အပိုင်း ၁၅၀
Viewers 15k

Chapter 150

 


အချိန်အတန်ကြာသောအခါ နန်းတွင်းသူနှစ်ယောက်က တွဲပေးထားသည့် ဧကရီကျန်းက အပြင်ထွက်လာသည်။ 


အမတ်အားလုံးက မတ်တပ်ရပ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူမကို ဂါရဝပြုလိုက်ကြသည်။ ထို့နောက် အားလုံးက ခန်းမဆောင်ထဲမှ ဇာမဏီပလ္လင်တွင် သူမ ထိုင်ပြီးသည်အထိ စောင့်ဆိုင်းနေသည်။


" ဧကရီအရှင်မ..."


အခြားအမတ်များ တိတ်ဆိတ်နေချိန်တွင် ရှုရှန့်က ရှေ့သို့ထွက်လာပြီး ဧကရီကျန်းကို ဦးညွှတ် ဂါရဝပြုလိုက်သည်။ 


" အရှင်မင်းကြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့လိုက်ရလို့ အမတ်ကြီးတွေအားလုံး ဝမ်းနည်းပက်လက်ဖြစ်နေရပါတယ်... ဒါပေမဲ့ ဝမ်းနည်းနေရုံနဲ့ တိုင်းရေးပြည်ရေးတွေကို မေ့ထားလို့ မရပါဘူး..  တကယ်လို့ ‌ဒီကိစ္စကြောင့် တာ့ယုံမှာ ကမောက်ကမဖြစ်လာခဲ့ရင် အရှင်မင်းကြီး နိုးလာတဲ့အချိန် ကျွန်တော်တို့အားလုံး ဝမ်းနည်းနေရပါလိမ့်မယ်..."


ဧကရီကျန်း၏မျက်လုံးများက နီရဲနေသည်။ 


" ရှုရှန့်ပြောတာ မှန်ပါတယ်..."


သူမလေသံက အသက်မပါသကဲ့သို့ဖြစ်နေသည်။ 


" အဲဒါကြောင့်မို့ အရွယ်ကောင်းရောက်နေတဲ့ မင်းသားတစ်ပါးကိုရွေးချယ်ပြီး အိမ်ရှေ့စံမင်းသားအဖြစ် ယာယီခန့်ထားလိုက်ပြီးတော့ အရှင်မင်းကြီးကိုယ်စား တိုင်းရေးပြည်ရေးတွေ စီမံခွင့်ပေးခိုင်းဖို့ ဧကရီ့ကို တောင်းဆိုတာပါ..."


ရှုရှန့်က ဦးညွတ်လိုက်သည်။


ဧကရီကျန်းက သူ့ကိုလှမ်းကြည့်လိုက်သည်။


" ကျွန်မလည်း အဲ့လိုစဉ်းစားထားပါတယ်... တခြားအမတ်ကြီးတွေရော ဘယ်လိုထင်မြင်ကြသလဲ သိချင်ပါသေးတယ်..."


ရှုရှန့်တစ်ယောက်တည်း၏အမြင်ကို မေး၍ မရကြောင်းကို သူမသိသည်။ 


ရှုရှန့်၏စိတ်ထဲမှ အတွေးများကို သူမက အားလုံးထက် ပိုသိသည်။ သို့ရာတွင် ညီလာခံထဲတွင် ရှုမိသားစုများသာ ရှိသည်မဟုတ်ပေ။ ရှုမိသားစု၏ အသက်သွေးကြောက ပြင်းထန်စွာထိခိုက်ထားသည်ဖြစ်၍ သူ့ကိုယှဉ်ပြီး ပြောဆိုနိုင်မည့်လူက သူမဖခင်တစ်ယောက်တည်းသာရှိသည်ကို သိသည်။


သို့ရာတွင် သူမဖခင်ကလည်း ဤကဲ့သို့သောကိစ္စမျိုးတွင် သူ၏တစ်ကိုယ်ကောင်းဆန်မှုကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ ဟွမ်အာက ဘုရင်တစ်ပါးဖြစ်လာရန် အရည်အချင်းမရှိ၍ သူမ ဖခင်က ထိုနေရာသို့ရောက်ရန် တွန်းပို့မည်မဟုတ်ပေ။ 


သူမ ထင်ထားသည့်အတိုင်း အမတ်ချုပ်ကျန်းက ရှေ့ထွက်လာသည်။


" ကွမ်းလင်ဘုရင်ခံကို ချန်အန်းကို အရေးတကြီးပြန်ဆင့်ခေါ်ဖို့ ကျွန်တော်မျိုး အဆိုပြုပါတယ်အရှင်မ..."


ထိုနေရာမှ အမတ်အားလုံး အံ့အားသင့်သွားခြင်းမရှိပေ။ 


ဒီတစ်နှစ်ကျော်ကာလအတွင်းတွင် ကြံ့ခိုင်ဖျတ်လတ်မှုရှိပြီး ရည်ရွယ်ချက်ခိုင်မာသည့် ကွမ်းလင်ဘုရင်ခံကို ဧကရာဇ်ချင်းဖျင်က မည်မျှမျက်နှာသာပေးကြသည်ကို အားလုံးသိရှိပြီးဖြစ်သည်။ ယခုချိန်တွင် ဧကရာဇ်ချင်းဖျင် သတိရနေပါကလည်း ကွမ်းလင်ဘုရင်ခံက ကျိန်းသေပေါက် အာဏာလွှဲပြောင်ယူရမည်ဖြစ်သည်။


အချိန်အတန်ကြာသည်အထိ မည်သူမှ ပြန်လည်မချေပနိုင်ကြပေ။ 


၎င်းက ဧကရီကျန်း အလိုရှိသောအရာဖြစ်သည်။ 


" ဒီလိုဆိုရင်လည်း ..."

သူမ ပြောလိုက်သည်။


" ဧကရီအရှင်မ ဒီအမတ်ချုပ်အိုကြီးပြောတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါဦး..."


ရှုရှန့်က ပြောလာသည်။


" ကွမ်းလင်ဘုရင်ခံက အခုချိန်မှာ ယန်ဇီမြစ်တောင်ပိုင်းကို ရောက်နေတာပါ... ကျန်းနန်ဒေသက မြစ်ရေထိန်းသိမ်းမှုအတွက် ဧကရာဇ်က ဘုရင်ခံကို အာဏာအပြည့်ပေးထားတာပါ ... ပြီးတော့ အခုချိန်မှာ ယွင်နန်ဘုရင်ကလည်း ပုန်ကန်ဖို့အစပျိုးနေလို့ ကွမ်းလင်ဘုရင်ခံက တောင်ပိုင်းကိုသွားပြီး အောင်ပွဲယူပေးရဦးမှာပါ... အရှင်မင်းကြီးက အခုချိန်မှာ သတိမေ့နေပေမယ့် ဒီကိစ္စကြောင့်နဲ့ အရှင်မင်းကြီးရဲ့ဆန္ဒကို မနာခံပဲ မနေနိုင်ပါဘူး..."


သူ ဒူးထောက်ထိုင်ချလိုက်သည်။


အမတ်ချုပ်ရှုက ကောက်ကျစ်နေသည်ကို ဧကရီကျန်းသိသည်။


ရွှယ်ယန်ကို ကျန်းနန်ဒေသတွင်နေခိုင်းပြီး ပုန်ကန်မှုကို ‌ ဦးဆောင်ဖြေရှင်းခိုင်းသည်မှာ ဧကရာဇ်၏အမိန့်တော်ဖြစ်သည်။ သို့ရာတွင် ယခုလက်ရှိအချိန်တွင် ဧကရာဇ်က သတိမေ့နေ၍ ထိုအမိန့်အတိုင်း ဆက်လက်ဆောင်ရွက်၍ မရတော့ပေ။


သူ သတိမမေ့မီက ချမှတ်ခဲ့သောအမိန့်ကို အကြောင်းပြုပြီး ရွှယ်ယန့်ကို တောင်ပိုင်းတွင်သာထားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 


ယန်ဇီမြစ်တောင်ပိုင်းတွင် ရေထိန်းချုပ်မှုပြုလုပ်ရန်နှင့် ယွင်နန်ဘုရင်ကို နှိမ်နင်းရန်က တစ်နှစ်ကျော်နီးပါးကြာမြင့်မည်ဖြစ်သည်။ သို့ဖြစ်၍ ညီလာခံမှ အရေးကိစ္စများကို ထိုအချိန်ထိ နှောင့်နှေးစေ၍ မရပေ။ အကယ်၍ ဧကရာဇ်ချင်းဖျင်၏အမိန့်ကို ထပ်မံဖြည့်ဆည်းပေးမည်ဆိုပါက ရွှယ်ယန့်ကို ဤကိစ္စများမှ ဖယ်ထုတ်ထားရမည်ဖြစ်သည်။


ဧကရီကျန်းက ဒေါသထွက်လာမိ၍ သူ့ကိုမေးလိုက်သည်။


" ဒါဆိုရင် ရှုရှန့်ရဲ့အမြင်မှာ ဘယ်သူကပိုပြီးသင့်တော်လဲ... အမတ်ကြီးနဲ့ သွေးသားတော်စပ်တဲ့ မင်းသား၄လား..."


သူမက ရှုရှန့်ကို အရှိုက်ထိအောင်ပြောလိုက်ခြင်းဖြစ်သည်။


သို့ရာတွင် ရှုရှန့်၏သရော်သံကို သူမကြားလိုက်ရသည်။


" သွေးသားတော်စပ်တယ်တဲ့လား... ကိုယ်လုပ်တော်ယီကျဲယွီကလည်း သေသွားခဲ့ပါပြီ... သူ မသေခင်တည်းက ဒီအမတ်ကြီးနဲ့ သားအဖဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပါပြီ... မင်းသား‌၄မှာ မွေးမိခင်ဆိုတာ မရှိတော့လို့ မင်းကြီးနဲ့ အနီးစပ်ဆုံး ဆွေမျိုးတော်စပ်သူလို့ပဲ ပြောလို့ရပါတယ်... မင်းသား၄က ဒီအမတ်ကြီးနဲ့ ဘယ်လိုများ သွေးသားတော်စပ်တာ ဖြစ်ရမှာလဲ အရှင်မ..."


စကားဆုံးသည်နှင့် သူက အမတ်များဘက်သို့လှည့်ပြီး ပြောလိုက်သည်။


" ကွမ်းလင်ဘုရင်ခံက ချန်အန်းမှာ ရှိမနေပါဘူး... မင်းသား၂ကလည်း ညီလာခံမှာ အမှုတော်အထမ်းရသေးတဲ့အပြင် တခြား အရှင့်သားတွေကလည်း ငယ်ရွယ်လွန်းပါသေးတယ်... မင်းသား၄တစ်ယောက်တည်းကသာ တိုင်းရေးပြည်ရေးတွေကို တာဝန်ယူဖို့ အသင့်တော်ဆုံးပါပဲ..."


အမတ်များအားလုံး အံ့အားသင့်ကုန်ကြသည်။ ထို့နောက်တွင် ရှုမိသားစုဘက်မှ အမတ်ငယ်အချို့က ရှေ့ထွက်လာပြီး ဒူးထောက်လိုက်ကြသည်။ 


" ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်အရှင်မ..."


ရှုမိသားစုဘက်မှ အမတ်များသာမက အခြေအနေကို ရိပ်စားမိသည့် အမတ်အချို့ကလည်း ဒူးထောက်လိုက်ပြီး ရှုရှန့်၏တောင်းဆိုချက်ကို လိုက်လျောကြ၍ ခန်းမဆောင်၏ တစ်ဝက်နီးပါးရှိသောအမတ်များက ဒူးထောက်ကုန်ကြသည်။ 


ရှုရှန့်က သူ့မျက်ဝန်းထဲမှ ဝံ့ကြွားမှုများကို ဖုံးကွယ်ထပြီး ဧကရီကျန်းကိုလှည့်ကြည့်လ်ိုက်သည်။


" မောင်မင်းတို့တွေ..."


ဧကရီကျန်းမှာ ချောက်ကမ်းပါးသို့ တွန်းပို့ခံလိုက်ရသည်ကို သဘောပေါက်လိုက်သည်။


တစ်ဖက်ခြမ်းရှိ ကျန်းမိသားစုဘက်မှ အမတ်များကလည်း ချက်ချင်းထရပ်လာကြသည်။ 


" ကွမ်းလင်ဘုရင်ခံနဲ့ မင်းသား၁က  ချန်အန်းမှာ မရှိနေသရွေ့ ကျွန်တော်မျိုးတို့မှာ သခင်မရှိပါဘူး... ‌ဒီကိစ္စက အရမ်းအရေးကြီးတာမို့ ရပ်ဝေးကိုရောက်နေတဲ့ မင်းသားတွေကို ချန်အန်းကို ပြန်လည်ဆင့်ခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးဖို့ တောင်းဆိုပါတယ် ဧကရီ..."


ထိုအချိန်တွင် တံခါးဝ၌ လူတစ်ယောက် ထွက်ပေါ်လာသည်။


အားလုံးလှည့်ကြည့်လိုက်သောအခါ ထိုနေရာတွင် ရှုကျုံးလျန် ရပ်နေသည်ကိုမြင်လိုက်ကြရသည်။


သူ့အနောက်တွင်မူ နန်းတွင်းထဲသို့ ယမန်နေ့ညမှ ဝင်ရောက်ခဲ့သည့် စစ်သူကြီးအားလုံး ပါလာသည်။ သူတို့အားလုံးက ပြစ်ဒဏ်စီရင်ရေးဌာနမှ ပြန်လာခဲ့ကြခြင်းဖြစ်သည်။ 


ချက်ချင်းပင် ထိုစစ်သူကြီးများက ကျယ်ဝန်းလှသော  ခန်းမဆောင်တံခါးကို တင်းတင်းပိတ်လိုက်ကြသည်။


မည်သူမှ စကားမပြောရဲတော့ပေ။


" အမတ်ချုပ်ကြီးတို့က အရှင်မင်းကြီးရဲ့ စိတ်ဆန္ဒကို ဖီဆန်ဖို့ ပြင်ဆင်ထားပြီးကြပြီလား..."


ရှုကျုံးလျန်က တစ်လုံးချင်း မေးလိုက်သည်။


" ကျုပ်တို့က..."


" ဘယ်သူပဲဖြစ်ဖြစ် မင်းကြီးအမိန့်တော်ကို မနာခံဖို့ ကျုပ် ခွင့်မပြုနိုင်ဘူး...."


ရှုကျုံးလျန်က သူ့ကိုဖြတ်ပြောလိုက်သည်။

 

 " ကွမ်းလင်ဘုရင်ခံက အမိန့်တော်ကို လက်ခံပြီးပြီဆိုမှတော့ ‌ဖီဆန်လို့ မရတော့ပါဘူး... ချင်မန်တံခါးက စစ်သည်တစ်သိန်းရော စစ်သူကြီးတွေရော အားလုံးက မင်းကြရဲ့အမိန့်တော်ကို ကာကွယ်ကြမှာပါ... အခု ‌ဒီစစ်သားတွေအားလုံး ချန်အန်းမြို့ကို ဝိုင်းထားလိုက်ပြီဆိုတော့ ဘယ်သူကမှ မင်းအမိန့်တော်ကို ဖီဆန်ခွင့်မရတော့ဘူး..."


သူတို့က နန်းတွင်းမှလူများကို အတိအလင်းပင် ဖိအားပေးနေခြင်းဖြစ်ကြောင်းကို ဧကရီကျန်းသိသည်။ 


သို့သော်လည်း သူတို့၏အကြောင်းပြချက်က ခိုင်မာမှုအရှိဆုံးဖြစ်နေသည်။ 


ယခုလက်ရှိအချိန်တွင် ဧကရာဇ်က အမိန့်တော်တစ်ခုမှ မချမှတ်နိုင်တော့ပေ။ သို့ဖြစ်၍ ဤမတိုင်မီ သူပြုလုပ်ခဲ့သောအမိန့်တစ်ခုက ရှုမိသားစုအသုံးချရန် အကောင်းဆုံးဒိုင်းကာဖြစ်နေသည်။ 


ယခုအချိန်တွင် ရှုရှန့်က သူမရှေ့တွင်ရှိနေပြီး ရှုမိသားစု၏ စစ်သည်များနှင့် မြင်းစစ်သည်တော်များက ချန်အန်းမြို့အပြင်ဘက်တွင်ရှိနေသည်မှာ မင်းသား၄ကို နန်းတင်လိုသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူတို့ဖော်ပြသောအကြောင်းအရင်းက ဧကရာဇ်၏အမိန့်တော်ကို ကာကွယ်ရန်အတွက်ဖြစ်သည်။ 


ဧကရာဇ်ချင်းဖျင်က သူတို့အတွက် ရုပ်သေးရုပ် ဖြစ်သွားခဲ့သည်။


သူတို့လက်ထဲတွင် စစ်အင်အားရှိနေ၍ အရှက်မဲ့စွာဖြင့် ကိုယ်ကျင့်သိက္ခာရှိဟန်ဆောင်နိုင်ကြသည်။ 


ဧကရီကျန်းမှာ ထိုခဏတွင်းချင်းတွင် ပြောစရာစကားမဲ့သွားခဲ့ရပြီး အမတ်ကြီးကျန်းတို့အဖွဲ့ဘက်မှလည်း ပြန်လည်မချေပနိုင်တော့ပေ။ ရှုမိသားစုက ရွှယ်ယွင်ဟုန်ကို ပလ္လင်ပေါ်တင်လိုက်သည်ကို ခွင့်ပြုလိုက်ရုံသာတတ်နိုင်သည်။ 


ဧကရီကျန်းမှာ မင့်လွမ်နန်းဆောင်မှ မိဖုရားရှု့ထံသို့ မည်သူမှ ဝင်ထွက်သွားလာခွင့်မပြုသည့်အပြင် မိဖုရားရှု့က ဘေးကင်းစွာ မီးဖွားပြီးချိန်အထိ အစားအသောက်၊ အဝတ်အထည်များကို သူမတစ်ယောက်တည်း စီစဉ်ပေးမည်ဟူသော အမိန့်ကို ချမှတ်ရန်သာ အချိန်ရလိုက်သည်။ 


ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ မိဖုရားရှု့နှင့် သူမဝမ်းထဲလွယ်ထားသောကလေးကို အကာအကွယ်ပေးနိုင်မည်ကို ဧကရီကျန်းသိသည်။ 


သို့ရာတွင် ရွှယ်ယွင်ဟုန်နှင့် ရှုမိသားစုဘက်က ထိုကိစ္စကို ဂရုမစိုက်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ယခုလက်ရှိအချိန်တွင် သူက ထီးနန်းဆက်ခံလိုက်ရသည်နှင့် မခြားတော့သောကြောင့်ဖြစ်သည်။ ဘုရင့်မောင်းမဆောင်က တိုင်းရေပြည်ရေးများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိသည့်အပြင် ဧကရာဇ်ကလည်း ယခုအချိန်တွင် အသုံးမဝင်တော့သည့်လူ ဖြစ်နေသည်။ 


ဘယ်သူက သူတို့ထက်ပိုပြီး အင်အားကြီးနိုင်မယ်တဲ့လဲ...


အကယ်၍ မိဖုရားရှု့မွေးဖွားသောကလေးက မင်းသားဖြစ်နေခဲ့လျှင်ပင် သူနှင့်ယှဉ်ပြိုင်နိုင်သော အခွင့်အရေးမရှိနိုင်တော့ပေ။ ထိုအချိန်တွင် သူသေဆုံးရမည် ရှင်သန်ရမည်ကလည်း ရွှယ်ယွင်ဟုန်၏ စိတ်ခံစားချက်အပေါ်သာ မူတည်တော့သည်။ 


အမတ်ကြီးများ ဝန်းရံနေသည့် နဂါးပလ္လင်တွင် ပထမဦးဆုံးအကြိမ် ထိုင်နေရသော ရွှယ်ယွင်ဟုန်က ဧကရီကျန်း၏အမိန့်ကို ပြန်လည်မချေပပေ။ 


ယနေ့ ညီလာခံခန်းမက အတိတ်ကာလနှင့် အလွန်ကွာခြားနေသည်။ 


ယမန်နေ့ကမူ ရှုမိသားစုက ဧကရာဇ်၏အမိန့်တစ်ချက်ဖြင့် မျိုးရိုးစဉ်ဆက်အလိုက် အချိန်မရွေးကွပ်မျက်ခံရနိုင်သော အပြစ်သားများဖြစ်ခဲ့သည်။ 


ယနေ့တွင်မူ ရှုမိသားစုက အိမ်ရှေ့စံမင်းသားရွှယ်ယွင်ဟုန်၏ မယ်တော်ဘက်မှမိသားစုဖြစ်နေ၍ အာဏာအကြီးဆုံး ဖြစ်လာခဲ့သည်။ 


မနက်စောစောညီလာခံတွင် အရေးကြီးကိစ္စများကို တိုင်ပင်ဆွေးနွေးပြီးသည့်နောက်တွင် အမတ်ကြီးမျအားလုံးက တိတ်ဆိတ်နေကြသည်။ သို့ရာတွင် ထိုတိတ်ဆိတ်မှုကို အမတ်တစ်ယောက်က ဖြိုခွဲလိုက်သည်။ 


သူက ရှုမိသားစုဘက်မှ အမတ်တစ်ယောက်ဖြစ်သည်။ 


သူက ညီလာခံခန်းမဆောင်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ရှန်တုန်း အောက်ရုံးတော်တရားသူကြီး၏ ကပ်ဘေးက စားနပ်ရိက္ခာများနှင့် ငွေကြေးများကို အလွဲသုံးစားလုပ်မှုတွင် မရေရာ မသေချာမှုအချို့ ရှိနေသည်ဟု ပြောင်ပြောင်တင်းတင်းလျှောက်တင်လာသည်။  

    

‌ချန်အန်းမှအရာရှိမှူးမတ်တစ်ယောက်က ဆန်စပါးများနှင့် ငွေကြေးများကို အလွဲသုံးစားလုပ်ရန် ညွှန်ကြားသည်ဟု အောက်ရုံးတော်အမတ်က ဖြောင့်ချက်ပေးခဲ့သော်လည်း မည်သည့်မှူးမတ်ဖြစ်သည်ကို မပြောခဲ့ပေ။ ထို့အပြင် ထိုအရာရှိက မည်သူဖြစ်ကြောင်းကိုလည်း မရှာဖွေခဲ့ကြပေ။ သို့ဖြစ်၍ ထိုလူက ပြဿနာရှာလိုသောကြောင့် ချန်အန်းမှအမတ်တစ်ယောက်ကို ကြုံရာဆွဲထည့်လိုက်ကြောင်းဖြစ်နေသည်။ 


ထို့ကြောင့် ဤကိစ္စကို ပြန်လည်စစ်ဆေးရမည်ဟု ပြောလာသည်။ 


၎င်းက အမတ်ချုပ်ရှုကို အပြစ်လွတ်အောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း အမတ်အားလုံး မသိသူ မရှိကြပေ။


ဒေသခံရုံးတော်က တရားသူကြီးတစ်ယောက်က ညီလာခံက အတည်ပြုပြီးသားဖြစ်တဲ့ကိစ္စကို ငြင်းဆန်နိုင်မယ်တဲ့လား... ကျန်းနန်ဒေသမှာဖြစ်သွားတဲ့ကိစ္စတွေကို နှောင့်ယှက်ဖို့ တစ်ယောက်ယောက်က ညွှန်ကြားလိုက်တာ သိသာနေတာပဲကို...ချန်အန်းက အမတ်တွေ ဘာကြောင့် ဒီကိစ္စကို မဖော်ထုတ်သေးတာလဲဆိုတာ ဧကရာဇ်ချင်းဖျင်က ဆုံးဖြတ်ချက်မချသေးပဲ နှောင့်နှေးနေလို့ အခြေအနေစောင့်ကြည့်နေကြတာလေ...


ယခုချိန်တွင် ဧကရာဇ်ချင်းဖျင်က သတိမေ့နေပြီး မင်းသား၄က ပလ္လင်ပေါ်တွင်ထိုင်နေပြီဖြစ်၍ သူတို့ ပထမဆုံးပြုလုပ်သည့်အရာမှာ ရှုမိသားစုပြုလုပ်ခဲ့သောအရာကို ဖြေရှင်းရန်ဖြစ်သည်။ 


သို့ရာတွင် သတ္တိရှိသောအခြားအမတ်များ ပြန်လည်မချေပနိုင်မီတွင် ရွှယ်ယွင်ဟုန်က ပြုံးလိုက်သည်။


" ဒါဆိုရင်တော့ နောက်တစ်ကြိမ် ပြန်စစ်ဆေးတာလည်း အပန်းမကြီးပါဘူး..."


ထိုကိစ္စကို ပြန်လည်စစ်ဆေးရန် စီစဉ်ပေးနေသည်ကို အခြားအမတ်များက ကူကယ်ရာမဲ့စွာဖြင့်ကြည့်နေရသည်။

  

ပြန်လည်စစ်ဆေးမည့်အမတ်ကလည်း ရှုရှန့်၏အတွင်းလူဖြစ်သည်။


ထို့နောက်တွင် မနက်ခင်းညီလာခံက မင်းသား၄နှင့် ရှုမိသားစုဘက်မှအမတ်တို့ အပြန်အလှန်စကားပြောဆိုဆွေးနွေးသည့်အချိန်ဖြစ်သွားခဲ့သည်။ 


ရှုမိသားစုအပြစ်ကင်းကြောင်း ဖော်ထုတ်ရန်အတွက် ဤအမှုကို ပြန်လည်စစ်ဆေးရန် သဘောတူလိုက်ကြသည်။ မင်းသား ၄ကို အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ရန်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ မင်းသား၄ ရွှယ်ယွင်ဟုန်က တာ့ယုံထီးနန်းကိုဆက်ခံပြီး အိမ်ရှေ့စံမင်းသားရာထူးကို ဆက်ခံမည့်အကြောင်း ကြေညာလိုက်သည်။ 


ထို့နောက်တွင်မူ အိမ်ရှေ့စံမင်းသားကို ရာထူးမှပယ်ချနိုင်မည့်လူက အိပ်ပျော်‌နေသည့် မင်းကြီးတစ်ယောက်တည်းသာ ရှိပေတော့မည်။ မြို့အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် ချင်းမန်မှ စစ်သားများက ရွှယ်ယွင်ဟုန် အိမ်ရှေ့စံအဖြစ် ဆက်ခံပြီးမှသာ သူတို့တာဝန်အတိုင်း တောင်ပိုင်းသို့သွားရောက်ပြီး ဓားပြများကို နှိမ်နင်းမည်ဖြစ်သည်။ 


ဤအချိန်အတောအတွင်း ရှုမိသားစုဘက်တော်သားများမှအပ ညီလာခံထဲမှ အမတ်အားလုံး အနည်းနှင့်အများ မျက်နှာမသာမယာဖြစ်နေကြသည်။


သူတို့ ရပ်တည်ရမည့်နေရာကို သူတို့သိသည်။ 


ယခုလက်ရှိအချိန်က မင်းပြောင်းမင်းလွှဲဖြစ်သည်ဟု မဆိုနိုင်သော်လည်း ထိုသို့ဖြစ်သည်နှင့်မခြားလှပေ။ ငွေကြေးအလွဲသုံးစားပြုလုပ်တတ်သော ရှုမိသားစုဘက်မှ "ဧကရာဇ်အသစ်" က စက်ဆုပ်ဖွယ်နည်းလမ်းများဖြင့် ထီးနန်ဆက်ခံနိုင်ခဲ့ပြီး ပလ္လင်ပေါ် တက်ခွင့်ရခဲ့သည်။ 


ဘက်မှားနေမိသည့် အမတ်များက အသက်ကိုစွန့်စားထားရရုံသာမက ယခုချိန်တွင် တာ့ယုံတစ်ခုလုံး အန္တရာယ်တွင်းထဲ ကျရောက်နေပြီဖြစ်သည်။


——

  xxxxxxxxx