အပိုင်း ( ၃ )
“ ကျွန်မတို့ကို အခုလို အမှတ်ရပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလို ခရီးဝေးကြီးကို အပင်ပန်းခံ ၊ ဒုက္ခခံပြီး အရောက်လာခဲ့တဲ့ ဥက္ကဌဖူကိုလည်း အားနာပါတယ်။ အကြာကြီး ကားစီးခဲ့ရမှာပဲ။ ” ကျန်းပေါင်က သူမရဲ့ အဘိုးအကြောင်း တွေးရင်း ခံစားချက်တွေ လှုပ်ခတ်သွားခဲ့သည်။ ဖူမင်ရှစ်ရဲ့ အဘိုးက သူမအဘိုးနှင့် အသိအကျွမ်းဟောင်းတစ်ယောက် ဖြစ်နေတဲ့အတွက် ဖူမင်ရှစ်အပေါ် မိသားစုကဲ့သို့ ရင်းနှီးနွေးထွေးသော ခံစားချက်လေးကို ရုတ်တရက် ခံစားလိုက်ရပြီး သူတို့နှစ်ယောက်ကြား စကားပြောရတာ အသားကျလာခဲ့သည်။
“ ကိစ္စမရှိပါဘူး။ ” ဟု ဖူမင်ရှစ်က သူ့ကိုယ်ပိုင်အခက်အခဲတွေကို ထည့်မတွက်ဘဲ ပြောလိုက်သည်။ အဲ့ဒီနောက် ကျန်းပေါင်ကို ကြည့်ကာ “ ငါ မင်းကို နောက်ထပ် ပြောစရာ ရှိသေးတယ် မိန်းကလေးကျန်း။ ” ဟု ပြောလိုက်သည်။ သူ့အဘိုးမှာ အသည်းကင်ဆာ ရှိနေ၍ သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ မျှော်လင့်နေတဲ့ အကြောင်း အပါအဝင် သူ့အဘိုးနှင့် သူမအဘိုးတို့က သူတို့ရဲ့ သားသမီးမြေးမြစ်တွေကို ကလေးဘဝကတည်းက စေ့စပ်ကြောင်းလမ်းပေးဖို့ ကတိကဝတ်ပြုထားတဲ့ အကြောင်းကိုလည်း တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
ကျန်းပေါင်သည် စိတ်ရှုပ်ထွေးစွာဖြင့် နားထောင်ရင်း အချိန်အတော်ကြာအောင် ဆွံ့အနေပြီးမှ ဖူမင်ရှစ်ကို တစ်လှည့် ၊ သူမကိုယ်သူမ တစ်လှည့် မယုံကြည်နိုင်စွာ လက်ညိုးထိုးလိုက်သည်။ “ လူကြီးတွေက … ”
ဒါက ဘယ်ခေတ်လဲ … ။ ကလေးဘဝကတည်းက စေ့စပ်ထားတာလိုမျိုး ကိစ္စတွေ ရှိသေးလို့လား … ။
“ ငါတို့က အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဆိုတော့ ဒီအိမ်ထောင်ရေးက မိန်းကလေးကျန်းကို အခက်တွေ့စေလိမ့်မယ် ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ့အဘိုးက အသည်းကင်ဆာနဲ့ ကုသမှုခံယူဖို့အတွက် စိတ်ချမ်းသာအောင် နေဖို့ လိုအပ်နေတယ်။ ဒါကြောင့် မိန်းကလေးကျန်းကို ငါ့ဇနီးအဖြစ် အချိန်အတိုင်းအတာတစ်ခုအထိ ဟန်ဆောင်ပေးဖို့ စိတ်ရင်းနဲ့ မေတ္တာရပ်ခံပါတယ်။ အဘိုးရဲ့ ကျန်းမာရေး ပြန်ကောင်းလာရင် ၊ ဒါမှမဟုတ် … သူ ကွယ်လွန်သွားရင် ငါ မင်းကို ကွာရှင်းပေးပြီး လွတ်လပ်မှု ပြန်ပေးပါ့မယ်။ ”
ဖူမင်ရှစ်ရဲ့ လေသံက စီးပွားရေးကိစ္စများကို ဆွေးနွေးနေသကဲ့သို့ တည်ငြိမ်နေသည်။ ထို့နောက် သူသည် သူ့လက်ဆွဲအိတ်ထဲမှ မင်္ဂလာဆောင် သဘောတူညီချက်ကို ထုတ်ယူပြီး ကျန်းပေါင်အား ပေးလိုက်သည်။ "ဒါက မင်း အရင် ကြည့်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောတူညီချက်ပဲ။ မင်း နားမလည်တာ ရှိရင် ငါ့ကို မေးပါ။ ”
အဲ့ဒါက အိမ်ထောင်မပြုမီ သဘောတူညီချက် စာချုပ် ဖြစ်သလို အလုပ်ခန့်ထားမှု စာချုပ်လည်း ဖြစ်သည်။ သူမ၏ တစ်ခုတည်းသော တာဝန်မှာ ဇနီးမယားအဖြစ် ဆောင်ရွက်ပေးရန်သာ ဖြစ်သည်။ နောက်ပိုင်းမှာ ကျန်းပေါင်ဟာ သူမရဲ့ ဆုံးရှုံးခဲ့ရတဲ့ လူငယ်ဘဝအတွက် လျော်ကြေးအဖြစ် များပြားသော ပိုင်ဆိုင်မှုတွေကို ရရှိလိမ့်မည်။
သူတို့နှစ်ယောက် လက်ထပ်ထားစဉ် အတောအတွင်း သူမအား ဇနီးမယားတစ်ယောက်ရဲ့ ဝတ္တရားတွေကို အတင်းအကျပ် ဖြည့်ဆည်းခိုင်းမှာလည်း မဟုတ်ပါ။ သူတို့ဟာ ကိုယ့်အလုပ်ကိုယ်သာ လုပ်ပြီး တစ်ယောက်ကို တစ်ယောက် စွက်ဖက်နှောင့်ယှက်မှာ မဟုတ်။
ကျန်းပေါင်ကို အိမ်နီးချင်းများ အားလုံးက ရွာ၏ အလှပဂေးလေးဟု သတ်မှတ်ထားကြပြီး ကျောင်းတွင်လည်း အတန်း တစ်တန်းလုံးထဲမှာ အလှဆုံး ၊ တစ်ကျောင်းလုံးထဲမှာ အချောအလှဆုံး ဖြစ်သည်။ ကျန်းပေါင်က ဒီလို အထူးတလည် ဂုဏ်ပြုခြင်းမျိုးနှင့် မထိုက်တန်ဘူးလို့ ခံစားမိသော်လည်း သူမဟာ အတော်လေး လှတယ် ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် သိပါသည်။
မူလတန်းကျောင်းတက်တုန်းကတော့ အဆင်ပြေခဲ့ပေမယ့် အလယ်တန်းနှင့် အထက်တန်းသို့ ရောက်တဲ့အခါ ကောင်လေးတွေက သူမကို ရည်းစားစာတွေ မကြာခဏ ပေးလာကြသည်။ ကျောင်းသားတွေရဲ့ ပိုးပန်းနည်းတွေက အတော်လေး ယဉ်ကျေးသော်လည်း သူမသည် ဖြူစင်တဲ့ ကျောင်းသူတွေကို အဓိက ပစ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းထဲက လူယုတ်မာ တချို့နှင့် ဆုံတွေ့ခဲ့ရသလို လူကုန်ကူးသမားတွေလို့ သံသယဝင်စရာကောင်းတဲ့ လူတွေ မျက်စိကျတာကိုတောင် ခံခဲ့ရသည်။
ကိုးရိုးကားရားနိုင်သော အဖြစ်အပျက် များစွာကို ကြုံတွေ့ပြီးနောက် ကျန်းပေါင်သည် အရင်ကထက် သတိဝီရိယရှိလာခဲ့သည်။ ပိုက်ဆံမရှိ၍ ကျောင်းထွက်ခဲ့ရပြီး မွေးရပ်မြေတွင် လွတ်လပ်ပေါ့ပါးသော ဘဝကို နေထိုင်နေသော်လည်း တစ်ချက်ကလေးမှ သတိမလွတ်ဘဲ လူတွေကို သတိထားနေဆဲပင်။
ဖူမင်ရှစ်က သူတို့ရဲ့ အဘိုးတွေက သူငယ်ချင်းတွေလို့ ပြောတာကြောင့် သူမဟာ သူ့ကို ယုံကြည်သွားပြီး သူငယ်ချင်းတစ်ယောက်လို ဧည့်ဝတ်ပြုချင်ပေမဲ့ ဖူမင်ရှစ်က သူ့အဘိုးဟာ အသည်းကင်ဆာ ဖြစ်နေပြီး ငယ်စဉ်က ကတိအကြောင်း ပြောကာ သူမကို လက်ထပ်ဖို့ လှည့်ဖြားချင်နေပါသည်။ ကျန်းပေါင် သူ့ကို ထပ်ယုံလျှင် သူမလောက် မိုက်မဲတဲ့ လူ ရှိဦးမလား … ။ သူက နောက်ထပ် အဆင့်မြင့် လူကုန်ကူးသမား တစ်ယောက် မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ … ။ သူနှင့်အတူ မျက်စိစုံမှိတ် လိုက်သွားပြီး လက်ထပ်လိုက်လျှင် သူ့ထိန်းချုပ်မှုအောက်မှ တစ်သက်လုံး လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူ၏ အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်တွေက အလွန် စျေးကြီးပုံပေါ်သော်လည်း အဲ့ဒီ ပစ္စည်းတွေက လူချမ်းသာ တစ်ယောက်လို ဟန်ဆောင်ထားတဲ့ လူလိမ်တစ်ယောက်ရဲ့ အကွက်ကျကျ ပြင်ဆင်မှုတွေ ဖြစ်နိုင်သည်။
ကျန်းပေါင်သည် သံသယတွေကို စိတ်ထဲမှာသာ ဖုံးကွယ်ထားပြီး မျက်နှာပေါ်မှာ ထုတ်မပြဘဲ အကြပ်ရိုက်နေသော အမူအရာလေးဖြင့် ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “ ဒါက ... ရှင့်အဘိုးရဲ့ ရောဂါအတွက် ကျွန်မ အရမ်း စိတ်မကောင်းဖြစ်မိပါတယ် ၊ ဒါပေမဲ့ ကလေးဘဝကတည်းက စေ့စပ်ကြောင်းလမ်းပေးထားတယ် ဆိုတာက မြေရှင်ပဒေသရာဇ်ခေတ်တုန်းက ရှေးရိုးစွဲ စနစ်တွေပါ။ ဖူက ခေတ်ပညာတတ်တစ်ယောက်နဲ့ တူပါတယ် ... ဘာပဲဖြစ်ဖြစ် ရှင် အိမ်ပြန်ပြီး ရှင့်အဘိုးကို ထပ်နားချဖို့ ကြိုးစားသင့်တယ်။ ”
“ ငါ သူ့ကို နားချဖို့ ကြိုးစားပြီးပါပြီ ၊ ဒါပေမဲ့ အဘိုးက အရမ်း ခေါင်းမာပြီး တစ်ချိန်တုန်းက ကတိကို ဇွတ်တရွတ် တည်ချင်နေတယ်။ ” ဖူမင်ရှစ်သည် ကျန်းပေါင်က သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုကို ချက်ချင်း သဘောတူမှာ မဟုတ်မှန်း မျှော်လင့်ထားပြီးသား ဖြစ်သည်။ အိမ်ထောင်မပြုမီ သဘောတူညီချက် စာချုပ်က သူ့ကိုယ်ပိုင် အတွေး ဖြစ်သော်လည်း ကျန်းပေါင်ရဲ့ အကျိုးအတွက်မို့ သူမအား အခွင့်ကောင်းယူမည်ကို စိတ်ပူစရာ မလိုပေ။ “ ငါ မင်းကို စပေါ်ငွေအနေနဲ့ သန်း ( ၁၀၀ ) အရင် ပေးချေထားနိုင်တယ် မိန်းကလေးကျန်း။ မင်း ငါ့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
ဖူမင်ရှစ်သည် သူမရဲ့ ရိုးသားမှု ၊ သို့မဟုတ် မသိနားမလည်မှုကို အခွင့်ကောင်းယူဖို့ မဟုတ်ဘဲ သူမအား စိတ်ရင်းအမှန်နှင့် လုပ်ငန်းကိစ္စ ဆွေးနွေးနေခြင်းသာ ဖြစ်သည်။
သန်း ( ၁၀၀ ) တဲ့လား … ။
ကျန်းပေါင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တကယ်လို့သာ ဒီလူက သန်း ( ၁၀၀ ) ကို တကယ် ထုတ်ပေးနိုင်ရင် သူမလို တောသူမတစ်ယောက်နဲ့ ဘာလို့ လက်ထပ်မှာလဲ … ။ သူ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ … ။ ဒီနေ့ခေတ်တွင် လိမ်လည်လှည့်ဖြားမှု နည်းပရိယာယ်များ ပိုအဆင့်မြင့်လာကြောင်း သူမ ကြားသိထားပါသည်။ လူလိမ်တွေက ကိုယ့်အကောင့်ထဲကို ပိုက်ဆံရောက်လာအောင် လုပ်ပြီးမှ ပြန်နှုတ်ယူလေ့ရှိသည်တဲ့။
ကျန်းပေါင်သည် ဖူမင်ရှစ်အား လူလိမ်တစ်ယောက်ဟု အခိုင်အမာ ယုံကြည်လျက် သူနှင့် စကားဆက်ပြောချင်စိတ် မရှိတော့ပေ။ သူမ နောက်ပြန်လှည့်ကာ လမ်းလျှောက်လာလိုက်သည်။ “ ကျွန်မ တကယ် မလုပ်နိုင်လို့ပါ။ ဖူ အိမ်ပြန်သင့်တယ်။ ” လက်ရှိဘဝကို အရမ်း ကျေနပ်နေတဲ့ သူမအဖို့ ပိုက်ဆံအတွက် သူစိမ်းတစ်ယောက်ကို လက်ထပ်ဖို့ မလိုအပ်ပါ။
သူမရဲ့ ပြတ်သားသော ငြင်းဆန်မှုက ဖူမင်ရှစ်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူက သူမနောက်ကို လိုက်သွားပြီး “ မိန်းကလေးကျန်းကို သဘောတူအောင် လုပ်ဖို့ ဘာလိုအပ်လဲ။ ” ဟု မေးလိုက်တော့ ကျန်းပေါင်က သူ့ကို ကျောပေးထားလျက်မှ “ ကျွန်မ လူတွေကို မလှည့်စားချင်ဘူး ၊ သူစိမ်းတစ်ယောက်နဲ့လည်း ဟန်ဆောင် လက်မထပ်ချင်ဘူး။ ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ” ဟု ပြန်ပြောသည်။
အသက် ( ၂၀ ) သာ ရှိသေးတဲ့ သူမရဲ့ မျက်နှာသည် နုနယ်ပျိုမျစ်နေဆဲ ဖြစ်သည်။ စီးပွားရေးလောကကို ကြီးစိုးထားတဲ့ ကျားတစ်ကောင်ဖြစ်သော ဖူမင်ရှစ်အတွက်တော့ ကျန်းပေါင်ရဲ့ အေးစက်သော အပြုအမူများက သူ့ကို သေချာပေါက် ရပ်တန့်သွားစေမည် မဟုတ်ပေ။ သူ ခေါင်းကိုက်လာမိသည်။ သူ့တောင်းဆိုမှုက အဓိပ္ပာယ်မရှိမှန်း နားလည်သလို သူ့အဘိုးအတွက် တိုက်ပွဲဝင်ဖို့လည်း လိုအပ်နေသေးသည်။
“ ငါ မင်းအတွက် သဘောတူညီချက်စာချုပ်ကို ဒီမှာ ထားခဲ့မယ် မိန်းကလေးကျန်း။ မင်း အရင် ကြည့်လို့ ရတယ် ၊ မနက်ဖြန် ငါ ထပ်လာခဲ့မယ်။ ” ဖူမင်ရှစ်စ
သည် အိမ်ထောင်မပြုမီ သဘောတူညီချက် စာချုပ်ကို ဆုပ်ကိုင်ထားပြီး ကျန်းပေါင်ကို ရိုးသားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီနေ့ သူမရဲ့ စိတ်နေစိတ်ထားကို သိလိုက်ရပြီမို့ ညကျရင် နည်းဗျူဟာ အသစ်ကို တွေးရတော့မည်။
ကျန်းပေါင်က သူ့ကို အမြန် ပြန်စေချင်တာကြောင့် စာချုပ်ကို ပြီး,ပြီးရော သဘောဖြင့် ယူလိုက်သည်။ ဖူမင်ရှစ်က သူမကို “ မနက်ဖြန် တွေ့မယ်။ ” ဟု ပေါ့ပေါ့ပါးပါး နှုတ်ဆက်ကာ လှည့်ထွက်သွား၏။
ကျန်းပေါင်က ဘဲငန်းတွေကို ဆက်ထိန်းနေလိုက်သည်။ သူမသည် အိမ်ထောင်မပြုမီ သဘောတူညီချက် စာချုပ်ကို မြေပြင်ပေါ် ပစ်ချကာ ထိုင်ဖတ်ဖို့ ဟန်ပြင်နေတုန်းမှာပဲ ဖူမင်ရှစ်က ပြန်လှည့်ကြည့်သည်။ ကျန်းပေါင်သည် ခဏ ချိတုံချတုံဖြစ်သွားပြီးနောက် ဟန်ဆောင်ဖို့လည်း အရမ်း နောက်ကျနေပြီမို့ မျက်နှာပြောင်တိုက်စွာ ထိုင်ချလိုက်သည်။ သူက လူလိမ်တစ်ယောက်ပဲမို့ သူ့ကို မျက်နှာသာပေးစရာ မလိုပါ။
ဖူမင်ရှစ်သည် အိမ်ထောင်မပြုမီ သဘောတူညီချက် စာချုပ်ကို မြေကြီးပေါ်မှာ ထိုင်ခုံအဖြစ် ခု,ထိုင်ထားသော ကျန်းပေါင်ကို ကြည့်ကာ သူမအား တောင်ပေါ်က မြန်မြန် ဆင်းဖို့ ပြောချင်သော စကားလုံးတွေကို တိတ်ဆိတ်စွာ မျိုချလိုက်ရသည်။ ထို့နောက် သူ့ခြေလှမ်းတွေကို အရှိန်တင်ပြီး တောင်အောက်ကို ဆင်းလာခဲ့သည်။
ကျန်းပေါင်က ဖူမင်ရှစ် ဒေါသထွက်သွားမှန်း သိသော်လည်း ကျေနပ်သွားသည်။ သူမရဲ့ ခွေးနက်လေး ဟွီသန်းက သူမဆီ ပြန်ပြေးလာပြီး သူမကို တိုးဝှေ့နေသည်။ သူမက ဟွီသန်းကို ပွေ့ဖက်လိုက်ပြီး ဝါးတောထဲတွင် မြက်ပင်တွေကို အေးအေးဆေးဆေး စားနေသော ဘဲငန်းဖြူကြီး ( ၇ ) ကောင်ကို ကြည့်ကာ လွတ်လပ်ပေါ့ပါးမှု ၊ တင်းတိမ်ရောင့်ရဲမှုကို ခံစားလိုက်ရသည်။
~
ကျန်းပေါင်၏ အိမ်မှ ( ၅၀ ) လီ အကွာအဝေးတွင် မြို့ငယ်လေး တစ်မြို့ ရှိပြီး ဟုန်ဖားဟိုတယ်သည် ထိုမြို့၏ တစ်ခုတည်းသော ဟိုတယ် ဖြစ်သည်။ ဒရိုင်ဘာက အရင်တစ်ခေါက်တုန်းက ဒီဟိုတယ်မှာ တည်းခဲ့သည်။ ဖူမင်ရှစ်သည် အကောင်းဆုံး အခန်းကို ယူလိုက်သော်လည်း ဒီလို နေရာမျိုးက အကောင်းဆုံး အခန်းသည်ပင် ဖူမင်ရှစ်ရဲ့ အပန်းဖြေစံအိမ်က ရေချိုးခန်းနှင့် ယှဉ်မရပါ။
အတွေ့အကြုံရှိတဲ့ ဒရိုင်ဘာက ကားနောက်ခန်းထဲတွင် အိပ်ရာခင်းအသစ်တွေ ၊ စောင်အသစ်တွေကို အထူးပြင်ဆင်ထားပြီး ဖူမင်ရှစ် အသုံးပြုဖို့အတွက် ကြိုးကြိုးစားစား လဲလှယ်ပေးနေခဲ့သည်။ “ ကျေးဇူးပြုပြီး လောလောဆယ်တော့ သည်းခံပေးပါ ဘော့စ်ဖူ။ ”
ဖူမင်ရှစ်သည် စကားတစ်ခွန်းမှ မပြောဘဲ ပြတင်းပေါက်ဘေးမှာ ရပ်နေမိသည်။ ထိုအချိန်မှာပဲ သူ့ဖုန်းမြည်လာခဲ့သည်။ ဖုန်းဆက်သူက သူ့အဘိုး ဖြစ်သည်။ “ ကျန်းပေါင်နဲ့ တွေ့ပြီးပြီလား။ ”
ဖူမင်ရှစ်ရဲ့ လေသံက အေးစက်နေသည်။ “ သူက လက်မခံချင်ဘူး။ စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်အဖြစ် သန်း ( ၁၀၀ ) ပေးမယ်လို့ ပြောတာတောင် ငြင်းနေတုန်းပဲ။ ဒီကိစ္စကို မေ့လိုက်ပါတော့ အဘိုး။ အဘိုးက သူ့ကို ကျွန်တော်တို့မိသားစုထဲ ဆွဲသွင်းတာက သူ့ကို ကောင်းစားအောင် ကူညီတာလို့ ထင်နေပေမဲ့ သူက ကျေးလက်ဒေသ မွေးရပ်မြေမှာ နေရတာနဲ့ အသားကျနေတဲ့ တောသူမတစ်ယောက်ပဲ။ ”
“ အဓိပ္ပာယ်မရှိတဲ့ စကားတွေ တော်လိုက်တော့။ မင်းက ကလေးမလေးတစ်ယောက်ကိုတောင် မဆွဲဆောင်နိုင်ဘူး ဆိုတာ ငါ မယုံဘူး။ ငါ မင်းကို ပြောလိုက်မယ် မင်ရှစ် ၊ မင်း ကျန်းပေါင်ကို ခေါ်မလာနိုင်ရင် ငါ့ဆီ ပြန်မလာခဲ့နဲ့။ ”
သူ့အဘိုးက တစ်ချက်လွှတ် ခြိမ်းခြောက်မှုဖြင့် ပြတ်ပြတ်သားသား ဖုန်းချသွား၏။ ဖူမင်ရှစ်သည် ဖန်သားပြင်ကို ကြည့်ကာ သူ့နှလုံးသားထဲကို အင်အားမဲ့သော ခံစားချက်တစ်ခု တိုးဝင်လာသည်။
ဒရိုင်ဘာကတော့ ဖုန်းထဲက အသံကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ သူက အခန်းကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြင်ဆင်ပြီး တာဝန်ကျေသော အစေခံတစ်ယောက်ကဲ့သို့ တိတ်တဆိတ် လက်အိတ်ဝတ်ကာ ရေချိုးခန်းကို ပိုးသတ်ရန် ထွက်သွားခဲ့သည်။ ဝေယျာဝိစ္စတွေ လုပ်ပြီးသည်နှင့် ရိက္ခာတွေသယ်ပြီး ဘေးခန်းကို ပြန်သွားသည်။
ဖူမင်ရှစ်သည် တံခါးကို သော့ခတ်၍ အမြန် ရေချိုးကာ ဘောက်ဆာဘောင်းဘီတို တစ်ခုတည်းကိုသာ ၀တ်ဆင်လျက် ထွက်လာခဲ့သည်။ ကျစ်လျစ်သန်မာသော ရင်ဘတ်နှင့် သိသာထင်ရှားသော်လည်း အလွန်အကျွံ မဟုတ်သည့် ဝမ်းဗိုက်ကြွက်သားမြှောင်း ( ၈ ) ခုကို ထင်ရှားစွာ မြင်နေရသည်။ ဒရိုင်ဘာက ထိုင်ခုံပေါ်မှာ ဖူမင်ရှစ်အတွက် ဝါးဖျာအသစ် တစ်ချပ် ခင်းပေးထားခဲ့သည်။ အလုပ်သရဲ ဖူမင်ရှစ်သည် ထိုင်ခုံပေါ်မှာ ထိုင်ကာ လက်ပ်တော့ဖွင့်၍ အီးမေးလ်တွေကို စစ်ဆေးရင်း ကျန်းပေါင်ကို သူ့စိတ်ထဲက အမြန် မောင်းထုတ်နိုင်ခဲ့သည်။
နောက်တစ်နေ့ မနက်တွင် ဖူမင်ရှစ်သည် ပုံမှန်အတိုင်း ( ၅ ) နာရီတွင် အိပ်ရာထသည်။ မနက် ( ၆ ) နာရီမှာတော့ သူတို့ကားက လမ်းပေါ်ကို ထပ်မံထွက်ခွာလာခဲ့သည်။
ဖူမင်ရှစ်သည် တောင်တန်းများကို ပြတင်းပေါက်မှတစ်ဆင့် သတိလက်လွတ် ငေးကြည့်နေမိသည်။ ပိုက်ဆံက ကျန်းပေါင်ကို သွေးမဆောင်နိုင်ရင် ဒီ့ထက်ပို ကောင်းတဲ့ နည်းလမ်းကို သူ မစဉ်းစားနိုင်တော့ပါ။ တီဗီဇာတ်လမ်းတွဲတွေထဲမှာ စာချုပ်နှင့် လက်ထပ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အများကြီး ရှိပုံပေါ်သော်လည်း များသောအားဖြင့် အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်အပေါ် တစ်ခုခု အကြွေးတင်နေတဲ့အတွက် သဘောတူရုံမှ လွဲ၍ ရွေးချယ်စရာ မရှိလို့ လက်ခံလိုက်ရတာမျိုးပါ။ ကျန်းပေါင်မှာ ဖူမိသားစုအပေါ် အကြွေးတင်နေတာမျိုး မရှိပါ။
ဖူမင်ရှစ် မျက်မှောင်ကြုတ်လိုက်တာကို ဒရိုင်ဘာက နောက်ကြည့်မှန်ကနေတစ်ဆင့် သေချာ မြင်လိုက်သည်။ ပရော်ဖက်ရှင်နယ် သက်တော်စောင့်တစ်ဦးအနေဖြင့် ဒီနေရာမှာ စောင့်ရှောက်သူအဖြစ် နှစ်မျိုး တွဲမလုပ်လိုသော ဒရိုင်ဘာသည် ချောင်းဟန့်ကာ မဝံ့မရဲ အကြံပေးလိုက်သည်။ “ မိန်းကလေးကျန်းကို ဘော့စ်နောက်ကို လိုက်လာအောင် အရင်ဆုံး စည်းရုံးပြီးမှ ခံစားချက်တွေ ပေါက်ဖွားလာအောင် တည်ဆောက်ပြီး လက်ထပ်ခွင့်တောင်းတာ ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ ဘော့စ်တို့က တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မသိတဲ့ သူစိမ်းတွေလေ။ လက်ရှိ အခြေအနေအရ မိန်းကလေးကျန်းက ဘော့စ် လက်ထပ်ခွင့်တောင်းတာကို ဘယ်လိုလုပ် လက်ခံမှာလဲ။ တကယ်လို့ အလွယ်တကူ လက်ခံရင် အဲ့ဒါက ဘော့စ်ရဲ့ ရုပ်ရည် ၊ ဒါမှမဟုတ် ပိုက်ဆံကို မက်လို့ပဲ။ သူ့စိတ်ရင်းက စစ်မှန်မှာ မဟုတ်ဘူး။ ”
ဖူမင်ရှစ်က ခပ်စူးစူး တစ်ချက် ကြည့်လိုက်တော့ ဒရိုင်ဘာက သွားလေးဖြဲပြရင်း “ ကျွန်တော် ပေါက်ကရတွေ လျှောက်ပြောနေတာပါ ဘော့စ်ဖူ ၊ စိတ်ထဲ မထည့်ပါနဲ့။ ” ဟု ပြောလိုက်သည်။
သို့သော် ဖူမင်ရှစ်ရဲ့ ခေါင်းထဲမှာတော့ ဉာဏ်အလင်းပွင့်သွားကာ တွန့်ချိုးထားတဲ့ သူ့မျက်ခုံးတွေ ပြေလျော့သွားပါသည်။
~
ကျန်းပေါင်မှာ စောစောအိပ် ၊ စောစောထသည့် အလေ့အကျင့်ကောင်းလေး တစ်ခုလည်း ရှိသည်။ မနက်စာစား ၊ ပန်းကန်ဆေးပြီးသွားတော့ နောက်ဖေးခြံဝင်းထဲက ဟင်းသီးဟင်းရွက်စိုက်ခင်းထဲမှာ အပင်ပေါက်လေးတွေကို စိုက်ပျိုးနေခဲ့သည်။
ထိုအချိန်မှာပဲ ကျန်းပေါင်သည် အရှေ့ဘက်ခြံဝင်းထဲကနေ ကျယ်လောင်သော ဘဲငန်းအော်မြည်သံတွေကို ရုတ်တရက် ကြားလိုက်ရသောကြောင့် မနေ့တုန်းက ချမ်းသာဟန်ဆောင်ထားတဲ့ လူလိမ်ကြီးရဲ့ ပုံရိပ်ကို ဖျတ်ခနဲ ပြန်သတိရသွားကာ နောက်ထပ် အပင်ပေါက် များစွာကို ဆွဲနှုတ်ပြီးမှ လက်ကို ဖုန်ခါကာ ခြံရှေ့သို့ ထွက်လာခဲ့သည်။
ကြိမ်ခြံစည်းရိုး အပြင်ဘက်တွင် ဖူမင်ရှစ်၏ မျက်နှာသည် ပြိုတော့မည့်မိုးနှယ် မှောင်မည်းနေခဲ့သည်။ ခြံစည်းရိုးအတွင်း၌ ဘဲငန်းဖြူကြီး ( ၇ ) ကောင်က လည်တိုင်ရှည်များကို ဆန့်တန်းထုတ်ကာ အတောင်ပံများကို ပြင်းပြင်းထန်ထန် ခတ်၍ ကျယ်လောင်စွာ အော်မြည်နေခဲ့ကြသည်။
“ ရှင် ပေးခဲ့တဲ့ စာချုပ်ကို ကျွန်မ ဖတ်ပြီးပြီ။ အားနာပေမဲ့ ကျွန်မ သဘောမတူနိုင်ပါဘူး။ ” ကျန်းပေါင်က တံခါးဝတွင် ဧည့်သည်ကို မကြိုဆိုသော အမူအရာဖြင့် ရပ်နေခဲ့သည်။
သူမက ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်း တစ်ထည်နှင့် အလျားလိုက် အစင်းကြောင်းလေးတွေ ပါသော တီရှပ်တစ်ထည်ကို တွဲဖက် ဝတ်ဆင်ထားသည်။ သူမရဲ့ အသွင်အပြင်က ပျော့ပျောင်းနူးညံ့သော်လည်း ပြောတဲ့ စကားတွေကတော့ မျှော်လင့်မထားစွာဖြင့် တင်းမာလှပါသည်။ ကိုယ့်အမှားကိုယ် သိတဲ့ ဖူမင်ရှစ်က ဘဲငန်းဖြူကြီးတွေကို လျစ်လျူရှုကာ အသံကျယ်ကျယ်နှင့် တောင်းပန်လိုက်သည်။
“ ငါ တောင်းပန်ပါတယ် ၊ မနေ့တုန်းက အရမ်း စိတ်စောနေတော့ စကားတွေကို သေချာ မစဉ်းစား ၊ မဆင်ခြင်ဘဲ ပြောမိသွားခဲ့တယ်။ ဒီလို ဆိုရင်ရော ဘယ်လိုလဲ … မင်း ဖူအိမ်တော်ကို အရင်ဆုံး ပြောင်းလာလိုက်ပါ ၊ နောက်ဆုံးအချိန်ထိ မင်း ငါ့ကို လက်မခံနိုင်ရင် မင်းကို ပြန်ပို့ပေးပါ့မယ်။ ”
အဘိုးက ကျန်းပေါင်ကို သဘောကျနေတာမို့ မြို့တော်မှာ ကျန်းပေါင် ရှိနေသရွေ့ အဘိုးက စိတ်ဖြောင့်လက်ဖြောင့် အနားယူရင်း ဆေးကုသရေးကို အာရုံစိုက်နိုင်ပါလိမ့်မည်။
ကျန်းပေါင်က နှာခေါင်းက လေထွက်ရုံ လှောင်ရယ်လိုက်သည်။ ဒီလူက သူမကို အလွယ်တကူ အရူးလုပ်လို့ မရမှန်း သိသွားလို့ အလိမ်အညာ ကတိတွေ ပေးနေတာလား … ။
လူလိမ်တစ်ယောက်နှင့် အချိန်ကုန်မခံချင်သော ကျန်းပေါင်သည် သူမရဲ့ နိုကီရာ ဖုန်းအဟောင်းလေးကို သူ့ရှေ့မှာ ဝှေ့ယမ်းပြရင်း အေးစက်စက် သတိပေးလိုက်သည်။ “ ကျွန်မက မရဘူးလို့ ပြောရင် မရဘူးပဲ။ ရှင် ထွက်မသွားရင် ကျွန်မ ရဲစခန်းကို ဖုန်းဆက်လိုက်မှာနော်။ ”
သူမရဲ့ အသံအတိုးအကျယ်က သူမရဲ့ စိတ်ခံစားချက်ကို ညွှန်ပြသည်။ ကျန်းပေါင်က ရွာသူရွာသားတွေကို အမြဲတမ်း ချိုသာစွာ ပြောလေ့ရှိသော်လည်း ဒီလူကိုတော့ ကျယ်လောင်စွာ အော်ပြောနေပါသည်။ ဟွီသန်းနှင့် ဘဲငန်းတွေက သူတို့သခင်ဟာ ဒီလူစိမ်းကို မကြိုဆိုကြောင်း နားလည်သွားကာ ချက်ချင်းပဲ ပိုလို့တောင် ကျယ်လောင်သော အသံတွေဖြင့် ဟိန်းဟောက်အော်မြည်ခဲ့ကြသည်။
***