အခန်း ၂၁။ အရမ်းချစ်တယ် idol လေး
နေ့ရက်တွေတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ Love Knot ရိုက်ကူးရေးသည်လည်း နောက်ဆုံးရက်သို့ ရောက်လာခဲ့လေပြီ။
ရိုက်ကူးရေးအတွက် ပြင်ဆင်ရင်းမှ သူ့ညီနှင့်ညီမအဖြစ် သရုပ်ဆောင်သူနှစ်ဦးနှင့် ရယ်ကာမောကာ စကားပြောနေသောရှောင်းကျန့်ကို ရိပေါ်ငေးကြည့်နေမိသည်။
နှစ်တွေဘယ်လိုပဲ ကုန်ဆုံးသွားပါစေ။ ဆောင်းရာသီတွေ ဘယ်လောက်ပဲအလီလီ ပြောင်းလဲသွားပါစေ။ နွေးထွေးနေဆဲ ရင်ခုန်သံတို့က ထောင်ဟွားအပေါ် မြတ်နိုးနေဆဲဖြစ်ကြောင်း သက်သေပြနေဆဲ။
သည်ဘ၀မှာတော့ မည်သည့်နည်းနှင့်မျှ လက်လွှတ်မခံနိုင်တော့။ ထောင်ဟွားက သူ၀န်ခံခဲ့သည့်အပေါ် အဖြေပြန်မပေးသေးသော်လည်း ငြင်းဆန်တာမျိုးမရှိသည်မို့ မျှော်လင့်ချက်တော့ ထားလို့ရသေးသည်မဟုတ်ပါလား။
ရုတ်တရက်ပင် ရိပေါ်ရဲ့အတွေးထဲတွင် တစ်ချိန်ကပုံရိပ်တို့ ထင်ဟပ်လာသည်။ နှစ်ဦးအတူတူ ပျော်ရွှင်ခဲ့ကြသည်ဆိုသော်လည်း အဆုံးသတ်မှာ နာကျင်ခဲ့ကြရသည်။ ချစ်မြတ်နိုးရသည့် သူ့ရဲ့ပန်းပွင့်ငယ်ကို သူ့လက်ဖြင့် ကိုယ်တိုင် –
သူ့အတွေးတို့ကို ရှေ့မဆက်နိုင်တော့ပါ။ ရင်တစ်ခုလုံး တစ်စစီဆုတ်ဖြဲခံရသလို နာကျင်စူးအောင့်လာတာကြောင့် အလိုအလျောက်ပင် သူ့လက်က၀ဲဘက်ရင်အုံကို ဆုပ်ကိုင်မိလျက်သား။
ဆက်မတွေးတော့သည့်တိုင် အလိုလိုပေါ်လာသည့်၊ သွေးတို့ဖြင့်စိုရွှဲနေသော်လည်း ပြုံးပြနေသည့် ချစ်ရသူ၏ပုံရိပ်ကြောင့် မျက်ရည်စတို့က မျက်၀န်းအိမ်မှ လျှံကျလာသည်။
"ရိပေါ်... နေမကောင်းဘူးထင်တယ်..."
"၀မ်ရိပေါ်.... ဘာဖြစ်တာလဲမသိဘူး..."
သူ့ဘေးနားမှ staff များမေးနေသည်ကို ကြားသော်လည်း ပြန်မဖြေနိုင်ဘဲ နာကျင်နေသောရင်ဘတ်ကိုသာ ဆွဲဆုပ်ထားရင်း မျက်ရည်တွေကျနေမိသည်။
"သခင်လေး၀မ် ဘာဖြစ်လို့လဲ... သခင်လေး၀မ်..."
အပြေးအလွှားဖြစ်နေသော ခြေသံနှင့်အတူ စိုးရိမ်တကြီးခေါ်လိုက်သံကြောင့် နာကျင်နေရာမှ ခေါင်းထောင်ကြည့်မိတော့ အလွန်အမင်းစိုးရိမ်နေပုံရသော ချစ်ရသောသူ။
မျက်ရည်တွေကြားမှ ပြူးပြဲကာကြည့်မိတော့ မက်မွန်ပွင့်တွေကြားမှ အဖြူရောင်၀တ်ရုံရှည်နှင့် ချစ်ရသူက ပြုံးပြနေသည်။ ရိပေါ် လက်တစ်ဖက်ကိုဆန့်ကာ ထိတွေ့မည်လုပ်တော့ နောက်ကိုတဖြည်းဖြည်း ဆုတ်သွားရင်းမှ ပျောက်သွားတော့သည်။
ဟင့်အင်း မသွားပါနဲ့။ မသွားပါနဲ့ထောင်ဟွားရယ်...
အော်ဟစ်ကာတားဆီးချင်ပါသော်လည်း အသံက ထွက်မလာနိုင်ပေ။ တစ်ချိန်တည်းမှာပင် သူ့လက်ကို ဆုပ်ကိုင်လိုက်သည့် နွေးထွေးသောလက်တစ်စုံကို ခံစားလိုက်မိသည်။
ထောင်ဟွား... ဟုတ်သည်။ ထောင်ဟွားက သူ့အနားမှာ ရှိနေပါသည်လေ။
"သခင်လေး၀မ်... အဆင်ပြေရဲ့လား... ဆေးရုံသွားရအောင်"
ဆေးရုံသွားရုံနှင့် ပျောက််နိုင်သည့်ရောဂါမဟုတ်သည်မို့ ရိပေါ်က ခေါင်းကိုတွင်တွင်ခါယမ်းပြသည်။ အဲဒီ့နောက် အနားမှာရှိနေသော ရှောင်းကျန့်၏လက်ကိုသာ တင်းတင်းဆုပ်ကိုင်လျက် ခေါင်းကိုလည်း ပုခုံးပေါ်မှေးတင်ထားလိုက်သည်။
ရှောင်းကျန့်လည်း ရုတ်တရက်ဖြစ်သွားသည့် အခြေအနေကြောင့် ဘေးပတ်၀န်းကျင်ကို ဂရုမစိုက်နိုင်တော့ဘဲ ကျောပြင်ကိုသာ ဖွဖွလေးပွတ်ပေးနေလိုက်သည်။
"စိတ်ကိုလျှော့.... စိတ်ကိုလျှော့ချလိုက် အဆင်ပြေသွားမှာ...."
ရိပေါ်လည်း ရှောင်းကျန့်ပြောသည့်အတိုင်း စိတ်ကိုတင်းမထားဘဲ အတတ်နိုင်ဆုံးလျှော့ချလိုက်သည်။ ထိုအခါမှ နာကျင်မှုတွေက တဖြည်းဖြည်း လျော့ပါးသွားတော့သည်။
ဘေးမှာရှိနေသူတွေကလည်း ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိပေ။ ရှိုက်ငိုနေရင်းသတိလစ်မလိုဖြစ်လျှင် ယပ်ခတ်ပေးရသည်ဟုကြားဖူးသော်လည်း ရာသီဥတုကအေးနေတာကြောင့် မဖြစ်သေး။
ိထိုစဉ်မှာပင် ဒါရိုက်တာဖူကျင်းယန်က အနားကိုလျှောက်လာတော့ ဘေးမှာ၀ိုင်းအုံနေသူများက လမ်းဖယ်ပေးကြသည်။ ရိပေါ်လည်း အတော်လေးသက်သာနေပြီမို့ ရှောင်းကျန့်ကို လွှတ်ပေးလိုက်သည်။
"ရိပေါ် နေမကောင်းဘူးလား"
"ကျွန်တော် အဆင်ပြေပါတယ်"
"ဖြစ်ပါ့မလား မင်းကြည့်ရတာ နေမကောင်းသလိုပဲ ရိုက်ကူးရေးစဖို့ကလည်း စက်တွေမစုံသေးဘူးဆိုတော့ ခဏလောက် နားချင်နားလိုက်ဦး"
ဒါရိုက်တာ၏စကားဆုံးတော့ ရှောင်းကျန့်က အခြားသူများ၏အကူအညီနှင့် ရိပေါ်ကိုတွဲကာ အနီးရှိအခန်းတစ်ခန်းထဲ ၀င်ခဲ့လိုက်သည်။ ယနေ့အတွက် သူတို့ရဲ့ရိုက်ကွင်းက ကျင်းယွမ်ရှင်းတို့၏ အိမ်မှာဖြစ်သည်။
ကျင်းယွမ်ရှင်း၏မိခင်အဖြစ် သရုပ်ဆောင်သော မင်းသမီးကြီး မရောက်သေးတာကြောင့်တစ်ကြောင်း၊ စက်ပစ္စည်းတွေ လိုသေးတာကြောင့်တစ်ကြောင်း ရိပေါ်အတွက် နားချိန်ရလိုက်ပါသည်။
အခန်းထဲရောက်တော့ အခြားသူတွေ ပြန်ထွက်သွားသော်လည်း ရှောင်းကျန့်ကတော့ ထွက်သွားလို့မရပေ။ အကြောင်းရင်းကား အကျႌစကိုဆွဲထားသော ရိပေါ်ကြောင့်ပင်။
"သခင်လေး၀မ်..."
"ဟင့်အင်း မသွားနဲ့..."
"ခဏလွှတ်ပါဦး သောက်ရေဘူးသွားယူမလို့ပါ ပြန်လာခဲ့ပါ့မယ်"
ရှောင်းကျန့်ထံမှ ကတိစကားကိုရတော့မှ ရိပေါ်ကလက်မှအကျႌစကို လွှတ်ပေးလိုက်သည်။ သူအတ္တကြီးမိနေပြီလားဟု တွေးမိသော်လည်း ရှောင်းကျန့်၏နောက်ကျောပြင်ကိုကြည့်ရင်း ဆုံးဖြတ်ချက်တို့က ပိုမိုခိုင်မာလာရသည်။
ကိုယ်မင်းကို နောက်တစ်ကြိမ် အဆုံးရှုံးမခံနိုင်တော့ဘူး ထောင်ဟွားရာ။
ရှောင်းကျန့်တစ်ယောက် ရေဘူးယူကာ အခန်းထဲပြန်၀င်လာတော့ ရိပေါ်ကဆိုဖာပေါ်မှာ အပြစ်ကင်းစင်လှသော ကလေးလေးတစ်ယောက်သဖွယ် ကွေးကွေးလေးအိပ်မောကျနေသည်။ရှောင်းကျန့်လည်း အိပ်ပျော်နေသူကို မနှိုးရက်သည်မို့ ရေဘူးကိုဆိုဖာဘေးမှာသာ ချထားလိုက်သည်။
မျက်ရည်ဥတို့က မျက်ခမ်းစပ်မှာ တွဲလဲခိုနေဆဲမို့ သည်အတိုင်း ကြည့်မနေနိုင်ဘဲ လက်မလေးဖြင့် အသာအယာ တို့သုတ်ပေးလိုက်သည်။ ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းကတော့ ခြောက်သွေ့လုလု။
ထိုစဉ်မှာပင် အိပ်ပျော်နေဟန်ဆောင်ထားလေသော ရိပေါ်၏မျက်လုံးတစ်စုံမှာပွင့်လာပြီး ပြန်ရုပ်သွားသောရှောင်းကျန့်၏လက်ကို ဆုပ်ကိုင်ကာ သူ့ဘက်သို့ဆွဲလိုက်တော့သည်။
ရှောင်းကျန့်လည်း အဆွဲခံလိုက်ရသည့်အရှိန်ကြောင့် ရိပေါ်၏မျက်နှာနှင့် နီးကပ်သွားရတော့သည်။
လက်မအနည်းငယ်သာလိုတော့သည့် ရိပေါ်၏မျက်နှာကြောင့် ရှောင်းကျန့်၏ရင်ခုန်သံတွေဟာ ပုံမှန်ထက်မြန်လာပါတော့သည်။
ရုတ်တရက်ဖြစ်သွားသော အခြေအနေကြောင့် အ့ံသြနေစဉ်မှာပင် နှုတ်ခမ်းပါးမှ ခပ်နွေးနွေးခံစားမှုကြောင့် မျက်လုံးတစ်စုံကို အလိုလိုမှိတ်လိုက်မိတော့ ၀င်လေထွက်လေနွေးနွေးက နှစ်ဦးအကြားကူးလူးယှက်သန်းနေသည်။
သူ့အပေါ်မငြင်းဆန်သည့်အပြင် တုံ့ပြန်လိုဟန်ရှိသူကြောင့် ရိပေါ်အံ့သြမိသွားသော်လည်း ချိုမြိန်လွန်းသောအနမ်းမှာသာ အာရုံထားလိုက်တော့သည်။
ဝေးကွာခဲ့ရသမျှ ဆွေးခဲ့ရသောအလွမ်းတွေအတွက် ဆတိုးဖြင့်ယူနေသည့်အလား။ အချိန်ကြာလာသည်နှင့်အမျှ မွန်းကြပ်လာတာကြောင့် ရင်ဘတ်ကို အသာလေးတွန်းတော့ ရိပေါ်လည်း မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရတော့သည်။
ရှောင်းကျန့်က ရှက်စိတ်ကြောင့် ရဲတက်လာသောမျက်နှာကိုမမြင်စေရန် ဆိုဖာပေါ်လဲလျောင်းနေဆဲ ရိပေါ်၏ရင်ဘတ်၌ ခေါင်းကိုမှီထားလိုက်သည်။
"အရမ်းချစ်တယ် idolလေး"
"အင်းကျွန်တော်ရော အရမ်းချစ်တယ် သခင်လေး၀မ်"
ရှောင်းကျန့်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ ရင်ခုန်သံတွေကို မညာချင်တော့ပေ။ ရိပေါ်ကတော့ အံ့သြသွားသည်မို့ လှဲနေရာမှထထိုင်ပြီး ရှောင်းကျန့်၏ မေးဖျားလေးကို ဆွဲယူကာမော့စေလိုက်သည်။
"တစ်ကယ်ပဲလား ရှောင်းကျန့်... မင်းကိုယ့်ကိုလက်ခံလိုက်တာလား ဒါမှမဟုတ် ကိုယ်စိတ်ကူးယဉ်နေမိတာလား"
မယုံကြည်နိုင်ဟန်ဖြင့် မျက်ရည်တွေစီးကျလာသူကြောင့် ရှောင်းကျန့်ပြုံးလိုက်ကာ လက်နှစ်ဖက်ဖြင့် ရိပေါ်၏လည်ပင်းကို သိုင်းကာခိုလိုက်သည်။ ရှက်ရွံ့မိသည်ဆိုသော်လည်း အိပ်မက်မဟုတ်ကြောင်း ချစ်ရတဲ့သူ သိပါစေတော့လေ။
ထို့နောက်မှာတော့ ရိပေါ်၏နှုတ်ခမ်းတစ်စုံမှာ တစ်စုံတစ်ယောက်၏ သိမ်းပိုက်ယူငင်မှုကို ခံလိုက်ရတော့သည်။ အတန်ကြာတော့ ရှောင်းကျန့်၏ အိစက်ချိုမြသောဂျယ်လီတုံးလေးနှစ်ခုမှာလည်း တတိတိဖြင့် ပြန်လည်ကာကိုက်ခဲခြင်းကို ခံလိုက်ရလေတော့သည်။
ရှောင်းကျန့်၏မန်နေဂျာဖြစ်သူ ကျင်းဖန်ကတော့ ရိုက်ကူးရေးစရန် အချိန်နီးပြီမို့ သတိပေးရန် အခန်းထဲရောက်လာပြီးမှ မြင်လိုက်ရသည့် အနေအထားကြောင့် ပြုံးမိသွားကာ တံခါးကို အသာလေးပိတ်ပြီး ပြန်လှည့်ထွက်သွားသည်ကိုတော့ နှစ်ဦးစလုံးမသိလိုက်ကြပါချေ။
::::::::::::::::::::::::::::::
[Love Knot]
ပန်းကန်သံ၊ ဇွန်းသံ ခပ်တိုးတိုးမှလွဲ၍ တိတ်ဆိတ်နေသောအခန်းငယ်။
မျက်စိရှေ့မှ ထမင်းကို ဇွန်းနှင့်ခပ်ယူနေပါသော်လည်း စီးကျနေသောမျက်ရည်တို့ကြောင့် အဆင်မပြေပါချေ။ ထို့အတူ တစ်၀ိုင်းထဲထိုင်နေသည့် အခြားသူတွေလည်း ထိုနည်းတူပင်။
ပိုင်စစ်ယွမ်တစ်ယောက် ထမင်းစားနေရင်းမှ စီးကျနေသည့်မျက်ရည်တို့ကို သုတ်လိုက်သည်။ သို့သော်လည်း ခံစားချက်တို့ကို မထိန်းနိုင်သည်မို့ ရှိုက်သံတို့ထွက်လာရသည်။
ထိုအခါဘေး၌ထိုင်နေသောမိခင်ဖြစ်သူက လက်ထဲမှဇွန်းနှင့် ခက်ရင်းကိုချလိုက်ကာ သူ့မျက်ရည်တွေကို လှမ်းသုတ်ပေးသည်။
သူမော့ကြည့်လိုက်တော့ မိခင်ဖြစ်သူက ပြုံးပြနေသည်။ သူငယ်စဉ်ကတည်းက သည်လိုမိသားစုဘ၀ကို ဘယ်လောက်တောင်မှ တောင့်တခဲ့ရပါသလဲ။ အခုတော့ ေ၀းကွာခဲ့သည့် မိခင်ဖြစ်သူကို ပြန်လည်ရှာတွေ့ခဲ့လေပြီ။
"များများထည့်စားနော်"
"ဟုတ်ကဲ့"
ပိုင်စစ်ယွမ်ခေါင်းညိတ်ရင်း မိခင်ဖြစ်သူထည့်ပေးလာသော ပန်းကန်ထဲမှဟင်းတစ်ဖက်ကို ခပ်ဝါးလိုက်သည်။ မိခင်၏ မေတ္တာကြောင့်ပဲလားမသိ။ အခါတိုင်းစားနေကျ အရသာတွေထက်ကို ခံတွင်းထဲမြိန်ယှက်ကာ အရသာရှိနေခဲ့သည်။
ကျင်းယွမ်ပိုင်က အစ်ကိုဖြစ်သူကိုရှာတွေ့ပြီဆိုတာ မိခင်ဖြစ်သူကို ပြောပြလိုက်ပြီးနောက် အတူငိုပွဲဆင်ခဲ့ကြပြီးလေပြီ။ သို့သော်လည်း ယခုထမင်းစားချိန်အထိ ပိုင်စစ်ယွမ်မှာ မျက်ရည်ကျမိနေဆဲပင်။
"ကိုကြီးသိရင် အရမ်းပျော်သွားမှာ..."
"ဟင့်အင်းမေမေ... ယွမ်ရှင်းကို ဒီကိစ္စတွေ မပြောပါန့ဲဦးနော်..."
ကျင်းမင်ယွဲ့၏စကားကြောင့် ပိုင်စစ်ယွမ်က အလန့်တကြားဖြင့် ခေါင်းခါပြလိုက်သည်။ မိတ်ဆွေအဖြစ် ခင်မင်နေသည်ဆိုသော်လည်း မေမေ့ရဲ့သားတစ်ယောက်အနေဖြင့် ယွမ်ရှင်းကို ရင်မဆိုင်နိုင်သေးပေ။
"ဟင် ဘာဖြစ်လို့လဲ သားရယ်...."
"ဟို... သားကိုယ်တိုင် ပြောပြချင်လို့ပါ"
သူ့အဖြေကယုတ္တိရှိသည်မို့ မိခင်ဖြစ်သူလည်း ဆက်မပြောတော့ဘဲ သူ့ပန်းကန်ထဲကိုသာ ဟင်းတွေထည့်ပေးလိုက်သည်။ ညီနှင့်ညီမကလည်း ထိုနည်းတူပင်။
ကျင်းယွမ်ရှင်းတို့၏ဖခင်က မေမေနှင့်လက်ထပ်ပြီးနောက် နှစ်နှစ်မျှအကြာမှာ ဆုံးပါးခဲ့သည်တဲ့။ ဒါကမေမေပြောပြခဲ့တာဖြစ်သည်။ သူမ၏သားငယ်လေးက သူတို့မောင်နှမနှင့် သွေးသားမတော်ပေ။ယွမ်ရှင်းက ဖခင်ဆုံးပါးသွားသည့်တိုင် မိထွေးဖြစ်သူကို မိခင်အရာမှာထားလျက်ပင်။ ညီမနှင့်ညီငယ်ကိုလည်း စောင့်ရှောက်ခဲ့သည်။
ထို့ကြောင့် သူ့မိခင်ကိုစောင့်ရှောက်ခဲ့သူအပေါ် ကျေးဇူးမကန်းလိုပေ။ ခေါင်းဆောင်က သူ့မိခင်မှန်းသိလျက်နှင့် မပြောဘဲ သည်ကိုလွှတ်ခဲ့သည်မို့ ပိုင်စစ်ယွမ်၏စိတ်ထဲ သိပ်အခဲမကျေတော့။
ထိုစဉ်မှာပင် ဖုန်းမြည်သံထွက်ပေါ်လာသည်မို့ ကြည့်လိုက်တော့ ခေါင်းဆောင်ဆီကဖြစ်တာမို့ မျက်နှာမပျက်စေရန် အတတ်နိုင်ဆုံးထိန်းပြီး ဖုန်းပြောရန် ထွက်လာခဲ့သည်။
အခြားတော့မဟုတ်။ ခေါင်းဆောင်က တွေ့ချင်တာကြောင့် သူ့ဆီလာခဲ့ဖို့ခေါ်တာဖြစ်သည်။ သို့သော်လည်း ရိုးရိုးသားသားခေါ်တာမဟုတ်ဘူးဆိုတာ သူ့အတွေ့အကြုံအရ သိနေပါသည်လေ။
သည်နေ့က ယွမ်ရှင်းကိုလုပ်ကြံရန် ပေးထားသည့်အချိန် တစ်လပြည့်သည့်နေ့ပင်။ သူယွမ်ရှင်းကိုမသတ်နိုင်ခဲ့။ မဟုတ်သေး။ မသတ်လိုတာဖြစ်သည်။
ထို့ကြောင့် ဖုန်းပြောပြီးနောက်မှာ သူစုဆောင်းထားသော၊ သူတို့အဖွဲ့နှင့်ပါတ်သတ်သော dataများကို ယွမ်ရှင်းတို့အဖွဲ့ထံ အမည်မဖော်လိုသူအနေဖြင့် ပို့ပေးလိုက်သည်။
ပြီးနောက် အိတ်ထဲမှ ဘော့ပင်နှင့်စာရွက်ယူပြီး စာတစ်ချို့ချရေးလိုက်သည်။ သူထမင်းစားခန်းထဲပြန်ရောက်တော့ မေမေတို့က ပန်းကန်တွေတောင် သိမ်းနေကြလေပြီ။
"မေမေ... အရမ်းချစ်တယ်နော် ပြီးတော့သားကို အကြာကြီးရှာရအောင်လုပ်မိလို့ တောင်းပန်ပါတယ်"
ပိုင်စစ်ယွမ်က မိခင်ဖြစ်သူကို ဖက်ထားလိုက်ရင်း တောင်းပန်စကားဆိုပြီးနောက်မှာ လက်ထဲမှစာရွက်ကို ပေးလိုက်သည်။
"ယွမ်ရှင်းကို ပေးပေးပါ..."
မိခင်ဖြစ်သူထံ စာအိတ်ပေးပြီးနောက် ညီနှင့်ညီမကို နှုတ်ဆက်သည့်အနေဖြင့့် ပွေ့ဖက်လိုက်သည်။
ငိုချင်စိတ်တို့ တလှိုက်လှိုက်တက်နေသည်ကို ထိန်းချုပ်ရင်း နှုတ်ခမ်းထက်မှာတော့ ဟန်ဆောင်အပြုံးကို ချိတ်ဆွဲထားလိုက်သည်။
"ကိုကိုမရှိချိန်မှာ မေမေ့စကားကို ကောင်းကောင်းနားထောင်ရမယ်နော် ပြီးတော့ကျန်းမာရေးလည်း ဂရုစိုက်ကြ စာလည်းဆက်ပြီးကြိုးစားမယ်လို့ ကတိပေးမယ်မလား"
"ကိုကို"
ပြန်မဆုံတော့မည့် လူတစ်ယောက်လို နှုတ်ဆက်နေသည့် ပိုင်စစ်ယွမ်ကြောင့် မောင်နှမနှစ်ဦးလုံး လန့်ဖြန့်ကာပြိုင်တူခေါ်လိုက်မိတော့သည်။ သူပြုံးကာ ခေါင်းကိုဖွဖွပွတ်ပေးလိုက်သည်။
"ကိုကိုသွားပြီ... မေမေသားသွားပြီ..."
ကျောခိုင်းကာထွက်လာသည်နှင့် မျက်ရည်တစ်စက်က ပါးပြင်ပေါ်ပေါက်ခနဲ။ သို့သော် သူကျေနပ်ပါသည်။ နှစ်ပေါင်းများစွာ တမ်းတခဲ့သည့် မိခင်မေတ္တာကို ခံစားဖူးခဲ့ပြီမဟုတ်လား။
နောက်ထပ်အကြာကြီး မိခင်ဖြစ်သူနှင့် အတူနေချင်သည့် လောဘစိတ်ဖြစ်မိသော်လည်း သည်မိသားစုလေး အန္တရာယ်ကင်းစေဖို့ သူလုပ်ဆောင်ရဦးမည်။
ပိုင်စစ်ယွမ်တစ်ယောက် ခြံပြင်သို့ရောက်တော့ ဘေးတွင်ထိုးရပ်လာသည်က အလုံပိတ်ကားလေးတစ်စီး။ ဘယ်သူလွှတ်လိုက်သည်ဆိုတာ သူသိလိုက်သည်။ မလိုက်ဘူးဆိုလျှင်လည်း ဖမ်းခေါ်ခံရမှာပဲမို့ အသာတကြည်ပင် ကားပေါ်တက်လိုက်သည်။
ထို့နောက်ကားလေးက ထိုအနားတွင် ဘာမျှမဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာပင် ဆက်လက်မောင်းထွက်သွားလေတော့သည်။
:::::::::::::::::::::::::::::
သူရိုက်ကူးရမည့်scene ပြီးသည်နှင့် ရှောင်းကျန့်က ရိပေါ်နားနေရာအခန်းဆီ လျှောက်လာခဲ့သည်။ နောက်scene က ရိပေါ်သရုပ်ဆောင်ရမှာဖြစ်သည်လေ။
ရှောင်းကျန့် အခန်းထဲရောက်တော့ ရိပေါ်ကပြုံးစေ့စေ့ဖြင့် လှမ်းကြည့်တာမို့ စောစောကအခြေအနေကို ပြန်တွေးမိပြီး ရှက်သွားရသော်ငြား ဟန်မပျက်ပင် နေလိုက်သည်။
"နောက်scene အတွက် မပြင်သေးဘူးလား သခင်...."
ရှောင်းကျန့်၏ စကားပင်မဆုံးလိုက်သေး။ ရိပေါ်က သူ့လက်ကိုလှမ်းဆွဲလိုက်တာကြောင့် ဟန်ချက်ပျက်သွားသော်လည်း ရိပေါ်၏ ပေါင်ပေါ်တွင်နေသားတကျ။
အလန့်တကြားဖြစ်သွားသော ရှောင်းကျန့်၏မျက်နှာကိုကြည့်ရင်း ရိပေါ်ကသဘောတကျရယ်သည်။
"ဒါ... ရိုက်ကွင်းမှာနော် တစ်ယောက်ယောက်တွေ့သွားရင်မကောင်းဘူး"
"တွေ့ပါစေပေါ့ ဘယ်သူ့ဂရုစိုက်ရမှာလဲ"
ရိပေါ်က ရှောင်းကျန့်၏ နှာခေါင်းလေးကို အသည်းယားစွာ ဆွဲညှစ်ရင်းပြောတော့ လက်ကိုရိုက်ချခံလိုက်ရသည်။
"ချင်းရိရဲ့ထိပ်တန်းရှယ်ယာရှင်ကြီးကတော့ ဘာဖြစ်မှာလည်း ကျွန်တော်ကတော့ အလုပ်လက်မဲ့ဖြစ်သွားမှာ သိရဲ့လား သခင်လေး၀မ်ရဲ့"
"ကိုယ့်ချစ်သူကို အဲဒီ့လိုပဲခေါ်နေတော့မှာလား"
"ဘယ်လိုခေါ်စေချင်လို့လဲ"
"ယောကျ်ားလို့ခေါ်"
"သေလိုက်"
စကားကောင်းပြောမရသည့် ၀မ်ရိပေါ်ကို အခန်းထဲထားပစ်ခဲ့ပြီး ပြန်ထွက်လာခဲ့သည်။ အခန်းထဲမှာတော့ ရိပေါ်၏ ဟက်ဟက်ပက်ပက် ရယ်မောသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ရိပေါ်၏scene ပြီးလျှင် နောက်ဆုံးရိုက်ကူးရန်ကျန်သေးသော sceneအတွက် နေရာရွှေ့ရမည်မို့ ရှောင်းကျန့်က ဒါရိုက်တာကိုပြောကာ ကျင်းဖန်နှင့်အတူ သွားနှင့်လိုက်တော့သည်။
သူ့ကိုပြင်ဆင်ပေးရမည့် staffတွေလည်း နောက်ကားတစ်စီးနှင့် အတူလိုက်လာခဲ့ကြလေသည်။ ရိပေါ်အခန်းထဲက ထွက်လာတော့ ရှောင်းကျန့်မရှိတော့ပေ။
အရှက်သည်းနေသော မျက်နှာလေးကိုပြန်တွေးမိရင်းပြုံးနေမိစဉ်မှာ ဒါရိုက်တာကရိုက်ကူးရေးစမည်ဖြစ်ကြောင်း သတိပေးလိုက်တော့ ရိပေါ်လည်း အတွေးတို့ကိုဖယ်ပစ်ရင်း ခြံအပြင်ကို ထွက်လာခဲ့လေတော့သည်။
:::::::::::::::::::::::::::::
[Love Knot]ယခုတစ်လော မကြာခဏဆိုသလို ဖြစ်ပွားနေသည့် လူသတ်မှုတွေကြောင့် ကျင်းယွမ်ရှင်းတို့အဖွဲ့မှာ လုံး၀နားရက်မရ။
သည်နေ့လည်း မိုးမလင်းခင်ကတည်းက အလုပ်သွားရပြီး ကိစ္စတစ်ခုဖြင့် အိမ်ကိုခေတ္တပြန်လာချိန်မှာ ခြံရှေ့မှမောင်းထွက်သွားသော မသင်္ကာဖွယ်ရာ ကားတစ်စီးကြောင့် စိတ်ထဲထင့်ခနဲ ဖြစ်သွားရသည်။
ထို့ကြောင့်ခြံထဲရောက်သည်နှင့် ဆိုင်ကယ်ကိုစက်သတ်ကာ အိမ်ပေါ်အမြန်ပြေးတက်သွားလိုက်သည်။ ထိုအခါ မိခင်ဖြစ်သူက စာတစ်စောင်ကိုဖတ်ရင်း မျက်ရည်ကျနေပြီး သူ့ကိုမြင်တော့ လှမ်းပေးလေသည်။
"စောစောကတင် ရှောင်ချင်းပေးသွားတာ သားကြီးဖတ်ဖို့တ့ဲ"
"ယွမ်ရှင်း....
ဒီစာကိုဖတ်နေချိန်မှာ ကျွန်တော်က ဒီလောကထဲမှာ ရှိချင်မှရှိတော့မယ်။ ခင်ဗျား၀မ်းမနည်းရဘူးနော်။ ကျွန်တော့်မေမေန့ဲညီလေးကို သွေးသားရင်းတွေလို ချစ်ပေး၊ စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျှော်လင့်တောင့်တခဲ့ရတဲ့ မိသားစုဘ၀လေး ရခဲ့ဖူးပြီမို့ သေပျော်သွားပါပြီ။ ပြီးတော့ မကောင်းသောချဉ်းကပ်ခြင်းနဲ့ ခင်ဗျားအနားကိုလာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က မုရှောင်ချင်းမဟုတ်ပါဘူး။ ကျွန်တော့်နာမည်အရင်းက ပိုင်စစ်ယွမ်။ ဒီလောက်ဆိုခင်ဗျားသဘောပေါက်လောက်ရောပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်က ခင်ဗျားတို့ အသေရရ၊ အရှင်ရရလိုချင်နေတဲ့ ကြေးစားလုပ်ကြံရေးအဖွဲ့ 'နှင်းဆီနက်'ကပါ။ ခေါင်းဆောင်ရဲ့ ညာလက်ရုံးပေါ့။ ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျားအတွက် ကျွန်တော်အကောင်းဆုံး အကူအညီဖြစ်ပေးပါ့မယ်။ မိတ်ဆွေဆိုတာ ဘာမှန်းမသိခဲ့တဲ့ ကျွန်တော့်ကို စိတ်ရင်းနဲ့ဆက်ဆံပေးခဲ့တဲ့ခင်ဗျားကို အကြာကြီးဖုံးကွယ်ထားခဲ့မိတဲ့အတွက် ဒီလူမိုက်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုတော့ပါဘူး။ ကျွန်တော့်ကိုယ်စား ညီလေးနဲ့မေမေ့ကိုသာ ပိုပြီးဂရုစိုက်ပေးပါဗျာ"
စာတစ်စောင်လုံး ဆုံးအောင်ဖတ်ပြီးသွားချိန်တွင် ယွမ်ရှင်း၏ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရသည်။
"ဒီလောက် နှစ်ပေါင်းများစွာ အမေနဲ့ညီလေးရှာနေတဲ့သူတဲ့သူက မင်းတဲ့လားကွာ"
လက်ထဲမှစာရွက်ပိုင်းလေးကို ကိုင်ထားရင်း ခန္ဓာကိုယ်က နောက်သို့ယိုင်ခနဲဖြစ်သွားရသည်။ ရင်တစ်ခုလုံး မယုံကြည်နိုင်မှုတို့ စိုးမိုးနေသည်။ မျက်နှာပေါ်၌လည်း အနားမှာရှိခဲ့လျက်နှင့်မသိခဲ့ခြင်းအပေါ် နောင်တရမှုတို့က ထင်ရှားလို့နေလျက်။
"ဘာကြောင့်လည်း... ဘာကြောင့်များ မင်းက အဲဒီ့အဖွဲ့၀င်ဖြစ်နေရတာလဲ ရှောင်ချင်းရယ်"
ယွမ်ရှင်း၏မျက်နှာ၌ နောင်တရနေခြင်းမှတစ်ဆင့် ကြေကွဲရိပ်တို့ တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်နှင့်အတူ မျက်ရည်စီးကြောင်းတစ်ခုက ပါးပြင်ပေါ်ဖြတ်ကာ စီးဆင်းသည်။
"သားကြီး အမေတို့ဘယ်လိုလုပ်ကြမလဲဟင် သားလေးတစ်ခုခုများ ဖြစ်သွားရင်..."
မိခင်ထံမှ စကားနှင့်အတူ ယွမ်ရှင်း၏ မျက်နှာပေါ်တွင် စိတ်ပူပန်မှုတ်ို့ ဖြစ်တည်လာရသည်။ ဒါဆို စောစောက ခြံရှေ့ကမောင်းထွက်သွားတဲ့ကားက... ရှောင်ချင်းအန္တရာယ်ဖြစ်နေပြီထင်ရဲ့။
ယွမ်ရှင်း အသေအချာပြန်တွေးမိလေ စိတ်ထဲပူပန်လေဖြစ်လာရပြီးနောက် 'ဟင့်အင်း ရှောင်ချင်းဘာမှမဖြစ်စေရဘူး'ဟု ရေရွတ်ကာ ထိုနေရာမှ အမြန်ပြေးထွက်လိုက်တော့သည်။
ကိုင်သူမဲ့သည့် စာရွက်ပိုင်းလေးကတော့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့လေတော့သည်။
ရှောင်ချင်း၏ အနောက်သို့လိုက်ရန် ထွက်လာရင်း သူရပ်ထားခဲ့သောဆိုင်ကယ်နားအရောက်မှာပင် ဖုန်း၀င်လာတာကြောင့် ကြည့်လိုက်တော့ အဖွဲ့သားတစ်ယောက်ဆီမှဖြစ်သည်။
ဖုန်းကိုင်လိုက်ချိန်မှာပင် ကြားလိုက်ရသည့် စကားကြောင့် သွေးတို့က ဆူပွက်လာရသည်။
"ခေါင်းဆောင် နှင်းဆီနက်အဖွဲ့ရဲ့ တည်နေရာနဲ့ အချက်အလက်တော်တော်များများကို အမည်မဖော်လိုသူတစ်ယောက်က ပို့လိုက်တယ်"
"ငါ့ဆီလိပ်စာပို့လိုက်"
"ခေါင်းဆောင် ဒါကထောင်ချောက်တစ်ခု ဖြစ်နေခဲ့ရင်ရော"
"ကားနံပါတ် (....) ကိုခြေရာခံလိုက် ဘယ်ကိုဦးတည်နေလဲ စောစောကတင် ငါ့အိမ်ရှေ့ကထွက်သွားတာ သိပ်ဝေးဝေးမရောက်လောက်သေးဘူး"
ယွမ်ရှင်းလည်း ထောင်ချောက်ဖြစ်နေမည်ကို ပြန်တွေးပြီးနောက် စောစောကမသင်္ကာဖွယ်ရာကား၏ နံပါတ်နှင့်ပုံစံကိုပြောလိုက်သည်။ အတော်ကလေးကြာတော့ သူသိလိုက်ရသည်။
"သူတို့အဖွဲ့ရှိတဲ့ အဆောက်အဦးကိုသွားတဲ့ (....) လမ်းမှာပဲ ခေါင်းဆောင်"
"ငါသွားနှင့်မယ် မင်းတို့လည်းနောက်ကချက်ချင်းလိုက်လာခဲ့ အင်အားအလုံအလောက်ပါပါစေ"
ကျင်းယွမ်ရှင်း ဖုန်းချပြီးနောက် မကြာပေ။ တစ်ဖက်လူက နှင်းဆီနက်အဖွဲ့၏ တည်နေရာလိပ်စာကို ပို့လိုက်သည်။ ယွမ်ရှင်း တစ်ချက်မျှကြည့်ပြီးနောက် helmet ဆောင်းကာ ဆိုင်ကယ်စက်နှိုးပြီး ထိုနေရာသို့ဦးတည်လိုက်သည်။
"အကောင်းဆုံး အကူအညီဖြစ်ပေးပါ့မယ် ဆိုတာက ဒါလားရှောင်ချင်းရာ"
ခပ်တိုးတိုးရေရွတ်သံက တိုးေ၀့ှလာသောလေပြည်ညှင်းအကြား ပျောက်ဆုံးသွားရပြီး ဆိုင်ကယ်လေးသည်လည်း တစ်စုံတစ်ယောက်ကို ကယ်တင်ရန် လေကိုခွင်းကာ အပြင်းနှင်လေတော့သည်။
::::::::::::::::::::::::::::::
ရိုက်ကူးရေးလုပ်မည့် အဆောက်အဦဆီ ရိပေါ်ရောက်တော့ ရှောင်းကျန့်က နောက်sceneအတွက် မိတ်ကပ်ပြင်နေလေပြီ။ မျက်နှာပေါ်မှာတော့ မိတ်ကပ်အစွမ်းဖြင့် အညိုအမဲအကွက်တို့က ထင်းနေလျက်။
"ရောက်ပြီလား"
"အင်း..."ရိပေါ်ပြန်ဖြေလိုက်ရင်း ဘေးမှခုံအလွတ်တွင် ၀င်ထိုင်လိုက်တော့ ရှောင်းကျန့်ကတစ်စုံတစ်ရာကို လက်ဖြင့်ညွှန်ပြလေသည်။ သူကြည့်လိုက်တော့ သောက်ရေဘူးတစ်ဘူး။
"ရေဆာလာမယ်ထင်လို့"
"အင်း ကိုယ့် idolလေးက အရမ်းအလိုက်သိတာပဲ တစ်ကယ်ဆာနေတာ"
မောလာသည်ဆိုသော်လည်း ချစ်ရသူ၏ မျက်နှာမြင်ရုံနှင့် အမောပြေကြောင်းကိုတော့ ထည့်မပြောနေတော့ပါလေ။ တော်ကြာနေမှ အရှက်သည်းလွန်းသောချစ်သူလေးက ပေးပြီးသားအဖြေကို ပြန်လည်ရုတ်သိမ်းပါသည်ဆိုမှအခက်။
ရေဘူးကိုယူကာ သောက်လိုက်တော့ ရင်ထဲအေးသွားရသည်။ စောစောကscene ပြီးသည့်နောက် သည်နေရာကို ထိုဆိုင်ကယ်ဖြင့်ပင် သူဆက်ပြီးမောင်းလာခဲ့တာဖြစ်သည်။
ထို့ကြောင့် အမှန်အတိုင်း၀န်ခံရလျှင် သူတစ်ကယ်ကြီး ရေဆာနေခဲ့ပါသည်။
"ရှောင်းကျန့်"
"ဟင်"
"dinner အတွက်ဆိုရင် ဘယ်ဆိုင်ကောင်းမလဲ"
ရိပေါ်၏စကားကြောင့် ရှောင်းကျန့်သာမက ဘေးမှstaffတွေပါ မျက်လုံးမျက်ဆန်ပြူးကုန်ကြသည်။
ဟေး... ယူတို့နှစ်ယောက် ရိုချင်ရင်လည်း ခဏစောင့်ဦးလေ။ ဟောဒီ FA လေးတွေကို နည်းနည်းပါးပါး သနားကြပါဦးလား။
သူမတို့၏ 'လိုရာဆွဲတွေး ကျန်းမာရေး' လုပ်ခြင်းမှာ ဒါရိုက်တာဖူကျင်းယန်ရောက်လာသည့်နောက်မှာတော့ ကြက်ပျောက်ငှက်ပျောက်။
အကြောင်းရင်းကား ရှောင်းကျန့်က စားသောက်ဆိုင် ကောင်းကောင်းရွေးတတ်သည်မို့ ရိုက်ကူးရေးပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် dinner party လုပ်မည့်ဆိုင်ကို ရွေးခိုင်းလိုခြင်း ဖြစ်သည်တဲ့လေ။
သို့သော်လည်း party အတွက် အိတ်စိုက်မည့်သူမှာ ၀မ်ရိပေါ်ဖြစ်သည်မို့ ရိပေါ်၏သဘောအတိုင်း ရှောင်းကျန့်ကို ရွေးခိုင်းခြင်းဖြစ်သည်ကိုတော့ သူမတို့ မသိကြပါချေ။
"ရှောင်းကျန့်ကို ပြင်ဆင်ပေးတာပြီးပြီလား"
"ပြီးပြီ ဒါရိုက်တာ"
ဒါရိုက်တာ၏အမေးကို make up artist ကလိမ်းခြယ်နေလက်စကို အပြီးသတ်ရင်း ပြန်ဖြေသည်။ ထို့နောက် ရှောင်းကျန့်လည်း ဇာတ်ညွှန်းအရ သူချုပ်နှောင်ခံရမည့်နေရာသို့ လျှောက်သွားလိုက်သည်။
ရှောင်းကျန့် ထိုနေရာသို့ရောက်သည်နှင့် အသင့်ပြင်ထားသည့် နေရာတွင် လက်နှစ်ဖက်ကို ကားပေးလိုက်သည်။ ထိုအခါ ရိုက်ကူးရေး အဖွဲ့သားတစ်ယောက်က ကြိုးများကိုသုံးကာ သူ့လက်များကို တစ်ဖက်စီချည်နှောင်လေတော့သည်။
"ရှောင်းကျန့်... သွေးဆေးတောင့် ကိုက်ထားဦး"
staff တစ်ယောက်က သွေးဆေးတောင့် လှမ်းပေးတာကြောင့် လက်မအားတော့သည့်ရှောင်းကျန့်က ပါးစပ်အသာဟပေးကာ ကိုက်ထားလိုက်သည်။
ရှောင်းကျန့်၏ ကြိုးချည်ခံထားရသည့်ပုံစံကို ရိပေါ်ကြည့်နေရင်း ရင်ထဲတလှိုက်လှိုက်ဖြင့် ၀မ်းနည်းလာသည်။ သည်လိုမြင်ကွင်းမျိုးကို သူမမေ့နိုင်ပေ။
ယခုက ရိုက်ကူးရေးအတွက်ဆိုတာ သိနေသော်လည်း ယခင်တုန်းက အကြောင်းအရာကို တွေးမိလိုက်တာကြောင့် ခေါင်းကိုခါပစ်ရင်း ပျံ့လွင့်နေသည့်အတွေးတို့ကို မောင်းထုတ်ကာ အလုပ်အပေါ်အာရုံစိုက်ဖို့ သူ့ကိုယ်သူ သတိပေးရသည်။
"ရိပေါ်ရော အသင့်ဖြစ်ပြီလား"
"ကျွန်တော်အသင့်ပဲ"
"ဒါဆို စမယ်"
ဖူကျင်းယန်၏ စကားဆုံးတော့ ရိပေါ်က ဆိုင်ကယ်ရပ်ထားရာဆီ လျှောက်သွားလိုက်သည်။ ရှောင်းကျန့်တဖြစ်လဲ ပိုင်စစ်ယွမ်ကိုနှိပ်စက်ရမည့် ကိုကိုလူကြမ်းတို့သည်လည်း ကိုယ်စီနေရာယူထားကြလေပြီ။
::::::::::::::::::::::::::::::