Arc(1)
Viewers 269

အခန်း(၉) နူးညံ့ညင်သာသောအိမ်နီးချင်း။


"အမ်း...."


လေထုက စက္ကန့်အနည်းငယ်မျှတိတ်ကျသွားသည်။


ကလေးမ​လေး၏အသံကပိုမိုနူးညံ့လာပြီး သူမကထောင့်မှာကိုယ်ဖျောက်ပုန်းလျက် သနားစရာကောင်းစွာပြောလာသည်။

"ကိုကိုချန်အန်းကမနေ့ကပြန်လာတုန်းက မီးကိုအရင်လာမတွေ့ဘူး။ ပြီးတော့ကိုကိုရွှီကိုလဲသွားမပြောခိုင်းဘူး။"


သူမကဆက်ပြောလာသည်။

"မီးကိုပြော! ကိုကိုထွက်သွားတဲ့လတွေအတွင်းမှာ ကိုကို...ဝါး...ကိုကိုညီမလေးနောက်တစ်ယောက်ရသွားတာလား!"


ကလေးမလေး၏အသံက ခပ


ကလေးမလေး၏အသံက တအီအီငိုကြွေးစပြုလာပြီး ဗလာကျင်းနေသောအခန်းထဲမှာပဲ့တင်ထပ်နေလေရာ တစ်မျိုးကြက်သီးထစရာကောင်းသွားလေသည်။


ချူချန်အန်းဗလာကျင်းနေသောအခန်းကိုဝေ့ဝဲကြည့်လိုက်မိပြီး ကျောင်းကျောင်းဘယ်နားမှာပုန်းနေလဲရှာမရပေ။


သူကရုပ်ဆိုးဆိုးအရုပ်ကို သွယ်လျကာဖြူဖွေးသောလက်နှင့်ကောက်လိုက်ပြီး ကူကယ်ရာမဲ့သည့်တိုင်နူးညံ့သောလေသံနှင့် သူ့ရှေ့ကလေထုကိုပြောလိုက်သည်။

"ကိုကို့မှာညီမလေးနောက်တစ်ယောက်မရှိပါဘူး။ ကိုကိုကတအားပင်ပန်းနေလို့ အရင်တစ်မှေးအိပ်ပြီးမှ အားပိုရှိလာတဲ့အခါကျမှကျောင်းကျောင်းနဲ့လာကစားပေးမလို့ပါ..."


"လိမ်နေတာ!"


ကျောင်းကျောင်းကငိုရှိုက်နေပြီး သူပြောသည့်စကားကိုမကြားပေ။


"ကိုကိုမီးကိုလိမ်တယ်၊ ဝါးးး...ကိုကိုအကြာကြီးထွက်သွားပြီးပြန်မလာဘူး...ကိုကိုမီးကိုစွန့်ပစ်သွားခဲ့တာ!"


ထို့နောက်အမှိုက်ပုံးကရုတ်တရက်ဖော်ပြမရအောင်မှောက်သွားသည်။


ကလေးမလေး၏ဝမ်းနည်းနေသောအသံကအခန်းထဲမှာပဲ့တင်ထပ်လို့နေသည်။

"ဝါးးး၊ မီးကိုကို့ကိုအကြာကြီးစောင့်နေခဲ့ပေမဲ့ ကိုကိုကပြန်မလာဘူး....ကိုကို၊ ကိုကိုကဒီတိုင်းမီးကိုစကားမပြောချင်တော့ရုံပဲ၊ ကိုကိုကမီးကိုမုန်းတယ်...ကိုကိုကကိုကိုရွှီမော့ရှူးကိုလဲမုန်းတယ်၊ အဲ့ဒါကြောင့်ကိုကိုထွက်သွားတာ!"


ချူချန်အန်းမှာသူ့နှဖူးသူပွတ်လိုက်မိပြီး သူ့မျက်ခုံးပေါ်မှာချွေးပုတီးလုံးလောက်ကျလာသည်။ 

"ကျောင်းကျောင်း၊ မငိုနဲ့တော့နော်၊ ကိုကိုမီးကိုလျစ်လျူရှူခဲ့တာမဟုတ်ဘူး၊ ကိုကိုကဒီတိုင်း..."


"လူလိမ်!"


ကလေးမလေးက ချူချန်အန်း၏လက်ထဲမှ ရုပ်ဆိုးဆိုးအရုပ်ကိုပြန်ဆွဲလုသွားသည်။

"ကိုကိုမီးတို့ကိုမမုန်းဘူးဆိုရင် ကိုကိုအကြာကြီးပျောက်သွားမှာတဲ့လား! ကိုကိုချန်အန်းကမီးတို့ကိုမလိုချင်တော့ဘူး၊ ကိုကိုကမီးတို့ကိုမုန်းနေတာ၊ ဝါးးး..."


"မီးကိုကိုရွှီကိုအခုချက်ချင်းသွားပြောပြမယ်!"


"ကိုကိုရွှီက ကိုကို့ကို ထပ်ပြီးသော့ခတ်ပြီးတော့ အရင်ကလိုမျိုးနေ့တိုင်းမငိုမချင်းရိုက်အောင်လုပ်ပစ်မယ်၊ ဟမ့်၊ မီးကိုကို့အတွက်စိတ်မကောင်းဖြစ်မှာမဟုတ်တော့ဘူး။"


ချူချန်အန်း၏မျက်နှာမှာ ရုတ်ခြည်းရဲတွတ်သွားပြီးမှဖြူစုတ်သွားသည်။


သူမကသူရွှီမော့ရှူးဆီကအကျဥ်းချခံထားခဲ့ရတဲ့နေ့ရက်များကိုဆိုလိုခြင်းဖြစ်လောက်မည်။


ဒီက​လေးမကခိုးနားထောင်နေတာလား။


အဲ့ဒါကကလေးတစ်ယောက်နားထောင်ရမဲ့အရာလား?!


ဘုရားမလို့ ဒီကလေးမက သူ့ငိုသံကို "မငိုမချင်းအရိုက်ခံရတယ်"လို့ပဲထင်သွားတာ။


ထို့နောက်ချူချန်အန်းကသူမကိုနှစ်သိမ့်ကာ ပြောလိုက်သည်။

"ကျောင်းကျောင်း၊ ကိုကိုကမီးကိုဘယ်လိုလုပ်ပြီးမုန်းရက်မှာလဲ။ ကိုကိုကကိစ္စလေးရှိလို့ ခဏလောက်အဝေးသွားနေရုံတင်။ ကြည့်လေ၊ ကိုကိုအခုပြန်လာပြီမဟုတ်ဘူးလား။"


ကလေးမလေး၏ဝမ်းနည်းတကြီးငိုရှိုက်သံများကတိုးသွားသည်။


"ကိုကိုမီးကိုဘယ်တုန်းကမှသဘောမကျမဖြစ်ခဲ့ဘူး။ မီးကကိုကိုမြင်ဖူးသမျှထဲမှာချစ်စရာအကောင်းဆုံးညီမ​လေးပဲ။ ကိုကိုကမီးကိုဘယ်တော့မှမုန်းမှာမဟုတ်ဘူး။"


ကလေးမလေး၏ငိုရှိုက်သံများကရပ်သွားပြီး စက္ကန့်အနည်းငယ်မျှတိတ်ကျသွားပြီးနောက် သူမကတိုးတိုးလေးမေးလာသည်။ "တကယ်လား။"


"တကယ်ပေါ့။" ချူချန်အန်းကပြောပြီး ခါးကိုင်းကာ သူ့လက်ဆွဲအိတ်ကိုမွှေနှောက်လိုက်သည်။

"ကိုကိုပြန်လာတုန်းက ကျောင်းကျောင်းအတွက်လက်ဆောင်တစ်ခုယူလာတယ်။ ကျောင်းကျောင်းကြည့်ချင်လား။"


"အင်း။" ကလေးမလေးက ရုပ်ဆိုးဆိုးအရုပ်ကို စားပွဲပေါ်အသာပြန်တင်လိုက်ပြီး ကိုယ်ထင်မပြသေးဘဲ သူမ၏မာနကြီးသောကလေးသံလေးက လေထဲမှာပဲ့တင်ထပ်လို့နေသည်။ "ဒါဆိုလဲကောင်းပြီလေ။"


ချူချန်အန်းပြုံးလိုက်မိပြီး သူ၏တောက်ပကာ တဖျတ်ဖျတ်လက်နေ​သောမက်မွန်ပွင့်လွှာမျက်ဝန်းများက နူးညံ့သောအပြုံးနှင့်ပြည့်နေပုံက ထိုမျက်ဝန်းထဲမှာလင်းလက်တောက်ပသောကြယ်ပွင့်ကလေးများပုန်းနေသကဲ့သို့ပင်။


"ဒါက ကိုကိုဝယ်လာတဲ့အရုပ်အသစ်လေ။ ကျောင်းကျောင်းအတွက်ဝယ်လာတာ။"


ချူချန်အန်းကအဖြူရောင်ဝတ်ထားပြီး အနီရောင်ဦးထုပ်အလိပ်လေးဆောင်းထားသည့်အရုပ်မလေးကို နံရံထောင့်ဆီကမ်းပေးလိုက်၏။


ဗလာကျင်းနေသောနံရံထောင့်မှ ခပ်ဖွဖွတကျွတ်ကျွတ်အသံများရုတ်တရက်ထွက်လာသည်။ ထိုအရုပ်အသစ်လေးမှာ ကိုယ်ထင်မပြချင်သည့်က​လေးမလေးကယူသွားပြီး လေထဲမှာတွဲလောင်းကျနေလေသည်။


ချူချန်အန်း​မေးလိုက်မိသည်။

"မီးကြိုက်ရဲ့လား။"


"ကြိုက်တယ်!" ကလေးမလေးက အရုပ်အသစ်ကို တင်းတင်းဖက်လိုက်ပြီး ပျော်ရွှင်သောရယ်သံအနည်းငယ်ထုတ်လာသည်။


သူမကထပ်ပေါင်းဆိုသည်။

"ဒါပေမဲ့ဒီအရုပ်က ကိုကိုမီးကိုလုပ်ပေးတဲ့အရုပ်လောက်မလှဘူး။ ကိုကိုလုပ်ပေးတဲ့အရုပ်တွေကအလှဆုံးပဲ။"


ချူချန်အန်းရင်ထဲမှာနွေးသွားသည်။


ကျောင်းကျောင်းကသူမအတွက်သူလုပ်ပေးခဲ့တဲ့ရုပ်ဆိုးဆိုးအရုပ်ကလွဲရင် အခြားဘာအရုပ်ကိုမှသဘောမကျတာကို သူအံ့အားသင့်သွားမိသည်။


"မီးသဘောကျလို့ကိုကိုပျော်ပါတယ်။"


"ဟီးဟီး။" ကလေးမလေးကအရုပ်အသစ်ကိုစားပွဲပေါ်သေချာတင်လိုက်ပြီး ရုပ်ဆိုးဆိုးအရုပ်ဘေးမှာထားလိုက်သည်။


ချူချန်အန်းမေးလိုက်မိသည်။ 

"ဘာဖြစ်လို့လဲ။"


ကြမ်းပြင်ပေါ်မှာလဲနေသည့်အမှိုက်ပုံးကရုတ်တရက်ပြန်ထောင်လာပြီး ထွက်ကျနေသောအမှိုက်များကသူ့နေရာသူဖြည်းညှင်းစွာပြန်ရောက်သွားသည်။


အမှိုက်ပုံးကိုနေရာတကျပြန်ထားလိုက်ပြီးနောက် သူမကသတိထားကာပြောလာသည်။ "ကိုကိုချန်အန်း၊ မီးအမှိုက်တွေအကုန်ပြန်ကောက်ပေးလိုက်ပြီမို့ မီးကိုမမုန်းပါနဲ့နော်။"


သူမကအစောပိုင်းကသွေးဆူမှုအတွက် အပြစ်ရှိစိတ်ခံစားရပြီး နောင်တရသွားပုံရသည်။ နှစ်ပေါင်းများစွာကြာအောင်လုံခြုံမှုမခံစားခဲ့ရတော့ သူမကအလွန်အမင်းဆတ်ဆတ်ထိမခံပေ။


"ဟင့်အင်း။" ချူချန်အန်းရင်ထဲမှာရုတ်တရက်မသိမသာစူးခနဲအောင့်သွားသည်။ သူပြောလိုက်မိသည်။

"ကိုကိုကျောင်းကျောင်းကိုဘယ်တော့မှမုန်းမှာမဟုတ်ဘူး။"


ကျောင်းကျောင်းကမေးလာသည်။

"ဒါဆိုကိုကိုထပ်ပြီးမထွက်သွားဘူးမလားဟင်?"


ချူချန်အန်း: "အင်း။"


ကျောင်းကျောင်း: "ဘယ်တော့မှမထွက်သွားဘူးမလား။"


ချူချန်အန်းမျက်လုံးပြူးသွားသည်။ ဒါကမဖြစ်နိုင်မှန်းသူသိပေမဲ့ ဒီအခိုက်အတန့်မှာသူပြန်ဖြေပေးချင်မိသည်။

"အင်း၊ မထွက်သွားဘူး။"


"ကောင်းလိုက်တာ!"


ကျောင်းကျောင်းကကိုယ်ဖျောက်ထားဆဲဖြစ်ပြီး စားပွဲဆီပြန်သွားကာအရုပ်အသစ်ကိုကောက်ကိုင်ပြီး ၎င်း၏မျက်လုံးလှလှလေးများကိုပွတ်သပ်လိုက်သည်။


လေထုကတစ်ခဏမျှတိတ်ကျသွားသည်။


ထောင့်မှာကိုယ်ဖျောက်ပြီးနေနေသည့်ကျောင်းကျောင်းက မှတ်မိသွားပြန်သည်။

"ဒါဆိုကိုကိုရွှီကိုသွားပြောပြကြမယ်လေ။ သူကမီးထက်တောင်ပိုပျော်သွားမှာ။"


"မရဘူး! မသွားနဲ့!"


ကျောင်းကျောင်း: "ဘာလို့လဲ။ ကိုကိုချန်အန်းကကိုကိုရွှီကိုသဘောမကျဘူးလား။ သူကကိုကို့ကိုငိုအောင်အမြဲလုပ်လို့လား။"


ချူချန်အန်း၏နားရွက်များနီရဲသွားသည်။


သူမျက်မှောင်အသာကြုတ်ကာ ဒီကလေးမရွှီမော့ရှူးကိုသွားမ​ပြောအောင်ဘယ်လိုတားရမလဲတွေးလိုက်သည်။


သူအကြာကြီးစိုးရိမ်တကြီးတွေးလိုက်မိသည်။


ရုတ်တရက်သူအကြံတစ်ခုရလာသည်။

"ကျောင်းကျောင်း၊ ဂိမ်းဆော့ရအောင်။"


"ဟမ်၊ ဂိမ်းလား။"


ကလေးမ​လေးကတစ်ခဏမျှတုံ့ဆိုင်းသွားပြီးမှစိတ်လှုပ်ရှားစွာပြောလာသည်။

"ကောင်းပြီလေ! မီးဂိမ်းဆော့ရတာကြိုက်တယ်! မီးတို့ဘာဂိမ်းဆော့ကြမှာလဲကိုကိုချန်အန်း။"


ချူချန်အန်းကဗလာကျင်းနေသောနံရံဆီနူးညံ့စွာပြောလိုက်သည်။

"ကိုကိုတို့တွေအချင်းချင်းမသိချင်ယောင်ဆောင်တဲ့ဂိမ်းကစားကြရင်ကော?"


"စည်းမျဥ်းတွေက ကိုကိုမင်းကို မမှတ်မိလို့ရှိရင် မင်းလဲကိုကို့ကိုမသိချင်ယောင်ဆောင်ရမယ်။ အကြာကြီးမသိချင်ယောင်ဆောင်နိုင်တဲ့လူနိုင်မယ်။ ဟုတ်ပြီလား။"


ကလေးမလေးကမတုံ့ဆိုင်းဘဲဖြေလာသည်။

"ဟုတ်ပြီ! မီးကစားချင်တယ်! မီးနိုင်သွားရင်ကော?"


"မီးနိုင်သွားရင်ကိုကိုမီးကို အရုပ်ဆယ်ရုပ်ကျော်လုပ်ပေးမယ်။"

ချူချန်အန်းနူးညံ့စွာပြောလိုက်သည်။


"ရေး! မီးနိုင်မယ်ဆိုတာသေချာတယ်!"


ချူချန်အန်းကျေနပ်စွာပြုံးလိုက်ပြီး သူ့မျက်ဝန်းများကမှေးစင်းသွားသည်။

"ဟုတ်ပြီ၊ ဂိမ်းစကြမယ်။"


ချူချန်အန်းအခန်းထဲကထွက်လာတော့ လီယာယာ၊ စူးယွီ၊ ကျန်းလျန်နှင့်ရွှီမော့ရှူးက ဧည့်ခန်းထဲရှိဆိုဖာပေါ်မှာဝိုင်းထိုင်နေကြပြီမှန်းမြင်လိုက်ရသည်။


စူးယွီကခိုက်ခိုက်တုန်နေဆဲပင်။


သူမကလည်ပင်းကျုံ့ပြီး လီယာယာ၏အကျီလက်ကိုတင်းတင်းဆုပ််ထားကာ ရေရွတ်နေလေသည်။

"စား..စား...အကုန်သေ...ပြေး...​ပြေးကြမယ် ဒီကနေ..."


ချူချန်အန်းကအသံမထွက်ဘဲ ကျန်းလျန်ဘေးမှာဝင်ထိုင်လိုက်တော့ ရွှီမော့ရှူးနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည်။


"ပြေး! ဒီကနေထွက်ပြေးကြမယ်!"

စူးယွီ၏လှပသောမျက်လုံးများကပြူးကျယ်နေပြီး သူမ၏မျက်နှာကတစ္ဆေတစ်ကောင်ကဲ့သို့ဖြူစုတ်နေကာ မျက်တွင်းချောင်ကျပြီး ဂယောင်ခြောက်ခြားဖြစ်လျက် မနေ့ညကရဲတင်းမှုအရိပ်အယောင်များကမရှိတော့ပေ။ သူမကစူးခနဲအော်လာသည်။

"ငါမသေချင်ဘူး! ဒီကနေထွက်ပြေးကြမယ်! ယာယာ! ယာယာ၊ ဒီကနေထွက်​ပြေးကြစို့၊ ဝါးးးးး!"


သူမနှင့်လီယာယာက အနုပညာကျောင်းက အချစ်ဆုံးသူငယ်များဖြစ်ကြသည်။ သူတို့ကအကြွေးနစ်နေပြီး အိမ်ငှားခမတတ်နိုင်သောကြောင့် ဒီကိုလာပြီး စုနေကြခြင်းဖြစ်သည်။


သူတို့ကအလွန်ရင်းနှီးကြသည်။


လီယာယာကလည်းကြောက်နေပြီး သူမကစူးယွီကိုနှစ်သိမ့်ပေးကာပြောလိုက်သည်။

"ရှောင်ယွီ၊ စိတ်အေးအေးထားနော်၊ အရင်ဆုံး..."


စူးယွီကမျက်မှောင်ကြုတ်ကာအော်ပြောလာသည်။

"စိတ်အေးအေးထားရမယ်! ငါတို့ကသေတော့မှာလေ! ငါကဘယ်လိုလုပ်ပြီးစိတ်အေးအေးထားနိုင်မှာလဲ! ငါတို့ထွက်မပြေးလို့ရှိရင် ငါတို့အားလုံးဒီမှာသေဖို့စောင့်နေသလိုဖြစ်သွားလိမ့်မယ်! သေရမှာ! ငါတို့အကုန်သေမှာ!"


စူးယွီကဗလုံးဗထွေးဆိုလာပြီးနောက် စူးခနဲအော်လာပြန်ကာ သူမ၏အသံကခြောက်ခြားမှုနှင့်ပြည့်နေလေသည်။


ရွှီမော့ရှူးကမျက်မှောင်ကြုတ်ကာ သူ့နားရွက်သူထိလိုက်ပြီး သူ့တံတောင်ဆစ်ကိုဆိုဖာအနောက်ပေါ်တင်လိုက်သည်။


ကျန်းလျန်၏မျက်လုံးများကတော့မထူးခြားမခြားနားပင်။ သူ့အကြည့်ကချူချန်အန်းပေါ်ဝေ့ဝဲသွားပြီးမှ စူးယွီဘက်လှည့်လိုက်သည်။

"တော်တော့။ အော်နေတာကအကူအညီဖြစ်မှာမို့လို့လား။ လုချန်ဘယ်လိုသေသွားလဲနင်မမြင်ဘူးလား။ နင်လဲဒီကမထွက်သွားသေးခင် သူ့လိုမျိုးအရင်သေသွားချင်လို့လား။"


စူးယွီကကျန်းလျန်၏အေးစက်သောမျက်လုံးများကိုတစ်ချက်ကြည့်လိုက်ပြီး မသိမသာတုန်ရီလျက် လီယာယာအနောက်ကိုကျုံ့ဝင်သွားကာ ခပ်ဖွဖွငိုရှိုက်နေလေသည်။


ချူချန်အန်းလက်ပိုက်ကာဆိုဖာကိုကျောမှီပြီးတိတ်တိတ်နေလိုက်သည်။


ကျန်းလျန်မှာသူ့ဘေးကချောမောပြီးအသာဖြူသောလူငယ်​လေးကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲကအေးစက်မှုကပျောက်ကွယ်သွားပြီး သူကမေးလိုက်သည်။

"ဒါနဲ့ချန်အန်း၊ ခုနကမင်းအခန်းထဲမှာတစ်​ယောက်ယောက်စကားပြောနေတာကို ကိုယ်ကြားလိုက်ရသလိုပဲ။"


ချူချန်အန်းလန့်သွားသည်။ အာရုံကသူ့ဘက်ရောက်လာမည်ဟုသူမထင်ထားမိပေ။


သူမော့ကြည့်မိတော့ ရွှီမော့ရှူး၏အသေးစိတ်စူးစမ်းနေသောအကြည့်နှင့်ဆုံသွားသည်။


ချူချန်အန်းမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိပြီး သူ၏ထူထဲကာရှည်လျားသောမျက်တောင်များကတုန်ရီလို့နေသည်။

"ခင်ဗျားနားကြားမှားတာနေမှာ။ ကျွန်တော်အထဲမှာသီချင်းခဏဖွင့်ထားတာ။ ကျွန်တော်ဒီမလာခင်ကဆွဲထားခဲ့တဲ့သီချင်းလေ။"


ကျန်းလျန်ကခေါင်းငြိမ့်သည်။ 

"အဲ့လိုလား။"


ချူချန်အန်းမျက်နှာချင်းဆိုင်ကအန္တရာယ်များသောအကြည့်ကိုအာရုံခံမိသွားကာ ခေါင်းငုံ့ချလိုက်မိသည်။


ထိုစဥ်၇လွှာက လော်စပီကာကပွင့်လာပြန်သည်။


"မဂ်လာရှိတဲ့မနက်ခင်းလေးပါ အိမ်ငှားအသစ်တို့။ မနေ့ညကအိပ်လို့ကောင်းကြရဲ့လား။"


အိမ်ရှင်အမျိုးသား၏အသံကရွှင်မြူးလို့နေသည်။

"မင်းတို့အခုသံဂိတ်တံခါးကိုမြင်တယ်မလား။ ဘယ်လိုလဲ။ မဆိုးဘူးဟုတ်စ?"


"မင်းတို့ထဲကတစ်ယောက်ယောက်များထွက်​ပြေးဖို့ကြိုးစားရဲသေးရင်တော့ သွားလိုက်လေ။ မင်းတို့ရဲ့အောက်ထပ်ကအိမ်နီးချင်းတွေကဆာနေတာကြာပြီဆိုတော့ ငါတို့တွေသူတို့ကိုနည်းနည်းပါးပါးကျွေးသင့်တယ်မလား။ ဟားဟား..."


ကျန်းလျန်ကထရပ်ပြီးလိုက်ကာကိုဆွဲဖွင့်လိုက်သည်။ အဆောက်အအုံကိုဝန်းရံနေသည့်သံတံခါးမှာ သုံးထပ်မျှမြင့်သွားလေပြီ။


အိမ်ရှင်အမျိုးသား၏ကြက်သီးထစရာကောင်းသောရယ်သံကပဲ့တင်ထပ်လာသည်။


"ဒါနဲ့မင်းတို့တွေအိမ်ငှားခမပေးရသေးဘူးမလား။"


"အလိုလေးလေး၊ ငါဒီအဆောက်အအုံမှာ ငပျင်းတွေကိုမထားဘူးနော်။ ဒီလိုဆိုရင်ရော၊ အရင်ဆုံးသွေးပူဂိမ်းလေးနည်းနည်းပါးပါးကစားတာပေါ့။"


"မင်းတို့တွေမနေ့ညကဆူဆူညံညံတွေလုပ်ထားတာမို့ အောက်ထပ်ကအိမ်နီးချင်းကဒေါသထွက်သွားတယ်။ တောင်းပန်တဲ့အနေနဲ့သူမအတွက်လက်ဆောင်တစ်ခုရွေးလိုက်။"


"တံခါးဝမှာရနိုင်တဲ့လက်ဆောင်၅ခုရှိတယ်၊ ဒါပေမဲ့သူမကအဲ့ထဲကတစ်ခုကိုမကြိုက်ဘူး။"


"မင်းတို့အကုန်လုံးတစ်ခုစီရွေးပြီး ည၇နာရီခွဲမှာ ၆လွှာကိုသွားပို့ရမယ်။"


"သူမမကြိုက်တဲ့ဟာကိုရွေးမိတဲ့ဘယ်သူမဆို ဒီညသူမရဲ့ညစာဖြစ်သွားလိမ့်မယ်။"


ကြေငြာချက်ကပြီးဆုံးသွားသည်။


လူတိုင်းကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ စူးယွီနှင့်လီယာယာတို့၏မျက်နှာမှာဖြူစုတ်သွားသည်။


သူတို့ကတံခါးဆီဖြည်းညှင်းစွာလျှောက်သွားရင်း လေထုကတင်းမာပြီး အေးစိမ့်လာသည်။


ချူချန်အန်းလက်ကိုင်ကိုဆုပ်ကိုင်ပြီးတံခါးကိုအသာလေးဖွင့်ကြည့်လိုက်သည်။


တံခါးဝမှာပစ္စည်း၅ခုချထားသည်:

စတော်ဘယ်ရီကိတ်၊ စတော်ဘယ်ရီသကြားလုံး၊ အရုပ်၊ ရောင်စုံကျောက်မျက်လည်ဆွဲနှင့်အရုပ်သေနတ်ဖြစ်သည်။


ပုံစံများကအလွန်ရင်းနှီးလှပြီး အောက်ထပ်မှာမိန်းကလေးတစ်ဦးနေကြောင်းရှင်းလင်းလို့နေသည်။


စူးယွီကလူအုပ်ကိုအသည်းအသန်တွန်းဖယ်ပြီး ကြမ်းပြင်ပေါ်ကအရုပ်ကိုဆွဲယူကာ သူမကျောနောက်မှာဖွက်လိုက်ပုံက တစ်ယောက်ယောက်သူမဆီကယူသွားမှာစိုးသည့်အလားပင်။


လီယာယာကဒူးတုပ်ထိုင်ပြီးစတော်ဘယ်ရီကိတ်တစ်ပိုင်းကိုယူကာ ၎င်းကိုကိုင်ထားလျက်သက်မချလိုက်သည်။


ကျန်းလျန်ကချူချန်အန်းနှင့်ရွှီမော့ရှူးကိုတစ်ချက်ကြည့်လိုက်ပြီးမှခါးကိုင်းကာ စတော်ဘယ်ရီသကြားလုံးနှင့်ရောင်စုံကျောက်မျက်လည်ဆွဲကိုယူလိုက်သည်။


သူကလည်ဆွဲကိုချူချန်အန်းဆီကမ်းပေးဖို့ပြင်လိုက်စဥ် ရွှီမော့ရှူးကဖြတ်လုလိုက်သည်။


ရွှီမော့ရှူးကပြုံးပြီး လည်ဆွဲကိုသဘာဝကျကျလက်ခံလိုက်သည်။ 

"ကျေးဇူးတင်တယ်နော်ကျန်းလျန်။"


ချူချန်အန်းကရွှီမော့ရှူးကိုလှည့်ကြည့်လိုက်သည်။


ဒီနှာဘူးဘာလုပ်ဖို့ကြိုးစားနေတာလဲ။


သူကအားနည်းတဲ့အဖွဲ့ဖြစ်တဲ့ငါတို့နဲ့တကယ်ယှဥ်ပြိုင်ဖို့လိုလို့လား။


"မင်း...." ကျန်းလျန်ကချူချန်အန်းကိုတစ်ချက်ကြည့်ကာ စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းသွားပြီးမှ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကာ စတော်ဘယ်ရီသကြားလုံးကိုတင်းတင်းဆုပ်ထားပေမဲ့ ပြောလိုက်သည်။

"ချန်အန်း၊ မင်းကိုယ့်ဟာကိုယူလိုက်ရင်ကော..."


"မလိုအပ်ဘူး။" ချူချန်အန်းကဒီနေ့သူ့အမြှောက်စာဇာတ်ကောင်တာဝန်ကိုမှတ်မိသွားပြီး သူ့ခွန်အားကိုဆက်လက်စုဆောင်းလိုက်သည်။ 

"လာပြီးဟန်ဆောင်ပြမနေနဲ့။"


ချူချန်အန်းကကျန်းလျန်ကိုအေးစက်စွာတစ်ချက်ကြည့်ကာ ခါးကိုင်းပြီးအရုပ်သေနတ်ကိုကောက်လိုက်ပြီး သူ့မျက်ဝန်းများကအေးစက်ကာသီးသန့်ဆန်လို့နေကာ သူကဧည့်ခန်းဆီပြန်သွားလိုက်သည်။


သူစက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းသွားပြီးမှ ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် ငါဘာလို့ဒီလိုဆင်းရဲတဲ့ကြွက်တစ်သိုက်နဲ့ဒီမှာလာနေခဲ့မိတာပါလိမ့်?"


စနစ်နိုတီသံကချူချန်အန်းစိတ်ထဲမှာထွက်လာသည်။


[ပထမအဓိကတာဝန်ကို အသက်သွင်းလိုက်နိုင်တဲ့အတွက်ဂုဏ်ယူပါတယ်]


[အမြှောက်စာဇာတ်ကောင်၏နေ့စဥ်တာဝန် (1/11)]


[ဂုဏ်ယူပါတယ်၊ ရမှတ်: x5]


ရွှီမော့ရှူး၏ရှုထောင့်မှကြည့်ရင် ချူချန်အန်းကလမ်းဘေးကြောင်လေးနှင့်တူပြီး သူ့လက်သည်းလေးများကဆန့်ထားကာ အမွှေးများကထောင်လျက် ၎င်း၏မကျေနပ်မှုကို မောက်မာစွာတဟင်းဟင်းပြနေလေသည်။


စူးယွီကဒီစကားလုံးများကိုမတုံ့ပြန်ဘဲ သူမလက်ထဲကအရုပ်ကိုသာတင်းတင်းဆုပ်ထားသည်။


သေလုဆဲဆဲမှာ လူတိုင်းကတစ်ကိုယ်ကောင်းဆန်ကြသည်။


ကျန်းလျန်ကညစာစားခန်းထဲကကုလားထိုင်မှာအသံတိတ်ထိုင်နေလေသည်။


လီယာယာကခြွင်းချက်မရှိပေ။ သူကစတော်ဘယ်ရီကိတ်ကိုကိုင်ပြီး ဆိုဖာထောင့်မှာထိုင်ကာ ချူချန်အန်းကိုသနားသောမျက်ဝန်းများနှင့်ကြည့်လို့နေသည်။


ချူချန်အန်းသေချာပေါက်ဒီညသေတော့မယ်။


ဒါပေမဲ့ သူကဆိုဖာအလယ်မှာထိုင်ပြီး မငိုသလိုမသောင်းကျန်းတဲ့အပြင် ပစ္စည်းကိုဆွဲလုတာမျိုးမလုပ်ဘဲ သူ့လက်ထဲကအရုပ်သေနတ်ကိုစပ်စုစွာစူးစမ်းနေလေသည်။


"လှသားပဲ။" ချူချန်အန်းသူ့ဘယ်ဘက်မျက်လုံးကိုမှေးစင်းပြီး သူ့သွားဖြူဖြူများကိုဖော်ပြကာ သူ၏စိုစွတ်ကာဆွဲ​ဆောင်မှုရှိသောနီစွေးစွေးနှုတ်ခမ်းများကိုမသိမသာဟလိုက်သည်။ သူကသူ့မေးစေ့နှင့်လက်ဟန်ပြလိုက်သည်။

"Type95ပုံစံတူဖြစ်လောက်ပေမဲ့ အမျိုးအစားကတော့AWMကပဲ။ အဲ့ဒါကအရမ်းမတိကျဘူး။"


လီယာယာကချူချန်အန်းကိုတစ်ချက်ကြည့်ကာ သူ့ကိုတစ်မျိုးလေးစားအားကျသွားသည်။


သူသေခါနီးဖြစ်နေချိန်မှာတောင် သူကပတ်ကစားနိုင်သေးတယ်။


ရွှီမော့ရှူးကချူချန်အန်းနှင့်သိပ်မဝေးသောနေရာမှာထိုင်ပြီး သူ့လက်ပေါ်မေးတင်ကာ သူသေနတ်နှင့်ကစားနေတာကို အေးဆေးကြည့်နေလေသည်။


ချူချန်အန်း၏ဆံပင်စတိုင်ကအလွန်သပ်ရပ်နေတာမို့ သီးသန့်ဆန်ပြီးထေ့ငေါ့ချင်​​ယောင်ဆောင်နေချိန်မှာတောင် သူကလိမ်မာရေးခြားရှိပြီးနူးညံ့သောကြောင်လေးတစ်ကောင်နှင့်တူနေတုန်းပင်။


ရွှီမော့ရှူး၏လက်ချောင်းများက ကျောက်မျက်လည်ဆွဲကိုလှည့်နေလေသည်။

"ဘာလဲ၊ မင်းကမ​ကြောက်ဘူးလား။"


"ကြောက်တယ်?" ချူချန်အန်းကရွှီမော့ရှူး၏သွယ်လျသောလက်ချောင်းများကိုတစ်ချက်ကြည့်ကာ ထေ့ငေါ့စွာရန်တွေ့လိုက်သည်။ "ဘာလဲ၊ ခင်ဗျားကျွန်တော်နဲ့လဲချင်လို့လား။"


ရွှီမော့ရှူးကချူချန်အန်း၏မက်မွန်ပွင့်လွှာမျက်ဝန်းများနှင့်နှစ်စက္ကန့်ကြာအကြည့်ချင်းဆုံသွားပြီးမှ ဆိုဖာ၏အနောက်ပေါ်သူ့တံတောင်ကိုတင်လိုက်သည်။

"မဖြစ်နိုင်ဘူး။"


ချူချန်အန်းမှင်သက်သွားသည်။


သူပြောတာမှားသွားမှန်းသဘောပေါက်သွားသည်။


သူထေ့ငေါ့စွာနှာမှုတ်လိုက်ပြီးသူ့အရုပ်သေနတ်ကိုဆွဲယူကာလစ်သွားလိုက်သည်။ သူကသူ့အခန်းထဲအမြန်ဝင်ပြီးတံခါးကိုဆောင့်ပိတ်လိုက်သည်။


ကျန်းလျန်ကဆူညံသံကိုသတိထားမိသွားကာ ပိတ်ထားသောတံခါးကိုစိုက်ကြည့်လိုက်သည်။


ချူချန်အန်းအရုပ်သေနတ်ကိုစားပွဲပေါ်မှာတင်ကာ လေးလံသောသက်ပြင်းတစ်ခုချလိုက်သည်။


ထောင့်မှနေ၍ က​လေးမလေး၏အားနည်းကာကလေးဆန်သောအသံထွက်လာသည်။

"အဆင်ပြေပါတယ်ကိုကိုချန်အန်း။ သူတို့ကကိုကို့ရဲ့အကြိုက်ဆုံးလက်ဆောင်ကိုယူသွားတာလား။ ဝမ်းမနည်းနဲ့နော်။ သူတို့ဒီည၆ထပ်ကိုရောက်လာရင် မီးကိုကို့ကိုအကုန်ပေးမယ်နော်။"


"ဒါပေမဲ့လေ...မိန်းကလေးတွေကသေနတ်တွေနဲ့ကစားရတာကိုသဘောမကျပေမဲ့ ကိုကိုချန်အန်းမီးကိုဘာပေးပေးသ​ဘောကျတယ်။"


"ရှူး။" ချူချန်အန်းလေထဲကိုပြောလိုက်သည်။ "ကျောင်းကျောင်း၊ အသံတိုးတိုးပြောရအောင်။ အပြင်ကလူတွေကြားသွားလိမ့်မယ်။"


ကလေးမလေးကခပ်တိုးတိုးတုံ့ပြန်လာသည်။ "ဟုတ်ကိုကို။"


ညမရောက်ခင်မှာစူးယွီကလီယာယာ၏စတော်ဘယ်ရီကိတ်ကိုနှစ်ခါလုဖို့ကြိုးစားပြီး သူမကလီယာယာနှင့်လဲချင်သည်ဟုဆိုလာပေမဲ့ လီယာယာကငြင်းလိုက်သည်။


နောက်တော့ခပ်တိုးတိုးငိုသံနှင့်ရန်ဖြစ်သံများကညနေခင်းထိမရပ်သွားပေ။


သို့သော်လည်းချူချန်အန်းကအတည်ငြိမ်ဆုံးဖြစ်သည်: သူကခေါင်းအုံးနှင့်ခေါင်းထိသွားသည်နှင့်အိပ်ပျော်သွားသည်။


ကျောင်းကျောင်းကထောင့်မှာသူ၏အရုပ်လေးနှစ်ရုပ်နှင့်တိတ်တိတ်လေးဆော့နေလေသည်။


ချူချန်အန်းကအသက်ရှူမှန်မှန်အိပ်ပျော်နေပြီး ရွှီမော့ရှူးသူ့အခန်းထဲဝင်လာတာကိုသတိပင်မထားမိပေ။


ချူချန်အန်း၏အိပ်ပျော်နေသောမျက်နှာက မှင်သက်နေပြီး လိမ်မာကာတိတ်ဆိတ်လို့နေသည်။


သွယ်လျကာဖြူဖွေးသောခြေထောက်တစ်ဖက်က စောင်ပေါ်တင်ထားပြီး သူ့အသားအရည်ကတောက်ပြောင်ကာထိုးဖောက်မြင်နေရပြီး သူ့မျက်တောင်များကလိပ်ပြာတောင်ပံကဲ့သို့တဖျတ်ဖျတ်လှုပ်ခါနေကာ သူ၏နူးညံ့သောပန်းရောင်လက်သည်းခွံများပင်ထူးကဲစွာသေးငယ်လို့နေသည်။


ရွှီမော့ရှူးကချူချန်အန်း၏စာကြည့်စားပွဲရှေ့ကနူးညံ့သောဆိုဖာထဲမှာအေးဆေးဝင်ထိုင်လိုက်ပြီး သူ၏သန်မာသောလက်ချောင်းထိပ်များက သူ့နားကြပ်၏ပန်းရောင်ကြောင်နားရွက်များနှင့်ကစားနေကာ ၎င်းတို့ကိုအသာပွတ်သပ်နေလေသည်။


သူ့လက်နောက်တစ်ဖက်ကကျောက်မျက်လည်ဆွဲကိုလှည့်နေပြီး ပုတီးစေ့များကအတူတိုက်သွားကာ ရှင်းလင်းပြီးကြွပ်ဆတ်သောတချွင်ချွင်အသံကိုထုတ်လာသည်။


ဒါကချူချန်အန်းကိုနိုးသွားစေသည်။


သူမျက်လုံးမှေးစင်းလိုက်မိပြီး အိပ်ချင်မူးတူးမျက်ဝန်းများကမြူဆိုင်းလို့နေသည်။


ရွှီမော့ရှူးသူ့ထိုင်ခုံမှာထိုင်နေတာကိုသူမြင်လိုက်ရသည်!


ချူချန်အန်းလှစ်ခနဲထထိုင်လိုက်မိသည်။


ရွှီမော့ရှူးကချူချန်အန်းနှင့်မျက်နှာချင်းဆိုင်ထိုင်နေပြီး ထောင့်ကအထီးကျန်နေသောအရုပ်နှစ်ရုပ်ကို တစ်ချက်ကြည့်လိုက်သည်။


"ကိုယ်မသိခဲ့ဘူး၊ အိမ်နီးချင်းအသစ်လေးကလဲ အရုပ်တွေနဲ့ကစားရတာကိုသဘောကျတာကိုလေ?"


ချူချန်အန်း၏နှလုံးသားမှာဒိန်းခနဲတစ်ချက်ဆောင့်ခုန်သွားပြီး သူ့လက်များကသူ့အောက်ကအိပ်ရာခင်းကိုတင်းတင်းဆုပ်ကိုင်လိုက်မိသည်။


--