အပိုင်း (၂၇)
ယဲ့ကျိုး ကျိုမင်ထံမှ ပစ္စတိုသေနတ်တစ်လက်ကို ရရှိပြီးနောက်၊ သူ၏ လက်ထဲတွင် စုစုပေါင်း သေနတ်လေးလက် ရှိလာချေပြီ။ ယင်းထဲမှ တစ်လက်ကိုမူ ပိုက်ဆံအချို့ ရရှိပြီးနောက် ကိုယ်ခံပညာအတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ယဲ့ကျိုး၏ စိတ်ထဲတွင် ထိုလက်နက်များကို မည်သူ့အား ပေးအပ်ရမည်ကို စဉ်းစားနေခဲ့ချေ၏။
မိုးလင်းသောအခါ ယဲ့ကျိုးသည် သူရွေးချယ်ထားသော သူများကို ရေဒီယိုမှတစ်ဆင့် နားနေခန်းသို့ လာရောက်ရန် ပြောကြားလိုက်သည်။
ထိုအတောအတွင်း ကျိုမင်က စွင်းဟောက်ကို "ပြင်" ခြင်းဖြင့် တစ်ညလုံး ကုန်လွန်စေခဲ့၏။ ယနေ့တွင်မူ မည်သည့်နည်းကို အသုံးပြုရမည်ဖြစ်စေ၊ သူတို့က တောင်ပေါ်လမ်းသို့ သွားရောက်၍ ဓားပြများ၏ ပုံစံအစစ်အမှန်ကို စုံစမ်းရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ခေါင်းဆောင်မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမည်ပင်။
မှန်ပြောင်းတစ်လက်ကို ကိုင်ဆောင်ထားလျှင် ဓားပြများအား သတိမပြုမိစေဘဲ သတင်းအချက်အလက်များကို စုဆောင်းရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ပေ။
"ဒီတစ်ခါ ဘာလို့ ကျွန်တော် ပါရတာလဲ..." ထိုလူက ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
ကျိုးဝမ်သည် ထင်ပေါ်ကျော်ကြားသူတစ်ဦး မဟုတ်ပေ။ သူသည် ဝူယန်ကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်ခြင်း မရှိသကဲ့သို့ ချန်လျိုကဲ့သို့ သွက်လက်ခြင်းလည်း မရှိချေ။ ပုံမှန်နေ့ရက်များတွင် သူ့ကို ခေါ်မည့်သူ မရှိပါက၊ အနီးအနားရှိ လူများကပင် ဤလူ၏ တည်ရှိမှုကို သတိမထားမိကြချေ။
ဝူယန်က သူ့အား ပြုံးပြပြီး ပြောလိုက်၏။ "နတ်မင်းက မင်းကို စိတ်ဝင်စားနေပြီ။ မင်းမှာ ပင်ကိုယ်အရည်အချင်း ထူးခြားတာ တစ်ခုခု ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလို့ အထင်သေးရတာလဲ?"
ကျိုးဝမ်က မဝံ့မရဲဖြင့် ခေါင်းညိတ်လိုက်သည်။
ဝူယန်က စာတတ်ပေတတ်ဖြစ်ပြီး မြေပိုင်ရှင်တစ်ဦး ဖြစ်သောကြောင့် သူ အနည်းငယ် ကြောက်ရွံ့နေခဲ့၏။ ဆန့်ကျင်ဘက်အနေဖြင့် သူက ညီအစ်ကို လေးဦးထဲမှ သာမန် လယ်သမားတစ်ဦးသာ ဖြစ်သည်။ အကြီးဆုံးဖြစ်သောကြောင့်သာ ဇနီးတစ်ဦး ရှိနေခြင်းပင်တည်း။
အငတ်ဘေး မတိုင်မီက သူ၏ ညီငယ်များက ပင်ပန်းခက်ခဲစွာ ငွေရှာရန် မြေတူးခြင်း၊ ကျောက်ရွှေ့ခြင်းနှင့် ကုန်သည်များအား ကုန်ပစ္စည်းများ သယ်ရာတွင် ကူညီခြင်း စသည့် အလုပ်များကို လုပ်ကိုင်ရန် မြို့သို့ သွားခဲ့ကြသည်။
သူ၏ မိဘများမှာမူ အငတ်ဘေးမှ ထွက်ပြေးခဲ့ရသည့် ခရီးကြမ်းတွင် ကွယ်လွန်ခဲ့ကြချေပြီ။ အသက်အရွယ် ကြီးလာခြင်းနှင့် တစ်သက်တာလုံး အင်အားကုန်လောက်အောင် လုပ်ကိုင်ခဲ့ရခြင်းတို့ကြောင့် သူတို့၏ ခြေထောက်၊ ကျောနှင့် ခါးတို့က အားနည်းနေခဲ့သည်။ ထို့ကြောင့် နေ့ရောညပါ ခရီးသွားလာနေရုံမျှမက၊ ဘာမှ မလုပ်ရသည့်တိုင် မကြာခဏဆိုသလို မသက်မသာ ခံစားနေခဲ့ရချေ၏။
ကျိုးဝမ်တစ်ယောက် ဘဝတစ်ဝက်နီးပါး အကြီးဆုံးအဖြစ် နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ခင်ပွန်းနှင့် ဖခင်တစ်ဦး ဖြစ်လာခဲ့သည်။ သူက မိခင်ကို မကာကွယ်နိုင်ခဲ့သော်လည်း ယခုမူ ဇနီးနှင့် ကလေးများကို ကာကွယ်ရန် လိုအပ်ချေပြီ။
သူက တစ်ယောက်တည်း ရပ်တည်နိုင်သူမျိုးတော့ မဟုတ်ချေ။ ဇနီးနှင့် သားသမီးများကို ဆုံးရှုံးသွားပါက သူ သေမည့်နေရာကို ရှာဖွေသွားနိုင်ဖွယ် ရှိသည်။
ဝန်ထမ်းများထဲတွင် သူက ဘယ်သောအခါမျှ ထင်ပေါ် ခဲ့ခြင်း မရှိသော်လည်း၊ အလုပ်တစ်ခု ပေးအပ်ခံရပါက ခေါင်းငုံ့ကာ ကောင်းမွန်စွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။
"မနေ့က ပုံစံကြောင့် ဖြစ်မှာပေါ့" ချန်လျိုက ရုတ်တရက် ဝင်ပြောလိုက်၏။ "မင်းမှာ သတ္တိရှိကြောင်း ပြလိုက်တာပဲ"
{T/N : အရင်အပိုင်းက စွင်းဟောက်ကို ထ,ကန်လိုက်တဲ့ လူပါ၊ မမြင်လိုက်ရင် ပြန်သွားဖတ်လို့ရပါတယ် }
အခြားသူများလည်း မနေ့က ကျိုးဝမ်သည် မည်မျှ ကြောက်တတ်သူဖြစ်သော်ငြား စွင်းဟောက်ကို အကြမ်းဖက် ခြင်းဖြင့် ရင်ဆိုင်ဝံ့ခဲ့ပုံကို သတိရသွားကြသည်။
"မင်းမှာ ဒီလိုမျိုး သွေးဆူလွယ်တဲ့ စိတ်ရှိမှန်း မသိခဲ့ဘူး"
"ကျွန်တော်တောင် အံ့အားသင့်သွားခဲ့တာ"
ကျိုးဝမ် သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ခိုင်မာစွာ ပြောလိုက်သည်။ "လူစားတဲ့သူတွေက သေသင့်တယ်…"
သူသည် မြေပြင်ပေါ်၌ အဖိခံခဲ့ရသည်ကိုလည်းကောင်း၊ ပါးစပ်ထဲ၌ ရွှံ့များ ပြည့်နေသည်ကိုလည်းကောင်း၊ ဇနီးသည်ကို ထိုလူများက အဝတ်အစားများ ချွတ်ကာ အရှက်ခွဲခဲ့သည်ကိုလည်းကောင်း၊ သူ၏ သားငယ်မှာ ထိုသူများ၏ အမြင်တွင် ကူကယ်ရာမဲ့နေသော ဝက်တစ်ကောင်ထက် မပိုခဲ့သည်ကိုလည်းကောင်း မှတ်မိနေခဲ့ချေသည်။
ယနေ့အထိ ကျိုးဝမ်က သူ မည်သို့ လွတ်မြောက်ခဲ့ပုံ၊ သို့မဟုတ် သူ့ကို ဖိထားသောသူအား မည်သို့ အနိုင်ယူခဲ့ပုံတို့ကို လုံးဝ မှတ်မိခြင်း မရှိတော့ချေ။ သူ သတိပြန်ဝင်လာသောအခါ ပါးစပ်ထဲတွင် သွေးနှင့် သံချေးအရသာ ရှိနေခဲ့ပြီး၊ သူက ထိုလူ၏ လည်ပင်းကို ကိုက်ဖြတ်ကာ ကြောက်မက်ဖွယ် ကစဉ့်ကလျား ဖြစ်အောင် လုပ်ခဲ့ချေပြီ။
မည်သည့် လက်နက်မှမရှိဘဲ သူ၏ သွားများသက်သက်ကသာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အထက်ဆုံးနှင့် အမာကျောဆုံး အရာများ ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ သူသည် ခန္ဓာကိုယ်အားကောင်းသော သူများနှင့်အတူ ထပ်မံ ထွက်ပြေးခြင်း မပြုတော့ဘဲ၊ သူ၏ ဇနီး၊ သားသမီးများနှင့် အသက်ကြီးသူ၊ အားနည်းသူနှင့် ဖျားနာသူများ အုပ်စုနှင့်အတူသာ နေထိုင်ရန် ရွေးချယ်ခဲ့သည်။
သူက လူသားစားသူအားလုံးကို နက်နက်ရှိုင်းရှိုင်း မုန်းတီးခဲ့ပြီး၊ သူ၏ ဇနီးနှင့် သားသမီးများကို အန္တရာယ်ပြုမည့်သူ မှန်သမျှကို ရွံရှာခဲ့၏။ သူ၏ မုန်းတီးမှုကိုနက်ရှိုင်းစွာ ဖုံးကွယ်ထားဆဲဖြစ်ပြီး၊ ၎င်းတို့၏ အဆုံးကို မြင်ရမည့် နေ့ရက်တစ်ခုအတွက် ပြင်းပြသော ဆန္ဒဖြင့် တောက်လောင်နေခဲ့ချေသည်။
လူသတ်ပြီးနောက် သူက ဘာကိုမှ မကြောက်တော့ဘဲ သူ၏ ကမ္ဘာကြီးသည် ပိုမို တောက်ပလာသည်ဟု ထင်ရ၏။
ဝူယန်က သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "မြန်မြန်လုပ်၊ နတ်မင်းက ကျွန်တော်တို့ကို စောင့်နေတယ်"
ဤတစ်ကြိမ် နားနေခန်းသို့ ခေါ်ခြင်းခံရသူ လေးဦးမှာ ဝူယန်၊ ချန်လျို၊ ကျိုးဝမ်တို့ ဖြစ်၏။
ယဲ့ကျိုးက ဤသူများကို ရွေးချယ်ရန် သေသေချာချာ စဉ်းစားခဲ့သည်။ ဝူယန်မှာမူ အမျိုးသားဝန်ထမ်းများကြားတွင် အမှန်တကယ် ခေါင်းဆောင် ဖြစ်နေချေပြီ။ သူ၏ ခေါင်းဆောင်နိုင်စွမ်းက အခြားသူများ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ကြောင်း သက်သေပြခဲ့သည်။
ချန်လျိုက သင်ခန်းစာ ပြင်းပြင်းတစ်ခု ရရှိပြီးနောက် သတိပိုကြီးလာခဲ့၏။ သူ၏ ပင်ကို သွယ်လျသော ခန္ဓာကိုယ်နှင့် အရပ်ပုခြင်းတို့က သူ့ကို သစ်ပင်များနောက်ကွယ်တွင် ချောမွေ့စွာ ပုန်းအောင်းနိုင်စေပြီး၊ အလွယ်တကူ ရှာဖွေရန် ခက်ခဲစေသည်။ သူက သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ရှေ့ပြေးစုံစမ်းခြင်းအတွက် အကောင်းဆုံး ဖြစ်သည်။
ကျိုးဝမ်ကတော့ ဆာရာကိုယ်တိုင်မှ ထပ်ဆင့် အကြံပြုခဲ့သော အင်အားတစ်ခုပင်တည်း။
ဆာရာက အခြားသူများသည် သတ်ဖြတ်ရန် အလွန်ကြောက်ရွံ့ ခြင်း သို့မဟုတ် မဆင်မခြင်စရိုက် ရှိခြင်းတို့ကြောင့် အသုံးဝင်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။ သို့သော် ကျိုးဝမ်က ကြောက်ရွံ့တတ်သည့် ပုံပေါက်သော်လည်း အရာအားလုံးကို စွန့်စားရန် မကြောက်သော နှလုံးသားကို ပိုင်ဆိုင်ထားချေသည်။
"အရေးပေါ် အခြေအနေမှာ သေမှာကြောက်တဲ့သူတွေက အရင် သေလိမ့်မယ်" ဟု ဆာရာက ယဲ့ကျိုးအား ပြောပြသည်။ "လူတစ်ယောက်က သေရမှာကို မကြောက်ဘူးဆိုရင်၊ သူတို့က အထူးတလည် အားမကြီးနေဘူးဆိုရင်တောင် တခြားသူတွေကို ခြောက်လှန့်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့ အသက်ကို စွန့်စားရဲလို့ပဲ။ တခြားသူတွေ တွန့်ဆုတ်နေချိန်မှာ သူတို့က အကုန် ပုံအောရဲတယ်"
"တခါတလေ၊ အားကြီးတဲ့သူကို အနိုင်ရဖို့ဆိုတာ ဒီအချက်ပေါ်ပဲ မူတည်တယ်လေ။ David နဲ့ Goliath လိုပေါ့"
ဆာရာသည် မာနအနည်းငယ်ပါသည့် လေသံဖြင့် ပြောလိုက်သည်။ "ကျွန်မထက် အင်အားကြီးတဲ့ ဗန်ပိုင်းယားတွေကိုတောင် ကျွန်မ သတ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့က အသက်ကို ပုံမအောရဲလို့ပဲ။ ကျွန်မမှာတော့ ထွက်ပြေးဖို့ လမ်းမရှိလို့ စွန့်စားလိုက်ရတာပေါ့။ သူတို့မှာ ထွက်ပေါက် ရှိနေတော့ တွေဝေသွားတာ"
"သူက ဘာကြောင့် ရှုံးမှန်း မသိလိုက်ဘဲ သေသွားရတယ်" ဆာရာက ပြောလိုက်၏။
ယဲ့ကျိုးက သူ(မ)၏ အကဲဖြတ်မှုကို သဘောတူခဲ့သည်။
သူသည် တစ်ခါမျှ ရန်ဖြစ်ဖူးခြင်း မရှိခဲ့သည့်အပြင်၊ ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲမျိုးကိုလည်း မကြုံဖူးချေ။ ထို့ကြောင့် သူသည် ဆာရာနှင့် ကျိုမင်တို့၏ အကြံဉာဏ်ကိုသာ အားကိုးနိုင်ခဲ့သည်။
ယဲ့ကျိုး သူတို့၏ အစီအစဉ်ကို ဝူယန်အား အတိုချုပ် ရှင်းပြခဲ့သည်။
"သူတို့က တောင်ထိပ်မှာ ရှိနေတယ်" ယဲ့ကျိုးက ပြော၏။ "ကျွန်တော်တို့ သူတို့ကိုသာ မရှင်းဘူးဆိုရင် ခင်ဗျားတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုပါ အန္တရာယ်ပေးလိမ့်မယ်"
"ဒါတွေက လက်နက်ခဲယမ်း တွေပဲ" ယဲ့ကျိုးက စားပွဲပေါ်တွင် ချထားသည့် သေနတ်သုံးလက်ကို ညွှန်ပြသည်။ "ကျိုမင်က ဘယ်လိုသုံးရမယ်ဆိုတာ သင်ပေးလိမ့်မယ်"
ယဲ့ကျိုးသည် ပြီးခဲ့သည့်ညက ကျိုမင်၏ ကိုယ်ပိုင်သင်တန်း အမြန်တက်ခဲ့ရသူ ဖြစ်သည်။
ယဲ့ကျိုး၏ ပစ်မှတ်တိကျမှုက ပုံမှန်အဆင့်မျှသာ ရှိသော်လည်း၊ သူသည် သေနတ်ကို မည်သည့်အခါကမှ မသုံးဖူးသည်ကို ထည့်သွင်းစဉ်းစားပါက၊ အကွာအဝေး လုံလုံလောက်လောက် နီးပါက ပစ်မှတ်ကို ထိမှန်နိုင်သည်။
မည်သည့်နေရာကို ထိမှန်မည်ကိုတော့ မသေချာ။
ယဲ့ကျိုးကတော့ သူ၏ စွမ်းရည်များကို သံသယ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျိုမင်က သူ၏ တိုးတက်မှုနှုန်းဖြင့် ဆက်သွားပါက ပစ်မှတ်ကို ထိမှန်နိုင်သော လက်ဖြောင့်သေနတ်သမားတစ်ဦး ဖြစ်လာမည်ဟု သူ့အား အာမခံခဲ့သောကြောင့်ပင်တည်း။
ယဲ့ကျိုးက တရားဝင် လေ့ကျင့်မှု မရှိဘဲ၊ ဤအချိန်တွင် သူ့ကိုယ်သူ များများစားစား တောင်းဆို၍ မရနိုင်ကြောင်း နားလည်ခဲ့သည်။
ဆန့်ကျင်ဘက် အခြေအနေတွင် တည်ငြိမ်စွာ နေထိုင်ပြီး သူ၏ ပစ်ခတ်မှုများဖြင့် ပစ်မှတ်ကို ထိမှန်စေခြင်းက သူ၏ အမြင့်ဆုံးသော မိမိကိုယ်ကို မျှော်လင့်ချက်ပင်။
ဝူယန်နှင့် အခြားနှစ်ဦးမှာမူ ကန့်ကွက်စရာ မရှိကြချေ။
"နတ်မင်းက ကိုယ်တိုင် ကြွလာမှာလား?" ဝူယန်က ယဲ့ကျိုးအား မော့ကြည့်ရန်ပင် မဝံ့ရဲသေးချေ။
ယဲ့ကျိုး ခေါင်းညိတ်သည်။ "ဟုတ်တယ်၊ ကိုယ်တိုင် သွားကြည့်ဖို့ လိုတယ်"
ဤသည်မှာ သူ၏စူပါမားကတ် ဖြစ်ပြီး သူ၏ စစ်မြေပြင်ပင်တည်း။ သူ၏ စစ်မြေပြင်တွင် သူ ပုန်းအောင်းနေချိန်၌ အခြားသူများကို အသက်စွန့်ရန် ခွင့်မပြုနိုင်ပေ။
ချန်လျိုနှင့် ကျိုးဝမ်တို့မှာမူ ယဲ့ကျိုးအား စကားပြောရန်ပင် မဝံ့ရဲကြချေ။ သူတို့နှစ်ဦးစလုံးက သတိဝီရိယဖြင့် နတ်မင်း၏ အမိန့်ကို မေးခွန်းမထုတ်ဘဲ လိုက်နာခဲ့ကြသည်။ နတ်မင်းက သူတို့ကို မည်သို့ လုပ်ဆောင်စေသည်ဖြစ်စေ၊ သူတို့က ထိုအတိုင်း လုပ်ဆောင်ကြမည် ဖြစ်သည်။
သူတို့က ဓားပြများကိုလည်း ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ နတ်မင်းကိုယ်တိုင် အခြေအနေများကို ကြီးကြပ်နေပါက ဓားပြအုပ်စုတစ်စုက ကြောက်စရာမလိုချေ။ ဘာပဲဖြစ်ဖြစ် နတ်မင်းတစ်ပါးကို ဘယ်သူကများ ယှဉ်နိုင်မှာလဲ ။
ဤသည်မှာ သူတို့အတွက် နတ်မင်း၏ ကြင့်ကြံမှု အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပေသည်။
ဝူယန်က တိုးညှင်းစွာ ပြောသည်။ "နတ်မင်းရဲ့ အမိန့်တော်အတိုင်း၊ ကျွန်တော်မျိုးတို့ မတွန့်ဆုတ်ဘဲ လိုက်နာပါ့မယ်"
ယဲ့ကျိုး တိုးညှင်းစွာ ရေရွတ်သည်။ "ဒီခရီးစဉ်မှာ အန္တရာယ်တွေ ရှိလာနိုင်တယ်။ ပြန်သွားပြီး မိသားစုတွေနဲ့ စကားပြောကြဦး"
ဝူယန်က ပြန်ဖြေလိုက်၏။ "ဟုတ်ကဲ့"
နတ်မင်းက သူတို့ကို စေလွှတ်သောအခါ အန္တရာယ်များအကြောင်း သတိပေးခဲ့ဖူးသော်လည်း အရာအားလုံး အဆင်မပြေခဲ့ဘူးလား?
ဓားပြများနှင့် ဒုတိယအကြိမ် ထိပ်တိုက်တွေ့ခဲ့ရသော်လည်း သူတို့ကို ကာကွယ်ရန် ဆာရာ ရှိနေချေပြီ။
ဤလောကတွင် သူတို့အတွက် အန္တရာယ်ဟု ခေါ်ဆိုနိုင်သည့် မည်သည့်အရာမျှ မရှိချေ။
နားနေခန်းမှ ထွက်ခွာလာပြီးနောက် ချန်လျို အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။ "နတ်မင်းက ဒီလို အရေးကြီးတဲ့ အလုပ်ကို ကျွန်တော်တို့ကို အပ်တယ်ဆိုတာက ကျွန်တော် မကြာသေးခင်က ကောင်းကောင်း လုပ်ခဲ့တယ်ဆိုတာကို ပြနေတာပဲ"
"ဒီ လက်နက်ခဲယမ်းတွေက နတ်မင်းရဲ့ နတ်လက်နက်တွေလို့ ထင်လား? repeating crossbow (ဒူးလေး) တွေထက်တောင် ပိုအစွမ်းထက်မယ် မဟုတ်လား?"
သူသည် သေနတ်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ဟန်ပြနေခဲ့၏။
ဝူယန်လည်း စူးစမ်းချင်စိတ် ဖြစ်နေခဲ့သည်။ သေနတ်၏ ကျစ်လစ်သော အရွယ်အစားက ၎င်းသည် repeating crossbow ထက် ပိုမို အစွမ်းထက်နိုင်ပါ့မလားဟု သူ့အား တွေးတောစေခဲ့သည်။
သို့သော် နတ်လက်နက်များ နှင့်ပတ်သက်၍ ဘယ်သူ ပြောနိုင်မလဲ၊ သေးလေလေ ပိုမို အစွမ်းထက်လေလေ ဖြစ်နိုင်သည်။
သူတို့က စူပါမားကတ်အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် ကျိုမင်သည် လက်များကို ပိုက်၍ နံရံကို မှီကာ သူတို့ကို စောင့်ဆိုင်း နေသည်ကို တွေ့လိုက်ရ၏။
ကျိုမင်၏ မျက်နှာတွင် တင်းမာသော အမူအရာရှိပြီး လူများကို ချဉ်းကပ်ရန် အားမပေးသည့် အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့သည်။ အလောင်းများပြည့်နေသော တောင်များနှင့် သွေးပင်လယ်များကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် သူတို့အားလုံးက စူပါမားကတ်၏ ဝန်ထမ်းများ ဖြစ်နေကြသော်လည်း ကျိုမင်ကိုမူ သိပ်မသိကြချေ။ သူတို့ လမ်းလျှောက်လာသည့်တိုင် စကားအနည်းငယ်ထက် ပို၍ ဖလှယ်လေ့မရှိကြပေ။
သူတို့က သာမန် လူသား တစ်ဦးဖြစ်သည့် ကျိုမင်ကို ချဉ်းကပ်ခြင်းထက် ဆာရာဟူသော သဘာဝလွန် သတ္တဝါကို ချဉ်းကပ်ရသည်ကို ပို၍ နှစ်သက်ကြသည်။
ဝူယန်ကပင်လျှင် သူ၏ နေ့စဉ်ဘဝတွင် ကျိုမင်အား တက်တက်ကြွကြွပင် ရှောင်ရှားလေ့ရှိသည်။
သီအိုရီအရ၊ သူတို့သည် ရက်စက်သော ဓားပြများကို တွေ့ကြုံခဲ့ရသော်လည်း၊ သူတို့ရှေ့တွင် တစ်ခါမျှ လူမသတ်ဖူးသူ ကျိုမင်ကို ကြောက်ရွံ့သင့်သည် မဟုတ်ပေ။
သို့သော် ထိုခြောက်လှန့်သော အရှိန်အဝါသည် သူတို့ ဘာပဲလုပ်လုပ် လျစ်လျူရှု၍ မရနိုင်သောအရာ ဖြစ်သည်။
ကျိုမင်က ကိုယ်ကို မတ်မတ်ထားလိုက်ပြီး သူတို့ကို မြင်သောအခါ ခေါင်းဆောင် ဝူယန်အား အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်သည်။ "နောက်က လိုက်ခဲ့"
သူသည် သီးခြားနေရာတစ်ခုကို ရှာဖွေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် firearm များတွင် အသံတိတ်ကိရိယာများ မပါရှိသောကြောင့်ပင်။ ၎င်းတို့ကို သီးခြား ဝယ်ယူရမည်ဖြစ်ပြီး၊ မကြာသေးမီကမှ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်လာသူ ယဲ့ကျိုးကဲ့သို့သူမျိုးက မတတ်နိုင်သေးချေ။ တောင်ထိပ်မှ ဓားပြများ သတိမထားမိစေရန် သူတို့က အခြားနေရာတွင် လေ့ကျင့်ရမည် ဖြစ်သည်။
ဝူယန်သည် ကျိုမင်အား သတိထား၍ မေးလိုက်၏။ "ကျိုရှင်းတိ၊ ဒီ firearm က repeating crossbow နဲ့ ယှဉ်ရင် ဘာထူးခြားတာလဲ?"
{T/N : ရှင်းတိ က ရောင်းရင်း ကိုပြောတာပါ}
ကျိုမင်က ရိုးရှင်းစွာ ပြန်ဖြေသည်။ "ခဏနေ သိလာလိမ့်မယ်။ ကျွန်တော် ပြောစရာတောင် မလိုဘူး"
ဝူယန်: "..."
အိုးလေးလေး၊ ကျိုရှင်းတိရဲ့ စိတ်ထားက ဆိုးလွန်းလို့ မိန်းမတောင် ရမှာမဟုတ်လောက်ဘူး။
သို့သော် သူက ဤအတွေးကို အကြာကြီး မစဉ်းစားမီ၊ ကျိုမင်သည် သူ၏ လက်ကို မြှောက်လိုက်သည်ကို တွေ့လိုက်ရပြီး သူ၏ လက်ဖဝါးမှ "ဘန်း…" ဟူသော အသံတစ်သံ ထွက်ပေါ်လာရာ အနီးအနားရှိ သစ်ပင်တစ်ပင်က နှစ်ကြိမ်တိုင်တိုင် ယိမ်းထိုး သွားခဲ့သည်။
ထိုအမြန်နှုန်းက အလွန်မြန်ဆန်လှ၏။ ဝူယန်နှင့် အခြားသူများမှာ မည်သို့ဖြစ်သွားသည်ကိုပင် ခွဲခြား၍ မသိနိုင်ခဲ့ကြချေ။
တစ်ခုခု ပျံထွက်သွားသလိုပဲ? ဘာကြီးလဲ?
ကျိုမင် လှည့်လာပြီး ဝူယန်အား ပြောလိုက်၏။ "ဟိုဘက်ကို သွားကြည့်လိုက်"
ဝူယန် ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ကာ ချန်လျိုနှင့် အခြားသူများကို ဦးဆောင်၍ ကျိုမင်နောက်သို့ လိုက်သွားခဲ့၏။
အပေါက်တစ်ပေါက် ပေါက်နေသည့် သစ်ပင်ပင်စည်ကို မြင်တွေ့ရသောအခါ ဝူယန်ခမျာ ထိတ်လန့် မှုဖြင့် မျက်လုံးများ ပြူးကျယ်ကာ မောဟိုက်သွားခဲ့၏။ ဤ နတ်လက်နက်၏ စွမ်းအားက အလွန်ကြီးမားလှပေသည်! ။ ခုဏလေးကတင် ချန်လျိုက အဲ့တာကို ပေါ့ပေါ့ဆဆ ဆော့နေခဲ့တာ မဟုတ်ဘူးလား?
ချန်လျိုလည်း ကြောက်လန့်တကြား ဖြစ်သွားခဲ့၏။ သူ ကိုင်ထားသော သေနတ်သည် အာလူးပူ တစ်လုံးကဲ့သို့ ခံစားရသည်။ သူက မျက်တောင်တစ်ခတ်အတွင်း သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရသည်ဟုပင် ခံစားခဲ့ရ၏။
ကျိုမင်က သူတို့၏ ကြောက်ရွံ့မှုများကို သိနေပုံရပြီး ရှင်းပြသည်။ "ဒီသေနတ်မှာ လုံခြုံရေးခလုတ် ပါတယ်။ လုံခြုံရေးခလုတ်ကို မဖြုတ်ရင်၊ ဘယ်လိုပဲ ဆွဲဆွဲ၊ အလုပ်မလုပ်ဘူး"
ဝူယန်က အလျင်အမြန် မေးသည်။ "လုံခြုံရေးခလုတ်ဆိုတာ ဘာလဲ?"
ကျိုမင်သည် ချဉ်းကပ်ရန် ခက်ခဲပုံရသော်လည်း လိုအပ်သည့်အခါ မေးခွန်းများကို ပြန်ဖြေတတ်သူဖြစ်ရာ firearm ၏ လုံခြုံရေးခလုတ်ကို ညွှန်ပြပြီး ပြောလိုက်၏။ "လုံခြုံရေးလီဗာကို ဒီဘက်ကို ရွှေ့လိုက်။ 'F' ကို ပြနေတဲ့အခါ သေနတ်က ဘယ်အချိန်မဆို ထပစ်လို့ရတယ်။ 'S' ကို ပြနေတဲ့အခါ ဘေးကင်းရေးစနစ်မှာ ရှိနေပြီ"
စနစ်မှ ရောင်းချသော သေနတ်များက အရည်အသွေး ကောင်းမွန်ပြီး၊ ကျည် မပိတ်ခြင်း သို့မဟုတ် ကျည်မှားခြင်း မရှိပေ။
" 'S' ကို မြွေတစ်ကောင်လို့ စဉ်းစားလိုက်" ကျိုမင်က ရှင်းပြသည်။ "မြွေပုံလေး ပေါ်နေသရွေ့ သေနတ်က ကျည်မထွက်ဘူးလို့ မှတ်ထား။ သုံးတဲ့အချိန် ခလုတ်ကို ဖြုတ်ဖို့ မမေ့နဲ့"
"ပစ္စတိုမှာ အကွာအဝေး ကန့်သတ်ချက် ရှိတယ်" ကျိုမင်က ဆက်ပြော၏။ "အရင်ဆုံး စမ်းကြည့်သင့်တယ်"
သေနတ်များက အဓိကအားဖြင့် ကိုယ်ခံပညာ အတွက်သာ ဖြစ်သည်။ ဓားပြများကို တစ်ချက်တည်းဖြင့် အမှန်တကယ် အနိုင်ယူလိုပါက ကျိုမင် ယူဆောင်လာသော စက်သေနတ်များကို လိုအပ်မည်သာ ဖြစ်ပေသည်။
မြေအနေအထားကလည်း အလွန်အရေးကြီးသည်။
ယဲ့ကျိုးနှင့် ကျိုမင်တို့သည် ဓားပြများကို အောက်ဘက် မြေပြင်သို့ ဦးဆောင်ရန် စဉ်းစားခဲ့ကြပြီး၊ ကျိုမင်နှင့် ဝန်ထမ်းများက ပိုမြင့်သော နေရာများကို သိမ်းပိုက်ကာ စက်သေနတ်များနှင့် repeating crossbow များကို အသုံးပြုကြမည် ဖြစ်သည်။ ဤသည်မှာ စက်သေနတ်များ၏ အားသာချက်များ ပေါ်လာမည့်အချိန်ဖြစ်သည့် ပိုဝေးသော အကွာအဝေး၊ ပိုကျယ်သော လွှမ်းခြုံမှုနှင့် တိုးမြှင့်ထားသော အဖျက်စွမ်းအားပင်တည်း။
ထိုအချိန်တွင် ကျိုမင်၏ လက်ထဲ၌ စက်သေနတ် တစ်လက်သာ ရှိနေသည်။
ယဲ့ကျိုးတစ်ယောက် စနစ်၏ စတိုးဆိုင်ကို ကြိုတင်ကြည့်ရှုခဲ့ဖူးရာ၊ ကျိုမင် ကိုင်ဆောင်သည့် စက်သေနတ်နှင့် ပုံစံတူ တစ်လက်၏ တန်ဖိုးမှာ နှစ်သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရှိခဲ့သည်။
ထို့ကြောင့် သူ အလိုရှိသော်ငြားလည်း လက်ရှိ ပိုင်ဆိုင်ထားသော ငွေကြေးဖြင့် ဝယ်ယူရန် မတတ်နိုင်သေးပေ။
စျေးနှုန်း အသက်သာဆုံးသည်ပင် တစ်သန်းခွဲ ကုန်ကျမည်ဖြစ်ရာ၊ ၎င်းကိုလည်း သူ မတတ်နိုင်သေးပေ။
ထို့ကြောင့် ယဲ့ကျိုးတစ်ယောက် ပစ္စတိုသေနတ်ကိုသာ ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းက သေနတ်ဖြစ်၍ လက်နက်အေးများထက်တော့ အစွမ်းထက်မြက်တယ်မဟုတ်ပါလား?
မိုးသောက်ယံ အစောပိုင်းမှ နေ့လယ်အထိ ဝူယန်တို့တစ်သိုက် လေ့ကျင့်မှုကို ခေတ္တမျှပင် မရပ်မနားဘဲ လုပ်နေခဲ့ကြချေသည်။ သေနတ်များမှာ စျေးကြီးသော်လည်း ကျည်ဆန်များမှာတော့ စျေးသက်သာလှသည်။ ထို့ကြောင့် ယဲ့ကျိုးတစ်ယောက် ကျည်ဆန်များကို သေတ္တာလိုက် ဝယ်ယူထားခဲ့ခြင်းကြောင့် ဝူယန်တို့အဖို့ လုံလောက်စွာ ပစ်ခတ်လေ့ကျင့်နိုင်ခဲ့ကြသည်။
.
နေ့လယ်ဘက် ရောက်သောအခါ၊ နေအပူဆုံး အချိန်ကို အခွင့်ကောင်းယူ၍ ယဲ့ကျိုးတစ်ယောက် တောင်ပေါ်သို့ ထွက်ခွာရန် ပြင်ဆင်ခဲ့၏။
ဤအချိန်မျိုး၌ ဓားပြများက သတိကြီးစွာ ထားရှိနေဆဲဖြစ်သော်လည်း ညပိုင်းထက်စာရင်တော့ သတိအလွှာ လျော့ကျနေမည်မှာ အသေအချာပင်။
နေရောင်ခြည် အောက်တွင် ဖုံးကွယ်ရန် ခက်ခဲသောကြောင့် ယဲ့ကျိုးက ပုံမှန်နှင့် ဆန့်ကျင်ဘက် လမ်းကြောင်းကို ရွေးချယ်လိုက်ခြင်းပင်။
ပူပြင်းလှသော ရာသီဥတုကြောင့် လူတိုင်းက အရိပ်အာဝါသကို ရှာဖွေလိုကြပြီး၊ အားအင်ချိနဲ့ကာ ထိုင်းမှိုင်း နေတတ်ကြသည်။ မကြာခဏပင် ဤအချိန်မျိုး၌ လူတို့မှာ အိပ်ချင်မူးတူး ဖြစ်နေတတ်ကြ၏။
ယခုတစ်ခေါက်တွင် crossbow(ဒူးလေး) ပစ်တတ်သော ဝန်ထမ်းများအားလုံးကို ခေါ်ဆောင်ခဲ့ခြင်း မရှိချေ။ လူအများအပြား ပါဝင်ပါက အလွယ်တကူ အဖမ်းခံရနိုင်ချေရှိသဖြင့် သတိထားလျှင် ပိုကောင်းသည်။
ရာသီဥတုက အလွန်ဆိုးရွားလှသည်။ စွင်းဟောက်တစ်ယောက် အသက်၏ အစိတ်အပိုင်း အများစုကို ဆုံးရှုံးနေခဲ့ချေပြီ။ သူ အဆုံးထိ ခံနိုင်ရည် ရှိပါ့မလားဟူသည်မှာ မသေချာပေ။
သို့သော် ယဲ့ကျိုးက သူတော်စင်တစ်ဦးအဖြစ် ရပ်တည်၍ မရနိုင်ချေ။ အချိန်ကား အရာရာထက် တန်ဖိုးရှိနေသည်။ စွင်းဟောက်တစ်ယောက် မခံနိုင်တော့ကြောင်း သူ သိရှိနေသော်လည်း လမ်းပြခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိရမည်သာ ဖြစ်သည်။
စွင်းဟောက်လည်း သေခြင်းတံခါးဝသို့ နီးကပ်နေကြောင်း သိပုံရချေသည်။ သူက ရုန်းကန်ခြင်းနှင့် သနားခံခြင်းတို့ကို ရပ်တန့်ထားခဲ့ပေပြီ။ သို့သော် မျှော်လင့်ချက် တစ်စွန်းတစ်စလေးကိုတော့ ဆက်လက် ကိုင်ဆွဲထားခဲ့၏။ ဝူယန်က သူ့ကို သယ်ဆောင်သွားသည့်အခါ သူ၏ ရောင်ရမ်းသွေးစို့နေသော မျက်လုံးများဖြင့် ယဲ့ကျိုးထံသို့ မျှော်လင့်ချက်အပြည့်ဖြင့် အပူတပြင်း လှမ်းကြည့်ခဲ့သော်လည်း၊ ယဲ့ကျိုးကမူ သူ့အား လှည့်ပင်မကြည့်ခဲ့ချေ။
ယဲ့ကျိုးတစ်ယောက် သံမဏိနှလုံးသား ပိုင်ဆိုင်ထားသူ မဟုတ်မှန်း သူသိ၏။ အတွေ့အကြုံ ပိုမိုများပြားလာပါက စွင်းဟောက်ကဲ့သို့ သနားစရာကောင်းသော်လည်း ဆိုးသွမ်းသော ပုဂ္ဂိုလ်များကို မမြင်ချင်ယောင် ဆောင်နိုင်လိမ့်မည်။ သို့သော် ယခုအချိန်၌မူ မတတ်နိုင်သေးသဖြင့် စွင်းဟောက်အား မကြည့်မိအောင် ထိန်းချုပ်ခဲ့ခြင်းပင်။
စွင်းဟောက်အပေါ် သနားကြင်နာစိတ် အနည်းငယ်မျှ ပေါ်မလာစေရန်လည်း တားဆီးခဲ့သည်။
စွင်းဟောက်၏ ကိုယ်အင်္ဂါများမှာ လှုပ်ရှား၍ မရနိုင်တော့ရာ၊ သူ လမ်းချော်ကျခြင်းမှ ကာကွယ်ရန် ဝူယန်၏ ခန္ဓာကိုယ်သို့ ကြိုးဖြင့် တုပ်နှောင်ထားရသည်။
ဝူယန် ပင်ပန်းလာသည့်အခါတွင်မူ ကျိုးဝမ်၏ အလှည့် ဖြစ်လိမ့်မည်။ ချန်လျိုက ရှေ့ဆုံးမှ ရှေ့ပြေးစုံစမ်းသူအဖြစ် လုပ်ဆောင်ရမည်။
ကျိုမင်ကား အဖွဲ့၏ ရှေ့ဆုံးမှ ဦးဆောင်၍ ဆာရာက နောက်ဆုံးမှ လိုက်ပါခဲ့သည် ။
ယဲ့ကျိုး၏ အမြင်တွင် စွင်းဟောက်အပါအဝင် သူတို့၏ အဖွဲ့ငယ်လေးမှာ စိတ်ချရသော အနေအထားတွင် ရှိနေချေသည် ။
ယဲ့ကျိုး ကိုယ်တိုင်မှာမူ ကိုယ့်ကိုယ်ကိုယ် သဘောပေါက် နားလည်သူဖြစ်၏။ သူက နောက်ကောက်မကျန်စေရန် သေချာစေခဲ့ပြီး၊ အန္တရာယ်နှင့် ရင်ဆိုင်ရပါက လျင်မြန်စွာ ပစ်ခတ်နိုင်ခြင်း သို့မဟုတ် ပြေးနိုင်ခြင်းမှာပင် ကောင်းမွန်ပြီဟု မှတ်ယူထားခဲ့၏။
ဤအချိန်အတွင်း ယဲ့ကျိုးတစ်ယောက် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ မမျှော်လင့်သော အခြေအနေတစ်ခု ပေါ်ပေါက်လာပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အတွေးများနှင့်အညီ လိုက်ပါနိုင်မည်မဟုတ်မည်ကို စိုးရိမ်ခဲ့ခြင်းကြောင့်ပင်။
စွင်းဟောက်၏ ခြေလက်များ မလှုပ်နိုင်တော့သည့်အတွက် လမ်းညွှန်မှုပေးရန် စကားပြောခြင်းကိုသာ အားကိုးရသည်။ သွားအချို့ ဆုံးရှုံးထားခြင်းကြောင့် သူ၏ စကားသံမှာ မပီမသ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် စွင်းဟောက်ပြောဆိုသည်များကို အကြိမ်ကြိမ် ကြိုးစားပြီးမှသာ ခွဲခြား သိရှိနိုင်ခဲ့ကြ၏။
စွင်းဟောက်က ၎င်းတို့ကို ထောင်ချောက်ထဲသို့ ဦးဆောင်နိုင်ခြေကို ကာကွယ်ရန်အတွက် ယဲ့ကျိုးတစ်ယောက် မြင့်မားသော နေရာတစ်ခုမှ မှန်ပြောင်းကို အသုံးပြု၍ ရှေ့လမ်းကို အမြဲတစေ စူးစမ်းခဲ့သည်။ ထို့နောက် ချန်လျိုကို အခြေအနေကို သွားရောက် အကဲဖြတ်စေခဲ့၏။
၎င်းတို့က ရပ်တန့်အနားယူမှုများဖြင့် ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြရာ သုံးနာရီခန့် အကြာတွင် တောင်ထိပ်နှင့် ကပ်လျက်ရှိသော တောင်ကုန်းငယ်လေး တစ်ခုသို့ ရောက်ရှိခဲ့ကြချေပြီ။
"မှန်ပြောင်းတွေက တကယ်ကို တီထွင်မှုကြီးပဲနော်" ယဲ့ကျိုးတစ်ယောက် ကျိုမင်အား တိုးတိုးလေး ပြောလိုက်သည်။ "မှန်ပြောင်းကို တီထွင်တဲ့သူ Nobel ဆု ရခဲ့လား မသိဘူး"
ကျိုမင်က ပြန်ဖြေသည်။ "ကျွန်တော်လည်း... မသိဘူး"
သူ ဘယ်လိုလုပ် သိမှာလဲ?
ယဲ့ကျိုးကလည်း ဤအချိန်၌ သိရန် မလိုအပ်သေးပေ။ သူ ပြန်ရောက်သည့်အခါ ကွန်ပျူတာပေါ်တွင် အမြဲတစေ ရှာဖွေနိုင်သည် မဟုတ်ပါလား။ ယခုအချိန်၌ သူ၏ အာရုံစိုက်မှုက ဓားပြများ ပုန်းခိုရာပေါ်တွင်သာ ရှိနေခဲ့၏။
"အဲ့ဒါ ဂူလား?" ယဲ့ကျိုးက လုံးဝ ထုံထုံကြီး ဖြစ်နေပြီဖြစ်သော စွင်းဟောက်အား ငုံ့ကြည့်လျက် မေးလိုက်သည်။ စွင်းဟောက်မှာ အလှမ်း ဝးသော နေရာများအထိ မြင်နိုင်သော နတ်မင်း၏ နတ်ပစ္စည်းကို မြင်ဖူးထားခြင်းကြောင့် ထောင်ချောက်များ ရှိနိုင်သော လမ်းမှ ညွှန်ပြရန် အလွန်အမင်း ကြောက်ရွံ့နေခဲ့၏။
"ဟုတ်ပါတယ်" စွင်းဟောက်တစ်ယောက် အားအင်ချိနဲ့စွာဖြင့် မောဟိုက်၍ ပြောလိုက်သည်။
ယဲ့ကျိုးတစ်ယောက် မျက်ခုံးပင့်လျက် မေးသည်။ "ဒီဂူက လူလေးရာကျော်ကို ဆန့်နိုင်တယ်ပေါ့"
စွင်းဟောက်က "အာ" ဟူ၍ အသံပြုလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဝူယန်က သူ့ကို ရေအနည်းငယ် တိုက်လိုက်၏။ လည်ချောင်း စိုစွတ်သွားသောအခါ စွင်းဟောက်က ဆက်လက်ပြောသည်။ "ဒီဂူက ပုန်းခိုရာနေရာလိုပါပဲ။ ပုံမှန်နေရာတွေထက် ပိုအေးပြီး ရေကန် တစ်ခုလည်း ရှိတယ်"
ယခုအခါ ရေအရင်းအမြစ် ပြဿနာကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့ချေပြီ။
ယဲ့ကျိုးက ထပ်မံမေးမြန်း၏- "မင်းတို့ ခေါင်းဆောင်လည်း အဲ့ဒီမှာ နေတာလား?"
စွင်းဟောက်က ခေါင်းညိတ်သည်။ "ခေါင်းဆောင်တစ်ဦးပဲ တဲရှိတာပါ"
"ကောင်းပြီလေ" ယဲ့ကျိုးက ကျိုမင်နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်သည်။ "အချိန်တန်ရင် ဂူဝကို ကျွန်တော်တို့ ဝိုင်းထားမယ်"
ဝိုင်းဝန်း တိုက်ခိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ၎င်းတို့ ဂူဝကို ထိန်းချုပ်ထားနိုင်သရွေ့ အချိန်ယူရသော်လည်း ရန်သူကို တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းနိုင်မည်။ ၎င်းတို့က မိမိတို့၏ ခန္ဓာကိုယ်ကို အသက်ကယ်အဖြစ် သုံး၍ ကျည်ဆန်များနှင့် မြားများမှ ကာကွယ်ရန် ဆန္ဒရှိခဲ့ကြသည်။
သို့သော် ၎င်းတို့ ထိုမျှလောက် သတ္တိရှိလိမ့်မည်ဟု ယဲ့ကျိုး မယုံပေ။ အကယ်၍ သတ္တိနှင့် လူသားဆန်မှုများ ရှိခဲ့လျှင် လူသားစားခြင်း သို့မဟုတ် အားနည်း၍ ထွက်ပြေးလာကြသော ဒုက္ခသည်များကို တိုက်ခိုက်ခြင်းတို့ ပြုလုပ်လာမည် မဟုတ်ချေ။ မြောက်ပိုင်းက ဘေးလွတ်ရာ ထွက်ပြေးသွားတာ၊ ဒါမှမဟုတ် ရိက္ခာတွေ သိုလှောင်ထားတဲ့ ပိုက်ဆံရှိတဲ့ အိမ်တွေ မရှိခဲ့ဘူးလား?
ယင်းက ခေတ်သစ်ကမ္ဘာတော့ မဟုတ်ချေ။ သို့သော် ခေတ်သစ်ကာလ၌ပင်လျှင် လူအများအပြားက မိမိတို့၏ ဇာတိမြေကို အလွန်တွယ်တာကြပြီး "ကြွေလွင့်သော သစ်ရွက်တို့က အရင်းသို့ ပြန်လာတတ်၏" ဟူသော အယူအဆကို ကိုင်စွဲထားတတ်ကြသည်။
ဒေသခံ အများစုအတွက်မူ ၎င်းတို့၏ အမြစ်နှင့် အသက်မွေးဝမ်းကျောင်းမှုများက ဤနေရာ၌ ခိုင်မြဲစွာ တည်ရှိနေချေပြီ။ တောင်ဘက်သို့ ထွက်ပြေးပါက ၎င်းတို့အနေဖြင့် ဘာမျှ ကျန်တော့မည် မဟုတ်ပေ။
ဤမြေပိုင်ရှင်များတွင် လူများ၊ လက်နက်များနှင့် ဖြစ်နိုင်ချေရှိသော အစိုးရနှင့် ဆက်သွယ်မှုများ ရှိနေခြင်းကြောင့် ဓားပြများ မရဲဝံ့ကြပေ။
အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သော ဓားပြများက သေနတ်ပြောင်းများကို ရင်ဆိုင်ရန် ကိုယ့်အသက်ကိုယ် စွန့်စားရဲ့ပါ့မလား?
အကယ်၍ ၎င်းတို့ထဲတွင် တကယ့် လူကြမ်းများ ပါရှိခဲ့လျှင် ယဲ့ကျိုးက ၎င်းတို့အား လူအဖြစ် လေးစားမည်ဖြစ်သော်ငြားလည်း သေနတ်ပစ်ခြင်းကိုတော့ ရပ်တန့်မည်မဟုတ်ချေ။
၎င်းတို့အား သာမန်လူများအဖြစ် မမြင်ဘဲ၊ လူသတ်ပြီး လူသားစားသော နတ်ဆိုးများအဖြစ်သာ ရှုမြင်ပြီး အနည်းငယ် ဝေးကွာစွာ နေထိုင်ပါက သူက တည်ငြိမ်အေးချမ်းစွာ နေနိုင်မည်။
"မီးခိုးဗုံးတွေ သုံးရမလား?" ယဲ့ကျိုးတစ်ယောက် ရုတ်တရက် သတိရလိုက်သည်။ "ဆိုင်မှာ အနံ့ဆိုးဗုံးတွေနဲ့ မီးခိုးဗုံးတွေ ရှိတာ တွေ့မိတယ်။ စျေးလည်း သိပ်မကြီးဘူး"
မည်သို့ပင်ဆိုစေ ဤပစ္စည်းများက အန္တရာယ်တော့ သိပ်မရှိချေ။ ယဲ့ကျိုးက မေးစေ့ကို ပွတ်သပ်လျက် စဉ်းစားသည်။ "မီးခိုးဗုံးတွေက ပိုစျေးသက်သာမယ် ထင်တယ်။ မီးခိုးဗုံးတွေ ဝယ်ရင် ရှစ်လုံး ကိုးလုံးလောက် ရမယ်။ အနံ့ဆိုးဗုံးတွေဆိုရင်တော့ သုံးလုံးလောက်ပဲ ရနိုင်တယ်"
"ဂူက မသေးဘူး။ အနံ့ဆိုးဗုံး သုံးလုံးနဲ့ မလောက်လောက်ဘူး" ယဲ့ကျိုးက ဆင်ခြင်သုံးသပ်ခဲ့၏။ မီးခိုးဗုံးများသာ လုံလောက်မည်ဟု သူ ယုံကြည်ခဲ့သည်။
မည်သည့်အရာမျှ သေစေနိုင်လောက်သော အန္တရာယ် မရှိချေ။ ရည်ရွယ်ချက်မှာ ဂူထဲရှိသူများကို အတင်းအကျပ် ထွက်လာစေရန်သာ ဖြစ်သည်။
အကယ်၍ ၎င်းတို့ ထွက်မလာလျှင်လည်း ဝိုင်းထား၍ ရသည်။ သူတို့၌ ရေနှင့် စားနပ်ရိက္ခာ ရှိနေသည်။ ယဲ့ကျိုးတစ်ယောက် အရိပ်ပင် စီစဉ်ပေးနိုင်သည်။ အခြေအနေက အလွန်ပူပြင်းလာပါက ရေခဲများကိုပင် သယ်ယူပို့ဆောင်ပေးနိုင်မည်။ ယခုအချိန်၌ ယဲ့ကျိုးသည် အသာစီးကို ရယူထားရန် လိုအပ်ပြီး ဓားပြများအား တုံ့ပြန်ရန် အချိန် မပေးနိုင်ချေ။
ဆာရာက အကြံပြုသည်။ "ဒါဆို ထင်းတွေ ဝယ်ပြီး ဂူဝမှာ မီးရှို့လိုက်ရင်ကော? လေတိုက်တဲ့ဘက်ကို ကျွန်မတို့ဘက်လား သေချာအောင်လို့ပေါ့"
ယဲ့ကျိုးက ပြန်ဖြေ၏- "... ကျွန်တော့်မှာ သယ်ယူပို့ဆောင်ရေး သိုလှောင်ခန်း မရှိဘူးလေ။ အဲ့ဒီတော့ ထင်းတွေကို ဘယ်လို သယ်သွားရမလဲ? ဓားပြတွေကလည်း ကန်းနေတာ မဟုတ်ဘူးနော်"
ဆာရာက ခေတ္တမျှ ဆိတ်ဆိတ်နေပြီးနောက်- "ဟုတ်သား"
ယဲ့ကျိုးတစ်ယောက် ပြုံးလိုက်သည်။ အသက် ၄၀၀ နှစ် ရှိပြီဖြစ်သော သူမက အနည်းငယ် ရိုးသားပြီး ချစ်ဖို့ကောင်းသည်ဟု ခံစားရ၏။
"နတ်မင်း၊ သူ တကယ်ကို အခြေအနေ ဆိုးနေပြီ" ဝူယန်တစ်ယောက် စွင်းဟောက်ကို ဂရုစိုက်နေခဲ့သည်။ စွင်းဟောက်မှာ ဂူဝကို မပြောပြမီ မျက်လုံးမှိတ်သွားမည်ကို စိုးရိမ်ခဲ့ခြင်းကြောင့် သူက အလွန်ပင် ဂရုတစိုက်ရှိနေခဲ့၏။
ယခုအခါ စွင်းဟောက်မှာ တိမ်မြုပ်သော အသက်ရှူသံကိုသာ ရှူနိုင်တော့ပြီး၊ လေကို ပြန်ရှူထုတ်ခြင်း မရှိတော့ပေ။ သူက အသက်မဲ့စွာ လဲလျက်၊ ကောင်းကင်ယံကို စိုက်ကြည့်နေခဲ့သည်။ ယခုအချိန်၌ အပြာရောင် ကောင်းကင်သည် သူ့အနီးသို့ အလွန် ကပ်နေပြီး၊ လက်ဆန့်ထုတ်လိုက်ပါက ထိမိတော့မည်ကဲ့သို့ပင် ထင်ရ၏။
စွင်းဟောက်တစ်ယောက် ကျန်ရှိသော ခွန်အားအားလုံးဖြင့် လက်ကို မြှောက်တင်ရန် ရုန်းကန်ခဲ့သည်။
မူးဝေနေသော အခြေအနေတွင် သူက စစ်သည်ဘဝ ကာလသို့ ပြန်ရောက်သွားသည်ဟု ခံစားရသည်။ ထိုအချိန်တုန်းက သူသည် လူသားစားခြင်းကို မလုပ်ခဲ့သလို၊ အပြစ်မဲ့သော အရပ်သားများကိုလည်း ထိခိုက်မှု မပေးခဲ့ချေ။
သူက ပြေးနိုင်ခုန်နိုင်ခဲ့၏။ အစားအစာ မလုံလောက်ခြင်း သို့မဟုတ် အသား မမြင်ရခြင်းတို့အတွက် မကြာခဏဆိုသလို တိုင်ကြားခဲ့သော်လည်း၊ သူ၏ စိတ်နှလုံးသား နက်ရှိုင်းရာတွင်မူ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေခဲ့သည်။
သူက စစ်တပ်တွင် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ရန်သူအနည်းငယ်ကို ထပ်မံ သတ်ဖြတ်ပါက ဇာတိမြေသို့ ပြန်ရန် လုံလောက်သော ငွေကို ရှာနိုင်မည်ဖြစ်ပြီး၊ မြေအချို့ ဝယ်ယူကာ အိမ်တစ်လုံး ဆောက်၍ သေဆုံးသည်အထိ ထိုအိမ်၌ နေထိုင်ရမည်ဟု မျှော်လင့်ခဲ့ခြင်းပင်…
ဝူယန်တစ်ဦး စွင်းဟောက်၏ အသက်ရှူခြင်းကို စစ်ဆေးရန် လက်လှမ်းလိုက်ပြီးနောက် ယဲ့ကျိုးအား မော့ကြည့်လိုက်သည်။ "နတ်မင်း၊ သူ သွားရှာပြီ"
ယဲ့ကျိုးတစ်ယောက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက်၊ ဝူယန်တို့ မသိလိုက်ရအောင် အသက်ရှူသွင်းလိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။ "ပြန်တဲ့အခါ သူ့ကို မြေမြှုပ်ဖို့ နေရာတစ်ခု ရှာကြမယ်"
အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ နောက်ဆုံး၌ သေဆုံးသူများအား မြေကြီးအောက်၌ အနားယူစေသင့်သည်။ ထိုသူတို့က မြေကြီးအတွက် အာဟာရ ဖြစ်လာပေမည်။
ဓားပြအစစ်များက လူသားစားခြင်းကို မပြုလုပ်ခဲ့ကြသော်ည်း စစ်တပ်မှ ထွက်ပြေးလာသော စစ်သည်များကမူ ထိုသို့ ပြုလုပ်ခဲ့ကြချေပြီ…
မြေပုံကြမ်းတစ်ခုကို ရေးဆွဲပြီးနောက် ယဲ့ကျိုးနှင့် အဖွဲ့က ၎င်းတို့၏ ခြေလှမ်းများကို ပြန်လည်ခြေရာခံ၍ လှည့်ပြန်ခဲ့ကြ၏။
မနက်ဖြန် ဤအချိန်၌ ၎င်းတို့အနေဖြင့် ဂူ၏ ဝင်ပေါက်ကို ပိတ်ဆို့ထားရပေမည်။
အပြန်လမ်းတွင် ၎င်းတို့သည် စွင်းဟောက်အတွက် သင်္ဂြိုဟ်ရန် နေရာတစ်ခုကို ရှာဖွေတူးဆွခဲ့ကြ၏။ ယဲ့ကျိုးက သူ့အတွက် သင်္ချိုင်းကျောက်တိုင် တစ်ခုကို မထားရှိခဲ့ပေ။ သူတို့ သတ်ဖြတ်ခဲ့တဲ့ သာမန်လူတွေအတွက်တောင် အထိမ်းအမှတ် မလုပ်ပေးခဲ့တာ၊ သူတို့က သူ့အတွက် ဘာလို့ လုပ်ပေးရမှာလဲ?
မြေကြီးအပြည့်နှင့် ပထမဆုံးသော ဂေါ်ပြားတစ်ချောင်းက စွင်းဟောက်၏ မျက်နှာကို ဖုံးအုပ်လိုက်သောအခါ၊ သူ၏ အပြစ်များကိုပါ မြေကြီးက ယူဆောင်သွားသည်ဟု ထင်ရချေ၏။
.
လရောင် ကျရောက်လာချေပြီ။
ဂူအတွင်း၌ "တာ-ဝမ့်" တစ်ယောက် ကျားသားရေ ထိုင်ခုံပေါ်၌ ထိုင်လျက်ရှိပြီး သူ၏ လက်အောက်ခံများက ရေနှင့် အသားများအား ပေးကမ်းနေကြသည်။ ဝအောင် စားရသည့် ဤနေ့သည် ရှားပါးသော နေ့ဖြစ်ပြီး အနည်းငယ် ကင်ထားသော အသားမှ ဆန်းကြယ်၍ စားချင်စဖွယ်ကောင်းသော ရနံ့တစ်ခု ထုတ်လွှတ်နေသည်။ "တာ-ဝမ့်" တစ်ယောက် ထိုင်ခုံပေါ်၌ မှီလျက်၊ သူ၏ မျက်နှာ၌ မည်သည့် အမူအရာမျှ မရှိဘဲ အသားတစ်ဖတ်ကို ကောက်ယူ၍ ဖြည်းဖြည်းချင်း ဝါးစားနေခဲ့ချေ၏။
ကျောက်လှေကားအောက်တွင် ဓားပြများ စုဝေးထိုင်နေကြသည်။ ၎င်းတို့၌ သေရည် မရှိသော်ငြားလည်း အသား၏ရနံ့က ၎င်းတို့အား အနည်းငယ် ယစ်မူးစေရန် လုံလောက်နေခဲ့သည်။
"ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ ဘယ်တော့ တိုက်ကြမှာလဲ?" မိုက်ရိုင်းသော အပြုံးဖြင့် ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသူတစ်ဦးသည် သူ၏ ဓားရှည်ကို မြှောက်ကာ၊ ဘေးပတ်ဝန်းကျင်ရှိ ညီအစ်ကိုများ ဝိုင်းရံလျက် အော်ဟစ်လိုက်၏။
"ချကြမယ်… ဒီဂူထဲမှာ နေရတာ ရိုးသွားပြီ။ တစ်ကိုယ်လုံး မအီမသာ ဖြစ်နေတယ်"
"ကျွန်တော့် တစ်ကိုယ်လုံး အဖုအပိန့်တွေ ထွက်နေပြီ”
"ညဘက်ဆိုလည်း အေးလိုက်တာ၊ စောင်တောင် မရှိဘူး။ အပြင်ဘက်ဆိုလည်း ပူလွန်းတယ်"
"တာ-ဝမ့်" ၏ မျက်နှာတွင် တင်းမာသော အမူအရာ ရှိနေခဲ့သည်။ သူက ရေနှင့် သေရည် ရောထားသော ဖန်ခွက်ကို မြှောက်လိုက်ရာ၊ ၎င်းက သူ၏ မျက်နှာ တစ်ဝက်ကို ဖုံးအုပ်ထားခဲ့ပြီး၊ မျက်ကွင်းညိုညိုများအောက်တွင် သူ၏ ပင်ပန်းသော မျက်လုံးများကိုသာ မြင်တွေ့နိုင်ခဲ့သည်။ သူက ဖန်ခွက်ထဲရှိ အရာများကို မော့သောက်လိုက်ပြီးနောက် ဒေါသတကြီး မြေပြင်သို့ ပစ်ချလိုက်သည်။
ကြွေခွက်သည် အစိတ်အပိုင်း အများအပြားအဖြစ် ကွဲကြေသွားပြီး မြေပြင်ပေါ်တွင် စိုစွတ်သော အစွန်းအထင်း ‘အလောင်း’ တစ်ခုကို ချန်ရစ်ခဲ့သည်။
"မနက်ဖြန် ည…" "တာ-ဝမ့်" တစ်ယောက် အောက်ဘက်တွင် ထိုင်နေသော လူအားလုံးကို အော်ဟစ်လိုက်၏။ "မနက်ဖြန် ညဘက်ဆိုရင် ငါတို့ တောင်ပေါ်က ဆင်းမယ်။ ယောက်ျားတွေနဲ့ လူကြီးတွေကို အကုန်သတ်။ မိန်းမနဲ့ ကလေးတွေကို ထားခဲ့။ သူတို့ကိုတော့ ညင်ညင်သာသာ ဆက်ဆံရမယ်။ ငါတို့အားလုံး အောက်ကို ပြောင်းရွှေ့ကြတော့မှာဆိုတော့ ရန်ပွဲတွေ မစမိစေနဲ့။ နောက်မှ ရှင်းစရာတွေ မလိုချင်ဘူး…"
ဓားပြများ အားလုံးက သဘောတူညီစွာဖြင့် အော်ဟစ်ခဲ့ကြသည်။ ၎င်းတို့က လူ့သဘာဝကို စွန့်လွှတ်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း သားရဲများအဖြစ် ပြောင်းလဲသွားကာ ပိုမိုရိုင်းစိုင်းသော အမူအရာများကို လက်ခံလိုက်ပုံရသည်။
"တာ-ဝမ့်" တစ်ယောက် ရူးသွပ်နေသော ဓားပြများကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ရာထူးတိုးရန် မျှော်လင့်ချက်ကိုသာ သူ မမြင်ခဲ့ရလျှင်၊ ထို့အပြင် အခြေအနေများ ဤမျှ ဆိုးရွား မနေခဲ့လျှင်၊ သူသည် ဤ ရိုင်းစိုင်းသော လူအုပ်စုကို ဦးဆောင်၍ လူ ထောင်ပေါင်းများစွာကို သတ်ကာ သူ့ အာဏာကို ဘာလို့ ထူထောင်ဖို့ လိုမှာလဲ?
ဤလူအုပ်ကား သူ၏ နောက်ခံသမိုင်းကို ကောင်းစွာ သိရှိကြသည်။ နောင်လာမည့် အချိန်တွင် အဖွဲ့ဝင်အသစ်များကို ခေါ်ယူပါက ၎င်းတို့ထဲမှ တစ်ယောက်ကိုပင်လျှင် အသက်ရှင်ခွင့် ပေးထား၍ မဖြစ်ချေ။
"တာ-ဝမ့်" တစ်ယောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်သည်။ "မင်းတို့ အသက်ကို ဝယ်ဖို့ ပိုက်ဆံ အလုံအလောက် ယူလာခဲ့ကြ။ ယမမင်းတောင် မင်းတို့ အသက်ကို ယူနိုင်မှာ မဟုတ်ဘူး။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ မင်းတို့ အသက်ကို တောင်းဆိုနိုင်မှာ မဟုတ်ဘူး"
"မနက်ဖြန် ဒီအချိန်ဆိုရင် ဒီဂူထဲမှာ ဆက်ပြီး သံသရာလည်နေစရာ မလိုတော့ဘူး"
"သူတို့အကုန်လုံးကို သတ်ပစ်…”