Chapter 1
Viewers 2k

သူ၏ရှေ့တွင် ထိပ်ပြောင်နေသော ဦးခေါင်းကဲ့သို့  ပြောင်ရှင်းနေသော မြင်ကွင်း ရှိနေ၏။ ခြောက်သွေ့နေသော မြက်ပင်များသည် တစ်ပင်နှင့်တစ်ပင် ဆက်စပ်မှုမရှိဘဲ နေရာလွတ်များဖြင့်သာ ပြည့်နှက်နေသည်။ သစ်ပင်များသည် မြင့်မားသော်လည်း အခေါက်များ ခွာချခံထားရသဖြင့် အဝါရောင်သန်းနေသော ပင်စည်များကိုသာ ထင်ရှားစွာ မြင်တွေ့ရ၏။ အပေါ်ဆုံးပိုင်းရှိ အပင်ထိပ်ဖျားများ၌သာ အစိမ်းရောင် အနည်းငယ် ကျန်ရှိနေသော်လည်း အခေါက်မဲ့နေသည့် သစ်ပင်တို့သည် အသက်ရှည်ရှည် ရှင်သန်နိုင်မည်မဟုတ်သည်မှာ ယုံမှားဖွယ်ရာ မရှိချေ။

 

ဤနေရာသည် တောနက်ကြီးတစ်ခုနှင့် ဆင်တူနေသော်လည်း အဓိပ္ပာယ်ဖွင့်ရလျှင်မူ အစာရေစာရှားပါးသည့် ခေတ်ကာလ၌ ဒုက္ခသည်တို့ထံမှ အခေါက်ခွာခံထားရသည့် တောနက်ကြီးတစ်ခုပင် ဖြစ်၏။

 

ယဲ့ကျိုးတစ်ယောက် သူ့မျက်နှာကို သူ  ရိုက်ပစ်လိုက်သည်။

 

ရိုက်ချက်က… သူထင်ထားသည်ထက် ပိုမိုကျယ်လောင်သွားသည်။

 

ပို၍လည်း နာကျင်သွားရသည်။

 

ယဲ့ကျိုး ဤနေရာသို့ ရောက်လာခဲ့သည်မှာ သုံးရက်မြောက် ရှိပြီဖြစ်သည်။ မနက်တိုင်း အိပ်ရာထသည်နှင့် သူ့ကိုယ်သူ ရိုက်ပစ်ခြင်းမှာ သူ့အတွက် နေ့စဉ်ပြုလုပ်နေကျ အလေ့အထတစ်ခုပင် ဖြစ်လာခဲ့ပေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဤထူးဆန်းသည့် အိပ်မက်ဆိုးမှ နိုးထကာ ပုံမှန်ကမ္ဘာဆီသို့ ပြန်သွားနိုင်လိမ့်မည်ဟု ထင်မှတ်နေခဲ့သည်လေ။

 

သို့သော် ယနေ့တွင်လည်း ထပ်မံ၍ ကျရှုံးပြန်ချေပြီ။

 

သူ၏ ရှေ့မှမြင်ကွင်းသည်လည်း အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေ၏။

 

ယဲ့ကျိုးသည် စိတ်ထဲမှ အမျိုးမျိုးသော ယူဆချက်တို့ကို ပြုလုပ်ခဲ့သည်။ ပထမဆုံးအနေဖြင့် သူသည် ရူးနေပြီ၊ စိတ်ဝေဒနာတစ်ခုခု ခံစားနေရပြီး စိတ်အာရုံထင်ယောင်ထင်မှားဖြစ်နေပြီဟု တွေးမိသည်။

 

နောက်ပိုင်းတွင်မူ လက်ရှိအခြေအနေကို ဖြစ်‌ပေါ်စေနိုင်သည့် ဖြစ်နိုင်ခြေအများဆုံး အချက်မှာ တစ်ခုတည်းသာရှိသည်ဟု ယုံကြည်လာခဲ့၏။ သူသည် ဂြိုဟ်သားသတ္တဝါများ၏ ဖမ်းဆီးခြင်းကို ခံရပြီး စမ်းသပ်မှုတစ်ခုအတွက် အသုံးပြုခံနေရခြင်း ဖြစ်ပေမည်။

 

အဘယ်ကြောင့်ဆိုသော် သူသည် ဤနေရာသို့ ရောက်ရှိလာရုံသာမက၊ သူ၏ စူပါမားကတ်တစ်ခုလုံးလည်း မပျက်စီးဘဲ ပါလာသောကြောင့် ဖြစ်၏။

 

အထူးဆန်းဆုံးအရာမှာ ထိုစူပါမားကတ်တွင် လျှပ်စစ်၊ ရေနှင့် အင်တာနက်တို့ပင် ရှိနေသေးသည်။ သို့သော် မည်သည့်စာကိုမျှ ပို့၍မရ၊ လက်ခံ၍မရ၊ မည်သူတစ်ဦးတစ်ယောက်နှင့်မျှလည်း အဆက်အသွယ်မရပေ။

 

ဤအခြေအနေသည် ပုံမှန်အချိန်ခရီးသွားခြင်းဖြင့် ရှင်းပြ၍ မရနိုင်တော့ပေ။ ဂြိုဟ်သားတို့ထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုခုဟုသာ ရှင်းပြနိုင်ပေတော့သည်။

 

ယဲ့ကျိုးအနေနှင့် ယနေ့တွင်လည်း “နိုးထ”၍မရနိုင်တော့ကြောင်း သေချာသွားသောအခါ စူပါမားကတ်အတွင်းသို့ ပြန်ဝင်လာခဲ့တော့သည်။

 

ဖြစ်လာတာကို ဖြစ်လာတဲ့အတိုင်းပဲ လက်ခံလိုက်တော့မယ် ဟုတွေးကာ ယဲ့ကျိုးသည် ခုခံတွန်းလှန်ခြင်းကို စွန့်လွှတ်လိုက်ပြီး လက်လျော့လိုက်ချေပြီ။

 

မည်သို့ပင်ဆိုစေ သူသည် အငတ်ဘေးဖြင့်တော့ သေဆုံးမည်မဟုတ်ဟု ယူဆထား၏။

 

အစားအသောက် သက်တမ်းကုန်ဆုံးခြင်းနှင့် ပတ်သက်၍မူ အကယ်၍ သူသည် အဆိပ်မသင့်ဘဲ သေခဲ့လျှင် သူသည် သန်မာသည်ဟု မှတ်ယူနိုင်၏။ အဆိပ်သင့်၍ သေပါကမူ ကံမကောင်းဟုသာ မှတ်ယူရမည်ပေ။

 

ပေါင်မုန့်နှစ်ချပ် စားပြီးနောက် နို့တစ်ဘူးသောက်၍ ဗိုက်ကိုဖြည့်ပြီးသည်နှင့် ယဲ့ကျိုးသည် တက်ဘလက်ကိုယူကာ စူပါမားကတ်တံခါးပေါက်တွင် ထိုင်လျက် ဂိမ်းကစားနေတော့သည်။ သူသည် Offline ဂိမ်းများကို ဆက်လက်ကစားနိုင်သည့်အပြင် ဂိမ်းအတွင်း ငွေဖြည့်ခြင်းကိုလည်း စူပါမားကတ်အတွင်း၌ ပြုလုပ်နိုင်သေးသည်။

 

ယဲ့ကျိုးခမျာ ဤသို့တစ်ယောက်တည်း အချိန်ကြာမြင့်စွာ နေထိုင်ရပါက သူ၏ဘာသာစကားလုပ်ဆောင်နိုင်စွမ်းများ ကျဆင်းလာမည်ဟု တွေးမိ၏။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာပြဿနာများလည်း ကြုံတွေ့ရနိုင်ပေသည်။

 

Robinson သည် Friday နှင့်တွေ့ခဲ့ပြီး Chuck တွင်လည်း Wilson ရှိခဲ့သည်။

 

သို့သော် Friday သည် လူသားဖြစ်ပြီး Wilson သည် ဘော်လီဘောတစ်လုံး ဖြစ်ချေ၏။

 

(T/N : Robinson met Friday, and Chuck also had Wilson. - ဤအပိုင်းသည် "Robinson Crusoe" ဝတ္ထုမှ Robinson နှင့် "Cast Away" ရုပ်ရှင်မှ Chuck (Tom Hanks) တို့ကို ရည်ညွှန်းပါသည်။)

 

ယဲ့ကျိုးတစ်ယောက် လူသားများကို တွေ့ဆုံနိုင်မည့် အခွင့်အရေးသည် နည်းပါးသည်ဟု ခံစားမိ၏။ ထို့အပြင် သူသည် ဘောလုံးတစ်လုံးနှင့် စကားပြောရန်လည်း မလိုလားပေ။ ထို့ကြောင့် သူသည် အလယ်လမ်းကြောင်းကို ရွေးလိုက်ပြီး ငှက်ရိုင်းများနှင့် ကြောင်ရိုင်းများကို ဖမ်းမိနိုင်မလားဟု ကြည့်နေသည်။ ၎င်းတို့အား အစားအသောက်အနည်းငယ် ကျွေးကာ သူ့ကို စကားပြောစေခြင်းဖြင့် တရားမျှတသော ကုန်သွယ်မှု၊ အပြန်အလှန် အကျိုးရှိမှုတို့ကို ဖန်တီးနိုင်မည်ဟုလည်း ယူဆ၏။

 

သို့သော် ဤရက်အနည်းငယ်အတွင်းတွင် ယဲ့ကျိုးသည် ကောင်းကင်မှ ကျလာသော ငှက်ချေးများကိုပင် မမြင်တွေ့ရ၊ ငှက်များကိုမူ ဆိုဖွယ်ရာမရှိပေ။

 

ဤနေရာ၏ အခြေအနေအမှန်ကို သူသိရှိနေသည်ဟု ခံစားမိ၏။

 

နေ့လည်စာအတွက် ယဲ့ကျိုးသည် စူပါမားကတ်အတွင်းသို့ ပြန်ဝင်ကာ ကိုယ်တိုင်အပူပေးနိုင်သော ထမင်းဘူးတစ်ခုကို စားလိုက်သည်။

 

ယခုခေတ်တွင် ဤကဲ့သို့  အသင့်စားအစားအစာများကို အလွန်ကောင်းမွန်စွာ ပြုလုပ်လာကြပြီး ဆိုင်မှ ဝယ်ယူသော ထမင်းဘူးများထက်ပင် အရည်အသွေး မနိမ့်ကျပေ။ ယဲ့ကျိုးသည် စားရင်းနှင့်ပင် ထိုကဲ့သို့သော အပြင်စာအချို့သည်ပင် ချက်ပြီးသားအထုပ်များဖြစ်နိုင်သည်ဟု စဉ်းစားမိလေသည်။

 

စျေးသက်သာပြီး အဆင်ပြေကာ အရသာလည်းရှိ၍ အဆိပ်လည်းမရှိချေ။

 

အာဟာရသည် ရှိချင်မှ ရှိမည်ဖြစ်သော်လည်း သေစေနိုင်သည့် အန္တရာယ်ကား မရှိပေ။

 

စားပြီးသည်နှင့် ယဲ့ကျိုးသည် အမှိုက်များကို ရှင်းလင်းလိုက်၏။ သူသည် အမှိုက်များကို အိတ်ဖြင့်သေချာလုံအောင်ပိတ်ကာ စူပါမားကတ်နောက်ဘက်ရှိ အမှိုက်ပုံးကြီးထဲသို့ ထည့်ထားလိုက်၏ ။ ထိုအမှိုက်ပုံးသည် မည်မျှကြာမှ ပြည့်မည်ကို သူ မသိသော်လည်း၊ အနည်းဆုံးတော့ ယခုလောလောဆယ်တွင် မြေကြီးတူးကာ မြှုပ်နှံရန် မလိုတော့ချေ။ သဘာဝအတိုင်း ဆွေးမြေ့သွားအောင်သာ ထားမည်ဆိုပါက နှစ်ပေါင်းတစ်ရာကြာသည့်တိုင် ဤအမှိုက်များသည် လုံးဝပျက်စီးသွားမည် မဟုတ်ချေ။

 

ယခုလိုမျိုး လုပ်နိုင်သေးသရွေ့တော့ ထိုအတိုင်းပဲ ဆက်လုပ်ရပေမည်။

 

နေ့လည်ခင်းတွင်မူ ယဲ့ကျိုးတစ်ယောက် ဓားမတစ်ချောင်းနှင့် ကျောပိုးအိတ်တစ်လုံးကို လွယ်ကာ အနီးအနားပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်ကို လေ့လာစူးစမ်းသည်။ ယခင်က မြေပုံဆွဲတတ်ခြင်း မရှိသော်လည်း ယခုတွင်မူ သစ်ပင်များပေါ်၌ အမှတ်အသားများ ထွင်းထုကာ အတင်းအကျပ် ဆွဲရပေတော့မည်။

 

ယဲ့ကျိုးတစ်ယောက် မကြာမီတွင် မြစ်တစ်ခုကို တွေ့ရှိခဲ့၏။ သို့သော် မြစ်ရေတို့သည် ခန်းခြောက်နေပြီး မြစ်ကြမ်းပြင်သာ ကျန်ရှိတော့သည်။ မြစ်ကြမ်းပြင်ပေါ်တွင် တိရစ္ဆာန်အချို့၏ အရိုးစုများကို မြင်တွေ့နိုင်သေးသည်။

 

ထိုအရိုးဖြူဖြူများသည် အဝါရောင်သဲများဖြင့် ဖုံးလွှမ်းနေ၏။ သူသည် နှစ်ကြိမ်သာ စူးစိုက်ကြည့်လိုက်ပြီး လူအရိုးခေါင်းနှင့်တူသည့် အရိုးခြောက်တစ်ခုကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာလွှဲလိုက်ချေသည်။

 

ဤတောအုပ်အတွင်းရှိ အခေါက်ခွာခံထားရသော သစ်ပင်များအားလုံးသည် သေလုနီးပါး ဖြစ်နေချေပြီ။

 

အခေါက်မခွာရသေးသည့် သစ်ပင်ငယ်များသည်ပင် ညှိုးနွမ်းခြောက်သွေ့နေကြပြီး၊ အကိုင်းအခက်စုံလင်စွာရှိသည့် သစ်ပင်ကြီးအချို့သာ ရှင်သန်နေသေး၏။

 

၎င်းတို့သည် အခေါက်မခွာခံရသည့်အပြင် အမြစ်တွယ်မှု နက်ရှိုင်းသောကြောင့် စိမ်းစိုမှုအနည်းငယ်ကို ထိန်းသိမ်းထားနိုင်ပေသည်။

 

မြေပြင်ကို ပူလောင်စေခဲ့သည့် နေမင်းသည် တဖြည်းဖြည်း မှိန်သွားသည်။ ယဲ့ကျိုးသည် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေ၏။ သူသည် ရေတစ်ဘူးကို သူ့ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ပြီး သောက်ကာ အလျင်စလို ပြန်ရန် ပြင်ဆင်နေသည်။ သို့သော် သူသည် လောလောဆယ်တော့ ဘေးကင်းနေသေးကြောင်း သိနေပေသည်။

 

အနီးအနားတွင် ကြီးမားသည့် သားရဲတိရစ္ဆာန်များ မရှိသလို— သေးငယ်သည့် သားရဲတိရစ္ဆာန်များလည်း မရှိပေ။

 

တောအုပ်ပျက်စီးသွားသောကြောင့် ဤနေရာတွင် နေထိုင်သည့် ငှက်များသည်လည်း ပြောင်းရွှေ့နေထိုင်ကုန်ကြ၏ ။

 

သူသည် ဆွေးနေသည့် သစ်ပင်များအောက်တွင် တီကောင်များနှင့် ပိုးကောင်များကို တူးဖော်ပြီး လိုဏ်ဂူများအတွင်းတွင် မှိုရိုင်းများကို တွေ့ရှိခဲ့သည်။

 

အနည်းဆုံးတော့ ဤနေရာတွင် သက်ရှိများမရှိကြောင်း ထိုအရာများက သက်သေပြနေပေသည်။

 

လုံးဝမှောင်သွားသောအခါ ယဲ့ကျိုးသည် တောအုပ်အတွင်း၌သာ ရှိနေသေးသည်။ လက်နှိပ်ဓာတ်မီးကို ဖွင့်ကာ သူလုပ်ထားသည့် အမှတ်အသားများအတိုင်း ပြန်လျှောက်နေ၏။

 

စူပါမားကတ်၏ ဝင်ပေါက်သို့ ရောက်ခါနီးတွင် ယဲ့ကျိုးတစ်ယောက် ရုတ်တရက် ရပ်တန့်လိုက်သည်။

 

လူနှစ်ယောက်သည် စူပါမားကတ်ရှေ့တွင် ရပ်နေချေပြီ။

 

လူ အရှင်တစ်ယောက်နှင့် တွေ့ဆုံရခြင်း၏ အံ့အားသင့်မှုထက် ယဲ့ကျိုးသည် ဤအချိန်တွင် ပိုမို၍ သတိကြီးထားနေမိသည်။

 

သူသည် အနောက်သို့ နှစ်လှမ်းလောက် သတိထားဆုတ်လိုက်ပြီး ခြောက်သွေ့နေသည့် ချုံပင်များနောက်တွင် သူ့ကိုယ်သူ ဖုံးကွယ်ထား၏။ အခြားသူများ မတွေ့ရှိအောင် ခြေထောက်ကို ကွေးပြီး ခန္ဓာကိုယ်ကို အလုံးလေးဖြစ်အောင် ကွေးလျက် ထိုင်လိုက်ချေသည်။

 

ယဲ့ကျိုး၏ အမြင်အာရုံသည် အလွန်ကောင်းမွန်၏။ ဤမျှဝေးကွာလှသည့် အကွာအဝေးမှပင် ထိုလူနှစ်ဦး၏ အဝတ်အစားများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ချေသည်။

 

မူလပုံသဏ္ဌာန်ပင် မမြင်နိုင်လောက်အောင် စုတ်ပြတ်သတ်နေသော ပိတ်ချည်ထည်အဝတ်များ ဖြစ်ကြသည်။ အရိုးများသည် အရေပြားကို ဖောက်ထွက်တော့မတတ်ရှိပြီး၊ အသက်ရှူလိုက်သည်နှင့် လှုပ်ရှားနေဟန်ရှိသည့် အရိုးစုများသည် အဝတ်စုတ်အချို့ဖြင့် ဖုံးအုပ်ခံထားရသည်။ ထိုသူတို့၏ မျက်နှာများမှာ ရှုပ်ပွနေသည့် ဆံပင်များဖြင့် ဖုံးအုပ်နေပြီး၊ ခြေဗလာနှင့် သဲနှင့်ကျောက်များ ပြည့်နေသည့် မြေပြင်ပေါ်တွင် ရပ်နေကြသည်။

 

ထိုနှစ်ယောက်သည် အချင်းချင်း ထူမပေးထားပြီး တစ်ဦးကိုတစ်ဦး လမ်းလျှောက်ရန်အတွက် တုတ်ကောက်အဖြစ် အသုံးပြုနေကြသည်။

 

ယဲ့ကျိုးသည် ၎င်းတို့၏ တံခါးခေါက်သံကို ကြားနိုင်သော်လည်း ကျယ်လောင်ခြင်းမရှိပေ။ အကယ်၍ သူသာ ယခုစူပါမားကတ်အတွင်း၌ ရှိနေပါက ထိုအသံကို လုံးဝကြားနိုင်မည်မဟုတ်ပေ။

 

အသံသည် ကြမ်းတမ်းပြီး ဩရှနေကာ ယောက်ျားလား၊ မိန်းမလား သို့မဟုတ် ကလေးလားဟူ၍ အသံကို ခွဲခြားရခက်လှပေ၏။

 

နောက်ထပ် နာရီဝက်ခန့်ကြာအောင် စောင့်ကြည့်ပြီးနောက် ယဲ့ကျိုးက ထိုလူနှစ်ယောက်သည် အန္တရာယ်ကင်းပြီး သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်သည်ကို သေချာသွားသောအခါ ထရပ်ကာ ၎င်းတို့ဆီသို့ လျှောက်သွားလိုက်သည်။

 

ချောင်အာမှာ မကြာမီ သေဆုံးတော့မည်ဟု ခံစားနေရသည်။ သူ(မ)သည် ဆီးမသွားနိုင်တော့ပါက ထိုသူသည် မကြာမီ သေဆုံးတော့မည်ဟု လူများ ပြောသည်ကို ကြားဖူး၏ ။

 

သူ(မ)သည် သူ(မ)၏ လက်ချောင်းများကို ရေတွက်ကြည့်လိုက်သည်။ ပြီးခဲ့သည့် ဆယ်ရက်အတွင်းတွင် သူ(မ)သည် ငါးကြိမ်သာ ဆီးသွားနိုင်ခဲ့သည်။

 

သူ(မ)နှင့် သူ(မ)၏ မိသားစုသည် တစ်ဦးကိုတစ်ဦး ဆွဲကာ ဆန်ပြုတ်ဆိုင်ကို တွေ့သောအခါ အပြေးအလွှားသွားခဲ့သည်။ မြို့တံခါးကို တွေ့သောအခါတွင်လည်း အပြေးအလွှားဝင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဆန်ပြုတ်ထဲတွင် ဆန်မရှိသလို၊ မြို့ကို စောင့်ရှောက်နေသည့် အရာရှိများသည်လည်း သူတို့အား ဝင်ခွင့်မပြုခဲ့ပေ။ ထိုအချိန်က သူ(မ)၏ဖခင်သည် ထိုအရာရှိများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့ချေသည်။

 

သူ(မ)၏ မောင်လေးမှာ အစာခိုးစားမိသဖြင့် အသတ်ခံခဲ့ရသည်။

 

နောက်ပိုင်းတွင် သူ(မ)၏ ညီမငယ်အား မိခင်ဖြစ်သူမှ စွန့်ပစ်ခဲ့ပြီး အငယ်ဆုံးညီမကိုမူ အခွံမချွတ်ရသေးသော ဂျုံစေ့တစ်ဆုပ်ဖြင့် ရောင်းစားခဲ့ပြန်သည်။

 

သူ(မ)နှင့် မိခင်ဖြစ်သူတို့သည် မည်သည့်နေရာသို့ သွားရမည်ကို မသိကြချေ။ လမ်းလည်းမသိသလို၊ အားအင်လည်း မရှိသောကြောင့် အခြားသူများထက် တဖြည်းဖြည်း နောက်ကောက်ကျန်ခဲ့ကြတော့သည်။

 

မိခင်ဖြစ်သူမှ တောအုပ်အတွင်းသို့ ဝင်တော့မည်ဟု ပြောလိုက်သောအခါ ချောင်အာ မတားမြစ်တော့ဘဲ သူ(မ)၏နောက်သို့ လိုက်ပါသွားခဲ့သည်။

 

မည်သို့ပင်ဆိုစေ သူ(မ)လည်း သေဆုံးရတော့မည်ဖြစ်ရာ မိခင်ဖြစ်သူက သူ(မ)တို့၏ဇာတိမြေဖြစ်သည့် နေရာတွင် သေဆုံးရန် နေရာရှာဖွေနေခြင်းသည် မှန်ကန်သည်ဟု ယူဆထားသည်။

 

မိခင် သေဆုံးသွားသောအခါ သူ(မ)သည်လည်း ဆက်လက်အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် အတူတူ သေဆုံးလိုက်ကြမည်ဟုလည်း တွေးမိသည်။

 

ဆာလောင်သောအခါ သစ်ခေါက်များကို ခွာစားကြပြီး ရေငတ်သောအခါ မြက်ပင်၏ အမြစ်များကို ဝါးစားကြသည်။ "ဝ" ခြင်းဆိုသည့် စကားလုံးသည် သူတို့နှင့် အလှမ်းဝေးကွာလှသောကြောင့် ဆာလောင်ခြင်း မည်သို့ရှိသည်ကိုပင် မသိတော့ချေ။

 

သူတို့သည် ရည်ရွယ်ချက်မဲ့စွာ ရှေ့သို့ လျှောက်လှမ်းနေကြပြီး လမ်းမလျှောက်နိုင်လောက်အောင်ပင် ပင်ပန်းသောအခါ မျက်လုံးများကို ပိတ်ထားကြသည်။

 

သူ(မ) လဲကျတော့မည့်အချိန်တွင် မိခင်ဖြစ်သူက ရုတ်တရက် အားအင်တစ်ခု ထွက်လာပြီး သူ(မ)ကို ဆွဲခေါ်ကာ လည်ပင်းကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။ ထို့နောက် မိခင်သည် လည်ချောင်းသံဖြင့် ဟစ်အော်လိုက်ချေပြီ။ "ချောင်အာ... ရှေ့မှာ လူရှိတယ်... အိမ်လည်း ရှိတယ်..."

 

ချောင်အာသည် ရုန်းရင်းဆန်ခတ်ဖြင့် သူ(မ)၏မိခင်နှင့်အတူ ရှေ့သို့ ပြေးသွားခဲ့၏ ။

 

သူ(မ) မသေချင်သေးဘူး…

 

သူ(မ) အသက်ရှင်ချင်တယ်…

 

ထို့နောက် သူ(မ)နှင့် သူ(မ)၏မိခင်သည် ရှေ့ရှိ အိမ်အကြီးကြီးဆီသို့ ရောက်ရှိလာကြတော့သည်။

 

ချောင်အာတစ်ယောက် သူ(မ)၏ရှေ့ရှိ အိမ်ကို မည်သို့ ဖော်ပြရမည်ကို မသိချေ။ ဤအိမ်သည် လေးထောင့်ပုံစံဖြစ်ပြီး အလွန်ကြီးမားလှသည်။ သူ(မ)တို့၏ဇာတိမြို့ရှိ မြေပိုင်ရှင်၏အိမ်ထက်ပင် ပိုကြီးနေချေသည်။ သို့သော် အုတ်ကြွပ်နှင့် အုတ်ခဲများကို မတွေ့ရချေ။ တစ်ခုလုံးသည် အပိုင်းအစတစ်ခုတည်းဖြင့် တည်ဆောက်ထားသကဲ့သို့ ဖြစ်နေပြီး အုတ်ခဲများ ဆက်ထားသည့် နေရာမျိုး မရှိပေ။

 

အိမ်၏ ခေါင်မိုးပေါ်တွင် ဆိုင်းဘုတ်တစ်ခု ရှိနေသေးသော်လည်း ချောင်အာသည် ထိုပေါ်မှ စာလုံးများကို မဖတ်နိုင်ပေ။

 

သူ(မ)နှင့် သူ(မ)၏ မိခင်သည် စာမဖတ်တတ်ကြချေ။ ဖခင်တစ်ယောက်သာ စာဖတ်တတ်သော်လည်း သူ၏နာမည်ကိုသာ ဖတ်တတ်သည်။

 

သူတို့သည် တစ်နေ့တာလုံးမှ ညဘက်အထိ တံခါးကို ဆက်တိုက်ခေါက်နေကြသည်။ သူတို့၏ အားအင်များအားလုံး ကုန်ဆုံးသွားပြီး မူလ ပျော်ရွှင်မှုသည်လည်း ပိုမိုကြီးမားသည့် စိတ်ပျက်အားငယ်မှုအဖြစ်သို့ ပြောင်းလဲသွားချေသည်။

 

သို့သော်လည်း ထိုင်ချရန် မဝံ့ရဲကြချေ။ အကယ်၍ ထိုင်လိုက်ပါက သေဆုံးသွားလိမ့်မည်ဟု ခံစားနေရသောကြောင့် ဖြစ်၏။

 

"အမေ…သမီးဗိုက်ဆာတယ်…" ချောင်အာသည် မိခင်ကို မှီကာ တီးတိုးပြောလိုက်သည်။ မိခင်သည်လည်း သူ(မ)ကို မှီလျက်ရှိ၏။ သူ(မ)၏အားအင်များအားလုံးဖြင့် တီးတိုးပြောနေချေသည် ။ "အမေ…အိမ်ပြန်မယ်…အိမ်ပြန်ကြမယ်…"

 

ချောင်အာသည် သူ(မ)တို့၏ ဇာတိမြို့ကို ပြန်သတိရမိ၏ ။ မြို့၏ရှေ့တွင် ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင်ရှိပြီး သူတို့၏အိမ်သည် ထိုညောင်ပင်ကြီး၏နောက်တွင် ရှိသည်။ သူတို့၏ မိဘများသည် မြေပိုင်ရှင်၏ မြေများကို စိုက်ပျိုးကြရသည်။ ထိုမြေပိုင်ရှင်သည် လူကောင်းဖြစ်ပြီး ၆၀ ရာခိုင်နှုန်းသာ အခွန်ကောက်ခံသည်။

 

သူ(မ)သည် သူ(မ)၏မောင်လေးနှင့်အတူ မြေပိုင်ရှင်အတွက် နွားများကို ထိန်းကျောင်းပေးသည်။

 

သူ(မ)၏ ညီမငယ်မှာ အိမ်တွင် ချက်ပြုတ်ပြီး အငယ်ဆုံးညီမကိုလည်း ကြည့်ရှုပေးသည်။

 

သူ(မ)၏ မောင်ငယ်တစ်ယောက်က မြို့ထဲသို့ သွားရောက်ကာ အလုပ်တစ်ခုသင်ယူပြီး နောင်တွင် လက်သမားတစ်ယောက် ဖြစ်လာချင်သည်ဟု ပြောဖူးသည်။ သူ၏ ညိုမည်းနေသော မျက်နှာသည် အနာဂတ်ကို တောင့်တသည့် လူငယ်တစ်ဦး၏ စိတ်ဓာတ်ဖြင့် ပြည့်နေသည်။ သူသည် ရှက်ရွံ့စွာဖြင့် သူ(မ)ကို ပြောခဲ့ဖူး၏။ "ကျဲကျဲ လက်ထပ်တဲ့အချိန်ကျ ကျွန်တော် ကျဲကျဲကို အိမ်ထောင်ပရိဘောဂတွေ ပေးမယ်"

 

သူ(မ)၏ မောင်လေးက "ကျွန်တော်သွားမယ်... ကျွန်တော်သွားမယ်... အမေ ညီမလေးကို မစွန့်ပစ်ဖို့ ပြောပေးပါ... ကျွန်တော် အစားအစာတွေ ပြန်ယူခဲ့မယ်..." ဟု ပြောခဲ့ဖူးသည်ကို ပြန်သတိရမိသည်။

 

သူ ပြန်မလာခဲ့ချေ။

 

သူ(မ)၏ မောင်ငယ်သည် ကျောက်တုံးဖြင့် ဦးခေါင်းကို အခွဲခံခဲ့ရသည်။ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် သူ၏လက်များမှာ ပြဲသွားခဲ့ပြီး လက်ချောင်းများကြားတွင် ကိတ်မုန့်အဖတ်များ ရှိနေခဲ့၏။

 

ကိတ်မုန့်တစ်တုံးမျှသာ ရှိသည့်အရာကြောင့် သူ(မ) မောင်ငယ်၏အသက်သည် ကိတ်မုန့်တစ်တုံးထပ်ပင် တန်ဖိုးမရှိတော့ပါတကား .…

 

"အိမ်ပြန်မယ်…" ချောင်အာသည် ထိုစကားကိုသာ အထပ်ထပ်အခါခါ ရေရွတ်နေ၏။ "အိမ်ပြန်ကြမယ်…"

 

အိမ်တွင် နာကျင်မှု၊ ဆာလောင်မှု၊ သေဆုံးခြင်း၊ အငြင်းပွားမှုနှင့် သွေးထွက်သံယိုမှုများ မရှိခဲ့ချေ။

 

အိမ်တွင်မူ သူ(မ)သည် စည်းကမ်းတင်းကျပ်သည့် အစ်မကြီးဖြစ်၏။ သူ(မ)တွင် ရိုးသား၍ အလုပ်ကြိုးစားသည့် မိဘများ၊ ယဉ်ကျေးသိမ်မွေ့သည့် ညီမလေး၊ သူ(မ)ကို အိမ်ထောင်ပရိဘောဂများ ပေးချင်သည့်အတွက် မြို့တွင် အလုပ်လုပ်လိုသော မောင်ငယ်နှင့် နို့စို့အရွယ် ညီမငယ်လေးတို့လည်း ရှိနေခဲ့သည်။

 

ဘယ်လောက်တောင် ကောင်းမွန်သည့်အချိန်၊ ကောင်းမွန်သည့် နေ့ရက်များပါလိမ့်…

 

ချောင်အာတစ်ယောက် သူ(မ) မခံစားနိုင်တော့ဘူးဟု ခံစားမိပြီး မျက်လုံးကို ပိတ်လိုက်ချင်နေတော့သည်။

 

ဤအချိန်တွင် သူ(မ)၏ နောက်ဘက်မှ ပြင်းထန်သော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏ ။

 

ချောင်အာ တစ်ခဏတာမျှ မျက်စိစုံမှိတ်သွားပြီး သူ(မ)၏လက်ဖြင့် မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ ခဏကြာမှ သူ(မ)၏လက်ကို ပြန်ချလိုက်၏ ။

 

သူ(မ)သည် သူ(မ)၏လည်ပင်းကို ရွေ့လျားခြင်းမရှိသော ပုံစံဖြင့် ကွေးလိုက်ပြီး အလင်းရောင်၏နောက်ဘက်မှ လူကို ကြည့်လိုက်သည်။

 

တစ်ဖက်လူ၏ လက်ဖဝါးမှ အလင်းတန်းကြီးတစ်တန်း ထွက်ပေါ်နေသည်။ သူ(မ)သည် ထိုသူ၏ ရုပ်ရည်နှင့် မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သို့သော် သူ၏ပုံသဏ္ဍာန်ကိုသာ မှေးမှိန်စွာ မြင်နိုင်သည်။

 

ထိုသူသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး အရပ်ရှည်သည်။

 

သူ၏ နောက်တွင်မူ မှောင်မိုက်နေသည့် တောအုပ်ရှိပြီး ၎င်းတို့ကို ဝိုင်းရံထားသည့် ခြောက်သွေ့နေသော အကိုင်းအခက်များသည် သူ့ကို ခြိမ်းခြောက်နေသကဲ့သို့ ပုံဖော်နေသည်။

 

အလင်းရောင်သည် သူ၏ လက်ဖဝါးမှ လင်းလက်နေသည်။

 

ချောင်အာသည် ရှုပ်ထွေးသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်ပြီး သူ(မ)၏ နားထဲတွင် မိခင်၏ ငိုသံများ ပျံ့လွင့်နေသည်။

 

ချောင်အာသည် သူ(မ)၏မိခင် သူ(မ)ဘေးတွင် ထိုင်ချလိုက်သည်ကို ထုံထိုင်းစွာ ကြည့်နေမိသည်။ မိခင်၏ အော်ဟစ်သံကိုလည်း ကြားနေရသည်။

 

"နတ်မင်း... နတ်မင်း... နတ်မင်း ကျွန်တော်မျိုးမကို ကယ်တော်မူပါ..."

 

သူ(မ)သည် သူ(မ)၏ မိခင် ဒူးထောက်ဦးချနေသည့် အသံကို ကြားနေရပြီး၊ ပြင်းထန်လွန်းလှသဖြင့် သွေးနံ့ကိုပင် ရရှိနေသည်။

 

ချောင်အာက တောင့်တောင့်ကြီးဖြစ်ကာ ဒူးထောက်လိုက်တော့သည်။

 

ဦးချ…

 

သူတို့သည် ဦးခေါင်းများ ကွဲသွားသည်အထိ ဦးချပါက နတ်မင်းများက ကယ်တင်ပေးလိမ့်မည်…

 

ယဲ့ကျိုးတစ်ယောက် သူ့ရှေ့မှ လူနှစ်ဦး၏ ပုံပန်းသဏ္ဍာန်ကြောင့် ထိတ်လန့်သွားတော့သည်။ သူသည် ရည်ရွယ်ချက်ရှိရှိ သူတို့ကိုယ်တိုင်ပင် အရှက်ရစေလောက်အောင် ဝတ်ဆင်ထားသည့် သူတောင်းစားများနှင့် ရုပ်ရှင်ထဲမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို မြင်ဖူးသော်လည်း ထိုသူတို့ကို ခေတ်သစ်လူများမှ သရုပ်ဆောင်ထားကြသည်သာ ဖြစ်ပြီး မိတ်ကပ်များကိုလည်း ကြိုးစားပြင်ဆင်ထားကြသည်။

 

ရုပ်ရှင်ထဲမှ ဒုက္ခသည်များသည် အဝတ်စုတ်များ ဝတ်ဆင်ထားကြသော်လည်း အဝတ်မဲ့နေခြင်း မရှိကြသလို အရိုးများငေါထွက်နေသည်လည်း မရှိကြပေ။

 

သို့သော် သူ့ရှေ့မှ လူနှစ်ဦး၏ မျက်နှာကို မော့ကြည့်လိုက်သောအခါ ယဲ့ကျိုး၏မျက်နှာမှာ ထိတ်လန့်တကြားဖြစ်သွားတော့သည်။

 

ချိုင့်ဝင်နေသော ပါးပြင်နှင့် မျက်ခွံများ၊ ဦးခေါင်းခွံပေါ်ရှိ တင်းနေသော အရေပြားများက ထိုသူတို့ကို အသက်ရှိသည့် လူများအဖြစ် မမြင်ရတော့ပေ။

 

ဟော်ရာရုပ်ရှင်ထဲမှ သက်ရှိလူသေများ သို့မဟုတ် မံမီများနှင့် ပို၍ တူနေချေသည်။

 

ယဲ့ကျိုးတစ်ယောက် ကြောက်မက်ဖွယ်ရာ စိတ်ခံစားမှုများမှ လွတ်မြောက်နိုင်ခြင်းမရှိမီတွင်ပင် ၎င်းတို့နှစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ သေလုနီးပါး ဆုံးဖြတ်ချက်ဖြင့် သူ့ကို ဦးချနေကြသည်။

 

ယဲ့ကျိုးတစ်ယောက် အလွန်ကြောက်လန့်သွားပြီး သူတို့ဆီသို့ အမြန်သွားလိုက်သည်။

 

ယခုတွင်မူ ဤနှစ်ယောက်သည် မကောင်းသောလူများ ဖြစ်မည်ကို သူ စိတ်မပူတော့ချေ။

 

သူတို့နှစ်ယောက်သည် သူ့ရှေ့တွင် သေဆုံးသွားမည်ကိုသာ သူ စိတ်ပူနေသည်။

 

"ရပ်ပါတော့..." ယဲ့ကျိုးတစ်ယောက် အသံကို ကျယ်လောင်စွာ မြှင့်တင်လိုက်သည်။

 

ဦးချနေသည့် လူနှစ်ဦး ရပ်တန့်သွားကြသည်။

 

ထိုသူနှစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ့ကို မော့ကြည့်ကာ လွန်စွာပိန်ချုံးနေသဖြင့် မျက်တောင်ပင် မခတ်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည် ။

 

ယဲ့ကျိုး၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားတော့သည် ။

 

ယဲ့ကျိုးတစ်ယောက် တံတွေးကို မျိုချလိုက်ပြီး သူ၏နှလုံးသားထဲမှ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှု အနည်းငယ်ကို ဖယ်ရှားလိုက်ကာ သူတို့၏ရှေ့တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။

 

ထိုသူတို့က သူ့ကို မော့ကြည့်နေစရာမလိုတော့ချေ။

 

ယဲ့ကျိုးသည် သူ၏ဘဝတွင် တစ်ခါမှမပြောဖူးသည့် အနူးညံ့ဆုံးအသံနှင့် ချဉ်းကပ်ရလွယ်ကူသည့် အပြုံးတစ်ခုကို အတင်းအကျပ်ပြုံးကာ ပြောလိုက်သည်။ "ဘာစားချင်လဲ? အထဲကို ဝင်ထိုင်ဦးလေ။"

 

သူသည် သူ၏ဘဝတွင် ဤမျှနူးညံ့ဖူးခြင်းမျိုး မရှိခဲ့ပေ။

 

သူ့ကိုယ်သူလည်း နူးညံ့ဟန်ဆောင်နေသည်ဟု ခံစားမိ၏။

 

သို့သော် ဤအသံသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် လူနှစ်ဦးအား အလွန်ကောင်းမွန်စွာ နှစ်သိမ့်ပေးလိုက်နိုင်သည်။

 

ယဲ့ကျိုးသည် အဒေါ်ကြီး၏ နှုတ်ခမ်းများ ပွင့်ချည်ပိတ်ချည် လုပ်နေသည်ကို မြင်လိုက်၏။ ထို့နောက် သူ(မ)က စကားတစ်ခွန်းကို အတင်းအကျပ် ထုတ်ပြောလာသည်။ "နတ်မင်း… ကျွန်တော်မျိုးမ နတ်မင်းကို တောင်းပန်…"

 

သူတို့သည် ပြောရန်ကြိုးစားနေသည့် စကားများကို ပြီးဆုံးအောင် မပြောနိုင်တော့ပေ ။ စကားတစ်ဝက်ခန့်တွင် ဦးခေါင်းများ စောင်းသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

 

ယဲ့ကျိုး: "..."

 

သူ တောင့်တောင့်ကြီးဖြစ်သွား၏။

 

သူတို့ သေများသွားကြတာလား?...