Chapter 2
Viewers 1k

အခန်း(၂) - အစပြုဇုန်(လူသစ်ဇုန်)

 

မီကျား သူခုနက ကြုံတွေ့ခဲ့ရသည့်အရာများသည်  အဓိပ္ပာယ်မရှိသော အိပ်မက်တစ်ခုဟု ခဏတာမျှ ထင်ခဲ့မိသည်။

 

သို့သော် ဤသည်က အိပ်မက်မဟုတ်ဘူးဆိုသည်ကို သူသဘောပေါက်ရန် အချိန်အကြာကြီး မယူလိုက်ရချေ။ အဘယ်ကြောင့်ဆိုသော် သူဘယ်ဘက်ကိုပဲ ကြည့်‌စေကာမူ သူ၏ အမြင်အာရုံ ဘယ်ဘက်အပေါ်ထောင့်၌ “DAY 1” ဆိုသည့် စာသားက ရှိနေဆဲပင်။

 

ထို့နောက် သူ့ပတ်လည်တွင် သေချာဂရုတစိုက် မကြည့်လျှင် သတိမထားမိနိုင်လောက်အောင် သေးငယ်သည့် လျို့ဝှက် ကင်မရာလေးတစ်ခု ရှိနေသည်။ ထိုကင်မရာလေးမှာ သူ့နောက်ကို လိုက်နေပြီး၊ နီးလိုက် ဝေးလိုက်၊ ပုံစံဖြင့် အာရုံစူးစိုက်မှုကို အဆက်မပြတ် ချိန်ညှိနေပုံရသည်။

 

သူသည် ကင်မရာကို သိပ်ဂရုမစိုက်ဘဲ ရေချိုးခန်းထဲကို လျှောက်ဝင်သွားပြီး မှန်ထဲက သူ့ပုံရိပ်ကို ကြည့်လိုက်ရာ သူ့ဘယ်ဘက်မျက်လုံးအောက်၌ လက်ဝါးကပ်တိုင်ပုံ စစ်ကနဲ အနီရောင်အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာသည်သေးငယ်သော တက်တူးလိုမျိုးဖြစ်ပြီး “ဆယ်ကျော်သက်ရဲ့ ဆန့်ကျင်လိုသည့်စိတ်” အငွေ့အသက်လေးတစ်ခုကို ပေးနေသည်။

 

သူ့လက်ကို ဆန့်ထုတ်ပြီး အနီရောင် လက်ဝါးကပ်တိုင်ကို တို့ထိလိုက်သောအခါ သူ့ရှေ့၌ ဖန်သားပြင်နှစ်ခု ပေါ်လာသည်။ တစ်ခုက သူအရင်က မြင်ဖူးသည့် သူ၏ ကိုယ်ရေးအချက်အလက်ကတ်ပြားဖြစ်ပြီး၊ နောက်တစ်ခုကတော့ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင် ဖြစ်ကာ အလွန်ရိုးရှင်းသည်။ သူသည်အခုမှ ဂိမ်းထဲဝင်လာခြင်းဖြစ်၍ ကြည့်ရှုသူ အရေအတွက် သုညကို ပြသနေသည်။

 

ဒါက အိပ်မက်မဟုတ်ဘူးဆိုရင်... သူရောက်နေတဲ့နေရာက စနစ်ပြောခဲ့တဲ့ အစပြုသူနယ်မြေ  ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဘဲ.... ထိုအစပြုသူနယ်မြေသည် သူ၏ မူလကမ္ဘာနှင့် အတူတူပင် ဖြစ်နေသည်။

 

ဒါက မူလကမ္ဘာအဖြစ် ရည်ရွယ်ချက်ရှိရှိ ပုံဖော်ထားတာလား? ဒါမှမဟုတ် မူလကမ္ဘာကိုယ်တိုင်က အဲ့ဒီ ကမ္ဘာပျက်ဂိမ်းရဲ့ အစပြုသူနယ်မြေများလား?

 

ထိုအကြောင်းကို စဉ်းစားရင်း မီကျား သူ့ကွန်ပျူတာရှေ့တွင် ထိုင်ပြီး အဆုံးမဲ့ ကမ္ဘာပျက်ဂိမ်းနှင့် ပတ်သက်သည့် သော့ချက်စကားလုံးများကို စတင်ရှာဖွေတော့သည်။ သို့ပေမယ့် တစ်မနက်လုံး ရှာဖွေပြီးသည့်နောက်တွင် အသုံးဝင်‌သည့် သတင်းအချက်အလက် တစ်ခုမျှ မတွေ့ရဘဲ၊ ဂိမ်းတွေနှင့် ဝတ္ထုအများကြီးကိုသာ တွေ့ခဲ့ရသည်။

 

ထိုသိုဖြင့် သူက ဤဝတ္ထုများကို စိတ်ဝင်တစားနှင့် ဖတ်နေခဲ့သည်....

 

သူဖတ်နေရင်းနှင့် နေ့လယ်ဘက်ရောက်တော့ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ မီကျား ဖုန်းကို ကိုင်ပြီး ဖြေလိုက်သည်။

 

“မင်း ဘာလို့ အလုပ်မလာသေးတာလဲ? သူဌေးက မင်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးတွေ ဆွဲခိုင်းလို့ စိတ်ပျက်နေရင်တောင် အလုပ်ကို ဒီလို ခွင့်မတင်ဘဲ ပျက်ကွက်လို့ မရဘူးလေ!” တစ်ဖက်မှ ရင်းနှီးနေသည့် အသံမှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းဆီက ဖြစ်သည်။

 

မီကျား ဖုန်းကို ကိုင်ထားရင်း နည်းနည်း ရှုပ်ထွေးနေခဲ့သည်။ “...ကျွန်တော် အလုပ်ထွက်လိုက်ပြီ မဟုတ်ဘူးလား?”

 

သူ့မှတ်ဉာဏ်ထဲတွင် လွန်ခဲ့သော တစ်လက ကုမ္ပဏီက ထိတ်လန့်စရာဂိမ်းတွေကနေ ကာတွန်းပုံစံမိုဘိုင်းလ်ဂိမ်းတွေ ပြောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ သတ္တဝါဇာတ်ကောင်တွေကို အမြဲဒီဇိုင်းဆွဲခဲ့သည့် သူ့ကိုပါ ချစ်စရာကောင်းသည့် ကောင်မလေးများ စဆွဲဖို့ ပြောခဲ့သည်ကို သူ သေချာမှတ်မိနေသည်။ ထို့ကြောင့် သူသည် နောက်တစ်နေ့တွင် ပြတ်ပြတ်သားသား နှုတ်ထွက်လွှာ တင်ခဲ့ပြီး သူ့ဘာသာသူ အင်ဒီဂိမ်း တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့သည် ....

 

“မင်း တကယ်ပဲ ထွက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့ ဟုတ်လား?” တစ်ဖက်က လုပ်ဖော်ကိုင်ဖက်ဟောင်းက သက်ပြင်းချလိုက်သည်။ “ဟာ... ကောင်းပါပြီ၊ မင်းလုပ်ချင်တာ လုပ်ပေါ့။ ဒါပေမဲ့ မင်း အရင်ဆုံး နှုတ်ထွက်ခွင့် အစီရင်ခံစာ တင်ရဦးမယ်။ ဘာမှမပြောဘဲ ပေါ်မလာဘဲ နေလို့ မရဘူးလေ!”

 

“....ကောင်းပြီ။ နှုတ်ထွက်စာ တင်ဖို့ နောက်မှ သွားလိုက်ပါ့မယ်။”

 

ဖုန်းချ၍ အပြန်အလှန်နှုတ်ဆက်စကားများကို ပေါ့ပေါ့ပါးပါး ပြောပြီးသည့်နောက် မီကျား ကွန်ပျူတာ၏ ညာဘက်အောက်ထောင့်မှ ပြက္ခဒိန်ကို နှိပ်လိုက်ရာ ပြထားသည့်ရက်စွဲသည် တကယ်ပဲ ရွှေ့ထားပြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

 

သူ့ဟာ့ဒ်ဒရိုက်ဗ်ကို ဖွင့်ကြည့်လိုက်တော့ သူ တစ်လလုံး ကြိုးစားပမ်းစား လုပ်ခဲ့ရသော သတ္တဝါချစ်ခြင်းမေတ္တာပျိုးထောင်သည့်ဂိမ်း၏ ပရောဂျက်ဖိုင်များသည် ဖိုဒါအသစ်တစ်ခုနှင့် အစားထိုးခံထားရသည်ကို တွေ့လိုက်ရသည်။

 

သူ့ရင်ထဲမှာ နှလုံးကွဲသွားသလို ခံစားလိုက်ရသည်။ အောင်ပွဲရဲ့ အသီးအပွင့်ကို လက်လှမ်းမီနေချိန်မှာ နောက်ဆုံးအဆင့်အထိ ကြိုးစားတိုက်ခိုက်လာပြီးမှ အရာအားလုံးက ရုတ်တရက် အစအဆုံး ပြန်လုပ်ရတာထက် စိတ်ပျက်စရာ ဘာရှိနိုင်ဦးမလဲ...

 

သူသက်ပြင်းချပြီး နှုတ်ထွက်လက်မှတ်ထိုး လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့အတွက် ကုမ္ပဏီကို သွားရန် ဆုံးဖြတ်လိုက်၏ ။

 

[ရှင်သန်သူ အကြိုကြည့်ရှုမှူ ၀:၀၀]

 

ကြည့်ရှုအကြို စာမျက်နှာပေါ်မှ ရေတွက်မှုက သုညကို ရောက်သွားသည်နှင့်အမျှ ဖန်သားပြင်သည် အခြားစာမျက်နှာတစ်ခုဆီ ပြောင်းသွားခဲ့၏ ။

 

 

[အဆုံးမဲ့ ကမ္ဘာပျက်ဂိမ်း အစပြုသူနယ်မြေ (Infinite Doomsday Novice Zone)]

 

ဤသည်က အပြာနဲ့ အနီနှစ်ခြမ်း ခွဲထားသည့် စာမျက်နှာတစ်ခုဖြစ်ပြီး၊ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုများ အစုလိုက်အပြုံလိုက် လင်းနေသည်ကို တွေ့ရသည်။

 

ထိုတိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုများကို စီစဉ်ထားခြင်းသည် [ရှင်သန်သူ အကြိုကြည့်ရှုမှူ] က ရရှိသည့် ကြိုက်နှစ်သက်မှုနှင့် မကြိုက်နှစ်သက်မှု  အရေအတွက်ပေါ် မူတည်သည်။ ကြိုက်နှစ်သက်မှု ပိုများသည့်သူက အပြာရောင် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး၊ မကြိုက်နှစ်သက်မှု ပိုများသည့်သူများမှာ အနီရောင် ဖန်သားပြင်ပေါ်၌ ပေါ်လာသည်။

 

“ဒီတစ်ခါ အစပြုသူနယ်မြေ ဘယ်နှခု ဖွင့်ထားလဲ?” အီဒင် အပြာရောင်ဖန်သားပြင်ပေါ်က အဆင့်အမြင့်ဆုံးကို ကြည့်လိုက်သည် ။ ၎င်းသည် ကိုယ့်ကိုယ်ကို သတ်သေသွားသည့် ချောမောသော ကောင်လေးပင် ။ သူ့ရုပ်ရည်မှာ တစ်ချက်ကြည့်လိုက်သည်နှင့် အံ့မခန်းဖြစ်ပြီး ကြည့်ရှုသူများ၏ အာရုံကို လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်သည့် ပုံစံမျိုးဖြစ်သည်။

 

“နယ်မြေ တစ်ထောင်လောက်ရှိမယ်၊ နယ်မြေတစ်ခုစီမှာ ရှင်သန်သူ ၁၀၀ စီ ထားတယ်” ချန်ရှောင်ယန် ကလည်း အပြာရောင်ဖန်သားပြင်ပေါ်က ဗီဒီယိုလေးများကို လှန်ကြည့်နေသည်။ အဆောက်အဦးကို ဗုံးခွဲလိုက်သည့် အမျိုးသမီးမှာ အဆင့် ၂၃၌ ရှိနေပြီး ထိုသည်ကလည်း မဆိုး‌ချေ၊ ထို့ကြောင့် ဆက်ပြီး စောင့်ကြည့်၍ ရနိုင်သေးသည်။

 

“သဘာဝလွန် ပြန်လည်ဖြစ်တည်မှုလား၊ ကမ္ဘာကြီး ပူနွေးလာမှုလား?” 

 

“အကြိုကြည့်ရှုမှာတော့ ဖုတ်ကောင်ဝိုင်းထားခြင်း လို့ ပြောထားတယ်”

 

“ဖုတ်ကောင်ဝိုင်းထားခြင်း” ဆိုသည်ကို ကြားလိုက်သော အီဒင်မှာ သူ့မျက်လုံးကို မလွဲမရှောင်သာ လှည့်လိုက်မိသည်။ “ဘာလို့ ဖုတ်ကောင်တွေပဲ ထပ်ဖြစ်နေရတာလဲ? ဒါက ဆက်တိုက်ဆိုရင် တတိယအကြိမ်ပဲ။ ကြည့်ရတာကို ငါငြီးငွေ့နေပြီ!”

 

“ဖြစ်နိုင်တာကတော့ ကုန်ကျစရိတ် နည်းတာရယ်၊ လုပ်ဆောင်ရလွယ်တာရယ်ကြောင့် ဖြစ်လိမ့်မယ်။ အဆင့်နိမ့် ဗိုင်းရပ်စ်တစ်ခု ထည့်လိုက်ရုံနဲ့ အဆင့်နိမ့်ကမ္ဘာတစ်ခုလုံးကို ပျက်စီးသွားအောင် လုပ်လို့ရတယ်။ ပရိသတ်တွေကလည်း ဒီလို သွေးထွက်သံယို ပုံစံကို ကြည့်ရတာ နှစ်သက်ကြတယ်။ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်လေ” ချန်ရှောင်ယန် သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။ “ဒါပေမဲ့ ဒီတစ်ခါမှာ ပင်မစနစ်က ငွေအများကြီး ရင်းနှီးမြှုပ်နှံထားတယ်လို့ ကျွန်မ ကြားတယ်။ အစပြုသူနယ်မြေကို ရိုးရှင်းတဲ့ ပုံစံနဲ့ပဲ သတ်မှတ်ထားတာက အစောပိုင်းအဆင့်တွေမှာ ရှင်သန်သူတွေ အများကြီး မစစ်ထုတ်သွားအောင် ရှောင်ရှားဖို့အတွက်ပဲ။ နောက်ပိုင်း ကမ္ဘာတွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကမ္ဘာပျက် ဇာတ်လမ်းအခြေအနေတွေ အများကြီး ထွက်ပေါ်လာပြီး ကမ္ဘာ့ဘော့စ်အသစ်တွေလည်း ဖန်တီးထားတယ်၊ ဒါကြောင့် ကျန်ခဲ့တဲ့ ရှင်သန်သူ အရမ်းနည်းသွားရင် အစီအစဉ်က ကောင်းတော့မှာ မဟုတ်ဘူး။”

 

“အဲ့ဒါဆိုတော့လည်း ဖြစ်သင့်တာပေါ့” အီဒင် တီးတိုးရေရွတ်ပြီး အနီရောင်ဖန်သားပြင်ကို ကြည့်လိုက်သည်။ အနီရောင်ဖန်သားပြင်ပေါ်က ပထမဆုံးလူသည် အိမ်သာကျင်းထဲ ပြုတ်ကျပြီး ရေနစ်သေဆုံးသွားသည့် ကံဆိုးသူ ဖြစ်သည်။

 

သူက အဲ့ဒီကံဆိုးသူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်ပြီး ဝင်ကြည့်လိုက်သည်။ ဖန်သားပြင်မှာ ကြည့်ရှုသူများ၏ မှတ်ချက်များ ဖုံးလွှမ်းနေပြီး၊ အောက်က မှတ်ချက်အပိုင်းကလည်း ခဏလေးအတွင်းမှာပဲ ရာနှင့်ချီသည့် စာကြောင်းအသစ်များနှင့် ပြန်လည်လန်းဆန်းနေသည်။

 

ဤကံဆိုးသူ၏ ကြိုက်နှစ်သက်မှုသည် အမှန်တကယ်တော့ အတော်လေး မြင့်သည်။ သို့ပေမဲ့ အကြိုကြည့်ရှုမှုမှာ ဆင်ဆာဖုံးခြင်း မရှိခဲ့သောကြောင့် ကြည့်ရှုသူ အများအပြားက ရွံရှာပြီး မကြိုက်ဘူး (downvote) ကို နှိပ်ခဲ့ကြဆဲပင်။

 

အီဒင် အနီရောင်ဖန်သားပြင်၏ အလယ်ပိုင်းကို ဆက်လက် ဆွဲချကြည့်လိုက်ရာ အလုပ်ပိပြီး သေဆုံးသွားသည့် ဆံပင်နီနီ ကုမ္ပဏီဝန်ထမ်းကို တစ်ဖန် ပြန်တွေ့လိုက်ရသည်။

 

သူသည် [ရှင်သန်သူ အမှတ် ၇ - မီကျား]ဟူ၍ ခေါင်းစဉ်တပ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်ပြီး ဝင်လိုက်သည်။

 

တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်သည် အစပြုသူတစ်ယောက်၏ ကနဦးအဆင့် ပုံမှန်အတိုင်းပင် - နောက်ခံက လုံးဝ ဗလာကျင်းနေသည် ၊ ရိုးရှင်းပြီး ပျင်းစရာကောင်း၏ ။ ညာဘက်အောက်ထောင့်မှာတော့ ကြည့်ရှုသူများ ဝယ်ယူပြီး ပေးပို့နိုင်သည့် လက်ဆောင်ရွေးချယ်မှုများကို တန်းစီထားသည်။ အနိမ့်ဆုံးအဆင့်က ပန်းပွင့်များဖြစ်ပြီး၊ ကံစမ်းမဲအိတ်များ၊ ကြေးဆုတံဆိပ်များ၊ ငွေဆုတံဆိပ်များ စသဖြင့် တက်သွားကာ လျှပ်စစ်သံလိုက် အမြောက်များနှင့် ဒုံးပျံပစ်လွှတ်စက်များ လိုမျိုး ပိုကြီးသည့် ရှင်သန်ရေးပစ္စည်းများအထိ တိုးတက်သွားသည်။ ထိုလက်ဆောင်ကဏ္ဍအောက်တွင် ဘီလူးများ ပါတဲ့ နောက်ထပ်တန်းတစ်ခု ရှိပြီး၊ ရှင်သန်သူတစ်ဦးက ပရိသတ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အကြောင်းအရာတစ်ခုကို ပြောဆို၊ ပြုလုပ်လိုက်သည့်အခါ၌ အများအားဖြင့် အသုံးပြုကြသည်။ ကြည့်ရှုသူများသည် ပိုက်ဆံသုံးပြီး ထိုဘီလူးများကို အပြစ်ပေးရန်အတွက် ဆင့်ခေါ်နိုင်သည်။ သို့ပေမဲ့ ရှင်သန်သူ အများစုကတော့ ပရိသတ်ကို မနှိုးဆွမိအောင် ဉာဏ်ရှိရှိ ရှောင်ရှားကြသည်။ ဘာပဲဖြစ်ဖြစ်၊ မည်သူကများ အသက်ရှင်နေချင်စိတ် မရှိဘဲ ရှိမလဲလေ...

 

 

ထိုတိုက်ရိုက်ထုတ်လွှင့်မှုသည် အတော်လေး လူရှင်းနေ၏။ ညာဘက်အပေါ်ထောင့်ရှိ Follower အရေအတွက်မှာ ၂သာ ရှိပြီး၊ ဗီဒီယိုကို ၅၇ ကြိမ်သာ နှိပ်ကြည့်ထားသည် ။ Live Chat မှာ pop-ups မရှိဘဲ၊ မှတ်ချက်အပိုင်းမှာလည်း စာကြောင်းလေးကြောင်းသာ ပါဝင်နေ၏ -

 

1L: ပထမ 

 

2L: နောက်ဆုံးတော့ စပြီ။ အစီအစဉ်တင်ဆက်သူရဲ့ မျက်နှာကို ကြည့်ဖို့ ဝင်လာတာ။ 

 

3L: LS+1 

 

4L: ရုပ်လေးချောလို့သာ ဝင်လာတာ၊ ဒါပေမဲ့ မြင်ရလေလေ ဒေါသထွက်လေလေပဲ! ဒီလောက်တောင် နောက်ကျနေပြီ။ ပစ္စည်းတွေ စုဆောင်းပြီး လက်နက်တွေ ဝယ်မယ့်အစား ဝတ္ထုတွေပဲ ထိုင်ဖတ်နေတာလား?! အစကတည်းက ပေးထားတဲ့ သုံးရက်တာ ရွှေရောင် ပြင်ဆင်ချိန်ကို အလဟဿ ဖြစ်နေတာပဲ! ဒီလူက ကူးစက်ရောဂါ စတင်တဲ့ တတိယမြောက်နေ့တောင် အသက်ရှင်မယ် မထင်ဘူး။ မကြိုက်ဘူး (Downvote)ကို  နှိပ်မယ်!

 

မီကျားသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များကို မမြင်ရသလို၊ မည်သည်မှန်းမသိသည့် ဤ​ရွှေရောင် ပြင်ဆင်ချိန်ဆိုသည်ကိုလည်း မသိချေ။ သူသည် သူ့စက်ဘီးကို ပေါ့ပေါ့ပါးပါး စီးပြီး နှုတ်ထွက်လုပ်ငန်းစဉ်များကို ကိုင်တွယ်ရန် ကုမ္ပဏီကို သွားခဲ့သည်။ သူ့အလုပ်များကို လွှဲပြောင်းပေးအပ်ပြီး အိမ်ပြန်ရောက်သည့်အချိန်၌ မှောင်နေချေပြီ။

 

ထို့ကြောင့် သူသည် အလွယ်တကူပင် တစ်ခုခုစားပြီး ကောင်းကောင်း အိပ်စက်ရန် စီစဉ်လိုက်သည် ။

 

သူ ပုံမှန် အိပ်စက်မှု ပုံစံကို ဆက်ထိန်းထားရဦးမယ်။ မဟုတ်လို့ သူ ထပ်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။

 

“ဒင်”.......

 

သူ ဓာတ်လှေကားတံခါးသို့ ရောက်သည့်အခါ မျက်မှန်အမည်းဝိုင်း တပ်ထားသည့် လူငယ်တစ်ယောက်မှာ ဓာတ်လှေကားထဲမှ အလျင်အမြန် လျှောက်ထွက်လာသည်။ သူက ဂျာကင်အနက်ရောင်ကို ဝတ်ရင်း ဖုန်းပြောနေ၏ ။

 

ဤလူငယ်မှာ မီကျားကို ပွတ်ဆွဲသလို ကျော်သွားပြီး “မင်း အရင်ဆုံး သွေးထွက်တာကို ရပ်အောင်လုပ်လိုက်။ ငါ ခဏနေရင် ဆေးရုံရောက်တော့မယ်။ သူ ဘယ်သူ့ကိုမှ မကိုက်မိအောင် သေချာ ဂရုစိုက်”ဟု ပြောနေသည်။

 

သူ့ခန္ဓာကိုယ်ပေါ်တွင် အလွန် သေးငယ်သော လုံးဝိုင်းပုံ အိုင်ကွန်တစ်ခု ရှိနေသည်။ မီကျား ထိုလုံးဝိုင်းပုံ အိုင်ကွန်ကို စိုက်ကြည့်လိုက်သည့်အခါ ဤလူငယ်၏ ခန္ဓာကိုယ်ပေါ်၌ ဖန်သားပြင်တစ်ခု ပေါ်လာ၏ ။ အထဲက အချက်အလက်က အတိုချုပ်လေးပင်။

 

[အမည်- လုချန်] 

 

[အထောက်အထား- လူသား ] 

 

[အခြေအနေ- ဖမ်းယူ၍ မရနိုင်]

 

မူလကမ္ဘာ၌လည်း မီကျားက သူ့ကို သိပေသည်။ ထိုသူက သူ့အိမ်တည့်တည့်မှ အိမ်နီးနားချင်းဖြစ်ပြီး၊ မကြာခဏဆိုသလို မနက်စောစော ထွက်သွားပြီး ညမှ ပြန်လာကာ နေ့တိုင်း အလုပ်ရှုပ်နေသူပင်။

 

သူ စစချင်း ပြောင်းရွှေ့လာစဥ်က နာမည်များသာ ဖလှယ်ခဲ့ကြပြီး၊ သူ့နာမည်က လုချန် ဖြစ်ကာ မကြာသေးမီက ဆေးကျောင်းပြီးစ အလုပ်သင် ဆရာဝန်တစ်ယောက်ဖြစ်ကြောင်း သိခဲ့ရသည်။ ထိုနောက်ပိုင်းတွင်တော့ သူတို့ သိပ်အဆက်အဆံ မရှိခဲ့ချေ။

 

ပတ်ဝန်းကျင်တင်မကဘဲ၊ လူများကပါ အတူတူပင် ဖြစ်နေသည်။ ဒါဆို ဒီအစပြုသူနယ်မြေက မူလကမ္ဘာကို တစ်လလောက် ရွှေ့လိုက်တာပဲ ဖြစ်နိုင်မလား?

 

ထိုသို့ဆိုလျှင် သူသည် သူ့ရှင်သန်ရေးအမှတ်များကို အသက်နှင့် လဲလှယ်မယ်ဆိုပါက မည်သည့်ကမ္ဘာကို ပြန်ရောက်မည်နည်း?

 

သူဝင်လာချိန်၌ စနစ်သည် ဤသည်က ကမ္ဘာပျက်ဂိမ်းဖြစ်သည်ဟုသာ ပြောခဲ့ပြီး၊ မည်သည့် ကမ္ဘာပျက်မျိုး ဆိုသည်ကို အသိမပေးခဲ့ပေ....

 

ကိုက်တယ် ။ ဒါက အရေးကြီးတဲ့ သတင်းအချက်အလက်ပဲ။

 

သူ ဓာတ်လှေကားထဲ ဝင်ပြီး သူ့အထပ်အတွက် ခလုတ်ကို နှိပ်လိုက်သည်။

 

ဘယ်လို ကမ္ဘာပျက်ပဲ ဖြစ်နေပါစေ၊ သူကတော့ အခုလောလောဆယ် အိပ်ရေးဝဖို့ကိုပဲ ပိုစိတ်ဝင်စားနေတုန်းပင်။

 

“မင်း ဘယ်လိုလုပ် အိပ်နိုင်သေးတာလဲ? ဒီအရိပ်အမြွက်က မင်းမျက်နှာရှေ့ကို ရောက်နေပြီ! ဘာလို့ ပစ္စည်းတွေ မြန်မြန် မစုဆောင်းသေးတာလဲ?!”

 

မီကျား သူ၏ ခေါက်ဆွဲခြောက်ကို စားသောက်ကာ ၊ သန့်ရှင်းရေးလုပ်ပြီးနောက် အိပ်ရာသို့ ဝင်တော့မည့်အချိန်၌  အဖြူရောင် စာသားတန်းများက သူ့အမြင်အာရုံကို ဖြတ်လျက် ရုတ်တရက် ပျံဝဲလာသည်။

 

သူ (သမ်း) လိုက်ပြီး တစ်ဖက်ကို လှည့်အိပ်လိုက်သည်။

 

“အနည်းဆုံးတော့ လက်နက်တချို့လောက်တော့ သွားပြင်ဆင်လိုက်ဦး!” “အား! ငါ အရမ်းဒေါသထွက်တာပဲ! ထပါတော့! တခြားသူတွေ အားလုံးက ပြင်ဆင်နေကြပြီ၊ ပြီးတော့ ရတနာသေတ္တာတွေကလည်း တခြား ရှင်သန်သူတွေဆီမှာ အကုန်နီးပါး ရောက်နေပြီ!”

 

နောက်ထပ် မှတ်ချက်နှစ်ခုက သူ့မျက်လုံးရှေ့ကို ဖြတ်ပြီး ပျံဝဲသွားသည်။

 

မီကျား နောက်ဆုံးတွင် အိပ်ရာထဲမှ ဖြည်းဖြည်းချင်း တွားထွက်လာခဲ့သည်။

 

ဖန်သားပြင်ပေါ်မှလူ နောက်ဆုံး၌လှုပ်ရှားမှုတစ်ခု လုပ်လာသည်ကို မြင်သောအခါ အီဒင်မှာ သက်ပြင်းချလိုက်မိသည်။ သူ ဘာလို့ ထိုရှင်သန်သူကို သတိပေးဖို့ လိုအပ်သည်ဟု ခံစားခဲ့ရလဲဆိုသည်ကို သူ သေချာမသိပေ။ အကြောင်းပြချက်များစွာကို စဉ်းစားပြီးသည့်နောက်မှာ သူသည် ဤမျက်နှာကြောင့်ပဲ ဖြစ်မယ်ဟု နောက်ဆုံး၌ ကောက်ချက်ချလိုက်သည်။

 

ရွှေတံဆိပ်လမ်းညွှန်တစ်ဦးအနေနှင့် သူ့ရှေ့က ရှင်သန်သူ ဒီအတိုင်း သေဆုံးသွားမည်ကို သူက ရှက်စရာတစ်ခုလို ခံစားနေရဆဲပင်။ သူ့ကို လက်မှတ်ထိုးပြီး နည်းနည်းလောက် ပုံသွင်းနိုင်ရင် သူ့မျက်နှာတစ်ခုတည်းနှင့်တင် ကြည့်ရှုသူတွေ အများကြီးကို ဆွဲဆောင်နိုင်မှာ...

 

 

ထိပ်တန်းအဆင့် ရုပ်ရည်ရှိသည့် ကြည့်ရှုသူ၊ မည်သူ့ထံကမျှ အာရုံမစိုက်ခံရသေးသည့် အစပြုသူတစ်ဦးမှာ အလားအလာ အများကြီးရှိသည်။ ထို့အပြင် တခြားလမ်းညွှန်များနှင့်လည်း ပြိုင်ဆိုင်စရာမလိုဘဲ သူ့အဖွဲ့ထဲသို့ အလွယ်တကူ လက်မှတ်ထိုး ခေါ်သွင်းနိုင်သည်။ အီဒင် ဤအစပြုသူကို မည်သို့ ပုံသွင်းရမလဲဆိုသည်ကို စတင် စဉ်းစားနေခဲ့ပြီ။ “အလှပဂေး လူအ” ပုံစံလမ်းကြောင်းကို သွားသင့်လား၊ သူ့ကို “တွဲဖက်”လမ်းကြောင်းအတွက် ခွန်အားကြီးတဲ့ ရှင်သန်သူတစ်ဦးနဲ့ တွဲပေးသင့်လား၊ ဒါမှမဟုတ် “နှလုံးသားကို ဖမ်းစားသူ” လမ်းကြောင်းကိုလား? အဖွဲ့လိုက် တိုက်ပွဲတွေမှာ သူ့ကို မျက်စိပသာဒအဖြစ် အသုံးပြုပြီး ကြည့်ရှုသူများကို ဆွဲဆောင်တာမျိုးလည်း လုပ်လို့ရသည်။

 

ဒါပေမဲ့ နောက်ပိုင်းအဆင့်တွေမှာ သူ့ကို ဘယ်လိုပဲ ပုံသွင်းပါစေ၊ အရေးကြီးဆုံးအချက်မှာ သူက အစပြုသူနယ်မြေကနေ အရင်ဆုံး ရှင်သန်ရမှာပါပဲ...

 

ကံမကောင်းစွာနဲ့ပဲ၊ လူတိုင်းက သူ၏ စေတနာကောင်းကို နားလည်လက်ခံနိုင်ခြင်း မရှိခဲ့ပေ။

 

ဗီဒီယိုထဲမှ ဆံပင်နီနီနှင့် ချောမောသည့် လူငယ်လေးသည် ဘေးစားပွဲအံဆွဲထဲကနေ ရေနွေးငွေ့ မျက်နှာဖုံးနှင့် နားဆို့များ  ကို ထုတ်ယူလိုက်ပြီး၊ အိပ်ရာပေါ် ပြန်လှဲချလိုက်ကာ မျက်နှာဖုံးကို တပ်၊ နားဆို့များကို ဝတ်ဆင်ပြီး သူ့လက်ကို ရင်ဘတ်ပေါ် တင်ထားလျက် ကျေနပ်စွာ အိပ်ပျော်သွားခဲ့သည်။

 

အီဒင် အမှောင်ဖုံးနေသည့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို စိုက်ကြည့်နေပြီး ပြောစရာ စကားမဲ့သွားခဲ့သည်။

 

သူက ဗီဒီယိုဘေးမှ ရှင်သန်သူ၏ ကိုယ်ရေးအချက်အလက်ကတ်ပြားကို နှိပ်လိုက်သည်။ ကျွမ်းကျင်မှုနှင့်အထူးစွမ်းရည်များကို မမြင်ရပေမယ့်၊ ရှင်သန်သူ၏ အခြေခံ စွမ်းဆောင်ရည်အချက်များ တချို့ကိုတော့ ကြည့်လို့ရပေသည်။

 

ဉာဏ်ရည်ကဏ္ဍကို မြင်လိုက်ရသည့်အခါ...

 

အီဒင် ထုံထိုင်းစွာ ကိုယ်ရေးအချက်အလက်ကတ်ပြားကို ပိတ်လိုက်ပြီး၊ မကြိုက်ဘူး (downvote) ပေးကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ထွက်လိုက်တော့သည်။

 

သူက တကယ် လူအတစ်ယောက်ပဲ....

 

သူက သေဆုံးမှုနှုန်း ၁၀၀% ရှိတဲ့ ရှင်သန်သူကို လက်မှတ်ထိုးဖို့ စဉ်းစားခဲ့တာ! သူက စကြာဝဠာထဲက အကြီးဆုံး လူအတစ်ယောက်ပဲ....