အပိုင်း ၁၄၈
Viewers 15k

Chapter 148


စစ်သူကြီးရှုက ပွင့်လင်းပြီး အမှန်တရားကို မြတ်နိုးသည့် လူကောင်းဟု သူထင်လိုက်မိသည်။


လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း စစ်သူကြီးရှုက သူ့ကို ကိစ္စ‌တစ်ခု ပြောပြခဲ့သည်။ 


" ကျုပ် စစ်သူကြီးကို ဒီအကြောင်းပြောပြမှကောင်းမယ်ထင်လို့... စစ်သူကြီးသိတဲ့အတိုင်းပဲ အရှင်က ခေါင်းဆောင် စစ်သူကြီးအဖြစ်ခန့်လိုက်တယ်ဆိုတာ ခင်ဗျားကို ယုံကြည်လို့လေ... ကျုပ်လည်း အရင်က မင်းကြီးနဲ့ ရင်းနှီးခဲ့တာဆိုတော့ သူ့အကြောင်းသေချာသိတယ်... ခင်ဗျားရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ မင်းကြီးကို တစ်ခုခုပေးသင့်တယ်လို့ ကျုပ်တွေးမိတယ်..."


" တစ်ခုခု ပေးရမယ်တဲ့လား... အရှင်မင်းကြီးက တစ်လောကလုံးမှာ အချမ်းသာအကြွယ်ဝဆုံးလေ သူဘာများ လိုအပ်နေမှာမို့လဲ..."


စစ်သူကြီးဟူက ပဟေဠိဖြစ်သွားသည်။


ရှုကျုံးလျန်က ခပ်အုပ်အုပ်ရယ်လိုက်သည်။ 


" ခင်ဗျားရဲ့ ရိုးသားမှုကို အရှင်က လိုအပ်တာပေါ့... အရမ်းကြီး တန်ဖိုးကြီးစရာမလိုပါဘူး... ခင်ဗျားက ယွီမန်တံခါးက ပြန်ရောက်လာတာမလား...ချန်အန်းမှာ တွေ့ရခဲတဲ့ ဝိုင်တို့ ပစ္စည်းတစ်ခုခုတို့ ယူလာခဲ့သေးလား..."


" ကျုပ် ဝိုင်ကောင်းတွေတော့ ယူလာခဲ့သေးတယ်... ဒါပေမဲ့ ကျုပ်တို့က နယ်စပ်မှာနေရာဆိုတော့ သောက်တဲ့ဝိုင်တွေက ပြင်းတယ်... ချန်အန်းက ဝိုင်ကောင်းတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ..."


ရှုကျုံးလျန် ခေါင်းခါလိုက်သည်။


" ချန်အန်းက ဝိုင်ကောင်းတွေကို အရှင်က မသောက်ဖူးပဲ နေပါ့မလား... ဒါပေမဲ့ နယ်စပ်က ဝိုင်အရသာပြင်းပြင်းတွေကိုတော့ မခံစားဖူးဘူးလေ... စားသောက်ပွဲမှာ ဝိုင်တော့သောက်ကြမှာပဲလေ... အဲ့အချိန်ကျမှ အရှင်မင်းကြီးအတွက် ခင်ဗျားကိုယ်တိုင်ယူလာတဲ့ဝိုင်ကို ငှဲ့ပေးလိုက်ပေါ့... အပျော်လုပ်တာပဲလေ နှစ်ဖက်လုံးအတွက်လည်းကောင်းတယ်..."


စစ်သူကြီးဟူက ထိုစကားများကိုကြားသည့်အခါ စိတ်ထဲတွင် အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟု တွေးလိုက်မိသည်။ 


သူ ထပ်ခါတလဲလဲ ခေါင်းငြိမ့်ပြလိုက်သည်။


" ကျုပ်က လူကြမ်းကြီးဆိုတော့ အဲ့လိုကိစ္စတွေ တစ်ခါမှ မတွေးမိဖူးဘူး... စစ်သူကြီးရှု သတိပေးတာ ကျေးဇူးတင်ပါတယ်..."


ရှုကျုံးလျန် ရယ်လိုက်သည်။


" စစ်သူကြီး ကျုပ်ကို ယဉ်ကျေးနေစရာ မလိုပါဘူး...အခု ကျုပ်က စစ်သူကြီးရဲ့လက်အောက်ကဆိုတော့ နာမည်ကိုခေါ်ရင် ရပါတယ်..."


သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက အလွန်ရင်းနှီးလာပြီဟု စစ်သူကြီးဟူ ထင်ခဲ့မိသည်။


ထိုသို့ထင်ခဲ့သည်က ယနေ့ညစားသောက်ပွဲအထိသာဖြစ်သည်။

 

ဧကရာဇ်ရောက်မလာသေးသော်လည်း ချင်းမန်မှ စစ်သူကြီးများက စိတ်အားတက်ကြွစွာဖြင့် သူ့ကို တစ်ယောက်ပြီးတစ်ယောက် စကားလာပြောနေကြသည်။ စစ်သူကြီးဟူကလည်း သူတို့ကို အပြုံးဖြင့်တုံ့ပြန်ပြီး မိမိကိုယ်ကို ကျေနပ်အားရနေမိသည်။ 


အရှင်မင်းကြီးက သူ့ကိုယုံကြည်သည့်အပြင် လက်အောက်ငယ်သားများကလည်း သူ့ကို အလေးထားကြသည်။ စစ်သူကြီးတစ်ယောက်အနေဖြင့် ထိုထက်ပို၍ မည်သည့်အရာကိုမှ အလိုမရှိတော့ပေ။ 


အရှင်မင်းကြီး အမိန့်ပေးထားသည့်အတိုင်း စစ်တပ်ကြီးကို တာ့ယုံ၏‌မြစ်ချောင်းများတောင်များကို ဖြန်သန်းခေါ်ဆောင်သွားပေးပြီး ရာထူးတက်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေရုံဖြစ်သည်။ 


စစ်သူကြီးဟူမှာ သူ့အနာဂတ်က လင်းလက်တောက်ပနေပြီဟု ထင်နေသည်။ 


ထိုအချိန်တွင် ဧကရာဇ်မကြာမီ ကြွချီလာတော့မည်ဖြစ်ကြောင်း မိန်းမစိုးတစ်ယောက်က လာရောက်အကြောင်းကြားသည်။ 


အားလုံးက ချက်ချင်း ခါးမတ်မတ်ထိုင်ပြီး အသင့်ပြင်လိုက်ကြသည်။


ဘေးနားတွင်ထိုင်နေသော ရှုကျုံးလျန်က သူ့ကို အသာတို့လိုက်သည်။


" ယူလာခဲ့လား..."


သူ အသံတိုးတိုးဖြင့်မေးလိုက်သည်။


စစ်သူကြီးဟူကို ယူလာခိုင်းခဲ့သည့် ဝိုင်ပုလင်းကို ဆိုလိုခြင်းဖြစ်သည်။ 


ရှုကျုံးလျန်က သူ့ကိုစိတ်ပူသောကြောင့် မေးမြန်းသည်ဟုထင်၍ ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြလိုက်ပြီး သူယူလာသည့် ဝိုင်ကိုပြလိုက်သည်။


" ကျုပ် ဝိုင်တစ်အိုးလုံးယူလာခဲ့တယ်..."


ရှုကျုံးလျန်က သူ့ကိုပြုံးပြလိုက်ပြီး အဓိပ္ပါယ်ပါပါဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" အရှင်လာရင် ဆက်သလိုက်လေ..."


ဧကရာဇ်ချင်းဖျင် ရောက်ရှိလာသည်နှင့် စားသောက်ပွဲကြီးကို တရားဝင်စတင်တော့သည်။ 


ရှုကျုံးလျန်က ယခင်တည်းက ဤသို့သောဓလေ့ထုံးစံမျိုးနှင့် ရင်းနှီးနေ၍ စိတ်သက်သက်သာသာနေနိုင်သည်။ သူ့လက်အောက်မှစစ်သည်များကလည်း သူ့ဦးဆောင်သည့်အတိုင်း အလိုက်သင့်နေကြ၍ စားသောက်ပွဲကြီးက စည်ကားသိုက်မြိုက်နေသည်။


ဧကရာဇ်ချင်းဖျင်မှာ နဂိုမူလတည်းက ရှုကျုံးလျန်ကို တွေ့ချင်သူဖြစ်၍ ယာယီခန့်အပ်လိုက်သောစစ်သူကြီးကို အာရုံထဲမရှိပေ။  ထိုစစ်သူကြီးနှင့် စကားအနည်းငယ်ပြောပြီးသည်နှင့် သူ့အာရုံက ရှုကျုံးလျန်ဆီသို့ရောက်သွားသည်။


ရှုကျုံးလျန်မှာ လွန်ခဲ့သောလေးနှစ်လုံးလုံး ချင်းမန်တံခါးတွင် နေခဲ့ရသူဖြစ်သည်။ ချန်အန်းနှင့် နီးသော်လည်း တစ်ကြိမ်တစ်ခါမှ ပြန်မလာခဲ့ဖူးပေ။ သူက အဖေဖြစ်သူအမတ်ချုပ်ကြီးနှင့် သူ့ညီတို့နှင့် ဆက်ဆံရေးအဆင်မပြေသည်ကို ဧကရာဇ်က သိသည်။ ဤနှစ်အနည်းငယ်အတွင်း ချန်အန်းတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများက ရှုကျုံးလျန်နှင့် မသက်ဆိုင်ကြောင်းကိုလည်း သိသည်။ 


သို့ဖြစ်၍ ရှုကျုံးလျန်ကို ကြင်နာစွာဆက်ဆံသည်။ 


သို့ရာတွင် ရှုကျုံးလျန်က အဖေနှင့်ညီ နှစ်ယောက်စလုံးနှင့် သီးသန့် စာအ‌ပေးအယူလုပ်ထားခဲ့သည့် အကြောင်းကို သူ မသိပေ။ 


သူ၏ ဖခင်ရင်းက ရာထူးကြီးမားခဲ့သူမဟုတ်ပေ။ သူ့ဖခင်၏အရိပ်ကို ခိုဝင်မိပါကလည်း သူ့အဆင့်က အဆုံးတွင် သာမန်အထက်တန်းလွှာတစ်ယောက်ထက် ပိုလာမည်မဟုတ်ပေ။ သို့ဖြစ်၍ ငယ်ရွယ်စဉ်ကတည်းက ရှုရှန့် သူ့ကို မွေးစားခဲ့ပြီး ပညာကောင်းစွာ သင်ကြားပေးခဲ့၍ သူတို့အကြားမှ ဆက်ဆံရေးက အလွန်ရင်းနှီးမှုရှိသည်။ 


ငယ်ရွယ်စဉ်အချိန်ကတည်းက ရှုရှန့်က သူ့ဘဝအတွက် လမ်းကြောင်းတစ်ခု ရွေးချယ်ပေးခဲ့သည်။ စစ်ဘက်ရေးရာကိုကိုင်တွယ်ရသော စစ်သူကြီးများနှင့် ပြည်တွင်းရေးကိုကိုင်တွယ်ရသည့် အမတ်များက တစ်ဖက်နှင့်တစ်ဖက် သင့်မြတ်မှုမရှိကြပေ။ သို့ဖြစ်၍ ရှုကျုံးလျန်က သူ့အဖေနှင့်ညီအတွက် လုပ်ဇာတ်တစ်ခု ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ အပေါ်ယံတွင် သူတို့က အနေဝေးကြသော်လည်း အမှန်တွင် အလွန်ရင်းနှီးလှသည်။ 


ထိုအကြောင်းအရင်းများကြောင့် စစ်တပ်ထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ပြီး အရေအတွက်များပြားသောစစ်သည်များကို ဆယ်စုနှစ်တစ်ခုအထိ ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ 


သူ့လက်အောက်မှ စစ်သူကြီးများကလည်း သူတစ်ယောက်တည်း၏အမိန့်ကိုသာ နာခံကြသည်။  ယခုအခါတွင် ခေါင်းဆောင်စစ်သူကြီးပြောင်းလဲသွားသော်လည်း သူတို့ကို သူတစ်ယောက်တည်းသာ ချုပ်ကိုင်နိုင်သည်။

    

ယခင်က ဧကရာဇ်ချင်းဖျင်ကို မြှားထိမှန်ရာမှ ကာကွယ်ပေးခဲ့ခြင်းကလည်း သူ့အဖေ၏ ညွှန်ကြားချက်ကြောင့်ဖြစ်သည်။ 


ငယ်ရွယ်သောဧကရာဇ်၏နှလုံးသားက မရင့်ကျက်သေး၍ သူ၏လက်အောက်ငယ်သားက လက်ရွေးစင်များကိုခေါ်ဆောင်၍  ခြုံခိုတိုက်ခိုက်သူများကို တိုက်ခိုက်ကာ တာ့ခ်တို့ ရယူထားသည့် ကုန်းတွင်းပိုင်းဒေသကို ပြန်လည်ရယူပြီး သူ့ကိုကာကွယ်ပေးခဲ့သည်ကို စိတ်လှုပ်ရှားခဲ့ပုံရသည်။ ခြုံခိုတိုက်ခိုက်မည့်အဖွဲ့ကိုလည်း သူကိုယ်တိုင်စီစဉ်ထားခဲ့ပြီး အဝေးတွင် စောင့်ဆိုင်းနေကာ ဧကရာဇ်ချင်းဖျင် ကျဉ်းထဲကြပ်ထဲ ရောက်နေချိန်မှ ကယ်တင်ရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ 


မြှားကိုလည်း သူ့လက်အောက်ငယ်သားများက ပစ်လိုက်ခြင်းဖြစ်၍ အဓိက နေရာများကို မထိသွားခဲ့ပေ။


သူက ဧကရာဇ်ချင်းဖျင်အတွက် မြှာကို ကာပေးခဲ့ပြီး အပြင်းအထန်ဒဏ်ရာရကာ အောင်မြင်စွာဖြင့် ရက်ပေါင်းများစွာ အိပ်ရာပေါ်လဲနေခဲ့ရသည်။ သူ့လုပ်ရပ်ကို ဧကရာဇ်ချင်းဖျင်က စိတ်ထဲတွင် မှတ်သားထားခဲ့ပြီး ထိုအချိန်မှစ၍ ရှုမိသားစုတွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ 


သူနှင့် ရှုမိသားစုက အတူတကွ အကျိုးအမြတ်ရရှိပြီး အတူတကွ ထိခိုက်ခဲ့ခြင်းဖြစ်သည်။ ရှုမိသားစု အမြင့်သို့ရောက်လျှင် သူ့နေရာကလည်း ဒီရေနှင့်အတူ မြင့်တက်သွားမည်ဖြစ်သည်။ 


ယခုချိန်တွင် သူ၏ အယောင်ဆောင် သစ္စာရှိမှုနှင့် မျိုးချစ်စိတ်တို့ကြောင့် နေရာတစ်ခု ရခဲ့ပြန်ပြီဖြစ်သည်။ 


ဧကရာဇ်ချင်းဖျင်၏ ပြုမူပုံအရဆိုလျှင် သူ့အဖေနှင့်ညီက အပြစ်ပြုမိထားသော်လည်း သူ့အပေါ် လုံးဝ စိတ်မပူပုံရသည်။ 


ခဏအကြာတွင် လင်းဖူက မျက်ရိပ်မျက်ခြည်ပြလိုက်၍ အချိန်ကျလာပြီဖြစ်ကြောင်း ရှုကျုံးလျန် သိလိုက်သည်။ 


သူ့ဘေးနားမှ စစ်သူကြီးဟူကို တိတ်တဆိတ် အချက်ပြလိုက်သည်။ 


လက်ဆောင်ကို အချိန်ကောင်းတွင် မဆက်သပါက ဧကရာဇ်ကို မပျော်မရွှင်ဖြစ်အောင် ပြုလုပ်မိလိမ့်မည်ဟု စစ်သူကြီးဟူကို ပြောပြခဲ့သည်။


စစ်သူကြီးဟူက ရှေ့တန်းတွင် နေထိုင်ခဲ့ပြီး ကျိုးကြောင်းမဆင်ခြင်တတ်သူဖြစ်၍ ဘာတစ်ခုကိုမှ မသိပဲ သူ့ဦးနှောက်တွင်လည်း ကြွက်သားများဖြင့် ပြည့်နေသူဖြစ်သည်။ ရှုကျုံးလျန်အတွက်မူ သူက လိမ်ညာရန် လွယ်လွန်းနေသည်။ 


ထိုအချိန်က သူ့စကားကို စစ်သူကြီးဟူကြားသောအခါ ခေါင်းကိုထပ်ခါထပ်ခါငြိမ့်ပြီး မေးလာသည်။ 


" ဘယ်အချိန်မှာ ဆက်သရမယ့်အကြောင်း ကျုပ်ကို သင်ပေးပါဦး..."


ထိုအချိန်တွင် ရှုကျုံးလျန်က ပြုံးရုံသာပြုံးလိုက်သည်။ 


" အခုတော့ ပြောပြလို့ မရသေးဘူး... စားသောက်ပွဲအထိစောင့်လိုက်ပါဦး အချိန်တန်ရင်  ကျုပ်အချက်ပြမယ် အဲ့အချိန်ကျမှ ဝိုင်ကိုသွားဆက်သလိုက်ရင်ရော ဘယ်လိုလဲ..."


စစ်သူကြီးဟူက သူ့စကားကို ခေါင်းတွင်တွင်ငြိမ့်ပြီး လက်ခံသဘောတူလိုက်သည်။


သို့ဖြစ်၍ စစ်သူကြီးရှုကျုံးလျန်က သူ့ကိုလှမ်းထိလိုက်ချိန်တွင် အချိန်ကောင်းဖြစ်သည်ကို သတိပေးနေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။ 


လက်ရှ်ိအချိန်တွင် ဧကရာဇ်ချင်းဖျင်ကလည်း 

ဝိုင်မူးနေသောကြောင့် စိတ်ကြည်လင်နေချိန်ဖြစ်သည်။ စစ်သူကြီးဟူက ခဏအကြာတွင် ထလာပြီးပြောလိုက်သည်။ 


" အရှင်မင်းကြီး ကျွန်တော်မျိုး ဒီတစ်ကြိမ် ချန်အန်းကိုပြန်လာတော့ နယ်စပ်က လက်ဆောင်ယူလာခဲ့ပါတယ်... ကျွန်တော်မျိုးကို ရိုင်းပြတယ်မထင်ပါနဲ့..."


သူက ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်ပြီး  စကားပြောနေစဉ်အချိန်တွင်လည်း ခေါင်းကိုကုတ်နေ၍ ဧကရာဇ်ချင်းဖျင်၏ စိတ်လှုပ်ရှားမှုက မြင့်တက်လာသည်။ သူ့လက်တစ်ဖက်ကို ဒူးပေါ်တင်ပြီး မေးလိုက်သည်။


" အိုး... မောင်မင်း ဘာတွေများ ယူလာတာလဲ..."


စစ်သူကြီးဟူက ဦးညွှတ်လိုက်ပြီးနောက် ဝိုင်ကရားကို ထုတ်လိုက်သည်။ 


" ဒီဝိုင်က ယွီမန်စစ်တပ်မှာ ပြိုင်ဘက်ကင်းပါ... ကျွန်တော်မျိုး အခု ချန်အန်းကို ပြန်ရောက်လာတော့လည်း ထပ်မသောက်ရမှာစိုးလို့ ဝိုင်နည်းနည်းယူလာခဲ့ပါတယ်... ယွီမန်တံခါးက ဝိုင်ကောင်းကို မြည်းကြည့်ပါဦးအရှင်..."


ဧကရာဇ်ချင်းဖျင်က သူ့စကားကြောင့် ပိုစိတ်ဝင်စားလာသည်။ 


" အိုး... စစ်သူကြီးဟူက ဒီလောက်ညွှန်းနေမှတော့ ကိုယ်တော် ဒီနေ့ မြည်းစမ်းကြည့်ရတာပေါ့... ယွီမန်တံခါးကို ရှန်းယိဟုန်နဲ့  ရှန်းအိုက်ချင်းတို့ စောင့်ကြပ်နေခဲ့တာမလား... အဲ့ဘက်က လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လုံးလုံး ဘာပြဿနာမှ မဖြစ်ခဲ့ပဲ ကိုယ်တော့်အတွက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးခဲ့တယ်..."


ရှန်းယိဟုန်က ကျွင်းဟွိုင်လန်၏ဦးလေးဖြစ်သည်။

(T/N - ရှန်းမျိုးနွယ်မို့ အမေဘက်ကဦးလေးပါ... မိဖုရားရှုကတော့ အဖေဘက်ကညီမပါ )


ဧကရာဇ်က သူ၏ယခင်ကသခင်ကို ချီးကျူးနေသည့်အခါ စစ်သူကြီးဟူက ပို၍စိတ်လှုပ်ရှားမိလာသည်။ ရှုကျုံးလျန်က မင်းကြီးကို သူကိုယ်တိုင် ဝိုင်ငှဲ့ပေးရန် ပြောခဲ့သည်ကို သတိရသွားသည်။


သို့ဖြစ်၍ ဝိုင်ကို  ငှဲ့ပေးရန်ပြင်လိုက်သည်။ 

" အရှင်မင်းကြီး ကျွန်တော်မျိုးငှဲ့ပေးပါ့မယ်..."


ဧကရာဇ်ချင်းဖျင်က စစ်သူကြီးအားလုံးကို စုဝေး၍ တူတူသောက်ရန် ပြောမည့်အချိန်တွင် ထိုလူက လျင်မြန်စွာပြုမူလိုက်သည်။  လူထွားကြီး၏လက်ထဲမှ ဝိုင်ကရားကိုမြင်ကာ ခေါင်းကိုက်လာမိသည်။


လူရိုင်းလိုပဲ...


သူတစ်ဖက်လှည့်ပြီး လင်းဖူကို မျက်ရိပ်မျက်ခြည်ပြလိုက်သည်။


လင်းဖူက ချက်ချင်းသဘောပေါက်သွားသည်။


သူက ဧကရာဇ်ကို ခစားလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ အကြည့်တစ်ချက်တည်းဖြင့် ဧကရာဇ်က မည်သည့်အရာကို အလိုရှိကြောင်းသိသည်။


ဤကဲ့သို့ အလိုလိုသိမြင်ခြင်းဖြစ်လာစေရန် အချိန်များစွာလိုအပ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးအပေါ်တွင်လည်း မူတည်သည်။ ဧကရာဇ်အနားတွင် နှစ်ပေါင်းများစွာ နေလာခဲ့သည်ဖြစ်၍ သံယောဇဉ်မရှိဟုပြောရန် ခဲယဉ်းလွန်းနေသည်။ 


ဒါပေမဲ့လည်း သံယောဇဉ်တွေက ဘာအရေးကြီးမှာလဲ... ကိုယ့်အသက်က ပိုအရေးကြီးတာကို...


လင်းဖူ ဧကရာဇ်ချင်းဖျင်ကို ငြိမ်သက်စွာကြည့်နေပြီးနောက် ရွှေခွက်တစ်ခွက်ကိုကိုင်၍ စစ်သူကြီးဟူက ဝိုင်ငှဲ့ပေးမည်ကို စောင့်နေလိုက်သည်။ 


ဧကရာဇ်က စစ်တန်းလျားထဲမှ သူနှင့်ပခုံးချင်းယှဉ်နေရသော စစ်သားများမဟုတ်၍ သူကိုယ်တိုင် ဝိုင်ငှဲ့ပေး၍ မရနိုင်ပေ။  လင်းဖူရှေ့တိုးလာသည်ကိုမြင်သောအခါ ဝိုင်ကရားထဲမှဝိုင်များကို ခွက်ထဲငှဲ့ပေးလိုက်သည်။ 


သူ့အကြည့်များက စူးရှသောကြောင့် ခွက်၏အောက်ခြေမှ တစ်စုံတစ်ရာကို မြင်လိုက်သည်။


သို့ရာတွင် သူ့လှုပ်ရှားမှုများက မြန်ဆန်လွန်း၍ စိတ်ထဲတွင်သာ ရေရွတ်နေချိန်တွင် ဝိုင်ကို ခွက်ထဲထည့်ပြီးပြီဖြစ်သည်။


" မိန်းမစိုးကြီး ဒီခွက်ထဲမှာ..."

သူ အလျင်အမြန်ပြောလိုက်သည်။


လင်းဖူက ခွက်ကိုကိုင်ပြီး သူ့ကိုတည်ကြည်စွာကြည့်နေသည်။


" စစ်သူကြီး ဘာများဖြစ်လို့လဲ..."


စစ်သူကြီးဟူက အနီးကပ်ကြည့်‌နေသည်။


အကယ်၍ ဆေးမှုန့်က လျင်မြန်စွာပျော်ဝင်နိုင်စွမ်းရှိသော်လည်း ဝိုင်ကအေးစက်နေသည်ဖြစ်၍ အမှုန့်များကချက်ချင်းအရည်ပျော်သွားစရာအကြောင်းမရှိပေ။

 

ခွက်ထဲကို ကြည့်လိုက်ပြီးသည့်နောက် ကြည်လင်နေသည်ကိုသာ မြင်လိုက်ရသည်။


သူ့စိတ်ထဲ အမြင်မှားသည်ဟု ထင်လိုက်မိသည်။


နန်းတွင်းထဲက ဧကရာဇ်သောက်တဲ့ခွက်မှာ ဖုန်တွေကပ်နေတဲ့အထိတော့ ဂရုမစိုက်ပဲ မနေလောက်ပါဘူးလေ...


ထို့နောက် လက်ကာပြ၍ ဘာမှမဖြစ်ကြောင်း အချက်ပြလိုက်သည်။


လင်းဖူက သူ့ကိုပြုံးကြည့်လိုက်ပြီး ဝိုင်က်ိုယူ၍ ဧကရာဇ်အနားသို့ ပြန်သွားသည်။


" စစ်သူကြီးဟူ ဘာပြောလိုက်တာလဲ..."


ဧကရာဇ်က ဝိုင်ခွက်ကိုယူပြီးနောက် လေသံအေးအေးဖြင့်သာ မေးလိုက်သည်။


လင်းဖူက ပြုံး၍ ပြန်ဖြေလိုက်သည်။


" ဒီအစေခံလည်း သေချာတော့မသိပါဘူး... စစ်သူကြီးက ယွီမန်မှာပဲ အမြဲတမ်းနေခဲ့ရလို့ ရွှေခွက်က်ို မမြင်ဖူးတာဖြစ်ပါလိမ့်မယ်..."


ဤက ဟာသတစ်ခုသာဖြစ်သည်။ စစ်သူကြီးဟူကိုကြည့်လိုက်သော်လည်း သူက ခေါင်းကုတ်ပြီး ပြန်ပြောလိုက်သည်။


" မှန်ပါတယ်အရှင်... ဒီခွက်က အ‌ရမ်းတောက်ပလွန်းတော့ ကျွန်တော်မျိုးရဲ့မျက်လုံးက အမြင်ချို့ယွင်းသွားသလိုတောင် ဖြစ်သွားတယ်..."


စစ်သူကြီးအားလုံးသာမက ဧကရာဇ်ချင်းဖျင်လည်း ရယ်လိုက်သည်။


" တိုက်ပွဲမှာ အနိုင်ရခဲ့ရင် ကိုယ်တော်မင်းကို ရွှေခွက်တွေအစုံလိုက်ဆုချပါမယ် နောက်ဆိုရင် အဲဒါတွေနဲ့ ဝိုင်သောက်ပေါ့..."


ဧကရာဇ်က ပြောပြောဆိုဆိုနှင့် ခွက်ထဲမှဝိုင်ကို သောက်လိုက်သည်။


ဝိုင်က အလွန်ပြင်းလွန်းလှ၍ သူ့ခံတွင်းထဲ ပူဆင်းသွားသည်။ 


ဧကရာဇ်ချင်းဖျင်က ပျော်ရွှင်သွားပုံဖြင့် ပြောလိုက်သည်။


" ဒီဝိုင်က ချန်အန်းက ဝိုင်တွေနဲ့ တကယ်ကို မတူဘူးပဲ..."

သူက ပြောပြောဆိုဆိုနှင့် လင်းဖူကို ညွှန်ကြားလိုက်သည်။


" စစ်သူကြီးဟူရဲ့ ဝိုင်ကရားထဲက ဝိုင်ကို တခြားစစ်သူကြီးတွေကိုပါ ငှဲ့ပေးလိုက်... အားလုံး မြည်းကြည့်လို့ရတာပေါ့..."


လင်းဖူကလည်း အမိန့်အတိုင်း ဝိုင်ကရားကိုယူကာ တစ်ယောက်ချင်းစီကို ငှဲ့ပေးလိုက်သည်။ 


Xxxxxxx