အခန်း ၂၂ forget me notတွေပေးမယ်...မင်းတစ်ဘဝလုံးကိုယ့်ကိုမမေ့တော့အောင်လို့
Viewers 3k

အခန်း ၂၂။ forget me notတွေပေးမယ်... မင်းတစ်ဘ၀လုံး ကိုယ့်ကို မမေ့တော့အောင်လို့


[Love Knot]

ယွမ်ရှင်းတစ်ယောက် သိလိုက်ရသောလိပ်စာအတိုင်း ဆိုင်ကယ်ကိုအပြင်းအထန်မောင်းလာပြီးနောက် အတော်လေးကြာတော့ ထိုနေရာသို့ ရောက်လေပြီ။ ထိုနေရာကား night club တစ်ခု။

တစ်နည်းအားဖြင့် 'နှင်းဆီနက်' အဖွဲ့၏ ရုံးစိုက်ရာဌာနခွဲတစ်ခု။ ယွမ်ရှင်းက သေနတ်ကို လက်မှာအသင့်ကိုင်ထားပြီး သတိကြီးကြီးဖြင့် ၀င်လာခဲ့သည်။

နေ့အချိန်မို့ အဆောက်အဦတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်ကာ တိတ်ဆိတ်နေသည်။ သူ၀င်လာရာလမ်းတစ်လျှောက်မှာ တွေ့သမျှလူတွေကိုလည်း အလစ်ဖမ်းကာ သတိမေ့အောင်ရိုက်ထားခဲ့သည်။

ထိုစဉ်မှာပင် သူ့အဖွဲ့သားတို့လည်း လျှို့၀ှက်စွာ၀င်လာကြတော့ ယွမ်ရှင်းကလက်အမူအရာပြကာ သတိထားဖို့ပြောလိုက်သည်။

အချို့က ထောင်ချောက်ဖြစ်နေမှာ စိုးရိမ်ကြသော်လည်း ယွမ်ရှင်းကတော့ မုရှောင်ချင်းက သူ့ကိုထပ်မံ၍ လိမ်ညာမည်မဟုတ်ဆိုတာ ယုံကြည်နေသည်။

အတန်ကြာတော့မှ လျှို့၀ှက်တံခါးတစ်ခုကို ကြမ်းပြင်ပေါ်မှာတွေ့လိုက်တော့ မြေအောက်ခန်းရှိမည်ဆိုတာ သိလိုက်ကြသည်။ နံရံပေါ်မှာလည်း လျှို့၀ှက်နံပါတ်ရိုက်ရန် နေရာတစ်ခုရှိနေသည်။

ထိုစဉ်မှာ အဖွဲ့သားတစ်ယောက်က စောစောကအမည်မသိ သတင်းပေးသူ၏အချက်အလက်တွေထဲမှာ လျှို့၀ှက်နံပါတ်တွေပါကြောင်း ပြောပြတာမို့ ယွမ်ရှင်းက နှိပ်ဖို့ရာမေးဆတ်ပြလိုက်သည်။

လျှို့၀ှက်တံခါးပွင့်သွားပြီးနောက်မှာ သေနတ်ကိုမြဲမြံစွာဆုပ်ကိုင်ရင်း တစ်ဦးပြီးတစ်ဦး သတိကြီးကြီးဖြင့် မြေအောက်လှေကားမှ ဆင်းလာကြသည်။ အဲဒီ့နောက်မှာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ယွမ်ရှင်းshock ရသွားသည်။

ပိုင်စစ်ယွမ်... တစ်နည်းအားဖြင့် မုရှောင်ချင်းအဖြစ် သူသိခဲ့သောထိုလူက လက်တစ်ဖက်စီတွင် ကြိုးဖြင့်ချည်နှောင်ကာ အထက်သို့မြှောက်ဆွဲခံထားရပြီး ဒူးနှစ်ဖက်ကကြမ်းပြင်တွင်ထောက်လျှက်သား။

ခေါင်းကတော့ ညွတ်ကျနေသည်မို့ သတိရနေသည်လား၊ လစ်နေသည်လား မပြောနိုင်။ မျက်နှာကိုမမြင်ရသော်လည်း ထိုသူမှန်းတော့ အတိအကျသိနေသည်။

ထို့ကြောင့် သူ့အဖွဲ့သားများကို လက်အမူအရာပြလိုက်သည်က 'အဖမ်းခံထားရတဲ့သူက ငါတို့ကိုသတင်းပေးခဲ့တဲ့သူပဲ သူ့ကိုမထိခိုက်စေနဲ့' ဟူ၍။

လက်မရွံ့ကြေးစားလူသတ်သမားများကို အရှင်ဖမ်းဖု့ိဆိုသည်မှာ မလွယ်ကူပေ။ အခန့်မသင့်လျှင် မိမိတို့လူများပင် ဆုံးရှုံးရနိုင်သည်မို့ အထက်မှပစ်မိန့်ကို ကြိုတင်တောင်းခံထားခ့ဲသည်မှာ မှန်သွားလေပြီ။

တစ်ခဏအကြာမှာတော့ night club ၏ မြေအောက်ခန်းထဲ၌ သေနတ်သံများဆူညံစွာထွက်ပေါ်လာပြီး အလစ်အငိုက်မှာတိုက်ခိုက်ခံလိုက်ရသော နှင်းဆီနက်အဖွဲ့သားများမှာ အတုံးအရုံးကျဆုံးကုန်တော့သည်။

သတိကြီးတာကြောင့် ပုန်းကွယ်လိုက်နိုင်သူတစ်ခိျု့ရှိသော်လည်း ယွမ်ရှင်းအပါအ၀င် လက်ရွေးစင်အဖွဲ့သားများ၏ ၀ိုင်း၀န်းပိတ်ဆို့ပစ်ခတ်မှုကို ခံနိုင်ရည်မရှိကြချေ။

နောက်ဆုံးမှာတော့ အဖွဲ့ခေါင်းဆောင်၊ ဘယ်လက်ရုံးနှင့် အဖွဲ့၀င်တစ်ချို့ကို အရှင်ဖမ်းမိပြီး အခြားသူတွေကိုတော့ အသေဖမ်းမိလေသည်။ club ထဲမှာမရှိသောအဖွဲ့၀င်တွေ ကျန်ရှိနေနိုင်သေးသော်လည်း စစ်ဆေးမေးမြန်းပြီး ဖော်ထုတ်ဖို့ကြိုးစားရမှာဖြစ်သည်။

သူ့အဖွဲ့သားတွေက ဖမ်းမိသူများကို စခန်းသို့ခေါ်သွားရန် ပြင်ဆင်နေကြချိန်မှာပင် ယွမ်ရှင်းက ပိုင်စစ်ယွမ်၏လက်နှစ်ဖက်မှ ကြိုးများကို ဖြည်ပေးလိုက်သည်။

ထိုအခါနွမ်းလျနေသော ခန္ဓာကိုယ်လေးက သူ့အပေါ်သို့ ပြိုလဲကျလာလေသည်။ ယွမ်ရှင်းစိုးရိမ်တကြီးဖြင့် မျက်နှာကိုကြည့်မိတော့ ထိုးကြိတ်ခံထားရပုံပေါ်သည့် အညိုအမဲအကွက်များ။

"ခင်ဗျား ရောက်လာပြီပဲ"

ကျင်းယွမ်ရှင်း... ခင်ဗျားရောက်လာမယ်ဆိုတာ ကျွန်တော်သိတယ်။ ပိုင်စစ်ယွမ် နွမ်းလျစွာပြုံးလိုက်မိပြီးနောက် မျက်လုံးတစ်စုံက မှိတ်ကျသွားသည်။

"ရှောင်ချင်း သတိထားဦး ရှောင်ချင်း..."

ယွမ်ရှင်းစိတ်ပူစွာခေါ်မိတော့ ပိုင်စစ်ယွမ်က လေးလံနေသည့် မျက်ခွံများကို အားယူဖွင့်ကြည့်လိုက်သည်။

"ကျွန်တော်က ပိုင်စစ်ယွမ်"

"အင်းသိတယ် ကိုယ်သိတယ် စကားတွေအများကြီးမပြောနဲ့ မောနေမယ်"

အညိုအမဲကွက်များအပြင် သွေးတွေဆက်တိုက်ထွက်နေသော ပိုင်စစ်ယွမ်၏ဗိုက်မှ ဓားဒဏ်ရာကိုကြည့်ပြီး ယွမ်ရှင်း၏ရင်ထဲမချိပေ။ သွေးတိတ်စေရန် လက်ဖြင့်ဖိအုပ်ထားသော်လည်းမရ။

"အိပ်မပျော်စေနဲ့ ကိုယ်မင်းကို ဆေးရုံခေါ်သွားမယ်"

"ဟင့်အင်း ဒီအတိုင်းလေး... ခင်ဗျားလက်ပေါ်...မှာပဲ.... အနားယူ.... ပါရစေ....."

"အားတင်းထားဦး... စစ်ယွမ်...."

"ကျွန်တော့်အပြစ်တွေ... များနေပြီ... ကျွန်တော်က... သေသင့်နေ.... ပါပြီ...."

ယွမ်ရှင်းက ပွေ့ချီခေါ်မည်ကြံသော်လည်း စစ်ယွမ်ကလက်မခံပေ။ ယွမ်ရှင်းကိုယ်တိုင်လည်း စစ်ယွမ်သွေးလွန်နေပြီဆိုတာသိပေမယ့် အမှန်တရားကို လက်မခံနိုင်သေး။

"တောင်းပန်ပါတယ်... စစ်ယွမ်... ကိုယ်သာ ဒီ့ထက်စောစောရောက်ခဲ့ရင်..."

"ကျွန်တော့်လို... လူမိုက်... အတွက်... မငို... ပါနဲ့..."

စစ်ယွမ်က နာကျင်မှုကိုအံတုရင်း သူ့အတွက်နှင့်စီးကျလာသောယွမ်ရှင်း၏ မျက်ရည်များကိုသုတ်ပေးရန် လက်ကိုမြှောက်လိုက်သည်။

သို့သော်လည်း ယွမ်ရှင်း၏ပါးပြင်ဆီသို့ ရောက်လုလုမှာပင် ထိုလက်ဟာ ကြမ်းပြင်ပေါ်သို့ နွမ်းလျစွာ ပြန်လည်သက်ဆင်းသွားလေတော့သည်။တစ်ချိန်တည်းမှာပင် ယွမ်ရှင်းထံမှ ကြိတ်၍ငိုရှိုက်သံက ထွက်ပေါ်လာရပြီးနောက် သေဆုံးသွားပြီဖြစ်သော စစ်ယွမ်ကိုထွေးဖက်ထားမိတော့သည်။


မကောင်းမှုပြုလုပ်သူတို့၏ သွားရာလမ်းအတိုင်းဆိုသော်လည်း ရင်ထဲမှာမချိပါ။ မေမေနှင့်အငယ်လေးနှစ်ယောက်ကို သူဘယ်လိုရှင်းပြရပါ့မလဲ။

"နောင်ဘ၀ဆက်တိုင်းမှာ မိဘတွေ၊ ချစ်ခင်ရသူတွေနဲ့ ကွေကွင်းခြင်းဆင်းရဲကနေ လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်... ကိုယ်ဆုတောင်းပေးပါတယ် စစ်ယွမ်ရယ်..."

ယွမ်ရှင်း၏အဖွဲ့သားများလည်း သူတို့ခေါင်းဆောင်ကိုကြည့်ပြီးစိတ်ထဲမကောင်းကြ။ ယွမ်ရှင်း၏အစ်ကိုလိုခင်မင်ရသောအဖွဲ့၀င်တစ်ယောက်ကတော့ ပုခုံးကိုဖွဖွပုတ်ကာ အားပေးလိုက်သည်။

"ခေါင်းဆောင် ကျွန်တော်တို့ သွားကြရအောင်"

"အင်း..."

ယွမ်ရှင်းဖြေလိုက်ပြီးနောက် စစ်ယွမ်၏ငြိမ်သက်နေပြီဖြစ်သော ခန္ဓာကိုယ်ကိုပွေ့ချီလိုက်သည်။ ထို့နောက်မှာတော့ အနီးကပ်တိုက်ပွဲကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခ့ဲသော မြေအောက်ခန်းကိုကျောခိုင်းကာ သူတို့အားလုံး ထွက်လာခဲ့ကြလေတော့သည်။

"ok..... cut...."

ဒါရိုက်တာထံမှ အသံကြားတော့ ရိပေါ်၏လက်မောင်းများကြားမှ ရှောင်းကျန့်၏မျက်၀န်းတစ်စုံက ဖျတ်ခနဲပွင့်လာသည်။ သို့သော်လည်းရိပေါ်က အောက်မချပေး။

cut ဟုအော်လိုက်သည့်တိုင် ဆက်လက်၍ပွေ့ချီထားဆဲ ရိပေါ်ကြောင့် ရှောင်းကျန့် မျက်လုံးပြူးကာ 'ဘယ်လိုဖြစ်နေတာလဲ သူများတွေရှိနေတာကို'ဟုကြိတ်ဆူလိုက်တော့မှ မလွှတ်ချင်လွှတ်ချင်ဖြင့် မြေပေါ်ချပေးလိုက်သည်။

"ရှောင်းကျန့်ရေ make up တွေဖျက်ရအောင်"

make up artist ကအနားကိုလျှောက်လာရင်းပြောလိုက်တော့ ရှောင်းကျန့်လည်း မျက်နှာပေါ်မှအညိုအမဲတွေကို မဖျက်ရသေးကြောင်း သတိရလိုက်သည်။

ရိပေါ်ကတော့ အနားမှတစ်ဖဝါးပင်မခွာဘဲ ရှောင်းကျန့်၏မျက်နှာ သန့်ရှင်းပေးနေသည်ကို ထိုင်ကြည့်နေလေသည်။

ရှောင်းကျန့်လည်း အနားမှတစ်ဖဝါးမျှမခွာဘဲ ကော်လိုကပ်နေသူရိပေါ်ကြောင့် ရင်တွေတလှပ်လှပ်ဖြစ်နေသည်မို့ မျက်လုံးအစုံကိုသာ မှိတ်ထားလိုက်တော့သည်။

တစ်ခဏကြာတော့ ပန်းရနံ့ရလိုက်သည်မို့ မျက်လုံးဖွင့်လိုက်သည်။ ထိုအခါမြင်လိုက်ရသည်က Carnation နှင့် forget me not ကိုတွဲကာ အလှဆင်ထားသော ပန်းစည်းတစ်စည်း။

ရှောင်းကျန့်အံ့သြ၀မ်းသာသွားကာ ပန်းစည်းကိုကမ်းပေးနေသော ရိပေါ်ကြည့်လိုက်သည်။ make up artist ကလည်း သူ့အလုပ်ပြီးသည်နှင့် အလိုက်တသိပင် ခပ်မြန်မြန်ထွက်သွားပေးလေသည်။

ပန်းစည်းလာပို့သွားသူရှောင်ဟိုင်ကလည်း ပေးပြီးသည်နှင့် အသာလေးရှောင်ထွက်လာခဲ့သည်။ ရှောင်းကျန့်က သူ့လက်ထဲရောက်လာသောပန်းစည်းကို သဘောကျဟန်ဖြင့်ကြည့်သည်။

"လှလိုက်တာ"

"မင်းကိုမမှီဘူး"

"ပေါက်ကရတွေကစပြီ ဒါလေးတွေက forget me not မဟုတ်လား"

"အင်း... မင်းတစ်ဘ၀လုံး ကိုယ့်ကိုမမေ့တော့အောင်လို့"

"ကျွန်တော်မှတ်မိတယ် အရင်တစ်ခါပွဲတုန်းကလည်း အခုလိုပဲနှစ်မိျုးစပ်လေး ပေးဖူးတယ်လေ"

"ကိုယ့်အကြံအောင်သားပဲ"

"လူလည်ကြီး"

ရှောင်းကျန့်က မကျေမနပ်ဟန်ဖြင့် နောက်ပြောင်ရင်း ပန်းပွင့်တို့ကိုမွှေးကြူသည်။ ရိပေါ်ကတော့ ပျော်ရွှင်နေပုံရသော ရှောင်းကျန့်ကိုကြည့်ကာ ပြုံးလိုက်သည်။

ထို့နောက် dinner party ကိုဘယ်ဆိုင်မှာလုပ်မည်ဆိုတာ ဒါရိုက်တာနှင့် တိုင်ပင်အတည်ပြုပြီးနောက် သူတို့သုံးဦးပြန်လာခဲ့ကြသည်။

ရှောင်းကျန့်က ရပ်ထားသောသူ့ကားဆီလျှောက်သွားတော့ ရိပေါ်က ရှောင်းကျန့်၏ ကားသော့ကိုတောင်းယူကာ ရှောင်ဟိုင့်ဆီပစ်ပေးလိုက်သည်။ လူကိုတော့ သူ့ကားရှိရာဆီ လက်ဆွဲပြီး ခေါ်သွားလိုက်သည်။

"အစ်ကိုကြီးနဲ့ကျန့်ကျန့် ပျော်ရွှင်ဖို့ ဒီFAလေးကပဲ ရှောင်ပေးရမှာပေါ့လေ"

ရှောင်ဟိုင်က သည်းသည်းလှုပ်ချစ်ပြနေသော သူ့အစ်ကိုကြီးကိုကြည့်ကာ ရယ်မောလိုက်ပြီးနောက် ရှောင်းကျန့်၏ကားဆီသို့ လျှောက်သွားလိုက်သည်။

::::::::::::::::::::::::::::::

"ရှောင်းကျန့် တော်တော့..."

"အာ...ဟီး... ကျွန်တော် မမူးသေးပါဘူး"

ရှောင်းကျန့်က ရိပေါ်ကိုဟီးခနဲရယ်ပြရင်း လက်ထဲမှခွက်ကို ကိုင်ကာမော့သည်။ ယခုသူတို့ရောက်နေသည်က ဒင်နာပါတီ။ တစ်နည်းအားဖြင့် ရိုက်ကူးရေးပြီးဆုံးသည့် အထိမ်းအမှတ်ညစာစားပွဲ။

ပါတီဆိုသော်လည်း ပွဲတစ်ခုလိုကျင်းပနေသည်မဟုတ်ဘဲ မိသားစုလိုပင် ပျော်ပျော်ရွှင်ရွှင် သောက်စားနေကြတာမို့ စားသောက်ဆိုင်အတွင်း သူတို့အဖွဲ့သားများ၏ ခွက်ချင်းတိုက်သံ၊ ရယ်မောသံတို့က ဆူညံနေသည်။

ရိပေါ်က ရှောင်းကျန့်မသောက်နိုင်တာကိုသိတာကြောင့်တားသော်လည်း မရသည့်နောက် လွှတ်ပေးထားလိုက်ရသည်။

အတန်ကြာတော့ နည်းနည်းလေးသောက်ရုံနှင့်မူးတတ်သော ရှောင်းကျန့်၏ထုံးစံအတိုင်း ခုံပေါ်မှောက်လုလု ဖြစ်လာလေပြီ။

ထို့ကြောင့် ရှောင်ဟိုင်နှင့်ရိပေါ်တို့လည်း ဒါရိုက်တာနှင့် အခြားမိတ်ဆွေအားလုံးကို သေသေချာချာ နှုတ်ဆက်ကာ ရှောင်းကျန့်ကိုတွဲပြီး ပြန်လာခဲ့တော့သည်။

ရိပေါ်လည်း သောက်ထားသေးတာကြောင့် တစ်ချိန်လုံး အစားသာထိုင်စားနေသော ရှောင်ဟိုင့်ကိုသာ ကားမောင်းခိုင်းရပြီး သူတို့နှစ်ယောက်ကတော့ အနောက်ခန်းထဲ ၀င်ထိုင်လိုက်ကြသည်။

ရိပေါ်က အမူးသမားလေးကို သူ့ပခုံးပေါ်မှီထားစေပြီး အနောက်မှသိုင်းကာ ဖက်ထားလိုက်သည်။ ကားမောင်းသမားလေးရှောင်ဟိုင်ကတော့ အစ်ကိုနှစ်ယောက်ကို နောက်ကြည့်မှန်မှတစ်ဆင့်ပြန်ချောင်းကြည့်ကာ ပြုံးနေလေတော့သည်။သို့သော်လည်း သူ့အပြုံးကကြာကြာမခံလိုက်ပါချေ။ မောင်းလာပြီးသိပ်မကြာခင်မှာပင် အမူးသမားလေး အန်ချင်လာတာကြောင့်ရိပေါ်က ကားကိုရပ်ခိုင်းပြီး အပြင်သို့တွဲကာဆင်းခိုင်းရတော့သည်။

အချိန်မှီရုံလေးပင်။ ရိပေါ်တစ်ယောက်မှာ ဟိုအရင်က ဘယ်လောက်ပဲသောက်ပါစေ မမူးတတ်ခဲ့သူရှောင်းကျန့်က အခုလိုပုံစံဖြစ်နေတာကြောင့် ရယ်ပဲရယ်ရတော့မလို။ ငိုပဲငိုရတော့မလိုလို။

တေဝါ့ေဝါ့ထိုးအန်နေသောရှောင်းကျန့်၏ ကျောကုန်းကိုသာ အသာအယာဖိနှိပ်ပေးရင်း သက်သာစေရန် ကူညီပေးလိုက်သည်။

"သက်သာရဲ့လား မူးနေသေးလား"

"အင်း ရတယ်"

"လာ.. ကားထဲပြန်၀င်ရအောင် အိမ်လိုက်ပို့မယ်"

"ဟင့်အင်း"

ရိပေါ်ကပုခုံးမှကိုင်ကာ တွဲမည်ပြုတော့ရှောင်းကျန့်က ခေါင်းယမ်းသည်။ ညမီးရောင်အောက်တွင် သောက်ထားသည့်အရှိန်ကြောင့် ဖြူဖြူဖွေးဖွေး ပါးမို့လေးနှစ်ဖက်က အတန်ငယ်နီလို့နေလျက်။

"သခင်လေး၀မ်"

"ဟင်..."

"ကားမစီးချင်ဘူး"

"ဘာစီးချင်လို့လဲ"

"မင်းကို"

ရှောင်းကျန့်၏ စကားကြောင့် ရိပေါ်တစ်ယောက် ကြောင်အမ်းသွားရပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မိတော့သည်။

ကုန်းပိုးခိုင်းသည်ကို ဆိုလိုမှန်းသိပါသော်လည်း ရုတ်တရက်တွေးမိသည်က အခြားအရာတစ်ခု ဖြစ်သွားတာကြောင့် ရယ်မိခြင်းသာ။

ရယ်မောနေရင်းမှ ငုတ်တုပ်ထိုင်ပေးလိုက်တော့ ရှောင်းကျန့်ကသူ့လည်ပင်းကို လက်နှစ်ဘက်ဖြင့်ယှက်သိုင်းကာ ကျောပေါ်တက်လိုက်သည်။ ရိပေါ်လည်း ခြေထောက်နှစ်ဖက်ကိုကိုင်ပြီး အသာထိန်းပေးကာ ထရပ်လိုက်သည်။

"ရှောင်းကျန့်"

"ဟင်"

"ပေါ့ရွှတ်နေတာပဲ မင်းအစားများများ စားသင့်တယ်"

"ဟင့်အင်း weight ထိန်းရမယ်"

"ဘာလို့လဲ"

"မင်းကုန်းပိုးတိုင်း လေးနေမှာစိုးလို့"

"အပြောကောင်း"

ရိပေါ်ပြုံးလိုက်တော့ ရှောင်းကျန့်ကလည်း ရယ်မောကာ ပါးပြင်တစ်ဖက်ကို ဖွဖွလေးခိုးနမ်းသည်။ ရိပေါ်သိလိုက်ပါသော်လည်း မသိဟန်ဆောင်နေလိုက်သည်။

ရှောင်ဟိုင်ကတော့ အစ်ကိုနှစ်ယောက်ကို လှမ်းခိုးကြည့်ရင်း ကားဘီးလိမ့်ရုံလေးမောင်းကာ ဘေးမှလိုက်လာသည်။

"သခင်လေး၀မ် ကျွန်တော်တို့ အရင်ကအကြောင်းပြောပြ"

"ကို်ယ့်ချစ်သူကို အဲဒီ့လိုပဲ ခေါ်နေတော့မှာလား"

"ဘယ်လိုခေါ်ရမှာလဲ"

"ယောကျ်ားလို့ခေါ်"

"မခေါ်ဘူး"

"အဲဒါဆို မပြောပြဘူး"

"မင်းညစ်ပတ်တာ"

ရှောင်းကျန့်က သိုင်းဖက်ထားသည့် သူ့လည်ပင်းကို ခပ်ဖွဖွညှစ်တော့ ရိေuပါ်ကရယ်သည်။

"မင်းသိလား ရိပေါ်"

"မသိဘူး"

"တော်ပြီမပြောတော့ဘူး"

ရင်ထဲမှစကားအချို့ကို ဖွင့်ဟ၀န်ခံရန် အစပျိုးချိန်မှာပင် အရှိန်သေသွားရတော့ ရှောင်းကျန့်တစ်ယောက် မသိမသာလေး နှုတ်ခမ်းစူသွားရတော့သည်။

"မင်းကလေ နည်းနည်းလေးမှ ချစ်ဖို့မကောင်းဘူး ဒါပေမယ့်လည်း ငါချစ်နေတုန်းပဲ"

ရှောင်းကျန့်က သိုင်းယှက်ထားသောလက်ကိုအားပြုရင်း ပိုတိုးကာဖက်တော့ ရိပေါ်လည်း ခေါင်းလေးစောင်းကာ မထိတထိလှမ်းနမ်းသည်။

နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော နှလုံးသားတစ်စုံဟာ စစ်မှန်သော ရင်ခုန်သံတို့ကြောင့် ပြန်လည်နီးစပ်ခဲ့လေပြီ။

သို့သော်လည်း ကံကြမ္မာကမူ ပျော်ရွှင်စေရန် မျက်နှာသာပေးပါမည်လား မသိနိုင်ပေ။

::::::::::::::::::::::::::::

ထျန်းယွီတစ်ယောက် ဆေးရုံကပြန်ရောက်ပြီးနောက် ခဏနားပြီး ညနေစာချက်သည်။ ညီဖြစ်သူက အမြဲတမ်းသူ့လက်ရာကို နှစ်သက်စွာစားတတ်သူမို့ အလုပ်မှာဘယ်လောက်ပဲ ပင်ပန်းလာပါစေ ညနေစာချက်ပေးဖြစ်သည်။

သို့သော်လည်း သည်နေ့ကတော့ သူ့တစ်ယောက်စာတည်းသာ။ ရှောင်းကျန့်က သည်ညတော့အိမ်မှာ မစားဘူးဆိုတာ သူသိနေတာကြောင့်ပင်။

ညနေစာစားပြီးနောက်မှာ ညီဖြစ်သူပြန်အလာကိုစောင့်ရင်း ဧည့်ခန်းမှာထိုင်ကာ စာဖတ်နေလိုက်သည်။ ညကိုးနာရီကျော်သည့်တိုင် ပြန်မရောက််လာသေး။

မျှော်နေမိသည်ဆိုသော်လည်း စိတ်တော့သိပ်မပူ။ ကားမယူသွားတာမို့ ရိပေါ် ပြန်လိုက်ပို့ပေးလိမ့်မည်ဆိုတာ သူသိနေပါသည်။

အတော်ကြာတော့ ဘဲလ်တီးသံကြားတာမို့ တံခါးသွားဖွင့်ပေးလိုက်တော့ ထင်သည့်အတိုင်း ရိပေါ်က ရှောင်းကျန့်ကို ပြန်လာပို့ပေးတာဖြစ်သည်။

သို့သော်လည်း ထူးဆန်းနေသည်က သူတို့၏အနေအထား။ ရိပေါ်က သူ့ညီကို ကုန်းပိုးထားသည်တဲ့လေ။ ထျန်းယွီတစ်ယောက် ကြောင်အမ်းနေပြီးမှ သတိပြန်၀င်လာကာ တံခါးအ၀မှ ဖယ်ပေးလိုက်သည်။

ထိုအခါမှ ရိပေါ်က သူ့ကျောကိုမှီထားကာ အိပ်ပျော်နေပြီဖြစ်သော ရှောင်းကျန့်ကို အိပ်ခန်းထဲသို့ တစ်ခါတည်းသယ်သွားပေးလိုက်သည်။

ထို့နောက်ထျန်းယွီနှင့် စကားစမြည်ပြောရင်း ရိပေါ်ကသူတို့နှစ်ဦး၏ လက်ရှိပါတ်သက်မှုကို ၀န်ခံလိုက်သည်။ ထျန်းယွီက တားဆီးကန့်ကွက်တာမျိုးတော့ မလုပ်ပေ။

ထိုအစား ညီဖြစ်သူကိုစိတ်ချမ်းသာအောင်ထားဖို့သာ ကတိစကားတောင်းသည်။ ရိပေါ်လည်း ကတိပေးပြီးနောက် ရှောင်ဟိုင်နှင့်အတူပြန်လာခဲ့ကြလေသည်။

အစ်ကိုဖြစ်သူရှိတာကြောင့် အိပ်ပျော်နေပြီဖြစ်သောရှောင်းကျန့်ကို စိတ်ချလက်ချထားခဲ့ခြင်းက သူ့အသက်တမျှချစ်ရသူကို နောက်တစ်ကြိမ်ဆုံးရှုံးလုနီးပါး အခြေအနေတစ်ခုဆီ ရောက်သွားစေခဲ့မှန်း ထိုစဉ်ကရိပေါ်မသိခဲ့ပါ။

ရိပေါ်ပြန်သွားပြီးနောက် မကြာခင်မှာပင် အရေးပေါ်လူနာရောက်လာကြောင်း အကြောင်းကြားတာကြောင့် ထျန်းယွီက အိပ်ပျော်နေသောညီငယ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဆေးရုံကို အမြန်သွားရလေတော့သည်။

::::::::::::::::::::::::::::ရှောင်းကျန့်တစ်ယောက် အိပ်ပျော်နေရာမှ ပူလောင်မှုကြောင့်နိုးလာတော့ တောက်လောင်နေသော မီးညွန့်တို့ကြောင့် လန့်ဖြန့်သွားရသည်။

"မီး... မီးတွေ... အစ်ကိုရေ... အစ်ကိုထျန်းယွီ..."

ရှောင်းကျန့်ဟာ အလန့်တကြားဖြင့် အစ်ကိုဖြစ်သူကို အော်ခေါ်သော်လည်း စကားသံကပြန်မလာ။ အခန်းထဲမှ ပြေးထွက်မည်ကြံသော်လည်း တံခါး၀မှ မီးညွန့်မီးတောက်တို့ကို သူမကျော်ဖြတ်နိုင်ပါ။

စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရန် ကြိုးစားသော်လည်း မရနိုင်ပေ။ အသက်ရှူကျပ်လာတာကြောင့် မှန်ပြတင်းကို ဖွင့်သော်လည်း လက်ကချော်ထွက်နေကာ မပွင့်လာတာမို့ အလှပန်းအိုးနှင့် ရိုက်ခွဲလိုက်သည်။

ခဏတဖြုတ်အနေဖြင့် အသက်ရှူရအဆင်ပြေသွားသော်လည်း လေထဲရှိအောက်ဆီဂျင်တို့က မီးလောင်မှုကို အားပေးနေပြန်သည်မို့ မီးတောက်တို့က ပိုမို၍အားကောင်းလာသည်။

ရှောင်းကျန့်၏တစ်ကိုယ်လုံး ပူလောင်နေသကဲ့သို့ ရင်ထဲမှာလည်း ပူလောင်လာရသည်။ သူသေရတော့မည်လား။

ချစ်ရသောမိသားစု။ မြတ်နိုးရသောချစ်သူ။ ပြီးတော့သူ့ကိုချစ်သော ပရိတ်သတ်တွေ အားလုံးကိုထားခဲ့ပြီး သူသေဆုံးရတော့မည်လား။

အတွေးတို့နှင့်အတူ မွှန်ထူနေသောမီးခိုးလုံးတို့က ရင်အစုံကို မွန်းကြပ်လာစေသည်။ သူ့တစ်ကိုယ်လုံးလည်း အပူရှိန်ကြောင့်ချက်ချင်းလောင်ကျွမ်းတော့မလို။

ဘာလုပ်ရမည်မသိဘဲ ကြောက်လန့်တကြား ဖြစ်နေပြီးမှသတိရကာ ရိပေါ်ဆီသို့အားကိုးတကြီးဖြင့် ဖုန်းခေါ်လိုက်တော့သည်။

"ရိပေါ် ကျွန်တော်ကြောက်တယ် ကျွန်တော် အား"

"ရှောင်းကျန့် ဘာဖြစ်တာလဲ ရှောင်းကျန့်"

"နာတယ်... အရမ်း... အဟွတ်... ကျွန်တော့်ကို....အဟွတ်... ကယ်... ပါ..."

ဖုန်းထဲမှာကြားလိုက်ရသော အော်သံနှင့်ပစ္စည်းတွေလဲပြိုကျသံများကြောင့် ရိပေါ်စိတ်ပူသွားကာ ရှောင်ဟိုင့်ကို ချက်ချင်းနောက်ကြောင်း ပြန်လှည့်စေလိုက်သည်။

ရှောင်းကျန့်တို့ တိုက်ရှေ့သို့ ရိပေါ်ရောက်လာတော့ မြင်လိုက်ရသောမြင်ကွင်းကြောင့် ရင်ထဲဒိန်းခနဲဖြစ်သွားရသည်။ သူမြင်လိုက်ရသည်က အလျှံငြီးငြီးတောက်လောင်နေသော မီးညွန့်မီးတောက်များ။

အထဲသို့ ပြေး၀င်မည်လုပ်တော့ ၀ိုင်းကြည့်နေကြသူတွေက ရိပေါ်ကိုတားကြသည်။ သက်ဆိုင်ရာကိုအကြောင်းကြားထားပြီးပြီဆိုသော်လည်း မရောက်လာသေးတာကြောင့် အနီးပါတ်၀န်းကျင်မှ လူတွေကလည်း စိုးရိမ်နေကြလေသည်။

သို့သော်လည်း ရိပေါ်၏ပူထူနေသောစိုးရိမ်စိတ်တွေက မီးသတ်ကားလာသည်အထိ စောင့်မနေနိုင်အောင်တွန်းပို့နေတာကြောင့် လူအများ၀ိုင်းဆွဲထားသည့်ကြားက အတင်းရုန်းကာပြေး၀င်လာလိုက်သည်။

သာမန်မီးညွန့်မီးတောက်များက လူသားစင်စစ်မဟုတ်သောသူ့ကို မလောင်ကျွမ်းစေနိုင်ပါချေ။

ရှောင်းကျန့်၏အမည်ကိုအော်ခေါ်ရင်း အိပ်ခန်းထဲ၀င်လာတော့ ကုတင်ဘေးမှာ ခွေခွေလေး လဲကျနေသောချစ်ရသူ။ အ၀တ်ဗီရိုသည်ကား ခြေထောက်ပေါ်တွင် ပိကျလို့နေလျက်။

ရိပေါ်စိုးရိမ်တကြီးဖြင့် အနားကိုပြေးသွားပြီး ဗီရိုကိုဖယ်လိုက်သည်။ ရှောင်းကျန့်ကိုနှိုးသော်လည်း မနိုးလာသည်မို့ ကမန်းကတမ်း ပွေ့ချီကာအပြင်သို့ ပြေးထွက်လာလိုက်သည်။

မီးနှင့်လွတ်ရာကိုရောက်မှ မြေပြင်ပေါ်ချကာ လှုပ်နှိုးလိုက်သည်။ သို့သော်လည်း မနိုးလာ။ ၀ိုင်းအုံကြည့်နေကြသူတွေက ဆေးရုံကားခေါ်ရန် သတိပေးသော်လည်း ရိပေါ်မစောင့်နိုင်ပေ။

ထို့ကြောင့် ရှောင်းကျန့်ကိုပွေ့ချီပြီး ကားပေါ်တင်လိုက်ကာ ရှောင်ဟိုင့်ကို ဆေးရုံဆီမောင်းခိုင်းလိုက်တော့သည်။ သူတို့ထွက်သွားပြီး မကြာခင်မှာပင် မီးသတ်ကားများရောက်လာပြီး တောက်လောင်နေဆဲမီးညွန့်များကို ငြိမ်းသတ်ကြလေတော့သည်။

အချိန်အနည်းငယ်ကြာသော်...

Operation room ရှေ့တွင် ဆောက်တည်ရာမရ ဖြစ်နေသည်က လူသုံးဦး။ ကိုယ်စီကိုယ်ငှ စိတ်ပူပန်နေဟန်ရပြီး ကုသမှုခံယူနေသူ အဆင်ပြေစေရန်အလို့ငှာ ဆုတောင်းနေမိကြသည်။

"ရှောင်းကျန့် အဆင်ပြေမှာပါနော် ဟုတ်တယ်မလား သူအဆင်ပြေသွားမှာပါ"

ရိပေါ်တစ်ယောက် မျက်ရည်အ၀ဲသားနှင့် ရေရွတ်လေတော့ ထျန်းယွီက ခေါင်းညိတ်ပြလိုက်သည်။ သူလည်းပဲ စိတ်ပူနေမိသည်။

ဖုန်းဆက်ခေါ်တာကြောင့် ဆေးရုံကို သူရောက်လာချိန်မှာ အရေးပေါ်လူနာ မရှိနေခဲ့ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက် စနောက်သည်ဟုပင်မှတ်ယူကာ အိမ်ပြန်ရန်ဟန်ပြင်စဉ်မှာပင် ဆေးရုံထဲသို့ အကြမ်းပတမ်းမောင်း၀င်လာသည့် ကားတစ်စီးကို သူအာရုံပြုမိလိုက်သည်။

ထို့နောက်တွင်မှ သိလိုက်ရသည်က ရောက်ရှိလာသည့် လူနာက သူ့ညီငယ်ဖြစ်နေခဲ့ခြင်းပင်။ သူကိုယ်တိုင် operation လုပ်ဖို့ရာ ခွင့်တောင်းသော်လည်း မိသားစု၀င်ဖြစ်နေသည်မို့ ခွင့်ပြုချက်မရခဲ့ပါ။

အဆိုးထဲက အကောင်းဟုပင် မှတ်ယူရမည်။ operation လုပ်ရန်အတွက် အခြားခွဲစိတ်ဆရာ၀န်က အသင့်ရှိနေခဲ့လေသည်။

"သူ... အဆင်ပြေသွားမှာပါ..."

အခန်းရှေ့တွင် စိုးရိမ်စိတ်တို့ဖြင့် ပူလောင််နေသူများ ရှိနေသကဲ့သို့ အခန်းထဲမှာတော့ ဆရာ၀န်နှင့်သူနာပြုများက တစ်စုံတစ်ယောက်၏ အသက်ကို သေမင်းလက်မှ လုယူရန် ကြိုးစားနေကြရလေသည်။

သူတို့ အောင်မြင်မည်လား။ သို့မဟုတ်... ကျရှုံးမည်လားဆိုတာကတော့ မည်သူမျှ အတိအကျမသိနိုင်ပေ။

::::::::::::::::::::::::::::