အခန်း ၂၀ ရင်ချင်းဆက်အမြွှာတွေမို့လို့လား
Viewers 3k

အခန်း ၂၀။ ရင်ချင်းဆက်အမြွာတွေမို့လို့လား


သုံးဦးသား မနက်စာအတူစားကြပြီးနောက် ရိုက်ကွင်းသွားဖို့ ပြင်ဆင်ရသည်။ ရှောင်းကျန့်က မနေ့ညတုန်းက အိမ်နေရင်းအ၀တ်အစားဖြင့် ရောက်ချလာတာမို့ အိမ်ပြန်ကာ အ၀တ်လဲရန်ပြင်သည်။

သို့သော်လည်း ရိပေါ်က မပြန်ခိုင်းတော့ဘဲ သူ့အ၀တ်အစားကို ယူကာ၀တ်စေသည်။ ရှောင်းကျန့်က အားနာတာကြောင့် မ၀တ်လိုသော်လည်း ရိုက်ကွင်းနောက်ကျမည်စိုးတာကြောင့် နောက်ဆုံးမှာတော့ ၀တ်လိုက်ရသည်။

သည်၀တ်စုံကို ရိပေါ်၀တ်တာ မြင်ဖူးထားသူများရှိလျှင် မမှတ်မိပါစေနှင့်ဟု တစ်လမ်းလုံးဆုတောင်းလာသမျှ ရိုက်ကွင်းရောက်ကာမှ သူ့မန်နေဂျာဖြစ်သူ၏ အမေးစကားကြောင့် ရှောင်းကျန့်တစ်ယောက် သည်နေ့အတွက် သူ့ဆုတောင်းတို့မပြည့်နိုင်မှန်း သိလိုက်ရတော့သည်။

"ဟုတ်တယ်မလား မညာနဲ့နော် ကျန့်ကျန့်"

ကျင်းဖန်၏ ခပ်ကြိတ်ကြိတ်အမေးစကားကိုကြားကာ အနားကပ်လာကြသော staff တွေကြောင့် ရှောင်းကျန့်လည်း အလျင်အမြန် ဖြေရတော့သည်။

"buy 1, get 1 မို့လို့ပါအစ်ကိုရ"

ရှောင်းကျန့်ကဖြေပြီးသည်နှင့် ရိပေါ်ရှိရာကို အသာလေးခိုးကြည့်မိသည်။ ကျင်းဖန်ကတော့ အဖြေကိုသိပ်ကျေနပ်ဟန်မတူ။

သို့သော်လည်း အခြား staff တွေရှိနေသေးတာကြောင့် ဘာမျှမပြောတော့ဘဲ ပြုံး၍သာ လိုအပ်တာတွေ စီစဉ်ပေးနေလိုက်သည်။

::::::::::::::::::::::::::::::

[Love Knot]

သည်နေ့က ရုံးပိတ်ရက်ဖြစ်သည်။ ထို့ကြောင့် ကျင်းယွမ်ရှင်းအတွက် နားရက်ဖြစ်သလို ပိုင်စစ်ယွမ်လည်း ကျောင်းမသွားရပေ။

သူ့တပည့်နှစ်ယောက်ကို စာသင်ပေးရမည်ဆိုသော်လည်း ရုပ်ရှင်လိုက်ပြပါဟု ပူဆာနေတာကြောင့် တစ်ရက်တော့ အလိုလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

ရောက်လာစဉ်က မစ်ရှင်ကြောင့်ဆိုသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုမောင်နှမနှစ်ယောက်အပေါ် သံယောဇဉ်က တိုးလာသည်မှာ သွေးရင်းတွေလို ခံစားမိသည်အထိပင်။

ယခုလည်း သူတို့အစ်ကိုလက်ကို မဆွဲဘဲ ရုပ်ရှင်ရုံထဲရောက်သည်အထိ သူ့လက်ကိုသာ တစ်ဖက်စီဆွဲထားကြသော ထိုမောင်နှမနှစ်ယောက်ကြောင့် ပိုင်စစ်ယွမ်တစ်ယောက် ပြုံးမိရပြန်သည်။

သူစိမ်းတွေအမြင်မှာ မောင်နှမသုံးယောက်ကိုရွေးပြပါဆိုလျှင် ကျင်းယွမ်ရှင်းထက် သူ့ကိုသာအစ်ကိုကြီးဟု လက်ညှိုးထိုးကြမည်မှာ သေချာသလောက်ပင်။

ရုပ်ရှင်က အချစ်ဟာသကားမို့ သူသိပ်ပြီးစိတ်မ၀င်စားဘဲ ပျင်းရိလာလေသည်။ မသိစိတ်ကြောင့် ခပ်လှမ်းလှမ်းကိုကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။

ိထိုလူ ဘယ်အချိန်ကတည်းက သူ့ကိုစောင့်ကြည့်နေပါသလဲ။ ထိုစဉ်မှာပင် message ၀င်လာတာကြောင့် ဖတ်လိုက်တော့ ထိုသူက အပြင်ကိုထွက်လာရန် ပြောထားခြင်းဖြစ်သည်။

ပိုင်စစ်ယွမ်လည်း ထိုလူ့ထံတစ်ချက် လှမ်းကြည့်ပြီးနောက် ယွမ်ရှင်းကို အပြင်ခဏသွားလိုက်ဦးမည်ဟုဆိုကာ ထွက်လာခဲ့သည်။

ပြောခဲ့သည်က အန္တရာယ်များသော်လည်း အကယ်၍မပြောဘဲထွက်လာခဲ့လျှင် ယွမ်ရှင်း၏ သူ့အပေါ်သံသယ၀င်နိုင်ချေက ပိုမိုမြင့်တက်သွားနိုင်သည်မဟုတ်လား။

သူထွက်သွားပြီး မကြာလိုက်။ ထိုလူလည်း ရုပ်ရှင်ရုံထဲမှ ထွက်လိုက်လာခဲ့သည်။ ကျင်းယွမ်ရှင်းလည်း အမှတ်တမဲ့နေလိုက်ပြီးမှ မသိစိတ်က ထိုလူရဲ့မျက်နှာကို မြင်ဖူးသလိုလို ခံစားမိပြီးနောက် မသင်္ကာစိတ်က ၀င်လာသည်။

ထို့ကြောင့် ချက်ချင်းအနောက်ကလိုက်သွားသော်လည်း မတွေ့တော့ချေ။ ယွမ်ရှင်းလည်း မတွေ့တော့သည့်အဆုံး ပြန်လှည့်ထွက်လာပြီးမှ လမ်းထောင့်ချိုးတစ်နေရာအရောက်မှာ ဖုန်းပြောနေသံကြားလိုက်ရပြီး ခြေလှမ်းကို ရပ်တန့်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုအသံက သူသိသည့် လူတစ်ယောက်၏အသံဆိုတာ မှတ်မိလိုက်တာကြောင့်ဖြစ်လေသည်။

ဟုတ်မဟုတ်သေချာစေရန် လမ်းထောင့်ချိုးမှခေါင်းပြူကာကြည့်မိတော့ အမှန်ပင် သူသိသောမုရှောင်ချင်းဖြစ်နေသည်။

"ငါ့အမေ... အဲဒါသူမလား မဖြစ်နိုင်ဘူး"

"....."

"တောက်... မင်း..."

"....."

ယွမ်ရှင်းကြည့်နေစဉ်မှာပင် ပိုင်စစ်ယွမ်တစ်ယောက် ရုတ်တရက်ပင်ဒူးထောက်ကျသွားပြီး မြေကြီးကိုလက်သီးဖြင့် ထိုးနေတော့သည်မှာ လက်ခုံများပင်ပေါက်ပြဲကာ သွေးစို့လာသည်အထိပင်။

ယွမ်ရှင်းက အကွယ်မှထွက်ကာ အနားကိုသွားမည်ကြံစဉ်မှာပင် ပိုင်စစ်ယွမ်က သူ့ကိုယ်သူနာကျင်အောင်လုပ်နေခြင်းကို ရပ်တန့်ကာ လက်ထဲမှဖုန်းဖြင့် တစ်စုံတစ်ယောက်ဆီ စာပို့လိုက်သည်။

တစ်ချိန်တည်းမှာပင် စာတစ်စောင် သူ့ဆီ၀င်လာလေသည်။

"ကျွန်တော် နေမကောင်းဖြစ်ချင်လာလို့ ပြန်နှင့်တော့မယ်"

သူဖတ်ကြည့်ပြီးနောက် စိတ်ထဲမကောင်းပါ။ ထိုအချိန်မှာ စောစောကမမိလိုက်သည့် လူအကြောင်းကို တစ်ခဏမျှပင်မေ့လျော့သွားရသည်။

သူတွေးနေမိသည်က ဘယ်လိုကိစ္စမျိုးကများ မုရှောင်ချင်းလို အနေအေးသူကို ဒေါသထွက်စေသလဲ ဆိုတာကိုသာဖြစ်သည်။

အခါတိုင်းမှာ အေးဆေးတည်ငြိမ်သော မုရှောင်ချင်း၏ ဆရာတစ်ယောက်ဟန်ပန်ကိုသာ မြင်နေရတာကြောင့် ယခုလိုပေါက်ကွဲနေပုံက ယွမ်ရှင်း၏မျက်လုံးထဲမှာ ထူးဆန်းနေသလိုပင်။

::::::::::::::::::::::::::::

ရိုက်ကွင်းနားသည်နှင့် ၀မ်ရိပေါ်တစ်ယောက် ရှောင်းကျန့်ရှိရာဆီ အပြေးသွားတော့သည်။

ရှောင်းကျန့်လည်း သူ့လက်မှဒဏ်ရာအတုများကိုဖျက်နေရင်းမှ မော့ကြည့်လိုက်သည်။

"အရမ်းနာနေလား"ရိပေါ်၏မျက်၀န်းအတွင်းမှ စိုးရိမ်နေဟန်ကြောင့် သူအံ့သြသွားရသည်။ ထိုစဉ်မှာပင် ရိပေါ်က လက်ကိုဆွဲယူကာ လေအေးအေးဖြင့် မှုတ်ပေးလာသည်မို့ ရင်ထဲနွေးထွေးသွားရသည်။


သူသရုပ်ဆောင်နေစဉ်က မတော်တဆ မြေပြင်ကိုလက်ဖြင့် ထိသွားတာကြောင့် လက်ဆစ်နာသွားလေသည်။ သို့သော်လည်း ဆက်ပြီးသရုပ်ဆောင်နေခဲ့တာကြောင့် ဒါရိုက်တာတောင် သတိထားမိလိုက်ပုံမရ။

သခင်လေး၀မ်က ဒါရိုက်တာ မသိလိုက်တာကိုတောင် သတိထားလိုက်မိသည်တဲ့လား။

ရှောင်းကျန့်၏ ပြုံးတုံ့တုံ့အမူအရာကိုမြင်မှ ရိပေါ်လည်းသူ့အမူအရာက အရမ်းသိသာသွားသည်ကို သတိထားမိလိုက်သည်။

"ပြုံးနေနိုင်သေးတယ်"

ရိပေါ်မကျေမနပ်ရေရွတ်ပြီးနောက် မှုတ်ပေးနေသည့်လက်ကို ခပ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်တော့သည်။

"အ..."

"sorry... အရမ်းနာနေတာလား"

"ဟင့်အင်း သေးသေးလေးပဲဟာကို မနာပါဘူး..."

"ဒါပေမယ့် ကိုယ်ကတော့နာတယ်"

သူတို့နှစ်ယောက် တွတ်ထိုးနေသံတွေကြားကာမှ အနားရှိ staff များလည်း ရှောင်းကျန့်ဒဏ်ရာရသွားတာကို သိပြီး ဆေးယူလာပေးကြလေတော့သည်။

အချို့staff တွေကတော့ ရိပေါ်၏ သဲသဲလှုပ်အမူအရာကြောင့် မျက်လုံးအပြူးသားဖြင့်သာ ကြည့်နေကြလေတော့သည်။

ဒဏ်ရာရတာက ရှောင်းကျန့်လေ။ ရှင်က ဘာကိစ္စနာနေတာလဲ သခင်လေး၀မ်ရေ။ ဘာလဲ။ ရှင်တို့က ရင်ချင်းဆက် အမြွှာညီအစ်ကိုတွေများလား။

ရှောင်းကျန့်ကတော့ ဒဏ်ရာက အနည်းငယ်နာသော်လည်း ရိပေါ်၏ ဂရုစိုက်မှုကြောင့် နာကျင်မှုတွေ ပျောက်ကုန်သလို ခံစားလိုက်ရသည့် သူ့အဖြစ်ကိုသာ ရယ်ချင်တော့သည်။

ဘာမဟုတ်သည့် ဒဏ်ရာလေးအပေါ်ကို ဂရုစိုက်ပေးနေသူကြောင့် ရင်တွေတဒိန်းဒိန်းခုန်ပေါက်လာရသည် မဟုတ်ပါလားလေ။

::::::::::::::::::::::::::::

[Love Knot]

ကောင်းကင်ထက်ရှိ သူရိန်နေမင်းက လောကတစ်ခွင်ကို အပူရှိန်နှင့်အတူ အလင်းရောင်ပေးလျက်ရှိနေသည်။ လေပြည်ညှင်းကတော့ သင်းသင်းကလေးနှင့် သန့်ရှင်းလတ်ဆတ်နေသည်။ ငှက်ငယ်တို့ကတော့ ကောင်းကင်တွင်ပျံ၀ဲကာ အစာရှာလို့နေလျက်။

နှစ်ထပ်တိုက်လေး၏ အပေါ်ထပ်၀ရံတာမှတစ်ဆင့် ဟိုးအဝေးရှုခင်းကို ငေးကြည့်နေသူက ပိုင်စစ်ယွမ်။

"ငါလည်းမင်းတို့လိုပဲ လွတ်လပ်ပေါ့ပါးတဲ့ ဘ၀လေးတစ်ခုလောက် ပိုင်ဆိုင်ချင်ခဲ့တာ"

တစ်ဦးတည်းကြားသာရုံမျှ တိုးတိုးကလေးရေရွတ်လိုက်မိသည်။ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်တော်ရယ်ဆိုသည့် ပျော်ရွှင်သော မိသားစုဘ၀လေးကို သူတမ်းတဖူးသည်။

သို့သော်ငြား ကံကြမ္မာက သူ့အပေါ်ကျီစားလွန်းခဲ့သည်။ ပျော်ရွှင်သောမိသားစုဘ၀လေးကို လိုချင်မိသူအပေါ်ကိုမှရက်စက်ခဲ့သည်။

မိခင်ကအိမ်ပေါ်က ဆင်းသွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း သူ့ကိုရောင်းစားခဲ့သည်မို့ ကလေးတစ်ယောက်နှင့် မမျှတစွာပင် လောကဓံကိုခါးစည်းခံခဲ့ရသည်။

ထိိုနောက်ပိုင်း ဖေဖေသေဆုံးသွားသည်ဟု သတင်းကြားရပြီး မေမေ့ကိုလည်း ရှာဖွေခဲ့ပေမယ့် သေသည်ရှင်သည်ပင် မသိရ။

အကယ်၍မေမေသာ ထိုစဉ်ကသူတို့နှင့်မခွဲခွာဘဲ အတူရှိနေခဲ့မည်ဆိုပါလျှင် သူလည်းအခုလိုမျိုး ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။

မေမေ။ တပည့်နှစ်ယောက်၏ အုပ်ထိန်းသူအဖြစ် သိကျွမ်းခင်မင်နေသော ထိုအမျိုးသမီးက သူ့မေမေတဲ့လေ။ မနေ့ကမှ အဖွဲ့ထဲမှ သူ့ကိုစောင့်ကြည့်ရန် စေလွှတ်ထားသည့်သူ၏ ပြောစကားကြောင့် သိလိုက်ရတာဖြစ်သည်။

သိသိချင်း ဘယ်လိုမှ မယုံကြည်နိုင်ပေ။ မယုံလျှင် ခေါင်းဆောင်ကိုမေးကြည့် ဆိုတာကြောင့် မေးမိတော့ အမှန်ပင်ဖြစ်နေခဲ့သည်။

ခေါင်းဆောင်က သိနေလျက်နှင့် သူ့ကိုစေလွှတ်ရက်ခဲ့သည်။ မိခင်ကိုစောင့်ရှောက်ထားသောထိုမိသားစုထံ ၀မ်းနည်းခြင်းတွေကို ဆောင်ကြဉ်းပေးဖို့ပေါ့။

"ဆရာ သက်ပြင်းတွေချလို့ပါလား နေမကောင်းဘူးလား"

ပိုင်စစ်ယွမ်တစ်ယောက်တည်း အတွေးနယ် ကျယ်ပြန့်နေစဉ်မှာပင် တပည့်ဖြစ်သူက အနားကိုရောက်လာသည်။

စစ်ယွမ်လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။ သို့သော်လည်း ထိုအပြုံးက အသက်မဲ့နေမှာတော့ အသေအချာပင်။

"ဆရာ မင်းကိုမေးစရာရှိတယ်"

"ဟုတ်ကဲ့မေးပါဆရာ"

"ဆရာကြားတာ မင်ယွဲ့နဲ့မင်းက မောင်နှမ မဟုတ်ဘူးဆိုတာ..."

"သြော် ကျွန်တော့်သူငယ်ချင်းတွေဆီက ကြားလာတာထင်တယ် ဟုတ်တယ်ဆရာရဲ့ ကိုကြီးနဲ့မမက အရင်းတွေလေ ကျွန်တော်က မေမေ့ရဲ့အရင်အိမ်ထောင်နဲ့ပါလာတာ"

ကြားလိုက်ရသောစကားကြောင့် ပိုင်စစ်ယွမ်၏ရင်ထဲ လှိုက်ခနဲဖြစ်သွားရသည်။ ဤသို့ဆိုလျှင် ဖေဖေပြောဖူးသည့်စကားဟာ အမှန်ဖြစ်နေမည်လား။

"ကျွန်တော်ပြောတာ ရှုပ်သွားလားဆရာ ဒီလိုပါ ကိုကြီးနဲ့မမက ဖေဖေ... အင်း... မေမေ့ရဲ့နောက်အိမ်ထောင်ပေါ့ သူ့ဘက်ကပါလာတာ ကျွန်တော်ကတော့ မေမေ့ရဲ့အရင်အိမ်ထောင်နဲ့ ကိုယ်၀န်ပါလာတာတဲ့"

"ဟုတ်နေတာပဲ တစ်ကယ်ဟုတ်နေခဲ့တာပဲ ညီလေးရယ်..."

ပိုင်စစ်ယွမ်တစ်ယောက် နံဘေးမှညီငယ်ဖြစ်သူကို ဖက်ကာငိုမိတော့သည်။ နှစ်ဦးသားကွာရှင်းစဉ်က မေမေ့မှာကိုယ်၀န်ပါသွားသည်ဟု ဖေဖေပြောခဲ့ဖူးသည်။

ထိုနောက်ပိုင်း မေမေ့ကိုရှာမည်ဟု ကြံစည်ချိန်မှာပင် အကြွေးပတ်လည်၀ိုင်းနေသည့်ဖေဖေက မထင်ရက်စွာပင် သူ့ကိုရောင်းစားခဲ့လေသည်။

"ဆရာ... ဟင် ငိုနေတာလား...ဘာဖြစ်လို့လဲဟင်ဘမဟုတ်မှ... ကျွန်တော့်ကိုကိုက...."

ကျင်းယွမ်ပိုင်တစ်ယောက် စကားပင်မဆုံးလိုက်ပေ။ ပိုင်စစ်ယွမ်၏ ခေါင်းညိတ်ပြမှုအဆုံးမှာ အိခနဲပင် ငိုရှိုက်လေတော့သည်။

သူသည်လည်း အစ်ကိုဖြစ်သူကို ရှာနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်ပါလားလေ။"ကိုကို... ဆရာက... ကျွန်တော့်ကိုကို..."

ကျင်းယွမ်ပိုင်က ဖက်ထားရာမှ ခွာလိုက်ကာ သူ့ကိုကြည့်လေတော့ ပိုင်စစ်ယွမ်လည်း မျက်ရည်တွေကြားမှ ခေါင်းညိတ်ပြမိသည်။

"မေမေသိရင်... အရမ်းပျော်သွားမှာ... ကျွန်တော် မေမေ့ကိုသွားပြောလို့ရမလား..."

မိခင်ဖြစ်သူကို ပြောပြချင်သေးသော်လည်း အစ်ကိုဖြစ်သူထံမှ ခွင့်ပြုချက်တောင်းနေသေးတာကြောင့် ပိုင်စစ်ယွမ်က ထပ်မံကာ ခေါင်းကိုသာတွင်တွင်ညိတ်ပြလိုက်သည်။

ထို့နောက် ၀မ်းသာအားရ ပြေးထွက်သွားသည့် ညီငယ်၏ကျောပြင်ကိုကြည့်ရင်း မျက်ရည်တို့ကိုသုတ်ပစ်လိုက်သည်။

"ဘာကြောင့်များ... ဘာကြောင့်များ အဖြစ်တွေက ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ..."

ရင်တစ်ခုလုံး နာကျင်နေသည်မို့ အံကိုကြိတ်ထားမိသည်။ သုတ်ပစ်လိုက်သော်ငြား မျက်ရည်တစ်စက်က ပေါက်ခနဲပါးပြင်ပေါ် ကျလာသေးသည်။

သူဘာဆက်လုပ်ရတော့မည်နည်း။ တစ်ဖက်က တာ၀န်။ တစ်ဖက်က မိခင်ရဲ့မိသားစု။

"ကျီစယ်လွန်းလိုက်တာ ကံကြမ္မာရယ် ဘာကြောင့်ကျွန်တော့်ကိုမှလဲ..."

နှုတ်မှရေရွတ်နေရင်း ပါးပြင်ပေါ်ထပ်မံကျလာသာမျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

"ငါ... သေရမယ်ဆိုရင်တောင် ကျေးဇူးကန်းတဲ့သူတော့ မဖြစ်စေရဘူး"

သူခပ်တိုးတိုး ရေရွတ်ပြီးနောက် ထိုနေရာမှ လှည့်ထွက်ခဲ့သည်။ မျက်နှာ၌မူ ဆုံးဖြတ်ချက်အပေါ် ပြတ်သားမှုတို့က နေရာယူခဲ့လေပြီ။

::::::::::::::::::::::::::::

ရှောင်းကျန့်သရုပ်ဆောင်နေသည်ကိုကြည့်ရင်း ရိပေါ်မျက်ရည်ကျနေမိသည်။ ဒါက ဇာတ်လမ်းတစ်ပုဒ်ဆိုပါသော်လည်း သူ့ရင်ထဲမချိပေ။

ရှောင်းကျန့်၏မျက်ရည်တို့ကို မြင်တိုင်း သူပါ၀မ်းနည်းတတ်သည်မှာ ဟိုးယခင်အချိန်မှစပြီး ယခုအထိမပြောင်းလဲသော အမှန်တရားဖြစ်သည်။

သူမည်မျှကြာအောင် အတွေးလွန်နေမိသည်မသိ။ ရှောင်းကျန့် သူ့အနားကို ရောက်လာတာတောင် မသိလိုက်ပေ။ သူမျက်ရည်ကျနေသည့်အပေါ် ရယ်လေမလားဟု တွေးလိုက်မိသော်လည်း ဆန့်ကျင်ဘက်ပင်။

လက်ကိုဆန့်တန်းကာ သူ့မျက်၀န်းမှ မျက်ရည်များကို လှမ်းသုတ်ပေးသည်တဲ့လေ။ ရှောင်းကျန့်၏မျက်၀န်းမှာလည်း သူနှင့်ထပ်တူ မျက်ရည်စတို့ တွဲလွဲခိုနေဆဲ။

ဒါဟာ စောစောက သရုပ်ဆောင်ရင်းကျဆင်ထားသည့် မျက်ရည်တွေ မခြောက်သေးတာလား။ ဒါမှမဟုတ် နှလုံးသားချင်းနီးစပ်သူကြောင့် အလိုလို မျက်ရည်ကျမိခြင်းပေလား။ ကာယကံရှင်သာ သိနိုင်ပေလိမ့်မည်။

"မငိုနဲ့တော့ လှလဲမလှပဲနဲ့"

မျက်ရည်သုတ်ပေးနေရင်းစနောက်တော့ ရိပေါ်ကမျက်ရည်တွေကြားထဲမှ ရယ်သည်။

"ကိုယ့်idol လေးရဲ့ သရုပ်ဆောင်စွမ်းရည် ကောင်းလွန်းလို့ မျောသွားတာပါဗျာ မယုံရင်ကြည့်ပါလား ဒီမှာမျက်ရည်တွေကျနေတုန်းပဲ"

"မြှောက်ပင့်နေပြီကြည့်..."

ရှောင်းကျန့်မနေတတ်စွာပင် ရိပေါ်၏ ပခုံးကို ဖြန်းခနဲရိုက်ထည့်လိုက်တော့သည်။ သို့သော်လည်း ရိပေါ်ကတော့ ရယ်နေဆဲသာ။

အနားမှာရပ်နေသော ကျင်းဖန်နှင့်အတူ staff တွေကတော့ မနိုင်စိန်နှစ်ယောက်ကို လက်သာမက ခြေပါမြှောက်ထားလိုက်ကြတော့သည်။

::::::::::::::::::::::::::::

ရိုက်ကွင်းနားတော့ ကြိုတင်ချိန်းဆိုထားသော သတင်းထောက်နှင့် သူတို့နှစ်ဦးလုံး အင်တာဗျူးလုပ်ဖြစ်ကြသည်။

အစပိုင်းမှာ 'Love Knot' ရိုက်ကူးရေးနှင့်ပတ်သတ်ပြီး မေးမြန်းသည်ဆိုသော်လည်း နောက်ပိုင်းမှာတော့ personal အပိုင်းကို ဆက်ပြီး အမေးအဖြေလုပ်ဖြစ်ကြသည်။

ပထမဆုံးမေးသည်က ဟင်းချက်ဝါသနာပါသည့် ရှောင်းကျန့်ကိုဖြစ်သည်။

"ရှောင်းကျန့်က ဟင်းချက်ဝါသနာ ပါတယ်ဆိုတော့ ပုံမှန်ဆိုဘယ်လိုဟင်းမျိုးတွေ ချက်ဖြစ်လဲ"

"အမ်... ဒါက... အများကြီးပဲ ငါးအချိုပြုတ်တာတို့ ၀က်သားပြားအချိုချက်တို့ အမဲသားအချိုပြုတ်တို့..."

"ရှောင်းကျန့်ရာ အချိုတောထဲက ထွက်ဦးမှာလား"

"မင်းစားချင်နေပြီမဟုတ်လား"

ရှောင်းကျန့်က သူချက်ခဲ့ဖူးသောဟင်းအမည်များကို ပြန်စဉ်းစားရင်းဖြေချိန်မှာ ရိပေါ်ကစနောက်သည်။ ရှောင်းကျန့်ကလည်း သေးသေးလေးပင်အတင်မခံဘဲ ပြန်ပြောသည်မို့ သတင်းထောက်ဖြစ်သူသာမက အနားမှာရှိနေသူတွေပါ ရယ်နေရတော့သည်။

"ရှောင်းကျန့်ရေ တစ်ကယ်လို့ ပရိတ်သတ်တွေ၊ ဒါမှမဟုတ် မိတ်ဆွေတွေထဲက တစ်ယောက်ယောက်ကိုသာ ဟင်းချက်ကျွေးရမယ်ဆိုရင် ဘယ်သူ့ကိုအရင်ဆုံးချက်ကျွေးချင်လဲ"

"သေချာပေါက် သခင်လေး၀မ်ကိုပေါ့"

ရှောင်းကျန့်က စဉ်းစားမနေဘဲ ဖြေလိုက်သည်မို့ ရိပေါ်၏ နှုတ်ခမ်းထောင့်စွန်းလေးက ယောင်ယောင်လေး ကွေးတက်သွားရသည်။ သတင်းထောက်နှင့် အနီးရှိအခြားstaff တွေကတော့ အံ့အားသင့်ဟန် ဖြစ်သွားကြသည်။

အဲ... မင်းတို့ဘာတွေ တွေးနေကြတာလဲ။ ဒီကရှောင်းကျန့်လေးက ရိုးရိုးသားသားဖြေတာလေ။ ရပ်စမ်း...။ မင်းတို့အတွေးတွေ ခြကိုက်ကုန်တာလား။

"ဘာလို့ကိုယ်လဲ"

"ဘာလို့လဲဟုတ်လား အစ်မအသံကြားလား"

ရိပေါ်၏အမေးစကားကြောင့် ရှောင်းကျန့်က နှုတ်ခမ်းပေါ်တွင် လက်ညှိုးကိုကန့်လတ်ဖြတ်တင်ကာ တိတ်ဆိတ်စွာ နားထောင်ရန် အမူအရာပြသည်။ ထို့နောက် ဆက်ပြောလိုက်သည်က -

"ဂွီဂွီတဲ့ ငါးအချိုပြုတ်လို့ ပြောလိုက်ကတည်းက တစ်ယောက်ယောက် ဗိုက်ဆာနေတဲ့အသံလေ"

ရှောင်းကျန့်ထံမှ စနောက်စကားကိုကြားတော့ သတင်းထောက်ဖြစ်သူမှာ ရိပေါ်ကိုကြည့်ကာ ရယ်မိတော့သည်။ ရိပေါ်လည်း ခပ်ယောင်ယောင်လေးပြုံးနေရင်းမှ တည်သွားရကာ ရှောင်းကျန့်ကို မကြည်ဟန်ဖြင့် ကြည့်ပြလိုက်သည်။သို့သော်ငြား ရှောင်းကျန့်ကတော့ သူ့ကိုစနောက်နေတာ ရပ်မသွားသည့်အပြင် ပို၍ပင်ရယ်နေလေတော့ နားအနားကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်းကျန့်၏ စနောက်နေခြင်းတို့ တိခနဲရပ်သွားကာ ပါးပြင်နုနုသည်လည်း ရဲသွားရလေတော့သည်။ ရိပေါ်ပြောလိုက်သည်က -

"ကိုယ်က ငါးအချိုပြုတ် စားချင်တာမဟုတ်ဘူး ယုန်သားကစားချင်နေတာ တိတိကျကျပြောရရင် ရှေ့သွား၂ချောင်းကြီးကြီးလေးနဲ့ လူစကားပြောတတ်တဲ့ယုန်လေးလေ" ဟုပင်ဖြစ်လေသည်။

::::::::::::::::::::::::::::