အပိုင်း ၁၄၉
Viewers 15k

Chapter 149


ဝိုင်ထည့်နေသည်က မပြီးဆုံးသေး၍ မည်သူတစ်ဦးတစ်ယောက်ကမှ ခွက်မတိုက်သေးပဲ ဧကရာဇ်စကားပြောမည်ကို စောင့်ဆိုင်းနေကြသည်။ 


လင်းဖုက ဝိုင်ကရားကိုယူကာ စားပွဲတစ်လုံးချင်းစီကို ဝိုင်ဖြည့်ပေးနေခဲ့သည်။


နောက်ဆုံးတွင် လူနှစ်ယောက်သာ ကျန်တော့သည်။ 


ဝိုင်ကခွက်ထဲစီးဆင်းသွားသံနှင့်အတူ ဝိုင်ခွက်နှင့်ဝိုင်ကရားတို့ထိသွားသံကိုပါ ကြားနေရသည်။ ထိုအချိန်တွင် ခန်းမဆောင်တွင်း၌ အသံတစ်ခု ထွက်ပေါ်လာ၍ အားလုံး အုတ်အော်သောင်းနင်းဖြစ်လာသည်။ 


လင်းဖူ၏လက်က လှုပ်ရှားမှုများရပ်တန့်သွား၍ ဝိုင်ကရားထဲမှ ဝိုင်များ စားပွဲစီးကျကုန်သည်။


သူ လှည့်ကြည့်လိုက်ချိန်တွင် ထိပ်ဆုံးရှိ ပလ္လင်ပေါ်တွင်ထိုင်နေသော ဧကရာဇ်ချင်းဖျင်က ပလ္လင်ပေါ်မှ လဲကျသွားပြီး သတိလစ်နေသည်။


နန်းဆောင်ထဲမှလူအားလုံး အထိတ်တလန့်ဖြစ်ကုန်ပြီး အချို့က ဧကရာဇ်ကို သွားရောက်ကူညီပေးကြတာ အချို့က နန်းတွင်းသနားတော်သွားရောက်ပင့်ဆောင်ကြ၍ ဆူညံပွက်လောရိုက်ကုန်သည်။


ထိုနေရာမှ အစောင့်ရဲမက်များလည်း ဆူဆူညံညံဖြစ်ကုန်သည်။ သူတို့ထဲမှတစ်ယောက်က ချက်ချင်းသဘောပေါက်သွားပြီး ဓားထုတ်ကာ စစ်သူကြီးဟူကို ရွယ်လိုက်သည်။


" စစ်သူကြီးရဲ့ဝိုင်ထဲမှာ ဘာတွေထည့်ထားတာလဲ... ဝိုင်ကို‌သောက်ပြီးတာနဲ့ အရှင်မင်းကြီးက ဘာလို့လဲကျသွားရတာလဲ..."


အားလုံးက ချက်ချင်းပင် စစ်သူကြီးဟူကို လှမ်းကြည့်ကြသည်။


စစ်သူကြဟူမှာ လန့်သွားရသည်။

" ကျုပ်... ကျုပ်ဝိုင်ထဲ ဘာမှမထည့်ထားပါဘူး..."


သို့ရာတွင် အားလုံး၏မျက်ဝန်းထဲ၌ သံသယများဖြင့် ပြည့်သွားသည်။ 


စစ်သူကြီးဟူမှာ အကူအညီရှာမရတော့၍ ဘေးပတ်ပတ်လည်ကို ကပျာကရာဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်များက ရှုကျုံးလျန်အပေါ် ကျရောက်သွားသည်။ 


ထိုလူက သူ့ကို ဝိုင်ဆက်သရန် အကြံပေးခဲ့သူဖြစ်သည်။ ဝိုင်ကို အဘယ့်ကြောင့်ဆက်သရခြင်းနှင့် ဧကရာဇ်ကို အဆိပ်မခတ်ထားခြင်းကို သူ့အစားရှင်းပြနိုင်မည်ဟု ထင်ခဲ့မိသည်။

စစ်သူကြီးရှုကတော့ သူ့ဘက်က ရပ်တည်ပေးလောက်မှာပါ...


သို့ရာတွင် ရှုကျုံးလျန်က သူ့ကို ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်လာသည်။ 


" စစ်သူကြီးရှု..."


" ဒီအခန်းထဲက လူတွေအားလုံးက တခြားစားစရာတွေကို စားနေခဲ့ပေမယ့် အရှင်မင်းကြီးတစ်ယောက်ပဲ   စစ်သူကြီးရဲ့ ဝိုင်ကိုသောက်ခဲ့တာ... "


ရှုကျုံးလျန်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။


" ဒါပေမဲ့ ကျုပ်..."


ရှုကျုံးလျန်က သူ့စကားကို နားမထောင်တော့ပဲ လက်ကာပြ၍ အမိန့်ပေးလိုက်သည်။ 


" သူ့ကိုခေါ်သွားကြ... ဝိုင်ကရားကိုလည်း ယူသွားပြီးစစ်ဆေးကြည့်ကြ..."


" စစ်သူကြီးရှု..."


" နန်းတွင်းထဲမှာပဲ စစ်ဆေးမှုအဖြေထွက်လာတာ စောင့်ကြည့်နေလိုက်ပါ...စစ်သူကြီးဟူက တကယ်ကို အပြစ်ကင်းတယ်ဆိုရင်တော့ ပြစ်ဒဏ်စီရင်ရေးဌာနက ခင်ဗျားရဲ့ အပြစ်ကင်းမှုက ပြန်ရယူပေးမှာပါ..."


ရှုကျုံးလျန်က စစ်သူကြီးဟူကိုကြည့်၍ ပြောလိုက်သည်။


စစ်သူကြီးဟူက သူ့စကားကိုနားထောင်ပြီး ယုံကြည်သင့်သည်ဟု ခံစားလိုက်ရသည်။


သို့ရာတွင် သူ၏စိုးရိမ်ပူပန်မှုများက တဖြည်းဖြည်းတိုးလာသည်။


ရှုကျုံးလျန်၏အမူအရာက တည်ကြည်သော်လည်း ရှုပ်ထွေးနေပြီး တစ်စုံတစ်ရာကို ကြံစည်နေသကဲ့သို့ စူးရှ တောက်ပနေသည်။ 

    

သူက အစကနေအဆုံးထိ ဘာဖြစ်တော့မယ်ဆိုတာ သိနေခဲ့တဲ့ ပုံလိုမျိုးပဲ...

   

.........


အချိန်တစ်ခုအကြာတွင် နန်းတွင်း၌ သတင်းတစ်ခု ပျံ့နှံ့လာသည်။


စစ်သူကြီးဟူက ဝိုင်ထဲတွင် အဆိပ်ခတ်လိုက်သောကြောင့် ဧကရာဇ်က အချိန်ကြာမြင့်စွာ သတိမေ့သွားခဲ့သည်။ နန်းတွင်းသမားတော်များက အကောင်းဆုံးကြိုးစားကြသော်လည်း ဧကရာဇ်မိသွားသောအဆိပ်၏ အမျိုးအမည်ကို မသိရှိကြပေ။ 


သူက ဆန်းပြားသော ရောဂါတစ်မျိုးကို ရရှိသွားသကဲ့သို့ အလွန်ထူးဆန်းလှသည်။


အဆိပ်ခတ်ခံရသည်ဖြစ်စေ ထူးဆန်းသောရောဂါတစ်မျိုး ရရှိသွားသည်ဖြစ်စေ မျက်မြင်သက်သေအားလုံးက စစ်သူကြီးဟူ၏ဝိုင်ကြောင့်ဖြစ်သည်ဟု ပြောဆိုကြသည်။


သို့ဖြစ်၍ စစ်သူကြီးဟူမှာ နေရာတွင်ပင် ဖမ်းဆီးခံရပြီး အကျဉ်းချခံခဲ့ရတော့သည်။


သို့ရာတွင် သူ့ကိုယ်ပေါ်၌ အဆိပ်ကို ရှာမတွေ့သည့်အပြင် စစ်သူကြီးဟူက ခွင့်လွှတ်ပေးရန်လည်း မတောင်းဆိုသောကြောင့် စစ်ဆေးမေးမြန်းမှုက ခက်ခဲနေပြီး သူ့ကို အကျဉ်းခန်းထဲတွင်သာ ထည့်ထားရသည်။ 


သို့သော်လည်း အားလုံး၏အာရုံက စစ်သူကြီးဟူ အပေါ်တွင် မရှိပေ။


ယုံလဲ့ခန်းမဆောင်၏ အတွင်းဆောင်ထဲတွင် နန်းတွင်းသမားတော်များက ဝင်ထွက်လှုပ်ရှားနေကြပြီး အပြင်ဆောင်တွင်မူ မန်ချူးမင်းဆက်၏ ပြည်တွင်းရေးကိုကိုင်တွယ်ကြသော မှူးမတ်များနှင့် စစ်သူကြီးများ၊ စစ်သေနာပတိများအားလုံး ‌စောင့်ဆိုင်းနေကြသည်။ လိုက်ကာဖြင့် ကာဆီးထားသည့် ဘေးဘက်ခန်းမဆောင်ထဲတွင်မူ မိဖုရားများ၊ ကိုယ်လုပ်တော်များဖြင့် ပြည့်နေသည်။


အားလုံးက တိတ်ဆိတ်နေကြသော်လည်း စိတ်ထဲတွင်မူ မီးဖိုပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ဖြစ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် စောင့်ဆိုင်းနေကြသည်။ 


‌နန်းတွင်းသမားတော်နှစ်ယောက်က သူတို့ထံသို့ လာရောက်ကာ မင်းကြီး၏ သွေးခုန်နှုန်းက ထူးဆန်းနေကာ သူတို့ တစ်ခါမှ မမြင်ဖူးသည့် အခြေအနေမျိုးဖြစ်ကာ ရောဂါကိုလည်း စမ်းသပ်မရကြောင်း ပြောကြားခဲ့သည်။ 


ထိုသို့ဖြစ်လေ အခန်းတွင်းမှ လေထုအခြေအနေက ပို၍ လေးလံလာလေဖြစ်ပြီး အားလုံး၏ အမူအရာများက ထိတ်ထိတ်ပျာပျာဖြစ်လာသည်။ 


ဧကရီကျန်းက ဘေးခန်းမဆောင်၏ ထိပ်ဆုံးခုံတွင်ထိုင်ကာ လက်ဖြင့် သူမနဖူးကို ဖိနေသည်။ 


အားလုံး ကမောက်မပိုဖြစ်လေ သူမက ပိုတည်‌ငြိမ်အောင်နေရလေဖြစ်သည်။ နန်းတွင်းတွင် မယ်တော်ကြီးရာထူးက လစ်လပ်နေသည်ဖြစ်ရာ ယခုလက်ရှိအချိန်တွင် သူမတစ်ယောက်တည်းသာ အားလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းရမည်ဖြစ်သည်။


သို့သော်လည်း အားလုံးကဲ့သို့ပင် သူမသည်လည်း ဧကရာဇ်က အဘယ့်ကြောင့် ထိုသို့ဖြစ်သွားသည်ကို မသိသကဲ့သို့ အခြေအနေက မည်မျှလေးနက်ကြောင်းကိုလည်း မသိပေ။ ဧကရာဇ်က အရွယ်ကောင်းတွင် ရှိသေးပြီး ခန္ဓာကိုယ်ကလည်း ကျန်းကျန်းမာမာပင်ဖြစ်သည်။ နန်းတွင်းညီလာခံကိုလည်း စနစ်တကျဖွဲ့စည်းထားသည်ဖြစ်ပြီး နန်းမွေဆက်ခံမည့်လူကိုလည်း မရွေးရသေးပေ။ 


သို့ဖြစ်၍ ဧကရာဇ်ထံတွင် ရုတ်ချည်း မတော်တဆမှုတစ်ခု ဖြစ်လာသည့်အခါ အားလုံး ဘာလုပ်ရမည်မသိ ဖြစ်ကုန်သည်။


ဧကရီကျန်းက စိုးရိမ်မှုနှင့် ထိတ်ပျာမှုများကိုတောင့်ခံကာ တည်ငြိမ်သောအမူအရာဖြင့် ခုံတွင် ငြိမ်သက်စွာထိုင်နေသည်။ 


သူမရင်ထဲတွင်မူ ဧကရာဇ်ချင်းဖျင်အတွက် အဆက်မပြတ်ဆုတောင်းပေးနေသည်။ 


သူမနှင့် ဧကရာဇ်ချင်းဖျင်က ခပ်တန်းတန်းသာနေကြသော်လည်း ခင်ပွန်းနှင့် ဇနီးသည်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ဧကရာဇ်ချင်းဖျင် နိုးထလာပါက နန်းတွင်း၌ ဖရိုဖရဲဖြစ်နေသည်ကို မမြင်စေချင်ပေ။ သူမနှလုံးသား၏ အောက်ခြေမှ ဧကရာဇ်ချင်းဖျင်အပေါ် စိုးရိမ်ပူပန်နေပြီး သူတစ်ခုခုဖြစ်မည်ကိုလည်း မလိုလားပေ။ 


တတိယမြောက်နန်းတွင်းသမားတော်ရောက်လာပြီး မင်းကြီး၏ အခြေ‌အနေက မတိုးတက်လာသည့်အပြင် အဆိပ်၏ရင်းမြစ်ကိုလည်း မတွေ့ရကြောင်း လျှောက်တင်လာသည့်အခါ မိဖုရားများနှင့် ကိုယ်လုပ်တော်များက စိုးရိမ်တကြီးဖြစ်လာပြီး တီးတိုးပြောဆိုကုန်ကြသည်။


" အဲ့လူက ဘယ်လိုအဆိပ်မျိုးသုံးလိုက်လို့ ဒီလောက်ကြာတာတောင် ရောဂါရင်းမြစ်ကို ရှာမတွေ့ရသေးတာလဲ..."


" အဲ့လူက ဧကရာဇ်ရဲ့ ရာထူးတိုးမြှင့်ခံထားရလို့ မနက်ဖြန်ပဲ ထွက်ခွာရတော့မှာလား... ဒီလို အကူးအပြောင်းအချိန်ကြီးမှာမှ စိတ်ရှုပ်စရာကိစ္စကြကို လုပ်ရလား..."


" တကယ်ကို မှန်းဆမရနိုင်တာပဲ... ဧကရာဇ် တစ်ခုခုဖြစ်လို့မရဘူး..."


ဧကရီကျန်း ချောင်းဟန့်လိုက်သည်နှင့် အားလုံးငြိမ်ကျသွားသည်။ 


ဧကရီက နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကောင်းသူဖြစ်သော်လည်း ယခုအချိန်တွင် သူမတစ်ယောက်တည်းသာ စကားပြောခွင့်ရှိသူဖြစ်သည်။ ယခု ဧကရာဇ်၏ ကံကောင်းခြင်း၊ ကံဆိုးခြင်းက မှန်းဆ၍ မရနိုင်သောကြောင့် သူမဒေါသထွက်အောင် မည်သူမှ မပြုလုပ်ရဲကြပေ။


ဧကရီကျန်းက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူမအကြည့်က မိဖုရားရှု့အပေါ် ရောက်သွားသည်။ 

    

ယခုအချိန်တွင် မိဖုရားရှု့၏မျက်နှာက ပင်ပန်းနွမ်းနယ်နေပုံပေါ်ကာ စကားတစ်ခွန်းမှ ဝင်မပြောပဲ တခြားလူများကိုသာ စိုက်ကြည့်နေသည်။     


မိဖုရားရှု့၏စိတ်က  ကလေးတစ်ယောက်တစ်ယောက်ထက်မပိုသည်ကို ဧကရီကျန်းသိသည်။ ထို့အပြင် ဧကရာဇ်က သူမအပေါ် အမြဲတစေ ကောင်းမွန်စွာဆက်ဆံပြီး နှစ်ပေါင်းများစွာ အလိုလိုက်ထားခဲ့သည်။ ဧကရာဇ်ထံတွင် ယခုကဲ့သို့ ကိစ္စကြီးဖြစ်လာသည့်အခါ သူမ စိတ်မသက်မသာဖြစ်သည်မှာ သဘာဝကျလှပေသည်။


" မိဖုရားရှု့ နေထိုင်မကောင်းရင် ကိုယ့်ကိုကိုယ် အတင်းတွန်းအားမပေးပါနဲ့... မင်းရဲ့ဝမ်းထဲက မင်းကြီးရဲ့သွေးသားက အရေးကြီးတယ်..."


ဧကရီကျန်းက ပြောလိုက်သည်။ 


မိဖုရားရှု့က သူမကို ကြည့်လာသည်။


" ရပါတယ်ဧကရီအရှင်မ... ကျွန်တော်မျိုးမ သည်းခံနိုင်ပါတယ်..."


သူမက ခေါင်းမာသူဖြစ်ကြောင်းကိုသိ၍ ဧကရီကျန်းက ထပ်မံ မဖျောင်းဖျတော့ပေ။ 


" တော်ဝင်စားဖိုဆောင်ကိုသွားပြီး မိဖုရားရှု့အတွက် စွပ်ပြုတ်နွေးနွေးလေး ယူလာခဲ့..."


ဧကရီကျန်းက သူမအနားမှာ နန်းတွင်းသူကိုကြည့်ကာ အမိန့်ပေးလိုက်သည်။ 


နန်းတွင်သူက အမိန့်ကိုနာခံပြီး နောက်ပြန်ဆုတ်သွားသည်။   


ခန်းမဆောင်တစ်ခုလုံး ထပ်မံငြိမ်ကျသွားပြန်သည်။ 


ဧကရီကျန်း၏အကြည့်များက ပင်မခန်းမဆောင်နှင့် ဘေးဘက်ခန်းမဆောင်အကြားမှ စင်္ကြန်လမ်းပေါ် ကျရောက်သွားသည်။


ရွှေရောက်နှင့် ကျောက်စိမ်းတိုင်လုံးများအကျော် လိုက်ကာတစ်ဖက်တွင် မန်ချူးမင်းဆက်၏ ပြည်တွင်းရေးနှင့် စစ်ရေးအရာရှိများ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ 


လိုက်ကာအောက်မှတစ်ဆင့် ညီလာခံဝတ်ရုံများနှင့် ပိုးဖဲဖိနပ်များ လမ်းလျှောက်နေသည်ကို ရိုးတိုးရိပ်တိတ် လှမ်းမြင်နေရသည်။


ထိုအချိန်တွင် လိုက်ကာကို မ'လိုက်သည်။ 


မိန်းမစိုးလေးတစ်ယောက်က ဘေးဘက်ခန်းမဆောင်ရှိရာသို့ ခပ်သုတ်သုတ်လျှောက်လာခြင်းဖြစ်သည်။ 


ကိုယ်လုပ်တော်နှင့် မိဖုရားများ စောင့်ကြည့်နေစဉ်မှာပင် ထိုမိန်းမစိုးလေးက သူတို့အားလုံးကိုကျော်သွားပြီး  ဧကရီ၏ရှေ့တွင် ဒူးထောက်လိုက်သည်။


" ဘာများဖြစ်လို့လဲ..."


ဧကရီက သူ့ကို ငုံ့ကြည့်ပြီး မေးလိုက်သည်။


" ကျွန်တော်မျိုး ဧကရီအရှင်မကို သတင်းစကားလာပါးတာပါ..."


ဧကရီကျန်းက သူ့ကိုမတ်တပ်ရပ်ရန် ခြေဟန်လက်ဟန် ပြလိုက်သည်။


သူ့စကားကြောင့် ခန်းမဆောင်ထဲမှ ကိုယ်လုပ်တော်နှင့် မိဖုရားများအားလုံး အသက်ရှုအောင့်ပြီး မိန်းမစိုးလေးကို အာရုံစိုက်လိုက်ကြသည်။


သို့ရာတွင် မိန်းမစိုးလေးက ဧကရီ၏အနားကပ်၍ တီးတိုးပြောပြီးနောက် နောက်ပြန်ဆုတ်နေသည်။


ဧကရီကျန်းမှလွဲ၍ ခန်းမဆောင်ထဲမှ လူအားလုံးမှာ သူပြောသွားသည်ကို မကြားလိုက်ရပေ။ 


သို့သော် ဧကရီကျန်း၏မျက်နှာက ဖြူဆုတ်သွားသည်ကို အားလုံးမြင်လိုက်ရသည်။


သူမ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ မိန်းမစိုးလေးကို ခေါင်းငြိမ့်ပြလိုက်သည်။


" ငါသိပြီလို့ ပြန်ပြောလိုက်ပါ..."


မိန်းမစိုးလေး ပြန်လည်ထွက်ခွာသွားသည်။

    

ကိုယ်လုပ်တော်အားလုံးက သူမ အမူအရာကိုသာ ကြည့်နေကြသည်။ ဧကရီက တောင့်တင်းနေသည့်အမူအရာဖြင့် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။


မိန်းမစိုးလေးပြောသွားသည့်စကားများက သူမနားထဲ ပဲ့တင်ထပ်နေသည်။


" အရှင်မင်းကြီးက မနိုးလာနိုင်တာလည်းဖြစ်လို့ စိတ်ကိုပြင်ဆင်ထားသင့်တယ်လို့ အမတ်ချုပ်ကြီးကျန်းက ပြောလိုက်ပါတယ်..."


လူအုပ်ကြီးက သူမကို စောင့်ကြည့်နေဆဲဖြစ်သည်။ 


ည၏ဒုတိယပိုင်းအချိန်တွင် ကောင်းကင်ကြီးက အနည်းငယ် အရောင်ဖျော့လာပြီး ကြယ်များကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ 


အတွင်းဆောင်ထဲမှ ဆူညံသံကြားလိုက်ရပြီး နန်းတွင်းသမားတော်များ တစ်ယောက်ပြီးတစ်ယောက် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။


ဧကရီကျန်း မျက်မှောင်ကြုတ်လိုက်သည်။


" ငါ တစ်ချက်သွားကြည့်မယ် ကူညီစမ်းပါဦး..."


သူမလက်မြှောက်လိုက်သည့်အခါ ဘေးနားမှ နန်းတွင်းသူလေးက လက်ကိုအမြန်တွဲလိုက်သည်။

  

 အနားမှ ကိုယ်လုပ်တော်များက သူမထွက်သွားရာဘက်ကို ကြည့်လိုက်သည့်အခါ လိုက်ကာကို မ'ထားသည်ကို တွေ့လိုက်ရသည်။ အပြင်ဆောင်မှ အမတ်များက အုတ်အော်သောင်းနင်းဖြစ်နေကြပြီး အတွင်းဆောင်ထဲ တစ်ယောက်ပြီးတစ်ယောက် ဝင်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ 


" ဘာတွေဖြစ်နေတာလဲ..."


ဧကရီကျန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။


လူအုပ်ထဲမှ မိန်းမစိုးလေးတစ်ယောက်က  တုန်တုန်ယင်ယင်ဖြင့် ဧကရီ၏ရှေ့တွင် ဒူးထောက်လိုက်သည်။


" အရှင်မင်းကြီး..."


မိန်းမစိုးလေးက ကြမ်းပြင်နှင့်ခေါင်းကို ထိကပ်ထားပြီး ဒူးထောက်နေသည်။


ဧကရီကျန်း အလွန်ကြောက်လန့်သွား၍ မျက်နှာက ဖြူရော်သွားကာ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသောကြောင့် အနားမှ နန်းတွင်းသူက တွဲထားလိုက်ရသည်။ 


" အရှင်မင်းကြီး ဘာဖြစ်လို့လဲ..."

သူမ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။


" နန်းတွင်းသမားတော်ပြောတာတော့ အရှင်မင်းကြီးရဲ့ သွေးပြန်ကြောတွေက ပိတ်ဆို့သွားပြီး ခြေတွေလက်တွေ တောင့်တင်းကုန်ပါတယ်တဲ့... အရှင့်ရဲ့အသက်ကို ကယ်တင်လိုက်နိုင်တယ်ဆိုပေမယ့် နိုးလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်၊ စကားမပြောနိုင်ဖြစ်ပြီး ဆေးနဲ့ အသက်ဆက်နေရမှာကို စိုးရိမ်မိပါတယ်ဆိုပြီးပြောပါတယ် အရှင်မ..."


ဧကရီကျန်း၏ခြေထောက်များ ပျော့ခွေသွား၍ မြေပြင်ပေါ် လဲကျမတတ်ဖြစ်သွားရသည်။


သူမဘေးနားမှ အပျိုတော်နှစ်ယောက်က အမြန်တွဲပေးလိုက်ရသည်။


ဧကရီကျန်းက မိန်းမစိုးလေးကို စေ့စေ့ကြည့်လိုက်သည်။


" ဒါဆိုရင် အရှင်မင်းကြီး ဘယ်တော့မှ ပြန်သက်သာလာမှာလဲ..."


သူမ တုန်‌‌တုန်ယင်ယင်နှင့် မေးလိုက်သည်။


မိန်းမစိုးလေးက ခေါင်းငုံ့၍ ဒူးထောက်နေပြီး ပြန်မဖြေပေ။ 


ဧကရီကျန်း သဘောပေါက်သွားသည်။


ဒီတစ်ကြိမ်တော့ ဧကရာဇ်ချင်းဖျင် ပြန်ကောင်းလာဖို့ မသေချာတော့ဘူးထင်တယ်...


 ——


မနက် အာရုဏ်တက်ချိန်သို့ ရောက်လုပြီဖြစ်သည်။


တိုင်းပြည်တစ်ခုက အုပ်ချုပ်သူတစ်ယောက်မရှိပဲ တစ်ရက်မှ နေနိုင်မည်မဟုတ်ပေ။ ညီလာခံထဲမှ အရေးကြီးကိစ္စများကို ဧကရာဇ်ချင်းဖျင်၏ အဖြစ်အပျက်ကြောင့် ရွှေ့ဆိုင်းထား၍ မရနိုင်ပေ။ များပြားလှသော လျှောက်တင်လွှာများကို တစ်ယောက်ယောက်က ကိုင်တွယ်ပေးရန် လိုအပ်သည်။ 


ထို့အပြင် ဤတစ်ကြိမ်တွင် ဧကရာဇ်ချင်းဖျင်က ပြန်ကောင်းလာနိုင်မည့် မျှော်လင့်ချက်လည်းမရှိပေ။ 


သို့ရာတွင် သူက အသက်ရှင်နေဆဲဖြစ်၍ အခြားမင်းသားတစ်ပါးကို ဧကရာဇ်တင်မြှောက်ရန်လည်း မဖြစ်နိုင်ပေ။ သို့သော်လည်း သူ့ကိုယ်စား တိုင်းရေးပြည်ရေးကို စီမံပေးရမည့် မင်းသားတစ်ပါး မဖြစ်မနေလိုအပ်နေသည်။ 


သို့ဖြစ်၍ ယခုအချိန်မှစ၍ ထိုမင်းသားမှာ နာမည်ဂုဏ်ပုဒ်သာမရှိသော်လည်း ဘုရင်တစ်ပါးနှင့်မခြား အာဏာရှိသွားမည်ဖြစ်သည်။ ဧကရာဇ်ချင်းဖျင်၏ လက်ရှိအခြေအနေအရဆိုလျှင်လည်း ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်ပေ။ ထိုအချိန်တွင် တိုင်းရေးပြည်ရေးကို ကိုယ်စားစီမံပေးရသောမင်းသားက နောက်တက်လာမည့်ဘုရင်ဖြစ်သွားမည်မှာ သဘာဝပင်။ 


နန်းတွင်းသမားတော်က ဖြစ်ကြောင်းကုန်စင်ကို လာရောက်ပြောပြပြီးချိန်တွင် အမတ်အားလုံးက ‌အပြင်ဆောင်တွင် စုဝေးနေကြသည်။ မည်သူမှ မထွက်သွားကြသကဲ့သို့ မည်သူမှလည်း စကားမပြောကြပေ။


ရလဒ်ကို စောင့်ကြည့်နေရမည်ကို သူတို့သိကြပေသည်။


Xxxxxxxx