အပိုင်း (၁၀)
နတ်မီးအိမ်ကလေးမှ ဖျော့တော့သော အလင်းရောင် တစ်စွန်းတစ်စ ထွက်ပေါ်နေ၏။ အခန်းထဲတွင် ရေခဲ မရှိသော်ငြား ရေခဲ ရှိနေခြင်းထက်ပင် ပိုမိုအေးမြမှုကို ခံစားရေစသည် ။
ယခင်ကဆိုလျှင် လင်းယိုယွမ်မှာ နတ်မင်းများဟူသော အတွေးကို လှောင်ပြောင် သရော်မိပေလိမ့်မည်။ လူသားများက ဉာဏ်ပညာမဲ့ကာ အရာရာကို လက်တွေ့မကျဘဲ သူတို့၏မျှော်လင့်ချက်များကို ဘုရားနှင့် ဗုဒ္ဓများအပေါ် ပုံအပ်ထားကြသည်ဟု သူယုံကြည်ခဲ့၏။
တစ်ချိန်က သူသည် “နတ်မင်း” ဟူသော အတွေးအပေါ် လှောင်ပြောင် ရယ်မောခဲ့ဖူးသည်။ မည်သူတစ်ဦးတစ်ယောက်မျှ နတ်မင်းကို မြင်ဖူးခြင်း မရှိသော်လည်း၊ မိမိကိုယ်ကို နတ်မင်းဟု ကြွေးကြော်ပြီး ပရိယာယ်ဆင်ကာ လူများကို လှည့်ဖြားတတ်သူများသာလျှင် တွေ့ကြုံဖူးခဲ့၏။
သို့သော် ယခုမူ…
သူယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
လင်းယိုယွမ်တစ်ယောက် ကြည်လင်နေသော ဖန်ခွက်ကို ယူလိုက်ပြီး၊ သူ၏တံတွေးထဲတွင် အဖြူရောင်ဆေးလုံးကို ထည့်၍ ရေနှင့်အတူ မျှောချလိုက်သည်။
ကျိုင်းကောင် ကပ်ဘေးကာလအတွင်း သူသည် ကံဆိုးစွာဖြင့် တီဘီရောဂါကို ခံစားခဲ့ရသည်။
ထိုအချိန်တွင် မြို့မှာ ကစဉ့်ကလျား ဖြစ်နေ၏။ ကျိုင်းကောင်များက ကောင်းကင်ကို မှောင်မည်းသော ဧရာမပိတ်စကြီးတစ်ခုနှယ် ဖုံးအုပ်ထားသည်။ လူများက အိမ်ထဲတွင် ပုန်းမနေခဲ့ပါက အပြင်ဘက်ရှိ ကျိုင်းကောင်များက သူတို့ကို တွေ့သွားနိုင်သည်။
ကျိုင်းကောင်များက စားနိုင်သည့် အရာမှန်သမျှကို ဝါးမြိုပစ်ကြသည်။
လူများက ၎င်းတို့ကို မည်မျှပင် သတ်ရန် ကြိုးစားစေကာမူ အကုန်လုံးကို ဖယ်ရှားနိုင်ခြင်း မရှိချေ။
ထိုနေ့မှာ ကြောက်စရာကောင်းပြီး အိပ်မက်ဆိုးပမာ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ရွာများအားလုံးတွင် ကောက်ပဲသီးနှံများ ပျက်စီးကုန်သည်။ သူ ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း သူ၏ တီဘီရောဂါက ပြန်ထလာရာ သူက ရှေးဦးစွာ ဆေးကုသမှု ခံယူရပေသည်။
သို့သော်လည်း မြို့ရှိ ဆရာဝန်များမှာ ထွက်ခွာသွားကြပြီး၊ ဆုကြေးငွေ ပေးမည်ဟု ကတိပေးခဲ့သော်ငြား သူ့ကို မည်သူမျှ လာကူညီခြင်း မရှိပေ။
အိမ်ရှိ အစေခံက ဆရာဝန်တစ်ယောက်ကို ခေါ်ဆောင်လာနိုင်ခဲ့သော်လည်း ဆရာဝန်က သူ၏တီဘီရောဂါမှာ အခြေအနေ ဆိုးရွားနေပြီး၊ သူ့ကို ကုသရန် ဆေးဖက်ဝင်အပင်များ မလုံလောက်တော့ကြောင်း ပြောခဲ့သည်။ သူတို့ လုပ်နိုင်သည်မှာ သူ့ကို သက်တောင့်သက်သာဖြစ်အောင် ပြုစုပေးခြင်းသာ ဖြစ်ပြီး၊ တစ်နေ့တွင် ကုသမှုမရှိဘဲ သက်သာလာနိုင်မည်ဟု ပြောဆိုခဲ့သည်။
လင်းယိုယွမ်တွင် မျှော်လင့်ချက် သိပ်မရှိတော့ပေ။ သူသည် အသက်ရှင်ချင်စိတ် မကုန်ဆုံးသေးသလို သေချင်စိတ်လည်း မရှိပေ။
သို့သော်လည်း ကံကြမ္မာက ဤဘေးဆိုးကို သူ့အတွက် ဖန်တီးပေးခဲ့ဟန်တူပြီး၊ ရှင်ခြင်းနှင့် သေခြင်းမှာ သူ၏ ထိန်းချုပ်မှုအပြင်ဘက်တွင်သာ ရှိနေခဲ့၏။
ဆေးသောက်ပြီးနောက် သူသည် လက်ထဲရှိ ဖန်ခွက်ကို ငေးကြည့်နေခဲ့သည်။
ဖန်ခွက်က ကြည်လင်ပြီး မည်သည့်အညစ်အကြေးမျှ မရှိချေ။ သူသည် ကျောက်မျက်ရတနာ အမျိုးမျိုးနှင့် ပုလဲများကို မြင်ဖူးခဲ့သော်လည်း ဤဖန်ခွက်၏ ကြည်လင်တောက်ပမှုမှာ မည်သည့်အရာမျှ ယှဉ်နိုင်ခြင်း မရှိခဲ့ချေ။
ဤမျှ တန်ဖိုးရှိသော ကျောက်မျက်ရတနာကို ဖန်ခွက်အဖြစ် အသုံးပြုခဲ့သည်ကား…
မည်မျှ တန်ဖိုးရှိသည်ကို သူနားလည်နိုင်ခဲ့သည်။ သို့သော်လည်း မည်သည့် တုန့်ဆိုင်းမှုမျှမရှိဘဲ သူ့အား ပေးအပ်ခဲ့သည်။
နတ်မင်းများသည် သူတို့၏ ပိုင်ဆိုင်မှုများကို လောဘ မတက်ကြသည်မှာ ထင်ရှားပြီး၊ သူတို့ လိုချင်သည်မှာ စိတ်ရင်းမှန်သာ ဖြစ်၏။
“ရှင် ဒီမှာ နောက်နှစ်ရက်လောက် ဆက်နေရမယ်” ချောင်အာ၏မိခင်က မက်စ်တပ်၍ လုံခြုံရေးအခန်းထဲသို့ ဝင်လာရင်း ပြောလိုက်၏။ စူပါမားကတ်၏ အတွင်းအပြင်ရှိ လူတိုင်းက ယခု မက်စ်များကို တပ်ထားကြသည်။ အသက်ရှူရ ကြပ်သည်ဟု ခံစားရသော်လည်း နတ်မင်း၏ အမိန့်ဖြစ်သည်မို့ သူတို့ မနာခံရန် မရဲခဲ့ကြပေ။
“နတ်မင်းက ရှင် အနားယူပြီး ဖြည်းဖြည်းချင်း နာလန်ထူဖို့ လိုတယ်တဲ့။ တကယ်လို့ အမြန် ထွက်သွားဖို့ လိုတယ်ဆိုရင်လည်း ဆေးအရှိန် ဝင်နေသရွေ့တော့ အဆင်ပြေတယ်တဲ့၊ ဆေးကို ယူသွားလို့ရတယ်” ချောင်အာ၏မိခင်က ရှင်းပြလိုက်သည်။
လင်းယိုယွမ်က မေးလိုက်သည်။ “ကျန့်ကောတို့နဲ့ တခြားလူတွေကရော?”
ချောင်အာ၏မိခင်က ပြန်ဖြေလိုက်၏။ “သူတို့လား၊ အပြင်ဘက်မှာ ပစ္စည်းတွေ ဝယ်နေကြတာ။ သူတို့ ပုံစံကြည့်ရတာ စူပါမားကတ်ကို အကုန်လုံး လုံးဝ ကုန်အောင် မ,သွားတော့မယ့်ပုံပဲ”
လင်းယိုယွမ်က ထပ်မံ၍ မေးမြန်းလိုက်သည်။ “စူပါမားကတ်ဆိုတာ ဘာကို ပြောတာလဲ?”
ချောင်အာ၏မိခင်ကလည်း သိပ်မသိသောကြောင့် မှုန်ဝါးဝါး ရှင်းပြလိုက်သည်။ “စူပါမားကတ်က နတ်မင်းရဲ့ ဂူအိမ်တော်ပဲ၊ အဲဒီထဲမှာ လူ့လောကမှာ ပိုင်ဆိုင်လို့ မရနိုင်တဲ့ ပစ္စည်းတွေ ရှိတယ်။ မနက်ဖြန်ကျရင် ရှင်လည်း မက်စ်တပ်ပြီး အထဲကို ဝင်နိုင်လိမ့်မယ်”
“ရှင့်ကိုယ်ရှင် ဂရုစိုက်ပါ...” ချောင်အာ၏မိခင်က အလျင်အမြန်ပင် ပြန်ထွက်သွားသည်။
သူ(မ) ကြောက်ရွံ့နေခဲ့၏။
သူ(မ)သည် ရောဂါကို ကြောက်ခြင်းမဟုတ်၊ လင်းယိုယွမ်ကဲ့သို့သော လူချမ်းသာမျိုးရိုးများကိုသာ ကြောက်ရွံ့ခြင်းဖြစ်၏။ သူ(မ)အတွက် ထိုလူများမှာ သူ(မ)နှင့် ကွဲပြားခြားနားကြသည်။
သူတို့အားလုံးမှာ လူသားများပင် ဖြစ်သော်လည်း ကွဲပြားနေကြသည်။
သူတို့မှာ ရွှံ့မြေကဲ့သို့ မွေးဖွားခဲ့ကြပြီး လင်းယိုယွမ်နှင့် အခြားသူများမှာမူ သစ်ပင်များအဖြစ် မွေးဖွားခဲ့ကြသည်။
ရွှံ့မြေကို ခြေဖြင့်နင်းချေကြသော်လည်း သစ်ပင်များကမူ ကောင်းကင်ပေါ်သို့ မြင့်မားစွာ ရပ်တည်နိုင်ကြ၏။
စူပါမားကတ်ထဲသို့ ဝင်ရောက်ပြီး ကျန့်ကောတို့အဖွဲ့က သူတို့၏ ဈေးဝယ်လှည်းများထဲသို့ ပစ္စည်းများ ထည့်သွင်းနေသည်ကို မြင်သောအခါ ချောင်အာ၏မိခင်မှာ နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်ခဲ့သည်။
ကျောက်အာတစ်ယောက် အရာရာကို လိုချင်နေ၏!
နတ်မင်းတွင် အရာရာ ရှိနေခဲ့သည်!
ငွေဆံထိုးလေးတစ်ချောင်းသာရှိခဲ့သော်လည်း ဤပစ္စည်းများအားလုံးကို “လဲလှယ်” နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် နတ်မင်းက သေမျိုးတစ်ဦး မဟုတ်သလို စီးပွားရေးလုပ်ကိုင်သူလည်း မဟုတ်ချေ၊ သို့မဟုတ်ပါက အကြွေးပတ်လည် ဝိုင်းနေလိမ့်မည်သာ ဖြစ်သည်။
“ကျန့်ကော... ဒါကို ကြည့်ပါဦး...” ကျောက်အာက ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်လို ရယ်မောလိုက်ရာ၊ သူ၏မျက်နှာပေါ်ရှိ အမာရွတ်ပင် ပိုပြီး အသက်ဝင်လာဟန်ရှိ၏။ သူသည် သူ၏လက်ထဲမှ ပစ္စည်း – Cotton candy တစ်ထုပ်ကို မြှောက်ပြလိုက်သည်။
“ဒါက တိမ်တွေ ကျနေတာပဲ...”
ကျန့်ကောတွင် သူ့ကိုကြည့်ရန် အချိန်မရှိပေ။ သူ၏ ညီနောင်များအားလုံးမှာ လောဘကြီးသူများနှယ် သူတို့၏ ဈေးဝယ်လှည်းများထဲသို့ အရာရာကို ထိုးထည့်လိုနေကြသည်။
ဈေးဝယ်လှည်းကိုယ်တိုင်ကလည်း ကောင်းသောအရာတစ်မျိုးပင်။ ၎င်းကို မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို သူတို့ မသိခဲ့ကြပေ။ သံနှင့်တူနေသော်လည်း လုံးဝ သံမဟုတ်ချေ။ အောက်ခြေတွင် ဘီးလေးဘီးပါရှိပြီး၊ ဘီးများမှာ အဆန်းတော့ မဟုတ်သော်လည်း ဤဘီးများက အလွန်လျင်မြန်ပြီး လေးဘက်လေးတန်သို့ သွားလာနိုင်ကာ၊ သူတို့ မြင်ဖူးခဲ့သော ရှေ့သို့ သို့မဟုတ် နောက်သို့သာ သွားနိုင်သည့် ဘီးများနှင့် မတူပေ။
“တ-ကော... ” ဘေးနားမှ ညီနောင်တစ်ယောက်က သူ့ဘေးသို့ ရောက်လာ၏။ သူ၏ မျက်နှာနက်ကြီးက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ “ဒီဟာကို ကြည့်ဦး......”
ကျန့်ကောတစ်ယောက် နောက်ဆုံးတော့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး၊ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ “လာမခေါ်နဲ့... ငါအလုပ်ရှုပ်နေတယ်...”
စောင့်ကြည့်ရေးအခန်းထဲတွင် ယဲ့ကျိုးက သူ၏ ဟမ်ဘာဂါကို စားရင်း ကိုကာကိုလာကို သောက်နေ၏။
ဟမ်ဘာဂါက လတ်လတ်ဆတ်ဆတ် လုပ်ထားသည်တော့ မဟုတ်ပေ။ ၎င်းကို အပူပေးပြီး အသင့်စားရန် ဖြစ်သည်မို့ လတ်ဆတ်သောအစားအစာ၏ အရသာ မရှိသော်လည်း၊ ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်း၏။
ယဲ့ကျိုးက ဟမ်ဘာဂါအတွင်းသို့ ဆလတ်ရွက်နှစ်ရွက်နှင့် ခရမ်းချဉ်သီးတစ်လုံးကိုလည်း ထည့်လိုက်သည်။
ငွေရှင်းချိန်တွင် သူတို့၌ “ငွေ” အလုံအလောက် ရှိနေသရွေ့တော့၊ သူတို့ ဘာကို ရွေးချယ်သည်ဖြစ်စေ အရေးမကြီးတော့ချေ။
ထို့အပြင် သူတို့ရွေးချယ်ထားသော ပစ္စည်းများမှာ ဈေးကြီးခြင်း မရှိသောကြောင့် အလုံအလောက် ရှိပေလိမ့်မည်။
စူပါမားကတ်၏ ငွေရှင်းကောင်တာရှိ ငွေကြေးလဲလှယ်မှုစနစ်မှာ ယဲ့ကျိုးအတွက် အမှန်တကယ် အကျိုးရှိသည်။
၎င်းကို ဒေသခံများ၏ ဝယ်ယူနိုင်စွမ်းအပေါ် မူတည်၍ တွက်ချက်ထား၏။ ဥပမာအားဖြင့် ငွေဆံထိုးတစ်ချောင်း၏ တန်ဖိုးမှာ ဤနေရာတွင် ငွေတစ်ကျပ်သားခန့် တန်ဖိုးရှိမည်ဖြစ်ရာ တစ်ကျပ်သား၏ ဝယ်ယူနိုင်စွမ်းအပေါ် အခြေခံပြီး ငွေကြေးအဖြစ်သို့ ပြောင်းလဲခဲ့သည်။
ခေတ်သစ်ကာလရှိ ငွေတစ်ကျပ်သားတန်ဖိုးထက် ပို၏။
ထို့ကြောင့် ဤလူအုပ်စုမှာ အမှန်တကယ်တော့ ချမ်းသာကြွယ်ဝနေကြသည်။
သူတို့ကိုယ်တိုင်သာ ၎င်းကို မသိရှိခဲ့ကြခြင်း ဖြစ်၏။
သူတို့မှာ ခရီးကို အလျင်စလို သွားရမည်ကိုလည်း သိရှိခဲ့ကြသည်။ ချောင်အာ၏မိခင်က သူတို့ တည်းခို၍ မရနိုင်ကြောင်း ပုဂ္ဂိုလ်ရေးအရ ပြောပြခဲ့သောကြောင့် သူတို့ ဈေးဝယ်လှည်းများထဲသို့ ထည့်သွင်းထားသော ပစ္စည်းအများစုမှာ အသားခြောက်များနှင့် ဘီစကစ်များ ဖြစ်ကြသည်။
ဖြစ်နိုင်သည်မှာ ဆာလောင်မှုကြောင့် သူတို့က အစားအစာများကိုသာ အများဆုံး ရွေးချယ်ခဲ့ကြပြီး၊ ၎င်းတို့အားလုံးမှာ သယ်ဆောင်ရန် လွယ်ကူသော အခြောက်ခံထားသော စားသောက်ကုန်များဖြစ်၏။
သူတို့က ကြွေထည်နှင့် ဖန်ခွက်များကို လိုချင်ခဲ့ကြသော်လည်း ဤပစ္စည်းများမှာ ကွဲလွယ်ပြီး သူတို့၏ ခရီးတွင် မူလပုံစံအတိုင်း ကျန်ရှိနေမည်ကို အာမခံနိုင်ခြင်း မရှိသည်ကို သူတို့သိခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် အချင်းချင်း ဆွေးနွေးပြီးနောက် သီချင်းသံပါဝင်ပြီး ဆီးနှင်းများ ဖန်တီးပေးနိုင်သော အလှဆင် ဖန်လုံးသုံးလုံးကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။
ယဲ့ကျိုးက သူတို့မှာ အတော်ပင် ဉာဏ်ကောင်းသည်ဟု တွေးလိုက်၏။ သူတို့သည် သူတို့၏ အသက်ရှင်ရပ်တည်နိုင်မှုကို အာမခံနိုင်သည့် ပစ္စည်းများကို ဦးစားပေး ဝယ်ယူကြပြီးနောက်၊ မကွဲ၊ မကြေလွယ်ပြီး မူလအတိုင်း ကျန်ရှိနေရန် အခွင့်အရေး ပိုများသော ရှားပါးကုန်ပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။ ဖန်လုံးသုံးလုံးထဲမှ တစ်လုံးတည်းပင် မကွဲဘဲ ကျန်ရှိခဲ့လျှင်ပင် သူတို့ အမြတ်အစွန်း ရရှိရန် လုံလောက်မည် ဖြစ်၏။
လောဘသည် ဒုက္ခကိုသာ ဦးတည်၏။
လူတိုင်းက ဤမူကို နားလည်ကြသော်လည်း၊ လူတိုင်းကမူ ၎င်းကို လုပ်ဆောင်နိုင်ခြင်း မရှိကြချေ။
ယဲ့ကျိုးက ရှေးခေတ်လူများမှာ မိုက်မဲသည်ဟု မတွေးခဲ့။ သူက သွေးဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်သူ အနည်းငယ်သာ ရှိသည်ဟု ယုံကြည်သည်။
လူရှင်းသော နေရာတွင် ကျောက်အာက သူ၏ငွေဆံထိုးကို ထုတ်လိုက်၏။ ကျန့်ကောကလည်း သူ၏အိတ်ထဲမှ ဓားမြှောင်ကို ထုတ်ယူလိုက်သည်။ ကျန်လူများကလည်း သူတို့တွင် ရှိသော အဖိုးအတန်ဆုံး ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်ကြ၏။
သို့သော်လည်း သူတို့ ငွေရှင်းကောင်တာရှေ့တွင် ရပ်နေစဉ် သူတို့အားလုံးမှာ စိုးရိမ်ပူပန်နေကြသည်။
သူတို့ပြသခဲ့သော ပစ္စည်းများသည် သူတို့ ဝယ်ယူရန် ရည်ရွယ်ထားသော ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက တန်ဖိုးတူညီမှု မရှိသည်မှာ ထင်ရှားသည်။
ဖန်လုံးများကို ထည့်တွက်ရန်ပင် မလို၊ အသားခြောက်များ၏ ပမာဏပင်လျှင် သူတို့ လဲလှယ်ခဲ့သော ငွေနှင့် မကာမိလောက်အောင် ဖြစ်နေခဲ့သည်။
ယဲ့ကျိုးက စောင့်ကြည့်ရေးအခန်းထဲမှ ထွက်လာခဲ့၏။ သူသည် ဝန်ထမ်းများအား ငွေပေးချေမှုများကို မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပေးရာ တစ်လကြာသွားခဲ့သည်။
ဝန်ထမ်းများသည် တရုတ်စာလုံးများ သို့မဟုတ် သင်္ချာဂဏန်းများကိုပင် မဖတ်တတ်ကြဘဲ၊ ယဲ့ကျိုးက တစ်လနီးပါး သင်ကြားပေးခဲ့သော်လည်း သင်ယူနိုင်ခြင်း မရှိခဲ့ကြပေ။ ယဲ့ကျိုးက ဆရာတစ်ယောက်အနေဖြင့် သူ၏ ညံ့ဖျင်းမှုကြောင့်လား သို့မဟုတ် ဝန်ထမ်းများ၏ ညံ့ဖျင်းမှုကြောင့်လားဆိုသည်ကို မဆုံးဖြတ်နိုင်ခဲ့ချေ။
ယဲ့ကျိုးသည် သူ့ကိုကြည့်နေကြသော ကျောက်အာနှင့် အခြားသူများ၏ အကြည့်ကို သိပ်အာရုံ မစိုက်တော့ချေ။ အချိန်ကြာလာသည်နှင့်အမျှ ဝန်ထမ်းများက ထိုသို့ကြည့်သည်ကို သူကျင့်သားရနေခဲ့၏။
“နတ်မင်း…” တစ်စုံတစ်ယောက်က အော်လိုက်ရာ ခဏအကြာတွင် ကျောက်အာနှင့် အခြားသူများမှာ မကြုံစဖူး တိတ်ဆိတ်သွားကြပြီး ယဲ့ကျိုး၏ မျက်နှာကိုပင် ကြည့်ဝံ့ခြင်း မရှိခဲ့ကြပေ။ သူတို့သည် အလျင်အမြန် ဒူးထောက်လိုက်ကြပြီး၊ ယဲ့ကျိုးက ထရန် မပြောမချင်း ဦးတိုက်တော့သည်။ သူတို့၏ နဖူးများ ကြမ်းပြင်ကို ထိမိသည့်အသံက ယဲ့ကျိုးကို ခေါင်းကိုက်စေသည်။
ယဲ့ကျိုးက ချောင်အာ၏မိခင်ကို တစ်ချက်ကြည့်လိုက်၏။
ချောင်အာ၏မိခင်က ချက်ချင်းပင် နားလည်သွားပြီး အသံကျယ်လောင်စွာ ပြောလိုက်၏။ “မြန်မြန်ထ… နတ်မင်းက ရှင်တို့ ဦးညွှတ်တာ မလိုချင်ဘူး”
ယဲ့ကျိုး : “...”
သူ၏ရည်ရွယ်ချက်က သူတို့ ဦးညွှတ်ခြင်းကို တားဆီးရန် ဖြစ်ခဲ့သော်လည်း၊ ချောင်အာ၏မိခင်ထံမှ ထိုစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ် အဆင်မပြေဖြစ်သွား၏။
ကျောက်အာနှင့် အခြားသူများက ဦးညွှတ်ခြင်းကို ရပ်တန့်ခဲ့ကြသော်လည်း ထရပ်ရန် မရဲသေးပေ။ သူတို့သည် “စူပါမားကတ်” ရှိ ထူးဆန်းသောအရာများစွာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရာ လေးစားမှုကို မပြဘဲ မနေနိုင်ခဲ့ကြချေ။
မူလက ယဲ့ကျိုးသည် ဤလူများက စူပါမားကတ်ကို မြင်ပြီးနောက် မကောင်းသောစိတ်များ ဝင်လာမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ယခုမူ သူ၏စိုးရိမ်မှုများမှာမလိုအပ်ဟု ခံစားခဲ့ရသည်။
မသိသေးသော အရာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ စိတ်လှုပ်ရှားမှုထက် ကြောက်ရွံ့မှုက အမြဲတမ်း ပို၍ကြီးမားသည်။
သူတို့မှာ စူပါမားကတ်ရှိ အရာများကြောင့် စိတ်လှုပ်ရှားနိုင်သော်လည်း၊ သူတို့ရှေ့တွင် ရပ်နေသော “နတ်မင်း” ကို ပို၍ ကြောက်ရွံ့ကြသည်။
အရာရာတိုင်းက မသိသေးသော အရာမှ စတင်၏။
ယဲ့ကျိုးက ဂြိုလ်သားယာဉ်တစ်စီးပေါ်သို့ တက်ခဲ့ရလျှင် သူသည် မလွဲမသွေ စိတ်လှုပ်ရှားမည်ဟု ခံစားမိသည်။ သို့သော် ဂြိုလ်သားများက မည်မျှပင် ဖော်ရွေစေကာမူ သူသည် သူတို့၏ ယာဉ်ကို ထိန်းချုပ်ရန် ကြိုးစားလိုစိတ် မပေါ်လာခဲ့ချေ။ ဂြိုလ်သားတွေက ရုတ်တရက် လေဆာအမြောက်ကြီး ထုတ်ပြီး သူ့ကို အရည်ပျော်အောင်လုပ်ပစ်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ?
ယဲ့ကျိုးက သူတို့ကို မကြည့်ဘဲ ငွေရှင်းကောင်တာနောက်သို့ လျှောက်သွားခဲ့သည်။ ပြီးနောက် လေးလေးနက်နက်လည်း မဟုတ်၊ ပေါ့ပေါ့တန်တန်လည်း မဟုတ်သော လေသံဖြင့် ပြောလိုက်၏။ “ထကြ”
ကျောက်အာက တိတ်တဆိတ် မော့ကြည့်လိုက်ပြီး အလျင်အမြန်ပင် ပြန်ငုံ့လိုက်သည်။
“နတ်မင်း” ဖြစ်သည်မို့ အံ့ဩစရာ မရှိချေ၊ မင်းမျိုးမင်းနွယ်များထက်ပင် ပို၍ ခန့်ညားလှ၏။ နတ်ပြည်ရှိ ပတ်ဝန်းကျင်က လူ့လောကထက် လူများကို ပို၍ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်သည်မှာ ထင်ရှားသည်။
သူတို့က မထသေးသောကြောင့် ယဲ့ကျိုးကလည်း အတင်းအကြပ် မတိုက်တွန်းတော့ချေ။
ဆယ်မိနစ်ကျော်ကြာပြီးနောက် ခေါင်းဆောင်ဖြစ်သော ကျန့်ကောက ဖြည်းဖြည်းချင်း မတ်တတ်ရပ်ဖို့ ကြိုးစားခဲ့သည်။ သူသည် ယဲ့ကျိုးကို မကြည့်ရဲသေးဘဲ ခေါင်းငုံ့ပြီး မြေပြင်ကိုသာ ကြည့်နေသည်။ သူသည် ငွေရှင်းကောင်တာဘေးသို့ ရွေ့လျားသွားပြီး၊ ကြောက်ရွံ့စွာ ခေါ်လိုက်၏။ “န-နတ်မင်း...”
ယဲ့ကျိုးက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြသော်လည်း ပြန်မဖြေခဲ့ချေ။
ကျောက်အာက ကျန့်ကော ရပ်လိုက်သော်လည်း နတ်မင်းက အပြစ်ပေးခြင်း မရှိသည်ကို သတိပြုမိသဖြင့် သူလည်း ထရပ်ပြီး ကျန့်ကောနောက်တွင် နေရာယူလိုက်သည်။
အခြားသူများကလည်း သူတို့ကို အတုယူ၍ လုပ်ဆောင်ခဲ့ကြသည်။
ယဲ့ကျိုး: “...”
ဤ “ကျန့်ကော” မှာ ခေါင်းဆောင်ဖြစ်သည်မှာ အံ့ဩစရာမရှိချေ။
သို့မဟုတ် သူက ဦးဆောင်လမ်းပြမှု မပေးခဲ့လျှင် သူတို့သည် အချိန်အကန့်အသတ်မရှိ ဒူးထောက်နေကြပေလိမ့်မည်။
ယဲ့ကျိုးသည် သူ၏အလုပ်များကို အာရုံစိုက်လိုက်ပြီး သူတို့ ထုတ်ထားသော ပစ္စည်းများကို စတင်၍ စကန်ဖတ်လိုက်သည်။
အမှန်တကယ်တော့ ဤပစ္စည်းများသည် ခေတ်သစ်တွင် တန်ဖိုး သိပ်မရှိပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ရှေးဟောင်းပစ္စည်းများ မဟုတ်သလို သူတွင်လည်း တာ့လျန်မင်းဆက်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
ငါးမင်းဆက် ဆယ်ပြည်ထောင်ကာလ ရှိခဲ့သော်လည်း၊ ထန်မင်းဆက် သို့မဟုတ် ဝူကျီထျန်းတော့ မရှိခဲ့ချေ။
{T/N : Wu Zetian – Mlbb or Hok ဆော့တဲ့ သူတွေဆို သိပါလိမ့်မယ် တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရီမင်းပါ}
ထင်ရှားသည်မှာ သူတို့သည် ခေတ်ကာလတူ မဟုတ်ကြပေ။
ဤပစ္စည်းများကို ခေတ်သစ်သို့ ပြန်ယူလာခဲ့လျှင်ပင် ဤကဲ့သို့သော လုံးဝအသစ်ဖြစ်သည့် ဆံထိုးတစ်ချောင်းသည် ဒီဇိုင်း မည်မျှပင် ကောင်းစေကာမူ ယွမ် တစ်ထောင် သို့မဟုတ် နှစ်ထောင်ဖြင့်သာ ရောင်းရပေလိမ့်မည်။ နောက်ဆုံးတွင် ၎င်းသည် မည်မျှပင် ဒီဇိုင်းကောင်းမွန်ပါစေ ဖန်စီအမှတ်တံဆိပ်တစ်ခု မဟုတ်ပေ။
သို့သော်လည်း သူတို့ကို ငွေဖြင့် တိုက်ရိုက် လဲလှယ်နိုင်ခဲ့လျှင် အခြေအနေမှာ ကွဲပြားသွားပေမည်။
ဤပစ္စည်းများသည် ဤခေတ်တွင် ဝယ်ယူနိုင်အား ကောင်းသည်။ ဆန်၏ ဒေသခံစျေးနှုန်းအပေါ် အခြေခံ၍ တရုတ်ယွမ်သို့ ပြောင်းလဲပြီးနောက် သူသည် ရင်းနှီးငွေပြန်ရရုံသာမက အတော်အတန်ပင် အမြတ် ရရှိနိုင်ပေသည်။
ကျန့်ကောနှင့် ကျောက်အာတို့၏ အဖိုးအတန်ဆုံး ပစ္စည်းများမှာ ကျွဲသား အိတ်ကြီးတစ်လုံးသာ ဖြစ်သည်။
အခြားပစ္စည်းများမှာ တစ်ခုလျှင် အများဆုံး နှစ်ဆယ်သာ ဈေးနှုန်း ရှိခဲ့သည်။
သူတို့မှာ ရောင်းဈေးများဖြစ်ပြီး မူရင်းဈေးများ မဟုတ်ပေ။
ယဲ့ကျိုး၏ မျက်လုံးများတွင် အပြုံးတစ်ခု ရှိနေ၏။ သူသည် အမှတ်တစ်ရာ စုဆောင်းရန် ခက်ခဲလိမ့်မည်ဟု မူလက ထင်ခဲ့သော်လည်း၊ အရောင်းအဝယ်တစ်ခုတည်းဖြင့်ပင် လုံလောက်ခဲ့သည်ကို သိလိုက်ရသည်။
သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ လူအများအပြား ကြည့်နေခြင်း မရှိပါက သူ ပျော်ရွှင်စွာ ခုန်ပေါက်မိပေလိမ့်မည်။
“ဘယ်တော့ ထွက်ကြမှာလဲ?” ယဲ့ကျိုးက မေးလိုက်သည်။
ကျန့်ကောတစ်ယောက် ခဏတာ ကြောင်သွားပြီး တွန့်ဆုတ်စွာ ပြန်ဖြေလိုက်၏။ “နတ်မင်း... ကျွန်တော့်ကို မေးတာလား?”
ယဲ့ကျိုးက ခေါင်းညိတ်ပြသည်။
ကျန့်ကောသည် ယဲ့ကျိုးကို မော့ကြည့်ရဲပြီး ခေါင်းညိတ်သည်ကို မြင်သောအခါ ပြောလိုက်သည်။ “နတ်မင်း၊ ကျွန်တော်တို့က အပြင်က လူကြီးမင်းကို တောင်ဘက်ကို လိုက်ပို့ပေးဖို့ လိုပါတယ်၊ အခုတော့ သူက နတ်မင်းရဲ့ဆေးကို ရလိုက်ပြီဆိုတော့...”
ယဲ့ကျိုးက ပြောလိုက်သည်။ “ဒါဆိုလည်း ဒီမှာ နှစ်ရက်လောက် နားလိုက်ကြ၊ သူ့အခြေအနေ ကောင်းလာတာနဲ့ ခင်ဗျားတို့ ခရီးစထွက်နိုင်ပြီ”
ဘုရားတစ်ဆူကို အနောက်သို့ ပို့ဆောင်ပြီးနောက် သူတို့ ထွက်ခွာသွားသောအခါ မူလယဲ့ကျိုးအဖြစ်သို့ ပြန်လာနိုင်ပေမည်။ “နတ်မင်း” အဖြစ် နှစ်ရက်သာ သရုပ်ဆောင်ရမည် ဖြစ်သည်။
ကျန့်ကောသည် နတ်မင်းနှင့်အတူ တည်းခိုပြီး တရားအားထုတ်လိုစိတ် ရှိခဲ့သော်လည်း၊ သူတွင် အသက်ကြီးပြီဖြစ်သော မိခင်၊ ဇနီးနှင့် သားသမီးများ ရှိသည်။ သူ၏ ကျဆုံးသွားသော ညီအစ်ကိုများ၏ မိသားစုများကလည်း သူ ပြန်ယူလာမည့် ငွေကို စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် သူ၏ဆန္ဒကို မဖော်ပြရဲတော့ချေ။
တစ်ဖက်တွင်မူ ကျောက်အာက ရုတ်တရက် “ဖတ်” ခနဲ အသံဖြင့် ဒူးထောက်လိုက်ပြန်ပြီး၊ ခေါင်းငုံ့ကာ ပြောလိုက်သည်။ “နတ်မင်း တပည့်အဖြစ် လက်ခံပါ”
“နတ်မင်း တပည့်အဖြစ် လက်ခံတော်မူပါ…”
သူ၏မိသားစုက သူ့ကို မလိုအပ်ပေ။ သူ၏မိဘများမှာ သူ၏အစ်ကိုကြီးနှင့်အတူ ရှိနေရာ စားစရာ မရှားပါးကြပေ။ သူ၏အစ်ကိုကြီးကလည်း သူ့ကို အစဉ်တစိုက် စောင့်ရှောက်နေသည်။
သူမထွက်ခွာလိုတော့ချေ! သူသည် ဤနေရာတွင် နေပြီး နတ်မင်းနှင့်အတူ တရားအားထုတ်လို၏!
သူလည်း နတ်ဖြစ်လိုသည်!
ယဲ့ကျိုးက ချောင်အာ၏မိခင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ ဆက်တိုက် ဦးညွှတ်နေသော ကျောက်အာကို လျစ်လျူရှုလိုက်ကာ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ နားနေခန်းသို့ ပြန်လျှောက်သွားခဲ့သည်။
ကျန်တာအားလုံးကို ချောင်အာ၏မိခင်အား အပ်နှင်းခဲ့သည်။ ထိုကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းရာ၌ သူ(မ)တွင် အတွေ့အကြုံရှိသည်။
သူသာ နတ်တစ်ပါးအဖြစ် မသေနိုင်တဲ့ဘဝကို ရပြီး နတ်အဖြစ် ကျင့်ကြံနိုင်ရင် ဘာလို့ ဒီလို ဝေးလံခေါင်ဖျားတဲ့နေရာမှာ စူပါမားကတ် အပင်ပန်းခံပြီး လာဖွင့်နေမှာလဲ?
သူသည် လွန်ခဲ့သော အချိန်များစွာကတည်းက ကောင်းကင်ဘုံသို့ တက်ရောက်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ယဲ့ကျိုးသည် ကြီးမားသော ပျော်ရွှင်မှုဖြင့် နားနေခန်းသို့ ဝင်ရောက်လာပြီး၊ သူ၏ကွန်ပျူတာကို ပျော်ရွှင်စွာ ဖွင့်လိုက်၏။
မထင်မှတ်ဘဲ သူ၏ “နောက်ကမ္ဘာသို့ ခရီးသွားခြင်း” မှာ ဤနေရာတွင် အဆုံးသတ်သွားခဲ့သည်။
အနည်းငယ်မျှ “နောင်တ” ရခဲ့သော်လည်း၊ ဘဝက ထိုအတိုင်းပင် ဖြစ်၏။ အချို့သော နောင်တများ ရှိခြင်းသည် ပုံမှန်သာ ဖြစ်သည်။
နောင်တမရှိသော ဘဝသည် မပြည့်စုံသော ဘဝဖြစ်သည်။
ကွန်ပျူတာ မျက်နှာပြင်က လင်းလက်သွား၏။