Chapter 2
Viewers 2k

အပိုင်း (၂)

 

 

စူပါမားကတ်၏ ဝင်ပေါက်အနီးရှိ လုံခြုံရေးအနားယူဆောင်ထဲတွင် ယဲ့ကျိုးတစ်ယောက် ပါးစပ်ထဲ အစာများကို အလွန်အမင်း ထိုးသွပ်နေကြသော မိခင်နှင့်သမီး နှစ်ယောက်ကို ကြည့်နေ၏။ လူတစ်ဦးတစ်ယောက်သည် သားရဲတိရစ္ဆာန်များကဲ့သို့ စားသုံးနေသည်ကို မြင်တွေ့ရသည်မှာ သူ၏ဘဝတွင် ပထမဆုံးပင်ဖြစ်သည်။ ထိုအမျိုးသမီးနှစ်ဦးအား စူပါမားကတ်အတွင်းသို့ ခေါ်မလာမီအထိ ထိုသူတို့သည် အမျိုးသမီးများဖြစ်သည်ကို သူ မသိခဲ့ပေ။

 

လူတစ်ယောက်ကို ရုပ်ရည်ဖြင့်သာ ကြည့်၍ ယောကျ်ားလား၊ မိန်းမလား ခွဲခြား၍မရနိုင်သည်မှာ အမှန်ပင်။

 

သူတို့သည် အလွန်ပိန်ချုံးနေကြသည်မို့ မိန်းမတို့၏ နူးညံ့ပျော့ပျောင်းသည့် အလှအပများပင် ပျောက်ဆုံးနေပေပြီ။

 

ထိုနှစ်ယောက်အနက်မှ အသက်ကြီးသောသူသည် သေဆုံးသွားခြင်းမဟုတ်ဘဲ အလွန်အမင်း ဝမ်းသာအားရမှုကြောင့်သာ မေ့လဲသွားခဲ့ခြင်းဖြစ်၏။ ပြန်လည်နိုးလာသောအချိန်သည် ဆန်ပြုတ်၏ရနံ့ကို ရရှိခဲ့သောကြောင့်ဖြစ်သည်။

 

ယဲ့ကျိုးသည် ဤအချိန်တွင် သူတို့ကို မည်သည့်မေးခွန်းမျှ မမေးမြန်းလိုသေးပေ။ ထို့ကြောင့် သူတို့အား အရင်စားစေရန် ခွင့်ပြုထား၏။

 

မိခင်ကော သမီးပါ ဇွန်းများကို အသုံးပြုခြင်းမရှိဘဲ အစားအသောက်များကို လက်ဖြင့် တိုက်ရိုက်ယူကာ စားသောက်နေကြသည်။ ထမင်းစေ့တစ်စေ့ကိုပင် မလွတ်တမ်းစားသုံးကြပြီး၊ အစာစားပြီးသောအခါတွင်မူ ပန်းကန်၏အောက်ခြေရှိ ထမင်းရည်များကိုပင် လျှာဖြင့် လျက်ခဲ့ကြသည်။

 

သူတို့၏စားသောက်ပုံမှာ ကြည့်ရဆိုးလွန်းသည်ဟုသာ ဖော်ပြနိုင်ပေသည်။

 

ယဲ့ကျိုးတစ်ယောက် ရေရှည်ဆာလောင်နေသူများသည် တစ်ကြိမ်တည်းနှင့် အလွန်အကျွံစားသုံး၍ မရနိုင်သည်ကို သတိရမိခဲ့သည့်အတွက် ပျော်ရွှင်သွားသည်။ အသားများကိုလည်း စား၍မရနိုင်သောကြောင့် ဟင်းသီးဟင်းရွက်စိမ်းများပါသည့် အသင့်စား ဆန်ပြုတ်နှစ်ဘူးကိုသာ သူတို့အတွက် အပူပေးခဲ့၏။

 

သူ၏ဤလိုလားမှုသည် မိခင်နှင့်သမီးအား ရင်ထဲတွင်ထိမိစေခဲ့သည်ကို ယဲ့ကျိုးတစ်ယောက် မသိပေ။

 

သို့သော် သူကိုယ်တိုင်မှာမူ အလွန်ပင် စိတ်လှုပ်ရှားမိခဲ့သည်။

 

မိခင်နှင့်သမီးသည် စားပြီးသောအခါ၌လည်း ဗိုက်ဆာနေကြသေး၏။ သူတို့၏ဗိုက်များသည် အမြဲတစေ ပြားချပ်နေခဲ့သော်လည်း ဗိုက်ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ သူတို့၏ပါးစပ်များမူ ပြည့်ဝနေတော့မည်မဟုတ်ပေ။

 

ရေရှည်ဆာလောင်ခဲ့ရခြင်းကြောင့် သူတို့သည် မည်သည့်အစားအစာကိုမျှ စွန့်လွှတ်၍ မရတော့ချေ။ သူတို့စားနိုင်သမျှ ဆက်လက်စားသုံးနေကြတော့သည်။

 

ဇာတိမြေတွင် နေထိုင်ခဲ့စဉ်ကပင် သူတို့သည် ထမင်းဖြူကို မစားခဲ့ကြရပေ။ သူတို့၏မိသားစုသည် စပါးစိုက်ပျိုးကြသော်လည်း မြေငှားခနှင့် အခွန်အခများကို ပေးဆောင်ပြီးနောက် ကျန်ရှိသည့်စပါးမှာ သူတို့မိသားစုအတွက် တစ်နှစ်တာလုံး မလုံလောက်ခဲ့။ ထို့ကြောင့် သူတို့သည် စပါးများကို ရောင်းချပြီး စျေးသက်သာသည့် အစားအစာများကို ဝယ်ယူစားသုံးခဲ့ကြရသည်။

 

စပါးအထွက် မကောင်းသောအခါတွင်မူ သူတို့သည် သစ်ရွက်ခြောက်များကို စားသုံးခြင်းဖြင့်သာ အသက်ရှင်နေထိုင်ခဲ့ကြရသည်။

 

အိမ်တွင် ကြက်များ ရှိခဲ့သော်လည်း ကြက်များကို ဥစေရန်အတွက်သာ မွေးမြူထားပြီး၊ ဥများကို စုဆောင်းကာ မြို့တွင် ဆားနှင့် အပ်ချည်များ ဝယ်ယူရန် ရောင်းချခဲ့ကြရ၏။

 

ချောင်အာမှာ သူ(မ) လူမှန်းသိတတ်စအချိန်မှစ၍ ထမင်းဖြူကို တစ်ခါမျှ မစားဖူးခဲ့ချေ။ နတ်မင်းက အနည်းငယ်သာ ပေးခဲ့သည်ဟု မခံစားရသော်လည်း၊ သူ(မ)စားသည့်နှုန်းမှာ အလွန်မြန်ဆန်ခဲ့သည့်အတွက် အစာ၏အရသာကို သေသေချာချာ မမြည်းစမ်းရမီ ကုန်သွားသည်ကိုသာ မိမိကိုယ်မိမိ ပြန်လည်မုန်းတီးမိသည်။

 

“စားလို့ပြီးပြီလား?” ချောင်အာသည် နူးညံ့သော ယောက်ျားတစ်ဦး၏အသံကို ကြားလိုက်ရ၏ ။

 

ဤအသက်အရွယ်အထိပင် ဤမျှနူးညံ့သိမ်မွေ့သော အသံကို သူ(မ)တစ်ခါမျှ မကြားဖူးခဲ့ချေ။

 

သူ(မ)သည် ထိုသူ့ကို မကြည့်ဝံ့သလို၊ ခေါင်းပင်မော့၍ စကားမပြောရဲတော့ပေ။

 

သူ(မ)၏အသံသည် ခြင်တစ်ကောင်၏အသံကဲ့သို့ ဖြစ်နေသည်။ “နတ်… နတ်မင်း… ပြီးပါပြီ… စားလို့ပြီးပါပြီ…”

 

ယဲ့ကျိုး : “ခင်ဗျားတို့ အချိန်အကြာကြီး ဆာခဲ့တာမို့ တစ်ပြိုင်တည်း အများကြီး မစားသင့်ဘူး၊ စားရင် ဗိုက်ပေါက်ထွက်သွားလိမ့်မယ်” 

 

ချောင်အာတစ်ယောက် ထိုစကားကို နားမလည်သော်လည်း နတ်မင်းပြောသည်မှာ မှန်ကန်သည်ဟု ယူဆမိ၏။

 

နတ်မင်းက သူ(မ) ထပ်စားပါက ဗိုက်ပေါက်ထွက်သွားလိမ့်မည်ဟု ပြောခဲ့သောကြောင့် ဗိုက်ပေါက်ထွက်သွားမည်မှာ သေချာပေသည်။

 

“နတ်မင်း… ကျွန်တော်မျိုးမ ဦးချပါရစေ…” ချောင်အာ၏မိခင်သည် စားပွဲကို လက်တစ်ဖက်ဖြင့် ထောက်ကာ ထိုင်ခုံကို ခြေတစ်ချောင်းဖြင့် ရွေ့လျားစေပြီး ယဲ့ကျိုးထံသို့ ထပ်မံ၍ ဒူးထောက်ဦးချရန် ပြင်ဆင်နေတော့သည်။ သူ(မ)သည် တောသူတစ်ဦးဖြစ်ပြီး၊ သူ၏ဘဝတွင် မြေပိုင်ရှင်ထက် ပိုမို၍ ကြည်ညိုဖွယ်ကောင်းသောသူကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဒူးထောက်ဦးချခြင်းမှအပ အခြားဘာလုပ်ရမည်ကို သူ(မ) မသိတော့။

 

သူ(မ)သည် အပျိုဘဝတုန်းက မိဘများနှင့်အတူ ဘုရားဖူးသွားခဲ့ဖူးသည်။ မိဘများက ဦးခေါင်းကွဲသည်အထိ ဦးချပါက စိတ်ရင်းမှန်သည်ဖြစ်ပြီး၊ ဘုရားရှင်က ကောင်းချီးပေးလိမ့်မည်ဟု ပြောဖူး၏။

 

သူ(မ)ကို ကယ်တင်ခဲ့တာက ဘုရားမဟုတ်ဘဲ နတ်တစ်ပါး ဖြစ်နေလျှင်တောင် ခေါင်းကို ရိုက်ခွဲလိုက်လျှင် အဲဒါကို စိတ်ရင်းမှန်လို့ ခေါ်နိုင်မလား?

 

ချောင်အာလည်း သူ(မ) ဦးမချရသေးသည်ကို သတိရမိပြီး ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖတ်ဖြူလျော်ဖြစ်ကာ၊ ထိုင်ခုံကို အလျင်အမြန်တွန်း၍ မြေပေါ်သို့ ဒူးထောက်ချရန် ပြင်ဆင်တော့သည်။

 

ယဲ့ကျိုးတွင်မူ လျင်မြန်သော မျက်လုံးနှင့် လက်များရှိသည်။ သူသည် လက်တစ်ဖက်စီဖြင့် မိခင်နှင့်သမီးကို ထိန်းထားလိုက်သည်။ အကယ်၍ ထိုနှစ်ဦး ဒူးထောက်ဦးချခဲ့ပါက အသက်ဆုံးရှုံးနိုင်ချေရှိသည်ဟု သူ တွေးမိသည်။

 

“ခင်ဗျားတို့မှာ သွားစရာနေရာ ရှိလား?” ယဲ့ကျိုး မေးမြန်းလိုက်သည်။

 

ဤမေးခွန်းသည် မိခင်နှင့်သမီး၏အာရုံကို လမ်းကြောင်းပြောင်းသွားစေသည်။ သူတို့သည် ယဲ့ကျိုး၏ထိန်းထားမှုကြောင့် တွန့်ကွေးကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

 

ချောင်အာ၏မိခင်သည် မျက်တောင်ခတ်လိုက်သော်လည်း မျက်ရည်တစ်စက်ပင် မထွက်ပေါ်လာတော့ချေ။ သူ(မ)၏မျက်ရည်များသည် လွန်ခဲ့သောအချိန်ကတည်းကပင် ခန်းခြောက်နေခဲ့ပြီးဖြစ်သည်။ သူ(မ)၏ခန္ဓာကိုယ်မှ အရေပြားကို လှီးဖြတ်လိုက်လျှင် သွေးထွက်နိုင်သေးသော်လည်း မျက်ရည်ကမူ သူ(မ)၏လျှာကို ကိုက်လိုက်သည့်တိုင်အောင်ပင် ကျနိုင်မည်မဟုတ်ပေ။

 

“နတ်မင်း… နတ်မင်း… ကျွန်တော်မျိုးမတို့ နတ်မင်းရဲ့ နွားတွေ၊ မြင်းတွေ ဖြစ်ပါ့မယ်… ဘာမဆိုလုပ်နိုင်ပါတယ်…” ချောင်အာ၏မိခင်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “နတ်မင်း ကျွန်တော်မျိုးမတို့ နှစ်ယောက်ကို နေခွင့်ပြုပါ… နတ်မင်း ဘာပဲခိုင်းခိုင်း ကျွန်တော်မျိုးမ လုပ်ပါ့မယ်… ဘာမဆို လုပ်ပါ့မယ်…”

 

အကယ်၍ ယဲ့ကျိုးသာ သူ(မ)ကို ထိန်းထားခြင်းမရှိခဲ့ပါက သူ(မ)သည် ယခုအချိန်တွင် ဦးခေါင်းကို ထပ်မံရိုက်ခွဲနေချေပြီ။

 

ယဲ့ကျိုးသည် သူတို့အား လောဘကြီးလွန်းသည်ဟု မယူဆချေ။ ဤမျှအဖြစ်ဆိုးနှင့်ကြုံတွေ့နေရသူများ အနေဖြင့် နောက်ဆုံး၌ မျှော်လင့်ချက်လေးတစ်ခုကို တွေ့ရှိလာသောအခါ နေထိုင်ခွင့်တောင်းဆိုခြင်းမရှိပါက အံ့ဩစရာပင် ဖြစ်ပေလိမ့်မည်။

 

ထို့အပြင် ယဲ့ကျိုးသည်လည်း ထိုသူတို့ကို တကယ်ပင် လိုအပ်နေပေသည်။

 

ဤလောကကို နားလည်ရန်အတွက် ယဲ့ကျိုး လမ်းပြတစ်ဦးကို လိုအပ်သည်။

 

ထိုနှစ်ယောက်သည် အားနည်းသူများဖြစ်ပြီး၊ သူတို့၏ကိုယ်ပေါ်တွင်လည်း အခြေအနေနှင့် မကိုက်ညီသော မည်သည့်အရာမျှ မရှိပေ။ ၎င်းတို့တွင် မကောင်းသော ရည်ရွယ်ချက်များရှိခဲ့လျှင်ပင် ယဲ့ကျိုးမှာ ထိုသူတို့ကို ထိန်းချုပ်နိုင်ပေသည်။ အခြားသော သန်မာသည့် ယောကျ်ားတစ်ဦးကို ရှာဖွေခြင်းထက် ဤနှစ်ယောက်က ပို၍ကောင်းမွန်၏။ အကယ်၍ တစ်ဖက်လူတွင် မကောင်းသောရည်ရွယ်ချက်များ ရှိခဲ့ပါက ယဲ့ကျိုးသည် သူနှင့် တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

 

မည်သို့ပင်ဆိုစေကာမူ ယဲ့ကျိုးသည် သိုင်းပညာ သို့မဟုတ် လက်ဝှေ့ပညာကို မသင်ယူခဲ့ဖူးပေ။ အများဆုံးမှာ ပြေးခြင်း၊ ဘတ်စကတ်ဘောနှင့် ဘောလုံးကစားခြင်းတို့သာဖြစ်ပြီး ၎င်းတို့သည်လည်း မကြာခဏ လုပ်ဆောင်ခဲ့ခြင်းမျိုး မဟုတ်ပေ။

 

သူ့တွင် တိုက်ခိုက်ခြင်း အတွေ့အကြုံများပင် မရှိ။ ငယ်စဉ်ကတည်းကပင် စာရိတ္တကောင်းမွန်ပြီး ပညာရပ်တွင် ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။

 

ထို့အပြင် သူ ဘတ်စကတ်ဘောကစားရခြင်း၏ အကြောင်းရင်းမှာ ဘတ်စကတ်ဘောကစားခြင်းက ကြည့်ကောင်းသောကြောင့်သာ ဖြစ်သည်။

 

“နေချင်ရင်တော့ နေလို့ရတယ်” ယဲ့ကျိုးသည် ဤအခွင့်အရေးကို အသုံးချကာ လိုအပ်ချက်တစ်ခုကို ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့ရဲ့ဆံပင်ကို ရိတ်ပစ်ရမယ်… မဟုတ်ဘူး… ခင်ဗျားတို့ကိုယ်ပေါ်က အမွှေးတွေအကုန်လုံးကို ရိတ်ပစ်ရမယ်”

 

အခြားသူများမှာ အမျိုးသမီးများဖြစ်နေသောကြောင့် သူ အနည်းငယ်ရှက်ရွံ့နေခဲ့သော်လည်း ထိုရှက်ရွံ့မှုကို ဖိကာ တည်ငြိမ်သောမျက်နှာဖြင့် ပြောလိုက်သည်။ “ကျွန်တော့်စူပါမားကတ်ထဲမှာ အစားအသောက်တွေနဲ့ ပစ္စည်းတွေ အများကြီးရှိတယ်… ခင်ဗျားတို့ကိုယ်ပေါ်က သန်းတွေသာ ဒီထဲရောက်လာခဲ့ရင် သေချာပေါက် ဒုက္ခရောက်ကုန်လိမ့်မယ်”

 

“အဝတ်အစားလည်း လဲရမယ်” ယဲ့ကျိုးက ဆက်ပြောသည်။ “နောက်မှ ကျွန်တော် သွားယူခဲ့မယ်… ရေချိုးတဲ့အချိန်ကျ ခေါင်းကဆံပင်ရော၊ ကျန်တာရော အကုန်ရိတ်ပြီးမှ အဝတ်အစားလဲ”

 

ပြောပြီးသည်နှင့် ယဲ့ကျိုးတစ်ယောက် အပြင်သို့ ထွက်ခွာသွားတော့သည်။

 

ဘာဆက်ပြောရမည်ကို သူ တကယ်မသိတော့ပေ။ အကယ်၍ သူ မေးခွန်းများမေးလိုခဲ့လျှင်ပင် သူတို့ အနားယူပြီးမှသာ မေးမြန်းသင့်ပေမည်။

 

မဟုတ်ပါက ထိုသူတို့၏ လက်ရှိစိတ်ခံစားမှုအပြောင်းအလဲများကြောင့် မေးမြန်းခြင်းမှာ အကျိုးမရှိနိုင်ပေ ။

 

ယဲ့ကျိုးသည် စူပါမားကတ်အနောက်ဘက်ရှိ အမှိုက်ပုံးဆီသို့ ဦးစွာသွားပြီး ရေပိုက်ဖြင့် ရေချိုးလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ သန်းများကို ကာကွယ်ရန်အတွက် သူ၏အဝတ်အစားများကိုပင် လွှင့်ပစ်လိုက်ပြီး ဆံပင်ကို ဆာလ်ဖာဆပ်ပြာဖြင့် ဆေးကြောခဲ့သည်။ ဆာလ်ဖာဆပ်ပြာက အသုံးဝင်သည်ကို သူ မသိခဲ့သော်လည်း ခေါင်းလျှော်ရည်ထက် ပိုကောင်းလိမ့်မည်ဟု ယူဆ၏။

 

သူ့ဆံပင်ကို ရေချိုးခေါင်းစွတ်ဖြင့် တင်းကျပ်စွာ ပတ်လိုက်သည်။

 

မိခင်နှင့်သမီးကိုလည်း အဆင်ပြေစေရန်အတွက် ရေထဲတွင် ပိုးသတ်ဆေးနှင့် ရောနှော၍ သူတို့၏ဆံပင်ကို ဆေးကြောပေးတော့မည်။

 

သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီးနောက် ယဲ့ကျိုးသည် အနောက်တံခါးမှတစ်ဆင့် စူပါမားကတ်အတွင်းသို့ ဝင်သွားပြီး အမျိုးသမီးဝတ် အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်နှစ်စုံကို ဦးစွာသွားယူခဲ့သည်။ အင်္ကျီလက်တိုများကို ယူပြီးနောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားကာ ကုတ်အင်္ကျီနှစ်ထည်ကိုပါ ထပ်ယူလိုက်သည်။

 

ထိုနောက် သူသည် မုတ်ဆိတ်ရိတ်ဓားနှစ်လက်ကိုပါ ယူဆောင်ခဲ့၏။

 

ပြီးနောက် ဆပ်ပြာတစ်တုံးပါ ထပ်ယူလာခဲ့သည်။

 

သူတို့၏ဆံပင်မှာ အလွန်ခြောက်သွေ့ပြီး အဝါရောင်သန်းနေကာ လက်ချောင်းနှင့်တစ်ချက်ထိရုံဖြင့်ပင် ပြတ်ကျနိုင်သောကြောင့် ခေါင်းလျှော်ရည်ယူရန် မလိုအပ်တော့ချေ။

 

လုံခြုံရေးအနားယူဆောင်ထဲတွင် ရေချိုးခန်းတစ်ခု ဆောက်လုပ်ထားသည်။ မူလကပင် ဤစူပါမားကတ်သည် ၂၄ နာရီ ဖွင့်လှစ်ထားသည့်အတွက် ပြင်ဆင်နေစဉ်အတွင်းကပင် ယဲ့ကျိုးတစ်ယောက် ဆိုင်အပြင်အဆင်အဖွဲ့အား ရေချိုးခန်းသည် လုံးဝအပြည့်အစုံရှိရန်မလိုဘဲ ရေနွေးထွက်နိုင်ရုံသာမက ဘာမှ မရှိလျှင်တောင်မှ ရေချိုးရလွယ်အောင် စီစဉ်ပေးပါဟု အထူးသဖြင့် ပြောကြားခဲ့ပေသည်။

 

ယဲ့ကျိုး အလုပ်ရှုပ်နေချိန်တွင်မူ အနားယူဆောင်၌ နေထိုင်သည့် မိခင်နှင့်သမီးသည် တစ်ခဏတာပင် ငြိမ်သက်၍ မနေနိုင်ကြချေ။

 

သူတို့ ယခုလေးတင် သောက်သုံးခဲ့သော ဆန်ပြုတ်သည် သူတို့၏အားအင်များကို ပြန်လည်ဖြည့်တင်းပေးခဲ့ပြီး၊ အနားယူဆောင်အတွင်းရှိ အရာအားလုံးမှာ သူတို့အတွက် ဆန်းသစ်နေ၏။ ထိုနှစ်ဦးသည် သူတို့၏မျက်လုံးများကို ဆွဲထုတ်ကာ မျက်နှာကျက်ပေါ်တွင် ချိတ်ထားပြီး ဤနေရာရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်စေရန် ဆန္ဒပြုမိကြသည်။

 

“အဲ့ဒီ မီးက တကယ်ကို လင်းထိန်‌နေတာပဲ” ချောင်အာ၏မိခင်က အံ့ဩစွာဖြင့် ပြောလိုက်သည်။

 

ချောင်အာသည်လည်း ခေါင်းညိတ်လိုက်ပြီး တိုးလျစွာ ပြောလိုက်သည်။ “အမေ… ဒါက ကျွန်မတို့ မြင်ဖူးတဲ့ မီးအိမ်မဟုတ်တာတော့ သေချာတယ်… မြေပိုင်ရှင်တွေသုံးတဲ့ ဆီမီးခွက်တွေတောင် ဒီလောက်မလင်းဘူး… ဒီမီးအိမ်က လောင်နေတာလည်း မဟုတ်ဘူး… ဒါက နတ်မီးအိမ်ဖြစ်ရမယ်… ဒီနေရာက နတ်နန်းတော်ဖြစ်လောက်တယ်”

 

ချောင်အာ၏မိခင်သည် သမီးဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ “ငါတို့ နတ်မင်းရဲ့နွားတွေနဲ့ မြင်းတွေဖြစ်တော့မှာ… ငါတို့ ဒီမှာနေရမယ်”

 

ချောင်အာသည် ပြင်းပြင်းထန်ထန်ပင် ခေါင်းညိတ်လိုက်သည်။ သူ(မ)သည် အိုမင်း၍ သေဆုံးသည်အထိပင် အလုပ်လုပ်ခဲ့ရလျှင်လည်း ဤနေရာတွင် နေလိုပေသည်။

 

အကယ်၍ ဤနေရာကို စောစောစီးစီး ရှာဖွေနိုင်ခဲ့ပါက သူ(မ)၏ဖခင်နှင့် မောင်ငယ်တို့ သေဆုံးမည်မဟုတ်ချေ။ သူ(မ)၏ ဒုတိယညီမလေး  ရောင်းစားခံရမည်မဟုတ်သလို၊ အငယ်ဆုံးညီမလေးကိုလည်း စွန့်ပစ်ခဲ့မည်မဟုတ်ပေ ။

 

ထိုအချိန်တွင် သူ(မ)၏မိခင်က သူ(မ)ကိုပင် ရောင်းချလိုခဲ့သည်။ အကယ်၍ ရောင်းချနိုင်ခဲ့ပါက ဝယ်သူက သူ(မ)ကို မည်သည့်အတွက်ပင် ဝယ်သည်ဖြစ်စေ စပါးနှင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ သူ(မ)သည် အငတ်ဘေးဖြင့် သေဆုံးမည်မဟုတ်ဟု ယူဆခဲ့သည်။

 

သို့သော် ချောင်အာက ထွက်ခွာရန် မရဲခဲ့ချေ။ သူ(မ) ထွက်ခွာခဲ့လျှင် သူ(မ)၏မိခင်သည် တကယ်ပင် အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

 

ကလေးမွေးဖူးသည့် အမျိုးသမီးတစ်ဦးကို မည်သူကမျှ ဝယ်ယူလိုမည်မဟုတ်ချေ။

 

“ညီမလေးကို မရောင်းခဲ့သင့်ဘူး…” ချောင်အာသည် လည်ချောင်းနာအောင် ငိုကြွေးရင်း “အာရာက ထမင်း တစ်ခါမှ မစားဖူးခဲ့ဘူး…”

 

ချောင်အာ၏မိခင်သည် တိတ်ဆိတ်စွာပင် ခေါင်းငုံ့ထားသည်။ သူ(မ)သည် အတိတ်ကို ပြန်စဉ်းစားရန် မရဲသလို၊ သူ(မ)၏ကလေးများအကြောင်းကိုလည်း ပြန်လည်မစဉ်းစားရဲတော့ပေ။ အကယ်၍ ချောင်အာသာ သူ(မ)နောက်သို့ လိုက်မလာခဲ့ပါက သူ(မ)သည် တောင်ကုန်းတစ်ခုကို ရှာပြီး မိမိကိုယ်ကိုယ် ခုန်ချသေဆုံးခဲ့ပေလိမ့်မည်။

 

ဘဝက ခါးသီးလွန်းလှ၏။ အရိုးများပင် ခြောက်သွေ့သွားသည်အထိ ခါးသီးလှသည်။

 

တံခါးခေါက်သံကြားလိုက်သောအခါ မိခင်နှင့်သမီးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

 

သူတို့သည် ယဲ့ကျိုး၏အသံကို ကြားလိုက်ရ၏။ “ကျွန်တော် ဝင်လာလို့ရမလား?”

 

ချောင်အာ၏မိခင်သည် လျင်မြန်စွာပင်  ပြောသည် “နတ်မင်း၊ ကြွပါ” 

 

ယခုတစ်ကြိမ်တွင် ယဲ့ကျိုးသည် လုံးဝအပြည့်အစုံပြင်ဆင်ပြီးမှသာ အနားယူဆောင်အတွင်းသို့ ဝင်လာခဲ့၏။ ရေချိုးခေါင်းစွတ်ကို ဝတ်ဆင်ရုံသာမက တစ်ခါသုံးမိုးကာကိုပါ ဝတ်ဆင်ထားပြီး၊ လက်ကောက်ဝတ်များကိုလည်း ရော်ဘာကွင်းများဖြင့် တင်းကျပ်စွာ ချည်ထား၏။ သန်းများအတွင်းသို့ ခိုးဝင်လာမည်ကို သူ ကြောက်ရွံ့နေပေသည်။ မိခင်နှင့်သမီးအတွက် အဝတ်အစားများနှင့် ရေချိုးပဝါများကိုလည်း တင်းကျပ်စွာပိတ်ထားသော အိတ်များအတွင်းတွင် ထည့်ထား၏။

 

“ကျွန်တော် ရေနွေးနည်းနည်း ယူလာပေးမယ်… ရေချိုးပြီးရင် အပြင်ကိုထွက်ပြီး အဝတ်လဲကြ” ယဲ့ကျိုးက ဆက်ပြောသည်။ “ကျွန်တော် ခင်ဗျားတို့ကို မကြည့်ပါဘူး”

 

မိခင်နှင့်သမီးမှာ ထွက်ပြေးလာသည့်လမ်းတွင် အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီမို့ ရှက်ရွံ့သည့်အမူအရာ မရှိချေ။

 

သူ(မ)က စိတ်ပူပန်စွာဖြင့်သာ ပြောလိုက်သည်။ “နတ်မင်း… ကျွန်တော်မျိုးမတို့ ဒီလိုကောင်းတဲ့ အဝတ်အစားတွေနဲ့ မထိုက်တန်ပါဘူး…”  

 

ယဲ့ကျိုးသည် ရေချိုးခန်းဆီသို့ လျှောက်သွားပြီး ရေပန်းကို ဖွင့်ကာ ရေအပူချိန်ကို ချိန်ညှိလိုက်ပြီး ပြောလိုက်သည်။ “အဝတ်အစားတွေက လူတွေဝတ်ဖို့အတွက်လေ… ထိုက်တန်တယ်၊ မထိုက်တန်ဘူးဆိုတာ ဘယ်ကနေရောက်လာတာလဲ?”

 

ရေ၏အပူချိန်က သိပ်မကွာတော့သည်ကို ခံစားမိသောအခါ ယဲ့ကျိုးက “သွားချိုးကြတော့… ရေချိုးပြီးရင် အပြင်ထွက်ပြီး အဝတ်လဲ… ပြီးရင် ကျွန်တော့်ကို ခေါ်လိုက်… အိပ်မယ့်နေရာ လိုက်ပို့ပေးမယ်”

 

ချောင်အာက အံ့အားသင့်သွားပြီး “နတ်မင်း… ကျွန်မတို့က တံခါးနားမှာပဲ အိပ်လို့ရပါတယ်…” 

 

ယဲ့ကျိုးသည် လက်ယမ်းကာ “မဟုတ်တာ… ကျွန်တော် အကုန်စီစဉ်ပေးမယ်” 

 

သူတို့ စူပါမားကတ်ရှိ အနားယူဆောင်သို့ သွားနေစဉ်အတွင်းတွင် ယဲ့ကျိုးက အခန်းထဲ၌ ပိုးသတ်ဆေးဖျန်းရန် ပြင်ဆင်နေသည်။ အခန်းသည် ညစ်ပတ်နေသည်ဖြစ်စေ၊ ရှုပ်ပွနေသည်ဖြစ်စေ အရေးမကြီးသော်လည်း သန်းများကိုတော့ လုံးဝလက်ခံ၍ မရပေ။

 

ယဲ့ကျိုးသည် ရေချိုးပြီး၊ ရေပန်းကို ပိတ်ပုံပိတ်နည်းကိုပါ ပြောပြပြီးနောက် နောက်သို့ဆုတ်လိုက်ပြီးနောက်  စူပါမားကတ်၏တံခါးကို ဖွင့်ကာ အနားယူဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

 

လုံခြုံရေးဝန်ထမ်းများ၏အနားယူဆောင်သည် တံခါးပေါက်တွင် ရှိပြီး၊ ဝန်ထမ်းများ၏အနားယူဆောင်သည် စတိုးဆိုင်၏အတွင်းဘက်တွင် ရှိသည်။ ယဲ့ကျိုးတွင်မူ သူ့ကိုယ်ပိုင်အနားယူဆောင် ရှိပေသည်။

 

ယဲ့ကျိုးတစ်ယောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မည်သည့်အရာမျှ ထပ်ထည့်ရန်၊ သို့မဟုတ် ဖယ်ရှားရန် မရှိသည်ကို ခံစားမိ၏။

 

ဆိုင်သစ်မှာ မဖွင့်လှစ်ရသေးချေ။ ဝန်ထမ်းအနားယူဆောင်တွင် အိပ်ယာနှစ်ထပ်၊ ဗီရိုငယ်တစ်ခုနှင့် စားပွဲတစ်ခု ရှိနေသည်။ ယဲ့ကျိုးသည် စူပါမားကတ်မဖွင့်လှစ်မီက စီးပွားရေးလုပ်ငန်းကို တစ်ခါမျှ လုပ်ဖူးခြင်းမရှိ။ သူသည် ဝန်ထမ်းများကို ပိုကောင်းစွာ ဆက်ဆံပါက ဝန်ထမ်းများကလည်း စူပါမားကတ်အပေါ် ပိုမိုဂရုစိုက်လာနိုင်မည်ဟု တွေးမိသည်။

 

မည်သို့ပင်ဆိုစေကာမူ သူလုပ်နိုင်သည့်အရာအားလုံးကို လုပ်ခဲ့ပြီးပြီမို့ တစ်ဖက်လူက သစ္စာမရှိခဲ့လျှင်ပင် အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်ဘဲ အလုပ်မှ ထုတ်ပစ်နိုင်ပေသည်။

 

ဤအနားယူဆောင်သည် ယခုမှပင် အသုံးဝင်လာမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

 

မည်သို့ပင်ဆိုစေ လုံခြုံရေးအခန်းတွင် ရေချိုးခန်းရှိခဲ့သော်လည်း အိပ်ယာမူ မရှိခဲ့ချေ။ မိခင်နှင့်သမီးတို့သည် အလွန်ဆင်းရဲဒုက္ခရောက်နေကြပြီး၊ ထိုသူတို့ ကြမ်းပြင်ပေါ်တွင် အိပ်နေသည်ကို သူလက်ပိုက်ကြည့်မနေနိုင်ပေ။

 

လုံခြုံရေးအခန်းထဲတွင် မိခင်နှင့်သမီးတို့သည် ရေပန်းမှ ရေထွက်လာသည်ကို ကြည့်ကာ ဒူးထောက်နေကြ၏။

 

သူတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ ကြောင်တောင်တောင် ကြည့်နေကြ၏။

 

ဤကဲ့သို့ ရေရရှိသည့်နည်းလမ်းသည် နတ်မင်း၏နည်းလမ်းသာ ဖြစ်ပေသည် ။

 

ယခုအချိန်တွင် မြစ်ကြမ်းပြင်က ခြောက်သွေ့နေပြီမို့ နတ်မင်းတစ်ပါးသာ ရေကို ရရှိနိုင်ပေသည်။

 

မိခင်နှင့်သမီးသည် တစ်ခဏတာမျှ ထိုအရာကို ကြည့်ကာ ဒူးထောက်နေကြပြီး၊ အတူတူဝင်ရောက်၍ ရေချိုးလိုက်ကြသည်။ ရေချိုးပြီးသောအခါ အဝတ်အစားများနှင့် ရေချိုးပဝါများပါသည့် အိတ်ကို ယူဆောင်ကာ စူပါမားကတ်၏ဝင်ပေါက်ရှိ မီးရောင်အောက်တွင် အဝတ်အစားလဲလိုက်ကြသည်။

 

ယခုရာသီဥတုမှာ ပူပြင်းခြောက်သွေ့ပြီး မိုးရွာခြင်းမရှိပေ။ ညအချိန်တွင် တိုက်ခတ်သောလေပင်လျှင် နွေးထွေးနေ​ပေသည် ။ 

 

“အမေ… ဒီအင်္ကျီလက်တွေက ဘာလို့တိုနေတာလဲ?” ချောင်အာက သူ(မ)၏လက်ထဲတွင် အင်္ကျီလက်တိုကို ကိုင်ထားသည်။ သူ(မ)သည် ဤကဲ့သို့သော အင်္ကျီကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ နိုင်ငံရှိလူများသည် မည်မျှပင် ဆင်းရဲသည့်လူများဖြစ်စေ သူတို့၏လက်ဖဝါး၊ လက်နှင့် ခြေထောက်များကို ဖော်ခြင်း မရှိကြပေ။

 

ချောင်အာ၏မိခင်သည် မျက်လုံးများကိုမှေးကာ နှစ်ကြိမ်ကြည့်ပြီးနောက် ကမ္ဘာ့အတွေ့အကြုံရှိသူတစ်ဦးကဲ့သို့ပင် ဟန်ဆောင်ပြောဆိုလိုက်သည်။ “နတ်မင်းတွေရဲ့ မျက်လုံးထဲမှာ ငါတို့က သေရမယ့်သူတွေပဲ… အရိုးနဲ့ အရေခွံလေးပဲ ရှိတာ… လက်ပါမလာလည်း ဘာထူးလို့လဲ?”  

 

ချောင်အာ အထည်ကို ထိတွေ့လိုက်ပြီး သူ(မ)၏မျက်လုံးများ တောက်ပလာကာ တုံးအစွာဖြင့် “အမေ… ဒါကို ကိုင်ကြည့်ပါဦး”

 

ချောင်အာ၏မိခင်သည်လည်း လက်ကိုဆန့်ထုတ်ကာ ထိတွေ့ကြည့်လိုက်ပြီးနောက် သူ(မ)၏လက်ကို ပြန်မရုပ်နိုင်တော့ပေ။

 

ယဲ့ကျိုးက တံခါးမှတစ်ဆင့် မေးမြန်းလိုက်သည်။ “အကုန် ဝတ်လို့ပြီးပြီလား?” 

 

သူတို့သည် အဝတ်အစားများကို ဝတ်ရန် စိတ်မရှည်တော့ပေ။

 

သူတို့ ဝတ်ဆင်ပြီးသည်ကို အတည်ပြုပြီးနောက် ယဲ့ကျိုးသည် စူပါမားကတ်၏တံခါးကို ဖွင့်ကာ သူတို့အား အနားယူခန်းသို့ လိုက်ပို့ရန် ပြင်ဆင်တော့သည်။

 

မိခင်နှင့်သမီးတို့သည် စူပါမားကတ်၏ဂိတ်သို့ ခြေလှမ်းလှမ်းလိုက်သောအခါ စူပါမားကတ်အတွင်းတွင် ကွန်ပျူတာ၏အသံသည် ရုတ်တရက် ပေါ်ထွက်လာ၏ ။

 

မိခင်နှင့်သမီးသည် အသံကြောင့် အလွန်အံ့အားသင့်သွားပြီး ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်လိုက်ကြသည်။

 

မီးရောင်က သူတို့အပေါ်သို့ ကျရောက်နေပြီး၊  ရိတ်ထားသော ဦးခေါင်းထိပ်များမှ အလင်းပြန်နေ​၏။

 

ယဲ့ကျိုးသည်လည်း အနည်းငယ်ရှုပ်ထွေးနေသည်။ သူသည် ကွန်ပျူတာကို မဖွင့်ထားသလို၊ ဖွင့်ထားခဲ့လျှင်ပင် ကွန်ပျူတာက စူပါမားကတ်ရှိ ရေဒီယိုစပီကာများနှင့် ချိတ်ဆက်ထားခြင်းမရှိပေ။

 

သို့သော် ယခုအချိန်တွင် ကြည့်ရှုရန် အချိန်မရှိ။ ထို့ကြောင့် ယဲ့ကျိုးက မိခင်နှင့်သမီးကို ဦးစွာအနားယူခန်းသို့ ခေါ်ဆောင်သွားတော့သည်။

 

“မီးခလုတ်က ဒီမှာ… အိပ်တော့မယ်ဆိုရင် ဒီလို ပိတ်လိုက်လို့ရတယ်” ယဲ့ကျိုးက လက်တွေ့ပြသသည်။ “မနက်ဖြန် ခင်ဗျားတို့  လဲဖို့ နောက်ထပ်အဝတ်တွေ ယူလာခဲ့မယ်… ဒီညတော့ ခင်ဗျားတို့နှစ်ယောက် အေးအေးဆေးဆေး အနားယူကြ… ကျွန်တော် သွားတော့မယ်”

 

သူသည် တံခါးကိုပိတ်ကာ ထွက်ခွာသွားပြီး၊ သူ၏အနားယူဆောင်သို့ ပြန်ကာ ကွန်ပျူတာကို စစ်ဆေးရန် ပြင်ဆင်တော့သည်။