အခန်း ၂၄။ ကလေးအနှီးဖြူဖြူဟာ သွေးတို့စွန်းထင်းနေလျက်
နှစ်နှစ်ခန့်ကြာပြီးနောက်...
အချိန်သည်ကား ညနေစောင်းနေ၀င်ရီတရော။ အနောက်ဘက် တောင်တန်းပေါ်၌ မေးတင်နေပြီဖြစ်သောနေမင်းကြောင့် တိမ်စိုင်တိမ်လိပ်တို့ပင် ပုစွန်ဆီရောင်သမ်းနေကြလေပြီ။
ဟိုးအေ၀းမှာတော့ ဖုန်လုံးကြီးများက လှိုင်းလုံးသဖွယ် တလိပ်လိပ်တက်လို့နေလျက်။ ထိုဖုန်လုံးများ၏ရှေ့မှာတော့ အသက်၃၀ခန့်ရှိမည့် အမျိုးသားတစ်ဦးက မြင်းတစ်ကောင်ကို အပြင်းစိုင်းနှင်လာသည်။
သူ၏နောက်မှာတော့ ဓားကိုယ်စီကိုင်လာသည့် မြင်းစီးသူ၅ဦး။ အပြင်းအထန်ဒုန်းစိုင်းကာ စီးနင်းလာပါသော်လည်း အင်အားမမျှသည့်နောက် ပါတ်လည်မှ ၀ိုငး၀န်းပိတ်ဆို့ခြင်းကို ခံလိုက်ရတော့သည်။
ထိုသူ၏မျက်နှာမှာတော့ ဒေါသမာန်ဟုန်တို့ ထင်ရှားပြတ်သားနေသည်မှာ ကျားနာခဲခဲတော့မည့်ပမာ။ ရင်ခွင်အတွင်းမှာတော့ အနှီးနှင့်ထွေးပတ်ထားသည့် နီတာရဲကလေးငယ်။
"ဘာလို့လဲ... ဘာလို့များ ငါတို့သားအဖကို အလွတ်မပေးနိုင်ရတာလဲ"
သူ၏ကြိတ်မနိုင်ခဲမရ ရေရွတ်သံအဆုံးမှာ ထိုသူများက ဓားကိုယ်စီဆွဲထုတ်ကြတော့ သူသည်လည်း ကလေးငယ်ကို ထွေးဖက်ထားရင်းမှ ဓားကိုဆွဲထုတ်လိုက်ရတော့သည်။
ထို့နောက်မှာတော့ ပုစွန်ဆီရောင်ညနေခင်းလေး၀ယ် ဓားချင်းခတ်သံတချွင်ချွင်တို့ညံစီခဲ့ရပြီး အနီရောင်ပျစ်ပျစ်သွေးတို့သည်ကား နေရာအန့ှံကျဲပြန့်လျက်။
အချိန်အတန်ကြာတော့ မြေပြင်ပေါ်တွင်လဲလျောင်းသွားရသည်က တစ်ကိုယ်လုံး သွေးချင်းချင်းရဲနေသောလူငါးဦး။ ရှင်ကျန်နေခဲ့သည်က တစ်ဦးတည်းသာ။
လဲကျသေဆုံးနေသူများထဲမှ တစ်ယောက်မှာတော့ သေဆုံးသွားသည့်တိုင် ရင်ခွင်အတွင်းမှကလေးငယ်ကို တင်းကျပ်စွာပွေ့ဖက်ထားလျက်ပင်။
နောက်ဆုံးရှင်ကျန်ခဲ့သူက ပွေ့ဖက်ခံထားရသောကလေးငယ်ကို သူ့ဖခင်၏ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်သည်။
ကလေးအနှီးဖြူဖြူဟာ သွေးတို့စွန်းထင်းနေလျက်။ ထိုသူဟာ သူ၏လက်ကြမ်းကြီးများဖြင့် ပွေ့ဖက်ထားသောကလေးငယ်ကိုကြည့်ကာ သက်ပြင်းတိုးတိုးချလိုက်သည်။
"တောင်းပန်ပါတယ် မင်းသားလေး ကျွန်တော်မျိုးတို့ ပေးအပ်တဲ့အမိန့်ကို မလွန်ဆန်နိုင်တာကြောင့် မင်းသားလေးရဲ့ဖခင်ကို သတ်ခဲ့ရတယ်"
ထိုသူကရေရွတ်ပြီးနောက် ကလေးငယ်ကို သန့်ရှင်းရာတစ်နေရာတွင် ချထားလိုက်သည်။ ထို့နောက် အလောင်းငါးလောင်းကို စုကာမြှုပ်နှံပေးလိုက်သည်။
သွေးတွေပေကျံနေသော ကလေးအနှီးကို ဖယ်ရှားလိုက်ကာ သူ့၀တ်ရုံမှသန့်ရှင်းနေသော အပိုင်းတစ်ခုကိုစုတ်ဖြဲပြီး ကလေးငယ်၏ကိုယ်မှာ ပတ်ပေးလိုက်သည်။
ထိုအခါသူမြင်လိုက်ရသည်က ကလေးငယ်၏ ဘယ်ဘက်လက်မောင်းရှိ ပန်းပွင့်ပုံစံ မွေးရာပါအမှတ်အသားတစ်ခု။
မဆိုစလောက်ကလေး အံ့သြသွားမိသော်လည်း အချိန်လင့်နေမည်စိုးတာကြောင့် ကလေးငယ်၏ဖခင် ကိုင်ဆောင်နေကျဓားကိုယူ၊ ကလေးငယ်ကိုပွေ့ချီကာ ထိုနေရာမှအမြန်ဆုံးထွက်လာခဲ့သည်။
အမိန့်အရ လုပ်ကြံသတ်ဖြတ်ခဲ့ရသော်လည်း ဘာမျှမသိနားမလည်၊ အပြစ်မရှိသောကလေးငယ်တစ်ယောက်ကိုတော့ သူမသတ်ရက်တာမို့ ဘုရားကျောင်းတစ်ခု၏ရှေ့၌သာ ချပေးထားခဲ့လိုက်သည်။
"မင်းရဲ့ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ မင်းသားလေးရယ်"
တောင်းဆုတစ်ခုကို တိုးညှင်းစွာချပြီးနောက် အပြစ်ကင်းစင်စွာ အိပ်မောကျနေသာကလေးငယ်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက် အပြန်လမ်းကို စတင်ခဲ့လိုက်တော့သည်။
*
(၂၈ နှစ်ခန့်ကြာသော်...)
နေရောင်ခြည်က လောကတစ်ခွင်လုံးပေါ်သို့ တောက်ပကြည်လင်စွာဖြာကျနေပြီး ပတ်၀န်းကျင်သည်ကား သစ်ရွက်၊ ဝါးရွက်တို့၏ အချင်းချင်းထိခတ်သံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
ယွင်ကျီတောင်၏ တောင်ကမူစွန်းတစ်ခုမှာတော့ လူတစ်ယောက်ထိုင်နေပြီး ဟိုးအေ၀းကို ငေးမောနေလေသည်။ မျက်၀န်းမှာတော့ မျက်ရည်စတို့က ခိုတွဲလို့နေလျက်။
တစ်စုံတစ်ယောက်ကို သူရှာဖွေရင်း စောင့်မျှော်နေသည်မှာ နှစ်နှစ်ဆယ်ကျော်လာသည့်တိုင် မတွေ့ရသေး။
တစ်နေရာတည်းမှာ အတူသေဆုံးခဲ့ပြီး ဘာလို့များ တစ်နေရာတည်းမှာ ပြန်မ၀င်စားခဲ့တာပါလိမ့်။
အတွေးများစွာနှင့် အေ၀းကိုငေးကြည့်နေမိသော မျက်လုံးအစုံကို ဘယ်ဘက်လက်မောင်းဆီပို့ရင်း မွေးရာပါပန်းပွင့်အမှတ်အသားလေးကို တို့ထိမိသည်။
မင်းဘယ်မှာလဲ ရိပေါ်။ ငါစောင့်နေတယ်လေ။ ဘာလို့မင်းကို ပြန်မတွေ့ရသေးတာလဲကွာ။
ရင်ထဲမှ လှိုက်လှဲစွာတမ်းတမိတော့ မျက်ရည်ကြည်တစ်ပေါက်က ပါးပြင်ပေါ်ကျရောက်လာသည်။ ထိုစဉ်မှာပင် ခေါ်သံကြားလိုက်တာကြောင့် မျက်ရည်တို့ကို ခပ်မြန်မြန်သုတ်လိုက်ကာ ဟန်မပျက်ဆက်ထိုင်နေလိုက်သည်။
"ကျန့်ကော... ကျန့်ကော ဘယ်သွားနေပါလိမ့်"
ခေါ်သံတဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ အားစန်း၏အသံမှန်း မှတ်မိလိုက်သည်။
အားစန်းဆိုသည်မှာ သည်ဘုရားကျောင်းအနီးရှိ ရွာလေးတစ်ရွာမှ ကလေးလေးဖြစ်သည်။ တစ်နည်းအားဖြင့် သူ့ကိုအလွန်တွယ်တာသော (၁၀)နှစ်အရွယ်ကောင်ကလေးပေါ့။
"ကျန့်ကောကဒီမှာကိုး ဆရာတော်ရှာနေတယ်"
"အင်း... အားရီတို့နဲ့လိုက်လာတာလား"
"ဟုတ်တယ် ကျန့်ကော"
အားစန်းက ခေါင်းကိုတွင်တွင်ညိတ်ရင်း ရှောင်းကျန့်ကိုရယ်ပြသည်။ အားစန်းရဲ့မိဘတွေက ယွင်ကျီတောင်ဘုရားကျောင်း၏ ဒကာ၊ ဒကာမများဖြစ်ကြသည်။
အားစန်းမှာနာမည်ရင်းရှိသော်လည်း သုံးယောက်မြောက်ကလေးမို့ သူကတော့ အားစန်းဟုသာ ခေါ်ဖြစ်သည်။
ဆရာတော်ရှာနေသည်ဆိုတာကြောင့် အချိန်ဆွဲမနေတော့ဘဲ အားစန်းကိုလက်ကဆွဲကာ တောင်အောက်ကို ပြန်ဆင်းလာခဲ့လိုက်သည်။ယွင်ကျီတောင်ဘုရားကျောင်းဟု ဆိုသည့်အတိုင်း ယွင်ကျီတောင်ကို နောက်ခံထားကာ တည်ဆောက်ထားတာဖြစ်ပြီး ဘုရားကျောင်းအနီး၀န်းကျင်တစ်ခွင်လုံး အေးချမ်းသာယာလို့နေသည်။
ရှောင်းကျန့်တို့ရောက်တော့ အားစန်း၏မိဘတွေက ပြန်ဖို့ဟန်ပြင်နေကြပြီမို့ ရှောင်းကျန့်လည်း နှုတ်ဆက်လိုက်ပြီးနောက် အားစန်းကိုပြန်ထည့်ပေးကာ သူ့ကိုရှာနေသောဆရာတော်ဆီသို့ သွားလိုက်တော့သည်။
သူရောက်သွားတော့ ဆရာတော်က ဆေးရည်ကျိုနေရင်းမှလှည့်ကြည့်ကာ ပလိုင်းတစ်လုံးကို မျက်စပစ်ပြသည်။ ရှောင်းကျန့်လည်း ဆိုလိုရင်းကို သဘောပေါက်လိုက်တာကြောင့် မျက်လုံးပြူးသွားရသည်။
"ဟာ... ဆရာတော်ကလည်း တစ်နေ့ကမှ တပည့်တော် ဆေးမြစ်တွေတူးပေးထားတာ အများကြီးပဲလေဗျာ"
"ကုန်ပြီ စကားမများနဲ့ မြန်မြန်သွားတူးချည်"
အထွန့်တက်လိုက်ပါသော်လည်း နောက်ဆုံးမှာတော့ ရှောင်းကျန့်တစ်ယောက် အသင့်ပြင်ပေးထားသောပစ္စည်းများနှင့် ပလိုင်းကိုလွယ်ကာ တောထဲသို့၀င်ခဲ့ရလေတော့သည်။
ထိုဆရာတော်က သူ့ကိုငယ်စဉ်ကတည်းက စောင့်ရှောက်ပေးခဲ့သူဖြစ်ပြီး ဆေးဝါးများကိုဖော်စပ်ရာမှာ လွန်စွာဝါသနာထုံသူမို့ ရှောင်းကျန့်က သူ့အတွက်ဆေးမြစ်များကို ဒိုင်ခံရှာဖွေပေးရသည်မှာ ငယ်စဉ်ကတည်းကပင်။
::::::::::::::::::::::::::::::
မှိုင်းညို့နေသော တောအုပ်အတွင်း၀ယ် အစာရှာနေကြသော ငှက်ငယ်လေးများ၏ တွန်ကျူးသံတို့က တေးသီကျူးနေသည့်နှယ် သာယာစွာထွက်ပေါ်နေသည်။
တစ်ခါတစ်ရံ တောကောင်များ၏ ဟိန်းဟောက်သံကိုလည်း ကြားနေရသည်။ သစ်ပင်၊ ဝါးပင်တို့ဖြင့် စိမ်းစိုနေသော တောအုပ်မို့ နေရောင်ခြည်ကလည်း မှုန်ပျပျသာ။
ကြားနေရသော တောကောင်များ၏အသံကို အမှုမထားဟန်ရှိနေသူတစ်ယောက်ဟာ ပလိုင်းကိုလွယ်ကာ တောနက်ထဲ တဖြည်းဖြည်း ၀င်လာလေသည်။ ထိုသူကား ရှောင်းကျန့်ပင်။
သွားရင်း၊ နားရင်းဖြင့် သူ့နောက်ကျောတွင် လွယ်ထားသောပလိုင်းအတွင်း၌လည်း ဆေးမြစ်များ၊ ဆေးရွက်များ တဖြည်းဖြည်း များပြားလာလေပြီ။
ထို့နောက် သူရေချိုးနေကျ စမ်းချောင်းလေးကိုတွေ့တော့ပြုံးလိုက်ကာ စမ်းချောင်းအစပ်သို့ ဆင်းသွားပြီး ပလိုင်းကိုမြေပြင်ပေါ်ချထားလိုက်သည်။
စမ်းချောင်းအတွင်းရှိရေက ကြည်လင်လှသည်မို့ ဟိုးအောက်ခြေမှာရှိနေသည့် ကျောက်စရစ်ခဲလေးများကိုပင် ထင်ရှားစွာ မြင်နေရသည်။
ရေကိုလက်ခုပ်ဖြင့်ခပ်ယူလိုက်တော့ အေးမြမှုကို ခံစားလိုက်ရသည်။ ရှောင်းကျန့်ပြုံးသွားကာ မျက်နှာနှင့်ခြေလက်တို့ကို ဆေးကြောရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်မှာပင် သူ့မသိစိတ်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ ထိုအရာက မိစ္ဆာတွေရဲ့အငွေ့အသက်မို့ ပလိုင်းထဲမှမိစ္ဆာရှာဖွေရေးကိရိယာကို အမြန်ထုတ်ကာကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် ထိုကိရိယာက တစ်နေရာသို့ညွှန်ပြနေတာကြောင့် ပလိုင်းကိုပြန်လွယ်ကာ ညွှန်ပြသည့်ဆီသို့ သတိထားကာ ချဉ်းကပ်လာခဲ့သည်။
ထိုနေရာသို့နီးလာလေ ရှာဖွေရေးကိရိယာ၏ လက်တံက မြန်ဆန်စွာ လှုပ်ရှားလေဖြစ်နေတာကြောင့် သတိကြီးကြီးထားနေရသည်။
ထို့နောက်မှာတော့ မြူခိုးများဆိုင်းနေသော ဝါးရုံတောတစ်ခုအနီးရှိ တိုက်ခိုက်နေသူလေးဦးကို သူမြင်လိုက်ရသည်။ ရှာဖွေရေးကိရိယာမှ ပြသည့်အတိုင်းဆိုလျှင် မိစ္ဆာကထိုအုပ်စုထဲမှာရှိနေသည်။
ရောထွေးနေတာကြောင့် ဘယ်ဟာကလူ၊ ဘယ်ဟာကမိစ္ဆာဆိုတာ သူခွဲခြားမရ။ ထိုစဉ်မှာပင် သူသတိထားလိုက်မိသည်က နှစ်ဘက်ညှပ်ကာ တိုက်ခိုက်ခံနေရသူ၏မျက်နှာ။
ရိပေါ်... မင်းလား။ ရှောင်းကျန့် စိတ်ပူသွားရပြီးနောက် ဆက်မကြည့်နေနိုင်တော့ဘဲ ပလိုင်းထဲမှဓားကိုယူကာ တိုက်ပွဲအတွင်းသို့၀င်ပါရတော့သည်။
တစ်ဘက်မှမိစ္ဆာများသည်လည်း ရှောင်းကျန့်၀င်ပါလာသည်နှင့်တစ်ပြိုင်နက် သူတို့၏မူလပုံစံကိုပြောင်းကာ တိုက်ခိုက်ကြတော့သည်။ ၎င်းတို့ကား အဆိပ်မယ်တစ်ဦးနှင့် မြေခွေးမိစ္ဆာမနှစ်ကောင်ဖြစ်သည်။
"ဟမ့်... မိစ္ဆာတွေ ဒီနေရာအထိ ရောက်လာတယ် တော်တော်သတ္တိရှိနေပါလား"
အော်ဟစ်သံနှင့်တစ်ပြိုင်နက် တိုက်ပွဲထဲသို့ရှောင်းကျန့်၀င်သွားတော့ ရိပေါ်အားတက်သွားရသည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသည်မို့ သူ့မှာလည်း ဒဏ်ရာတော်တော်လေး ရထားခဲ့ပြီဖြစ်သည်။
ရှောင်းကျန့်က ကူညီကာတိုက်ခိုက်ရင်း ရင်ဘတ်အတွင်းမှ မိစ္ဆာဖမ်းကြေးမုံကို လျှပ်တစ်ပြက်ထုတ်လိုက်သည်။
မိစ္ဆာမနှစ်ကောင်လည်း ထိုကြေးမုံကိုမြင်သည်နှင့် အခြေအနေမဟန်မှန်းသိကာထွက်ပြေးဖို့ကြိုးစားတော့သည်။ သို့သော်လည်း လက်တစ်ဝါးသာသာမျှသာရှိသော ထိုကြေးမုံက သူတို့ကိုလွတ်မြောက်ခွင့်မပေးပါချေ။
ရှောင်းကျန့်ကတိုက်ခိုက်နေဆဲ မိစ္ဆာမနှစ်ကောင်ကိုဖမ်းနေချိန်မှာ ခရမ်းရောင်အမှုန့်တစ်မျိုးက မြူခိုးများအကြား လွင့်ပျံ့လာလေသည်။
"အသက်အောင့်ထား"
ရှောင်းကျန့်စိတ်ပူသွားပြီး ရိပေါ်ကိုလှမ်းအော်ကာ သတိပေးလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ထိုအရာတို့က သူ၏အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့၀င်ရောက်သွားလေတော့သည်။
အဆိပ်မယ်ကား လွတ်မြောက်သွားချေပြီ။ ရိပေါ်လည်း အသက်အောင့်ထားရင်းမှ သူ့ကို၀င်ရောက်ကူညီခဲ့သူကိုတွဲကာ မြူခိုးများနှင့်ဝေးရာဆီ ခေါ်ထုတ်ခဲ့ရလေတော့သည်။
မြူခိုးတွေနှင့် ဝေးရာကိုရောက်တော့မှ ထိုသူ့ကို သစ်ပင်တစ်ပင်၌ မှီစေလိုက်သည်။ ထိုအချိန်မှာပင် ရှောင်းကျန့်၏ နှုတ်ခမ်းထောင့်မှ သွေးမည်းတစ်ချို့ စီးကျလာတော့သည်။
"ခင်ဗျား အဆိပ်မိသွားတာလား""ရတယ်ဘာမှမဖြစ်ဘူး ဟိုတောစပ်က ဘုရားကျောင်းကိုသာ ခေါ်သွားပေးပါ"
ရှောင်းကျန့်က ဘုရားကျောင်းရှိရာအရပ်ဆီ ညွှန်ပြပြီးသည်နှင့် သူ့ကိုယ်သူအဆိပ်များဆက်မပျံ့စေရန် သွေးကြောတစ်ချို့ကို ပိတ်လိုက်သည်။ ရိပေါ်က သူ့အော်သံကြောင့် အသက်အောင့်မှီလိုက်သော်လည်း သူကတော့ ရှူမိသွားခဲ့တာဖြစ်သည်။
ယခုလို သူ့အခြေအနေနဲ့က တစ်ယောက်တည်း ဘုရားကျောင်းကို မပြန်နိုင်တော့ပေ။ ထို့အပြင် ရိပေါ်၏ကိုယ်ပေါ်မှာလည်း ဒဏ်ရာရထားတာကြောင့် ဆေးကုသနိုင်ရန် လိုက်ပို့ပေးခိုင်းတာဖြစ်သည်။
ရိပေါ်တစ်ယောက် အနီးအနားကို ခေါင်းလှည့်ကြည့်မိတော့ စီးတော်မြင်းကိုမတွေ့။ မိစ္ဆာများနှင့် တိုက်ခိုက်နေစဉ်ကတည်းက လွတ်ရာသို့ ထွက်ပြေးသွားပုံရသည်။ ဒါလည်း ကောင်းပါသည်။ မဟုတ်လျှင် တိုက်ခိုက်နေချိန်မှာ သူ့မြင်းကိုအန္တရာယ်တောထဲမှ ကာကွယ်နိုင်မည်မဟုတ်ပေ။
ရိပေါ် လေတစ်ချက်ချွန်လိုက်တော့ စီးတော်မြင်းက အပြေးရောက်လာသည်။ ဝေးဝေးမသွားဘဲ အနီးမှာသာ စောင့်နေခဲ့ပုံပင်။
ထို့နောက်ရိပေါ်က ရှောင်းကျန့်ကို မြင်းပေါ်တင်ကာ သူပါတက်လိုက်ရင်း ထိုဘုရားကျောင်း ရှိရာသို့ဦးတည်ကာ ဒုန်းစိုင်းစီးခဲ့လေတော့သည်။
::::::::::::::::::::::::::::::