အခန်း ၂၃ မက်မွန်ပွင့်တို့သည်သာထာဝရသက်သေ
Viewers 3k

အခန်း ၂၃။ မက်မွန်ပွင့်တို့သည်သာ ထာ၀ရသက်သေ


လွန်ခဲ့သည့်နှစ်ပေါင်းများစွာက...

စကြဝဠာမှာ ကောင်းကင်နှင့်မြေပြင်ဟူ၍ ပထမဆုံးပေါ်ပေါက်လာချိန်မှာ မူလက သဘာ၀အတိုင်းရှိနေသော ချီစွမ်းအင်ဟာ အပိုင်းနှစ်ပိုင်းကွဲသွားခဲ့သည်။

သန့်စင်မွန်မြတ်သော ချီစွမ်းအင်က ကောင်းကင်ဘုံကို ရောက်ရှိသွားကာ မသေမျိုးနတ်ဘုရားတွေဖြစ်လာခဲ့ပြီး ညစ်ညမ်းသောချီတွေကတော့ မြေကြီးထဲနစ်မြုပ်သွားပြီးနောက် မိစ္ဆာနတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားကြသည်။

နတ်ဘုရားများက သာမန်သေမျိုးလူသားတွေ သူတို့ကိုလိုအပ်ချိန်မှာ ကောင်းချီးပေးကာ ကူညီကြသော်လည်း မိစ္ဆာတွေကတော့ သူတို့၏ဖြစ်တည်မှုအပေါ် မကျေမနပ်ဖြစ်ကာ အခွင့်အရေးရတိုင်း လူသားတွေကိုဒုက္ခပေးရင်း ကောင်းကင်ဘုံကို စိန်ခေါ်လေ့ရှိကြသည်။

ကျောက်စိမ်းဧကရာဇ်ဟန်ကျင်း  လက်ထက်မှာတော့ ရဲရင့်ထက်မြက်ပြီး သုံးလောက၏အေးချမ်းမှုအတွက် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြသည့် နတ်ဘုရားများကြောင့် သောင်းကျန်းထကြွနေသောမိစ္ဆာများ အထိနာခဲ့ရသည်။

စစ်နတ်ဘုရားက မိစ္ဆာဘုရင်ကို လျှို့၀ှက်နေရာတစ်ခုမှာ စည်းအထပ်ထပ်ဖြင့် ပိတ်လှောင်ထားခဲ့သည်။ ထိုကာလနောက်ပိုင်း ကွယ်ဝှက်နေထိုင်ကြသော မိစ္ဆာအနည်းငယ်မှလွဲ၍ လူသားများကို ဒုက္ခပေးလိုသောမိစ္ဆာများ မရှိသလောက်နည်းပါးသွားခဲ့သည်။

ထိုကြောင့် လူသားတွေလည်း ဟိုအရင်လိုပျော်ရွှင်စွာနေနိုင်လာကြပြီး နတ်ဘုရားများကို ယခင်ထက်ပိုပြီး ကိုးကွယ်ပူဇော်လာကြတော့သည်။

သုံးလောကလုံး အေးချမ်းနေပြီဆိုကာမှပင် မထင်မှတ်စရာ အဖြစ်အပျက်တစ်ခုဟာ ကောင်းကင်ဘုံမှာ ဖြစ်လာခဲ့တော့သည်။

ထိုအရာကတော့ မိစ္ဆာနတ်ဆိုးများကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ပြီး ကျောက်စိမ်းဧကရာဇ်၏ အားထားခြင်းကိုခံရသော 'ကောင်းကင်ဘုံ၏သူရဲကောင်း'ဟု ကင်ပွန်းတပ်ခြင်းခံရသော စစ်နတ်ဘုရားနှင့် အိမ်ရှေ့စံတို့ အမျိုးသားအချင်းချင်း ချစ်ကြိုက်နေခဲ့ကြတာပဲဖြစ်လေသည်။

::::::::::::::::::::::::::::::

ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် မြူတွေအုံ့ဆိုင်းနေလေသည်။ လေပြည်လေညှင်းလေးက သာသာယာယာလေး တိုက်ခတ်နေပြီး ပန်းရနံ့တို့ကို လောကတစ်ခွင် မွှေးပျံ့စေသည်။

သည်နေရာကို ပန်းပင်လယ်ဟုပင်ဆိုရမည်လား။ ဟိုမှာသည်မှာ မြင်မြင်သမျှ အရာအားလုံးက ပန်းပွင့်တွေချည်းသာ။

တဖွဲဖွဲကြွေကျကာ ဦးညွှတ်ခစားနေသော မက်မွန်ပွင့်ချပ်တွေထက်မှာတော့ ချစ်ခင်ကြည်နူးနေကြသည့် လိုက်ဖက်တင့်တယ်လှစွာသော နတ်ဘုရားငယ်နှစ်ပါး။

"ထောင်ဟွား မစနဲ့တော့ ငြိမ်ငြိမ်နေ"

ဘယ်လိုပင်ပြောပြော မဆော့မပျက်ပါသော အနှီနတ်ဘုရားငယ်။ တော်သော၊ ထက်မြက်သော၊ အေးစက်သော စစ်နတ်ဘုရားဟူသည့် ဂုဏ်ပုဒ်များဟာ သူနှင့်လုံးလုံးမျှမသက်ဆိုင်သည့်သဖွယ် သည်နတ်ဘုရားငယ်ဟာ သူ့ရှေ့မှောက်ရောက်သည်နှင့် ဆိုးချင်တိုင်းဆိုးတော့သည်။

ယခုလဲ စစ်နည်းဗျူဟာကျမ်းကိုဖတ်နေသော သူ့ပေါင်ပေါ်တွင် ခေါင်းတင်မှေးထားရင်း အာရုံပျက်စေရန်အလို့ငှာ နှာခေါင်းရှိရာထံ လက်လှမ်းကာ ပန်းပွင့်တို့ဖြင့်တို့ထိကစားနေလေသည်။

"မရပါဘူး လူကိုကျတော့ ဒီမက်မွန်ဥယျာဉ်ကိုခေါ်ထားပြီး အဖက်မလုပ်တာတော့ မကျေနပ်ပါဘူး အဲဒီ့စစ်နည်းဗျူဟာကျမ်းကြီးကိုချထားမလား စိတ်ဆိုးရမှာလားပြော..."

ချစ်ရသူလေး၏ စကားအဆုံးမှာတော့ ရိပေါ်ပြုံးလိုက်ကာ နတ်ဘုရားငယ်လေးအလိုတော်ကျ ဖတ်နေဆဲစစ်ဗျူဟာကျမ်းကို နံဘေးမှစားပွဲငယ်လေးပေါ် တင်ထားလိုက်ရသည်။

မဟုတ်လျှင် သည်နတ်ဘုရားလေး ဘယ်လောက်အထိ စိတ်ကောက်မည်ဆိုတာ မှန်းဆမရနိုင်ပေ။

"ကျွန်တော်မျိုးက အိမ်ရှေ့စံဆိုတာကိုလည်း သတိရပါဦးစစ်နတ်ဘုရားလေးရယ် စစ်နည်းဗျူဟာကျမ်းကို ဖတ်တယ်ဆိုတာလည်း မင်းလေးကိုကူညီ..."

ရိပေါ်၏ စကားပင်မဆုံးလိုက်။ သူ၏ ပေါင်ပေါ် ခေါင်းအုံးကာလဲလျောင်းနေသော ရှောင်းကျန့်ဆိုသူ ထိုနတ်ဘုရားငယ်က သူ့လည်ပင်းကိုခိုဆွဲကာ ခေါင်းကို နှိမ့်ချစေသည်။

ရိပေါ်လည်း ရွှေစိတ်တော်ပြေစေရန် ပန်းနုရောင်နှုတ်ခမ်းပါးထက် အနမ်းတစ်ပွင့်ကို ခပ်ဖွဖွဆက်သလိုက်ရသည်။ ထိုအခါမှ အနှီနတ်ဘုရားငယ်လေးဟာ သူ၏နှုတ်ခမ်းပါးထက် အပြုံးပန်းတစ်ပွင့်ကို ဖူးပွင့်စေတော့သည်။

"အရမ်းချစ်တယ် အရှင့်သား"

"အင်း သိတယ်"

"အရမ်းအရမ်းကို မြတ်နိုးတာ"

"အင်း"

"တော်ပြီမခေါ်တော့ဘူးကွာ ဘာမှလဲမပြောဘူး အင်း... အင်းပဲ လိုက်နေတာပဲ"

အသက်တူရွယ်တူဖြစ်သော်ငြား တစ်ခါတစ်ရံ ကလေးဆန်တတ်လွန်းသူလေးကြောင့် မြတ်နိုးမှုတို့က နှလုံးသားထဲ တရိပ်ရိပ်တက်လာတော့ ဖြောင့်စင်းသွယ်တန်းနေသော နှာတံလေးကိုသာ အသာကလေးဆွဲညှစ်မိတော့သည်။

"ပြောမှသိမဲ့သူတွေမှမဟုတ်ဘဲ ထောင်ဟွားရယ်"

"ဒါပေမယ့် ပြောတာကြားချင်သေးတာကို"

ရှောင်းကျန့်၏ မကျေမနပ်သံလေးကြောင့် ရိပေါ်ပြုံးလိုက်ပြီး သူ့ပေါင်ကိုခေါင်းအုံးကာ ဇိမ်ယူနေသောမြတ်နိုးရသူလေး၏ပါးပြင်ကို ငုံ့ကာမွှေးကြူရင်း နားအနားတိုးတိုးကပ်ပြောလိုက်သည်။

"ဟောဒီ့က စစ်နတ်ဘုရားလေးကို ကျွန်တော်မျိုးကြီးက အသက်ထက်ပိုပြီးတော့ မြတ်နိုးတန်ဖိုးထားပါသတဲ့ဗျာ"

သူ့စကားဆုံးသည်နှင့် အရှက်သည်းစွာပင် ပန်းနုရောင်ပြေးသွားသော ပါးပြင်ကိုမမြင်စေဖို့ရာ သူ့ရဲ့ဝတ်ရုံတော်အနားစနှင့် ဖွက်နေသူလေးကိုကြည့်ကာ ရိပေါ်၏ရင်ခုန်သံတို့က မငြိမ်သက်နိုင်။ဖြစ်နိုင်လျှင် စစ်နတ်ဘုရားဟူသော ဂုဏ်ပုဒ်ထက် ပန်းနတ်ဘုရားဟုသာခေါ်ဝေါ်သင့်ပြီး သည်မျှချစ်စရာကောင်းလှသော နတ်ဘုရားလေးကို အာခံတွင်းထဲသာ ငုံထားလိုက်ချင်တော့သည်။


ဝမ်ရိပေါ်ဆိုသည့်သူက စစ်နတ်ဘုရားလေးကို သည်လောက်အထိ ချစ်ခင်ကာ မြတ်နိုးရပါလေသည်။

သို့သော်ငြား ကံကြမ္မာနတ်ဘုရားက လွန်စွာရက်စက်လှသည်ဟု ဆိုရမည်လား။ သူတို့နှစ်ဦးကို ကွဲကွာစေမည့် အကြောင်းတရားက ကျရောက်လာတော့သည်။

တရားခံသည်ကား လနတ်သမီး။ တစ်နည်းအားဖြင့် ကောင်းကင်ဘုံအိမ်ရှေ့စံ ၀မ်ရိပေါ်၏ ကြင်ယာတော်လောင်း။

ရိပေါ်က သူ၏မက်မွန်ပန်းဥယျာဉ်ကို ရှောင်းကျန့်မှလွဲ၍ အခြားမည်သူ့ကိုမျှ ဝင်ခွင့်မပြုပေ။

သို့သော်လည်း လနတ်သမီးက ကြင်ယာတော်လောင်းဟူသောဂုဏ်ပုဒ်ကိုသုံးကာ ဥယျာဉ်တော်ကို စောင့်ရှောက်ရသော အစောင့်နတ်သားတို့ကိုအာဏာပြပြီး တဇွတ်ထိုးဝင်လာပြီးသည့်နောက် ချစ်ခင်ကြည်နူးနေသော သူတို့နှစ်ဦးကိုမြင်သော် စိတ်တော်ငြိုးကာ ကျောက်စိမ်းဧကရာဇ်ထံသို့ တိုင်ကြားခဲ့လေတော့သည်။

::::::::::::::::::::::::::::::

ကောင်းကင်ဘုံညီလာခံတွင် ကောင်းကင်ဘုံကိုအုပ်စိုးသူ ကျောက်စိမ်းဧကရာဇ်ဟန်ကျင်းက ပလ္လင်တော်ထက်၀ယ် တင့်တယ်စွာစံမြန်းနေလေသည်။

လျှောက်လမ်း၏ တစ်ဖက်စီမှာတော့ နတ်ဘုရားများက ရာထူးအလိုက်  သက်ဆိုင်ရာနေရာ၌ရပ်ကာ ခစားလျက်ရှိနေသည်။

ပလ္လင်တော်ရှေ့ ကြမ်းပြင်ထက်မှာတော့  နတ်ဘုရားတစ်ပါးဒူးထောက်လျက်ရှိနေသည်။ ငြိမ်သက်နေသည့်ကန်ရေပြင်ပမာ ကြည်လင်သောမျက်နှာ၊ သွယ်လျသော ခန္ဓာကိုယ်အချိုးအစားနှင့်လိုက်ဖက်စွာ အဖြူရောင်၀တ်ရုံရှည်က သူ့ကိုယ်ပေါ်တွင် တင့်တယ်စွာရှိနေလေသည်။

လှပတင့်တယ်သည်ဟု ဆိုစမှတ်ပြုရလောက်သည့်အရာတို့ကို ပိုင်ဆိုင်ထားသူမို့ တိုက်ပွဲတိုင်းတွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်တတ်သော စစ်နတ်ဘုရားမှ ဟုတ်ပါလေစဟု တွေးယူရလောက်သည်။

သူ့ရဲ့အသွင်သဏ္ဍာန်ဟာ ပန်းနတ်ဘုရားအလား လှပတင့်တယ်ကာ စစ်နတ်ဘုရားဟု နည်းနည်းကလေးမှ ထင်စရာမရှိသော်ငြား သူဟာအမှန်တစ်ကယ်ကို ရဲရင့်ထက်မြက်သည့် စစ်နတ်ဘုရားပင်ဖြစ်လေသည်။

"ရှောင်းကျန့်... ငါကိုယ်တော်က မောင်မင်းကိုသားတော်တစ်ပါးလို သဘောထားခဲ့တယ် ဒါပေမဲ့ ဘယ်လိုစိတ်နဲ့များ ဒီအမှုကိုကျူးလွန်ရဲခဲ့တာလဲ အခုထိအပြစ်ကို ၀န်မခံသေးဘူးလား"

ရာဇမာန်ပြင်းလှသော ဧကရာဇ်၏ အမေးစကားဆုံးတော့ ကြမ်းပြင်ပေါ် ဒူးထောက်ထားရာမှ ရှောင်းကျန့်ကပြုံးသည်။

ထိုအခါ တောက်ပနေသော မျက်ဝန်းတစ်စုံက သူ၏တင့်တယ်လှပမှုကို ပိုပြီးထောက်ပံ့ပေးနေတော့သည်။ မျက်နှာထက်မှာတော့ နောင်တရဟန် အနည်းငယ်လေးတောင်မှ ရှိမနေခဲ့ပါချေ။

"အပြစ်တဲ့လားအရှင် ကျွန်တော်မျိုး ဘာအပြစ်မှ မကျူးလွန်ထားတဲ့အတွက် ၀န်ခံစရာလည်းမရှိပါဘူး အရှင့်သားကိုချစ်ခင်စုံမက်မိတဲ့အတွက် အပြစ်ပေးမယ်ဆိုရင်လည်း ဘယ်လိုအပြစ်ဒဏ်မျိုးမဆို ကျွန်တော်မျိုးခံယူဖို့အသင့်ပါပဲ"

ရှောင်းကျန့်က မကြောက်မရွံ့ဖြေသည်။ နှင်းဆီဖူးသဖွယ် လှရက်လွန်းသော နှုတ်ခမ်းလွှာထက်မှာတော့ အပြုံးရိပ်တို့က ခပ်ပါးပါးလေးရှိနေဆဲ။ ထို့ကြောင့်ပင် ဧကရာဇ်ဟာ ပိုပြီးတော့ အမျက်ထွက်၊ စိတ်ကွက်လေတော့သည်။

"လာကြစမ်း ဒီအပြစ်သားကို အခုချက်ချင်း ချစ်ခြင်းမေ့ပျောက်ဆေးရည်တိုက်ပြီး သေမျိုးတွေဆီပစ်လိုက်ကြ"

ဧကရာဇ်၏စကားအဆုံးမှာ နတ်ဘုရားမတစ်ပါးက ဆေးရည်ခွက်တင်ထားသောကလပ်ကို ရှောင်းကျန့်၏ရှေ့သို့ ယူဆောင်လာခဲ့သည်။

ထိုအချိန်မှာပင် အဆောင်တော်ထဲတွင် အကျယ်ချုပ်ချခံထားရသော အိမ်ရှေ့စံဟာ ညီလာခံသို့အပြေးအလွှား ရောက်လာလေတော့သည်။

"ခမည်းတော်... ခမည်းတော် မလုပ်ပါနဲ့... အမိန့်ကိုရုတ်သိမ်းပေးတော်မူပါ"

သူမည်သို့ပင် တောင်းပန်ပါစေ။ ဧကရာဇ်က ဂရုမစိုက်သည့်အပြင် ရက်စက်စွာပင် နောက်ထပ်အမိန့်တစ်ခုကို ချမှတ်လိုက်လေသည်။

"အိမ်ရှေ့စံကို ဖမ်းချုပ်ထားစမ်း သုံးရက်အတွင်း လနတ်သမီးနဲ့ ထိမ်းမြားလက်ထပ်ပွဲကိုကျင်းပဖို့ အမိန့်ချမှတ်တယ်"

"ဟင့်အင်း... မလုပ်ပါနဲ့ သားတော်တို့ရဲ့ချစ်ခြင်းကိုမခွဲပါနဲ့"

ရိပေါ်က တစ်ဖက်တစ်ချက်စီမှ ဖမ်းချုပ်ခံထားရသည့်တိုင် ရုန်းကန်နေမိသည်။ တစ်စုံတစ်ယောက်က အခြားသူအပေါ် ချစ်မြတ်နိုးခြင်းကို 'အပြစ်'လို့ ခေါင်းစဉ်တပ်လို့ ရနိုင်ပါသလား။

သည်လိုဆိုလျှင် သူကရောဘာလို့ အပြစ်ကိုမခံယူဘဲ နေရမည်လဲ။ တရားစီရင်ရာ၌ မျှတလှပါသည်ဆိုသော ခမည်းတော်ဧကရာဇ်ဟာ သည်တစ်ခါတော့ အတ္တကြီးလှချေသည်။

::::::::::::::::::::::::::::::

ရိပေါ်က ရှောင်းကျန့်အတွက် ၀မ်းနည်းနေသကဲ့သို့ ရှောင်းကျန့်သည်လည်း ဖမ်းချုပ်ခံထားရင်းကြားမှ အော်ဟစ်ကာငိုနေသော ချစ်ရသူကိုမကြည့်ရက်နိုင်ပေ။

ရင်ထဲတွင် တဆစ်ဆစ်နာကျင်နေမိတာကြောင့် သူ့ရှေ့က ကလပ်ပေါ်မှ ဆေးရည်ခွက်ကို မတုံဆိုင်းဘဲ ယူငင်လိုက်တော့သည်။

"ဟင့်အင်း မသောက်နဲ့... မသောက်ပါနဲ့ ထောင်ဟွား"

တားဆီးအော်ဟစ်သံကို ဥပေက္ခာပြုရင်း မျက်လုံးအစုံကိုမှိတ်ကာ ဆေးရည်ကို မော့သောက်မည်ပြုစဉ်မှာပဲ လက်ထဲမှ ဆေးရည်ခွက်က လုယူခံလိုက်ရလေသည်။

ဆေးရည်ခွက်ကို ရှောင်းကျန့်ထံမှ လုယူလိုက်သူက အိမ်ရှေ့စံမင်းသားပင်ဖြစ်သည်။ ရိပေါ်က ဖမ်းချုပ်ခံထားရာမှ အတင်းရုန်းထွက်ကာ ရှောင်းကျန့်ဆီ အပြေးသွားခဲ့ခြင်းပင်။

ထို့နောက် ခွက်ထဲမှဆေးရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကိုကြည့်ရင်း ရှောင်းကျန့်သာမက အခြားသူတွေပါအံ့သြကာ ကြောင်အနေမိသည်။"သေမျိုးနယ်ဆီကို သားတော်သွားမှာမို့ သူ့ကိုခွင့်လွှတ်ပေးပါ ခမည်းတော်"

သူ၏မြတ်နိုးရသူကို သေမျိုးနယ်ပယ်သို့ မသွားစေလိုတာမို့ ကိုယ်စားသောက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်လေးမှာ ရှောင်းကျန့်၏ဘေးသို့ တအိအိလဲပြိုကျသွားတော့သည်။

"ရိပေါ်...."

ထိုအခါမှ ရှောင်းကျန့်လည်း သတိဝင်လာကာ လဲပြိုကျသွားသောရိပေါ်ကို ထိန်းမတ်ရင်း အော်ဟစ်ငိုကြွေးမိတော့သည်။

ရိပေါ်ကတော့ ရှောင်းကျန့်၏ရင်ခွင်ကို မှီထားရင်းမှပြုံးပြကာ မျက်ရည်တွေကို သုတ်ပေးရန် လက်ကိုမြှောက်လိုက်သည်။ သို့သော်လည်း တစ်ကိုယ်လုံး အားတို့က မရှိတော့။

"မငို... မငိုပါနဲ့ ငါမင်းကို မှတ်မိနေမှာပါ ဒီဆေးက ငါ့ကိုဘာမှ မသက်ရောက်စေနိုင်ပါဘူး"

ရိပေါ်ဟာ သူ့ရွေးချယ်မှုကြောင့် ငိုကြွေးနေသောချစ်ရသူ၏မျက်ရည်တို့ကို သုတ်မပေးနိုင်သည့်နောက်ဆုံး ခပ်တိုးတိုးလေးသာ နှစ်သိမ့်ရတော့သည်။

"မသွားပါနဲ့ ဟင့်အင်း မထားခဲ့ပါနဲ့"

"တောင်းပန်ပါတယ် မင်းအတွက် ငါလုပ်ပေးနိုင်တာ ဒါပဲရှိတာမို့ ကောင်းကောင်းနေရစ်ခဲ့ပါ"

"ဟင့်အင်း မဟုတ်ဘူး ရိပေါ် သတိထားစမ်း ရိပေါ်..."

"မက်မွန်... မက်မွန်ပန်းဥယျာဉ်ကို သွားရအောင်"

"အင်း... သွားမယ်... သွားရအောင်"

ရိပေါ်က သူတို့နှစ်ဦး၏အချစ်တို့  သစ္စာတိုင်တည်ရာဌာနေသို့ သွားလိုတာမို့ ရှောင်းကျန့်လည်း ခေါင်းကိုသာ တွင်တွင်ညိတ်ပြမိတော့သည်။

ထို့နောက် ချစ်ရသူကို ရင်ခွင်အတွင်းပိုက်ထွေးကာ ညီလာခံမှထွက်ခွာမည်ပြုတော့ အခွင့်အရေးကမရပါချေ။

"လာကြစမ်း သူ့ကိုဖမ်းချုပ်ထားလိုက်ကြ"

ဧကရာဇ်ဟာ သားတော်၏ လုပ်ရပ်ကိုမြင်ရသည့်နောက် ရင်ထဲမချိမဆံဖြစ်သွားရသည်။ ထို့ကြောင့်ပင် ပို၍အမျက်ရှကာ ရှောင်းကျန့်ကို ဖမ်းချုပ်စေခြင်းဖြစ်သည်။

ဧကရာဇ်၏ အမိန့်သံအဆုံးမှာတော့ နတ်စစ်သည်များက ရှောင်းကျန့်တို့အနားသို့ ကပ်လာကြသည်။ သူတို့လေးစားရသော စစ်နတ်ဘုရားနှင့် အိမ်ရှေ့စံတို့၏ ဖြစ်အင်ကိုကြည့်ကာ ရင်ထဲမကောင်းကြပေ။

သို့သော်လည်း ဧကရာဇ်၏ အမိန့်ကိုလည်း မတော်လှန်နိုင်ရကား ဓားကိုယ်စီထုတ်ကာ ဝိုင်းထားရတော့သည်။ ရှောင်းကျန့်ကလည်း အဖမ်းမခံဘဲ ပြန်လည်ရင်ဆိုင်ရင်း နတ်စစ်သည်တစ်ဦး၏ လက်ထဲမှဓားကိုလုယူလိုက်သည်။

"မင်းတို့ကို မထိခိုက်စေချင်ဘူး တစ်ယောက်မှ ရှေ့ဆက်တိုးမလာနဲ့"

ရှောင်းကျန့်၏ ပြန်လည်တိုက်ခိုက်မှုကြောင့် နတ်စစ်သည်တို့ ခေတ္တမျှရပ်တန့်သွားကြသည်။ သို့သော်လည်း ဧကရာဇ်၏အမိန့်တော်က သာ၍ကြောက်ဖွယ်ကောင်းတာမို့ သူတို့နှစ်ဦးကို ထွက်ခွာခွင့်မရစေရန် ဝန်းရံတိုက်ခိုက်ရတော့သည်။

ကောင်းကင်ဘုံ၏သူရဲကောင်းဟု ပြောစမှတ်တွင်သည့် စစ်နတ်ဘုရားနှင့်ယှဉ်ပြိုင်ကာ တိုက်ခိုက်ရခြင်းမို့ နတ်စစ်သည်တို့မှာ အနိုင်ရရန်မလွယ်ပါချေ။

သို့သော်လည်း ရှောင်းကျန့်သည်ကား တစ်ဦးတည်းလွတ်လပ်စွာ တိုက်ခိုက်ရသည်မဟုတ်ဘဲ ရင်ခွင်အတွင်းမှ အိမ်ရှေ့စံကိုပါ မထိခိုက်စေရန်ကာကွယ်ရသေးသည်မို့ ကြာလာသည်နှင့်အမျှ ဓားချက်တို့ကို ရှောင်၍မလွတ်နိုင်တော့ပေ။

ဓားချက်တို့ တစ်ချက်ပြီးတစ်ချက် ခန္ဓာကိုယ်အပေါ်ဆက်တိုက် ကျရောက်လာသည့်နောက် ရှောင်းကျန့်၏တစ်ကိုယ်လုံး သွေးတို့ချင်းချင်းရဲနေလေပြီ။

ရှောင်းကျန့်နှင့်အတူ ယှဉ်တွဲကာတိုက်ပွဲ၀င်ခဲ့ဖူးကြသည့် သူ့လက်အောက်မှစစ်သည်များလည်း ရင်ထဲမကောင်းကြ။ ထို့ကြောင့်ပင် ဧကရာဇ်မျက်လိုက မျက်စေတော့ရယ်ဟု သဘောပိုက်ကာ တိုက်ခိုက်နေရာမှ နောက်သို့ဆုတ်လိုက်ကြတော့သည်။

သည်အခါမှ ရှောင်းကျန့်လည်း ရိပေါ်ကိုပွေ့ချီထားရင်း ဆက်လက်တိုက်ခိုက်နေဆဲ စစ်သည်တစ်ချို့ကြားမှ ရအောင်ဖောက်ထွက်ခဲ့တော့သည်။

ဦးတည်ရာသည်ကား သူတို့နှစ်ယောက်၏အချစ်တို့ သက်သေတည်ရာ မက်မွန်ပန်းဥယျာဉ်ထံသို့သာ။

နှစ်ဦးသားချစ်ကြည်နူးရာ သည်မက်မွန်ပန်းဥယျာဉ်က သူတို့နှစ်ဦးခွဲခွာရမည့်နေရာဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါကမှ မတွေးခဲ့ဖူးပေ။ လေပြည်ညှင်းကတော့ ချစ်သူနှစ်ဦး၏ ပူဆွေးမှုကို စာနာမိသည့်အလား ငြိမ်သက်လို့နေလျက်။

သည်ဥယျာဉ်တော်က ရိပေါ်၏အသက်နှစ်တစ်ရာပြည့်စဉ်က သူ့ခမည်းတော်ထံမှ မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရိပေါ်က ရှောင်းကျန့်နှင့် ချစ်မြတ်နိုးမိသည့်နောက်ပိုင်း ချစ်သက်လက်ဆောင်အဖြစ် ပေးအပ်ခဲ့လေသည်။

သည်ပန်းဥယျာဉ်မှာ ရိပေါ်က သူ၏မေတ္တာစကားတို့ကို ရှောင်းကျန့်ထံ ဖွင့်ဟခဲ့ဖူးသည်။

သည်ပန်းဥယျာဉ်မှာပင် ရှောင်းကျန့်သည်လည်း သူ့နှလုံးသားကိုမကွယ်ဝှက်တော့ဘဲ ပေးအပ်လာသော ချစ်ခြင်းတရားကိုလက်ခံပြီးနောက် အရှက်သည်းစွာပင် သူ၏ဝတ်ရုံတော်နှင့် မျက်နှာနုနုကို ဖွက်ထားခဲ့ဖူးသည်။

သည်ဥယျာဉ်တော်တွင် စစ်ထွက်ခါနီးချစ်ရသူအတွက် အန္တရာယ်ကင်းပါစေကြောင်း ဆုတောင်းသံတို့ ညံစီခဲ့ဖူးသည်။

သည်မက်မွန်ပွင့်တို့က သူတို့နှစ်ဦး၏ နှလုံးသားများ ပေါင်းစပ်ဆုံစည်းခဲ့ရာ သက်သေပင်ဖြစ်သည်။ ယခုမူ မက်မွန်ပွင့်တို့သည်လည်း ခွဲခွာခါနီးချစ်သူနှစ်ဦးအတွက် ငိုကြွေးနေကြသည့်အလား အခါတိုင်းထက် ပို၍ထူထပ်စွာပင် ကြွေကျမြေခနေခဲ့ကြလေပြီ။

မက်မွန်ပွင့်တို့ဖြင့်အတိပြီးသည့် ဥယျာဉ်တော်အတွင်း၀ယ် လှပစွာပွင့်ဖူးနေခဲ့သော မက်မွန်ပွင့်တို့ဟာ ယခုမူသွေးရောင်တို့နီစွေးစွာ ခြယ်သလို့နေလျက်။တစ်ကိုယ်လုံးသွေးတို့လွှမ်းနေသော ဝတ်ရုံရှည်နှင့် စစ်နတ်ဘုရားက ဥယျာဉ်တော်အတွင်းသို့ ရောက်သည်နှင့် မက်မွန်ပင်တစ်ပင်ကို ကျောမှီကာ ထိုင်လိုက်သည်။

၀တ်ရုံသည်ကား မူလအရောင်ကိုပင် မှတ်မိရန်ခဲယဉ်းနေလေပြီ။ ရင်ခွင်အတွင်းမှာတော့ အခြားသူကို ပွေ့ချီထားဆဲပင်။

ရှောင်းကျန့်ဟာ ငိုကြွေးနေရင်းမှ ရင်ခွင်အတွင်းရှိ ချစ်ရသူ၏ပါးပြင်ကို ခပ်ဖွဖွတို့ထိလိုက်သည်။ ရိပေါ်သည်လည်း သူ၏ပါးပြင်ကိုထိတွေ့နေသောလက်ကို အသာထိကိုင်ရင်း ပြုံးသည်။

ထို့နောက် ၀မ်းနည်းစွာ ငိုကြွေးနေသူ စိတ်သက်သာရန်အလို့ငှာ နှုတ်ခမ်းလွှာကို အသာဟကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။

"ဘယ်လောက်ပဲ ခက်ခဲပါစေ ကိစ္စမရှိပါဘူး...
ဟောဒီ့မက်မွန်ပွင့်တွေကို သက်သေတည်လို့
ကိုယ်သစ္စာဆိုတယ်...

ကိုယ်တို့ကွဲကွာသွားတဲ့အခါ
မင်းအကြောင်း တစိမ့်စိမ့်တွေးရင်း
စောင့်မျှော်နေမယ်ဆိုတာ သတိရပေးပါ...

မင်းသိပ်ကြိုက်တဲ့သေရည် အတူတူသောက်ရင်း
ပျော်ရွှင်စရာတွေ မျှေ၀ဖို့ ကိုယ်စောင့်နေမှာ...

ခွဲခွာခြင်းတွေ ဟိုအေ၀းလွင့်ပါးသွားတဲ့အခါ
မင်းရဲ့လက်မောင်းတွေပေါ် မှီခိုခွင့်ပြုပါ...

ချစ်ရသူရေ...
တို့နှစ်ဦး ကျိန်းသေ ပြန်ဆုံကြမှာပါ..."

ရိပေါ်၏ ကဗျာဆုံးတော့ ရှောင်းကျန့်မှာပိုလို့ပင်ငိုကြွေးမိတော့သည်။ ရိပေါ်သည်လည်း နောက်ဆုံးသော လက်ကျန်အင်အားလေးဖြင့် ချစ်ရသူကို နှစ်သိမ့်ပေးလိုသည်။

ဘယ်သူတွေ ဘယ်လိုထင်ထင် သူတို့နှစ်ဦးဟာ တစ်ဦးအတွက်တစ်ဦး အသက်ပေးလောက်သည်အထိ သိပ်ချစ်ကြသည်ဆိုတာကိုတော့ မက်မွန်ပွင့်တို့က သက်သေအဖြစ် ထာ၀ရတည်ရှိနေမည်ဟု သူယုံကြည်ပါသည်။

ရှောင်းကျန့်မူကား ရိပေါ်မည်သို့ပင် ချော့မော့ပါစေ ၀မ်းနည်းစိတ်ကိုဖြေဖျောက်မရနိုင်ပါချေ။ သည်ကောင်းကင်ဘုံအတွက် သူ့အသက်ကိုပင် ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပေးခဲ့သည်။

သူရဲကောင်းဆိုသော ချီးကျူးဂုဏ်ပြုခြင်းထက် ရိပေါ်၏အပြုံးတစ်ပွင့်က အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။ ယခုမူရင်ထဲမှာ ဖွဲ့တည်လာသည်က အမုန်းတရားသာ။

ကျောက်စိမ်းဧကရာဇ်ဆိုသူကို မုန်းသည်။ ကြင်ယာတော်လောင်းဆိုသူကို မုန်းသည်။ တစ်ခိျန်ကသူရဲကောင်းဟု သတ်မှတ်ခဲ့ကြသော်လည်း ယခုတော့သူတို့အတွက် စကားတစ်ခွန်းလေးမျှပင် ကူညီပြောဆိုပေးခြင်းမရှိသည့် နတ်ဘုရားတွေကိုမုန်းသည်။

နောက်ဆုံးပြောရလျှင် ကောင်းကင်ဘုံတစ်ခုလုံးကိုသူမုန်းသည်။ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာထက် ချစ်ဦးသူနှင့်ခွဲခွာရတော့မည်ဆိုသည့်အဖြစ်က သာ၍ရင်နင့်ဖွယ် ကောင်းလှသည်။

ထို့နောက်တွင်မူ မလွတ်တမ်းတင်းကျပ်စွာဖက်ထားမိသော ရင်ခွင်အတွင်းမှချစ်ဦးသူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ငွေရောင်အမှုန်များအဖြစ်သို့ပြောင်းလဲကာ လေထဲတွင်ပင်ပျောက်ဆုံးသွားတော့သည်။

ရှောင်းကျန့် နောက်ဆုံးမြင်လိုက်ရသည်က ချစ်ဦးသူ၏ ပြုံးပြနေခဲ့သည့် ပုံရိပ်ငယ်။ သူမငိုမိတော့။ ငိုစရာမျက်ရည်တို့ ကုန်ဆုံးခဲ့လေပြီ။

ထို့အတူ သူသည်လည်းပဲ ငွေရောင်အမှုန်များအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင်ပင် ပျောက်ဆုံးသွားရတော့သည်။

မက်မွန်ဥယျာဉ်သည်ကား မည်သည့်အချင်းအရာမျှမဖြစ်ခဲ့လေဟန် ငြိမ်သက်လို့နေလျက်။ အကယ်၍ မြေခနေသောပွင့်ချပ်များပေါ်မှ နီစွေးသောသွေးတို့ကိုသာမမြင်မိဘူးဆိုလျှင်တော့ ယခင်အတိုင်း သိပ်ကိုလှပလွန်းသောဥယျာဉ်လေးတစ်ခု ဖြစ်နေဦးမှာပင်။

သို့သော်ငြားလည်း သွေးစတို့စွန်းနေသည့် မက်မွန်ပွင့်ချပ်တို့က အသက်စွန့်ကာချစ်ခဲ့ကြသောချစ်သူနှစ်ဦး၏ သက်သေအဖြစ် ကျန်ရှိနေခဲ့လေသည်။

::::::::::::::::::::::::::::::