Chapter 26
Viewers 2k

အပိုင်း (၂၆)

 

 

ညသည် အထူးတလည် မှောင်မည်းနေချိန်၊ ကျိုမင်တစ်ယောက် ရေချိုးခန်းထဲတွင် ရေချိုးနေခဲ့၏။ ရေပန်းမှ စီးကျလာသော ရေစက်ကလေးများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တသွင်သွင် ကျဆင်းလျက်ရှိသည်။ သူသည် သူ၏ ဆံပင်နက်များကို နောက်သို့ သပ်တင်လိုက်ရာ ရင်ဘတ်နှင့် ကျောပြင်ရှိ ဒဏ်ရာ၊ အမာရွတ် အမြောက်အများ ပေါ်ထွက်လာသည်။

 

အထူးသဖြင့် ကြောက်စရာကောင်းသော ဒဏ်ရာတစ်ခုမှာ သူ၏ ညာဘက်ပခုံးပေါ်တွင် ရှိနေသည်။ တစ်စုံတစ်ဦးက သူ့ကို ရှိရှိသမျှ အားအကုန် အသုံးပြုကာ နှစ်ပိုင်း ပိုင်းဖြတ်ရန် ကြိုးစားခဲ့သည့်အလားပင်။

 

ကျိုမင်သည် ရေပန်းကို ပိတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ကျန်နေသော ရေစက်များကို ခြောက်အောင် သုတ်လိုက်၏။ ခါးတွင် တဘက်တစ်ထည် ပတ်ကာ ရေချိုးခန်းထဲမှ ထွက်လာပြီး မှန်ရှေ့သို့ လျှောက်သွားခဲ့သည်။

 

မှန်ထဲတွင် ပေါ်နေသော ပခုံးပေါ်မှ အမာရွတ်ကို ကြည့်ရင်း သူသည် ဘယ်ဘက်လက်ကို အနည်းငယ် မြှောက်ကာ ထိုဒဏ်ရာကို ဖြည်းညှင်းစွာ ထိတွေ့လိုက်၏ ။

 

သူ၏ လက်ချောင်းများက ဒဏ်ရာကို ထိမိသည့် ခဏတာအတွင်း၌ပင် တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရသွားဟန်ရှိပြီး တင်းတင်းစေ့ထားသော နှုတ်ခမ်းထောင့်များဖြင့် သဲ့သဲ့လေး ပြုံးလိုက်သည်။

 

ကျိုမင်သည် ညအိပ်အင်္ကျီကို လဲဝတ်ပြီးနောက် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။ မော့ကြည့်လိုက်သောအခါ ယဲ့ကျိုးက အိပ်ယာပေါ်၌ တချိုးတည်း အိပ်ပျော်နေသည်ကို တွေ့ရ၏။

 

ယဲ့ကျိုးတစ်ယောက် ညနေပိုင်းတွင် လက်နက်ရွေးချယ်ရန် အချိန်များစွာ အကုန်ခံခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။

 

ကျိုမင်သည် ယဲ့ကျိုး၏ အိပ်ယာဘေးနားတွင် ခေတ္တရပ်ကာ ထိုအပြစ်ကင်းစင်သော မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။

 

သွေးနှင့် မီးတို့ကို ဖြတ်သန်းပြီး မစွန့်စားရသေးသလို၊ ပရိယာယ်နှင့် လှည့်ဖြားမှုတို့၏ ရှုပ်ထွေးနက်နဲမှုများကို မကြုံဖူးသေးသည့် ယဲ့ကျိုးမှာ လူသတ်ရန်အတွက် သတ္တိကို မပိုင်ဆိုင်သေးချေ။

 

ငြိမ်းချမ်းသော ဘဝတွင် နေထိုင်ခဲ့သူတစ်ဦး၊ ငယ်စဉ်ကလေးဘဝကတည်းက ဥပဒေကို ထိန်းသိမ်းရန်နှင့် ရာဇဝတ်ကောင်များကို အပြစ်ပေးရန် သင်ကြားခံခဲ့ရသူတစ်ဦးက "သူ့ကို သတ်ရမယ်ဆိုရင် ကျွန်တော်ပဲ သတ်လိုက်မယ်" ဆိုတဲ့ စကားကို ဘယ်လို အခြေအနေမျိုးရောက်မှ ဒီလိုမျိုး ပြောနိုင်မှာလဲ?

 

ကျိုမင်သည် သူ့အား စိုက်ကြည့်ရင်း မျက်နှာပေါ်ရှိ ပုံသဏ္ဌာန်များကို အနီးကပ် လေ့လာနေခဲ့သည်။

 

သူ ပထမဆုံး လူသတ်ခဲ့သည့် အချိန်ကိုတော့ ကျိုမင်မေ့နေခဲ့ချေပြီ။ အသက် ခြောက်နှစ်အရွယ်ကဟု ထင်ရသော်လည်း၊ တစ်သက်တာလုံး ကြာခဲ့ပြီဟုလည်း ခံစားရ၏။

 

စခန်းသည် အမြဲတစေ အမှောင်အမည်းများ ဖုံးလွှမ်းနေသည်ဟု ခံစားရသည်။ ၎င်းက ခံတပ်တစ်ခု ဖြစ်သလို ထောင်တစ်ခုလည်း ဖြစ်၏။ အောက်ခြေလူတန်းစားများက ကျွန်များထက်ပင် ပိုဆိုးသော ဘဝများဖြင့် နေထိုင်ကြသော်လည်း အပေါ်ပိုင်းမှ အထက်တန်းစားများသည် ကပ်ဘေးမကျရောက်မီကထက် ပို၍ပင် ဇိမ်ခံ မိုက်မဲမှုများဖြင့် ပျော်မွေ့နေကြသည်။

 

သို့သော် သူ မှတ်မိသည်မှာ သူက မည်သည့်အခါမျှ တုံ့ဆိုင်းခြင်း မရှိခဲ့၊ သူ၏ လုပ်ရပ်များအတွက် နာနာကျင်ကျင် ရုန်းကန်ခြင်းလည်း မရှိခဲ့ပေ။

 

၎င်းက ရိုးရှင်းသော ရွေးချယ်မှုတစ်ခု ဖြစ်၏။ သူတို့ မသေရင်၊ သူ သေရမည်။ ထိုရွေးချယ်မှုက မေးခွန်းထုတ်စရာ မလိုသည့် အရာတစ်ခု ဖြစ်သည်။

 

အကယ်၍သာ…

 

ကျိုမင်သည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ ခြေလှမ်းများက လုံးဝနီးပါး အသံမထွက်ခဲ့ချေ။ တံခါးကို ဖွင့်လိုက်သောအခါ "တကျွီကျွီ" ဟူသော သဲ့သဲ့လေး အသံမှလွဲ၍ အခြား ဆူညံသံတစ်စုံတစ်ရာ မရှိခဲ့ပေ။

 

အခန်းထဲတွင် ယဲ့ကျိုး ခေါင်းချလိုက်ပြီး ခေါခနဲ အိပ်မောကျနေဆဲပင်။

 

ကျိုမင်သည် ထို့နောက် တံခါးလက်ကိုင်ကို တွန်းချကာ တံခါးကို ပိတ်လိုက်သည်။

 

စွင်းဟောက်၏ ပစ္စည်းများဖြင့် ပြည့်နေသော အခန်းဝသို့ ကျိုမင်လျှောက်သွားခဲ့သည်။ ဂိုဒေါင်ထဲမှ ခုမှ ထွက်လာသော ဆာရာနှင့် မျက်နှာချင်းဆိုင် တိုးမိသည်။ ဆာရာက နှစ်စက္ကန့်ခန့် စဥ်းစားပြီးနောက် သမ်းဝေကာ ပြော၏။

 

"နင် သွားစရာရှိတာသွား၊ ငါ ဆက်အိပ်တော့မယ်"

 

သူ(မ)သည် ယခုအခါ ကိုယ်ပိုင်ခေါင်းတလားထဲတွင် တစ်ယောက်တည်း အိပ်စက်ခြင်းထက် ချောင်အာနှင့်အတူ အိပ်စက်ခြင်းကို ပိုနှစ်သက်လာခဲ့ချေပြီ။

 

ကျိုမင်က ပြန်မဖြေခဲ့သလို၊ ဆာရာလည်း သူ၏ အဖြေကို မစောင့်ခဲ့ပေ။

 

ဆာရာ ထွက်သွားပြီးနောက် ကျိုမင်က စွင်းဟောက်၏ ပစ္စည်းများဖြင့် ပြည့်နေသော အခန်းတံခါးကို နောက်ဆုံးတွင် ဖွင့်လိုက်သည်။

 

ပစ္စည်းများ ပြည့်နှက်နေသော မှောင်မည်းသည့် အခန်းထဲတွင် စွင်းဟောက်တစ်ယောက် ဘယ်အချိန်ကတည်းက ထိုနေရာသို့ ရောက်နေမှန်းမသိ၊ ဒူးနှစ်ဖက်ကို ပိုက်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေခဲ့၏။ ၎င်းက သူ့အား လုံခြုံမှုတစ်မျိုး ပေးစွမ်းနေပုံရသည်။ တံခါးအက်ကွဲကြောင်းမှ အလင်းရောင် ဝင်လာသည်ကို မြင်သောအခါ စွင်းဟောက်၏ မှိုင်တွေနေသော မျက်လုံးများက စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားသည်။

 

 

စွင်းဟောက်ခမျာ အသံတိုးတိုးဖြင့် အော်၏။ "နတ်မင်း... နတ်မင်း... ကျွန်တော် မှားမှန်းသိပါပြီ၊ တကယ်လည်း နောင်တရနေပါပြီ..."

 

ကျိုမင်က အခန်းထဲရှိ မီးကို ဖွင့်လိုက်ပြီး သူ့နောက်မှ တံခါးကို ပိတ်လိုက်သည်။

 

ထိုသို့ဖြင့် စွင်းဟောက်၏ နောက်ဆုံးမျှော်လင့်ချက်ကိုလည်း ကျိုမင်က ပိတ်ချပစ်လိုက်ချေပြီ။

 

 

အိပ်မက်ထဲတွင် ယဲ့ကျိုးသည် ရုတ်တရက် အမြင့်တစ်နေရာမှ ပြုတ်ကျနေသလို ခံစားလိုက်ရသည်။ ထိုအလေးချိန်မဲ့သော ခံစားမှုကြောင့် သူ အိပ်ရာမှ လန့်နိုးလာခဲ့၏။

 

သူသည် စောင်ဖြင့် ခေါင်းကို အုပ်ကာ အိပ်ပျော်ရန် ပြန်ကြိုးစားလိုက်သည်။

 

အိပ်ပျော်လုနီးပါး ဖြစ်နေစဥ် ရုတ်တရက် တံခါးဆီမှ အလင်းရောင် ထွက်ပေါ်လာခြင်းက ယဲ့ကျိုး၏ အာရုံကို ဖမ်းစားလိုက်၏။ သူသည် မျက်လုံးများကို မှေးစင်းလျက် အိပ်ချင်မူးတူး ထထိုင်လိုက်သည်။ ထိုအခါ  ကျိုမင်ကို တွေ့လိုက်ရပြီး ကျိုမင်က ညအိပ်ဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားကာ အင်္ကျီ‌ကိုတော့ ပခုံးပေါ်တွင် တင်ထားရုံလေး တင်ထားသည်ကို တွေ့လိုက်ရ၏။

 

ကျိုမင်က အလင်းကို မျက်နှာမူထားသောကြောင့် ယဲ့ကျိုးအား သူ၏ အရိပ်သာ ထင်ဟပ်နေစေခဲ့သည်။

 

"ခင်ဗျား ဘယ်သွားတာလဲ?" ယဲ့ကျိုးက သမ်းဝေလိုက်၏။ "သန့်စင်ခန်းသွားတာလား?"

 

"ဂိုဒေါင်ကို သွားခဲ့တာ" ကျိုမင်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

 

ခုဏလေးတင်းမှ အိပ်ချင်မူးတူးဖြစ်နေခဲ့သော ယဲ့ကျိုး ရုတ်တရက် ထထိုင်လိုက်၏။ သူက အိပ်ယာပေါ်၌ တင်ပျဥ်ခွေလျက် ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ အခန်းမီးကို ဖွင့်လိုက်သည်။ ယခုမှပင် ကျိုမင်၏ မျက်နှာနှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပျောက်ကင်းနေသော အရွယ်အစားအမျိုးမျိုးရှိသော ဒဏ်ရာ အမာရွတ်များကို ယဲ့ကျိုး ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

 

ယဲ့ကျိုး စဥ်းစားမိခဲ့သော မေးခွန်းက လည်ချောင်းတွင် တစ်ဆို့သွားပြီးနောက် အသံဩဩဖြင့် မေးလိုက်၏။ "ဘယ်ဘက်ခြမ်းက သေနတ်ဒဏ်ရာလား?"

 

ကျိုမင်က လျစ်လျူရှုဟန်ဖြင့် ပြန်ဖြေခဲ့၏။ "လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက ရခဲ့တဲ့ ဒဏ်ရာပါ" 

 

သူသည် သူ၏ ကိုယ်ပိုင်အိပ်ယာစွန်းတွင် ဝင်ထိုင်လိုက်ပြီး ယဲ့ကျိုးက သူ့မျက်နှာကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။ ဤအရာက သူ့ကို တစ်စုံတစ်ရာ သတိပြုမိစေခဲ့၏။ သူသည် လက်လှမ်းကာ ပါးပြင်မှ သွေးစတစ်စက်ကို သုတ်လိုက်ရာ အနီရောင်မှိန်မှိန် အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

 

ကျိုမင် ပြောသည်။ "သူတို့က ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာပဲ။ ဒီတောင်ထဲမှာပဲ ရှိနေကြတာ။ သူတို့က အစကတည်းက ကျွန်တော်တို့ကို လိုက်ကြည့်နေခဲ့တာ"

 

ယဲ့ကျိုး အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ "ကျွန်တော် ပတ်ပတ်လည်ကို လိုက်ကြည့်ခဲ့တာပဲ။ တစ်ယောက်ယောက် လှုပ်ရှားနေရင် မသိဘဲ နေမလား"

 

ကျိုမင်က ရှင်းပြ၏။ "ကျွန်တော်တို့က တောင်စောင်းမှာ၊ သူတို့က တောင်ထိပ်မှာ။ တောင်တက်လမ်းကို သူတို့ ဖျက်ထားပြီး လမ်းကလေးပဲ ကျန်တော့တာ။ မင်း မသိတာ မဆန်းပါဘူး"

 

သူက တည်ငြိမ်သောအသံဖြင့် ဆက်လက်ဖြေကြား၏။ "သူသာ မရှိရင် ကျွန်တော်လည်း သိမှာ မဟုတ်ဘူး"

 

"ဒါဆို... သူတို့ အကြည့်အောက်မှာပဲ ဆက်နေရမှာလား?" ယဲ့ကျိုး၏ အကြည့်က ခဏတာ ပြတ်သားသွားခဲ့ပြီး ကြောက်ရွံ့မှုက သူ့ကို ပို၍ သတိရှိစေခဲ့၏။ "မဟုတ်ဘူး၊ သူတို့က ကျွန်တော်တို့နဲ့ အတော်လေး လှမ်းတယ်ဆိုရင်တော့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုဘူး"

 

ယဲ့ကျိုးက ကျိုမင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ "ကျားနှစ်ကောင် တစ်ဂူတည်းမှာ အတူတူ မအောင်းဘူး"

 

ဓားပြများနှင့် ကိုယ့်ကိုယ်ကိုယ် အဆက်အစပ်မရှိဟု ခံစားရသော်လည်း သူတို့၏ လုံခြုံရေးကို အာမခံဖို့အတွက် ဤနယ်​မြေထဲတွင် သူက အင်အားအကြီးဆုံး ဖြစ်နေရမည်သာ။ လူသားစား ဓားပြအုပ်စုနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို စူပါမားကတ်ပိုင်ရှင်တစ်ဦးအနေနှင့် ထိန်းသိမ်းထားလို့ မရနိုင်ချေ။

 

ကျိုမင်က ဆက်ပြော၏။ "သူတို့က အရင်တုန်းကတော့ ရဲရဲတင်းတင်း မလှုပ်ရှားရဲခဲ့ကြဘူး၊ ဒါပေမဲ့ အခုတော့ စားစရာတွေက ပြတ်လုနီးပါး ဖြစ်နေပြီ။ ဒီနားတစ်ဝိုက်မှာလည်း လူတွေက ရှားနေပြီ။ အဲ့ဒါကြောင့် သူတို့ ဆာရာနဲ့ အခြားသူတွေကို တိုက်ခိုက်ခဲ့တာ"

 

"သူတို့သာ အောင်မြင်သွားရင် နောက်ထပ် လာမယ့်နေရာက ဒီနေရာပဲ"

 

ကျိုမင်သည် အေးဆေးတည်ငြိမ်စွာ ပြော၏။ "ကျွန်တော် တစ်ယောက်တည်းနဲ့တော့ သူတို့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"

 

ယဲ့ကျိုး ဒေသခံများဆီမှ ငှားရမ်းထားသည့် ဝန်ထမ်းများကို တိုက်ခိုက်ရေးအတွက် အသင့်ရှိသည်ဟု မသတ်မှတ်နိုင်သလို၊ သူကိုယ်တိုင်လည်း ထိုအထဲတွင် မပါဝင်နိုင်ချေ။ ယဲ့ကျိုးက သွားများကို တင်းတင်းကြိတ်လိုက်သည်။ "အခု ပြဿနာက ဝူယန်နဲ့ သူ့အဖွဲ့ ပြန်ရောက်လာပေမဲ့ ကျွန်တော်တို့ဆီမှာ လက်နက်ကိရိယာတွေက နည်းနေသေးတယ်။ သူတို့ကို သေနတ်တွေ ပေးလိုက်မယ်ဆိုရင်…"

 

စူပါမားကတ်၏ လက်ရှိ အခြေအနေက ရှုပ်ထွေးလွန်းနေပြီး ယဲ့ကျိုးအတွက် အဆင်ပြေနိုင်မည် မဟုတ်ချေ။

 

 

ကျိုမင်သည် ယဲ့ကျိုးအား ကြည့်လိုက်သည်။ "တစ်ခုခုတော့ တွေးမိမှာပါ"

 

ယဲ့ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူ တုံ့ဆိုင်းနေရင်း ခါးခါးသီးသီး ပြုံးကာ ပြောလိုက်၏။ "ခင်ဗျားက ကျွန်တော့်အပေါ် တော်တော်လေး ယုံကြည်ချက်ရှိတာပဲ"

 

ကျိုမင်က သူ၏ အကြည့်ကို နှိမ့်ချလိုက်ပြီး ပြန်ဖြေလိုက်သည်။ "အသားကျသွားပါလိမ့်မယ်"

 

ယဲ့ကျိုးက ရေရွတ်သည်။ "ဟုတ်ပါ့မလား? ဟုတ်ချင်လည်း ဟုတ်မှာပေါ့"

 

သူ ဘယ်တော့ အိမ်ပြန်နိုင်မလဲဆိုတာ မသိပေ ။ သို့သော် သူက ဓားသွားပေါ်တွင်သာ မျှော်လင့်ချက်ကို အမြဲ ရှာဖွေနေရမည့်ပုံ ပေါ်နေသည်။

 

သူ၏ ဝန်ထမ်းများအားလုံးသည် သူက အရာရာကို လုပ်နိုင်ပြီး အလုံးစုံကို သိသူဟု ယုံကြည်ကာ သူ့အပေါ် အကြီးအကျယ် ယုံကြည်မှု ရှိကြ၏။ သို့သော် ယဲ့ကျိုးသည် သူက သာမန်လူတစ်ဦးသာဖြစ်ကြောင်းကို ပြင်းပြင်းထန်ထန် သတိပြုမိသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ကြက်တစ်ကောင်ကိုပင် မသတ်ဖူးချေ။ လူတစ်ဦး၏ အသက်ကို သတ်ဖို့ဆိုသည်မှာ ဝေးရော။

 

ယဲ့ကျိုးက သက်ပြင်းချကာ ပြော၏။ "မနက်ဖြန်ကျရင် ကျွန်တော် ဝယ်ထားတဲ့ ပစ္စတိုသေနတ်တွေ ရောက်လာလိမ့်မယ်။ နှစ်လက်ရဖို့အတွက်ကို ပိုက်ဆံတွေ အကုန်ကုန်သွားတယ်"

 

သူက သက်ပြင်းကို ရှိုက်ကာ ဆက်ပြောသည်။ "ဘာလို့ ဒီလောက်တောင် ကံမကောင်းရတာလဲ?"

 

သူ စဥ်းစားမိလိုက်သည်။ "ကမ္ဘာပေါ်မှာ စူပါမားကတ် ပိုင်ရှင်တွေ အများကြီးရှိတာကိုး။  ဘာလို့ ငါကျမှ ဒီလိုနေရာ ရောက်လာရတာလဲ?"

 

ရုတ်တရက် ယဲ့ကျိုး တစ်စုံတစ်ခုကို သတိရသွားသည်။ "စွင်းဟောက်ရော အသက်ရှင်နေသေးလား?"

 

ကျိုမင်၏ ပုံစံကို ကြည့်ရသည်မှာ တွန့်ဆုတ်မည့်သူတစ်ဦးတော့ မဟုတ်ချေ။

 

ကျိုမင်က ပြောလိုက်သည်။ "မသေသေးပါဘူး"

 

ယဲ့ကျိုး သက်ပြင်းချကာ စိတ်သက်သာရာ ရတော့မလို ဖြစ်နေစဥ် ကျိုမင်က ထပ်ဖြည့်၏။ "ဒါပေမယ့် သေဖို့တော့နီးနေပြီ"

 

ယဲ့ကျိုးတစ်ယောက်  တံတွေး မွန်းသွားကာ အပြင်းအထန် ချောင်းဆိုးလိုက်၏။ ကျိုမင်က ချက်ချင်း ထရပ်ကာ ယဲ့ကျိုးအနီးသို့ ရောက်လာပြီး ကျောကို ပုတ်ပေးသည်။ သူ၏ လေသံက အနည်းငယ် တင်းမာနေသော်လည်း ပြောလိုက်သည်။ "ကျွန်တော် လက်လွန်သွားတယ်"

 

ဒါက အပိုပြောတာ မဟုတ်ချေ။ ယဲ့ကျိုးသည် ကျိုမင်၏ ရည်ရွယ်ချက်ကို ခံစားမိသည်။ သူက ဘယ်လို လက်မလွန်ရအောင်လုပ်ရမယ်ဆိုတာ အမှန်တကယ် မသိခဲ့ချေ။

 

ယဲ့ကျိုး လက်ယမ်းပြကာ ပြော၏။ "ကျွန်တော် သူ့ကို သွားကြည့်လိုက်ဦးမယ်"

 

သူ ထရပ်လိုက်စဥ် ကျိုမင်ကလည်း နောက်က လိုက်လာသည်။ ယဲ့ကျိုးက သူ့ကို ကြည့်လိုက်ရာ ကျိုမင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ "မင်းနဲ့အတူ နေမယ်"

 

"ကျွန်တော် အဲဒီလောက်လည်း ‌ငကြောက် မဟုတ်ပါဘူးနော်" ယဲ့ကျိုးတစ်ယောက် စိတ်ပျက်စွာ သက်ပြင်းချကာ ဆေးသေတ္တာကို သွားယူလိုက်သည်။ "လောလောဆယ်တော့ သူ့ကို အသက်ရှင်လျက် ထားထားတာ ပိုကောင်းတယ်။ တောင်ပေါ်တက်တဲ့အခါ လမ်းပြဖို့ သူ့ကို လိုတယ်။ သူ့အကူအညီနဲ့ပဲ မြေပုံကို ဆွဲနိုင်မှာ"

 

ကျိုမင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့ရာ တစ်စုံတစ်ရာကို နောင်တရနေပုံ ပေါ်သည်။

 

သူသာ သိခဲ့ပါမူ ဆာရာကိုသာ လုပ်ခိုင်းခဲ့သင့်သည်။ ဆာရာက သူ့ထက်စာလျှင်သော နူးနူးညံ့ညံ့ ကိုင်တွယ်တတ်သေးသည်။

 

ကံမကောင်းစွာဖြင့် ယဲ့ကျိုးက ကျိုမင် စဥ်းစားနေသည်ကို မသိခဲ့ချေ။ ဆာရာသာ သွားခဲ့ပါက အခန်းထဲတွင် အလောင်းတစ်ခု ဖြစ်နေလောက်ပြီ။

 

ဆာရာမှာ နူးနူးညံ့ညံ့ ကိုင်တွယ်တတ်သော်လည်း သူ(မ)က ဗန်ပိုင်းယား ဖြစ်သည်…

 

သူ(မ)က စွင်းဟောက်ကို သွေးခြောက်တဲ့အထိ 

အကုန်စုပ်သွားရင် ဘယ်လိုလုပ်မလဲ။

 

ထို့အပြင် ဆာရာသည် ပြီးခဲ့သည့်အကြိမ်က ဝူယန်နှင့် အခြားသူများကို ကာကွယ်ရန်အတွက် လူသတ်ခဲ့ခြင်း ဖြစ်၏။ ဝန်ထမ်းများက ကြောက်ရွံ့ကြသော်လည်း ဆာရာကို ရန်သူအဖြစ် မမြင်ကြချေ။

 

သို့သော် ဆာရာသာ စူပါမားကတ်ထဲရှိ အန္တရာယ်မရှိသော၊ အသက်ရှင်နေသော လူတစ်ဦးကို စားသုံးမိပါက ဝူယန်၏ ရှုထောင့်မှကြည့်လျှင် လုံးဝ ကွဲပြားသော ဇာတ်လမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

 

မည်သို့ပင်ဆိုစေ စွင်းဟောက်က လက်နက်မဲ့ကာ ခုခံနိုင်စွမ်းမရှိသော လူသားတစ်ဦးပင်။

 

ကျိုမင်က ယဲ့ကျိုးထံမှ ဆေးသေတ္တာကို ယူလိုက်သည်။ သူတို့က စကားများစွာ မပြောဘဲ ဂိုဒေါင်ခန်းထဲသို့ တည့်တည့်လျှောက်ဝင်သွား၏။

 

ယဲ့ကျိုးသည် သူ၏ လက်ဗလာကို ကြည့်ရင်း ကျိုမင်၏ အေးစက်စက်ပုံစံနောက်ကွယ်တွင် အမြင်ကောင်းရှိကြောင်း တွေးလိုက်သည်။

 

သူ၏ စူပါမားကတ်က တရားဝင် မဖွင့်လှစ်ရသေးသော်လည်း၊ ဝန်ထမ်းများက သူ့ကို ဖားယားမှူမျိုး ခံစားရခြင်း မရှိသေးသော်လည်း ယဲ့ကျိုးသည် ဤခံစားချက်က ဖားယားခြင်းမျိုး ဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။

 

ဂိုဒေါင်ခန်းဝတွင် ရပ်လျက် ယဲ့ကျိုးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ကြောက်ရွံ့မှုကို ဆန့်ကျင်သော ကြက်စွပ်ပြုတ်အားဆေးကို ကိုယ့်ကိုယ်ကိုယ် ထိုးသွင်းပြီးနောက် တံခါးဖွင့်ရန် လက်ကို ဆန့်တန်းလိုက်သည်။

 

“လန့်မသွားနဲ့နော်” ယဲ့ကျိုး တံခါးကို ဆွဲဖွင့်လိုက်သည့် ခဏ၌ပင် ကျိုမင်က ပြောသည်။

 

 

သို့သော် ယဲ့ကျိုးသည် ဂိုဒေါင်ခန်းထဲရှိ မြင်ကွင်းကို အမှတ်မထင် လှမ်းမြင်လိုက်ရ၏ ။

 

ယောက်ျားတစ်ဦးက ကြမ်းပြင်ပေါ်တွင် ပက်လက် လဲလျောင်းနေသည်။ သူ၏ ကိုယ်လက်အင်္ဂါများက ကြောက်မက်ဖွယ်ကောင်းအောင် လိမ်နေပြီး၊ လက်ချောင်း နှစ်ချောင်းနှင့် သွားအချို့က ဘေးနေရာတွင် ပြန့်ကျဲနေခဲ့သည်။ သူ၏ ဦးခေါင်းက ဖူးယောင်နေသောကြောင့် လူသားတစ်ဦး၏ ခေါင်းအဖြစ်ပင် မှတ်မိရန် ခက်ခဲနေသည်။ လူတစ်ဦးထက်ပင် ထိတ်လန့်ဖွယ် ပုံပြင်ထဲမှ မကောင်းဆိုးဝါး တစ်ကောင်နှင့် ပိုတူနေခဲ့သည်။

 

သူက သေဆုံးနေဟန်ရသော်လည်း သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါနေဆဲ ဖြစ်သည်။

 

ထိုမြင်ကွင်းသည် အသက်ရှင်နေခြင်းကသာ သူ့အတွက် အမှန်တကယ် နှိပ်စက်ခြင်းဖြစ်ပြီး သေဆုံးခြင်းကသာ ငြိမ်းချမ်းမှုနှင့် လွတ်မြောက်ခြင်းကို ဆောင်ကြဥ်းပေးနိုင်လိမ့်မည်ဟု ခံစားရစေရန် လုံလောက်ခဲ့သည်။

 

ယဲ့ကျိုးက စွင်းဟောက်၏ မျက်နှာကို စစ်ဆေးကြည့်လိုက်၏။ ထိုကောက်ကျစ်စဉ်းလဲသော မျက်နှာက ယခုအခါတွင် ပွန်းပဲ့ဒဏ်ရာများဖြင့်သာ ပြည့်နှက်နေပြီး အထူးသဖြင့် ပါးစပ်တစ်ဝိုက်က အလွန် ဖူးယောင်နေသည်။ သူက ကျိုမင်အား တောင့်တင်းစွာ လှည့်ကြည့်မိလိုက်၏။

 

ကျိုမင်သည် ပြင်းထန်သော နည်းလမ်းများဖြင့် သတင်းအချက်အလက် ထုတ်ယူရာတွင် ကျွမ်းကျင်သူဖြစ်ကြောင်း ယဲ့ကျိုး သိထားသော်လည်း ကျိုမင်၏ နည်းလမ်းများက ဤမျှ ရက်စက်လိမ့်မည်ဟုကား မမျှော်လင့်ခဲ့မိချေ။

 

ကျိုမင်က ပြောလိုက်သည်။ "ကျွန်တော် ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်အကြောင်း မင်းကို ပြောပြခဲ့ပြီးသားပါ။ ဒါက လူတွေကို မေးမြန်းဖို့ ကျွန်တော် သိတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါကို ကျွန်တော်လည်း နှစ်သက်နေတယ်ရယ်လို့တော့ မဟုတ်ပါဘူး"

 

အကြောင်းတစ်ခုခုကြောင့် ယဲ့ကျိုးက ကျိုမင်၏ တည်ငြိမ်သော လေသံတွင် မကျေနပ်မှု အရိပ်အယောင်ကို ခံစားမိလိုက်သည်။

 

ယဲ့ကျိုးက ပြန်ဖြေသည်။ "ခင်ဗျားကို အပြစ်တင်တာ မဟုတ်ပါဘူး။ အဲဒီ မြင်ကွင်းက ကျွန်တော့်အတွက် တော်တော်လေး ထိတ်လန့်စရာ ကောင်းလို့ပါ" သူ ဆက်ပြော၏။ "သူ့ရဲ့ ကိုယ်လက်အင်္ဂါတွေကို ပြန်ဆက်လို့ ရသေးလား၊ ဒါမှမဟုတ် အပြီးအပိုင် ပြတ်ထွက်သွားပြီလား?"

 

ကျိုမင်က စွင်းဟောက်၏ ဘေးတွင် ဒူးထောက်လိုက်ပြီး ယဲ့ကျိုးအား မော့ကြည့်ကာ ပြော၏။ "ပြန်ဆက်လို့ရတယ်။ ဒါပေမဲ့ နောက်ရက် နည်းနည်းလောက်တော့ မလှုပ်ဘဲ အနားယူရလိမ့်မယ်"

 

ယဲ့ကျိုး သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီး ဆို၏။ "မလှုပ်ရှားနိုင်တာ ပြဿနာမရှိပါဘူး။ စကားပြောနိုင်ရင် ရပါပြီ"

 

ကျိုမင်က ရုတ်တရက် ပြန်ဖြေလိုက်သည်။ "သူ့ လျှာကို ကျွန်တော် မဖြတ်ခဲ့ပါဘူး"

 

သူ ပြောပြီးနောက် ခြေရာလက်ရာလေးတောင် မချန်ဘဲ ယဲ့ကျိုးအား တစ်ချက် ဝေ့ကြည့်လိုက်သည်။

 

ယဲ့ကျိုး : "..."

 

ဒါ ဘာသဘောလဲ? ဒီလောက် စေ့စပ်သေချာတဲ့အတွက် ချီးကျူးပေးရဦးမှလား?

 

  ယဲ့ကျိုး ခပ်ခြောက်ခြောက် အသံဖြင့်သာ ပြန်ဖြေနိုင်ခဲ့၏။ “ခင်ဗျား သူ့လက်တွေကို ကိုင်ထား၊ ကျွန်တော် ဆေးထည့်ပေးမယ်”

 

 

 

စွင်းဟောက်၏ ဇီဝိန်ချွေမရသော သန်မာသည့် အသက်စွမ်းအားကို မြင်သောအခါ ယဲ့ကျိုးတစ်ယောက် မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။

 

 

 

လုံးဝ မှောင်မည်းနေသော ဂူထဲတွင် “ကျောက်” ဟူသော စကားလုံးကို သွေးဖြင့် ရေးထိုးထားသည့် အဝတ်စုတ် အလံများက ပတ်ပတ်လည်တွင် ချိတ်ဆွဲလျက်ရှိသည်။

 

 

 

ဂူထဲတွင် ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်မျိုး လွှမ်းခြုံနေပြီး လူဆယ်ဂဏန်းခန့် စုဝေးနေကြသည်။ အလယ်ဗဟိုရှိ ကျောက်လှေကားထစ်၏ ထိပ်ဆုံး၌ ကျားသားရေ တစ်ခုလုံးဖြင့် အလှဆင်ထားသော ခုံမြင့်တစ်ခု ရှိနေသည်။

 

 

 

“တာ-ဝမ့်... မကောင်းဆိုးဝါးတစ်ကောင် ရှိတယ်...” ဂူ၏ အလယ်ဗဟိုတွင် ဒူးထောက်နေသော ယောက်ျားတစ်ယောက်က ထိတ်လန့်တုန်လှုပ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး သူ၏ ကိုယ်လက်အင်္ဂါများကို မည်သို့ထားရမည်ကိုပင် မေ့လျော့နေဟန်ရသည်။ သူက ထစ်ထစ်အအဖြင့် ပြော၏။ “သူ(မ)... သူ(မ)က ဝမ်ယုံရဲ့ နှလုံးကို ထုတ်သွားတာ...”

 

{T/N : Dawang (တာ-ဝမ့်) - ခေါင်းဆောင်ကြီး}

 

 

ကျားသားရေ ထိုင်ခုံပေါ်မှ ပုဂ္ဂိုလ်တစ်ဦးက ထရပ်လိုက်သည်။ “မကောင်းဆိုးဝါး? ဘယ်သူတုန်း?”

 

 

 

ထိုယောက်ျားက ဆို၏။ “ဟန်လူမျိုး ပုံစံမျိုးနဲ့ ကောင်မလေးပါ...”

 

 

 

ပတ်ဝန်းကျင်ရှိ ဓားပြများက အံ့အားသင့်စွာဖြင့် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။

 

 

 

‘တာ-ဝမ့်’  မျက်မှောင်ကြုတ်လိုက်၏။ “သေချာလို့လား၊ အမြင်မှားတာ မဟုတ်ဘူးမလား? ဒီလောကမှာ သရဲ၊ နတ်ဘုရားဆိုတာ မရှိဘူး... ကိုယ့်ဘာသာ ခြောက်နေတာတွေ...”

 

 

 

ထိုယောက်ျားက ဆက်ပြောသည်။ “ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး၊ ဟိုလူလည်း မြင်တယ်... သူတို့ အားလုံး မြင်ခဲ့ကြတာ...”

 

 

 

“သူ(မ)ရဲ့ လက်သည်းတွေက ဒီလောက်အထိ ရှည်ထွက်လာနိုင်တာ...” ထိုယောက်ျားက လက်ဖြင့် အရှည်ကို ညွှန်ပြရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ “ပဲပြုတ်တုံးကို ဖောက်ချလိုက်သလိုမျိုး၊ ဝမ်ယုံရဲ့ ကျောဘက်ကို ဖောက်သွားတာ...”

 

 

 

ထိုယောက်ျားက ထစ်ထစ်အအဖြင့် ဆို၏။ “ဟို... ဟို ထူးဆန်းတဲ့ အိမ်ကြီးက မကောင်းဆိုးဝါးဂူ ဖြစ်ရမယ်...”

 

 

 

‘တာ-ဝမ့်’ က ပြုံးစိစိဖြင့် ပြောသည်။ “မင်းတို့ ဘယ်တုန်းကများ လူသားတွေကို ဖမ်းပြီး အလုပ်လုပ်ခိုင်းတဲ့ မကောင်းဆိုးဝါးကို မြင်ဖူးလို့လဲ?”

 

 

 

‘တာ-ဝမ့်’ က ရုတ်တရက် အော်ဟစ်လိုက်သည်။ “မကောင်းဆိုးဝါးလား? မကောင်းဆိုးဝါးဖြစ်နေရင်ရော ဘာဖြစ်လဲ? မကောင်းဆိုးဝါးတွေလည်း မသေနိုင်ဘူးလား? ဘုရားရှင်ရဲ့ အကာအကွယ်နဲ့ ငါ့ရဲ့ ဖျက်စီးမရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ၊ လာလာသမျှ မကောင်းဆိုးဝါး သရဲတွေအကုန် ငါ သတ်ပစ်မယ်...”

 

 

 

“မင်းတို့ အားလုံး ခြေနှစ်ချောင်းသိုးသား စားဖူးကြတာပဲ၊ အခုကျမှ ဘာလို့ ကြောက်နေကြတာလဲ?...”

 

 

 

{T/N : သိုးလို့ သုံးပေမဲ့ သိုးက ခြေလေးချောင်းမို့ ‘လူ’ သား ကိုပြောချင်တာပါ။}

 

 

 

‘တာ-ဝမ့်’ က ဆက်ပြော၏။ “ငါတော့ နတ်ဘုရားတွေကိုလည်း မကြောက်ဘူး၊ မကောင်းဆိုးဝါးတွေကိုလည်း မကြောက်ဘူး။ ဒီမကောင်းဆိုးဝါးဂူကို သိမ်းပြီး တောင်ကို ယူနိုင်မှ မင်းတို့ အသက်ရှင်နိုင်မှာ...”

 

 

 

ယောက်ျားတစ်ယောက်က မြေပြင်ပေါ်သို့ ပုံကျသွားပြီး ပြော၏။ “တာ-ဝမ့်... ကျွန်တော် မသွားတော့ဘူး။ အဲဒါ မကောင်းဆိုးဝါး၊ တာ-ဝမ့်... ကျွန်တော် မသွားတော့ဘူး...”

 

 

 

‘တာ-ဝမ့်’ သည် သူ၏ ကျားသားရေ ထိုင်ခုံမှ ထွက်လာကာ ကျောက်လှေကားထစ်များမှ ဆင်းလာပြီး ထိုယောက်ျားဆီသို့ ချဥ်းကပ်သွားခဲ့၏။  သူ၏ ဓားရှည်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။ “မင်းက လူတိုင်းရဲ့ စိတ်ကို ကမောက်ကမ ဖြစ်အောင် လုပ်နေတာ၊ ငါ မင်းကို သတ်ပစ်မယ်...”

 

 

 

တစ်ချက်တည်းဖြင့်ပင် ထိုယောက်ျား၏ ရင်ဘတ်ကို ဖောက်ထွင်းလိုက်သည်။

 

 

 

အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ ‘တာ-ဝမ့်’ သည် သူ၏ လက်ပါးစေများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။ “သူ့ကို ယူသွားကြ”

 

 

 

လက်ပါးစေများက ခါးကုန်းလျက်၊ သတိထားပြီး ချဥ်းကပ်လာကာ ရှိရှိသမျှ အင်အားကို အသုံးပြု၍ ထိုယောက်ျားကို ဆွဲထုတ်သွားကြရာ မြေပြင်ပေါ်တွင် သွေးကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

 

 

 

‘တာ-ဝမ့်’ သည် သူ၏ မှန်ကန်သော “ရာဇပလ္လင်” ဆီသို့ ပြန်သွားပြီး သူ၏ သစ္စာခံများအားလုံးကို ပြော၏။ “ဆက်စောင့်မနေနိုင်တော့ဘူး။ သုံးရက်အတွင်း ယူကို ယူရမယ်။ အခု ငါးမိုင်ပတ်လည်မှာ လူဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး။ ဒီလို ဆက်နေရင် ငါတို့ ညီအစ်ကိုတွေက ငတ်လို့ သေလိမ့်မယ်၊ ဒါမှမဟုတ် အချင်းချင်း ပြန်သတ်လို့ သေရလိမ့်မယ်။ ငါတို့ မထိရဲတဲ့ စည်းကို အစောကြီးကတည်းက ကျော်ခဲ့ပြီးပြီ...”

 

 

 

သူသည် အစောပိုင်းကတည်းက လူသားစားခြင်းကို ခွင့်ပြုခဲ့သော်လည်း အစားအစာ ရှားပါးလာသည်နှင့်အမျှ သူတို့က ပတ်ဝန်းကျင်ရှိ လူများကို စတင် စားသောက်ကြတော့မည် ဖြစ်သည်။

 

 

 

ရင်းနှီးတဲ့ ညီအစ်ကိုတွေကိုရော? သူတို့က သတ်ဖို့ စိတ်ပိုင်းဖြတ်နိုင်ပါ့မလား? မတည့်တဲ့သူတွေရော? သိပ်မသိတဲ့သူတွေကျတော့ကော?

 

 

 

နောက်ဆုံးတွင် ‘တာ-ဝမ့်’ ဖြစ်သည့် သူပင်လျှင် ထိုစက်ဝန်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

 

 

 

သူကလည်း လူသားတစ်ဦးဖြစ်ပြီး သေခြင်းတရားကို ကြောက်သည်။ ထိုအချိန်က တောင်ဘက်သို့ ခေါ်မသွားခဲ့သည့်အတွက်လည်း နောင်တရနေခဲ့ချေပြီ။

 

 

 

သို့သော် ဤအခြေအနေ၌မူ သူ့ထိန်းချုပ်မှုထက် ကျော်လွန်နေချေပြီ။

 

 

 

သစ္စာရှိသူများက တုံ့ဆိုင်းနေကြ၏။ “တာ-ဝမ့်၊ အဲဒါက မကောင်းဆိုးဝါးဂူဖြစ်နေတုန်းပဲ...”

 

 

 

“ကျွန်တော်တို့ တစ်ချက် မှားသွားတာနဲ့ အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်”

 

 

 

‘တာ-ဝမ့်’က ဒေါသတကြီး ထရပ်လိုက်သည်။ “စကားပြောတာ တော်လောက်ပြီ... မင်းတို့ မသွားဘဲနဲ့ အသက်ရှင်နေမယ်လို့ ထင်နေတာလား? ငါတို့က လူလေးရာကျော်လေးပဲ ရှိတော့တာ။ တစ်ရက်ကို တစ်ယောက်စားရင်တောင် ဘယ်လောက်ထိ ကြာကြာ ခံနိုင်မှာလဲ?”

 

 

 

သူတို့၏ အတွေးများက မှန်ကန်နေသဖြင့် အားလုံး ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့ကြသည်။

 

 

 

နောက်ထပ် တစ်ရက် အသက်ရှင်နိုင်ခြင်းက တစ်ရက် အမြတ်ရခြင်းပင်။ သူတို့သည် ထိုမျှ ဝေးလံသော အနာဂတ်ကို စဥ်းစားနေခြင်း မဟုတ်ချေ။ သို့သော် ‘တာ-ဝမ့်’ က ဤအကြောင်းကို ဆွဲထုတ်လာသောအခါ ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေမည့် နည်းလမ်းက လက်တွေ့ကျသော လမ်းကြောင်း မဟုတ်တော့ချေ။

 

 

 

‘တာ-ဝမ့်’ က အခိုင်အမာ ပြော၏။ “အဲဒီမကောင်းဆိုးဝါးမက လူတစ်ယောက်တည်းကိုပဲ သတ်ခဲ့တာ မဟုတ်ဘူးလား? သူ(မ)သာ တကယ် အစွမ်းထက်တယ်ဆိုရင် သူတို့ထဲက တစ်ယောက်မှ ပြန်ရောက်လာမှာ မဟုတ်ဘူး...”

 

 

 

“မကောင်းဆိုးဝါးအကြောင်း ကြားတာနဲ့ လန့်မနေကြနဲ့။ အဲ့ဒါအပြင် ဝမ်ယုံနဲ့ အခြားသူတွေက ဟန်လူမျိုးတွေကို တစ်ခါမှ မမြင်ဖူးဘူး။ ဟန်လူမျိုးတွေက မျက်လှည့်ဆန်တဲ့ အတတ်တစ်ခုခု သုံးရင် မှော်ပညာလို ထင်သွားနိုင်တာ သဘာဝပဲ”

 

 

 

“တိုက်ပွဲမဝင်ခင် ရန်သူကို မယုံသင်္ကာ ဖြစ်နေတာက ငါတို့ နိုင်မလား မနိုင်ဘူးလား မသေချာဘူးလို့ ပြနေတာပဲ” ‘တာ-ဝမ့်’  မျက်လုံးများကို ပြူးကျယ်လိုက်ရာ သူ၏ ပြင်းထန်သော မျက်နှာက သူ၏ စကားများကို ပို၍ အားကောင်းစေခဲ့၏။

 

 

 

“တာ-ဝမ့် မိန့်ပြီးပြီဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ သွားရမှာပေါ့...”

 

 

 

“ဟုတ်တယ်... ဘယ်လို မကောင်းဆိုးဝါးမျိုးပဲ ဖြစ်နေပါစေ၊ လမ်းမှာ ပိတ်ရပ်နေရင်တော့ သေရမယ်...”

 

 

 

“ဒီလောက် အိမ်ကြီးကြီးဆိုတော့ အထဲမှာ စားစရာတွေ အများကြီး ရှိမှာပဲ။ မိန်းမတွေတောင် ရှိချင် ရှိနေဦးမယ်...”

 

 

 

သူတို့ ရယ်မောကြသည်။ “မိန်းမတွေကို မမြင်ရတာတောင် ကြာပြီ”

 

 

 

“အရင် ကောင်မလေးကတော့ အတော်လေး ကောင်းတယ်။ ဒါပေမဲ့ သူ(မ)က အကျင့်မကောင်းလို့ ‘တာ-ဝမ့်’ကို ကိုက်ခဲ့တာ၊ အဲ့ဒါကြောင့် သိုးသားအနေနဲ့ သုံးလိုက်ရတယ်”

 

 

 

“ဟိုမိန်းမကတော့ လွယ်လောက်မယ်။ အဲဒီအိမ်ထဲမှာ ကလေးမွေးပြီးသား မိန်းမတွေ အများကြီး တွေ့တယ်။ သူတို့ ‘တာ-ဝမ့်’ကို ကောင်းကောင်း ဝန်ဆောင်မှု ပေးခိုင်းလို့ ရတယ်၊  သားလေးတွေတောင် မွေးရင် မွေးပေးဦးမှာ”

 

 

 

‘တာ-ဝမ့်’ က သားသမီးများကို စိတ်မဝင်စားချေ။ သူသည် အတန်ကြာကတည်းက လက်ထပ်ပြီး ကလေးများ ရခဲ့ပြီးဖြစ်ရာ ထိုရွာသူရွာသားများ၏ ကလေးများကို စိတ်မဝင်စားပေ။

 

 

 

သို့သော် သူက မိန်းမများကို စိတ်ဝင်စားသည်။ “မိန်းမတွေကိုတော့ ထားမယ်၊ ယောင်္ကျားတွေတော့ တစ်ယောက်မှ အသက်မရှင်ရဘူး။ ကလေးတွေကတော့ ထားလို့ရတယ်။ သူတို့ ကြီးလာရင် သစ္စာအရှိဆုံးတွေ ဖြစ်လာလိမ့်မယ်”

 

 

 

ထိုထူးဆန်းသောအိမ်ကြီးကို သိမ်းပိုက်ခြင်းမှ ရရှိနိုင်သည့် အရာများကို စဥ်းစားလိုက်သည်နှင့် သူတို့သည် ကြောက်ရွံ့မှုအားလုံးကို မေ့ပစ်နိုင်ခဲ့ကြပြီး၊ ၎င်းက မကောင်းဆိုးဝါးဂူဖြစ်သည်ကိုပါ မေ့ပစ်လိုက်ကြပေပြီ။

 

 

 

“မကောင်းဆိုးဝါးဆိုတာ ဘာလဲ? မကောင်းဆိုးဝါးတွေသာ ဒီလောက် အစွမ်းထက်တယ်ဆိုရင် ဘာလို့ ငါတို့ ခဏခဏ မတွေ့ရတာလဲ?”

 

 

 

“ဟုတ်တယ်... ငါတို့က တော်ဝင်နန်းတော်ကိုတောင် ပုန်ကန်ရဲတာ၊ မကောင်းဆိုးဝါးလေးတွေကို ဘာကိစ္စ ကြောက်ရမှာလဲ?...”

 

 

 

နောက်ဆုံးတွင် ‘တာ-ဝမ့်’ ၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် သဲ့သဲ့လေး ပေါ်လာသည်။ “မင်းတို့ ဒီလို တွေးတာ ကောင်းတယ်။ မပြောသင့်တဲ့သူတွေကို မပြောနဲ့၊ ဒါမှ ကျန်တဲ့ ညီအစ်ကိုတွေက အထဲမှာ မကောင်းဆိုးဝါးတွေ ရှိနေတာကို မသိမှာ”

 

 

 

သစ္စာရှိသူများက အချင်းချင်း အဓိပ္ပာယ်ပါသော အကြည့်များ ဖလှယ်လိုက်ကြသည်။ “မတိုက်ခိုက်ခင် ကောင်းကောင်း စားကြသောက်ကြရအောင်”

 

 

 

 

 

 

“ခင်ဗျား ပစ္စတိုသေနတ်ကို ယူ၊ ကျွန်တော့်မှာ ဒါ နှစ်လက် ရှိတယ်” ယဲ့ကျိုးက စူပါမားကတ်အပြင်ဘက်တွင် ရပ်လျက် သေနတ်နှစ်လက်ကို ကိုင်ထားရင်း အနည်းငယ် ထူးဆန်းစွာ ပြော၏။ “ပုံမှန်ဆိုရင် စနစ်က ကျွန်တော့်ကို နောက်တစ်နေ့မှ ပစ္စည်းတွေ ပို့ပေးတာ။  ဒီညကျမှ ဘာလို့ သေနတ်တွေ ပို့ပေးရတာလဲ?”

 

 

 

 

“သေနတ်တွေက ပိုဈေးကြီးလို့များလား?”

 

 

 

ကျိုမင်က ပြန်ဖြေသည်။ “မင်း စိတ်ကြိုက် ပစ္စတိုသေနတ်တွေကို ဝေလို့ရတယ်။ ကျွန်တော့်မှာ စက်သေနတ် ရှိတယ်၊ အဲ့ဒါနဲ့ဆို လုံလောက်ပါပြီ”

 

 

 

ယဲ့ကျိုးက ကန့်ကွက်ခြင်း မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ စက်သေနတ်များသည် တပ်ဆင်ရန် နေရာတစ်ခု လိုအပ်ပြီး ရန်သူနှင့် အကွာအဝေးကို ထိန်းထားရသည်။ ထိုအကွာအဝေးကို ဖန်တီးပြီးသည်နှင့် ပစ္စတိုသေနတ်များက ထိုမျှလောက် အသုံးဝင်တော့မည် မဟုတ်ပေ။

 

 

 

“သူတို့မှာ လူလေးရာကျော် ရှိ..” ယဲ့ကျိုးသည် ယခင်က တစ်ခါမှ ဤမျှ စိုးရိမ်ပူပန်ဖူးခြင်း မရှိခဲ့ချေ။ လက်နက်ခဲယမ်းများ ရှိသော်လည်း ရန်သူ၏ အရေအတွက်က အလွန်များပြားနေသည်။ သူတို့ ရင်ဆိုင်တိုက်ခိုက်ပါက အခွင့်အရေး လုံးဝ မရှိပေ။

 

 

 

တောင်ပေါ်သို့ သွားရန်အတွက် repeating crossbow (ဒူးလေး) အသုံးပြုနိုင်သူ အားလုံးကို ခေါ်ဆောင်သွားရမည်သာ။

 

 

 

ယဲ့ကျိုး စဥ်းစားနိုင်သည့် အကောင်းဆုံး အစီအစဥ်မှာ ဦးစွာ တိုက်ခိုက်ခြင်း ဖြစ်သည်။

 

 

 

ရန်သူကို အလစ်အငိုက်မိစေပြီး သူတို့ နှလုံးသားများကို ကြောက်ရွံ့တုန်လှုပ်စေရန်။

 

 

 

အချို့ကို သတ်ပြီး အချို့ကို ထွက်ပြေးစေခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့် သူတို့အပေါ် ဖိအား လျော့ကျသွားမည်ဖြစ်ပြီး၊ ကြောက်လန့်ပြီး ထွက်ပြေးသွားသူများလည်း ပြန်လာဝံ့မည် မဟုတ်ချေ။ ပြန်လာလိုလျှင်ပင် ဤနေရာမှ ကြမ်းတမ်းသော ပတ်ဝန်းကျင်က သူတို့၏ လုပ်ရပ်များကို ထောက်ပံ့နိုင်မည် မဟုတ်ပေ။

 

 

 

“ပိုက်ဆံကြောင့်ပဲ” ယဲ့ကျိုးသည် သူ၏ ခေါင်းကို ပွတ်သပ်ကာ ဒေါသတကြီး ပြော၏။ “နောက်ထပ် ထောင်သောင်းမကသာ ရှိရင် လက်ပစ်ဗုံး နှစ်လုံး ဝယ်လို့ရတယ်။ နှစ်လုံးလောက်နဲ့တင် သူတို့ကို ကြောက်လန့်ပြီး ထွက်ပြေးအောင် လုပ်ဖို့ လုံလောက်တယ်”

 

 

 

သူသည် ရှာဖွေခဲ့သော ငွေကြေးများကို တစ်ချိန်က ဂုဏ်ယူခဲ့ဖူးသော်လည်း ယခုအခါ သူ၏ ဘေးကင်းလုံခြုံမှုကို အာမခံရန် သူ၏ ဝင်ငွေများက လုံလောက်မှု မရှိသည်ကို သိလိုက်ရသည်။

 

 

 

“ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး” ကျိုမင်က တိုးညှင်းသောအသံဖြင့် စိတ်သက်သာရာရအောင် ပြောလိုက်သည်။

 

 

 

ယဲ့ကျိုးက ကျိုမင်တွင် သူ့အပေါ် ထူးဆန်းသော ယုံကြည်မှုတစ်မျိုး ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထိုယုံကြည်မှုက ဖားယားခြင်းမျိုး မဟုတ်ချေ။ ယဲ့ကျိုးကိုယ်တိုင်ထက် ပို၍ ကျိုမင်သည် သူ အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု စိတ်ရင်းမှန်ဖြင့် ယုံကြည်နေခြင်း ဖြစ်သည်။

 

 

 

ယဲ့ကျိုးက သူ၏ ခေါင်းကို နောက်တစ်ကြိမ် ပွတ်သပ်လိုက်သည်။ “မနက်ဖြန်ကျရင် စွင်းဟောက်ကို လမ်းရှာခိုင်းရမယ်”

 

 

 

ယဲ့ကျိုး စိတ်လှုပ်ရှားလာသောအခါ သူက ထိုသို့ ပြုမူလေ့ရှိသည်။ သူ လက်များကို လှုပ်ရှားရန် လိုအပ်သော်လည်း သူ၏ မျက်နှာကို ထိမိမည်ကို သတိထားရ၏။ အကြောင်းမှာ သူ၏ လက်များက သန့်ရှင်းချင်မှ သန့်ရှင်းမည်။ ထို့ကြောင့် သူ၏ ဆံပင်များကိုသာ ဖရိုဖရဲ ဖြစ်အောင် လုပ်ရတော့သည်။

 

 

 

ကျိုမင်က ယဲ့ကျိုး၏ ဖရိုဖရဲ ဆံပင်များကို ကြည့်ရင်း သူ၏ လက်ချောင်းထိပ်များကို လှုပ်ရှားလိုက်သည်။

 

 

 

ယဲ့ကျိုးက ပြောလိုက်သည်။ “ကျွန်တော် ဆာရာကို သေနတ်တစ်လက် ပေးလိုက်မယ်”

 

 

 

ကျိုမင်၏ လေသံက အေးစက်နေသည်။ “မလိုပါဘူး။ သူ(မ)က သေနတ် ဘယ်လိုသုံးရမယ်ဆိုတာတောင် မသိဘူး၊ ပစ်မှတ်လည်း မချိန်နိုင်ဘူး”

 

 

 

ယဲ့ကျိုး မျက်လုံးများ ပြူးကျယ်သွား၏။ “သူ(မ)က သံနံရံ မဟုတ်ဘူးလေ။ သူ(မ) လက်ချည်းသက်သက်နဲ့ဆို ဒဏ်ရာရပြီး သေနိုင်တယ် မလား?”

 

 

 

“သူ(မ)ရဲ့ ဒဏ်ရာကျက်တဲ့အမြန်နှုန်းက အံ့မခန်း မြန်တယ်။ ငွေနဲ့သာ ဒဏ်ရာမရခဲ့ဘူးဆိုရင် သူ(မ)က အသားဖြစ်ဖြစ် ၊ အရိုးဖြစ်ဖြစ် အဆုံးမရှိ ပြန်ကောင်းလာနိုင်တယ်”

 

 

 

“ဒါပေမဲ့ နာတော့ နာမှာပဲ”

 

 

 

ကျိုမင် ခေတ္တရပ်သွားပြီး ရုတ်တရက် ပြုံးလိုက်သည်။ “မင်း ပြောတာ မှန်တယ်။ နာတော့ နာတာပေါ့”

 

 

 

ယဲ့ကျိုးသည် ကျိုမင်၏ ရှားရှားပါးပါး အပြုံးကို ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်သည်။ ကျိုမင် ဘာကို ရယ်စရာ တွေ့နေမှန်း သူ လုံးဝ မသိခဲ့ချေ။ သူတို့ နှစ်ဦးကြား မျိုးဆက်ကွာဟချက်ကြောင့်များလား? ဒါပေမဲ့ သူတို့က အသက်တူ မဟုတ်ဘူးလား?

 

 

 

သူတို့ရဲ့ ကြီးပြင်းရာ ပတ်ဝန်းကျင် မတူလို့ပဲ နေမယ်?

 

 

 

ယဲ့ကျိုးက ပြောလိုက်သည်။ “နောက်တစ်ခါ ဒီလိုမျိုး တစ်ခုခု ကြုံလာရင် ခင်ဗျား ဘာမှမလုပ်ခင် ကျွန်တော့်ကို အသိပေးပါလား?” သူက တိုးညှင်းသောအသံဖြင့် ဆက်ပြော၏။ “စွင်းဟောင်ကိစ္စ ခင်ဗျားအပြစ် မဟုတ်တာ သိပါတယ်။ အဲဒီလူတွေ တောင်ပေါ်မှာ ရှိနေတာကိုရော၊ ဘယ်လိုသွားရမယ်ဆိုတာကိုရော ကျွန်တော်တို့ သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ အသိပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အလုပ်ရှင်ပဲလေ၊ ဟုတ်တယ်မလား?”

 

 

 

ကျိုမင်က သူ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူသည် ယဲ့ကျိုး၏ အလေးအနက်ထားသော မျက်နှာကို စိုက်ကြည့်လိုက်ရာ ခဏတာအတွင်း သူ၏ မျက်လုံးများက အာရုံလွတ်သွားဟန်ရသည်။ ထို့နောက် သူက လျင်မြန်စွာ ပြန်ဖြေ၏။ “မှတ်ထားပါ့မယ်”

 

 

 

 

ယဲ့ကျိုး စိတ်သက်သာရာ ရသွားပြီး ကျိုမင်၏ ပခုံးကို ပုတ်လိုက်၏။ “အစားအစာ သွားယူလိုက်ဦးမယ်၊ စားရင်းနဲ့ စကားပြောကြတာပေါ့။ အခု ဘယ်လိုမှ အိပ်မပျော်နိုင်တော့ဘူး” ထို့နောက် သူက တိတ်တဆိတ်နှင့် ဝက်အူချောင်းလေးချောင်း ၊ ကိုယ်တိုင်အပူပေး ဟော့ပေါ့တစ်ထုပ်၊ ကိုလာနှစ်ဘူးနှင့် အစပ်မုန့်အချို့ကို အသာလေး ယူလာပြီး နားနေခန်းသို့ ပြန်သွားခဲ့သည်။

 

 

 

“ကျွန်တော် ဒီလို စဥ်းစားထားတယ်။ လမ်းကို ရှာပြီးတာနဲ့ အာရုံမခံမိအောင် အခြေအနေကို အရင်ဆုံး သွားကြည့်သင့်တယ်” သူက ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်တို့ ပစ္စည်းတွေအကုန် ယူသွားရမယ်၊ လူစုမကွဲရဘူး။ မိသွားတာနဲ့ ချက်ချင်း ပြန်တိုက်ခိုက်ရမယ်”

 

 

 

“မဟုတ်လို့၊ တစ်ယောက်ယောက် မိသွားရင် ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီ”

 

 

 

အကယ်၍ အခြားတစ်ဖက်တွင် ဓားစာခံများ ရှိနေပါက သူတို့၏ စိုးရိမ်ပူပန်မှုများက ပို၍ များပြားလာမည်သာ။

 

 

 

ယဲ့ကျိုးသည် နတ်မင်း အစစ် မဟုတ်ချေ။ သူသည် လက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူများကို ကယ်တင်နိုင်မည် မဟုတ်ပေ။

 

 

 

ယဲ့ကျိုးသည် ကိုယ်တိုင်အပူပေး ဟော့ပေါ့၏ အဖုံးကို ဖွင့်လိုက်ပြီး မွှေးကြိုင်သောအနံ့ကို ရှူရှိုက်လိုက်သည်။ ကျိုမင်အတွက် အဆီများသော သုံးထပ်သား တစ်တုံးကို ယူပေးပြီး သူ့အတွက် ပဲပြားလွှာလေး အချို့ကို ယူလိုက်သည်။ သူက အပူကို လေဖြင့် မှုတ်ထုတ်ကာ မျိုချရန် ခက်ခဲစွာ ရုန်းကန်ရင်း ပြောသည်။ “အရင်ဆုံး ခေါင်းဆောင်ကို ဖမ်း၊ ခေါင်းဆောင်ကို သတ်လိုက်တာနဲ့ သူတို့ အဖွဲ့ ပျက်သွားလိမ့်မယ်”

 

 

 

ကျိုမင်က ပြန်ဖြေ၏။ “သမိုင်းနဲ့ စစ်ရေးဗျူဟာတွေက ဘာပဲပြောပြော၊ အဲဒီလိုပဲ ရေထားတာပဲ။ စမ်းကြည့်တာပေါ့။ မအောင်မြင်ရင်တော့ ‘အသေသတ်၊ ဒါမှမဟုတ် အသတ်ခံ’ ဆိုတဲ့ နည်းလမ်းပဲ ကျန်တော့တယ်”

 

 

 

ယဲ့ကျိုးက ခါးခါးသီးသီး ရယ်လိုက်၏။ “ကျွန်တော် တစ်နေ့ကျရင် ‘သတ်တယ်’ ဆိုတဲ့ စကားကို ပါးစပ်ကနေ ထုတ်ပြောရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး”

 

 

 

သူက ကိုယ့်ကိုယ်ကိုယ် ယဥ်ကျေးသိမ်မွေ့သူတစ်ဦးဟု ယူဆခဲ့သည်။ လူကောင်းတစ်ဦးတော့ မဟုတ်လျှင်တောင် လူဆိုးတော့ လုံးဝ မဟုတ်ပေ။

 

 

 

သူ့ဘဝတွင် အဆိုးဆုံး လုပ်ဖူးသည်မှာ အိမ်မှ မီးအိမ်ကို ဖျက်ဆီးပြီး ဝန်မခံခဲ့ခြင်း ဖြစ်နိုင်သည်။ သူက လူတစ်ဦးကိုပင် ရိုက်ဖူးခြင်း မရှိခဲ့ချေ။ ယခုတွင်မူ သူသည် လူတစ်ဦးကို သတ်ရန် သွားတော့မည် ဖြစ်၏။

 

 

 

ယဲ့ကျိုးက ကိုလာကို တစ်ငုံ သောက်လိုက်ပြီး အရက်နှင့် ရဲဆေးတင်ခြင်းကို အတုယူရန် ကြိုးစား၏။ “ကျွန်တော် ခင်ဗျားကို ဆွဲထားမိရင် ထိုးလို့ရတယ်”

 

 

 

ကျိုမင်က ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

 

 

 

သူ ဘယ်လိုလုပ်ပြီး စိတ်ပါလက်ပါ ထိုးနိုင်ပါ့မလဲ…