ်မပေးခံပေ။
သို့ဖြစ်၍ ရှုမိသားစုမှာ များစွာ မျက်နှာသာပေးခံရသည်။
မည်သို့ပင်ဖြစ်စေ ယနေ့တွင် ရှုကျုံးလျန်က ထိုစစ်တပ်ကြီးကို အမိန့်ပေးနိုင်သော ခေါင်းဆောင်စစ်သူကြီးမဟုတ်ပေ။ သူ၏ မူလအစီအစဉ်အရဆိုလျှင် ရှုကျုံးလျန်၏လက်အောက်မှ စစ်သည်များကို နယ်စပ်မှ မြို့တော်သို့ပြန်လာသော စစ်သူကြီးတစ်ယောက်၏ လက်အောက်သို့လွှဲပြောင်းရမည်ဖြစ်သည်။
သို့သော် စစ်တပ်ကြီးက တောင်ပိုင်းသို့သွားရောက်ပြီး ယန်ဇီမြစ်တောင်ပိုင်းသို့ ဖြတ်သန်းသည်နှင့် သူတို့အားလုံးကို ရွှယ်ယန့်လက်ထဲ ကူးပြောင်းပေးရမည်ကို ဧကရာဇ်ချင်းဖျင်သိသည်။ သို့ဖြစ်၍ ပြဿနာ ပိုကြီးမလာစေရန် ရာထူးကြီးစစ်သူကြီးတစ်ယောက်ကို ဂရုတစိုက်ရွေးချယ်ရန် မလိုအပ်တော့ပေ။
ထိုစစ်သူကြီး ပြုလုပ်ရမည်က ရှုကျုံးလျန်၏လက်ထဲမှ စစ်တပ်ကိုလွှဲယူပြီး ရွှယ်ယန့်လက်ထဲ သေချာထည့်ပေးရန် ဖြစ်သည်။
သို့ဖြစ်၍ သူ့အကြည့်များက ခေါင်းဆောင်စစ်သူကြီးထံတွင် မရှိတော့ပဲ စစ်တပ်ကြီးဘယ်ဘက်တွင် အသင့်အနေအထားဖြင့်ရှိနေသော ရှုကျုံးလျန်အပေါ်သို့ ကျရောက်သွားသည်။
" ကိုယ်တော် ကျုံးလျန်ကိုမတွေ့ရတာ ဘယ်လောက်ကြာပြီလဲ..."
လင်းဖူက တွေးတောလိုက်ပြီးမှ အလျင်အမြန် ပြန်ဖြေလိုက်သည်။
" ကျွန်တော်မျိုး အရှင့်နားကို ရောက်ပြီးတဲ့အချိန်တည်းက ဆိုရင်တော့ ၄နှစ်ရှိပါပြီ..."
ဧကရာဇ်က ပြုံးလိုက်ပြီ အတိတ်ကို လွမ်းဆွတ်သတိရနေသံဖြင့် ပြောလိုက်သည်။
" သူက အသက်ကြီးမလာဘူးပဲ..."
လင်းဖူမှာ ပြောစရာစကားမဲ့နေသည်။
သူ ယမန်နေ့ညက အမတ်ချုပ်ရှုထံမှ လျှို့ဝှက်စာတစ်စောင်နှင့်အတူ ဆေးမှုန့်တစ်ထုပ်ကိုလည်း ရရှိထားသည်။
ရှုမိသားစုက သူ့ကိုဘာလုပ်စေချင်သည်ကို ယခုချိန်မှ သိသွားခဲ့သည်။
လင်းဖူက သူ့အတွက်သူ လမ်းတစ်ခုဖောက်ချင်သော်လည်း နန်းတွင်းထဲမှ မိန်းမစိုးများထဲတွင် သူ့ကိုယှဉ်နိုင်သူက မရှိတော့ပေ။ သူ့ကိုထောက်ပံ့ပေးနေသော ဧကရာဇ်ကို သူ့လက်ဖြင့် လုပ်ကြံရမည်မှာ မဟာတံတိုင်းကြီးကို ဖျက်ဆီးလိုက်သည်နှင့်ပင်တူသည်။
သို့ရာတွင် ယခုချိန်မှ နောက်ပြန်ဆုတ်မရတော့ပေ။
သူက ရှုမိသားစုဘက်တွင် ရပ်တည်နေပြီးဖြစ်သည်။ သူက ရှုမိသားစုကို ကျင်းယီဝေ့များထံမှ သတင်းကိုပြောပြကာ သူတို့ကိုယ်ကိုကာကွယ်ရန် အခွင့်အရေးပေးခဲ့ပြီး သူ့ကိုဆွဲမသွင်းရန်လည်း ပြောခဲ့သည်။
မမျှော်လင့်ထားသည်မှာ ရှုမိသားစု၏ ရဲတင်းမှုနှင့် လိုအင်ဆန္ဒများက အတောမသတ်နိုင်ပေ။
ယခုအချိန်တွင် ရှုကျုံးလျန်၏ စစ်တပ်ကြီးက ချန်အန်းမြို့သို့ ရောက်လာပြီဖြစ်၍ ရှုမိသားစုဘက်မှ တောင်းဆိုချက်ကိုလိုက်လျောသည်ဖြစ်စေ မလိုက်လျောသည်ဖြစ်စေ ဧကရာဇ်ချင်းဖျင် အသက်ရှင်ရန် မလွယ်ကူတော့ပေ။ အကယ်၍ ရှုမိသားစု၏တောင်းဆိုချက်ကို မလိုက်လျောမိပါက မြို့တော်ထဲသို့ စစ်တပ်ကြီးဝင်ရောက်လာသည်နှင့် သူလည်းအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။
အကယ်၍ ယခုလက်ရှိအချိန်တွင် ဧကရာဇ်ချင်းဖျင်ကို သူ့အပြစ်များ ဝန်ခံလိုက်ပါလည်း ဧကရာဇ်အကြောင်း သူသိရှိထားသည်နှင့် ဆက်စပ်တွေးကြည့်ပါက သူအသက်ရှင်နိုင်မည်မဟုတ်ပေ။
ဧကရာဇ်က မည်မျှ သံသယများသူဖြစ်ကြောင်းကို သူအသိဆုံးဖြစ်သည်။
သစ္စာဖောက်ခဲ့ဖူးသည့်အစေခံတစ်ယောက်ကို သူ့အနားတွင် ဆက်လက်ခစားခိုင်းထားမည်မဟုတ်ပေ။
ယခုချိန်တွင် ရှုမိသားစုကို နာခံပြီး ဧကရာဇ်ချင်းဖျင်ကို ဆေးခတ်မှသာ သူအသက်ရှင်နိုင်တော့မည်ဖြစ်သည်။
အချိန်အတော်ကြာ တွေးတောဆင်ခြင်ပြီးသည့်နောက်တွင် လင်းဖူက ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။
ထိုအတွေးများကို စိတ်ထဲမှဖယ်လိုက်ပြီးနောက် အပြုံးတစ်ပွင့်ဆင်မြန်းကာ ဧကရာဇ်ချင်းဖျင်ကို စကားပြောလိုက်သည်။
" စစ်သူကြီးတွေက တစ်နှစ်ပတ်လုံး ကိုယ်ခံပညာလေ့ကျင့်နေရတော့ အရမ်းသန်မာပြီး ငယ်ရွယ်တဲ့ပုံပေါက်နေတာပါ အရှင်..."
ဧကရာဇ်ချင်းဖျင်က အကြိမ်အနည်းငယ်ခန့် ရယ်မောလိုက်သည်။
" အရှင်မင်းကြီးက သနားကြင်နာတတ်တာပဲ... စစ်သူကြီးရှုကို မတွေ့ရတာကြာတော့ သတိရနေမိတယ်လို့ ကျွန်တော်မျိုးထင်ထာပဲ..."
လင်းဖူက ဧကရာဇ်၏ အမူအရာကိုတစ်ချက်ကြည့်ပြီး မဝံ့မရဲပြောလိုက်သည်။
ဧကရာဇ်က ပြုံးလိုက်သည်။
" ကျုံးလျန်က ကိုယ်တော့်အသက်ကို ကယ်ခဲ့တာကိုး..."
သူ့အမူအရာကြောင့် လင်းဖူယုံကြည်ချက်ရှိသွားသည်။
" ဒါဆိုရင် စစ်သူကြီးရှုက မနက်ဖြန် တောင်ပိုင်းကို ချီတက်တော့မှာဆိုတော့ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် တစ်ခုခု စီစဉ်ပေးဖို့ လိုဦးမလားအရှင်..."
ပုံမှန်အချိန်တွင်မူ အစေခံတစ်ယောက်က သခင်အတွက် တစ်ခုခု စီစဉ်ပေးခြင်းက အဆင့်ကျော်ခြင်းဟု ပြောနိုင်ပေသည်။ သို့ရာတွင် ယခုချိန်တွင် စစ်သည်တစ်သိန်းက မြို့ရိုးအောက်တွင် ရှိနေပြီး စစ်ဗုံများကိုလည်းတီးနေကာ လေထုအခြေအနေက စိတ်တက်ကြွစရာဖြစ်နေသည်။ ဧကရာဇ်ချင်းဖျင်ကလည်း အတိတ်ကို လွမ်းဆွတ်သတိရနေ၍ သူ့စိတ်ခံစားချက်အတိုင်းပြုလုပ်မည်သာဖြစ်သည်။
လင်းဖူက စကားလုံးများ အပြုအမူများကို လေ့လာရာတွင် အကျွမ်းကျင်ဆုံးဖြစ်၍ သခင်ဖြစ်သူက စကားပြောရန်အသင့်တော်ဆုံးအချိန်ကိုသိသည်။
သူထင်ထားသည့်အတိုင်း ဧကရာဇ်ကလည်း များများစားစား တွေးတောမနေတော့ပဲ ပြောလိုက်သည်။
" ဒါဆိုရင်တော့ စစ်သူကြီးကို နှုတ်ဆက်သင့်တာပေါ့..."
သူက ရှုကျုံးလျန်ကို တွေ့လိုခြင်းဖြစ်သော်လည်း ရှုကျုံးလျန်က ခေါင်းဆောင်စစ်သူကြီးမဟုတ်ပဲ လက်ထောက်ဖြစ်နေသည်။ သို့ဖြစ်၍ ခဏတာတွေးတောပြီးမှ အမိန့်ပေးလိုက်သည်။
" မင်း သွားပြီးတော့ စီစဉ်ထားလိုက်ပါ... ပြီးတော့ ကိုယ်တော်က ခေါင်းဆောင်စစ်သူကြီးအတွက် စားသောက်ပွဲကျင်းပပေးမှာမို့ စစ်တပ်ထဲက တခြားစစ်သူကြီးတွေကိုလည်း အတူတူခေါ်လာလို့ရတယ် ဆိုပြီး အမိန့်ပေးတယ်ပြောလိုက်..."
လင်းဖူ အလျင်အမြန်ပင် ခေါင်းငုံ့အရိုအသေပြုလိုက်သည်။
——
ညအချိန်သို့ ရောက်ရှိလာသည်။
နန်းတွင်း၏ နေရာအနှံ့တွင် မီးအိမ်များထွန်းညှိထားပြီးအလွန်င်းလက်နေလွန်း၍ ကောင်းကင်ယံမှကြယ်များ ရောင်ပြန်ဟပ်နေသည်ဟု ထင်ရသည်။
စားသောက်ပွဲ ကျင်းပရာနေရာက ယုံလဲ့ခန်းမဆောင်တွင်ဖြစ်သည်။
ဧကရာဇ်ချင်းဖျင် မရောက်ရှိမီအချိန်တွင် တောင်ပိုင်းသို့ထွက်ခွာရမည့်စစ်သူကြီးများက ခန်းမဆောင်ထဲတွင် နေရာယူပြီးဖြစ်သည်။ စစ်သူကြီးများ စုဝေးနေကြခြင်းဖြစ်၍ သက်ဝင်လှုပ်ရှားနေသည်။ လူအုပ်စုကြီးက ထိုနေရာတွင်ထိုင်ပြီး ရယ်မောစကားပြောနေခြင်းကြောင့် လေထုအနေအထားက ကောင်းမွန်နေသည်။
ဘေးပတ်ပတ်လည်မှ စစ်သူကြီးများကလည်း ရှုကျုံးလျန် ချင်မန်တံခါးမှ ခေါ်ဆောင်လာခဲ့သည့် စစ်သူကြီးများဖြစ်ကာ ထိုလူများ သူ့နောက်လိုက်များဖြစ်ခဲ့သည်မှာ ဆယ်စုနစ်တစ်ခုစာရှိပြီဖြစ်သည်။
သို့ရာတွင် ထိပ်ဆုံးနေရာတွင်ထိုင်ရမည့် ရှုကျုံးလျန်မှာ စစ်သူကြီး၏ဘယ်ဘက်တွင် ထိုင်နေရသည်။
ခေါင်းဆောင်စစ်သူကြီး၏ မျိုးရိုးနာမည်က " ဟူ " ဖြစ်သည်။ သူက မူလက ယွီမန်တံခါးမှ စစ်သူကြီးဖြစ်သည်။ ယွီမန်တံခါးက အမြဲတစေ အေးချမ်းနေခဲ့ပြီး ထိုနေရာမှ အစောင့်စစ်သူကြီးကလည်း ကျွင်းဟွိုင်လန်၏ဦးလေးဖြစ်သည်။ ထိုနေရာတွင် ဆယ်စုနှစ်တစ်ခုကြာသည်အထိ မည်သည့်အထိကရုဏ်းမှ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ယခုစစ်သူကြီးမှာ မူလက သာမန်အဆင့်သာဖြစ်သည်။
ကျွင်းဟွိုင်လန်ဦးလေး၏ လက်အောက်တွင် နေထိုင်ခဲ့ရ၍ သူ့အသက်အရွယ်နှင့်ဆိုပါက တတိယအဆင့်နေရာကိုသာ ရရှိခဲ့သည်။ သူ့အသက်လေးဆယ်ကျော်မှ မြို့တော်သို့ ပြန်လည်ခေါ်ဆောင်ခံရသည်။
သူ့ကဲ့သို့သော စစ်သူကြီးများမှာ မြို့တော်သို့ပြန်ရောက်ပါက အနားယူရမည်သာဖြစ်သည်။ သို့ရာတွင်စစ်သူကြီးဟူက အနားယူရန် မတွေးရဲပေ။ သူက ယွီမန်တံခါးတွင် ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့သော်လည်း ချန်အန်းမြို့သို့ ပြန်လည်ဆင့်ခေါ်ခံရသည့်အချိန်မှာပင် သူ့ခေါင်းပေါ်သို့ တာဝန်ကြီးတစ်ခု ကျရောက်လာသည်။
မမျှော်လင့်စွာဖြင့် ဧကရာဇ်က သူ့ကို ခေါင်းဆောင်စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ချင်မန်တံခါးမှ စစ်သည်တစ်သိန်းကိုဦးဆောင်ကာ ဖျင်ဖန်းတောင်ပိုင်းသို့ ချီတက်ရတော့မည်ဖြစ်သည်။
အကယ်၍ တောင်ပိုင်းသို့ရောက်ရှိသွားပါက ကွမ်းလင်ဘုရင်ခံ၏အမိန့်ကို ဆက်လက်နာခံရမည်ဖြစ်သော်လည်း ခေါင်းဆောင်စစ်သူကြီးဟူသောဂုဏ်ပုဒ်က သူ့အပေါ်တွင်သာ ရှိနေသေးသည်။
ယွီမန်တံခါးမှ စစ်သူကြီးဟူ၏ စိတ်နေသဘောထားမှာ ကောင်းမွန်လှပြီး ဆယ်စုနှစ်တစ်ခုကြာ အမှုထမ်းခဲ့သော်လည်း တုံးအနေဆဲဖြစ်သည်။ ချန်အန်းမြို့တော်မှ အမှုထမ်းများ၏ လှည့်ဖျားတတ်မှုနှင့် အပြောင်းအလဲမြန်မှုတို့ကို သူ နားမလည်ပေ။
အရှင်မင်းကြီးက သူ့ကို ရာထူးခန့်အပ်လိုက်ချိန်တွင် သူ့ကို တန်ဖိုးထားသည်ဟုသာ ထင်ခဲ့သည်။ ဖုန်ဖြင့် ဖုံးလွှမ်းနေခဲ့သော ကျောက်စိမ်းတုံးက နောက်ဆုံးတွင် တောက်ပချိန်ရောက်လာပြီဟု တွေးခဲ့သည်။
ချင်မန်တံခါး၏ မူလစစ်သူကြီးဖြစ်သော စစ်သူကြီးရှုကလည်း အလွန်ကြင်နာသည်။
ဤတစ်ကြိမ်တွင် ခေါင်းဆောင်စစ်သူကြီးက စစ်သူကြီးရှု ဖြစ်မည်ဟုထင်ခဲ့ကြသော်လည်း သူ့ခေါင်းပေါ်သို့ ထိုတာဝန်ရောက်ရှိလာခဲ့သည်။ အစပိုင်းတွင် စိုးရိမ်မိခဲ့သော်လည်း စစ်သူကြီးရှုက သူနှင့်အတူတူ ဝိုင်အတူတူသောက်ပြီး ကြည်ဖြူကြောင်းပြသခဲ့သည်။
သူ့မိသားစုထဲတွင် ကိစ္စကြီးတစ်ခုဖြစ်ထား၍ ဧကရာဇ်က သူတို့ကို မယုံကြည်တော့ကြောင်း စစ်သူကြီးရှုက ပြောပြခဲ့သည်။ သူ့လက်ထဲတွင် စစ်သားများရှိနေပါကလည်း ဝန်ထုပ်ဝန်ပိုးသာဖြစ်နိုင်သည်။ သို့ရာတွင် သူ့စစ်သားများကို စစ်သူကြီးဟူလက်အောက်တွင် ထားရှိရမည်ဖြစ်၍ ဧကရာဇ်၏အမျက်တော်ရှခြင်းမှ လွတ်မြောက်သွားရ၍ သူ့ကိုကျေးဇူးတင်ကြောင်း စစ်သူကြီးရှုက ပြောခဲ့သည်။
စစ်သူကြီးဟူက ထိုစကားများကို သဘောတွေ့သွားခဲ့သည်။
အနာဂတ်တွင်လည်း လက်ထောက်စစ်သူကြီးအဖြစ် သူ လိုအပ်သည်များကို ကူညီပေးမှသာ စစ်သူကြီးဟူ စိုးရိမ်နေရမည့်အရာများ မရှိတော့မည်ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့သည်။
စစ်သူကြီးဟူ ထိုစကားများကိုကြားသည့်အခါ စကားလုံးဖြင့် မဖော်ပြနိုင်အောက် ကျေးဇူးတင်သွားခဲ့သည်။ ရှုကျုံးလျန်ကို ယုံကြည်ရသူအဖြစ် သဘောထားလိုက်ပြီး ညနက်သည်အထိ သူနှင့်ဝိုင်သောက်နေကာ အရာအားလုံးကို ပြောပြလိုက်သည်။
Xxxxxxx