Chapter 1
Viewers 1k

အခန်း၁ - အနီရောင်မီးအိမ်

 

မီကျား မျက်လုံးဖွင့်ကာ အနည်းငယ် ဝေဝါးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် အဆုံးမဲ့သည့်အနက်ရောင် ရေကန်ကြီး တစ်ခုသာ ရှိနေသည်။ အောက်ကို ငုံ့ကြည့်လိုက်မိရာ ရေကန်အောက်ခြေ၌ ရေညှိပင်တွေလို မျောနေသော အရောင်ဖျော့ဖျော့ အရိုးစုလက်များကို မသဲမကွဲ မြင်နေရသည်။

 

သူ့ရှေ့တွင်မူ မှိန်ဖျော့ဖျော့ လင်းနေသည့် လမ်းကြားလေး တစ်ခုသာ ရှိသည်။ ခေါင်းကို စောင်းကြည့်လိုက်သောအခါ လမ်းကြားအဝင်ဝတွင် သစ်သား ဆိုင်းဘုတ်တစ်ခုကို သတိထားမိလိုက်သည်။ ထိုဆိုင်းဘုတ်တွင် “အဝါရောင် စမ်းချောင်းလမ်းကြား” ဟု သေချာထွင်းထားသော စာလုံး သုံးလုံး ရှိနေသည်။

 

ထိုလမ်းကြားက လူတစ်ယောက်တည်းသာ သွားလို့ရနိုင်ကာ ကျဉ်းမြောင်းလှသည်။ မြေပြင်တွင် အပေါက်အပြဲများ ပါသည့် အစိမ်းရောင် ဖြစ်နေသောအုတ်ချပ်များနှင့် ခင်းထားပြီး အက်ကြောင်းများကြား၌ ရေညှိများ ထူထပ်စွာ ပေါက်နေသည်။ မိုးရွာထားသည့်အတိုင်း အုတ်များက စိုစွတ်နေသည်။ နံရံနှစ်ဖက်စလုံးတွင် အစက်အပြောက်များ၊ အက်ရာများနှင့် ပြည့်နေပြီး စက္ကူမီးပုံး အများကြီးကိုလည်း ချိတ်ဆွဲထားသည်။ မီးပုံးများသည် တစ်တန်းက အဖြူရောင်၊ နောက်တစ်တန်းက အနီရောင်ဖြင့် အရောင်ချင်းမထပ်အောင် စနစ်တကျ ခွဲခြားထား၍ လမ်းကြားဆုံးထိတိုင် တန်းစီနေသည်။

 

အဆုံး၌ တစ်စုံတစ်ရာ လှုပ်ရှားနေဟန် ရှိသော်လည်း မြူများကြောင့် ရှင်းရှင်းလင်းလင်း ခွဲခြား၍ မရနိုင်ခဲ့ပေ။

 

ထို့ကြောင့် သူခြေလှမ်း မြန်မြန်လှမ်းကာ လျှောက်သွားလိုက်သည်။

 

လက်လှမ်းမီလုနီးပါးရှိသည်အထိ ထူထပ်သော မြူများကို လက်နှင့် တွန်းဖယ်ပြီးနောက် လမ်းကြားအဆုံး၌ မည့်သည့်အရာရှိနေသည်ကို သူနောက်ဆုံးတွင် မြင်လိုက်ရသည်။

 

ထိုအရာက ကြီးမားသည့် မီးအိမ်ကြီး တစ်လုံးဖြစ်နေသည်။ အနီရင့်ရောင် ဖြစ်ပြီး မှိန်ပျပျ အနီရောင် အလင်းများကို ထုတ်လွှတ်ကာ လေထဲ၌ တိတ်ဆိတ်စွာ ဆိုင်းငံ့ပြီး လည်ပတ်နေသည်။

 

ဖယောင်းတိုင်အလင်းကနေ မီးပုံးမျက်နှာပြင်ပေါ်သို့ ရိုက်ခတ်နေသော အလင်းပြန်သည့် မြင်ကွင်းက သူ့ကို အထူးတလည် ရင်းနှီးကျွမ်းဝင်သလို ဖြစ်စေသည်။

 

မြင်ကွင်းအတွင်းရှိ လူငယ်လေးက ဆံပင်ညှပ်ရန် အခွင့်မသာသောကြောင့် ဆံပင်များ ရှည်လွန်း၍ ထိပ်တွင် ဆံထုံးသေးသေးလေး စည်းထားသည့် ဆံပင်အနီများ ပိုင်ဆိုင်ထားသည်။ သူက ရက်ပေါင်းများစွာ အိပ်ရေး၀၀ မအိပ်ရသေးပုံပေါက်သော်လည်း လုံးဝ ပင်ပန်းနွမ်းနယ်နေပုံတော့ မပေါ်ပေ။ သူက ကွန်ပျူတာ မျက်နှာပြင်ကို စိုက်ကြည့်နေပြီး သူ၏ ပုံဆွဲ တက်ဘလက်ပေါ်၌ တစ်ခုခုကို အလျင်အမြန် ပုံကြမ်းဆွဲနေသည်။

 

ရှုပ်ပွနေသည့် စားပွဲပေါ်၌ ခေါက်ဆွဲခြောက် ခွက်အလွတ်များနှင့် အမျိုးမျိုးသော ထူးဆန်းသည့် သတ္တဝါပုံများ ရေးဆွဲထားသော ပုံကြမ်းစာရွက်များ အပြည့်ရှိနေသည်။

 

ပြတင်းပေါက်အပြင်ဘက်တွင် မိုးလင်းလာချိန်၌ ထိုလူငယ်လေးက ပုံဆွဲတက်ဘလက်သုံးဖောင်တိန်ကို ချလိုက်ပြီး ဝမ်းမြောက်စွာဖြင့် “နောက်ဆုံး ဇာတ်ကောင် ပြီးသွားပြီ...အခု ပရိုဂရမ်ထဲ ထည့်ရုံပဲ ကျန်တော့တယ်၊ ဒါဆို ပြီးပြီ။” ဟု အော်လိုက်သည်။

 

သို့သော် သူ ပုံကို သိမ်းရန် ညာဘက်ကလစ် မနှိပ်ရသေးခင်မှာဘဲ ရုတ်တရက် ခေါင်းကို ဖိကိုင်ရင်း နာကျင်စွာ ကုန်းညွှတ်သွားသည်။

 

မြင်ကွင်းထဲမှ လူငယ်လေးသည် ကွန်ပျူတာကို မနည်း ထိန်းချုပ်ရန် ကြိုးစားသော်လည်း နောက်ဆုံး ကွန်ပျူတာရှေ့၌ လဲကျသွားသည်ကို ကြည့်ပြီး မီးအိမ်ရှေ့တွင် ရပ်နေသည့် မီကျား ရုတ်တရက် အရေးကြီးသည့် အရာတစ်ခုကို သတိရသွားသလို ဖြစ်သွားသည်။ ထို့နောက် သူက သဘောပေါက်သွားသည့် အမူအရာနှင့် “အား...” ဟု အာမေဋိတ်ပြုလိုက်သည်။

 

“ငါ သေသွားပြီပဲ...”

 

သူ့မျက်နှာတွင် အကြီးမားဆုံးသော စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။ “ဒုက္ခပဲ။ ငါ့ရဲ့ ပုံကြမ်းတွေ မသိမ်းရသေးဘူး... ငါ့ရဲ့ ကိုယ်ပိုင် ဖိုင်တွဲတွေ မဖျက်ရသေးဘူး... Monster Hunter ကန့်သတ်ထုတ် ရုပ်တုလေးလည်း မရောက်သေးဘူး... Yu-Gi-Oh ကတ်ပြား အထူးအစီအစဉ်လည်း မပြည့်စုံသေးဘူး....”

 

မီကျား သေဆုံးသွားသည်ကို ပြသပြီးနောက် လည်‌နေသော ကြီးမားသည့် မီးအိမ်က ရပ်တန့်သွားသည်။ ထို့နောက် မျက်နှာပြင်ပေါ်၌ အနီရောင် စာသားတစ်ကြောင်း ပေါ်လာသည် -

 

[ချစ်ခင်ရသော ကစားသမားရေ၊ မင်္ဂလာပါ။ ထပ်မံ၍ အနန္တ ကမ္ဘာပျက်ရှင်သန်သူအဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ယူပါတယ်။ သယ်ဆောင်ရနိုင်သော တိုက်ရိုက်ထုတ်လွှင့်မှု စနစ် အမှတ်စဉ် ၀၀၇ မှ ဝန်ဆောင်မှု ပေးနေပါတယ်။]

 

ဘဝပန်းတိုင် မရောက်ခင် ရုတ်တရက် သေဆုံးခဲ့ရသည့်ဝမ်းနည်းမှုမှ မီကျား စိတ်ကို ပြန်လည် စုစည်းကာ မီးအိမ်ဆီ ချဉ်းကပ်၍ ဘယ်လိုများ လေထဲ၌ မြောက်နေသလဲဆိုတာ သိရန် ဆွဲဖြုတ်ကြည့်ဖို့ ကြိုးစားလိုက်သည်။ သို့သော် အကြိမ်ပေါင်းများစွာ ဆွဲသော်ငြားလည်း ရွှေ့၍မရသည့်အတွက် သူ လက်လျှော့လိုက်ရသည်။

 

သူ မီးအိမ်ကို လေးငါးပတ် ပတ်၍ လျှောက်ကြည့်ရင်း မေးလိုက်သည် - “ငါ သေသွားတာလား၊ ဒါမှမဟုတ် အိပ်မက်မက်နေတာလား”

 

 

မျက်နှာပြင်ပေါ်မှ စာသားများသည် သေးငယ်သောအနီရောင် အလင်းမှုန်လေးများအဖြစ် ပြန့်ကျဲသွားပြီးနောက် အလျင်အမြန် ပေါင်းစပ်ကာ စာကြောင်းအသစ်တစ်ခု ဖြစ်လာသည်။

 

[သင်သည် သေတစ်ဝက် ရှင်တစ်ဝက် အခြေအနေတွင် ရှိနေသည်။ ဂိမ်းတွင် ပါဝင်ပါက ရှင်သန်မည်။ ငြင်းဆန်ပါက သေသွားမည်။]

 

ဘုရားရေ၊ ဒါက ရှရိုဒင်ဂါ ရဲ့ အသက်ရှင်ခြင်းပဲ။

 

“ဒါဆို ဒီနေရာက ဘယ်လိုနေရာလဲ?”

 

[ငရဲတံခါးဝ။]

 

“ကျွန်တော် တစ်သက်လုံး မကောင်းမှု မလုပ်ခဲ့ဘူး၊ ဘယ်လိုလုပ် ငရဲကို ရောက်လာတာလဲ” မီကျား ခေါင်းကုတ်လိုက်သည်။ “ဒါဆို ကောင်းကင်ဘုံကို တက်တဲ့လှေကားလည်း ရှိတယ်ပေါ့?”

 

မီးအိမ်က သူ့မေးခွန်းကို တုံ့ပြန်ခြင်းမရှိဘဲ ဆက်လက်ဖော်ပြသည်။

 

[ဂိမ်းကို ဖြေရှင်းနိုင်ပါက ဘဝသစ်တစ်ခုကို ရရှိမည်။ ရှုံးနိမ့်ပါက သို့မဟုတ် ပါဝင်ရန် ငြင်းဆန်ပါက သင်ရဲ့တည်ရှိမှုကို အပြီးအပိုင် ဖျက်စီးပစ်မည်။]

 

“ဂိမ်းတဲ့လား...” ဂိမ်းအကြောင်း ပြောလိုက်သည်နှင့် မီကျားက သူ၏ မသိမ်းရသေးသည့် ပရောဂျက် ဖိုင်များကို သတိရသွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။ သူ ချစ်ခြင်းမေတ္တာ ပျိုးထောင်သောဂိမ်းကို ဖန်တီးရန်အတွက် အချိန်နှင့် စွမ်းအင်များစွာကို သုံးခဲ့သည်။ ပြီးခါနီးပြီ၊ ဒါပေမဲ့ သူအရင်ဆုံး သေဆုံးသွားခဲ့ပြီ။ ရုတ်တရက် သေဆုံးသွားသောကြောင့် သူ့ကွန်ပျူတာပေါ်မှ ကိုယ်ပိုင် ဖိုင်တွဲများကိုပင် ဖျက်ဖို့ အချိန်မရခဲ့ပေ... သူသေပြီးနောက်မှာ သူ့ကွန်ပျူတာနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဖိုင်တွေကို လှန်လှောကြည့်မယ့် လူတွေ မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်.... မဟုတ်ရင် သူ့ရဲ့ ထူးဆန်းသည့်XP တွေနဲ့ဆို... သူသေပြီးနောက်မှာ နောက်ထပ် နာမည်ပျက်မှူ တစ်ခုကိုပါ ထပ်ကြုံရင်ဆိုင်ရနိုင်တယ်...

 

ဒါပေမဲ့ ဒီ ၀၀၇ စနစ်က သူလုံးဝ မသေသေးဘူးလို့ ပြောတယ်၊ ဒါဆို သူအသက်ရှင်လျက် ပြန်သွားနိုင်တယ်လို့ ဆိုလိုတာလား?

 

သူ့ဂိမ်းကို ပြီးအောင် လုပ်ဖို့ အခွင့်အရေး ရှိနေသေးတယ်....

 

ထိုအကြောင်းကို တွေးလိုက်မိရင်း မီကျား၏ စိတ်ဓာတ် နည်းနည်းလေး တက်ကြွလာသည်။ “ဒါက ဘယ်လို ဂိမ်းမျိုးလဲ?”

 

[ဒါက ကမ္ဘာပျက် ရှင်သန်ရေး ဂိမ်း ဖြစ်ပါတယ်။ ပင်မစနစ်က အဆင့်နိမ့် ကမ္ဘာတွေကနေ မတော်တဆ သေဆုံးသွားသူတွေ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် သတ်သေသူတွေကို ရွေးချယ်ပြီး အမျိုးမျိုးသော ကမ္ဘာပျက်ကမ္ဘာတွေထဲကို ပို့ချပေးမှာပါ။ ရှင်သန်သူတွေက သတ်မှတ်ထားသော အချိန်အထိ ကမ္ဘာပျက် ကမ္ဘာတွေထဲမှာ ရှင်သန်ဖို့၊ ဒါမှမဟုတ် ကမ္ဘာဘော့စ် ကို သတ်ပြီး အဆင့်ကို ဖြတ်ကျော်ဖို့ ရွေးချယ်နိုင်ပါတယ်။]

 

[ဂိမ်းထဲမှာ သေဆုံးခြင်းက လက်တွေ့မှာ သေဆုံးခြင်းကို ဆိုလိုပါသည်။ မစ်ရှင် ရည်မှန်းချက်များကို မအောင်မြင်ခြင်းက သေဆုံးခြင်းကို ဆိုလိုသည်။ လိုအပ်သောအချိန်အထိ အောင်မြင်စွာ ရှင်သန်ခြင်း သို့မဟုတ် ကမ္ဘာဘော့စ်ကို သတ်ခြင်းက သင့်အား ရှင်သန်ရေး အမှတ်များ ရရှိစေမည်ဖြစ်ပြီး ၎င်းတို့ကို အသက်၊ ရှင်သန်ရေး စွမ်းရည်များနှင့် အဆင့်မြင့် ကမ္ဘာများတွင် နေထိုင်ခွင့် အပါအဝင် အပိုဆုများ ရယူရန်အတွက် အသုံးပြုနိုင်ပါသည်။]

 

“ဒါဆို၊ ကျွန်တော် ရှင်သန်ရေး အမှတ်တွေနဲ့ အသက်ကို လဲလှယ်ရင် ကျွန်တော့်ရဲ့ မူရင်းကမ္ဘာကို ပြန်သွားနိုင်မှာလား?”

 

[ဟုတ်ပါတယ်။]

 

အနီရောင် စာသားက နှစ်စက္ကန့်လောက် ရပ်သွားသည်။

 

[အကယ်၍သာ အဲ့ဒီကမ္ဘာက ရှိနေသေးရင်ပေါ့။]

 

ထိုနောက်ဆုံးစာကြောင်းကို ကြည့်လိုက်သောအခါ မီကျား တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သို့သော်  ဤ”ရှိနေသေး” သည်ဟူသော စကားလုံးက ဘာကိုဆိုလိုသလဲဟု ဆက်လက်မေးရန် အချိန်မရလိုက်မီမှာပင် ထိုအနီရောင် စကားလုံးများက တစ်ဖန် ပြန့်ကျဲပျောက်ကွယ်သွားပြီး စာကြောင်းအသစ်တစ်ခု ဖြစ်ပေါ်လာသည်။

 

[အနန္တ ကမ္ဘာပျက်ဂိမ်းတွင် ပါဝင်ရန် သင် ဆုံးဖြတ်ပြီးပြီလား။]

 

မီကျားရှေ့တွင် ရုတ်တရက် အပြာရောင်နှင့် အနီရောင် အိုင်ကွန်နှစ်ခု ပေါ်လာသည်။ တစ်ခုက ဟုတ်သည်၊ နောက်တစ်ခုက မဟုတ်ဘူး ဖြစ်သည်။

 

သူတွန့်ဆုတ်သွားပြီး ဟုတ်သည်ကို နှိပ်လိုက်သည်။

 

[လည်နေသော မီးအိမ်အား လည်ပတ်နေသည်။]

 

အနီရောင် စာလုံးများက အလင်းမျက်နှာပြင်ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

 

[ရှင်သန်သူတိုင်းသည် လည်နေသော မီးအိမ်မှတစ်ဆင့် ၎င်းတို့၏ကိုယ်ပိုင် ထူးခြားသည့် ဂုဏ်သတ္တိများနှင့် စွမ်းရည်များကို ရရှိမည်ဖြစ်သည်။]

 

[ရှင်သန်သူ မီကျား၏ လည်နေသော မီးအိမ်ကို တင်ပြီးပါပြီ၊ ကျေးဇူးပြု၍ အတည်ပြုပါ။]

 

အီလက်ထရွန်နစ်စနစ်၏ စကားသံများအဆုံးတွင် သူ့ရှေ့၌ ပွင့်လင်းမြင်သာသော ဘောင်ကွက် တစ်ခု ပေါ်လာသည်။

 

[ရှင်သန်သူ အမည်- မီကျား] 

 

[ကျား/မ- ?] 

 

[ထူးခြားသော ဂုဏ်သတ္တိ- ဘီလူးရူးသွပ်သူ။ ဘီလူးအားလုံး၏ မူလနှစ်သက်မှု +၁၀] 

 

[စွမ်းရည်- ချစ်ခြင်းမေတ္တာပျိုထောင်ရေး[အဆင့် ၀] (NPC အခြေခံဘောင်ကွက်တွင် နှစ်သက်မှု ရွေးချယ်စရာအသစ် ထည့်သွင်းပေးသည်။ လူသားမဟုတ်သော သတ္တဝါများပေါ်တွင်သာ အကျိုးသက်ရောက်သည်။ ချောမွေ့စွာလုပ်နိုင်ရန်နှင့် မျိုးပွားမှုဆိုင်ရာ အထီးကျန်ခြင်းကို ရှောင်ရှားရန် တစ်နေ့လျှင် ၅ မိနစ် အသွင်ပြောင်းနိုင်သည်။ အဆင့်မြှင့်တင်နိုင်သည်)]

 

 

[ခွန်အား- ၁၀ (ရိုးရိုးအားအင်သက်သက်။)] 

 

[ခံစစ်- ၀ (ကြက်ဥတစ်လုံးနှင့်တောင် သင့်ကို သတ်နိုင်သည်။)]

 

 [ဉာဏ်ရည်- ၀ (ဘုရားသခင်က မြေကြီးပေါ်မှာ ဉာဏ်ပညာတွေထည့်ပေးတတ်ပေမယ့် သင့်ကိုတော့ ထီးတစ်ချောင်းပေးလိုက်သည်။)] 

 

[ဆွဲဆောင်မှု- ၁၀ (လူသားမဟုတ်သော သတ္တဝါများ၏ မျက်လုံးထဲတွင် သင်သည် အဖော်မွန် ဖြစ်ဖို့ အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်သည်။ (လူသားမဟုတ်သော သတ္တဝါများအတွက်သာ အကျိုးသက်ရောက်ပြီး လူသားများအတွက်တန်ဖိုးမရှိပါ။)]

 

မီကျား: ...

 

ဒီဂုဏ်သတ္တိ ဘောင်ကွက်က အရမ်း တဖက်စွန်းရောက်နေတာပဲ...

 

ဉာဏ်ရည် ‘၀’ ဆိုတာက ဘာလဲ။ သူဒီလောက်အထိ မိုက်မဲရတာလား...ပြီးတော့ သူ့ကျား/မ က ဘာလို့ မေးခွန်းအမှတ်အသား ဖြစ်နေရတာလဲ..

 

မီကျား သံသယဖြင့် အောက်ကို ငုံ့ကြည့်လိုက်ရာ သူ၏ “ညီလေး” က ရှိနေသေးကြောင်း အတည်ပြုနိုင်သဖြင့် သက်ပြင်းချလိုက်သည်။

 

[ဂိမ်း၏ အခြေအနေကို ပူးတွဲ တိုက်ရိုက်ထုတ်လွှင့်မှု စနစ်မှတစ်ဆင့် အဆင့်မြင့် ကမ္ဘာအသီးသီးမှ ပရိသတ်များထံ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာပဲဖြစ်ပါတယ်။ ရှင်သန်သူသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှတစ်ဆင့် ပရိသတ်များထံမှ အပိုဆုများ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ပရိသတ်များ၏ အဆိုးမြင် မှတ်ချက်များက ရှင်သန်မှု အခက်အခဲကို တိုးမြှင့်စေနိုင်ပါတယ်။ ဒါမှမဟုတ် ကြည့်ရှုသူများမှ ရှင်သန်သူများကို လိုက်လံရှာဖွေရန် ဘီလူးများ ပို့လွှတ်စေနိုင်ပါတယ်။]

 

“ဘီလူး” ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ မီကျား၏ မျက်လုံးများ အနည်းငယ် အရောင်တောက် လာသည်။ “ဘီလူးတွေလား? ဘယ်လို ဘီလူးမျိုးတွေလဲ? သူတို့က ကြောက်စရာကောင်းလား? ထူးဆန်းသလား? ထိတ်လန့်စရာ ကောင်းနေမလား?”

 

ရုတ်တရက် စိတ်လှုပ်ရှားလာသော လက်ခံသူကို ကြည့်ရင်း တိုက်ရိုက်ထုတ်လွှင့်မှု စနစ် ၀၀၇ မှာ အနည်းငယ် စကားမဲ့သွားပြီး သတိပေးလိုက်သည်-

 

[ရှင်သန်ခွင့် အခွင့်အရေးက အန္တရာယ်ရှိနေပါတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး စကားကို သတိထားပါ၊ ပရိသတ်တွေကို လွယ်လွယ်နဲ့ ရန်မစမိပါစေနဲ့!]

 

သို့သော် လူသားမဟုတ်သော သတ္တဝါများကို ရူးသွပ်သူဖြစ်သည့် မီကျားသည် ဤကြင်နာသော သတိပေးချက်ကို လုံးဝ လျစ်လျူရှုလိုက်သည်။ သူသည် ပရိသတ်များကို ဘီလူးများ ချပေးရန် မည်သို့ လှည့်စားရမည်ကို စဉ်းစားနေပြီ ဖြစ်သည်။

 

တခြားကမ္ဘာတွေက ဘီလူးတွေက ဘယ်လိုပုံတွေများ ဖြစ်နေမလဲ။ အရမ်းကို သိချင်လိုက်တာနော် !

 

[ဂိမ်းစတော့မှာ ဖြစ်ပါတယ်။ လက်ခံသူ၊ ကျေးဇူးပြု၍ အသင့်ပြင်ထားပါ။]

 

[ပင်မ မစ်ရှင်- ရက် ၃၀ ရှင်သန်ပါ / လူသစ် ဇုန်၏ ကမ္ဘာဘော့စ်ကို သတ်ပါ။]

 

[ရက် ၃၀ ရှင်သန်ပါက အခြေခံ ဆုလာဘ်များ ရရှိမည်။ ဘော့စ်ကို သတ်ပါက အပိုဆုများ ရရှိမည်။]

 

[ရင်းနှီးစွာ သတိပေးခြင်း- လူသစ်ဇုန်တွင် ကြေးဆုတံဆိပ် အခု၂၀ကို တပ်ဆင်ထားပြီး အခြေခံ ထောက်ပံ့ရေးပစ္စည်းများနှင့် အဆင့်နိမ့် ရှင်သန်ရေး ပစ္စည်းများ ရှိပါတယ်။ ဖွင့်ပြီးနောက် ပြန်လည် ဖြည့်သွင်းမည် မဟုတ်ပါ၊ ထို့ကြောင့် ဂိမ်းထဲသို့ ဝင်ရောက်ပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေပါ။]

 

[ကမ္ဘာပျက်ကမ္ဘာ လူသစ်ဇုန် Module အမှတ်စဉ် ၃၀၇၃ ကို တင်နေပါသည်။]

 

ထူထပ်သောမြူနှင့် မှိန်ပြပြလမ်းကြားမှာ တဖြည်းဖြည်း ပုံပျက်လာသည်။ ရေထဲသို့ ကျောက်ခဲများပစ်ချလိုက်သကဲ့သို့ ဖြစ်လာသည့် လှိုင်းတွန့်များလို ဖြစ်လာသည်။

 

ထိုလှိုင်းတွန့်များက မီကျား အထူးရင်းနှီးသည့် အခန်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားရန် အချိန်ကြာကြာ မယူလိုက်ရပေ။

 

[တင်ပြီးပါပြီ။]

 

[ရှင်သန်သူ မီကျား၊ ကမ္ဘာပျက်ကမ္ဘာ လူသစ်ဇုန် #၃၀၇၃ မှ ကြိုဆိုပါတယ်။ ပျော်ရွှင်စရာ ဂိမ်းကစားချိန် ဖြစ်ပါစေ။]

 

မီကျား ခေါင်းကို မော့ပြီး နည်းနည်း တုန်ယင်‌နေသည့် မျက်လုံးထောင့်များကို ပွတ်သပ်လိုက်သည်။

 

မနက်ခင်း အလင်းရောင် မှိန်ပျပျလေးက ပြတင်းပေါက်ငယ်လေးကနေတဆင့် စိမ့်ဝင်လာသည်။ သူ့ပတ်ပတ်လည်က နံရံတွေမှာ အမျိုးမျိုးသော ဘီလူး ပိုစတာအပြည့်၊ စာအုပ်စင်များ၌ ဘီလူး စွယ်စုံကျမ်းများဖြင့် ပြည့်နေပြီး သူ့၏ ပြခန်းမှာတော့ သူစုဆောင်းထားသည့်၊ ဆေးခြယ်ထားသော ရုပ်တုငယ်လေးများနှင့် အမှတ်မထင် ပစ္စည်းလေးများကို ပြသထားသည်။

 

ထောင့်မှ အခန်းတံခါးသည် ဟနေပြီး မပြီးသေးသည့် ပန်းပုရုပ်များနှင့် ပြန့်ကျဲနေသည့် ကိရိယာများကို မြင်နေရသည်။

 

အချိန်ကြာမြင့်စွာ အလုပ်မလုပ်ဘဲ ထားခဲ့သည့် ကွန်ပျူတာက စခရင်စေ့ဗာ မုဒ်ကို ရောက်နေလေပြီ။ စခရင်စေ့ဗာက သူကိုယ်တိုင် ဆွဲထားသည့် ကောင်းကင်တမန်ပုံဖြစ်သည်။

 

ဤကောင်းကင်တမန်သည် လူများ ရင်းနှီးကျွမ်းဝင်သည့် သမားရိုးကျ ချောမောလှပသည့် ပုံသဏ္ဌာန်များနှင့် လုံးဝကို ကွဲပြားခြားနားသည်။ ထိုအစား ၎င်းသည် ပုံသဏ္ဌာန် မမှန်သော၊ ထူးဆန်းသည့် ဖန်တီးမှုတစ်ခု ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များနှင့် လောင်ကျွမ်းနေပြီး အနီရောင် တောင်ပံခြောက်ခု ရှိသည်။ နှစ်ခုက မျက်နှာကို ဖုံးထားကာ ၊ နှစ်ခုမှာ အောက်ပိုင်းကို ကာကွယ်ထားပြီး နှစ်ခုက ဆန့်တန်းထားသည်။ ထိုတောင်ပံများ၏ အလယ်ဗဟိုတွင် လူသားပုံသဏ္ဌာန် မှေးမှိန်မှေးမှိန်ကို မြင်နေရသော်လည်း မျက်နှာသွင်ပြင် မရှိပေ။ သူ့ကိုယ်ပေါ်၌ သွေးနီရောင် သွေးကြောကဲ့သို့ ပုံစံများသည် မျက်လုံးပုံစံ ဖန်တီးထားပြီး ထိုအရာအားလုံးသည် သူ့ရင်ဘတ်ထဲ၌ မြှုပ်ထားသည့် ကြီးမားသော၊ ဒေါင်လိုက် အနီရောင် မျက်လုံးကြီး တစ်လုံးနှင့် ချိတ်ဆက်နေသည်။

 

ထိုအချိန်တွင် ဤမျက်လုံးသည် သူ့အား တိတ်ဆိတ်စွာ ကြည့်နေပုံရသည်။

 

သူ ခဏတာ ကြောင်သွားပြီးနောက်မှာတော့ သူ အိမ်ကို ပြန်ရောက်နေပြီဆိုတာ နောက်ဆုံး သဘောပေါက်သွားသည်။

 

အဆင့်မြင့် ကမ္ဘာ - တောင်ပိုင်း လက်ဝါးကပ်တိုင်

အဖြူရောင် တိုင်ခန်းများ  အပြည့်ရှိသည့်ရုံးခန်းတစ်ခုတွင် အဖြူရောင် ယူနီဖောင်းဝတ်ထားပြီး လုပ်ငန်းအမှတ်အသားများ ဝတ်ထားသည့် လူအတော်များများမှာမူ အလုပ်ရှုပ်နေကြသည်။

 

သူတို့ တစ်ယောက်စီတိုင်း၌ အဖြူရောင် တောင်ပံများ ရှိကြပြီး တောင်ပံခတ်လိုက်တိုင်း တခါတရံ အမွေးများ ကြွေကျလာသည်။ သို့သော် အမွေးများက မြေပြင်ကို မထိခင်မှာပင် အလင်းအဖြစ် ပြောင်းလဲသွားပြီး တောင်ပံဆီ ဖြည်းဖြည်းချင်း ပြန်ရောက်သွားကြသည်။

 

ရုံးခန်းနံရံ တစ်ခုလုံးတွင် ကြီးမားသောအီလက်ထရွန်နစ် မျက်နှာပြင်တစ်ခုက နေရာယူထားသည်။ အနည်းငယ် ပျင်းရိပုံပေါ်သည့် အမျိုးသားတစ်ဦးက သူ့၏ terminal ကို ဖွင့်ပြီး မျက်နှာပြင်ကို ဖန်သားပြင်ကြီးပေါ်သို့ ထုတ်ပြလိုက်သည်။

 

မြင်ကွင်းက ရိုးရှင်းပြီး အရမ်း သန့်ရှင်းပြီး တိုက်ရိုက်ဆန်သည်။ အပေါ်၌ [ရှင်သန်သူကို ကြည့်ရှုမည့်အချိန် ရေတွက်ခြင်း ၁၀:၂၃] ဟု ရေးထားသည်။

 

အောက်တွင် ဗီဒီယို လက်သည်းပုံများကို စနစ်တကျ စီထားပြီး တစ်ခုစီက အမျိုးမျိုးသော ထူးဆန်းသည့် သေဆုံးနည်းများအား အကြိမ်ကြိမ် ပြသနေသည်။

 

ဤသည်က လက်တွေ့ကျကျကို လူသားများ၏ အထူးခြားဆုံး သေဆုံးသည့်နည်းလမ်းကို ဖော်ပြနေခြင်းဖြစ်သည် ။

 

“ရှောင်းရန်၊ ရာသီသစ် စပြီနော်။ ဒီတစ်ခါ မင်း ဘယ်သူ့ကို ရွေးမှာလဲ?” အီဒင်က စာမျက်နှာ အနည်းငယ်ကို ပွတ်ဆွဲပြီး အပေါ်ဆုံး အဆင့်၌ လျင်မြန်စွာ ရေပန်းစားလာသော ဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။ ဗီဒီယိုထဲ၌ ညိုမှိုင်းနေသည့် မျက်နှာရှိသော လူငယ်တစ်ယောက်မှာ သွေးအိုင်ထဲတွင် မတ်တပ်ရပ်နေပြီး သွေးများ စိုရွှဲ‌နေသော ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူ့ပတ်ပတ်လည်၌ ရုပ်အလောင်းများကို အပိုင်းပိုင်းဖြတ်ထားပြီး ပြန်လည် စုစည်း၍ မရနိုင်လောက်အောင် သေးငယ်သည့်အပိုင်းများအဖြစ် ပိုင်းဖြတ်ထားသည်။ သွေးများက အခန်းထောင့်တိုင်းကို ပက်ကျဲနေပြီး အထူးရွံရှာစရာ မြင်ကွင်းကို ဖန်တီးထားသည်။

 

ဗီဒီယို၏ အဆုံးတွင် သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့်အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ဓားကို လည်ချောင်းပေါ် လှည့်ပြီး မတွန့်မဆုတ်ပဲ ထိုးသွင်းလိုက်သည်။ သွေးများပန်းထွက်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်တစ်ခုလုံးကို တစ်ဖန် အနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။

 

ဗီဒီယို အောက်ခြေတွင် ခလုတ်နှစ်ခု ရှိသည်။ အပြာရောင် “ကြိုက်သည်”ပုံစံနှင့် အနီရောင် “ခြေထောက်နဲ့နင်းချေသော”ပုံစံတို့ ဖြစ်သည်။

 

အီဒင်က လက်မထောင်ပြလိုက်သည်။

 

“ကျွန်မ မဆုံးဖြတ်ရသေးဘူး။ သူတို့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းတွေကို အရင်ကြည့်ဦးမယ်။ အဲဒါတွေက သူတို့ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကို သိရမယ့်အဓိကအချက်တွေပဲ” ဟု ရှောင်းရန်ဟု ခေါ်သော မိန်းကလေးက ပြန်ဖြေသည်။

 

သူမသည် တခြားသူများကဲ့သို့ အဖြူရောင် အလုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသည့် အဖြူရောင် တောင်ပံတစ်စုံ ရှိသည်။ သူမ လည်ပင်းမှ လည်ဆွဲကတ် မှာ “သင်တန်းသား လမ်းညွှန်” ဟူ၍ ရေးထားသည်။

 

သူမသည်လည်း ဗီဒီယိုတစ်ခုကို ဖွင့်လိုက်သည်။ ဗီဒီယိုထဲတွင် လှပသော မိတ်ကပ်လိမ်းခြယ်ထားပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ရှိသော အမျိုးသမီးတစ်ဦးက အဆောက်အအုံရဲ့ ခေါင်မိုးပေါ်မှ ရုံးခန်းတစ်ခု၌ ခြေထောက်ချိတ်ပြီး ထိုင်နေသည်။ သူမက ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး “ဗုံး!” ဟူသော အသံနှင့်အတူ အဆောက်အအုံအတွင်းတွင် ပေါက်ကွဲမှုထွက်ပေါ်လာပြီး မကြာခင်မှာပင် အဆောက်အအုံတစ်ခုလုံးကို အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားစေပြီး သူမ၏အသက်ကိုပါ ယူဆောင်သွားခဲ့သည်။

 

ချန်ရှောင်းရန်က ခဏတာ တွန့်ဆုတ်သွားပြီးမှ ဗီဒီယိုကို လိုက်ခ် ပေးလိုက်သည်။

 

“ဒီရာသီက လူသစ်တွေအားလုံးရဲ့ သေဆုံးမှုက တော်တော် စိတ်လှုပ်ရှားစရာ ကောင်းကြတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူ၊ ဆံပင်ညပ်ပြီး ကားနဲ့ ဆွဲခေါ်သွားခံရပြီး သေသွားသူ၊ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲသတ်သေသူ၊ အသတ်ခံရပြီး အပိုင်းပိုင်း ဖြတ်တောက်ခံရသူ... နောက်ပြီး အမှိုက်ကျင်းထဲ ပြုတ်ကျပြီး ရေနစ်သေဆုံးသူလည်း တကယ်ရှိသေးတယ်။” အီဒင်က စာမျက်နှာ ဒါဇင်များစွာကို အမြန်ဆုံး လှန်လိုက်ပြီး သူ့လက်ချောင်းသညိ နောက်ဆုံး၌ အောက်ခြေနားမှ ဗီဒီယိုတစ်ခုတွင် ရပ်သွားသည်။

 

၎င်းသည် ဆံပင်နီနီနဲ့ လူငယ်တစ်ယောက် ဖြစ်ပြီး အလွန် ချောမောပြီး မျက်နှာသွင်ပြင်က အနည်းငယ် ကျား-မ နှစ်မျိုးလုံး ရှိသော်လည်း သူက အားနည်းနေပုံတော့ မပေါ်ပေ။ သူ၏ ပြတ်သားပြီး သတ်မှတ်ထားသည့် စည်းမျဉ်းများသည် ပြင်းထန်သော အလှတစ်မျိုးကို ပေးစွမ်းသည်။ သူ့မျက်နှာသည် အမူအရာ မဲ့နေသည့်တိုင် သူ့ပါးစပ်ထောင့်က အနည်းငယ် ကွေးညွတ်နေပြီး သူ အမြဲတမ်း ပြုံးနေသလိုမျိုး အထင်အမြင်ကို ပေးကာ လူများကို ချက်ချင်း နှစ်သက်သွားစေသည်။ သူ့ကို တစ်ခါ ကြည့်လိုက်လျှင် အကြည့်လွှဲဖို့ ခက်ခဲသည်။

 

 

ရက်ပေါင်းများစွာ အိပ်ရေးပျက်ပြီးနောက် သူ့ကွန်ပျူတာမှာ ရုတ်တရက် သေဆုံးသွားပုံရပြီး သူကွယ်လွန်သွားသည့် အချိန်အထိ ဆက်လက် အလုပ်လုပ်ရန် ရုန်းကန်နေဆဲ ဖြစ်သည်။

 

၎င်းသည် ရုံးဝန်ထမ်းတစ်ယောက်အတွက် သာမန် သေဆုံးမှုတစ်ခုပင် ဖြစ်သည် ။  ထောင်ပေါင်းများစွာသော ဗီဒီယိုများတွင် အိပ်ရေးမမှန်မှုကြောင့် သေဆုံးသူ ရာနဲ့ချီ၊ ထောင်နဲ့ချီတောင် ရှိနေနိုင်ပေသည် ။ အမှန်တကယ် ကြည့်ရန် မတန်ပါပေ။

 

အီဒင် မျက်နှာပြင်ပေါ်မှ ဆံပင်နီရောင် လူငယ်လေး၏ မျက်နှာကို မမြင်ခဲ့လျှင် ဤမျှ ပျင်းစရာကောင်းသည့် သေဆုံးမှု ဗီဒီယို၌ တစ်စက္ကန့်မျှပင် ရပ်နေမည် မဟုတ်ပေ။ အနည်းငယ် နောင်တရစွာနှင့် သူသည် အနီရောင် ခြေနင်း အိုင်ကွန်ကို နှိပ်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည် : “ဒီလို ချောတဲ့မျက်နှာမျိုးကို နှမြောလိုက်တာ။ ဒီလို သေဆုံးမှုမျိုးနဲ့သာဆိုရင် လူသစ်ဇုန်တောင် ဖြတ်နိုင်မယ်မထင်ဘူး။”